Chapter 14
ရှောင်ထန်ချိုး, ” …… ”
ထန်းမျန်မျန်, ” …… ”
ရှောင်ထန်ချိုး, ” မင်းမနောက်နဲ့နော်၊ ဒါက လုံးဝရယ်စရာမကောင်းဘူးကွ! ”
ထန်းမျန်မျန်က သွားကြားထဲမှလေသံလေးနှင့် ပြန်ဖြေလာခဲ့သည်။
” ငါနောက်နေတာမဟုတ်ဘူး။ ငါ ဒီအချိန်လုံး အသံတစ်ခုမှမထွက်ရသေးဘူး……. ”
မကြာခင်မှာပဲ ထန်းမျန်မျန်က အမှန်အတိုင်းပြောနေမှန်းကို ရှောင်ထန်ချိုး သိသွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ထန်းမျန်မျန် စကားပြောနေသည့် တစ်ချိန်တည်းမှာပဲ ငိုသံက တစ်ဖန်ပြန်စလာခဲ့သည်။ ပိုဆိုးလာတာကတော့ ဒီတစ်ခေါက်မှာ ငိုသံက ပိုနီးလာခဲ့ခြင်းပင်။ တစ်စုံတစ်ယောက်က သူ့နားထဲကို လေနဲ့မှုတ်နေသလိုမျိုး အေးစက်စက်လေက သူ့နားထဲ ဝင်ရောက်လာခဲ့၏။
ရှောင်ထန်ချိုး သူ့ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းထသွားတာကို ခံစားလိုက်ရသည်။ ထန်းမျန်မျန်ရဲ့လက်ကို ဆတ်ခနဲဖမ်းကိုင်လိုက်ပြီး ဒရွတ်တိုက်ဆွဲပြေးတော့၏။ ဒါပေမယ့် ရှိုက်ငိုသံက သူ့နောက်ကို ရက်စက်စွာလိုက်ပါနေသည်မှာ တစ်စုံတစ်ယောက်က သူ့နောက်ကျောမှာ တွယ်ကပ်နေသလိုမျိုး….. ထိုအတွေးနဲ့အတူ တစ်ကိုယ်လုံးတုန်ယင်သွားပြီး ပိုတောင် မြန်မြန်စပြေးတော့သည်။
ချောက်ချားဖွယ်ငိုသံကို ရှောင်ထန်ချိုး မကြားတော့တဲ့အထိ နှစ်ယောက်သား အကြာကြီးပြေးခဲ့ကြသည်။ သူပြေးတာကို တန့်လိုက်ချိန်မှာတော့ အပြင်းအထန် ဟောဟဲလိုက်နေလေပြီ။
” ငါ…… မရတော့…… ငါထပ်ပြီးမပြေးနိုင်တော့ဘူး……. ”
ထန်းမျန်မျန်က ထိုချောက်ချားဖွယ်ရှိုက်သံများကို ကြားရဟန်မပေါ်ပေ။ သူက စနောက်နေလေဆဲပင် ” ယောကျ်ားတစ်ယောက်က သူ မလုပ်နိုင်ဘူးဆိုတဲ့စကားကို ဘယ်တော့မှမပြောရဘူးကွ……. ”
ရှောင်ထန်ချိုး ခဏမျှ တုံ့ဆိုင်းသွားခဲ့၏။ ထို့နောက် သူ မေးလိုက်သည်။
” မင်း အဲ့အသံကို မကြားဘူးလား? ”
ထန်းမျန်မျန်က စိတ်ရှုပ်ထွေးစွာ ကြည့်လာခဲ့သည်။ ” ဘာကို ကြားရမှာလဲ? ”
” ငိုနေတာလေ…. ကလေးတစ်ယောက် ငိုနေတဲ့အသံ….. မင်း တကယ် ဘာမှမကြားတာလား? ”
သူတို့တွေ သရဲတစ်ကောင်နဲ့ တိုးခဲ့ပေမယ့် သူတစ်ယောက်တည်းကပဲ ငိုသံကိုကြားနိုင်ခဲ့တာလား ?
ထန်းမျန်မျန်က ငိုချတော့မည့်ပုံနဲ့ ” ကလေး…… ကလေးတစ်ယောက် ငိုတဲ့အသံ? နို့စို့ကလေးဝိဉာဉ်လား? အဲ့ဒါက ကျိန်စာလား? ဟုတ်သားပဲ၊ ဖန်းလန် ရေနစ်ပြီးသေသွားတုန်းက ကိုယ်ဝန်နဲ့မလား? နို့စို့ကလေးရဲ့ ဝိဉာဉ်ပဲဖြစ်ရမယ်! သေစမ်း! နို့စို့ကလေးဝိဉာဉ်တွေကလည်း စောက်ရမ်းကြမ်းတယ်ဟ! မင်း ကြားလိုက်တာသေချာလား? ဒါပေမယ့် ငါကတော့ တကယ် ဘာမှမကြားခဲ့ရဘူးနော်! ငါသာ ကြားခဲ့ရင် မင်းထက်ပိုမြန်အောင်ပြေးမှာပေါ့! ”
ရှောင်ထန်ချိုးက ယဲ့ယဲ့လေး ပြန်ဖြေလာခဲ့၏။ ” ငါ အမှန်အတိုင်း ပြောနေတာ။ အစကတည်းက ကြောက်ဖို့ကောင်းနေပြီးသားကို ငါက ဘာလို့အလုပ်ရှုပ်ခံပြီး ကြောက်စရာကောင်းတဲ့လေထုဖြစ်အောင် ဟန်ဆောင်နေရမှာလဲ?! ”
ထန်းမျန်မျန် ပင့်သက်ရှိုက်လိုက်ရင်း ” ဒါဆို……. မင်း အသံတစ်ခုခုကြားသေးလား? ”
ရှောင်ထန်ချိုး ခေါင်းခါလိုက်သည်။ ” ဟင့်အင်း၊ အဲ့ဒါကြောင့်ပဲ ငါ ဆက်မပြေးတော့တာပေါ့ ”
” တော်ပါသေးရဲ့ ” ထန်းမျန်မျန် သက်ပြင်းချလိုက်၏။ ” နေပါဦး၊ ငါတို့ အခု ဘယ်ရောက်နေကြတာလဲ? ”
သူတို့ ကြောက်လန့်တကြားပြေးလာခဲ့ကြပြီး ဘယ်မှာမှန်းမသိတဲ့ နေရာတစ်ခုမှာ အဆုံးသတ်သွားကြလေသည်။ အစတုန်းက အခန်းတွေအများကြီးပါတဲ့ အိမ်ဝင်းတစ်ခုထဲမှာ ရှိနေခဲ့ကြခြင်းပင်။ ဒါပေမယ့် ဒီနေရာရဲ့ပုံစံက အထီးကျန်ပြီး မကြာခဏလာရောက်လည်ပတ်ကြဟန်မရှိတာကြောင့် သေချာပေါက်ကို လူသိပ်မသိသည့် နေရာတစ်ခုပေ။
” အထဲကို တစ်ချက်ဝင်ကြည့်ကြမလား? ”
အမှောင်ထုထဲမှာ ဖုံးကွယ်နေသည့် သူတို့ရှေ့မှ အိမ်ဝင်းကို ထန်းမျန်မျန်ကြည့်လိုက်ပြီး သူ့ခေါင်းကို အရူးအမူးခါယမ်းလိုက်၏။ ” ဟင့်အင်း! အထဲမှာ ဘာနဲ့တွေ့မလဲဆိုတာကို ဘုရားပဲသိလိမ့်မယ်! အထဲမှာ ပိုပြီးကြောက်ဖို့ကောင်းတာရှိလို့ နို့စို့ကလေးဝိဉာဉ်က ငါတို့ကို လွှတ်ပေးလိုက်တာဆိုရင်ရော? ”
ရှောင်ထန်ချိုးလည်း သူ့ကို အတင်းမတိုက်တွန်းခဲ့ပေ ” ဒါဆို အပြင်မှာစောင့်နေလိုက်။ ငါ့ဘာသာ ဝင်သွားလိုက်မယ် ”
ထန်းမျန်မျန်ခမျာ ငိုကြွေးရင်း ” …………. အဲ့လိုဆိုရင်တော့ ငါမင်းနဲ့ပဲ လိုက်ချင်တယ် ”
ရှောင်ထန်ချိုးက ထန်းမျန်မျန်ရဲ့ doge face ကို ပွတ်သပ်လိုက်ကာ ” ဒီလိုဖြစ်လာမယ်မှန်း သိပြီးသားဆိုမှတော့ ဘာလို့ခုခံနေဦးမှာလဲ? ”
ထန်းမျန်မျန်သည် ခါးသက်စွာ ငိုကြွေးရင်း ” မင်းက အမြဲတမ်းဒီလိုပဲလုပ်နေတာ! ” သူတို့ တိုက်ရိုက်ထုတ်လွှင့်လို့ တစ်သင်းထဲ ဆော့တဲ့အချိန်တိုင်း ရှောင်ထန်ချိုးက သူ့ကိုရွေးချယ်မှုတစ်ခုလုပ်အောင် ဖိအားပေးဖို့အတွက် ဒီနည်းလမ်းကို သုံးလိမ့်မည်သာ။
” သွားစို့! ” ရှောင်ထန်ချိုး အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ” ငါ အလိုလိုသိနေတယ်……. ”
” ဖာ့ခ်! မင်း အလံတွေလွှင့်နေတာ ရပ်လိုက်လို့ရမလား?! ”
သူတို့နှစ်ယောက်သား အိမ်ဝင်းထဲကို တိတ်တိတ်လေးဝင်သွားလိုက်ကြ၏။ ရှောင်ထန်ချိုးက အကြီးဆုံးအခန်းကို လက်ညှိုးထိုးကာ အထဲကိုဝင်သင့်ကြောင်း ညွှန်ပြလာခဲ့သည်။ ထန်းမျန်မျန်တစ်ယောက် အံကြိတ်လိုက်ပြီး ဆုံးဖြတ်ချက်ကို ခိုင်မာအောင်လုပ်ကာ ရှောင်ထန်ချိုးနောက်မှ လိုက်သွားတော့သည်။
အဓိကအခန််းရဲ့ တံခါးကို ရှောင်ထန်ချိုးဖွင့်ခါနီးမှပဲ တံခါးက ရုတ်တရက်သူ့ဘာသာပွင့်သွားလေ၏။
ထန်းမျန်မျန် တုန်ယင်သွားခဲ့ကာ ရှောင်ထန်ချိုးရဲ့လက်မောင်းကို ကြောက်လန့်တကြား ဆုပ်ကိုင်လိုက်သည်။
ဒါပေမယ့် တံခါးပွင့်သွားပြီးတဲ့နောက် ဘာမှဖြစ်မလာခဲ့ပေ။ ရှောင်ထန်ချိုး ခဏလောက်စောင့်နေလိုက်သည်။ တကယ်ဘာမှမဖြစ်မှန်း သေချာတော့မှ ရှောင်ထန်ချိုး သိချင်စိတ်နဲ့အတူ အခန်းထဲဝင်သွားလိုက်၏။
” သတိထား…… ” ထန်းမျန်မျန်က တိုးတိုးလေးပြောလာသည်။ သူတို့ အခန်းထဲရောက်ချိန်အထိတောင် အဆင်ပြေနေဆဲပင်။ တစ်စုံတစ်ယောက်က သူတို့အတွက် ဖယောင်းတိုင်ကို တမင်ထွန်းပေးလိုက်သကဲ့သို့ အခန်းက ချက်ချင်းလင်းထိန်သွားခဲ့၏။
မှိန်ဖျဖျအလင်းက အခန်းထဲ ဖြန့်ကြက်နေသလိုပဲ သူတို့ရှေ့မှ စားပွဲပေါ်တွင် ဖယောင်းတိုင်တစ်တိုင် အမှန်တကယ်လောင်ကျွမ်းနေသည်အား သူတို့တွေ့လိုက်ရပေသည်။ အဲ့ဒါအပြင်ကို ၎င်းက စျာပနအခမ်းအနားများတွင် သုံးသည့် ဖယောင်းတိုင်တစ်ချောင်းပင်…….
သူတို့ အခန်းထဲကိုစူးစမ်းကြည့်လိုက်ရာ လိုက်ကာများဖြင့် ကာထားသည်အား တွေ့လိုက်ရပေ၏။ ဖောက်မြင်ရသည့် အဖြူရောင်လိုက်ကာတို့က လေထဲတွင် အသာအယာယိမ်းနွဲ့နေကြပေမယ့် ထိုအခိုက်အတန့်တွင် ဘာလေမှ တိုက်မနေခဲ့ချေ။ ကျောချမ်းစရာကောင်းတဲ့ လေထုကိုသာ လျစ်လျူရှုလိုက်ပါက အတော်လေးကို လှပသည့်မြင်ကွင်းတစ်ခုဖြစ်ပေလိမ့်မည်။
သူတို့ အခန်းထဲ ဝင်ဝင်ချင်းမှာပဲ အခန်းထဲမှအပူချိန်က အပြင်ဖက်မှအပူချိန်ထက် အများကြီးပိုလျော့တာကို ရှောင်ထန်ချိုး ပြောနိုင်လေသည်။ တစ်စုံတစ်ယောက်က အဲကွန်းကို ဖွင့်လိုက်တာနဲ့ အများကြီးဆင်တူလှ၏။ ” ဒီထဲမှာ အများကြီးပိုအေးတာကို မင်းမခံစားရဘူးလား? အေးလွန်းလို့ မင်းရဲ့နှလုံးသားက ပျံတက်သွားသလိုမျိုးလေ? ”
ထန်းမျန်မျန်က တုန်ယင်နေခဲ့ကာ စကားပြောဖို့ကို ကြောက်ရွံ့နေလေသည်။
ရှောင်ထန်ချိုးက အဖြူရောင်လိုက်ကာတွေ တစ်လွှာပြီးတစ်လွှာကို တွန်းဖယ်ရင်း အခန်းရဲ့ အတွင်းပိုင်းဆီ လျှောက်သွားလိုက်၏။ အခန်းပိုင်ရှင်က ဒီလောက်လိုက်ကာတွေ အထပ်ထပ်ကို ဘာလို့ချထားမှန်း သူစဉ်းစားလို့မရပေ။ အခန်းရဲ့ အတွင်းအကျဆုံးကို မရောက်ခင်အထိ အလွှာတွေ တစ်ထပ်ပြီးတစ်ထပ်ကို ဖြတ်ကျော်ခဲ့ရသည်။
ယွမ်အိမ်တော်ရဲ့ တခြားနေရာများနဲ့ ယှဉ်လိုက်ပါက ဒီအခန်းထဲက အပြင်အဆင်က ရိုးရှင်းသိမ်မွေ့ကာ ပရိဘောဂအနည်းငယ်သာရှိပေသည်။ နှံ့စပ်အောင် ကြည့်ပြီးသွားသည့်နောက်မှာတော့ နံရံပေါ်မှာ ပန်းချီကားတစ်ချပ်ရှိနေတာကို ရှောင်ထန်ချိုး သတိပြုမိသွားခဲ့၏။
၎င်းက လူငယ်တစ်ယောက်ရဲ့ ပုံတူပန်းချီတစ်ချပ်ပင်။ တစ်ကိုယ်လုံး အဖြူရောင်ဝတ်ဆင်ထားကာ လှေကားလက်ရန်းကိုမှီရင်း စာဖတ်နေလေ၏။ လက်တစ်ဖက်က စာအုပ်ကိုကိုင်ရင်း ကျန်လက်တစ်ဖက်က ဦးခေါင်းကိုကိုင်ထားကာ မျက်လွှာချထားခဲ့သည်။ ပျင်းရိပျင်းတွဲလေထုကို လွတ်လပ်စွာ ထုတ်ဖော်ရင်း သူ့ရဲ့မျက်ခုံးရိုးတို့က ကျတ်သရေရှိကာ တင့်တယ်နေခဲ့ကြ၏။ ဒါပေမယ့် သူ့ပုံစံံက နေမကောင်းခြင်းကြောင့် အနည်းငယ်အားနည်းနေခဲ့သလိုပင်။
ရှောင်ထန်ချိုး ငေးကြည့်မိသွားခဲ့သည်။ ဒါက ဘယ်သူများလဲ ? ဒီလူကို ဘာလို့ ရင်းနှီးသလိုခံစားနေရတာလဲ……… မကြာခင်မှာပဲ ပုံတူပန်းချီဘေးတွင် ရေးထားသည့် စာတန်းတစ်တန်းအား သတိပြုမိသွားခဲ့သည်။ “ယွမ်ကျိကျိုး” ဟူသည့် စာလုံးတို့က သူ့အာရုံကို ဖမ်းစားသွားခဲ့၏။
” ယွမ်ကျိကျိုး? ဒါက ယွမ်မိသားစုရဲ့ အကြီးဆုံးသခင်လေးလား? ” သူ့ နှုတ်မှ လွှတ်ခနဲထွက်သွားခဲ့သည်။
ထန်းမျန်မျန်က ကြည့်ဖို့အတွက် သူ့ဆီ ချက်ချင်းလျှောက်လာခဲ့၏။ ” သေစမ်း! ယွမ်မိသားစုရဲ့ အကြီးဆုံးသခင်လေးက တကယ်ချောတာပဲဟ! ပုံမှန်ဆိုရင် ဒီလောက်ကြည့်ကောင်းတဲ့သူတစ်ယောက်က horror ဗွီဒီယိုဂိမ်းထဲမှာ ဇာတ်လိုက်မဟုတ်ရင် ဗီလိန်အကြီးစားဖြစ်ရမှာ! ”
ရှောင်ထန်ချိုး သဘောတူစွာ ခေါင်းညိတ်လိုက်မိသည်၊ ” ကံမကောင်းချင်တော့ သူ ဘယ်လောက်ပဲကြည့်ကောင်းပါစေ သူ့ဇနီးဆီကနေ ဖောက်ပြန်ခံနေရတုန်းပဲ ”
ထန်းမျန်မျန် သက်ပြင်းချလိုက်ရင်း ” အင်းနော်၊ သူ ဘာလို့များ ဒီလောက်အစောကြီးသေသွားရပါလိမ့်?! ”
ရှောင်ထန်ချိုး မေးစေ့ကိုပွတ်လိုက်၏၊ ” ဒါပေမယ့် ထပ်ပြောရရင် ကလေးက အမှန်တကယ် သူ့ကလေးဖြစ်နိုင်လား? ”
” သရဲတစ်ကောင်က ဘယ်လိုလုပ်ပြီး “အဲ့ဒါ” ကို လုပ်မှာလဲ အာ? ”
ထန်းမျန်မျန်ကို ရှောင်ထန်ချိုး ချေပခါနီးမှာပဲ အဲ့နောက်မှာ တစ်ခုခုရှိနေတာကို သတိထားမိသွားလေသည်။ သူ အမြန်လျှောက်သွားလိုက်ရင်း ” ငါ အိပ်ရာတစ်ခုတွေ့လိုက်တယ်ထင်တယ်….. ”
” အိပ်ရာ? ” ရှောင်ထန်ချိုး နောက်မှနေ ထန်းမျန်မျန်လိုက်သွားခဲ့ပေမယ့် လိုက်ကာနောက်မှအရာကို မြင်လိုက်ရချိန်မှာတော့ သူ ထအော်တော့၏။
” ဖာ့ခ်! ”
ရှောင်ထန်ချိုးလည်း အကျယ်ကြီး အော်ဆဲမိသွားလေသည်။ အဲ့ဒါက ဘယ်လိုလုပ် အိပ်ရာဖြစ်ရမှာလဲ ?! အိပ်ရာအရွယ်အစားရှိတဲ့ အခေါင်းကြီးတစ်ခု ဖြစ်နေတာကို !
အခေါင်းက ပုံမှန်အခေါင်းတွေထက် နှစ်ဆလောက်ကြီးပြီး လူနှစ်ယောက်စာလောက် ဆန့်၏။
ဒီလိုမျိုး အခန်းတစ်ခန်းထဲမှာ ခေါင်းတလားတစ်ခုကို ရှာတွေ့တာက တကယ့်ကိုကြက်သီးထစရာပင်။ ဒါပေမယ့် သူတို့ကို စိတ်အေးစေတာကတော့ အခေါင်းက လုံးဝကို အလွတ်ဖြစ်နေခြင်းပေ။
” အိမ်ထဲမှာ အခေါင်းကိုသိမ်းထားကြတယ်! အဲ့ဒါက ကံမဆိုးဘူးလား?! ”
” ဒါက တံငါရွာရဲ့ နောက်ထပ်ဓလေ့တစ်ခုဖြစ်လောက်တယ် ” ရှောင်ထန်ချိုး ကောက်ချက်ချလိုက်သည်။ ” သူတို့က ခေါင်းတလားတွေကို မကြောက်တာဖြစ်ရမယ်။ သူတို့ရဲ့သေသွားတဲ့ဆွေမျိုးတွေကို အိမ်နောက်ဖက်တွေမှာ မြှုပ်ထားတာ မတွေ့ခဲ့ဘူးလား? သူတို့က ဒီနည်းနဲ့ဆိုရင် သေသွားတဲ့ဆွေမျိုးတွေနဲ့ ဆက်နေလို့ရတယ်ဆိုပြီး တွေးကြတာဖြစ်နိုင်တယ်် ”
ထန်းမျန်မျန် ပင့်သက်ရှိုက်လိုက်သည်၊ ” ဒါပေမယ့် သေသွားတဲ့ဆွေမျိုးကို အိမ်နောက်မှာမြှုပ်တာနဲ့ အိမ်ထဲမှာ အခေါင်းကိုထားတာနဲ့က မတူဘူးလေ ! ”
ရှောင်ထန်ချိုး ဆက်ပြောလာခဲ့၏၊ ” ငါထင်တာတစ်ခုတော့ရှိတယ် — တစ္ဆေမင်္ဂလာပွဲဆိုတာက ဒီရွာရဲ့ ဓလေ့တွေထဲက တစ်ခုဖြစ်နိုင်တယ်။ ဖန်းလန်က ယွမ်ကျိကျိုးကို လက်ထပ်တဲ့အချိန်မှာ သူမက အသက်ရှင်နေတုန်းပဲ၊ ဒီတော့ သူမရဲ့အပျိုဘဝက အိမ်မှာ ခေါင်းတလားတစ်ခုက ရှိမနေသင့်ဘူး။ သူမ သေသွားပြီးတဲ့နောက်မှာ တစ်ရွာလုံးက သူမရဲ့ကျိန်စာအောက် ရောက်သွားကြတာဆိုတော့ သူမကို ခေါင်းတလားတစ်ခုနဲ့ မြှုပ်ပေးခဲ့ကြတယ်ဆိုတာက ပိုလို့တောင်မဖြစ်နိုင်ဘူး။ ငါ့အထင်ပြောရရင်တော့ သူမ အသက်ရှင်နေတုန်း ဒီအခေါင်းကို ဝယ်ခဲ့တာဖြစ်မယ်၊ အဖြစ်နိုင်ဆုံးကတော့ သူမ လက်မထပ်ခင်လောက်ကပေါ့ ”
ထန်းမျန်မျန်က သူ သွယ်ဝိုက်ပြောဖို့ ကြိုးစားနေတဲ့အရာကို နားလည်သွားခဲ့သည်။ ” မင်း ပြောချင်တာက…… ”
” ဖန်းလန် လက်ထပ်တဲ့အချိန်မှာ သူမရဲ့မိဘတွေက သူမကို ခေါင်းတလားတစ်ခုရှာပေးပြီး စက္ကူရုပ်ကို သူမအစား ခေါင်းတလားထဲထည့်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ ယွမ်မိသားစုကလည်း ခေါင်းတလားတစ်ခုရှာပြီး ယွမ်ကျိကျိုးကို ကိုယ်စားပြုတဲ့ စက္ကူရုပ်တစ်ခုထည့်ခဲ့မှာပဲ ” ရှောင်ထန်ချိုးတစ်ယောက် သူ့အတွေးတွေကို နယ်ချဲ့ရင်း မကြာခင်မှာပဲ အတွေးထဲ ပျော်ဝင်သွားတော့သည်။
” အဲ့ဒါအပြင် ဒီခေါင်းတလားက ဘယ်လောက်ကြီးလဲဆိုတာ ကြည့်ဦးလေ……. ဒါက သူတို့ရဲ့မင်္ဂလာဦးညမှာ သုံးခဲ့တဲ့ မင်္ဂလာ “ကုတင်” ဖြစ်လောက်တယ်။ အသက်ရှင်နေတဲ့လူတွေက မင်္ဂလာကုတင်မှာ အိပ်တယ်ဆိုရင် သေသွားတဲ့ လက်ထပ်ပြီးခါစ ဇနီးမောင်နှံတွေက ခေါင်းတလားကို သုံးကြမှာလား? အဲ့လိုဖြစ်မယ်ထင်တယ် ”
” မင်းပြောတာ အဓိပ္ပါယ်ရှိသားပဲ” ထန်းမျန်မျန် ခေါင်းညိတ်လိုက်သည်။ ” တကယ်လို့ မင်းရဲ့ခန့်မှန်းချက်က မှန်တယ်ဆိုရင် ဒီခေါင်းတလားထဲမှာ ယွမ်ကျိကျိုးရဲ့ စက္ကူရုပ် ရှိနေရမှာပေါ့….. ဒါဆိုရင် အခု ပြဿနာက ယွမ်ကျိကျိုးရဲ့ စက္ကူရုပ် ဘယ်မှာလဲ? ”
သူတို့နှစ်ယောက်လုံး ခေါင်းတလားအလွတ်ကို ငေးကြည့်ရင်း ကျောရိုးမှ စိမ့်တက်လာခဲ့လေသည်။