Chapter 11
ရှောင်ထန်ချိုး ဖြူဖျော့သွားခဲ့ကာ သူ့မျက်စိရှေ့မှာတင် လူတစ်ယောက်လုံး မီးလောင်ပြီး သေဆုံးသွားခဲ့ရတာကို ကြည့်နေခဲ့ရခြင်းကြောင့် သူ့အစာအိမ်က ပျို့အန်ချင်သလိုဖြစ်သွားခဲ့ရသည်။ သို့သော်လည်း တည်ငြိမ်အောင် ထိန်းထားနေနိုင်ဆဲပင်။ လုရှောင်တောက်ကတော့ ဘေးမှာ အော့အန်နေလေပြီ။
သူတို့ထဲမှာ အတည်ငြိမ်ဆုံးလူကတော့ သေချာပေါက်ကို လော့မန်စုပင်။ သူက ဒီလိုအရာမျိုးကို ကျင့်သားရနေဟန်။ အလောင်းကို အပြန်ပြန်အလှန်လှန်ကြည့်ရင်း ဆိုလာ၏။
” သူက သေသွားပြီ၊ ဟိုတစ်ယောက်သေတဲ့အတိုင်း သေသွားတာ ”
” ဘာလို့လဲ? ” ထန်းမျန်မျန်ရဲ့ မျက်နှာက ထိတ်လန့်မှုကြောင့် ဖြူဖျော့နေလျက် ရှိသည်။
“သူတို့တွေက ဘာဖြစ်လို့သေသွားကြတာလဲ? ဒီမကောင်းတဲ့အခြေအနေက ဘာကြီးလဲ? ”
ရှောင်ထန်ချိုးလည်း တူညီတဲ့အရာကိုပဲ သိချင်နေခဲ့ခြင်းပင်။ Horror game streamer များအနေဖြင့် ဒီလိုအတွေးရထားကြီးက အကျင့်ဖြစ်နေလို့နေ၏။ ကျန်းကျင်ဖင်းက မကောင်းတဲ့အဆုံးသတ်ကို ရောက်သွားခဲ့တယ်ဆိုကတည်းက သေဆုံးရမည့် အခြေအနေတွေထဲက တစ်ခုကို အစပျိုးမိသွားတာပဲဖြစ်ရမည်…. ဒါဆိုရင် သေဆုံးရတဲ့အခြေအနေက ဘာလဲ?
” ဘာလို့လဲ? ” လော့မန်စုသည် အေးစက်စက် ရယ်မောရင်း ” အဲ့ဒါမှာ ဘာဖြစ်လို့ အကြောင်းပြချက်ရှိရမှာလဲ? ဒီနေရာက အမဲလိုက်ခံရတာလေ။ သရဲက လူတစ်ယောက်ကို အမဲလိုက်ဖို့အတွက် အကြောင်းပြချက်လိုလို့လား? မင်းက သရဲတစ်ကောင်ကိုသွားပြီး စောဒကတက်ချင်နေတာလို့တော့ မပြောနဲ့နော်? ”
ထန်းမျန်မျန် ပြောစရာစကားမဲ့သွားခဲ့၏။ ရန်ပင်းက သတိထား၍ မေးလာခဲ့သည်။ ” ငါတို့ ဒီအလောင်းကို ဘာလုပ်ကြမလဲ? ”
” ဘာမှလုပ်ဖို့မလိုဘူး။ မနက်ဖြန်ကျရင် ပျောက်သွားလိမ့်မယ် ” လော့မန်စုက စိတ်မဝင်စားသလိုပြောလာခဲ့သည်။
“တခြားအလောင်းက… ပျောက်သွားတာကို မင်းတို့ သတိမထားမိကြဘူးလား? ”
တစ်ယောက်မှ စကားမပြောချင်ခဲ့ကြပေ။ နောက်ဆုံးမှာတော့ ရှောင်ထန်ချိုးက မေးလိုက်၏။
” ရေတွင်းထဲမှာ အမှန်တကယ် တစ်ခုခုရှိနေလားဆိုတာကို သွားစစ်ဆေးသင့်လား? ”
လော့မန်စုက မေးလာခဲ့သည်။
” ဘယ်သူ သွားစစ်ဆေးမှာလဲ? သူ ဘာဖြစ်သွားလဲဆိုတာကို မတွေ့လိုက်ဘူးလား? ”
ရှောင်ထန်ချိုးက ခြောက်ကပ်ကပ်ရယ်မောရင်း ” ဒါဆိုလည်း မေ့လိုက်တော့။ ငါတို့တွေ ရွာလူကြီးခေါင်းဆောင်ကို စကားသွားပြောသင့်လား? ”
လော့မန်စု ခေါင်းညိတ်လိုက်သည်။ တခြားသူတွေလည်း ဘာကန့်ကွက်စရာမှ မရှိပေ။ သူတို့ ရွာလူကြီးကို သွားရှာခါနီးမှာပဲ ရှောင်ထန်ချိုးက မနေနိုင်စွာ ရေတွင်းဖက်ကို လှည့်ကြည့်လိုက်၏။
ရေတွင်းဘေးမှာ ဝပ်နေသည့် အနီရောင်ပုံရိပ်တစ်ခု ရှိနေခဲ့လေသည်။
ရှောင်ထန််ချိုး အံ့အားသင့်မှုဖြင့် အော်မိသွားရာ ထန်းမျန်မျန် ထိတ်လန့်သွားခဲ့၏။ ” ဘာဖြစ်လို့လဲ? ”
” အဲ့မှာ တစ်ယောက်ယောက်ရှိနေတယ်! ” ရှောင်ထန်ချိုး ရုတ်တရက်အော်ပြောလိုက်သည်။
” အဲ့မှာ တစ်ယောက်ယောက်ရှိနေတာလား? ” ထန်းမျန်မျန် သူ့ခေါင်းကိုလှည့်ကြည့်ရင်း စိတ်ရှုပ်ထွေးလျက် မေးလာခဲ့၏။
ရှောင်ထန်ချိုး နောက်တစ်ဖန်ပြန်ကြည့်လိုက်ချိန်မှာတော့ အနီရောင်ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပြီ။
သူတို့ သိပ်မကြာခင်မှာပဲ ရွာလူကြီးအိမ်ကို ရောက်သွားကြသည်။ တင်းထျန်းထျန်းနှင့် တင်းမီမီက အပြင်မှာ စောင့်ဆိုင်းနှင့်လျက်ရှိ၏။
” လော့ကော! ” အမြွှာနှစ်ယောက်က လော့မန်စုကိုမြင်လျှင် ချက်ချင်းနှုတ်ဆက်စကားဆိုလာကြသော်လည်း အေးစက်စက်တုံ့ပြန်မှုတစ်ခုကိုသာ ရလိုက်ကြ၏။
လော့မန်စုက ရွာလူကြီးဆီ သွားလိုက်ပေမယ့် သူ စကားတစ်ခွန်းမှမပြောရသေးခင်မှာပဲ ရွာလူကြီးက စိတ်ခံစားချက်မရှိ ထပ်ပြောလာခဲ့သည်။
” ငါဘာမှမသိဘူးလို့ပြောပြီးပြီ… ငါ ဘာမှမသိဘူး……. ”
လော့မန်စု ခါးသက်သက် ရယ်မောလိုက်သည်။
” ငါတို့တွေ ရွာလူကြီးကို စကားပြောတဲ့အချိန်တိုင်း သူက ဂိမ်းထဲက NPC တစ်ယောက်လိုမျိုး တူညီတဲ့စကားတစ်ခွန်းကိုပဲ ထပ်ကာထပ်ကာပြောတယ် ”
ရှောင်ထန်ချိုးသည် တစ်စက္ကန့်မျှ အလေးအနက်တွေးလိုက်ပြီးနောက် သူ့အင်္ကျီအိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ယူလိုက်သည်။ သူက ၎င်းကို ရွာလူကြီးထံ ဝှေ့ယမ်းပြရင်း ” ရွာလူကြီး၊ ခင်ဗျား ဒါကိုမှတ်မိလား? ”
ရွာလူကြီးက သူ့ရဲ့မှုန်မှုန်မှိုင်းမှိုင်းမျက်လုံးများကို ပင့်ကြည့်လာခဲ့၏။ လက်ကိုင်ပုဝါကို မြင်လျှင်မြင်ချင်းမှာပဲ သူ့ရဲ့ရေသေလိုခံစားချက်တွေက စတင်ဗလုံစီရင်း ဆူပွက်လာခဲ့တော့သည်။
” ဒီ….. ဒီ….. ဒီလက်ကိုင်ပုဝါ! ”
” ဒီလက်ကိုင်ပုဝါက ဘယ်သူ့ဟာလဲဆိုတာ သိလား? ” သူ အရေးကြီးတာတစ်ခုခုကို သိထားမှန်း ရှောင်ထန်ချိုး သိနေခဲ့သည်။
” ဟင့်အင်း! မသိဘူး! ငါ ဘာမှမသိဘူး! ” ရွာလူကြီးက အဝေးကို လမ်းလျှောက်ထွက်သွားချင်ခဲ့ပေမယ့် လော့မန်စုက သူ့ထိုင်ခုံဆီ ပြန်တွန်းချလိုက်သည်။
လော့မန်စုသည် ရွာလူကြီးအား ကြည့်ရင်း လှည့်ဖြားတတ်သည့် အပြုံးတစ်ခုကို ထုတ်ဖော်လာခဲ့ကာ ” ရွာလူကြီး၊ ခင်ဗျား စကားစပြောလိုက်တာကောင်းတယ်ထင်တယ်။ မဟုတ်လို့ကတော့ ကျုပ်တို့တွေ ခင်ဗျားကို ရေတွင်းထဲပစ်ချမှာ! ”
” ရေတွင်း! ရေတွင်း! ” ရွာလူကြီးသည် အပြင်းအထန် စတင်တုန်ယင်လာခဲ့သည်မှာ ဝက်ရူးပြန်ဖြစ်ရပ်တစ်ခုကို ကြုံတွေ့နေရတဲ့အတိုင်းပင်။ ရှောင်ထန်ချိုးက သူ အကြမ်းပတမ်းလှုပ်ရှားလာမှာကို စိတ်ပူသွားခဲ့၏။ ကံကောင်းစွာပဲ ရွာလူကြီးက ပြန်လည်တည်ငြိမ်သွားခဲ့ပေသည်။ ပိုမှန်အောင်ပြောရပါက ဤချောက်ချားဖွယ် ငြိမ်သက်မှုမှာ သေဆုံးခြင်းရဲ့ငြိမ်သက်မှုနဲ့ ပိုပြီးဆင်တူလေ၏။
” ဖန်းလန်….. ဖန်းလန်….. ဖန်းလန် ပြန်လာလိမ့်မယ်! ” ရွာလူကြီးရဲ့ မှုန်ဝါးဝါးမျက်လုံးတို့ဟာ နီရဲရင်း မျက်ရည်များဝဲနေခဲ့လျက်။ ” သူက လက်စားချေဖို့ပြန်ရောက်လာပြီ! ငါတို့အားလုံး သေကုန်တော့မယ်! ”
” ဖန်းလန်? ” ရှောင်ထန်ချိုး မျက်မှောင်ကျုံ့သွားရင်း ” သူမက ဘယ်သူလဲ? ”
” သူမက ရှောင်ဟေး….. ရှောင်ဟေးကို သတ်တော့မှာ…… ငါ့ရဲ့ သနားစရာကောင်းတဲ့ကလေး….. သူမက ကံမကောင်းခြင်းကို ယူလာတဲ့ မိန်းမပဲ…… ” ရွာလူကြီးက ထိုစကားလုံးတွေကို ထပ်ခါတလဲလဲ ဗလုံးဗထွေးရေရွတ်နေခဲ့၏။ ရှောင်ထန်ချိုးသည် သူ့ရဲ့စိတ်ရှည်သည်းခံမှုကို ကျန်ရှိအောင်ကြိုးစားရင်း သူမေးလိုက်တဲ့မေးခွန်းကို အကြိမ်ရေအနည်းငယ်လောက် ထပ်မေးလိုက်သည်။ ရွာလူကြီးက ထိုကံကြမ္မာငင်သည့်နှစ်တွင် ဖြစ်ခဲ့သည့်အကြောင်းအရာကို တဖြည်းဖြည်းချင်း ဇာတ်ကြောင်းပြန်ပြောခဲ့လေသည်။
ပြောရလျှင် ရွာလူကြီးရဲ့ သားဖြစ်သူ ကျိုးဟိုင်တွင် ဖန်းလန်ဆိုသည့် ငယ်ရည်းစားတစ်ယောက် ရှိခဲ့သည်။ သူတို့အတူရှိနေဖို့ ကတိပေးခဲ့ကြပေမယ့် ဖန်းလန် ဆယ့်ရှစ်နှစ်ပြည့်ချိန်မှာတော့ ယွမ်ကျားရွာရဲ့ သြဇာအညောင်းဆုံးဖြစ်သည့် ယွမ်မိသားစုက သူမကို လက်ထပ်ဖို့အတွက် ကမ်းလှမ်းလာခဲ့လေသည်။ သူတို့က အရွယ်မတိုင်ခင် သေဆုံးသွားခဲ့တဲ့ ယွမ်မိသားစုရဲ့ အကြီးဆုံးသခင်လေးနဲ့ ဖန်းလန်အတွက် တစ္ဆေမင်္ဂလာပွဲကို စီစဉ်ချင်ခဲ့ကြခြင်းပင်။
ဖန်းလန်ခမျာ ယွမ်မိသားစုရဲ့ ဖိနှိပ်မှုအောက်တွင် လက်ထပ်ဖို့ကို ဆန္ဒမပါရှိပဲ သဘောတူရုံအပြင်မရှိခဲ့ပေ။ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ဖန်းလန်တစ်ယောက် ကိုယ်ဝန်ရလာခဲ့သည်။ ကိုယ်ဝန်က ထူးဆန်းတဲ့ကိစ္စတစ်ခုဆိုပေမယ့် ယွမ်မိသားစုကတော့ တကယ့်ကို ပျော်ရွှင်ခဲ့ကြ၏။ ဒါပေမယ့် သူမ မီးဖွားမယ့်တစ်ရက်အလိုမှာပဲ သူမတွင် ကိစ္စတစ်ခုရှိနေမှန်းကို ယွမ်မိသားစုက သိသွားကြလေသည်။ ဖန်းလန်မှာ ချက်ချင်းဆိုသလို ကြိုးတုပ်ခံလိုက်ရပြီး ဝက်လှောင်အိမ်တစ်ခုထဲ ထိုးထည့်ခံရကာ မြစ်ထဲတွင် ရေနှစ်သတ်ခံလိုက်ရသည်။
ရှောင်ထန်ချိုး မျက်မှောင်ကျုံ့သွားပြီး ” တစ္ဆေလက်ထပ်ပွဲလား? တစ္ဆေရဲ့ကလေးကို ကိုယ်ဝန်ဆောင်တယ်? ” ဖန်းလန်ရဲ့ ခေါင်းတလားထဲမှာ အနီရောင်ဝတ်စုံဝတ်ထားတဲ့ စက္ကူရုပ်တစ်ရုပ်ရှိနေတာ အံ့သြစရာမရှိတော့။ တစ္ဆေလက်ထပ်ပွဲတွေရဲ့ ဓလေ့ထုံးစံက နေရာဒေသကိုလိုက်ပြီး ကွဲပြား၏။ ဒါက ဒီတံငါရွာရဲ့ ရိုးရာဓလေ့ဖြစ်မည်ပင်။
” ဒါပေမယ့် အဲ့ဒါက ကိုယ်ဝန်ဆောင်မိန်းမတစ်ယောက်လေ! ” ထန််းမျန်မျန်က ဖန်းလန် မတရားခံခဲ့ရတဲ့အပေါ်မှာ ငြင်းဆန်လာခဲ့သည်။
” ကလေးရဲ့ အဖေက တခြားတစ်ယောက်ဆိုရင်တောင် ယွမ်မိသားစုရဲ့ အကြီးဆုံးသခင်လေးက သေပြီးသားလေ။ သူတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်ကို မုဆိုးမအဖြစ် နေစေချင်ကြတာလား? ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ဘယ်လိုများ ရေနှစ်သတ်နိုင်ကြတာလဲ? ရက်စက်လိုက်ကြတာ! ”
” တခြားကော ဘာရှိသေးလဲ? အခုလေးတင် ဖန်းလန်က လက်စားချေဖို့ပြန်ရောက်လာပြီလို့ ပြောလိုက်တယ်နော်။ အဲ့ဒါက ဘာအဓိပ္ပါယ်လဲ?”
ရွာလူကြီးက ဖန်းလန်ရဲ့ သေဆုံးမှုအကြောင်းပြောပြီးချိန်တွင်် တိတ်ဆိတ်နေခဲ့သည်။ လုတာ့သုန်က သူ့ကို စိတ်စောစွာတွန်းလိုက်ရင်း စကားပြောလာအောင် ကြိုစားလိုက်ပေမယ့် အားသုံးတာများသွားတာကြောင့် မြေကြီးပေါ် လဲကျသွားခဲ့လေသည်။ ရုတ်တရက်ဆိုသလို လုရှောင်တောက်က စူးစူးဝါးဝါးအော်ဟစ်လိုက်၏။
ရွာလူကြီးရဲ့ ခန္ဓာကိုယ်က မြေပြင်ကို ထိလိုက်သည့်တစ်ခဏမှာပဲ တစ်စစီဖြစ်သွားကာ အရိုးနဲ့အသားကွဲသွားရင်း ခေါင်းက လိမ့်ထွက်သွားလေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ခေါင်းလိမ့်တာရပ်သွားချိန်၌ ရွာလူကြီးရဲ့မျက်နှာက မယုံကြည်နိုင်ကြောင်း အကြည့်နှင့်အတူ သူတို့ဖက်ကို လှည့်နေခဲ့သည်။
တစ်စက္ကန့်မျှကြာပြီးနောက် အသက်ရှူရပ်သွားခဲ့ကာ အနှီမယုံသင်္ကာအကြည့်နှင့်အတူ သူ့မျက်နှာက ထာဝရအေးခဲသွားလေသည်။
” အားးးးးး! ” လုရှောင်တောက်နှင့် လုတာ့သုန်က တပြိုင်တည်းအော်ဟစ်လိုက်ကြသည်။
” ငါသူ့ကိုသတ်လိုက်တာမဟုတ်ဘူးနော်! ငါမဟုတ်ဘူး! ငါ သူ့ကိုမသတ်ခဲ့ဘူး! ” လုတာ့သုန်က ကြောက်လန့်နေရင်း အစီအစဉ်မကျ ပြောလာခဲ့ကာ ” ငါသူ့ကို ဖွဖွလေးတွန်းလိုက်တာ… ငါသူ့ကိုမသတ်ခဲ့ဘူး! ငါ အပြစ်ကင်းတယ်! ”
” စိတ်လျှော့ထားစမ်း! ” လော့မန်စု အော်လိုက်၏။
” အဲ့လိုတွန်းလိုက်လို့ သူသေသွားတယ်ဆိုတာ ဖြစ်နိုင်စရာအကြောင်းမရှိဘူး။ သူက အစကတည်းက သေနေတာဖြစ်မယ် ”
” သူက သေနေပြီးသားလား? ” သူတို့အားလုံး ထိန်းမရအောင်် တုန်ယင်သွားခဲ့ကြသည်။
” ငါတော့ ဖန်းလန်က လက်စားချေဖို့ ပြန်ရောက်နေပြီဖြစ်နေမှာကို ကြောက်မိတယ် ” လော့မန်စု အေးစက်စက်ရယ်မောရင်း ” ဒီလူက သူသေသွားပြီဆိုတာကို မသိခဲ့လောက်ဘူး။ ဖန်းလန်ရဲ့အကြောင်းကို ပြန်ပြောပြတဲ့အချိန်မှာ ဖန်းလန်က ပြန်ရောက်လာပြီး သူ့ကိုသတ်သွားပြီဆိုတာကို မှတ်မိသွားတာ ဖြစ်နိုင်တယ်…… ”
သူက တန့်သွားပြီးနောက် ဆက်ပြောလာခဲ့သည်၊ ” ဒီ NPC ပါဝင်တဲ့ တာဝန်ကို ငါတို့ပြီးသွားပြီဆိုတဲ့ အဓိပ္ပါယ်လည်းဟုတ်တယ်။ သွားစို့၊ ငါတို့ နောက်ထပ်မြေပုံတစ်ခု ပွင့်သွားပြီ ”
ထန်းမျန်မျန်က တံတွေးမြိုချလိုက်ပြီး သိလျက်နှင့် မေးလာခဲ့၏။ ” ယွမ်အိမ်တော်ကိုလား? ”
” ဟင့်အင်း! ကျွန်မတို့ မသွားချင်ဘူး! ” တင်းထျန်းထျန်းနဲ့ တင်းမီမီက တုန်ယင်နေခဲ့ကြ၏။
” မင်းတို့ မသွားဖို့ ရွေးချယ်လို့ရတယ်၊ ဒါပေမယ့် ဒါကိုတော့ ငါပြောပြပါရစေ…. ” လော့မန်စုသည် အမြွှာနှစ်ယောက်အား ရက်စက်သည့်အပြုံးတစ်ခုကို ဖော်ပြလာခဲ့ရင်း ” အခုလေးတင် နောက်တစ်ယောက်သေသွားခဲ့တာ ”
ကောင်မလေးနှစ်ယောက်လုံးက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ပေမယ့် လူတိုင်းထွက်သွားတာကို မြင်ချိန်တွင် သူတို့လည်း လိုက်လာခဲ့ကြသည်။
ရွာလူကြီးအိမ်မှ ထွက်လာကြပြီးနောက်တွင် တံငါရွာမှ ထူးခြားသည့်ပြောင်းလဲမှုအား ရှောင်ထန်ချိုး ချက်ချင်းသတိပြုမိသွားခဲ့သည်။
” ရွာသားအားလုံး ပျောက်သွားကြပြီ…… ”
” သူတို့သေသွားတာ ဖြစ်လောက်တယ် ” လော့မန်စုက သဘောမတူဟန်။ ” ရွာလူကြီးက အရမ်းကြောက်နေခဲ့တာ။ ဖန်းလန်က နတ်ဆိုးဝိဉာဉ်အဖြစ် ပြောင်းသွားတာဖြစ်လောက်တယ် ”
ရှောင်ထန်ချိုး မျက်မှောင်ကျုံ့သွားပြီး ” အားလုံးသေကုန်တာဆိုရင် အလောင်းတွေရော? ရွာလူကြီးလိုပဲ သူတို့သေသွားတာကို မသိလိုက်ဘူးဆိုရင်….. အလောင်းတွေက ဘယ်ရောက်သွားတာလဲ? လေထဲ ပျောက်သွားကြတာလား? NPC အလောင်းတွေက တစ်ရက်ကြာပြီးမှ ပျောက်သွားတဲ့ စည်းမျဉ်းကို မလိုက်နာကြဘူးလား? ”
” ကလေး၊ မင်းက အတွေးလွန်နေတာပဲကွ ” လော့မန်စုသည် အံ့အားသင့်မှုဖြင့် ရှောင်ထန်ချိုးအား ကြည့်လိုက်သည်။ ” ဒါပေမယ့် ထပ်ပြောရရင် ဒီကမ္ဘာကြီးက အရမ်းထူးဆန်းတယ်။ အရာရာတိုင်းမှာ အကြောင်းအကျိုးဆိုတာ မရှိဘူး ”
ရှောင်ထန်ချိုးကတော့ အဲ့လိုမထင်ပေ၊ ဒါပေမယ့် သူ့ရင်ဘတ်ကနေ ရုတ်တရက် စူးခနဲခံစားလိုက်ရ၏ — ဒီခံစားချက်က horror game ထဲမှာ သေရမယ့်အခြေအနေတစ်ခုကို ကြုံတွေ့ခါနီးတိုင်း သူခံစားရသည်နှင့် အတိအကျပေ။ ဂိမ်းထဲမှာ ရွေးချယ်မှုတစ်ခု လုပ်ရတော့မည့်အချိန်တိုင်း သူ့ရဲ့အလိုလိုသိစိတ်က သူ့ကို မှန်ကန်တဲ့ဦးတည်ဖက်ဆီ အမြဲညွှန်ပြပေးသည်။ သူ့ရဲ့ ဒီကျီးကန်းပါးစပ်က ဘယ်တော့မှမမှားခဲ့ပေ။
” ငါ ဒါနဲ့ပတ်သတ်ပြီး မကောင်းတဲ့ခံစားချက်ရနေတယ်….. ”
” ဖာ့ခ်! ” ထန်းမျန်မျန်က ရှောင်ထန်ချိုးရဲ့ လျှို့ဝှက်ဆန်းကြယ် ‘လက်ဆောင်’ အကြောင်းကို အင်မတန်မှ ရှင်းရှင်းလင်းလင်းသိလေသည်။
” အလံလွှင့်နေတာ ရပ်လိုက်တော့ အာ! ”
ထို့နောက်တွင် လော့မန်စုရဲ့ မျက်လုံးတွေပြူးကျယ်သွားရင်း တစ်ခဏတောင်မဆိုင်းပဲ လှည့်ပြေးတော့၏။
” မြန်မြန်ပြေးကြ!!! ”
ရှောင်ထန်ချိုး အနောက်ကို လှည့်ကြည့်လိုက်မိသည်။ စက္ကူရုပ်က ရွာလူကြီးရဲ့ခေါင်းကို လက်တစ်ဖက်မှာ ကိုင်ထားရင်း နောက်တစ်ဖက်က သူတို့ အုတ်ဂူတူးခဲ့သည့် ဂေါ်ပြားကို တရွတ််တိုက်ဆွဲကာ ရွာလူကြီးရဲ့အိမ်ထဲမှ ထွက်လာခဲ့သည်။
အသက်ဝင်နေသည့် မျက်လုံးတစ်စုံက သူတို့ကို တည့်တည့်စိုက်ကြည့်နေခဲ့ကာ ၎င်းရဲ့အကြည့်မှာ ဝမ်းနည်းကြေကွဲရင်း ခါးသီးတဲ့ခံစားချက်တို့နဲ့ ပြည့်နှက်နေခဲ့လေသည်။