1
ခါးခါးရေ နင်လာနေပြီလား ***
ဖြတ်ကနဲလင်းလာတဲ့ ဖုန်း Screen ပေါ်ကစာလေးကိုမြင်တော့ ခါး ပြုံးလိုက်မိသည်။လုပ်လက်စအလုပ်တွေကိုလက်စသတ်ကာ စားပွဲရှည်ကြီးပေါ်က ပိတ်စကြီးကို ဘေးက စင်တန်းလေးမှာ သေချာနေရာချပြီး လည်ပင်းမှာ အလျားလိုက်ချိတ်ထားတဲ့ ပေကြိုးလေးကိုပါ ခုံပေါ်တင်ကာ ဘေးကကိုယ်လုံးပေါ်မှန်လေးမှာ ခန္ဓာကိုယ်ကိုတစ်ချက်လှည့်ကြည့်လိုက်ရသေးသည်။
ပြီးပြည့်စုံနေတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးပေါ်မှာ နေရာတကျရှိနေတဲ့ အနက်ရောင်ဂါဝန်လေးကို ပိုပြီးသပ်ရပ်အောင် ဆွဲချပြုပြင်ကာ ကျောလည်လောက်က ဆံပင်လိပ်ကြီးတွေကိုလဲ သေသေသပ်သပ်ဖြစ်အောင် ပြန်ပြုပြင်လိုက်သည်။
ထို့နောက် ရွှေရောင်ကိုင်းကြီးကြီးနဲ့ အနက်ရောင်လက်ကိုင်အိတ်လေးကို ကောက်ကိုင်ကာ အလုပ်ခန်းထဲမှ ထွက်ခဲ့လိုက်တော့သည်။
° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° °
” ဟယ် ခါး ရောက်ပြီလား ဒီကိုလာ ဒီကို
လာ ”
သူမကိုမြင်သည်နှင့် ဝမ်းသာအားရ ထရပ်ခေါ်နေတဲ့ စိုးစိုးကြောင့် ခါး လက်ညှိုးလေးကို နှုတ်ခမ်းမှာကပ်ကာ မျက်လုံးပြူးပြရင်း ဟန့်တားလိုက်တော့မှ ဇာက်လေးပုကာ အသံတိတ်သွားတော့သည်။
” Sorry Sorry ငါ အပြင်ရောက်နေတာကို မေ့သွားတာဟ ”
” ရပါတယ်ဟာ ငါတို့အချင်းချင်းကတော့ ဒါပေမယ့် အပြင်မှာတော့သတိထားမှ မဟုတ်ရင် နေရကျပ်တယ်လေ ”
ခါး စားပွဲမှာဝင်ထိုင်ပြီး ခပ်အုပ်အုပ်ပြောလိုက်တော့ စိုးစိုးက ခေါင်းတညိတ်ညိတ်လုပ်ရင်း သူမကိုပြုံးပြုံးကြီးကြည့်ကာ…
” ဟုတ်တာပေါ့ ဟုတ်တာပေါ့ ငါ့သူငယ်ချင်းလေးက နာမည်ကြီးပြီးလူသိများတဲ့ ဒီဇိုင်းနာ
ကြီးဆိုတော့ သွားသတိ လာသတိ စားသတိနေရတာပေါ့ နော့် ”
” အဲ့လောက်ကြီးလဲမဟုတ်ပါဘူး စိုးစိုးရယ် ..”
” အံမယ် ဘာလို့မဟုတ်ရမှာလဲ ခါးရဲ့ Facebook တို့ IG တို့မှာ Follow ထားတဲ့လူတွေ သိန်းနဲ့ချီပြီးရှိတာပဲကို ပြီးတော့ နာမည်ကြီး မင်းသမီးတွေကအစ တက်သစ်စ မော်ဒယ်တွေအထိ ခါး ဝတ်စုံကိုမှဝတ်ချင်ပါတယ်ဆိုပြီး တန်းစီစောင့်နေကြရတာကို ဒါနာမည်ကြီးတယ် အောင်မြင်တယ်လို့မခေါ်ဘူးလား ”
တကယ်တော့ စိုးစိုးပြောသလိုပင် ခါးရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်က ဒီဇိုင်နာ တစ်ယောက်ဖြစ်သည်။ဝါသနာကြောင့်ရော ပါရမီကြောင့်ပါ ခါးရဲ့ကိုယ်ပိုင်ဖက်ရှင်ဆိုင်လုပ်ငန်းလေးက အချိန်တစ်ခုအတွင်းမှာ ထင်ထားသည်ထက်ပိုမိုအောင်မြင်လာခဲ့သည်မို့ အခုဆိုရင် ခါးဖန်တီးတဲ့ ပွဲတက်ဝတ်စုံတွေကို
တန်းစီပြီးစောင့်ဆိုင်းနေကြတဲ့ Customer
တွေ အများကြီး။
ထို့အပြင် ရာသီဥတုနဲ့အလိုက် ထသွားထလာဖက်ရှင်တွေ ပွဲတက်ဝတ်စုံတွေကို ကိုယ်တိုင်ဖန်တီးဝတ်ဆင်ပြီး ဓာတ်ပုံလေးတွေ ရိုက်ကာ
social media ပေါ်မှာဖြန့်ဝေတာကြောင့် သဘောကျနှစ်သက်တဲ့သူတွေတိုးလာရင်းက အခုဆို လူသိအတော်များနေတာမို့ အပြင်ကိုသွားတိုင်း လူတွေသတိထားမိကြလာသည်မဟုတ်ပါလား။
” ခါးရေ နင် သုံးထပ်သားစားဦးမလား ”
” မစားတော့ဘူးစိုးရဲ့ ခါး ဟိုဘက်မှာ အသီးအရွက်နဲ့ ပင်လယ်စာပဲသွားယူလိုက်တော့မယ် ဘာယူခဲ့ပေးရဦးမလဲ ”
” ရတယ် ရတယ် ငါဟိုဘက်မှာ အရံဟင်းတွေ သွားကြည့်လိုက်ဦးမယ် ”
အစားအသောက်နဲ့တွေ့တော့ သွက်လက်တက်ကြွနေတဲ့သူငယ်ချင်းမကိုကြည့်ရင်း ခါး ခေါင်းကိုသာခါရမ်းလိုက်မိတော့သည်။ အလုပ်တွေမအားတဲ့ကြားက ဟော့ပေါ့ဘူဖေးလိုက်ကျွေးဖို့ ဖုန်းဆက်ပူဆာတဲ့သူမကြောင့် ခါး အလုပ်တွေကို ခဏချထားပစ်ခဲ့ရသည်လေ။
အလုပ်ခန်းထဲတကုပ်ကုပ်အလုပ်ရှုပ်နေရင်းက တစ်ခါတစ်အပြင်ရောက်တုန်းရောက်ခိုက်မို့ ခါးလဲ စိတ်လွတ်ကိုယ်လွတ် စားချင်တာစားမယ်ဆိုတဲ့အတွေးနဲ့ ပင်လယ်စာတွေကို စိတ်ကြိုက်ရွေးယူနေမိတော့သည်။
••• ••• ••• ••• ••• ••• •••
” ဟော မိုးကရွာလာပြီ ”
အပြင်ဘက်မှာ မိုးဖွဲဖွဲကျလာတော့ စိုးစိုးက အံ့သြစွာရေရွတ်လိုက်တာမို့ ခါး ဆိုင်အပြင်ဘက်ကိုလှည့်ကြည့်ကာ လက်ကနာရီလေး
ကိုမြှောက်ကြည့်လိုက်မိသည်။
” ဟယ် စိုးစိုးရေ ၆ နာရီထိုးပြီးပြီရယ် ခါး ၇ နာရီမှာ မနက်ဖြန်ပွဲမှာဝတ်ဖို့ အထည်တွေလာယူမယ့် customer နဲ့ ချိန်းထားသေးတယ် အချိန်ဒီလောက်တောင်ရှိသွားတာ သတိမထားမိဘူး ပြန်ရတော့မယ် ”
” ဟုတ်လားခါး ဒါဆိုပြန်တော့ ပြန်တော့… ”
” ဟယ် စိုးကရော ပြန်မလိုက်ဘူးလား ”
” ဒီမှာ စားလို့မကုန်သေးဘူးလေ ဒီတိုင်းထားခဲ့လို့မှမရတာ တန်အောင်စားရမှာပေါ့ ခါး ပြန်နှင့်လိုက် စိုးက ကိုသူ့ကို လာကြိုခိုင်းမယ် သူအလုပ်ဆင်းပါပြီ ”
” ဖြစ်ပါ့မလား ”
ခါး ကသာ စိတ်မချစွာမေးနေပေမယ့် စိုးစိုးက အသားဖတ်တွေတူနဲ့ညှပ်ကာ ပါးစပ်ထဲ
ထည့်ရင်း လက်ကာပြတာမို့ ခါးလဲ စိုးစိုးကိုနှုတ်ဆက်ပြီး ဆိုင်အပြင်ဘက်ကို ခပ်သွက်
သွက်လေး ထွက်လာခဲ့လိုက်တော့သည်။
မိုးကား သည်းချေပြီ။
ဒုန်း!
” အို ဒုက္ခပါပဲ ”
ခါး ကားစက်ကိုသတ်ကာ ကားပေါ်မှဆင်းပြီး ဘေးကပွတ်ဆွဲမိတဲ့ကားကို ကြည့်လိုက်တော့
ပွတ်ဆွဲသည်ဟု ဆိုရအောင်လဲ ကားဘန်ပါက သိသိသာသာချိုင့်ဝင်သွားသည်အထိ တိုက်မိသွားတာမို့ အကြံအိုက်သွားရတော့သည်။
ခါး ဘေးဘီကိုဝေ့ဝဲကြည့်မိပေမယ့် တစ်ဖက်ကားရဲ့ပိုင်ရှင်ကရှိမနေ။ခါးလက်ကနာရီလေး
ကိုတစ်ချက်မြှောက်ကြည့်လိုက်ပြီး သူမ ကားဆီပြန်ပြေးလာကာ အိတ်ကိုဆွဲယူဖွင့်လိုက်ပြီး
စာရွက်နဲ့ ဘေပင်လေးကိုထုတ်လိုက်သည် ထို့နောက် လက်ရေးခပ်သော့သော့နဲ့ စာကြောင်းတစ်ချို့ရေးကာ ထိုကားမှန်ပေါ်မှာ သေချာကပ်ထားပေးခဲ့ပြီး ကားလေးပေါ်တက်ကာ မောင်းထွက်ခဲ့တော့သည်။
ကားပိုင်ရှင်သို့
မတော်တဆ ကားကိုတိုက်မိခဲ့တဲ့အတွက်
အနူးညွတ်တောင်းပန်ပါတယ် အရေးတကြီးကိစ္စတစ်ခုကြောင့်ပိုင်ရှင်ပြန်လာတဲ့အထိ
မစောင့်နိုင်ပေမယ့်ပျက်ဆီးသွားတာအတွက်ပြန်လျော်ပေးဖို့ ဒီဖုန်းကို ဆက်သွယ်ပေးပါ
ကျေးဇူး တင်ပါတယ်
09*********
************************************
ကလင်!
ခါး အထည်တိုင်းနေတုန်း ရုတ်တရက်စာဝင်လာတဲ့အသံကြောင့် စိုးစိုး ဘာများပြောတာလဲဆိုတဲ့အတွေးနဲ့ ဖုန်းလေးကိုလှမ်းယူကာကြည့်လိုက်တော့ ခါး မသိတဲ့ဖုန်းနံပါတ်အစိမ်းတစ်ခုက စာဝင်နေတာမို့ Messages ထဲကိုဝင်လိုက်ရသည်။
>>> ဒီဖုန်းပိုင်ရှင်က လွန်ခဲ့တဲ့၂ရက်က *** ဘူဖေးဆိုင်ရှေ့မှာ ကားတစ်စီးကိုတိုက်သွားတဲ့သူ ဟုတ်လား …
ခါး ထိုစာကိုဖတ်ပြီး မျက်နှာလေးဝင်းသွားရသည်။ သူမ ထိုကားပိုင်ရှင်ဆက်သွယ်လာတာကို ထိုင်စောင့်နေခဲ့တာ ၂ ရက်တောင်ရှိပြီ
မဟုတ်လား….
<<>> အဲ့လိုပဲဆိုပါတော့ ….
<<>> မခေါ်ပါနဲ့ အခုက အလုပ်ချိန်မို့လို့….
<<>> ကားကပြင်ပြီးသွားပါပြီ ကုန်ကျစားရိတ်ဘောက်ချာလေး ပို့ပေးလိုက်ရမလား…
<<>> ရပါတယ် အဲ့လောက်အထိမလိုအပ်ပါဘူး…..
<<>> အဆင်ပြေမယ်ဆိုရင် ဒီညနေ ၆ နာရီခွဲလောက် ***** မှာဆုံလို့ရမလား
<<< Ok
ခါး လက်ထဲကဖုန်းလေးကိုချလိုက်ပြီး ညနေ၆နာရီမတိုင်မီ အလုပ်တွေလက်စသတ်နိုင်ရန်အတွက် ချက်ချင်းအလုပ်ထဲကိုစိတ်နှစ်လိုက်တော့သည်။
*
***********************************
အတန်ငယ်သပ်ရပ်သန့်ရှင်းကာ လှလှပပလေး ခင်းကျင်းစီမံထားတဲ့ ကော်ဖီဆိုင်အသေးလေးက အပူအအေးသောက်စရာတွေအပြင် တွဲဖက်စားသောက်နိုင်တဲ့ Menu တစ်ချို့လဲ စုံလင်လှသည်။
ပန်းသီးဖျော်ရည်တစ်ခွက်မှာပြီး ခပ်ဖြည်းဖြည်းသောက်နေရင်း ခါး လူစောင့်နေတုန်းမှာပဲ….
ချွှင်!
မှန်တံခါးကိုတွန်းဖွင့်သံကြောင့် ခါး ဆိုင်တံခါးဝကိုလှမ်းကြည့်မိလိုက်တော့ ဝင်လာတဲ့လူတစ်ယောက်က ဆိုင်ထဲကို တစ်ချက်ဝေ့ဝဲ
ကြည့်ပြီးမှ သူ့ကိုလှမ်းကြည့်နေတဲ့ ခါးကို သတိထားမိသွားဟန်ဖြင့် အနားကိုလျှောက်လာပြီး….
" ဒီက ကားပိုင်ရှင်လား…. "
အပြင်ဘက်မှာရပ်ထားတဲ့ ခါး ကားကိုကြည့်ရင်းမေးလာတာမို့ ခါး ထိုင်နေရာမှ ထရပ်လိုက်ပြီး….
" ဟုတ်ပါတယ်ရှင့်… "
" ဟုတ်ကဲ့…. "
ခါးက သူ့ကိုထိုင်ဖို့မပြောမိသလို ခါးကိုယ်တိုင်လဲ မတ်တပ်ရပ်ကာ သူ့ကို စူးစမ်းသလိုကြည့်နေမိသည်။
ကြည်ပြာရောင်နဲ့အဖြူရောင်အစင်းကြီး စပို့ရှပ်ကို နက်ပြာရင့်ရောင် ဘောင်းဘီရှည်နဲ့တွဲဖက်ဝတ်ဆင်ထားပြီး လက်ထဲမှာ အနက်ရောင်အိတ်တစ်လုံးကို ဆွဲထားသည့် ထိုလူ့ကို
ခါး ရင်းရင်းနှီးနှီးကို သိနေသလိုခံစားနေရသည်။
သူကလဲ ခါးကို ခပ်စူးစူးစိုက်ကြည့်နေပြီး ခါး သူ့ကို့ကြည့်နေတာ သတိထားမိသွားကာ မနေတတ်သလို ပြုံးပြလိုက်တော့ ဖြူဖွေးနေတဲ့ သွားချွန်ချွန်လေးတွေဖျတ်ကနဲပေါ်လာသလို သိသိသာသာချိုင့်ဝင်သွားတဲ့ အောက်နှုတ်ခမ်းထူထူရဲ့ အလည်က အချိုင့်လေးကြောင့် ခါး နှုတ်ခမ်းဖျားက နာမည်တစ်ခု လွှတ်ကနဲထွက်ကျလာခဲ့သည်။
" ကြယ်ရောင်ရင့်ရင့် .. ? "
ခါး ခေါ်လိုက်တဲ့အသံကြောင့် သူ့မျက်လုံးတွေကအံ့သြဝိုင်းစက်သွားပြီးမှ ခါး ကို ပြန်ပြုံးပြပြီး…..
" ထိုင်ပါဦး "
သူသတိပေးမှ ခါးသတိဝင်လာပြီး ခုံမှာပြန်ထိုင်ကာ သူ့ကိုပြုံးပြရင်း …..
" ခါး ဘယ်သူလဲ ရှင်သိလား "
" အင်း "
" တကယ်? "
သူ့ကို ခါး မယုံကြည်သလိုမေးတော့ သူက တစ်ချက်ရယ်လိုက်ပြီး ခါးကိုတည့်တည့်
ကြည့်ကာ…
" နှင်းခါးဝိုင်… "
ဒီတစ်ခါတော့ အံ့သြသွားရတဲ့သူက ခါး ဖြစ်သွားရသည်။
" ရှင် တကယ်ခါးကို မှတ်မိတာပဲ… မတွေ့တာဖြင့် ဒီလောက်ကြာပြီကို "
" မင်းလဲ ကိုယ့်ကိုမှတ်မိတာပဲလေ "
သူ ခပ်တိုးတိုးပြောတော့ ခါး အပြုံးတွေ တုံ့ကနဲရပ်သွားရသည်။ ခဏအတွင်းမှာ ဘာမှမဖြစ်သလို ဖော်ရွေစွာပြန်ပြုံးပြရင်း ခါးစိတ်ထဲမှာပြောမိတဲ့စကားကတော့…..
••• ခါးကရှင့်ကို မမှတ်မိနိုင်စရာအကြောင်းမှမရှိတာပဲ ရင့် •••
" ကားက အတော်များများထိသွားလား.. "
သူမတို့နှစ်ယောက်ကြား အတန်ကြာတိတ်ဆိတ်နေပြီးတဲ့နောက်မှာ သူ့အတွက်မှာထားတဲ့ အအေးရောက်လာတော့ ခါး သတိတရမေးလိုက်မိသည်။
" အင်း နည်းနည်းပါ ခဏလေးနော် ကိုယ်ဘောက်ချာပြပေးမယ် "
သူက ပိုက်ဆံအိတ်ထဲမှာ သေချာခေါက်သိမ်းထားတဲ့ဘောက်ချာကိုထုတ်ပေးပြီး ခါးက ထိုနေ့ကအခြေအနေကိုရှင်းပြကာ တောင်းပန်ပြီး ကားပြင်ခကိုလျော်ပေးလိုက်
ရသည်။
" ဒါဆို ကိုယ့်ကိုခွင့်ပြုဦး "
" ဟုတ် "
နှုတ်ဆက်ထွက်ခွာသွားတဲ့ သူ့နောက်ကျောကိုကြည့်ပြီး ခါး ရင်ဘတ်ထဲမှာ တစ်ခုခုပြုတ်ကျသွားသလို နင့်သွားတာကြောင့် ကားလေးပေါ်ကိုတက်ကာ စိုးစိုးအိမ်သို့ ဦးတည်မောင်းနှင်လိုက်တော့သည်။
************************************
" ဘာ ခါး ပြန်ပြောစမ်း နင် ဘယ်သူနဲ့တွေ့ခဲ့တာ…. "
" ရင့် လေ…. ကြယ်ရောင်ရင့်ရင့် ငါတို့ ကိုးတန်း ဆယ်တန်းတုန်းက ဟ်ိုတစ်ယောက် နင်မမှတ်မိဘူးလား "
" မှတ်မိတာပေါ့ သူ့ကြောင့် ခါး ဘယ်လောက်
တောင်ငိုခဲ့ရလဲ ငါဘယ်လောက်တောင်ချော့ခဲ့ရလဲ မမှတ်မိပဲနေမလား… ဟဲ့ ခါးတို့က ဘယ်လိုပြန်တွေ့လာကြတာလဲ သူကရော ခါးကိုမှတ်မိလား ခါးတို့စကားပြောဖြစ်ခဲ့ကြသေးလား မဟုတ်ရင် မတော်တဆ ရုတ်တရက် ဖြတ်သွားဖြတ်လာ ဆုံကြတာလား ပြောပါဦး ပြောပါဦး "
မေးခွန်းတွေအစုံ ထုတ်နေတဲ့ စိုးစိုး ကိုကြည့်ရင်း ခါး သက်ပြင်းတစ်ချက်ချလိုက်ပြီး ကိစ္စတွေကို အစအဆုံးရှင်းပြလိုက်တော့မှ အကုန်နားထောင်ပြီး လက်ခုတ်တစ်ချက်ထတီးလိုက်ကာ….
" အဲ့ဒါ ဖူးစာပဲ… "
" ဟယ် စိုးစိုးမ ရှင် ပေါက်ကရတွေပြောပြီ "
" ဘာလဲ ခါးက အခုသူ့ကိုစိတ်မဝင်စားတော့ဘူးလား နည်းနည်းလေးတောင် စိတ်မလှုပ်ရှားတော့ဘူးလား ဟော့ဒီနှလုံးသားကြီးက သူ့ရဲ့အပြုံးတွေကြောင့် ရင်မခုန်တော့ဘူးဆိုတာ သေချာရဲ့လား…. "
ခါး ရင်ဘတ်ကိုပုတ်ပြီးမေးလာတဲ့ စိုးစိုး
ကြောင့် ခါး ခပ်နွမ်းနွမ်းလေးပြုံးလိုက်ရင်း အဝေးကိုငေးကာ….
" အခုလောက်ဆို သူလက်ထပ်ပြီးရင်ပြီးလောက်ပြီပေါ့ အကယ်၍ လက်မထပ်ဖြစ်ရင်တောင် သူ့မှာလဲချစ်သူရှိမှာပေါ့ စိုးစိုးရဲ့ အချိန်တွေအရမ်းကြာသွားပြီလေ "
" သူလက်ထပ်ရင် ငါတို့သတင်းတော့ကြားရမှာပဲလေ လက်မထပ်ရသေးလို့သာ ငါတို့မသိကြတာနေမှာပေါ့ "
စိုးစိုးက ခါးမျက်နှာကိုကြည့်ရင်း ခပ်ဆဆပြောတော့ ခါးက သူငယ်ချင်းမကိုကြည့်ကာပြုံးလိုက်ပြီး…
" ငါတို့မသိလိုက်တာလဲ ဖြစ်နိုင်တယ်လေ သူက ရန်ကုန်မှာနေပြီး အခြေချနေတာလား မဟုတ်ရင် နယ်မှာပဲလားဆိုတာ ငါတို့ဘယ်လိုလုပ်သိမှာလဲ "
" အင်းပေါ့ ငါတို့တွေလဲ ဆယ်တန်းစာမေးပွဲ ဖြေပြီးကတည်းက မတွေ့ဖြစ်ကြတော့တာပဲ တစ်ခါမှတောင်မဆုံခဲ့ကြဘူးနော် အခုမှ တိုက်တိုက်ဆိုင်ဆိုင်ပဲ "
စိုးစိုးစကားကိုတုံ့ပြန်မှုမပေးပဲ ခါး ပြတင်းကနေ အဝေးကိုအကြာကြီး ငေးကြည့်နေမိ
သည် ။ တဖွဲဖွဲကျလာတဲ့ မိုးစက်လေးတွေကိုမြင်တော့ မရည်ရွယ်ပဲ ပြုံးမိသွားရရင်း စိတ်ထဲမှ….
' သူ နဲ့ စတွေ့တဲ့ နေ့ကလဲ အဲ့လိုပဲ မိုးလေးခပ်ဖွဲဖွဲ ရွာနေခဲ့တာပဲ '
************************************
" ဟာ ကြယ်ရောင် မင်း မိုးမိလာတာလား "
တံခါးဖွင့်ကာအခန်းထဲဝင်ဝင်ချင်း အပေါက်ဝကစီးမေးလိုက်တဲ့ သူငယ်ချင်းဖြစ်သူကြောင့်
သူ ဖိနပ်ချွတ်ရင်း ခေါင်းညိတ်ပြလိုက်ကာ…
" အင်း "
" အအေးမိပြီးဖျားနေဦးမယ် ဆေးလေးဘာလေးကြိုသောက်ထားဦး "
" …."
" သြော် ဟုတ်သားပဲ ငါကလဲ ဆရာဝန်က်ို ဆရာပြန်လုပ်နေမိတာပဲ ငါ လမ်းထိပ်လက်ဘက်ရည်ဆိုင်သွားဦးမယ် မင်းဘာမှာဦးမ
လဲ "
" မမှာတော့ဘူး "
ဝေယံ ကမ်းပေးတဲ့တဘတ်ကိုယူကာ ခေါင်းပေါ်ကရေစိုဆံပင်တွေကို သုတ်ရင်း အခန်းထဲဝင်သွားတဲ့ သူ့ကို ထားခဲ့လိုက်ပြီး ထီးဟောင်းလေးကိုဆွဲကာ လမ်းထိပ်ထွက်သွားတော့သည်။
ပုံမှန်ဆို ဝေယံ ညနေဘက် လက်ဘက်ရည်ဆိုင်ထွက်ထိုင်တိုင်း ကြယ်ရောင်က ညနေစာအတွက် လမ်းထိပ်ထမင်းဆိုင်လေးမှာ မှာနေကျပေမယ့် ဒီနေ့တော့ ဘာမှစားချင်စိတ်မရှိတာမို့ အခန်းထဲဝင်ကာ အဝတ်အစားလဲကာ
တစ်ယောက်အိပ်ကုတင်လေးပေါ် ခြေပစ်
လက်ပစ်လှဲချလိုက်သည်။
" ကြယ်ရောင်ရင့်ရင်? "
ဝမ်းသာတဲ့အသံလား အံ့သြတဲ့အသံလားမသိတဲ့ သူမရဲ့ခေါ်သံက သူ့နားထဲပြန်ကြား
ယောင်လာသလို အမည်ဖော်ပြနိုင်ခြင်းမရှိတဲ့ သူမ မျက်ဝန်းထဲကအကြည့်တွေကိုလဲ မရည်ရွယ်ပဲ ပြန်လည်မြင်ယောင်လာတာမို့ သူမျက်လုံးတွေကို မှိတ်ချလိုက်ရင်း….
သူမ တော်တော်ပြောင်းလဲသွားတာပဲ ဟု တွေးလိုက်မိသည်။
ကျောင်းမှာတုန်းကလို ခပ်အေးအေးခပ်ငြိမ်ငြိမ်နဲ့ ယုန်သူငယ်ငယ်လေးလို အကြောက်လွန်တတ်တဲ့ ကောင်မလေးမဟုတ်တော့…
အသက်အရွယ်ကြောင့်ပဲ ပြောင်းလဲသွားတာလား မသိပေမယ့် သူမကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး သွက်လက်တက်ကြွနေတဲ့ မိန်းကလေးတစ်ယောက်ပုံစံဖြစ်နေခဲ့ပြီ။
" အချိန်တွေ အတော်ကုန်သွားခဲ့တာပဲ….. "
သူလဲ ပြောင်းလဲခဲ့တာပဲ ။ သူမလဲပြောင်းလဲနေပြီပေါ့…. တခြား ကျောင်းနေဖက်သူငယ်ချင်းတွေရော မတူညီတဲ့ ပြောင်းလဲမှုတွေကိုယ်စီနဲ့ပဲပြောင်းလဲနေကြမှာပေါ့လေ။
အရင်တုန်းကလို မသိနားမလည်တဲ့ ကလေးတွေမှ မဟုတ်ကြတော့ပဲ။ ဘာပဲပြောပြော ဘဝအတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့ အချိန်တွေထဲမှာ မတော်တဆ တိုင်ဆိုင်ပြီး
မွေးရပ်မြေက ကျောင်းနေဘက်သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ပြန်ဆုံတွေ့ရတာ သိပ်တော့မဆိုးလှဘူးပဲ။
ကြယ်ရောင် အတွေးစတွေကိုဖြတ်ကာ အိပ်ယာထက်မှ ပြန်ထလာခဲ့လိုက်ရသည်။ မိုးရေစိုလာတဲ့ အဝတ်အစားတွေကို ဖားဥမစွဲခင် လျှော်ရဦးမည်မဟုတ်ပါလား ။
************************************
အထည်တွေရွေးရင်း ကုန်တိုက်တစ်ခုလုံး
ပါတ်ကာ ဗိုက်ထဲဆာသလိုလိုရှိလာတာမို့ ခါး အနီးအနားကိုဝေ့ဝဲကြည့်တော့ ကိတ်မုန့်ဆိုင်လေးတွေ့တာမို့ အဆာပြေတစ်ခုခုစားမည့်အတွေးနဲ့ လျှောက်လာခဲ့လိုက်သည်။
မှန်ကောင်တာထဲမှာ ဒီဇိုင်းစုံ အရောင်စုံ ကိတ်မုန့်လှလှလေးတွေအစီအရီနေရာချထားပေ
မယ့် ထောင့်နားမှာ သီးသန့်ရှိနေတဲ့ အနီရဲရဲ စတော်ဘယ်ရီ ကိတ်မုန့်လေးကိုမြင်တော့ ခါး ပြုံးလိုက်မိကာ….
" စတော်ဘယ်ရီ ကိတ် ပေးပါ "
" စတော်ဘယ်ရီကိတ်လေး ပေးပါ "
" ဟင် "
ခါး အသံနဲ့ပြိုင်တူထွက်ပေါ်လာတဲ့ အမျိုးသားတစ်ယောက်အသံကြောင့် ခါး အံ့အားသင့်ကာ ဘေးကလူကိုမော့ကြည့်လိုက်တော့ မျက်လုံးတွေပင် ပြူးကျယ်ဝိုင်းစက်သွားရတော့သည်။
" ကြယ်ရောင်ရင့်ရင့်…. "
" ဟင် နှင်းခါးဝိုင် "
ဘုရားရေ ခါး သူနဲ့နောက်တစ်ကြိမ်ထပ်ဆုံရပြန်ပြီလား ဒါက တိုက်ဆိုင်မှုလား မဟုတ်ရင် တစ်ချို့လူတွေပြောတဲ့ ကံကြမ္မာဆိုတဲ့အရာများလား။
သူ့ကို ဘာကြောင့် ခါးရှေ့ကိုထပ်ရောက်လာစေရတာလဲ။ ခါးနဲ့သူ့ကို ဘာကြောင့်ထပ်ပြီးဆုံတွေ့ခိုင်းနေတာလဲ။
အတွေးများစွာနဲ့နေရခက်စွာ ရပ်နေမိတဲ့ ခါး ကို သူက ဘာမှမသိသလို ပြုံးပြလာတော့ ထုံးစံအတိုင်းပဲ သူ့အောက်နှုတ်ခမ်းထူထူလေးအလည်က ချိုင့်ဝင်သွားပြန်သည်။
ခါး သူ့ကိုပြန်ပြုံးပြရင်း ကမန်းကတမ်းအ
ကြည့်လွှဲလိုက်ရပေမယ့် ခါးသိပါသည်။ ရင်ဘတ်ထဲက အိပ်ပျော်နေတဲ့ နှလုံးသား
လေးက ခပ်ပြင်းပြင်းလှုပ်ခတ်သွားခဲ့တာကိုပေါ့…..
************************************
ဤဇာတ်လမ်းသည် ကျွန်မ ၏ ကိုယ်ပိုင်အတွေး ဖြင့်စိတ်ကူးဖန်တီးထားခြင်းဖြစ်ပြီး
ကိုယ်ပိုင်ဇာတ်ကောင် ကိုယ်ပိုင်ဇာတ်လမ်းသာဖြစ်ပါသည်ခွင့်ပြုချက်မရှိပဲတစ်ချို့
တစ်ဝက်ကိုဖြစ်စေ အားလုံးကိုဖြစ်စေ ပြန်လည်ကူးယူဖော်ပြခြင်းမပြုကြဖို့လေးစားစွာတောင်းဆိုအပ်ပါသည်။ ကျွန်မရေးသားသောဇာတ်လမ်းကိုကြိုက်နှစ်သက်လျှင် အားပေးဖတ်ရှုပေးကြပါလိုအပ်ချက်များရှိလျှင်ဝေဖန်အကြံပြုနိုင်ပါသည်။
စာဖတ်သူအားလုံးကိုအစဥ်အမြဲလေးစားလျက်
ဆောင်းအက္ခရာကြိုး
************************************