Chapter 15
ယွမ်ကျိကျိုးရဲ့ စက္ကူရုပ်က ဖန်းလန်လိုမျိုး ထွက်သွားတာလား ?
သူ ပိုပြီးတွေးလေ သူ့ကျောရိုးက ပိုပြီးစိမ့်တက်လာလေပင်။ ထိုအခိုက်မှာပဲ အနောက်မှ တွန်းအားတစ်ခုကို ခံစားလိုက်ရ၏။ သူ ဒယီးဒယိုင်ဖြစ်သွားကာ ဟန်ချက်ပျက်သွားပြီး ခေါင်းတလားထဲ လဲကျသွားတော့သည်။
နောက်တစ်ခု သိလိုက်ရသည့်အရာကတော့ ခေါင်းတလားအောက်ခြေကို သူ့နှာခေါင်းနဲ့ ဆောင့်မိသွားခြင်းပင်။ သူ့ရဲ့အမြင်အာရုံက မှေးမှိန်သွားခဲ့ကာ လောကကြီး အမှောင်ကျသွားလေ၏။
ရှောင်ထန်ချိုး သတိပြန်ရချိန်မှာတော့ ခေါင်းတလားထဲမှာ အကူအညီမဲ့စွာ လဲလျောင်းနေကြောင်းကို နားလည်သွားခဲ့သည်။ ခေါင်းတလားကို တစ်ယောက်ယောက်က ပိတ်ထားသလိုမျိုး သူရဲ့ပတ်လည်တွင် အမှောင်က စီးဆင်းနေပေသည်။
ခေါင်းတလားကို ဘယ်သူပိတ်သွားတာလဲ? ထန််းမျန်မျန်လား? ဟင့်အင်း…… အဲ့ဒါ မဖြစ်နိုင်ဘူး! ဒါဆိုရင်…… ယွမ်ကျိကျိုးရဲ့ စက္ကူရုပ်လား?
သူ့ခေါင်းထဲမှာ မရေမတွက်နိုင်တဲ့ သံသယတွေဖြတ်ပြေးသွားခဲ့ပေမယ့် ခေါင်းတလားထဲမှာ လေကုန်ဆုံးလာတာကို ခံစားမိတာကြောင့် ဒီကိစ္စကို နက်နက်နဲနဲတွေးနေဖို့ အချိန်မရှိပေ။ ခေါင်းတလားထဲမှ တတ်နိုင်သမျှ မြန်မြန်မထွက်ပါက အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေသွားနိုင်လေ၏ !
” အပြင်ထုတ်ပေး ! ”
” အဲ့မှာ တစ်ယောက်ယောက်ရှိနေလား ! ”
” တစ်ယောက်ယောက် ဒီထဲက ထုတ်ပေးကြပါ !”
အသက်ရှင်လိုသည့်ဆန္ဒက သူ့ကို အရှိန်အမြင့်ဆုံးဆီ တွန်းတင်ပေးလိုက်ကာ ခေါင်းတလားအဖုံးပွင့်သွားအောင်ပဲဖြစ်ဖြစ်၊ ဆူညံသံက ထန်းမျန်မျန်ရဲ့ အာရုံကိုဖမ်းစားသွားအောင်ပဲဖြစ်ဖြစ် နံရံလေးဖက်လုံးကို ရှိသမျှအားနှင့် အပြင်းအထန်ထုရိုက်တော့သည်။ ဒါပေမယ့် ခေါင်းတလားက သူ့ရဲ့အဆက်မပြတ် ထုရိုက်နေမှုကို ခံနိုင်ရည်ရှိပြီး ဘာသံမှမကြားရအောင်လုပ်ထားတဲ့ မထိုးဖောက်နိုင်စရာ အဆောက်အဦးတစ်ခုလိုပင်။
အဲ့လိုနဲ့ပဲ ခေါင်းတလားထဲမှာ တကယ်သေသွားရတော့မှာလား ?
ရှောင်ထန်ချိုး လက်လျှော့ခါနီးမှာပဲ ခေါင်းတလားနဲ့ပတ်သတ်ပြီး တစ်ခုခုလွဲနေကြောင်းကို သတိပြုမိသွားခဲ့သည်။ ဒီခေါင်းတလားဟာ ယွမ်ကျိကျိုးရဲ့အခန််းထဲက ခေါင်းတလားထက် အများကြီီးပိုသေးနေ၏။ အဲ့အပြင်ကို သူဝတ်ထားတာတွေကလည်း ပြောင်းသွားခဲ့ကာ အစကဝတ်ထားတဲ့ အဝတ်အစားတွေ မဟုတ်ပေ…….
အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ရှောင်ထန်ချိုး သတိမေ့ခါနီးမှာပဲ ခေါင်းတလားက ရုတ်ချည်းပွင့်သွားခဲ့လေသည် ! စူးရှတဲ့ အလင်းရောင်ကြောင့် မျက်လုံးတွေကန်းကုန်တော့မယ်ထင်ပြီး သူ မျက်လုံးပိတ်လိုက်၏။
သူထင်ထားတာနဲ့ ဆန့်ကျင်ဖက်ပင်၊ ဘာတောက်ပတဲ့ အလင်းရောင်မှ ထွက်မလာခဲ့ပါ။ အဲ့အစား သူမျက်လုံးဖွင့်လိုက်ချိန်တွင် အသက်မပါသည့် မျက်နှာတစ်ခုအား တွေ့လိုက်ရပေသည်။ အမျိုးသားက သူ့ကို ခေါင်းတလားထဲမှထုတ်ပေးပြီးနောက် တစ်ခုခုကို အထဲမှာထားလိုက်၏။ အဲ့အရာက ဘာလဲဆိုတာကို ရှောင်ထန်ချိုး လှည့်ကြည့်လိုက်ရာ သူ ရင်းနှီးနေသည့် စက္ကူရုပ်တစ်ရုပ်ပင်။
……………. ဖန်းလန်ရဲ့ စက္ကူရုပ် !
သူ့ရဲ့ ချက်ချင်းဖြစ်ပေါ်လာတဲ့ တုံ့ပြန်ချက်ကတော့ ထွက်ပြေးဖို့သာ၊ ဒါပေမယ့် မကြာခင်မှာပဲ စက္ကူရုပ်က တခြားစက္ကူရုပ်တွေနဲ့ မတူတာကို နားလည်သွားခဲ့၏။ ၎င်းက အသက်ဝင်နေတဲ့ ပုံစံတွေလည်းမရှိသလို သူ့ကိုတိုက်ခိုက်ဖို့မပြောနဲ့ လှုပ်တောင်မလှုပ်ပေ။
အမျိုးသားက စက္ကူရုပ်ကို ခေါင်းတလားထဲ ထည့်ပြီးချိန်တွင် လူအနည်းငယ်က လျှောက်လာကြပြီး ခေါင်းတလားကို ဝန်းရံလိုက်ကြ၏။ ထို့နောက်တွင် ခေါင်းတလားထိပ်ကို စတင်မြေဖို့ကြတော့သည်။
တခြားသူတွေရဲ့မျက်နှာအမူအရာမှာလည်း ခေါင်းတလားကို လာဖွင့်ခဲ့သည့်လူလိုပဲ တောင့်တင်းတဲ့ မျက်နှာအမူအရာတွေရှိနေမှန်းကို ရှောင်ထန်ချိုး သတိထားမိသွားခဲ့သည်။ ခုနက သူ အထဲမှာရှိနေတုန်း ခေါင်းတလားက မြေဖို့ခံထားရသည်ပင်။ ခေါင်းတလားက တအားမွန်းကြပ်နေခဲ့တာ အံ့သြစရာမရှိတော့။ တစ်စုံတစ်ယောက်ကသာ ခေါင်းတလားကို လာမဖွင့်ခဲ့ရင် သေချာပေါက် မွန်းပြီးသေသွားလိမ့်မည်။
အဲ့နောက်မှာတော့ အခုက ညရောက်နေပြီမှန်းကို သတိထားမိသွားခဲ့၏။ မှုန်ဖျဖျ လရောင်မှနေတစ်ဆင့် သူ ဖန်းလန်ရဲ့အိမ်နောက်မှာ ရှိနေမှန်းကို ပြောနိုင်လေသည်။ ပိုပြီးထိတ်လန့်စရာကောင်းသည်မှာ အနှီစက္ကူရုပ်တွင် ဝတ်ဆင်ထားသည် ကြက်သွေးရောင်မင်္ဂလာဝတ်စုံအား သူ ဝတ်ဆင်ထားခြင်းပင် !
ရှောင်ထန်ချိုး နှလုံးခုန်သံ တစ်ချက်လွဲသွားခဲ့ရသည်။ ဘာတွေဖြစ်နေမှန်းကို စဉ်းစားချိန်မရခင်မှာပဲ အဝေးမှ ဗုံတီးသံများနှင့် မောင်းထုသံအကျယ်ကြီးမကို ရုတ်တရက်ကြားလိုက်ရသည်။ အနှီဆူညံသံများက တိတ်ဆိတ်သည့်ညကို ဖြိုခွင်းသွားခဲ့ကာ မသေချာမရေရာသည့် နိမိတ်အာရုံအား မြင့်တက်လာစေလေသည််။
တစ်ယောက်စီး မင်္ဂလာဝေါယာဉ်အနီရောင်ကို သယ်ဆောင်လာသည့် လူတစ်စုက အရှေ့တံခါးပေါက်ဆီ အမြန်ရောက်ရှိလာကြသည်။
ရှောင်ထန်ချိုး တစ်စုံတစ်ရာကို နားလည်သွားကာ လှည့်ပြေးချင်ခဲ့ပေမယ့် ခေါင်းတလားကို ဖွင့်ခဲ့သည့် အမျိုးသားထံမှနေ တင်းတင်းကြပ်ကြပ်ဖမ်းဆွဲခံရပြီး မင်္ဂလာဝေါယာဉ်ဆီ ဆွဲခေါ်သွား ခံလိုက်ရလေသည်။ အမျိုးသားက သူ့အပေါ်မှာ လုံးဝလွှမ်းမိုးထားခဲ့ပြီး နည်းနည်းလေးမှကို ရုန်းကန်ခွင့်မပေးပေ။
သတို့သမီးကို လိုက်ပါစောင့်ရှောက်သည့်ပွဲက တခြားသူတွေလိုပဲ တည်တည်ငြိမ်ငြိမ်ပင်။ မင်္ဂလာဝေါယာဉ်ထဲကို ရှောင်ထန်ချိုး ထိုးထည့်ခံရပြီးနောက်မှာတော့ သတို့သမီး လိုက်ပါစောင့်ရှောက်သည့်ပွဲက စတင်တော့၏။
ရှောင်ထန်ချိုး ခါးသက်သက်ရယ်မောလိုက်မိသည်။ သူ့အသက် 25 နှစ်လုံးလုံး မိန်းကလေးတစ်ယောက်ရဲ့ နူးညံ့တဲ့လက်တွေကိုကိုင်ဖို့အတွက် အခွင့်အရေးတောင်မရခဲ့ဖူးပေ။ အခုတော့ မင်္ဂလာဝတ်စုံအနီရောင်ကို ဆင်မြန်းရင်း တခြားတစ်ယောက်နဲ့ အိမ်ထောင်ဖက်တွေ့ဖို့ ဖြစ်လာရသည်တဲ့ ? ဘယ်နေရာကများ မှားသွားခဲ့တာလဲ ?
ဝေါယာဉ်က ခဏမျှ အထက်အောက်လှုပ်ရှားနေပြီးနောက် လုံးဝရပ်သွားခဲ့သည်။
ရှောင်ထန်ချိုးမှာ ဝေါယာဉ်ထဲမှ အတင်းအဓမ္မဆွဲထုတ်ခံရပြီး မင်္ဂလာခန်းမထဲ ဆွဲခေါ်သွားခံလိုက်ရ၏။
ခန်းမထဲတွင် သခင်မကြီးက ဂုဏ်သရေရှိစွာ ထိုင်နေခဲ့ပေသည်။ သူမ၏ ဘေးတွင် မိသားစုဝင်အမျိုးသမီးများကလည်း သခင်မကြီးရဲ့ မျက်နှာသေအမူအရာအတိုင်း ထိုင်နေကြ၏။ ၎င်းက ယွမ်မိသားစုတစ်ခုလုံးရဲ့ ထူးခြားတဲ့လေထုကို ချဲ့ကားပြထားလေသည်။
မကြာခင်မှာပဲ သတို့သားဝင်လာရမယ့်အချိန်ကို ရောက်လာခဲ့ချေပြီ။ သူထင်ထားတဲ့အတိုင်း မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားတဲ့ စက္ကူရုပ်တစ်ရုပ်ဖြစ်နေပြီး ခြယ်သထားတဲ့ မျက်နှာအသွင်အပြင်တွေကလွဲရင် သူမြင်ခဲ့ရတဲ့ ယွမ်ကျိကျိုးနဲ့မတူပဲ အတော့်ကိုပုံမှန်ဖြစ်ပေသည်။ ၎င်းရဲ့မျက်နှာက နံရံပေါ်က အိမ်သုတ်ဆေးတွေလို ဖြူဖွေးနေပြီး နှုတ်ခမ်းတွေက အခုလေးတင် သွေးအန်ထားတဲ့သူလိုမျိုး ရဲရဲနီနေ၏။ အနှီထူးဆန်းသည့် မျက်နှာပေါ်မှ ဆေးခြယ်ထားမှုက သူ့နှလုံးသားထဲမှ ကြောက်ရွံ့မှုကို လှုံ့ဆော်ပေးနေလေသည်။
ရှောင်ထန်ချိုးမှာ စက္ကူရုပ်နဲ့အတူ ဒူးထောက်အရိုအသေပေးပြီး မင်္ဂလာအခမ်းအနားကို ပြီးမြောက်စေဖို့ ဖိအားပေးခံခဲ့ရ၏။ ထို့နောက်မှာတော့ ယွမ်ကျိကျိုးအခန်းထဲ ခေါ်သွားခံလိုက်ရတော့သည်။
ခေါင်းတလားဆီကို ရောက်တဲ့အထိ ရှောင်ထန်ချိုး လွတ်မြောက်ဖို့အခွင့်အရေး ရှာမတွေ့ခဲ့ပေ။ တစ်ဖန်ထပ်ပြီး ခေါင်းတလားထဲကို အနောက်ကနေ အားနဲ့တွန်းချခံလိုက်ရပြန်၏။ အဲ့ဒီနောက် ချက်ချင်းပဲ စက္ကူရုပ်ကို သူ့ဘေးမှာ ချထားလိုက်ကြလေသည်။
” မဟုတ်ဘူး ! ” သူ အပြင်းအထန် ငိုကြွေးလိုက်သည်။
ထို့နောက်မှာတော့ ခေါင်းတလားက နောက်တစ်ကြိမ်ထပ်ပြီး ပိတ်သွားခဲ့၏။
” ငါ့ကို အခုချက်ချင်းထုတ်ပေး! ”
ရှောင်ထန်ချိုး ခေါင်းတလားအဖုံးကို အရူးအမူးထုရိုက်ခဲ့ပေမယ့် ၎င်းက တစ်လက်မတောင် ရွေ့မသွားခဲ့ပေ။ သူ့လက်တွေ ထုံကျင်လာတဲ့အထိ ထုရိုက်ပြီးနောက်မှာတော့ သူ့ဘေးမှာရှိနေသည့် စက္ကူရုပ်က လှုပ်သွားတာကို ရုတ်တရက်ခံစားလိုက်ရလေသည်။
တစ်စက္ကန့်စာလောက် သူ့ပုံစံက ကားရှေ့မီးနဲ့ အထိုးခံရပြီး ကြောက်ရွံ့မှုကြောင့် အင်အားမဲ့သွားသည့် သမင်လေးတစ်ကောင်လိုမျိုးပင်။ ဒါပေမယ့် သူ ဘေးဖက်ကို အမြန်ရှောင်လိုက်ပြီး စက္ကူရုပ် အသက်ဝင်လာမှာကို ကြောက်ရွံ့နေလေ၏။
ရှောင်ထန်ချိုး ပိုပြီးကြောက်ရွံ့လာလေ၊ စက္ကူရုပ်က အမှန်တကယ် အသက်ဝင်လာတာကို သူ ပိုခံစားမိလာလေပင်။ စက္ကူရုပ်ရဲ့ အသက်ရှုသံကိုတောင် ကြားနေရပြီး ထိုအသံက သူ့နားကို အသာအယာဖြတ်ကျော်သွားပေသည်….. ဒါပေမယ့် စက္ကူရုပ်က ဘယ်လိုလုပ် အသက်ရှူနိုင်မှာလဲ ? သရဲတွေလည်း အသက်မရှူဘူးလေ ! ဒါ အာရုံချောက်ချားနေတာပဲ ဖြစ်ရမယ် ! ဟုတ်တယ်၊ သူ ကြောက်ပြီး ထင်ယောင်ထင်မှားတွေဖြစ်နေတာ !
သူ့ကိုယ်သူ အာရုံပျံ့အောင်လုပ်ဖို့ ကြိုးစားလေ ဖရိုဖရဲဖြစ်တဲ့ အတွေးပေါင်းစုံနဲ့အတူ သူ့ရင်ဘတ်ထဲက နှလုံးသားက မတည်မငြိမ်ဖြစ်လာလေပင်။ ဒါပေမယ့် သူ့စိတ်က ပူးပေါင်းဖို့ကိုငြင်းဆန်နေပြီး စက္ကူရုပ်က သူနဲ့နီးနီးလေးလှဲနေတယ်ဆိုတဲ့ အချက်အပေါ်မှာ အာရုံစိုက်နေခဲ့သည်။
ဟောဟဲ…..
ဟောဟဲ….. ဟောဟဲ…..
အသက်ရှူသံက ပိုပိုပြီး ကျယ်လာခဲ့သည်။ ဒါက ထင်ယောင်ထင်မှားတစ်ခုဆိုပြီး ရှောင်ထန်ချိုး သူ့ကိုယ်သူမလိမ်နိုင်တော့။ သူ့ရဲ့အသက်ရှူသံကို သူပြန်ကြားနိုင်စရာ အကြောင်းမရှိပေ၊ အဘယ်ကြောင့်ဆိုသော် သူက လှေကားဆယ်ထပ်လောက်ကို ပြေးတက်နေသလိုမျိုး ဟောဟဲလိုက်နေခဲ့ခြင်းကြောင့်ပင်။ဒါဖြင့် သူ့ရဲ့အသက်ရှူသံ မဟုတ်ဘူးဆိုရင် ဘယ်သူ့အသံလဲ ?
ကြောက်ရွံ့မှုက သူ့ရဲ့ခြေတွေလက်တွေကို အားနည်းသွားစေခဲ့သည်။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာပုံကြီးကို မုန်းတယ်လို့ ! ထန်းမျန်မျန်သာဆိုရင် ကြောက်ပြီး သတိမေ့သွားလောက်ပြီ ! အဲ့အစား ဒီမှာရှိတဲ့လူက သူဖြစ်နေတော့ မယုံနိုင်စရာကောင်းအောင် ကြောက်ဖို့ကောင်းနေတာတောင် သတိက ရှိနေတုန်းပင်။ သူ့မှာ ပိုပြီးတော့ကြောက်လေ၊ ပိုပြီးတော့ နိုးနိုးကြားကြားရှိလာလေဖြစ်သည်။ သတိလစ်မယ့် အရိပ်အယောင် လုံးဝမပြသေးဘူး !
တစ်ခါတစ်ရံမှာ သတိမေ့မြောသွားခြင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ပုံစံတစ်ခုအဖြစ်နဲ့ မှတ်ယူနိုင်ပေသည်။ ဒီလို ကိုယ့်ဘာသာကာကွယ်တဲ့ နည်းစနစ်က သူ့မှာလည်း ဘာကိစ္စရှိမနေရတာလဲလို့ ?!
နောက်တစ်စက္ကန့်မှာတော့ သူ့ဘေးက စက္ကူရုပ်က ပိုပိုပြီးတော့တောင် လှုပ်လာတာကို ရှောင်ထန်ချိုး ခံစားလိုက်ရလေသည်။ တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုက သူဝတ်ထားတဲ့ မင်္ဂလာဝတ်စုံကို လျစ်လျူရှုထားရင်း သူ့ရင်ဘတ်ကို အေးစက်စက်တစ်ခုခုနဲ့ လာဖိနေခဲ့သည်။
သူ အထိတ်တလန့်ဖြစ်သွားပြီး ထိုအေးစက်စက်အရာက ဘာလဲဆိုတာကို မတွေးဖို့ကြိုးစားလိုက်သည်။ အသက်ကို ပြင်းပြင်းရှူကာ စက္ကူရုပ်ကို အဝေးသို့ တွန်းထုတ်ပစ်လိုက်၏။ သူရဲဘောကြောင်တဲ့သူတစ်ယောက်အဖြစ် အသက်ရှင်နေတာထက်စာရင် ယောကျ်ားတစ်ယောက်အဖြစ် သေသွားတာပိုကောင်းမည် ဟူသည့် ယုံကြည်ချက်ကိုလက်ကိုင်ထားရင်း ခေါင်းတလားအဖုံးကို သူ့ရှိသမျှအားနှင့် ဝင်ဆောင့်ပစ်လိုက်တော့သည်။
ရှောင်ထန်ချိုးတစ်ယောက် သူ့ခေါင်းနဲ့ အားရပါးရဝင်ဆောင့်ပစ်လိုက်တာကြောင့် သတိမေ့လုနီးပါးပင်။ သူ သတိပြန်ဝင်လာချိန်မှာတော့ သူဝင်ဆောင့်ခဲ့တဲ့ ခေါင်းတလားအဖုံးက ပွင့်နေတာကို မြင်လိုက်ရလေသည်။ သူ ဘေးကိုလှည့်ကြည့်လိုက်ပေမယ့် သူ့ကို သေအောင်ခြောက်လှန့်ခဲ့တဲ့ စက္ကူရုပ်က အခု မရှိတော့။
……….. ဘာတွေဖြစ်သွားတာလဲ ?
သူ မော့ကြည့်လိုက်ရာ ယွမ်ကျိကျိုးရဲ့အခန်းထဲမှာပဲ ရှိနေသေးမှန်း သိသွားခဲ့ပေမယ့် သူ ပြန်ရောက်လာခဲ့တာဆိုတဲ့ အလိုလိုသိစိတ်တစ်ခုက ရှိနေခဲ့သည်။ ဒါပေမယ့် အခုအချိန်မှာ နောက်ထပ်ပြဿနာတစ်ခုက ထန်းမျန်မျန် ဘယ်ရောက်သွားတာလဲ?
” ထန်းမျန်မျန်? ထန်းမျန်မျန်! ”
ရှောင်ထန်ချိုး ခေါင်းတလားထဲက အမြန်ထွက်ပြီး အခန်းထဲကို ချက်ချင်းရှာလိုက်ပေမယ့် ထန်းမျန်မျန်ကို ဘယ်မှာမှရှာလို့မတွေ့တာကြောင့် သူ့ကိုဆက်ရှာရန် အပြင်ဖက်သို့ ကမန်းကတန်းပြေးထွက်သွားခဲ့၏။
အခန်းအပြင်ဖက်မှာ ရှာခဲ့ပေမယ့်လည်း ထန်းမျန်မျန်ရဲ့အရိပ်အယောင်ကို ရှာလို့မတွေ့သေးပေ။ ယွမ်ကျိကျိုးရဲ့အခန်းဆီ ပြန်လှည့်ကြည့်လိုက်ချိန်မှာတော့ သူ သတိမထားမိချိန်တွင် ဖယောင်းတိုင်က မီးငြိမ်းသွားခဲ့လေပြီ။ ယွမ်ကျိကျိုးရဲ့ အခန်းက အမှောင်ထုထဲကို နောက်တစ်ဖန် နစ်မြှုပ်သွားခဲ့ပြန်၏။
ရှောင်ထန်ချိုး အာရုံစုစည်းရန် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ခြံဝင်းတစ်ခုလုံးကို စရှာတော့သည်။ သူ အဲ့ဒီသတ္တိတွေကို ဘယ်နေရာကရလာမှန်းတောင် မသေချာခဲ့ပေ။
ဒါပေမယ့် သူ့ကို တုန်လှုပ်ချောက်ချားစေတာကတော့ ထောင့်တိုင်း အက်ကြားတိုင်းကို ရှာပြီးတဲ့နောက်မှာတောင် ထန်းမျန်မျန် လူတစ်ကိုယ်လုံးမပြောနဲ့၊ ဆံချည်တစ်မျှင်ကိုတောင် သူ ရှာလို့မတွေ့ခဲ့ခြင်းပင်။
သူ့ရဲ့နှလုံးသားက နစ်မြှုပ်သွားခဲ့ပြီး ထန်းမျန်မျန် ပျောက်ကွယ်သွားပြီဆိုတဲ့ အမှန်တရားကိုသာ လက်ခံလိုက်ရ၏။