Chapter 7
ရှုကျိုးလဲ့သည် သမိုင်းမေဂျာဌာနက အတန်းဖော်ဖြစ်သည်။မျက်နှာချင်းဆိုင်အဆောင်၄၄၀တွင်နေသောကြောင့် သူတို့ချင်း မျက်နှာမြင်ဖူးကြ၏။
“မင်းစာမေးပွဲသွားမဖြေဘူးလား”
တစ်ဖက်လူက သူ့ကိုငေးငိုင်လျက်ကြည့်နေပြီး အဖြေနှေးနေသည်ကိုမြင်ရသောကြောင့် စုန့်ဖေးထပ်မေးလိုက်သည်။
သူမှတ်မိသလောက် သည်အတန်းဖော်သည် CET-4ကိုလည်း မအောင်ခဲ့ပါ။အခုတလောတွင် ကျောင်းက ကျောင်းသားတွေကိုခြိမ်းခြောက်ထားပြီး မည်မျှနှလုံးသားမဲ့စွာ လှည့်စားထားကြောင်းနှင့် အောင်နိုင်သော မည်သူကိုမဆို CET-4 ထုတ်ပေးသည်မှာ ကောလဟာလဖြစ်ကြောင်းကို စတုတ္ထနှစ် စီနီယာများနှင့် သူ ဘယ်လောက်အတည်ပြုပြီးသားဖြစ်ကြောင်းကိုပင် ညီးတွားနေခဲ့သည်။
ရှုကျိုးလဲ့သည် စကားမပြောသေးဘဲ သူ့ခေါင်းကို စောင်းကြည့်နေ၏။ထို့နောက် သူ့ကို မမှတ်မိသလိုမျိုး အပေါ်အောက် ကြည့်နေခဲ့သည်။
ထို့အကြည့်သည် စုန့်ဖေးကို ကြက်သီးထစေခဲ့၏။ရှုကျိုးလဲ့၏ငေးမောခြင်းသည် အတော်လေးမမှန်ရုံသာမက သူ့မျက်ဆံတို့သည်ပင် စက္ကန့်အနည်းငယ်ထက်ပိုကြည့်မိလျှင် သူ့ကိုစုပ်ယူမလိုမျိုး အာကာသတွင်းနက်တစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းစွာ မည်းမှောင်နေပြန်သည်။
သူ့မျက်နှာသည်လည်း ဖြူဖျော့နေပြီး လူများစွာ၌ရှိကြသော သွေးကြောထုံးခြင်းများလို သူ့ပါးပြင်အရေပြားအောက်လွှာက ဆံခြည်မျှင်သွေးကြောများပင် ခပ်ပါးပါးစူဖောင်းနေ၏။ သို့ရာတွင် စုန့်ဖေးမြင်တွေ့ဖူးသော သွေးကြောထုံးခြင်းများသည် ပိုနိမ့်သောအစွန်အဖျားလွှာတွင် အားလုံးရှိကြသည်။သူ့လို မျက်နှာပေါ်တွင်ဖြစ်ပွားသည်ကို မြင်ရခြင်းက ပထမဦးဆုံးဖြစ်သည်။
ကြောင်တောင်တောင်နိုင်ပြီး ထူးဆန်းသောတိတ်ဆိတ်မှုက နှစ်ဦးကြားပျံ့နှံ့နေခဲ့သဖြင့် စုန့်ဖေးသည် မသိစိတ်ကြောင့် နောက်တစ်လှမ်းဆုတ်ပြီးနောက် ဟာသနှောလိုက်သည်။
“အမည်းရောင်မျက်ကပ်မှန် တပ်ထားတာက အတော်လေးရေပန်းစားတာကိုး ဟ”
ရှုကျိုးလဲ့သည် စိတ်ခံစားချက်မဲ့နေဆဲဖြစ်သည်။ မဟုတ်သေးပေ ၊ လုံးဝခံစားချက်ရှိမနေဘူးဟုပြောသင့်သည်။ ပြီးနောက် သူ့မျက်နှာတစ်ခုလုံးမှာ ဒေါသလုံးဝမမြင်နိုင်ပေ။ ထိုင်းမှိုင်းပြီး မာခေါက်ခေါက်သာ မြင်ရပေသည်။
စုန့်ဖေးသည် ရုတ်တရက် ကြောက်လန့်လာ၏။
“ငါစာမေးပွဲရှိသေးလို့ ဒါဆို ငါမင်းနဲ့ဆက်မနေတော့ဘူးနော်” ကဲ့သို့သော တစ်ဖက်သတ်ဆန်သောစကားဝိုင်းကို အဆုံးသတ်ဖို့လမ်းရှာချင်ခဲ့သည်။သို့သော် သူမပြောထွက်ခင်မှာပဲ တစ်ဖက်လူက စတင်ကာ သူ့ဆီတည့်တည့်လျှောက်လာခဲ့သည်။
စုန့်ဖေးသည် နောက်သို့အနည်းငယ်ဆုတ်ပြီးနောက် ရုတ်ချည်း တစ်ဖက်ကို ရှောင်တိမ်းလိုက်ရသည်။ရှုကျိုးလဲ့သည် ရှေ့ကိုသာဆက်လျှောက်လာနေပြီး သူ့ခြေလှမ်းတို့က လုံးဝသက်မဲ့နေသလိုမျိုး တစ်ချက်လေးမျှ တွန့်ဆုတ်မှုမရှိပေ။သို့ရာတွင် စုန့်ဖေးသေချာသွားသည်။ သူသာ ထွက်ပေါက်ရှာမပြေးလျှင် သူတို့ချင်းထပ်တိုက်မိတော့မည်။
ရှုကျိုးလဲ့သည် သူ့တည်ရှိမှုကို သဘောပေါက်ပေါ်မနေပါ။
စုန့်ဖေးသည် အဖြေလိုမျိုးထုတ်ရန်အတွက် အကြောင်းရင်း သို့မဟုတ် အချိတ်အဆက်မမိ ဖြစ်နေပုံရရင်တောင်မှ သူသည် ထိုကဲ့သို့ သေချာခံစားမိလိုက်သည်မှာ ဘာကြောင့်မှန်းမသေချာပေ။
ဤသို့နှောင့်နှေးမှုနှင့်အတူ စာမေးပွဲမစခင် ၂၅မိနစ်သာကျန်ရှိတော့သည်။ထိုကြောင့် စုန့်ဖေးသည် ရှုအခန်းဖော်၏ မာကျောသောကျောပြင်ကို လေ့လာချိန်မရလိုက်ဘဲ ကျစ်ရွမ်အဆောင်သို့သာ သုတ်သုတ်လျှောက်လာခဲ့လိုက်သည်။
***********
ချီယန်သည် အပြာနှင့်အဖြူရောင်ဖြင့် ထိုပုဂ္ဂိုလ်ကိုမမြင်လိုက်ရခင် မိနစ်လေးဆယ်လောက် ကျစ်ရွမ်ဆောင်အစွန်းနားလောက်က အပင်ကြီးအောက်မှာ လေတိုက်ခံလိုက်ရ၏။
စုန့်ဖေးသည် ၁.၇၆မီတာမြင့်သည်။သူ့ကို ပုသည်ဟု ထည့်တွေးလို့မရသော်လည်း လက်နှစ်ဖက်လုံးအိတ်ကပ်ထဲထည့်ကာ ဘယ်တော့မှတည့်တည့်မတ်မတ်မလျှောက်ဘဲ သူလမ်း လျောက်တိုင်း ပတ်လည်ဝေ့ကြည့်ရသည်ကို အမြဲတမ်းကြိုက်၏။ ထို့ကြောင့် သင်သူ့ကိုဘယ်လောက်ကြည့်ပါစေ “မြင့်သော” သို့မဟုတ် “ဖြောင့်သော” စကားနှစ်လုံးနှင့် ဘာမှမဆိုင်ပေ။သူလမ်းလျှောက်သည်ကို ချီယန်ကြည့်သည့်အချိန်တိုင်း သူ့ကျောနောက်မှာ သစ်သားပြားချည်ပေးရန် တိုက်တွန်းချင်စိတ်ပေါက်လာ၏။
စုန့်ဖေးသည် ဘယ်ဘက်ကိုမှ ကြည့်နေခြင်းမရှိဘဲ ပညာရေးအဆောင်၏ဂိတ်များသို့ တန်းတန်းမတ်မတ် သွားနေပြီဖြစ်သည်။ သို့သော် ခြေနှစ်လှမ်းလှမ်းပြီးနောက် တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိလိုက်၏။သူပြန်ကြည့်လိုက်သည်နှင့် ရှုကျိုးလဲ့ထက် ပိုမသာသော တိတ်ဆိတ်စွာ စကားတစ်လုံးမှမပြောသည့် ထူးဆန်းသောအမူအကျင့်နှင့် ရင်းနှီးနေသည့်လူတစ်ယောက်က သစ်ပင်အောက်ရပ်နေခဲ့၏။တစ်မနက်တည်းမှာ နှစ်ကြိမ်မြောက် အခြောက်ခံရပြီးမှတော့ မည်သူမျှစိတ်ကောင်းဝင်ရန် မရှိတော့ပေ။
“မင်း အဲဒီမှာ ဘာလုပ်နေတာလဲ”
သည်လူ၏ အရင်semesterက CET-4အောင်မြင်သောအမှတ်သည် သက်ရှိသိပ္ပံဌာနတစ်ခုလုံးမှာ နှာခေါင်းရှုံ့စရာဖြစ်သွားခဲ့သည်။ နောက်ထပ်တစ်ကြိမ် အမှတ်ပြည့်ရဖို့တော့ အတန်းကို စာရင်းလာသွင်းမည်မဟုတ်ပါ။
ချီယန်သည် အချိန်နည်းနည်းသာကျန်တော့ကြောင်း ကြည့်လိုက်ပြီးနောက် တော်တော်လေးမဟန်နိုင်ဖြစ်ကာ “မြန်မြန်ဝင်တော့လေ စာမေးပွဲမှာ ကြိုးစားနော်”
စုန့်ဖေးသည် နည်းနည်းလေး ကြောင်အအ ဖြစ်သွားခဲ့၏။ခဏလောက် အထူးမျက်လှည့်ပြရန် သူ့ကို လာစောင့်နေသည်လား။သို့မဟုတ် သူ့ချစ်သူသစ်လေးကို ပို့ပြီးပြီးချင်း မထင်မှတ်စွာ သူနှင့်ကြုံကြိုက်လို့လား မသေမချာဖြစ်နေခဲ့သည်။
“ဒါကြောင့်ပဲလား”
ချီယန်က နည်းနည်းလေးရပ်လိုက်ကာ ထပ်လောင်းပြောလာသည်။
“ငါ မင်းကို စာမေးပွဲပြီးရင် ထမင်းလိုက်ကျွေးမယ်”
စုန့်ဖေးသည် သူ့ကို မျက်စိမှေးကြည့်လိုက်သည်။
” စာမေးပွဲထပ်မအောင်မှာမလို့ ငါ့ကိုအောင်ပွဲခံပေးတာလား”
ချီယန်သည် တောင့်ခံပြီးရင်း နည်းနည်းထပ်တောင့်ခံလိုက်သည်။ ထို့နောက် သည်လူကိုကြည့်လိုက်သည်နှင့် အောင်နိုင်မည့်သူနှင့်မတူသော်လည်း သူသည် စာမေးပွဲမတိုင်ခင် တဖက်လူ၏ စာမေးပွဲအပေါ်ထားသော သနားစဖွယ်တက်ကြွမှုသေးသေးလေးကို မထိခိုက်စေချင်ပေ။ထို့ကြောင့် သူ၏ အေးစက်စက်စကားလုံးတို့ကို မျိုချပြီး ဆက်ပြုံးထားလိုက်သည်။
“ငါ မင်းကို တစ်ခုခုပြောချင်တာရှိတယ်”
စုန့်ဖေးက သူ့မျက်ခုံးတစ်ဖက်ကို မသင်္ကာဟန်ပင့်လိုက်သည်။ သူမည်မျှပင် ထိုအကြောင်းကိုတွေးပါစေ သည်လူသည် သူနှင့် ဘာမှကောင်းတာမျိုး မျှဝေမည်မဟုတ်ဟု ထင်မိသည်။
စုန့်အတန်းဖော်သည် သံသယတို့ အစာအိမ်ထဲ ပြည့်နှက်လျက်ပင် အဆောင်ထဲကို အလွန်အမင်းဝန်လေးစွာ ဝင်သွားလိုက်ရသည်။
ချီယန်သည် သူ့ပုံရိပ်လေး လုံးဝပျောက်ကွယ်သွားပြီးတိုင်ထိကြည့်နေကာ နောက်ဆုံးမှာ စိတ်ဖိစီးမှု ထပ်မခံစားရတော့ပါ။သူသည် စူးစိုက်ငေးနေပြီး သူ့နှုတ်ခမ်းပါးများ ကွေးညွတ်တက်သွားသောအခါ နူးညံ့သိမ်မွေ့သလိုဖြစ်သွား၏။ သူ့နှလုံးသားသည် ရက်များစွာမြူထပ်နေသော တိမ်တို့ကို လေပြင်းက ဖယ်ရှားပေးလိုက်ပြီးနောက် နေမင်းကိုကြိုဆိုလျက် သန့်စင်သောလေထုနှင့်ကောင်းကင်တစ်ခုကို နောက်ဆုံးတွင် ခရီးဦးကြိုလိုက်သလို ဖြစ်သွားခဲ့သည်။
သူ့ဖုန်းကိုထုတ်ယူလိုက်သည့်အခါ အချက်ပြပျောက်နေဆဲဖြစ်သည်။ အချက်ပြပျောက်နေခြင်းသည် မသက်သာမှုများစွာကို သယ်ဆောင်လာ၏။သို့သော် ချီယန်အတွက်မူ ဤနေရာကို လာပြီး ယုန်သူငယ်ကို လဲလျောင်းစောင့်ရန် ထူးကဲသော အကြောင်းအရင်းဖြစ်နေခဲ့သည်။
သူသာ ထမင်းတစ်နပ်အတွက်သာ ဖိတ်ချင်ခဲ့ပါက ဖုန်းတစ်ခါဆက်ရုံနှင့် လုံလောက်ပေသည်။ ဘာကြောင့် သည်နေရာကိုလာရမည်နည်း။သူ့ ဖုန်း အချက်ပြပျောက်နေခြင်းကြောင့်ပင်။ ချီယန်သည် စောင့်နေစဉ် သူ့ခေါင်းထဲ ဤစကားတို့ကို ထပ်ခါတလဲလဲ လေ့ကျင့်ပြီးနှင့်ပြီ ဖြစ်သည်။သို့သော် ဘာမှတောင်မမေးလိုက်ရဘဲ စုန့်ဖေးသည် သူ့ဟာသူ ကောက်ချက်ချလိုက်မည်ဟု သူမထင်ထားခဲ့ပေ။ အနှီကောက်ချက်ချမှုသည် ဘာမှမခက်ခဲသော်လည်း အတိအကျဆိုရလျှင် အကြောင်းအရာကို တည့်တည့်မေးမြန်း တတ်သည့် စုန့်ဖေးသည် ဘယ်တော့မှ ခေါင်းသုံးပြီး တွေးရတာမျိုးမကြိုက်ဘဲ အလွန်ပျင်းသည်။
ထို့ကြောင့် ဖြစ်ရပ်၏သဘာဝကျကျ တိုးတက်မှုအရဆို သူ့ကို စကားတစ်လုံးတောင် မမေးစေလိုက်သည့်အရာက ဘာဖြစ်မလဲ။
စာကြည့်တိုက်တွင် အချိန်ကုန်အောင် သွားနေစဉ်လမ်းတစ်လျှောက်လုံးတွင် ချီယန် ထိုအကြောင်းတွေးခဲ့သည်။ ထိုအချိန်က အချိန်ကပ်နေသဖြင့် သူမေးရန်အချိန်မရလိုက်ပါ။သူတို့ နေ့လည်စာတူတူစားသောအခါ ထိုအကြောင်းကို သေချာပေါက် စုန့်ဖေးအားမေးရမည်။ချီယန်သည် စာကြည့်တိုက်ထဲ သူ့ကဒ်ကိုဖြတ်လိုက်ချိန်အထိ ယင်းအကြောင်းတွေးနေဆဲပင်။
စုန့်ဖေး စာမေးပွဲခန်းမထဲ လျှောက်ဝင်လာချိန်တွင် စာမေးပွဲစောင့်ကြပ်သူအပါအဝင် သူ့အဖော်အားလုံးနေရာရောက်နေပြီ ဖြစ်သည်။တစ်ခန်းလုံးသည် တင်းမာသောတိတ်ဆိတ်မှုနှင့်ပြည့်နေကာ လူတိုင်းက အသက်ပင်ရဲရဲမရှူဘဲ စောင့်နေကြသည်။ စုန့်ဖေးသည် စာမေးပွဲကြီးကြပ်သူကို ပြုံးပြလိုက်၏။စာမေးပွဲကြီးကြပ်သူက အပြုံးနှင့်ပြန်လှည့်လာစဉ် “မြန်မြန်လုပ်ပြီး နေရာမှာထိုင်တော့”
စုန့်ဖေးသည် သူ့ခေါင်းကို စိတ်မချမ်းသာစွာ ပြန်ရုတ်သိမ်းပြီး တစ်ခုတည်းသောနေရာလွတ်မှာ ခပ်သုတ်သုတ် နေရာယူလိုက်သည်။
သူ ထိုင်ခုံနေရာမှာထိုင်ပြီး သိပ်မကြာခင် စာစစ်က စာမေးပွဲမေးခွန်းများနှင့် ဖြေမည့်စာရွက်လွှာတို့ကို လက်ဆင့်ကမ်းပေးလာခဲ့သည်။မကြာမီ စာသင်ခန်းထဲတွင် စာရွက်ပေါ် ခဲတံပွတ်တိုက်သံများသာ ရှိတော့၏။
စာရွက်တစ်ရွက်လုံး စာများနှင့်ပြည့်နေခဲ့ပြီး စုန့်ဖေးသည် အကုန်လုံးမှတ်မိသော်လည်း စာလုံးပေါင်းသည့်အခါ ရင်းရင်းနှီးနှီးသာကျန်သည်တို့မှာ “is” “are” “yes” “no” နှင့် “abcd” ဖြစ်သည်။
သူခေါင်းကုတ်လျက် စာစီစာကုံးရေးပြီးနောက် အထူးသည်းခံကာ စာပိုဒ်ဖတ်သည့်အပိုင်းကို နားထောင်နေလိုက်သည်။ စုန့်ဖေးသည် နောက်ဆုံးတွင် ဒေါသအိုး ပေါက်ကွဲသောစိတ်ဝင်လာပြီး နှစ်မိနှစ်နှင့် တခြားမေးခွန်းတို့ကို အပြီးသတ်လိုက်သည်။ထို့နောက် သူတခြားဘာလုပ်ရမည်မှန်း မသိတော့ဘဲ ကျန်းဟူရှိပြိုင်ဘက်ကင်းသူများ၏ အထီးကျန်မှုအာရုံတစ်ခုလို မေးခွန်းစာရွက်ကို အလွန်အတည်ပေါက်ဆန်စွာ ကြည့်ဟန်ဆောင်နေလိုက်သည်။ သို့သော် ကြီးကျယ်သောအမြင့်တို့ဆီက အေးစိမ့်မှုကိုမခံမရပ်နိုင်ဘဲ သူ့စိတ်ထဲ နားလည်ရခက်စွာ ဖြစ်ပေါ်နေခဲ့သည်။
CET-4 နှင့် CET-6 စာမေးပွဲနှင့် ပတ်သက်၍ လူသားမဆန်ဆုံးအရာမှာ ကျောင်းသားများကို စောစောအဖြေလွှာတင်ခွင့်မပေးတာဖြစ်ပြီး ဒီအချက်က စုန့်ဖေးလိုနတ်ဆိုးများကို ဘာအသက်ရှင်ခွင့်မှ မကျန်စေအောင် အရှိန်တင်ပေးလိုက်ခြင်းပင်။အဆုံးမဲ့စောင့်စားခြင်းကာလတွင် သူတို့ခေါင်းတွေကို လက်မောင်းတို့နှင့်မှီကာ ထောက်လှမ်းရေးလုပ်ခြင်းနှင့် ပြတင်းပေါက်ပြင်ပကို ငေးကြည့်ရန်သာ တတ်နိုင်ကြတော့၏။