Chapter 1
Chapter (1)
” ဒီနေ့ရဲ့ live stream ဖြစ်တဲ့ ‘horror အပန်းဖြေဥယျာဉ်’ ကတော့ ဒီနေရာမှာအဆုံးသတ်သွားပါပြီ… ”
” ဖာ့ခ် ဖာ့ခ်၊ ဒီဂိမ်းက ကြောက်ဖို့ကောင်းလိုက်တာ တအားကြောက်ဖို့ကောင်းလွန်းတယ်! သေအောင်လန့်သွားတာပဲ! နေလို့ထိုင်လို့ကောင်းသွားအောင် ’82 ဝိုင်နီ သွားသောက်လိုက်ဦးမယ်နော်! stream က ပြီးပြီ! ပြီးသွားပြီ! ”
” မနက်ဖြန်လား? မနက်ဖြန်ကျရင်တော့ stream ရှိမှာ မဟုတ်ဘူး။ ငါက မင်းတို့ကို သစ္စာဖောက်ဖို့ကြိုးစားနေတာ မဟုတ်ဘူးနော်။ ငါ့ကို ဒီဂိမ်းဆော့ဖို့ ဘယ်သူထောက်ခံပေးခဲ့တာလဲ ? လန့်ပြီးသေတော့မလို့ နည်းနည်းပဲလိုတယ်! မင်းတို့က ငါ့ကို streamer လောကမှာ ပထမဆုံးလန့်ပြီးသေတဲ့မသာ ဖြစ်စေချင်ကြတာလား? ဒါက အလုပ်ကြောင့်ရတဲ့ စိတ်ဒဏ်ရာပဲ! အလုပ်ကြောင့်ရတဲ့ စိတ်ဒဏ်ရာ! မနက်ဖြန်ကျရင်တော့ တစ်ရက်နားမှဖြစ်မယ်! ”
A City တွင် –
လူငယ်လေးတစ်ယောက်မှာ ကြောက်ရွံ့နေသည့်အသံဖြင့် ကွန်ပျူတာရှေ့တွင် အော်ဟစ်ရင်း ဗလာကျင်းနေသည့်မျက်နှာအမူအရာဖြင့် တိုက်ရိုက်ထုတ်လွှင့်နေသည့်အခန်းထဲမှ ထွက်လိုက်သည်။
အသက် 25 နှစ်အရွယ် ရှောင်ထန်ချိုးဟာ H Station ဟုခေါ်သည့် ပလက်ဖောင်းပေါ်တွင် အောင်မြင်နေသည့် horror game streamer တစ်ယောက်ဖြစ်၏။ ပရိသတ်အများအပြားရှိပြီး “100% အလံစုဆောင်းသူ”ဟူသည့် ကျော်ကြားသည့်စကေးဖြင့် အတော်အတန်လူကြိုက်များပေသည်။ သူပြောသည့်အရာမှန်သမျှ အကုန်ဖြစ်လာကာ အဆိုးဖက်တွင်တော့လုံးဝအလုပ်ဖြစ်ပြီး အကောင်းဖက်မှာတော့ လုံးဝအလုပ်မဖြစ်ပါ၊ တစ်နည်းပြောရပါက ကျီးကန်းပါးစပ်သာ။
live stream စာမျက်နှာမှနေ ရှောင်ထန်ချိုးထွက်လိုက်ပြီးနောက်တွင် ပစ္စည်းကိရိယာထည့်သည့်အခန်းငယ်လေးကိုဖွင့်ပြီး ဒီလအတွက် သူ့ဝင်ငွေအားတစ်ချက်ကြည့်လိုက်၏။ ဒီနေ့ သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများထံမှရရှိသည့် ဆုများကိုပါပေါင်းလိုက်လျှင် သူ့ရဲ့ဘဏ်စုငွေအားလုံးမှာ အိမ်တစ်လုံးအတွက် ပထမအရစ်ကျငွေကိုချေဖို့ လုံလောက်သွားလေပြီ။
ယခုတလော streamer အများစုမှာ ပိုက်ဆံအများအပြားရရှိကြသည်။ အဆိုပါ “ထိပ်ဆုံးညီအစ်ကိုများ” “ထိပ်ဆုံးညီအစ်မများ” နှင့် မယှဉ်နိုင်သော်လည်း သူ့ရဲ့လစဉ်ဝင်ငွေမှာ အတော်များပြားနေဆဲ။ အနည်းဆုံးတော့ သူနဲ့သက်တူရွယ်တူတွေ အိမ်လခအတွက်ရုန်းကန်နေရချိန် သူ့မှာတော့ အိမ်တစ်လုံးစာအတွက် ပထမအရစ်ကျငွေကိုပေးချေဖို့ လုံလောက်နေခဲ့ပြီ။
သူက လူအများကြီးနဲ့ဆက်ဆံနေရတာထက် တစ်ယောက်တည်းရှိနေရတာကို ပိုနှစ်သက်တာကြောင့် အခုလက်ရှိသက်မွေးဝမ်းကြောင်းအလုပ်အား အင်မတန်မှကိုသဘောကျလေသည်။ ထပ်ပြောရရင် အထက်တန်းပြီးဆုံးကြောင်းဒီပလိုမာတစ်ခုသာရှိသည့် တစ်စုံတစ်ယောက်အနေဖြင့်… ကောင်းမွန်တဲ့အလုပ်တစ်ခုအား သူ မရှာနိုင်ပေ… သူကျင့်သားမရနိုင်သည့်တစ်ခုတည်းသောအရာမှာ သူ့ဖန်တွေက သူ့ကိုတည်တည်ငြိမ်ငြိမ်နဲ့ လုပ်နိုင်စွမ်းရှိနေတာထက် ကြောက်လန့်ပြီး အော်ဟစ်နေတာကို သဘောကျနေကြခြင်းသာ။
အစီအစဉ်မှူးတစ်ယောက်အဖြစ် ပထမဆုံးစတင်ခဲ့တုန်းက သူ streamနေသည့် horror ဂိမ်းများကြောင့်ကြောက်လန့်ခဲ့ရပြီး မကြာခဏဆိုသလို စိတ်ပျက်ခဲ့ရလေသည်။ တစ်စုံတစ်ယောက်က ၄င်းကိုဖြတ်ညှပ်ကပ်လုပ်ကာ H Station ပေါ်တွင် သွားတင်လိုက်သည်။ မမျှော်လင့်ပဲ နာမည်ကြီးသွားခဲ့ကာ ညတွင်းချင်းမရေမတွက်နိုင်သည့် follower များအား ရရှိလိုက်လေသည်။ ဖန်များက လက်ဆောင်များစွာကိုပေးလာခဲ့ပြီး အနှောင့်အယှက်ဖြစ်စေသည့်ကောမန့်များက သူတို့ဟာ သူ့ရဲ့အော်ဟစ်သံနဲ့ နူးနူးညံညံသက်ပြင်းချသံတွေကို သဘောကျကြောင်း ဖော်ပြလာကြသည်။
ဒါနဲ့ပတ်သတ်ပြီး ရှောင်ထန်ချိုးဖော်ပြခဲ့သည်မှာ : အော်တာလား ရတယ်လေ။ ဒါပေမယ့် နူးနူးညံ့ညံ့သက်ပြင်းချတယ်ဆိုတာက ဘာအကျိုးနည်းကြီးလဲ! စားပွဲကိုလှန်လိုက်!
နောက်တော့ ရှောင်ထန်ချိုးတစ်ယောက် horror ဂိမ်းတွေကို ပို stream လာခဲ့ကာ အနှီထိတ်လန့်ဖွယ်ဇာတ်လမ်းဇာတ်ကွက်များနှင့် တဖြည်းဖြည်းကျင့်သားရသွားခဲ့တာကြောင့် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေမှာတည်တည်ငြိမ်ငြိမ်ဖြစ်သွားခဲ့၏။ လုံးဝအကျိုးသက်ရောက်မှုမရှိတော့တာမျိုးမဟုတ်ပေမယ့် ပိုသန်မာလာခဲ့ပြီ၊ ထိတ်လန့်တကြားနဲ့ အော်ဟစ်တာတွေမလုပ်တော့… ဒါပေမယ့်လည်း ဖန်များကပြောကြသည်မှာ အစီအစဉ်တင်ဆက်သူ၏ ထိတ်လန့်တကြားအော်ဟစ်သံတွေမပါဝင်သည့် live stream မှာ လေထဲတွင်ပျောက်ကွယ်သွားသော မီးခိုးဖြင့်ပြုလုပ်ထားသည့် အချစ်တစ်ခုနှင့်တူသည်ဟူ၍။
သူ့ဖန်တွေကို ထိန်းသိမ်းဖို့ရာအတွက် သူ့မှာ တုံတိဘာဝေမျက်နှာဖြင့် ကြောက်လန့်တကြားအော်ဟစ်နည်းအား သင်ယူခဲ့ရသည်။ သူ့ပါးစပ်ကနေ “အိုး” “အား” နဲ့ အော်နေသော်ငြား သူ့နှလုံးသားထဲမှာတော့ လှိုင်းဂယက်လေးတောင် ရှိမနေပါ။
အခုခေတ်ပရိသတ်တွေများ host တွေ အော်တာကိုကြည့်ရတာ ဘာလို့များကြိုက်ကြပါလိမ့်နော်? ညစ်ညမ်းရုပ်ရှင်ထဲက အော်သံတွေ ဒါမှမဟုတ် စူပါမားကတ်ထဲမှာ ကြက်တွေအော်တာက နားထောင်လို့မကောင်းလို့လား? ရှောင်ထန်ချိုးတစ်ယောက် နှလုံးသားထဲမှာတော့ သူတို့ကိုအပြစ်တင်ဝေဖန်နေပေမယ့် host တစ်ယောက်အတွက်မူ ပရိသတ်ဟာ ရွှေအရှင်သခင် နတ်ဘုရားပင်။ ဆန်ငါးပုံးအတွက် သူ့ခါးကိုကိုင်းထားပြီး အသက်ရှင်ဖို့အတွက် ခေါင်းကိုဦးညွှတ်ထားဖို့သာ တတ်နိုင်လေသည်။
“မျက်နှာအမူအရာမပါပဲ အော်ဟစ်ခြင်း” စကေးကို ကျွမ်းကျင်တတ်မြောက်သွားသည့် horror game တင်ဆက်သူ ရှောင်ထန်ချိုးမှာ သူ့ကိုယ်သူ “သရုပ်ဆောင်” ဘွဲ့အား သတိတရပေးအပ်လိုက်လေ၏။
ထိုအချိန်တွင် ရှောင်ထန်ချိုးရဲ့ notification က ရုတ်တရက်ခုန်တက်လာခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကိုရှာနေခြင်းပင်။ ထိုသူဟာလည်း H Station တွင် ဂိမ်းတင်ဆက်သည့် သူငယ်ချင်းကောင်းတစ်ယောက်သာ။
အာတာပူစီ : ချိုချဉ်လုံးလေး ၊ ဖန်တစ်ယောက်က ငါ့ကို horror game တစ်ခု recommend ပေးထားတယ်။ အတော်ဆော့လို့ကောင်းမယ့်ပုံပဲ။ အဲ့ထဲမှာ သမဝါယမဆိုင်တစ်ခုလည်းရှိတယ်။ မနက်ဖြန်ကျ stream ချင်လား?
ချိုချဉ်လုံးလေး : မနက်ဖြန်ကျရင် လုပ်စရာရှိတယ်
အာတာပူစီ : : ဂိမ်းနောက်ခံက စိတ်ဝင်စားဖို့ကောင်းတယ်နော်၊ မင်း တကယ် ငါနဲ့မဆော့ချင်ဘူးလား?
ချိုချဉ်လုံးလေး : ငါ့မှာလုပ်စရာရှိတယ်။ မင်းကြောက်တယ်ဆိုရင် တိုက်ရိုက်ထုတ်လွှင့်ဖို့ကို လူများများရှိတဲ့နေရာရွေးလိုက်။ မင်းနေရာအောက်ထပ်မှာ McDonald တစ်ဆိုင်ရှိတယ်မလား?
အာတာပူစီ : … ငါ့ကို စိတ်မနှံ့တဲ့သူတစ်ယောက်လိုဆက်ဆံကြမှာပေါ့!
ချိုချဉ်လုံးလေး : ဒါဆို မအော်နဲ့လေ။ အရင်တစ်ခါ ငါတို့အတူ stream တုန်းက အိမ်နီးချင်းတစ်ယောက် ညလယ်ခေါင်ကြီး ငါ့အိမ်တံခါးကိုသုံးကြိမ်လာခေါက်တယ် ၊ငါသာ ဆက်ပြီး stream ရင် ငါ့အိမ်တံခါးမှာ သူ့ကိုယ်သူကြိုးဆွဲချပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားတာ
အာတာပူစီ : …. ငါ မထိန်းနိုင်မှာကိုကြောက်တယ် QAQ
ဒီအာတာပူစီသည်လည်း ရှောင်ထန်းချူကဲ့သို့ horror game streamer တစ်ယောက် ဖြစ်၏။ တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း သူဟာလည်း ကြောက်လန့်တကြားအော်ဟစ်ခဲ့သည်။ သို့သော်လည်း ရှောင်ထန်းချူနဲ့တော့မတူပေ။ သူက အမှန်တကယ်ကြောက်ရွံ့နေခြင်းဖြစ်၏။ အခေါက်တိုင်းအခေါက်တိုင်း horror game ကို ပထမဆုံးစဆော့သည့် ငနုလေးတစ်ယောက်လိုပင်။
ဒါပေမယ့် ထူးဆန်းသည့်အရာမှာ ဒီလူရဲ့သတ္တိက ဇီရိုးလယ်ဗယ်ဖြစ်နေပေမယ့် horror game တွေကို ကြိုက်နှစ်သက်ခြင်းပင်။ ပိုပြီးသတ္တိရှိလာစေဖို့ရာအတွက် ရှောင်ထန်းချူအား အတူ stream ဖို့ မကြာခဏဆွဲခေါ်တတ်ကာ တစ်ချိန်လုံးအော်ဟစ်ငိုယိုနေပေမယ့် ရပ်တန့်လိုက်ဖို့ကိုတော့ ငြင်းဆန်လေသည်၊ တကယ့်ကိုဇွတ်တရွတ်နိုင်သည့်ဘတုံးအမှုပင်…. ဤသည်မှာ ဒဏ္ဍာရီလာ “တုန်ယင်နေသည့် M” တစ်ယောက်ဖြစ်မည်ဟု ရှောင်ထန်းချူတစ်ယောက် အခိုင်အမာဆုံးဖြတ်ထားလေသည်။
ချိုချဉ်လုံးလေး : မထိန်းနိုင်ဘူးဆိုရင် အိမ်သာကိုသွား၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်အလုပ်မလုပ်ဖြစ်မှာကို သတိထားဦး
အာတာပူစီ : တကယ်ကြီး ငါနဲ့မဆော့ဘူးလားဟင်
ချိုချဉ်လုံးလေး : မနက်ဖြန်ကျရင် ချီရှီပွဲတော်လေ
အာတာပူစီ : မင်းက ငါ့ကိုတစ်ယောက်တည်းထားခဲ့ပြီး ချီရှီပွဲတော်မှာ သွားပျော်မယ်ပေါ့? နှလုံးသားမရှိတဲ့လူကြီး! မနေ့ညတုန်းက အိပ်ရာထဲမှာကျ ဘာပြောခဲ့လဲ? ငါက တစ်ဦးတည်းသောသူပါဆို!
ချိုချဉ်လုံးလေး: အဲ့နေ့က ငါ့သူငယ်ချင်းဆုံးသွားတဲ့ နှစ်ပတ်လည်နေမို့ပါ
အာတာပူစီမှာ တဒင်္ဂမျှတိတ်ဆိတ်သွားပြီးနောက် သတိထားပို့လာခဲ့သည် : အာ! တောင်းပန်ပါတယ်! ဝမ်းမနည်းနဲ့နော်! QAQ
ချိုချဉ်လုံးလေး : အဆင်ပြေပါတယ်၊ သူဆုံးသွားတာ ခုနစ်နှစ်လောက်ရှိပြီ
အာတာပူစီ : … ဒီအကြောင်းကို အရင်က ဘာလို့မပြောပြတာလဲ ?
ချိုချဉ်လုံးလေး : ငါ သူ့အုတ်ဂူကို နှစ်တိုင်းသွားတယ်၊ မနက်ဖြန်ကတော့ နောက်ဆုံးအကြိမ်ဖြစ်လိမ့်မယ်။ လူတွေဆိုတာ အတိတ်မှာပိတ်မိနေလို့မဖြစ်ဘူးလေ၊ ငါလက်လွှတ်ဖို့ကြိုးစားကြည့်ချင်တယ်။
ကွန်ပျူတာမော်နီတာရှေ့တွင် ရှောင်ထန်ချိုးစီးကရက်တစ်လိပ် မီးညှိလိုက်သည်။ မီးခိုးငွေ့များကြားတွင် သူ့ရဲ့ငယ်ဘဝကို ပြန်တွေးမိသွားခဲ့၏။
သူ့မှတ်ဉာဏ်ထဲမှ မုန့်ရှင်းဟယ်မှာ ဆယ်ကျော်သက်လေးအဖြစ် ရှိနေသေးဆဲ၊ လှပတဲ့မက်မွန်ပွင့်မျက်လုံးတစ်စုံရယ်၊ တောက်ပတဲ့အပြုံးတစ်ခုရယ်၊ ပြီးတော့ သူ့တစ်ကိုယ်လုံးက နေရောင်ခြည်ရဲ့ရနံ့ရယ်နဲ့နုနုယ်ပျိုမြစ်လျက်….
ဒါပေမယ့် သူနဲ့အတူကြီးပြင်းခဲ့သည့် ကလေးဘဝရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သည့် တစ်ချိန်က အချစ်ဆုံးသူငယ်ချင်းမှာ သူ့ဘဝရဲ့အကောင်းဆုံးနှစ်များထဲတွင် ရပ်တန့်သွားခဲ့ပြီး သူ့ရဲ့ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့တွင် ထာဝရကျန်ရှိနေပေလိမ့်မည်သာ။
နောက်တစ်ရက်ညနေခင်းတွင် A City မြို့ဆင်ခြေဖုံးတွင်ရှိသည့် သင်္ချိုင်းမြေထဲသို့ ရှောင်ထန်ချိုး ရောက်ရှိလာခဲ့သည်။
သင်္ချိုင်းမြေထဲမဝင်မီ အနားရှိပန်းဆိုင်တစ်ဆိုင်မှ ဒေစီတစ်ခိုင်အား ဝယ်လာခဲ့၏။
ပန်းဆိုင်မှ ဆိုင်ရှင်အမျိုးသမီးမှာ ပန်းစည်းကိုထုတ်ပိုးပေးရင်း သာမန်ကာလျှံကာမေးလာခဲ့သည်၊ ” ဒီလောက်နောက်ကျမှ အုတ်ဂူကိုလာလည်တာလား”
ရှောင်ထန်ချိုး မှာ ဖျော့တော့စွာပြုံးရင်း ” အမ်း၊ သူက ဒေစီပန်းကိုအကြိုက်ဆုံးဖြစ်ခဲ့တာလေ ”
ဆိုင်ရှင်အမျိုးသမီးမှာ ခဏမျှတန့်သွားခဲ့ပြီး ” မင်းလိုဈေးဝယ်သူမျိုးကို ပထမဆုံးတွေ့ဖူးတာပဲ ”
ရှောင်ထန်ချိုးပြုံးလိုက်ရင်း ဆိုင်ရှင်ထံမှပန်းများကို ယူလိုက်သည်။
” မင်း အုတ်ဂူကိုလည်ပြီးရင် စောစောပြန်နော်။ နောက်ကျတဲ့အချိန် အပြင်မှာမလုံခြုံဘူး။ အခုတလော A City က နည်းနည်းရှုပ်ထွေးနေတယ်။ တစ်ပတ်တည်းမှာတင် လူပေါင်းဒါဇင်ထက်မနည်းပျောက်သွားတယ်တဲ့ ” သူမ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းကိုငုံ့လိုက်သည်၊ ” ပြီးတော့… အဲ့ဒါက ဒီနားတစ်ဝိုက်မှာပဲ ”
” ပျောက်တယ်? ” ရှောင်ထန်ချိုးတန့်သွားခဲ့သည်။ သူက သတင်းတွေကို သိပ်ပြီးအာရုံစိုက်လေ့မရှိပဲ ထိုစကားကိုကြားတော့ အနည်းငယ်အံ့အားသင့်သွားခဲ့၏။
” အင်း၊ ဒါကြောင့် ဂရုစိုက်ဦး။ သင်္ချိုင်းမြေကို သွားလည်ပြီးရင် အိမ်ကိုစောစောပြန် ”
ရှောင်ထန်ချိုးခေါင်းညိတ်လိုက်ပြီး ပန်းဆိုင်ထဲမှထွက်ကာ ဒေစီတစ်ခိုင်အားကိုင်ဆောင်လျက် သင်္ချိုင်းမြေထဲဝင်သွားခဲ့သည်။
အခုက နောက်ကျနေပြီဖြစ်ပြီး သင်္ချိုင်းထဲတွင်လူမရှိပေ။ အမှတ်တရကျောက်တိုင်များဆီကို သူ တရွေ့ရွေ့လျှောက်သွားခဲ့၏။ ဓာတ်ပုံထဲတွင် မုန့်ရှင်းဟယ်တစ်ယောက် တောက်တောက်ပပပြုံးနေခဲ့ကာ သူ့ဘယ်ဖက်မျက်လုံးထောင့်မှ မှည့်လေးကတောင် ပျော်ရွှင်နေပုံပေါက်နေ၏။
ပန်းစည်းကိုချလိုက်ပြီး မုန့်ရှင်းဟယ်အား စကားပြောတော့မလိုမျိုး အမှတ်တရကျောက်တိုင်ရှေ့တွင် ခဏမျှ တိတ်ဆိတ်စွာရပ်နေခဲ့သည်။ ဒါပေမယ့် အဲ့အချိန်မှာပဲ လေးလံသည့်ခြေသံတို့က ချဉ်းကပ်လာခဲ့သည်။