Chapter 12
ရှောင်ထန်ချိုး လှည့်ပြေးတော့သည်။ သူ့မျက်လုံးထောင့်ကနေ မူလက နှေးနှေးလေးလှုပ်ရှားနေသည့် စက္ကူရုပ်မှာ တစ်စုံတစ်ယောက်က ရှေ့သို့အမြန်သွားရန် ခလုတ်ကို နှိပ်လိုက်သလိုမျိုး ရုတ်တရက် အရှိန်ရသွားတာကို မြင်နိုင်လေ၏။
အခုတော့ စက္ကူရုပ်က တယ်လီပို့ဖြင့်ကျော်သွားသလိုမျိုး သူတို့နောက်တည့်တည့်တွင် ရောက်နေခဲ့ပြီ။ နောက်တစ်စက္ကန့်အကြာတွင် သူ့ခေါင်းနောက်မှ တစ်ခုခုက ဝှစ်ခနဲဖြတ်သွားတာကို ခံစားလိုက်ရသည်။ ၎င်းက လေထဲတွင် ဂေါ်ပြားဖြတ်သွားခဲ့သည့် အသံဖြစ်ပြီး ထိုဂေါ်ပြားက သူ့ခေါင်းကို ဦးတည်ခဲ့ခြင်းပင်။
” အားးးးး! ” ထန်းမျန်မျန်က ပြေးရင်း အော်လိုက်သည်။ ” အဲ့ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်ထိမြန်ရတာလဲ?! ခုနကလိုမဟုတ်ဘူး! ကျင်းခဲ့လာ များ မြိုချလိုက်တာလား? ”
(T/N – တရုတ်မှာ ရယ်စရာကောင်းတဲ့ ကြေငြာတွေများစွာကို ထုတ်လုပ်ခဲ့တဲ့ ဓာတ်မြေသြဇာ brand တစ်ခုပါ။ အဲ့ဒါရဲ့ နာမည်ကြီးကောက်နုတ်ချက်ကတော့ ” ကျင်းခဲ့လာ တစ်စေ့စီတိုင်းမှာ အနုမြူဗုံးတစ်လုံးရဲ့ စွမ်းအင်ပါဝင်တယ် ” ဖြစ်ပါတယ် )
” စက္ကူရုပ်က… အရမ်းပေါ့လို့များလား….. လေတိုက်တဲ့အခါ သူက ပေါလောပေါ်သွားတာ……. ” ရှောင်ထန်ချိုး ပြေးရင်း ဟောဟဲလိုက်နေခဲ့သည်။ သူ့ရဲ့သက်လုံက တကယ်ကို ညံ့ဖျင်းလေ၏။
လော့မန်စုက အဝေးဆုံးကို အားသွန်ခွန်စိုက်ပြေးနေရင်း မနေနိုင်ပဲ အော်မိသွားခဲ့သည်။
” မင်း ဒီလိုအခြေအနေမှာ စောက်ကျိုးနည်းလုပ်နေတာကို ရပ်လိုက်လို့ရမလား?! ပြေးဖို့အတွက် အားချန်ထားစမ်းပါ! ”
ရှောင်ထန်ချိုးသည် သူ့ခေါင်းကိုချိန်ရွယ်ရင်း အကြိမ်အနည်းငယ်ဝှေ့ယမ်းသွားခဲ့သည့် ဂေါ်ပြားအား ခံစားမိလေကာ သူ့ရဲ့အပြေးစွမ်းရည်ကို မလျှော့ပစ်ရဲပေ။ သူ့ခေါင်းကို ဦးတည််လွှဲယမ်းနေသည့် ဂေါ်ပြားက သူ့ရဲ့ကန့်သတ်ချက်ကို မရောက်သေးကြောင်း ဆက်တိုက်သတိပေးနေလေသည်။ သူ့ရဲ့အရှိန်နှုန်းကို ဆက်တိုးရင်း ရန်သူ့တိုက်ခိုက်မှုကို ထပ်ခါတလဲလဲ ရှောင်တိမ်းနေရ၏။ သူ သစ်ပင်တွေကို ပတ်ပြေးသည််၊ ကျောက်တိုင်ကို ပတ်ပြေးသည်၊ ရေတွင်းကို ပတ်ပြေးသည်၊ အတားအဆီးအမျိုးမျိုးကို ပတ်ပြေးသည်။ သူကစားခဲ့တဲ့ horror game တွေအားလုံးရဲ့ ကျေးဇူးနဲ့ ဒီလို အပြေး ‘ ယှဉ်ပြိုင်ပွဲ ‘ မျိုးတွင် အတွေ့အကြုံများစွာ ရှိလေသည်။
” အခုအချိန်မှာ bug တစ်ခုရဲ့ အသာစီးကိုသာ ရနိုင်ရင်….. ” live streamer ရှောင် တစ်ယောက် နောင်တဖြင့်သက်ပြင်းချလိုက်၏။
” မြန်မြန်! မြန်မြန်! မြန်မြန်! ” လော့မန်စု အော်လိုက်သည်။ ” ငါတို့ရောက်တော့မယ် ”
သူတို့ကြည့်လိုက်ရာ ယွမ်အိမ်တော်ကို မြင်လိုက်ရ၏။ တစ်စုံတစ်ယောက်က စိုးရိမ်ကြောင့်ကြမှုဖြင့် မေးလာခဲ့သည်။
” ငါတို့တွေ ယွမ်အိမ်တော်ကို တကယ်သွားကြမှာလား? စက္ကူရုပ်က ငါတို့နောက်ကို လိုက်လာရင်ရော? အဆုံးသတ်နှစ်ခုလုံးမှာ အန္တရာယ်ရှိလိမ့်မယ် ”
” ငါတို့တွေ လောင်းကြေးထပ်ရုံပဲ တတ်နိုင်တယ်! ” လော့မန်စု အံကြိတ်လိုက်ရင်း ” အထဲကိုဝင်ကြ! ” သူတို့ အပြင်မှာ အကြာကြီးထပ်ပြီးတောင့်ခံနိုင်မှာ မဟုတ်ပေ။ သူတို့သာ မစွန့်စားပါက စက္ကူရုပ်က သူတို့ကို ဖြည်းဖြည်းချင်းဖမ်းမိသွားပေလိမ့်မည်။
” ပြေး! ”
အဲ့အချိန်မှာပဲ ရှောင်ထန်ချိုးက ထူးဆန်းတာတစ်ခုခုကို သတိပြုမိသွားခဲ့သည် — စက္ကူရုပ်က သူ့နောက်ကိုပဲ လိုက်နေပြီး တခြားသူတွေကိုတော့ အကြည့်တစ်ချက်တောင်မပေးပေ။ သူ့နောက်မှာ တခြားသူတွေပြေးနေကြပေမယ့် စက္ကူရုပ်က သူတို့ကိုစိတ်ထဲမထည့်ပဲ သူ့တစ်ယောက်တည်းကိုသာ အာရုံစိုက်ထားပုံရ၏။
သူ တစ်ခဏလောက် ချင့်ချိန်ကြည့်လိုက်သည်။ အဖြေတစ်ခုက သူ့ခေါင်းထဲတွင် ရုတ်တရက်ပေါ်လာခဲ့လေသည်။
သူတို့တွေ ယွမ်အိမ်တော်နဲ့ နီးလာလေ စက္ကူရုပ်က ထိုဂေါ်ပြားကြီးကို အရူးအမူးလွှဲယမ်းရင်း ပိုပြီးတော့ မြန်မြန်ပြေးလာလေပင်။ ရှောင်ထန်ချိုးတစ်ယောက် ဘယ်ညာငုံ့ရှောင်ရန် ကြိုးစားသော်လည်း စက္ကူရုပ်ကို မရှောင်တိမ်းနိုင်သေးပေ။ ဂေါ်ပြားက သူ့ခေါင်းနောက်ကို ” ဒုန်း ” ခနဲ အသံအကျယ်ကြီးနှင့်အတူ လာရောက်ထိမှန်သွားခဲ့သည်။
၎င်းက နာကျင်လွန်းတာကြောင့် ရှောင်ထိန်ချိုးမှာ ကြယ်တွေကို မြင်လုနီးပါးပင်။ နာကျင်မှုကြောင့် ခပ်နိမ့်နိမ့်လည်ချောင်းသံဖြင့် ညည်းတွားရင်း သူ့ခြေလှမ်းတွေက လုံးဝတန့်သွားခဲ့ရသည်။ စက္ကူရုပ်က ပိုပိုပြီးနီးကပ်လာတာကို ကြည့်ရင်း လက်ကိုင်ပုဝါကို အမြန်ထုတ်ယူလိုက်၏။ သက်တမ်း 25 နှစ်ကြာ ဆင်ဂယ်လ်ဖြစ်နေခဲ့သည့် အမျိုးသားတစ်ယောက်၏ လက်မောင်းအားကိုသုံးကာ လက်ကိုင်ပုဝါကို ဆန့်ကျင်ဖက်ဦးတည်ရာဆီ တတ်နိုင်သမျှ ဝေးအောင်ပစ်လိုက်တော့သည်။
စက္ကူရုပ်က ချက်ချင်းပဲ လှည့်လိုက်ကာ လက်ကိုင်ပုဝါဆီ ပြေးလေသည်။
ရှောင်ထန်ချိုးက အန္တရာယ်မှလွတ်အောင် ဒီအခွင့်အရေးကိုသုံးပြီး တခြားသူတွေအား လိုက်မှီရန် အရှိန်တင်လိုက်သည်။
သူတို့ ယွမ်အိမ်တော်ကို ရောက်ခါနီးပေမယ့် ဝင်ပေါက်က တင်းတင်းကြပ်ကြပ်ပိတ်ထားလေ၏။ အထဲကို သူတို့ဝင်လို့ရ,မရ စိတ်ပူနေတုန်းမှာပဲ ယွမ်အိမ်တော်ရဲ့ဝင်ပေါက်တွေက ဖြည်းဖြည်းချင်း ကျွီခနဲပွင့်သွားခဲ့သည်။
ဒါက အရင်တစ်ခါ စုံတွဲပြောခဲ့ဖူးသည့်အတိုင်း အတိအကျပေ၊ ဝင်ပေါက်တွေ သူ့ဘာသာသူပွင့်သွားပြီး နက်ပိန်းအောင် မှောင်မဲနေသည့် အတွင်းပိုင်းကို ထုတ်ဖော်ပြလာခဲ့ကာ ၎င်းက သူတို့နှလုံးသားထဲက အကြောက်တရားကို တူးဆွနေခဲ့လေသည်။ သို့သော်လည်း သူတို့တွင် ရွေးချယ်စရာမရှိပေ၊ စက္ကူရုပ်က သူတို့နောက်တွင် နီးနီးကပ်ကပ်လိုက်ပါနေဆဲ။ သူတို့ရဲ့ အကြောက်တရားတွေကို မြိုချရင်း အမှောင်ထုထဲကို စိန်ခေါ်ဝင်ရောက်ဖို့သာ တတ်နိုင်လေသည်။
ရှောင်ထန်ချိုးက ယွမ်အိမ်တော်ရဲ့ ဝင်ပေါက်ကို နောက်ဆုံးဖြတ်ဝင်လာသည့် တစ်ယောက်ပင်။ ဒါပေမယ့် ဝင်ပြီးသွားတဲ့နောက်မှာတောင် စိတ်ကိုမလျှော့ရဲပဲ တခြားသူတွေအတိုင်း ဝင်ပေါက်အပြင်ဖက်ကို သတိဖြင့်လှည့်ကြည့်လိုက်သည်။
ဝင်ပေါက်မှ တစ်မီတာအကွာခန့်တွင် စက္ကူရုပ်က မတ်တပ်ရပ်နေခဲ့သည်။ ၎င်းက ယွမ်အိမ်တော်နားကို မကပ်ရဲဟန်ရှိကာ ထိုနေရာတွင် ရပ်နေရင်း မျက်လုံးတို့မှာတော့ မကျေနပ်ချက်များဖြင့် ပြည့်လျက်ပေ။
စက္ကူရုပ်က သူတို့နောက်ကို လိုက်မလာတော့မှန်း အတည်ပြုပြီးသွားချိန်မှာတော့ မောပန်းမှုကြောင့် မြေကြီးပေါ် လဲကျသွားကြတော့သည်။
အပြင်ဖက်မှစက္ကူရုပ်က အထဲမှ လူများကို မုန်းတီးစွာစိုက်ကြည့်ရင်း ရွာလူကြီးရဲ့ဦးခေါင်းကို မြေပြင်ပေါ် ဒေါသတကြီးလွှင့်ပစ်လိုက်သည်။ ထို့နောက်တွင် ဖရဲသီးတစ်လုံးကို ကြေမွအောင်ရိုက်ချသလိုမျိုး ရွာလူကြီးရဲ့ခေါင်းကို ဂေါ်ပြားဖြင့် ရိုက်ချလိုက်လေ၏။ ၎င်းရဲ့ ‘ အရည်တွေ ‘ က နေရာအနှံ့ကို ဖိတ်စင်သွားခဲ့လေသည်။
ဝင်ပေါက်က ဖြည်းဖြည်းချင်းပိတ်သွားသည်အား စက္ကူရုပ်က အေးတိအေးစက် စိုက်ကြည့်နေခဲ့သည်။ ဒါပေမယ့် ဝင်ပေါက်တွေ လုံးဝပိတ်သွားခါနီးမှာပဲ အနှီအသက်ဝင်နေသည့် မျက်လုံးများထဲမှ နောက်ပြောင်ကျီစယ်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း အရိပ်အမြွက်တစ်ခုကို ရှောင်ထန်ချိုး ဖမ်းမိသွားခဲ့လေသည်။
ယခုလေးတင် တည်ငြိမ်သွားခဲ့သည့် သူ့နှလုံးသားမှာ ရင်ဘတ်ထဲတွင် အရိုင်းဆန်စွာ စတင်ခုန်ပေါက်လာတော့၏။
” ငါတို့ အကယ်ခံလိုက်ရပြီ! ငါ သေအောင်ကြောက်နေခဲ့တာကွ! ” ထန်းမျန်မျန်မှာ ကြောက်ရွံ့မှုကြောင့် ငိုချလုနီးပါးပင်။ ” ငါ့ခေါင်းက ဟိုတစ်စစီကွဲနေတဲ့ ဖရဲသီးလိုဖြစ်ဖို့ နည်းနည်းပဲလိုတယ်။ ငါက ပြေးနေရင်း ဂိမ်းထဲမှာ သေပြီးရင်ပြန်ရှင်တဲ့နေရာကို အရူးအမူးရှာနေခဲ့တာ…… ”
သူတို့ စိတ်မအေးနိုင်ခင်မှာပဲ လော့မန်စုက ပျက်ရယ်ပြုလာခဲ့၏။
” စက္ကူရုပ်က အထဲကိုဝင်လာဖို့ ဘာဖြစ်လို့ကြောက်နေလဲဆိုတာကို မင်းတို့ မသိချင်ကြဘူးလား? အထဲမှာက ပိုပြီးတော့တောင်ကြောက်ဖို့ကောင်းတာတစ်ခုခု ရှိနေတာဖြစ်နိုင်တယ် ”
လူတိုင်းက ချက်ချင်း ဖြူဖျော့သွားခဲ့ကြသည်။ စက္ကူရုပ်ထက်တောင် ပိုကြောက်ဖို့ကောင်းတာ? အဲ့ဒါက သူတို့တွေ ကြော်အိုးထဲကနေ မီးထဲခုန််ဆင်းလာခဲ့ကြတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလား?
” အား! အား! အား! ငါ့ကိုအပြင်ထွက်ခွင့်ပေး! ” လုတာ့သုန်က သူ့ကိုယ်သူ တံခါးဆီပစ်ဝင်ရင်း လက်သီးနဲ့ တဒုန်းဒုန်းထုရိုက်တော့သည်။ ” ဖွင့်! တံခါးဖွင့်! ငါ့ကို အခုပဲ အပြင်ထွက်ခွင့်ပေး! ငါ့ကိုအပြင်ထုတ်ပေး! ”
” မင်း ရူးသွားပြီလား? စက္ကူရုပ်က အပြင်မှာရှိနေဦးမှာကွ! ” ရန်ပင်းက လုတာ့သုန်ကို တံခါးဆီကနေ ဆွဲခေါ်ဖို့ကြိုးစားလိုက်ပေမယ့် လုတာ့သုန်ဆီမှနေ တွန်းထုတ်ခံလိုက်ရသည်။
” ငါ အဲ့စက္ကူရုပ်နဲ့ပဲ ရန်ဖြစ်လိုက်ချင်တယ်! ငါ့ကိုအပြင်ထွက်ခွင့်ပေး! ” လုတာ့သုန်က တံခါးကို အပြင်းအထန်ကန်ကျောက်နေပြီးနောက် တံခါးကို ကလော်ဖွင့်စရာတစ်ခုခု လှည့်ပတ်ရှာလိုက်သည်။ ရန်ပင်းက သူ့ကိုတားဖို့ အမြန်ပြေးသွားလိုက်ပေမယ့် အားနဲ့ တွန်းထုတ်ခံလိုက်ရ၏။
ဘာမှန်းမသိရသည့် ကြောက်ရွံ့မှုက ကြောက်စရာအကောင်းဆုံးပင်။ စက္ကူရုပ်က ကြောက်ဖို့ကောင်းတယ်ဆိုပေမယ့် အနည်းဆုံးတော့ သူတို့ပတ်သတ်နေရသည့်အရာက ဘာလဲဆိုတာကို သိနိုင်ပေသည်။ ယွမ်အိမ်တော်ထဲမှာသာ စက္ကူရုပ်ထက် ပိုဆိုးတာတစ်ခုခုရှိနေခဲ့ပါက…….
လုတာ့သုန်က ပိုပိုပြီး မတည်မငြိမ်ဖြစ်လာတော့သည်။ ဒါပေမယ့် အိမ်တော်ထိန်းလို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က သူတို့ရှေ့တွင် ရုတ်တရက်ပေါ်လာခဲ့၏။
” ယွမ်အိမ်တော်ကနေ ကြိုဆိုပါတယ်။ သင်တို့အားလုံးကို မနက်ဖြန်ကျင်းပမယ့် မင်္ဂလာဧည့်ခံပွဲဆီ တက်ရောက်ဖို့ ဖိတ်ကြားအပ်ပါတယ်။ သခင်မကြီးက ကျွန်ုပ်တို့ဧည့်သည်တွေအတွက် ပင်မခန်းမထဲမှာ ကြိုဆိုတဲ့စားသောက်ပွဲကြီးတစ်ခု ပြင်ဆင်ထားပါတယ်။ ကျေးဇူးပြုပြီး ကျွန်ုပ်နဲ့ လိုက်ခဲ့ပေးပါ….. ” သက်လတ်ပိုင်းအရွယ် အမျိုးသားက ဦးခေါင်းကိုညွှတ်ရင်း သူ့အသံက ရေကန်တစ်ကန်လို ငြိမ်သက်အေးချမ်းနေခဲ့သည်။
သူတို့တွေဟာ ဘယ်အချိန်တုန်းက အိမ်တော်ထိန်းပေါ်လာမှန်း မသိခဲ့ကြပဲ သူ့ကိုမြင်လိုက်ရတော့ ထိတ်လန့်သွားခဲ့ကြ၏။ အိမ်တော်ထိန်းရဲ့ ရောက်ရှိလာမှုက ဒေါသဖြစ်စေခဲ့ကာ လုတာ့သုန်က စူးစူးဝါးဝါးအော်လိုက်သည်၊ ” ခင်ဗျားက အိမ်တော်ထိန်းလား? အခုချက်ချင်း တံခါးဖွင့်ပေး! ကျုပ် ထွက်သွားချင်တယ်! ”
ရှောင်ထန်ချိုးရဲ့ ရင်ဘတ်က တင်းကြပ်သွားခဲ့၏။ လုတာ့သုန်ရဲ့ စကားတွေကြောင့် အိမ်တော်ထိန်း ဒေါသထွက်သွားမှာကို သူ ကြောက်မိလေသည်။ သို့သော် အိမ်တော်ထိန်းက လုတာ့သုန်ရဲ့စကားတွေကို လုံးဝမကြားသလိုမျိုး အပြောင်းအလဲမရှိသည့် လေသံဖြင့် ထပ်ပြောလာခဲ့သည်။
” ကျေးဇူးပြုပြီး ကျွန်ုပ်နဲ့ လိုက်ခဲ့ပေးပါ…… ”
” ကျုပ်ပြောလိုက်တဲ့စကားကို မကြားဘူးလား? စောက်တံခါးကို ဖွင့်လိုက်! ” လုတာ့သုန်က အိမ်တော်ထိန်းကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။ သူ့လက်သီးနဲ့ ထိမိချိန်မှာပဲ အိမ်တော်ထိန်းက ရွာလူကြီလိုမျိုး အပိုင်းပိုင်းအစစတွေအဖြစ် ချက်ချင်းကွဲထွက်သွားလေသည်။
ဒါမျိုး အရင်က ဖြစ်ဖူးတာကြောင့် လူတိုင်းက ထုံထိုင်းသွားကြပြီ။ လုတာ့သုန်က တစ်စစီပြတ်တောက်သွားခဲ့တဲ့ အလောင်းပေါ်ကို တံတွေးထွေးလိုက်ပြီး ” ကျုပ် ကောင်းကောင်းမွန်မွန်ပြောနေတုန်း နားမထောင်မှတော့ အားသုံးတဲ့အတွက် ကျုပ်ကိုအပြစ်မတင်လိုက်နဲ့! ”
သူက တခြားသူတွေကို လှည့်ကြည့်ပြီး ခြိမ်းခြောက်လာခဲ့သည်။ ” ကျုပ်ကို တံခါးကူဖွင့်ပေးကြ! မဟုတ်လို့ကတော့ မကူညီပေးတဲ့ဘယ်သူ့ကိုမဆို ကျုပ်က ရိုက်မှာ! ”
တင်းထျန်းထျန်းမှာ သူ့ကို ထပ်ပြီးသည်းမခံနိုင်တော့ ” ရှင် ရူးနေပြီပဲ! ကျွန်မတို့ ထွက်သွားချင်တယ်ဆိုရင် အထဲဝင်ပြီး သဲလွန်စတွေ ရှာရမှာပေါ့ ”
” ဖွီ! ကြောင်တောင်တောင် သဲလွန်စကို ငါဂရုမစိုက်ဘူး! အိမ်တော်ထိန်းက ငါတို့နဲ့ ရှိနေရမှာ! ”
လုတာ့သုန်က လော့မန်စုကို လက်ညှိုးထိုးရင်း အော်ပြောလာခဲ့၏။ ” ဒီတစ်ချိန်လုံး ဒီမအေ -ိုးက ငါတို့ကို သူ့စိတ်တိုင်းကျလမ်းညွှန်နေခဲ့တာ! သူပြောတာတွေ မှန်ရဲ့လားဆိုတာ ဘယ်သူကသိမှာလဲ! လောင်ဇီ အခုချက်ချင်း ထွက်သွားချင်တယ်။ နောက်ထပ် သုံးရက်နေဖို့ နေရာတစ်နေရာရှာတွေ့ရင် ငါတို့ ဒီနေရာကထွက်သွားလို့ရမှာ ”
လော့မန်စုက စိတ်ဆိုးရမည့်အစား ရယ်မောလာခဲ့သည်။
” မင်းက မစ်ရှင်ကို တခြားတစ်ယောက်ရှင်းမှာစောင့်ပြီး ဘာမှမလုပ်ပဲ ဒီအတိိုင်းပြီးသွားတာကိုစောင့်ဖို့အတွက် နေရာရှာတွေ့မယ်လို့ထင်ပြီး ဒီက ထွက်သွားမှာပေါ့လေ? ”
” လောင်ဇီက မင်းပြောတာကို မယုံဘူးကွ! ” လုတာ့သုန်က လုံးဝကို စိတ်လွတ်နေဟန်ပင်။
” ဒီစိတ်ပျက်စရာနေရာကြီးက ထွက်သွားချင်ပြီ! အခုချက်ချင်းပဲ! ငါ့ကိုတားဖို့ကြိုးစားတဲ့သူကို ရိုက်မယ်! အားလုံးကို ပျော့ဖတ်သွားအောင်ရိုက်ပစ်မယ်! ”
ထို့နောက်တွင် လူတိုင်းရဲ့မျက်နှာပေါ်မှ အမူအရာက ကြောက်ရွံ့မှုအဖြစ်ပြောင်းလဲသွားသည်ကို လုတာ့သုန် သတိထားမိသွားခဲ့သည်။ သူက အကျယ်ကြီးအော်ရယ်ရင်း ” ကြောက်တယ်ပေါ့ ဟမ်? ကြောက်တယ်ဆို ငါ့ကိုသွားခွင့်ပေးလေ ”
” မဟုတ်…… အဲ့- အဲ့ဒါမဟုတ်…… ” ထန်းမျန်မျန််က လုံးဝကြောက်ရွံ့နေသည့် အကြည့်တစ်ခုကို ထုတ်ပြလာခဲ့ရင်း ” မင်းနောက်မှာ….. ”
” ငါ့နောက်မှာ? ငါ့ကိုလှည့်စားဖို့ မကြိုးစားနဲ့! ” လုတာ့သုန် လှောင်ရယ်လိုက်သည်။ သို့သော်လည်း သူတို့ ဟန်ဆောင်နေတာမဟုတ်မှန်းကို မကြာခင် သတိထားမိသွားခဲ့၏။ အဲ့ဒီအခိုက်အတန့်မှာပဲ သူ့တစ်ဘဝလုံး တစ်ခါမှမမြင်ဖူးခဲ့သည့် ကြောက်စရာအကောင်းဆုံးမြင်ကွင်းကို ရင်ဆိုင်ရန် သူ လှည့်ကြည့်လိုက်သည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည့် အိမ်တော်ထိန်း၏ ရုပ်ပျက်ဆင်းပျက်အလောင်းမှာ သူတို့အာရုံမစိုက်မိချိန်တွင် မျက်လုံးပွင့်နေခဲ့လေသည်။ အချိန်မရွေးလဲကျသွားတော့မလိုမျိုး တောင့်တင်းစွာ ရပ်နေခဲ့၏။ ထို့နောက် ခါးကိုင်းလိုက်ကာ မြေပြင်ပေါ်တွင် တစ်စစီပြန့်ကြဲနေသည့် ခြေလက်အကျိုးများကို ဖြည်းဖြည်းချင်းကောက်ယူလိုက်သည်။ သွေးသံရဲရဲဖြစ်နေသည့် ခန္ဓာကိုယ်အပိုင်းအစများကို တစ်ခုချင်းလိုက်ကောက်ကာ သူ့ခန္ဓာကိုယ်ပေါ်တွင် ပြန်လည်တပ်ဆင်လေ၏။
သူ့ခန္ဓာကိုယ်ကို ပြန်လည်တပ်ဆင်လို့အပြီးမှာတော့ သူ့လက်ထဲတွင် အသားအပိုတစ်စက ကျန်နေသေးဆဲပင်။ ဒီလိုမျိုး အရင်က မရေမတွက်နိုင်အောင်ဖြစ်ဖူးတာ ဒါမှမဟုတ် ဂရုမစိုက်မိလိုက်တဲ့အမှားအသေးစားတစ်ခုလို အရင်က ဖြစ်ခဲ့ဖူးတာဖြစ်နိုင်သည်။ အကြောင်းအရင်းကတော့ အဲ့အချိန်မှာပဲ သူက ထိုအသားစကို မထုံတက်တေးဖြင့် ပါးစပ်ထဲထိုးထည့်ကာ နောက်တစ်ကြိမ်ပင်မတွေးပဲ မြိုချလိုက်လေသည်။
ထို့နောက်တွင် နွေရာသီပင်လယ်လိုမျိုး ငြိမ်သက်အေးချမ်းသည့် အသံဖြင့် ထပ်ပြောလာခဲ့၏။
” ယွမ်အိမ်တော်ကနေ ကြိုဆိုပါတယ်။ သင်တို့အားလုံးကို မနက်ဖြန်ကျင်းပမယ့် မင်္ဂလာဧည့်ခံပွဲဆီ တက်ရောက်ဖို့ ဖိတ်ကြားအပ်ပါတယ်။ သခင်မကြီးက ကျွန်ုပ်တို့ဧည့်သည်တွေအတွက် ပင်မခန်းမထဲမှာ ကြိုဆိုတဲ့စားသောက်ပွဲကြီးတစ်ခု ပြင်ဆင်ထားပါတယ်။ ကျေးဇူးပြုပြီး ကျွန်ုပ်နဲ့ လိုက်ခဲ့ပေးပါ….. “