Chapter 10
” အုတ်ဂူကို တူးရမယ်?! ”
ရှောင်ထန်ချိုး အံ့သြလွန်းလို့ စကားမပြောနိုင်ပဲ ကြားလိုက်ရတဲ့ သူ့နားကိုသူ မယုံနိုင်ခဲ့ပေ။ ဒါက ဘယ်လိုဟာသမျိုးလဲ။suit ဝတ်ထားတဲ့လူက ကျောက်ပြားကို သေးလေးပေါက်တယ်ဆိုရုံပေါက်ခဲ့တာကိုတောင် စိတ်မချမ်းမြေ့စရာ သေဆုံးခြင်းမျိုးကို ရသွားခဲ့၏။ သူတို့သာ ဒီလူရဲ့အုတ်ဂူကို အမှန်တကယ်တူးလိုက်ရင် အရိုးတောင်မကျန်ပဲ သေကုန်ကြမှာမဟုတ်ဘူးလား။
ထန်းမျန်မျန်က ထိတ်လန့်တကြား ထခုန်၏။
” ဖာ့ခ်! ကျန်းဇီဟန်က အခုလေးတင် သေသွားတာနော်! ”
လော့မန်စုသည် အလေးအနက်ဖြစ်နေလျက် ဆို၏။
” ဒါက ဇာတ်ကွက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေမယ်ဆိုရင် ငါတို့တွေ အုတ်ဂူကိုတူးလို့ ဘာမှဖြစ်မှာမဟုတ်ဘူး ”
” ဒါဆို ဖြစ်မနေခဲ့ရင်ရော? ” ရှောင်ထန်ချိုး မေးလိုက်သည်။
လော့မန်စု ပုခုံးတွန့်ပြရင်း ” ဒါဆိုလည်း သရဲက ငါတို့အသက် လာယူတာကို စောင့်ရမှာပေါ့ ”
ရှောင်ထန်ချိုး မျက်မှောင်ကျုံ့လိုက်သည်။
” အဲ့တော့ ဒါက ဇာတ်လမ်းရဲ့တစ်စိတ်တစ်ပိုင်း ဟုတ်,မဟုတ်ကို မင်းလည်း မသေချာဘူးပဲ? ”
” ငါသာ အကုန်ဟာကိုသိနေရင် ဟိုးအစကတည်းက ကျိန်စာကိုဖျက်ပြီး ဒီစိတ်ပျက်စရာကောင်းတဲ့ နေရာကနေ ထွက်သွားလိုက်မှာ ” လော့မန်စုက ရိုးရိုးသားသားပဲ ပြန်ဖြေလာခဲ့၏။
” မင်းတို့ တူးရဲလား? ”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှောင်ထန်ချိုး ခေါင်းညိတ်ခဲ့လိုက်သည်။
” ငါတို့ လောင်းကြေးထပ်ကြတာပေါ့! ”
အခုလက်ရှိမှာ သူတို့တွေက လွတ်လမ်းမရှိပဲ ပိတ်မိနေကြတာကြောင့် စွန့်စားကြည့်လိုက်တာ ပိုကောင်း၏။
” မနက်ဖြန်ကျရင် အုတ်ဂူတူးကြမယ်။ အခုက တကယ်နောက်ကျနေပြီ။ ပြန်သွားပြီး အနားယူကြရအောင်၊ အားပြန်ဖြည့်ကြတာပေါ့။ ငါတို့တွေ မနက်ဖြန်ကျရင် ပြင်းထန်တဲ့တိုက်ပွဲတစ်ခုနဲ့ ရင်ဆိုင်ရမလားဆိုတာ မသိနိုင်ဘူး ”
ထန်းမျန်မျန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အုတ်ဂူတူးတဲ့လုပ်ရပ်မျိုးဆိုတာက သိပ်ကိုစိတ်ရှုပ်ဖို့ကောင်းလှ၏။ သူတို့တွေက ညဖက်ကြီး တူးဖို့ကြံနေကြတာမဟုတ်လို့ တော်သေးတာပေါ့….. ဒါပေမယ့် နေ့ဖက်တူးရတာကလည်း ဘာမှတော့ပိုကောင်းနေတာမဟုတ်ဘူးလေ…….
သူတို့ သဘောတူလိုက်ပြီးနောက်တွင် သုံးယောက်သား အိမ်ထဲပြန်ဝင်လာခဲ့ကြသည်။ ပြန်လာသည့်လမ်းတွင် ထိုအလောင်းကို ထပ်တွေ့ကြရပြန်၏။ ရှောင်ထန်ချိုးရဲ့ စိတ်အခြေအနေမှာ နည်းနည်းလေးတော့ ရှုပ်ထွေးနေခဲ့ပေမယ့် ထိုအလောင်းမှာ အစမျှသာဖြစ်သည်ဆိုတာကိုတော့ သူသိနေခဲ့သည်။
ထိုညတွင် ရှောင်ထန်ချိုး တော်တော်နဲ့ အိပ်လို့မပျော်ပေ။ အာရုဏ်တက်ချိန်လောက်မှသာ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။ သူ နည်းနည်းလောက်သာ အိပ်လိုက်ရပြီး လော့မန်စုကြောင့် နိုးသွားခဲ့ရ၏။
ထန်းမျန်မျန်နဲ့ ကျန်တဲ့သူများလည်း နိုးလာခဲ့ကြသည်။ သူတို့ ဧည့်ခန်းထဲရောက်ချိန်တွင် ငါးက စားပွဲပေါ်၌ ထပ်ရောက်နေပြန်ကာ ခံတွင်းမတွေ့စရာ ကောင်းနေဆဲ။ ငါးကိုကြည့်ရင်း သူတို့ရဲ့ မျက်နှာအမူအရာမှာ ရုပ်ဆိုးသွားကြလေသည်။ ဒါပေမယ့် ညလုံးပေါက် ဆာလောင်နေခဲ့ပြီးနောက်မှာတော့ လူတိုင်းက စားဖို့ကို ရွေးချယ်လိုက်ကြသည်။ နောက်ဆုံးတော့လည်း ဒီနေရာမှာ သူတို့တွေ ဘယ်လောက်ကြာကြာနေရမယ်မှန်း မသေချာပေ။ ရက်ပေါင်းများစွာ အစားမစားပဲနေဖို့ဆိုတာက မဖြစ်နိုင်ပေ။
ပန်းကန်များကို ယူလိုက်ကြချိန်မှာပဲ တစ်စုံတစ်ယောက်က ရုတ်တရက် ပြောလာခဲ့သည်။
” ပန်းကန်….. ပန်းကန်တစ်ပန်းကန် လျော့သွားတယ်! ”
ရှောင်ထန်ချိုး အခန်းထဲကို ဝေ့ကြည့်လိုက်ရာ အားလုံးမှာ ပန်းကန်တစ်ပန်းကန်စီကိုင်ထားပြီး စားပွဲပေါ်မှာက ပန်းကန်သုံးချပ်သာ ရှိနေခဲ့သည်။ မနေ့တုန်းက ရှင်းရှင်းလင်းလင်းကို ဆယ့်သုံးပန်းကန်ရှိခဲ့ပေမယ့် ဒီနေ့မှာတော့ စုစုပေါင်း ဆယ့်နှစ်ပန်းကန်ရှိနေ၏။
လော့မန်စုက လှောင်ရယ်လိုက်သည်။ ” ဘာတွေ ရေးကြီးခွင်ကျယ်လုပ်နေတာလဲ? သူက သေသွားပြီလေ။ သေတဲ့လူကို ဝမ်းနည်းရအောင်လို့ နောက်တစ်ပန်းကန် ပြင်ပေးထားရမှာလား? ”
လော့မန်စုကလွဲလို့ လူတိုင်း မျက်နှာပျက်သွားခဲ့ကြ၏။ suit ဝတ်ထားတဲ့လူက အမှန်တကယ်မရှိတော့ဘူးဆိုတာကို သူတို့ နောက်ဆုံးတော့နားလည်သွားခဲ့ကြသည်။ ဒါက ကျီစယ်မှုတစ်ခု မဟုတ်ပေ။ သူတို့ထဲက တစ်ယောက်ယောက်က အချိန်မရွေး သေဆုံးသွားနိုင်သည်။
” မနေ့ညတုန်းက ရှောင်ထန်ချိုးရယ်၊ ထန်းမျန်မျန်ရယ် ငါရယ် အိမ်နောက်ဖက်မှာ အုတ်ဂူတစ်လုံးတွေ့ခဲ့တယ်။ အဲ့ဒါက မစ်ရှင်နဲ့ ဆက်စပ်နေနိုင်တယ်။ အဲ့ဒါကိုသွားတူးဖို့ ငါတို့နဲ့ တစ်ယောက်ယောက်လိုက်ခဲ့ချင်လား? ” လော့မန်စု မေးလိုက်သည်။
သူတို့က အချင်းချင်း ကြောက်လန့်တကြားကြည့်လိုက်ကြ၏။ တစ်စုံတစ်ယောက်က ရုတ်တရက် ထပြောလာခဲ့သည်။
” ဒီမှာ သရဲတွေရှိမှန်းသိနေတာကို မင်းတိို့က တစ်စုံတစ်ယောက်ရဲ့အုတ်ဂူ သွားတူးကြမယ်ပေါ့? ”
လော့မန်စုက သရော်လိုက်သည်။ ” မင်းတို့မလိုက်ချင်ဘူးဆိုလည်း ရတယ် ”
လုတာ့သုန်က မထီမဲ့မြင်ဆိုလာ၏။ ” မင်းတို့က သေလမ်းကိုရှာနေတာပဲ! ”
တခြားသူတွေလည်း ဆန္ဒမရှိကြပေ။ အဆုံးတွင်တော့ ရှောင်ထန်ချိုးနဲ့ ထန်းမျန်မျန်ကသာ လက်မြှောက်လာဖို့ ဆန္ဒရှိကြလေသည်။
စားသောက်ပြီးနောက်တွင် သူတို့သုံးယောက်သား ပစ္စည်းကိရိယာတွေကို သွားရှာခဲ့ကြပြီး ဂေါ်ပြားအနည်းငယ် ရှာတွေ့ခဲ့ကြသည်။ သူတို့ ချက်ချင်းပဲ စတူးကြတော့၏။
အစပိုင်းမှာတော့ ရှောင်ထန်ချိုး နည်းနည်းစိတ်ပူမိခဲ့သည်။ ဒါပေမယ့် သူ့ဂေါ်ပြားကို မြေကြီးထဲနှစ်လိုက်ချိန်မှာတောင် ဘာမှဖြစ်မလာခဲ့ပေ။ သူ သက်ပြင်းချလိုက်ရင်း အင်္ကျီလက်တွေကို ပင့်တင်ကာ စတင်တူးဆွတော့၏။
အချိန်တစ်ခုကြာ တူးပြီးသည့်နောက်မှာတော့ ခေါင်းတလားတစ်ခုကို မြင်လိုက်ကြရလေသည်။ ခေါင်းတလားက တကယ့်ကိုအနုစိတ်ဆန်ကာ အရည််အသွေးကောင်းပြီး ပုံမှန်တံငါသည်တစ်ယောက် တတ်နိုင်သည့် ခေါင်းတလားမျိုးမဟုတ်ပေ။ သို့သော် ယွမ်အိမ်တော်မှ တစ်စုံတစ်သာဆိုရင်တော့ ဖြစ်နိုင်လိမ့်မည်….. တစ်ချက်ကြည့်လိုက်ရုံနှင့် ယွမ်အိမ်တော်က လူတွေ ဘယ်လောက်ချမ်းသာမှန်း သူတို့ပြောနိုင်လေသည်။ ဒါဆိုရင် ဒီလိုမျိုး ညစ်ပတ်စုတ်ပြတ်နေတဲ့ နေရာတစ်ခုမှာ ယွမ်အိမ်တော်က အမျိုးသမီးတစ်ယောက်ကို ဘာလို့မြှုပ်နှံထားခဲ့တာလဲ ?
” ငါ….. ငါတို့တွေ အခေါင်းကို ဖွင့်ကြည့်ကြမလား? ” ထန်းမျန်မျန်က တံတွေးမြိုချရင်း ထိတ်လန့်နေလျက် ပြောလာခဲ့သည်။
ရှောင်ထန်ချိုးလည်း အနည်းငယ်တော့ စိိတ်မသက်မသာဖြစ်နေသည်။ horror ရုပ်ရှင်တွေ၊ horror game တွေရဲ့ ပုံစံအတိုင်းဆိုရင် သူတို့ အခေါင်းကိုဖွင့်လိုက်ချိန်မှာ အလောင်းက သေချာပေါက် အသက်ပြန်ဝင်လာလိမ့်မည်။ သူတို့မှာ *အမည်းရောင်မြည်းခွာမရှိဘူးဆိုတော့ ပြေးဖို့အတွက် အသင့်ပြင်ထားသင့်လား?
(T/N – ဖုတ်ကောင်ကို တားဆီးပေးတယ်လို့ ယုံကြည်ကြပါတယ်)
လော့မန်စုက သူတို့ကို ပြင်ဆင်ဖို့အချိန်မပေးပဲ ခေါင်းတလားကို တစ်ခါတည််းဖွင့်ပစ်လိုက်လေသည်။ ထန်းမျန်မျန်က သူ့အဆုတ်တွေ ပေါက်ထွက်မတတ် အော်ဟစ်လာခဲ့၏။
လော့မန်စုသည် ထန်းမျန်မျန်ကို စိန်းစိန်းဝါးဝါးကြည့်ရင်း ” ဘာစောက်ကျိုးနည်းတွေ အော်နေတာလဲ?! ”
ထန်းမျန်မျန်က ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလာခဲ့သည်။ ” အမ်….. အလောင်းက လှုပ်လာတဲ့အချိန်မှာ သင့်တော်တဲ့လေထုလေး ဖြစ်သွားအောင်လို့လေ……. ”
လော့မန်စု ထအော်လေ၏။ ” ငါ့ဖင်ကြီးကို အလောင်းလှုပ်! အထဲမှာ အလောင်းရှိနေတာမြင်လို့လား? ”
ထန်းမျန်မျန်နဲ့ ရှောင်ထန်ချိုးတို့ ငုံ့ကြည့်လိုက်ရာ – တကယ့်ကိုပင်၊ အဲ့မှာ အလောင်းရှိမနေခဲ့ပေ။ ခေါင်းတလားထဲတွင် ကြက်သွေးရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည့် စက္ကူရုပ်တစ်ရုပ်သာ ရှိနေခဲ့သည်။
မင်္ဂလာဝတ်စုံဝတ်ထားသည့် စက္ကူရုပ်က ရွှေ၊ ငွေတို့ဖြင့် အလှဆင်ထားကာ လက်ဝတ်ရတနာများ ဆင်မြန်းထားသည်။ အထူးဆန်းဆုံးကတော့ အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်တွေကို စက္ကူရုပ်ပေါ်မှာ ရေးဆွဲထားခြင်းပင်။ အရုပ်ရဲ့ ရေးဆွဲထားတဲ့ သွင်ပြင်လက္ခဏာတွေက သက်ရှိနဲ့ တူလွန်းလှသည်။ ခါးသီးတဲ့ခံစားချက် ပါဝင်နေဟန်ရှိသည့် မျက်လုံးတစ်စုံက လူသုံးယောက်ကို တည့်တည့်စိုက်ကြည့်နေခဲ့သည်။
စက္ကူရုပ်က အလောင်းတစ်လောင်းလို ကြောက်ဖို့မကောင်းဘူးဆိုပေမယ့် ၎င်းက ပိုပြီးကြက်သီးမွေးညင်းထစရာပင်။
ရှောင်ထန်ချိုးက သူ ခံစားနေရတဲ့ အအေးဓာတ်ကို အံတုရင်း ” ဒါက သင်္ချိုင်းဂူအလွတ်ကြီးလား? ”
” သင်္ချိုင်းဂူအလွတ်ဆိုရင် အဝတ်အစားတွေနဲ့ ပစ္စည်းအသုံးအဆောင်တချို့တော့ ရှိနေသင့်တာပေါ့။ အဲ့စက္ကူရုပ်က ဘာလို့လဲ? ” လော့မန်စု မှန်းဆကြည့်လိုက်သည်၊ ” နောက်ထပ်ရွာဓလေ့တစ်ခုလို့တော့ မပြောနဲ့နော်? ”
ထန်းမျန်မျန်သည် ကြောက်စိတ်ကြောင့် တုန်ရီနေရင်း ” ဒီတံငါရွာက တအားထူးဆန်းပြီး ကြောက်ဖို့ကောင်းတာဆိုတော့ ဒါက ဖြစ်နိုင်တာပဲ ”
” ဒီစက္ကူရုပ်က အိမ်ထောင်ဖက်ကိုတွေ့ခါနီး ကောင်မလေးတစ်ယောက်နဲ့တူတယ် ” စက္ကူရုပ်ရဲ့ လက်တစ်ဖက်မှာ လက်ကိုင်ပုဝါကိုင်ထားတာကို ရှောင်ထန်ချိုး သတိထားမိသွားသည်။ သူ မစဉ်းစားပဲနဲ့ အဲ့ဒါကိုကြည့်ဖို့ လှမ်းယူလိုက်၏။ ” လက်ကိုင်ပုဝါပေါ်မှာ သစ်ခွပန်းတွေနဲ့ ငါးပုံ ပန်းထိုးထားတယ်။ အဲ့ဒါက ဘာအဓိပ္ပါယ်လဲ? ”
” သစ်ခွပန်းအနားမှာ ရေးကူးနေတဲ့ ငါးလား? အဲ့ဒါမှာ ပိုပြီးလေးနက်တဲ့အဓိပ္ပါယ်ရှိနိုင်လား? အဲ့နှစ်ခုက ဘယ်လိုမှမဆက်စပ်တဲ့ အရာတွေပဲ အာ….. ” ဤတစ်ခဏတွင် ရှောင်ထန်ချိုးသည် သူ live stream လုပ်နေတာ မဟုတ်မှန်းမေ့သွားပြီး အကျယ်ကြီးစဉ်းစားတော့သည်…….
ရုတ်တရက် ထန််းမျန်မျန်က အကျယ်ကြီးထအော်လေ၏။ ” အားးးးးးးး! ဖာခ်! ”
” ဘာလို့အော်နေတာ……” ရှောင်ထန်ချိုး မော့ကြည့်လိုက်ရာ စက္ကူရုပ်က ရုတ်တရက်လှုပ်သွားတာကို မြင်လိုက်ရလေသည် ! ၎င်းက မတ်မတ်ကြီး ထထိုင်လာပြီး သူ့ရဲ့အလွန်တရာအသက်ဝင်နေတဲ့ မျက်လုံးတွေနဲ့အတူ ရှောင်ထန်ချိုးအား ကြည့်လာခဲ့သည်။
” ကယ်ကြပါဦးဗျို့! ” ရှောင်ထန်ချိုး လှည့်ကြည့်လိုက်ချိန်တွင် လော့မန်စုက ထွက်ပြေးနှင့်လေပြီ။ သူ ထန်းမျန်မျန်ကိုဆွဲလိုက်ပြီး တတ်နိုင်သမျှ မြန်မြန်စပြေးတော့၏။
သူတို့ ဘယ်လောက်ကြာကြာ ပြေးနေခဲ့ကြမှန်းမသိပဲ သူတို့နောက်တွင် ဘာလှုပ်ရှားမှုမှမရှိတော့မှန်းသိရချိန်မှသာ တန့်သွားခဲ့ကြသည်။
ရှောင်ထန်ချိုးသည် ပင့်သက်ရှိုက်နေခဲ့ရင်း ” မင်း….. မင်းတို့….. မင်းတို့တွေ ဘာလို့ဒီလောက်တောင် သက်လုံကောင်းကြတာလဲ?! ”
လော့မန်စုက သူ့အား လေးလေးနက်နက်ကြည့်လာခဲ့သည်၊ ” ဒါက သေမင်းရှေ့ကနေ ခဏခဏပြေးဖို့ကြိုးစားနေရတဲ့ ဂိမ်းတစ်ခုပဲ။ မင်း မစ်ရှင်နည်းနည်းလောက် ထပ်လုပ်ပြီးသွားရင် အလိုအလျောက် သက်လုံကောင်းသွားလိမ့်မယ်”
ထန်းမျန်မျန်က သူ့ခေါင်းကို ကုတ်လိုက်သည်။ ” ငါက horror ရုပ်ရှင်တွေထဲမှာ အသေးအဖွဲ့ဇာတ်ကောင်လေးတွေနေရာကို သရုပ်ဆောင်ရတဲ့ ပါမွှားသရုပ်ဆောင်လေးတစ်ယောက်လေ။ ပြေးတဲ့ဇာတ်ဝင်ခန်းတွေအများကြီးမှာ သရုပ်ဆောင်ခဲ့ရတယ်။ ငါ့ရဲ့*နေ့လည်စာဘူးကိုရတာနဲ့ ဇာတ်လိုက်တွေအတွက် အစားဝင်ပေးတယ်။ ပြေးလွှားတဲ့အခန်းတွေမှာ သရုပ်ဆောင်တာက ပိုက်ဆံနည်းနည်းပိုရတယ်လေ ”
( T/N – အရေးမကြီးတဲ့သရုပ်ဆောင်တွေရဲ့ အခကြေးငွေကိုခေါ်တဲ့ တရုတ်ဗန်းစကား)
ရှောင်ထန်ချိုး, ” ……. ”
သူ ပြင်းပြင်းထန်ထန်ကို ဟောဟဲလိုက်နေခဲ့တာကြောင့် စကားမပြောချင်ခဲ့ပေ !
သူတို့ အချင်းချင်းကြည့်လိုက်ကြသည်။ အဲ့အချိန်မှာပဲ နားအူလောက်စရာ အော်သံတစ်ခုက ထွက်ပေါ်လာခဲ့လေ၏။
ထန်းမျန်မျန်က အော်သံထွက်လာရာနေရာကို သတိပြုမိသွားခဲ့သည်။ ” အဲ့ဒါက သန့်စင်ခန်းထဲကနဲ့တူတယ်…… ”
လော့မန်စု ခေါင်းညိတ်လိုက်သည်။ ” သွားကြည့်ရအောင် ”
ရှောင်ထန်ချိုးသည် လက်ကိုင်ပုဝါကို သူ့အိတ်ကပ်ထဲ ထိုးထည့်လိုက်ပြီး နောက်မှ အသေချာစူးစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ရွာက သိပ်မကြီးတာကြောင့် သန့်စင်ခန်းဆီကို မြန်မြန်ဆန်ဆန်ပဲ ရောက်သွားခဲ့ကြသည်။ လုတာ့သုန်နဲ့ စုံတွဲက အပြင်မှာရပ်နေကာ အတော်လေးကို ဖြူဖျော့နေလေ၏။
” ဘာဖြစ်သွားတာလဲ? ” လော့မန်စုက မေးလိုက်သည်။
လုတာ့သုန်က အင်မတန်ကြောက်ရွံ့နေဟန်ပင်။ “အခုလေးတင် ကျန်းကျင်ဖင်းနဲ့ ငါနဲ့ သဲလွန်စတွေရှာဖို့အတွက် ဒီကိုလာခဲ့တာ။ ကျန်းကျင်ဖင်းက သူ သန့်စင်ခန်းသုံးဖို့လိုတယ်ပြောတော့ ငါက အပြင်မှာကိစ္စရှင်းဖို့ပြောခဲ့တယ်။ ဒါပေမယ့် သူက အထဲကိုသွားဖို့ပဲပြောနေခဲ့တာ။ သူကပြောတယ်၊ မင်းတို့တွေ အပြင်ထွက်သွားခဲ့ပေမယ့် အဆင်ပြေနေကြသေးတာပဲတဲ့။ အဲ့ဒါပြီးတော့ သူ အထဲကိုဝင်သွားခဲ့တယ်……. ”
ရှောင်ထန်ချိုး မျက်မှောင်ကျုံ့သွားသည်။ ” သူ သန့်စင်ခန်းထဲမှာ တစ်ခုခုဖြစ်သွားလို့လား? ”
” ဟင့်အင်း၊ ဘာမှမဖြစ်ခဲ့ဘူး။ သူက လက်ဆေးဖို့ဆိုပြီး ရေတွင်းက ရေခပ်ဖို့သွားခဲ့တယ်။ အဲ့ဒီနောက်မှာ….. ရေတွင်းထဲက တစ်ခုခုထွက်လာပြီး သူ့ကိုဆွဲချသွားတာ! ”
ရေတွင်းထဲမှာ တစ်ခုခုရှိနေတာလား?
သူတို့ အဲ့စကားကိုကြားပြီး မှင်သက်နေတုန်းမှာပဲ ပိုပြီးထိတ်လန့်စရာကောင်းတဲ့တစ်ခုခုက ဖြစ်သွားလေသည် !
မီးတောက်တွေနဲ့ လုံးဝဖုံးအုပ်နေတဲ့ လူတစ်ယောက်က ရေတွင်းအပြင်ကို တွယ်တက်လာခဲ့၏ ! သူက မြေပြင်ပေါ်ကို လဲကျသွားခဲ့ကာ အပြင်းအထန် စတင်လူးလှိမ့်တော့သည်။
” အား! အား! အား! ပူတယ်! အရမ်းပူတယ်! ကယ်ကြပါဦး! ”
သူ့တစ်ကိုယ်လုံးက အနီရောင်မီးတောက်တို့ဖြင့် တဟုန်းဟုန်းတောက်လောင်နေခဲ့သည်။ သေခါနီးပေါက်ဖတ်တစ်ကောင်လိုမျိုး တွန့်လိမ်နေကာ ရှေ့ကိုတွားသွားဖို့ရုန်းကန်ရင်း မီးလောင်နေတဲ့ လက်မောင်းတစ်ဖက်ကို သူတို့ဆီဆန့်တန်းလာခဲ့၏။ သူ့မျက်နှာပေါ်မှ လုံးဝကိုညှင်းဆဲခံနေရသည့် အကြည့်နှင့်အတူ မချိတင်ကဲဝေဒနာကိုခံစားရင်း အော်ဟစ်နေခဲ့သည်။ မြေပြင်ကြီးပေါ်မှာ လိမ်တွန့်ရင်း သူ့တို့အနားကိုကပ်လာဖို့ အားစိုက်ထုတ်နေခဲ့၏။ သူတို့ခြေထောက်တွေက မြေကြီးမှာ မြဲမြံနေခဲ့ကာ ထိတ်လန့်မှုကြောင့် မတုံ့ပြန်နိုင်ခဲ့သလို ဒီကြောက်စရာမြင်ကွင်းကနေလည်း အကြည့်မလွှဲနိုင်ခဲ့ကြပေ။
နောက်ဆုံး သူတို့တုံ့ပြန်နိုင်ခဲ့ချိန်မှာတော့ ကျန်းကျင်ဖင်းက မီးတောက်တွေရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပြီ ဖြစ်၏။ မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ မီးတောက်တွေ ငြိမ်းသွားခဲ့၏။
ကျန်ခဲ့တာဆိုလို့ သွေးချင်းနီနီနေသည့် မီးကျွမ်းအလောင်းတစ်ခုသာ။
အော်ဂလီဆန်စရာ အသားညှော်နံ့က လေထဲမှာ စိမ့်ဝင်ပျံ့နှံ့နေခဲ့သည်။