Chapter 16
ထန်းမျန်မျန်က ကံခေသွားခဲ့တာ ဖြစ်နိုင်သည်။ ရှောင်ထန်ချိုး အဲ့နည်းလမ်းကို မတွေးခဲ့ချင်ပေမယ့်လည်း ဒီချောက်ချားစရာ နေရာမှာရှိတဲ့ အရာရာတိုင်းက ဘေးဒုက္ခအန္တရာယ်အား ညွှန်ပြနေခဲ့သည်။
သူ လေးလေးပင်ပင် သက်ပြင်းချလိုက်ပြီး ထန်းမျန်မျန် ပြန်ရောက်လာလိမ့်မည်ဟူသည့် အလားအလာမရှိတဲ့ ရလဒ်အပေါ်မှာ မျှော်လင့်ချက် သိပ်မထားတော့ပေ။ ဒီလိုအခြေအနေတွေအောက်မှာ ထန်းမျန်မျန်လို ရှက်ကြောက်တတ်တဲ့ သူတစ်ယောက်က သူ့ဘာသာထွက်သွားဖို့ ဘယ်လိုလုပ်သတ္တိရှိမှာလဲ ?
ရှောင်ထန်ချိုး ခြံဝင်းထဲကထွက်ပြီး သူ ခုနကလာခဲ့တဲ့လမ်းအတိုင်း ပြန်သွားခါနီးမှာပဲ သူနဲ့သိပ်မဝေးတဲ့နေရာမှာ မတ်တပ်ရပ်နေသည့် အမဲရောင်ပုံသဏ္ဍာန်တစ်ခုအပေါ် အကြည့်ရောက်သွားခဲ့လေသည်။ ပုံရိပ်က ထန်းမျန်မျန်နဲ့ နည်းနည်းတူနေတာကို သတိပြုမိသွားတာကြောင့် သူ ကြောက်နေဖို့ အခွင့်အရေးတောင်မရှိခဲ့ပေ !
သူ သတိထားမိသွားတာနဲ့တပြိုင်နက် ထိုလူရဲ့ နောက်မှနေ ပြေးလိုက်သွားခဲ့ပေမယ့် တစ်ဖက်လူက အလျင်အမြန်ပြေးသွားခဲ့သည်။ သူ မသိလိုက်ခင်မှာပဲ အဲ့လူနောက်မှနေလိုက်ရင်း တခြားခြံဝင်းထဲ ရောက်သွားခဲ့လေသည်။ ဒါပေမယ့် အဲ့အချိန်မှာပဲ ပုံရိပ်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့၏။
” ထန်းမျန်မျန်? ထန်းမျန်မျန်! ” သူ စိုးရိမ်တကြီးအော်ခေါ်လိုက်ပြီး သူ့အသံက နေရာအနှံ့ဆီ ပဲ့တင်ထပ်သွားခဲ့သည်။ ဒါပေမယ့် သူ ပြန်ရရှိလိုက်တာကတော့ တိတ်ဆိတ်ခြင်းသာ။
တစ်ခုခုက မှားနေတာကို ရှောင်ထန်ချိုး အာရုံခံမိသွားပြီး ထွက်သွားတော့မည့်အချိန်မှာပဲ ထန်းမျန်မျန်ရဲ့ အကူအညီတောင်းသံကို ကြားလိုက်ရသည်။
” ကယ်ပါ! ကယ်ကြပါ! ကယ်ကြပါဦး! ”
” ထန်းမျန်မျန်လား? ”
ရှောင်ထန်ချိုး မျက်မှောင်ကြုတ်လိုက်ရင်း အော်သံကြားရာဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။ ဖြူဖျော့ဖျော့ လရောင်အောက်တွင် အမည်းရောင် ပုံရိပ်က မြင်ကွင်းထဲကို တဖြည်းဖြည်းဝင်လာခဲ့ပေသည်။ ထိုပုံရိပ်က ရှောင်ထန်ချိုးကို နောက်ကျောပေးကာ ရေတွင်းအစွန်းတွင် ထိုင်နေပြီး ဘာလုပ်နေလဲဆိုတာကိုတော့ ဘုရားသခင်သာ သိလိမ့်မည်။
” ထန်းမျန်မျန်လား? ” ရှောင်ထန်ချိုး သူ့နာမည် နောက်တစ်ကြိမ်ထပ်အော်လိုက်၏။ အမည်းရောင်ပုံရိပ်က လှည့်လာကာ ၎င်းရဲ့မျက်နှာကို ပြလာခဲ့ပေသည်။ ထိုအရာက ထန်းမျန်မျန်ရဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားပေမယ့် မျက်နှာကတော့ ထန်းမျန်မျန်ရဲ့မျက်နှာ ဟုတ်မနေခဲ့ — အဲ့ဒါက ကလေးတစ်ယောက်ရဲ့ မျက်နှာပင်။
ရှောင်ထန်ချိုး ရှင်းရှင်းလင်းလင်း မြင်ရချိန်မှာတော့ ကလေးမျက်နှာက ဒွါရခုနစ်ပေါက်မှနေ သွေးတွေစီးကျလာလေသည်။ ၎င်းရဲ့ မျက်လုံးတွေ၊ နားတွေ၊ နှာခေါင်းတွေနဲ့ ပါးစပ်ကနေ ကြက်သွေးရောင် သွေးပျစ်ပျစ်တွေ အဆက်မပြတ်ယိုစီးကျနေသည်အား သူ ထိတ်လန့်တကြား ငေးကြည့်နေခဲ့၏။
သူ ထိတ်လန့်မှုက ပြန်သက်သာလာချိန်မှာတော့ ရှောင်ထန်ချိိုး အမြန်ထွက်ပြေးဖို့ ကြိုစားလိုက်ပေမယ့် နောက်မှနေ ရုတ်တရက်တွန်းခံလိုက်ရပေသည်။ အဲ့တစ်ချက်တွန်းခံရတာနဲ့တင် သူ့ဟန်ချက်ပျက်သွားပြီး အထဲကို ပြုတ်ကျသွားတော့၏။
ရှောင်ထန်ချိုး အော်တောင်မအော်ရသေးခင်မှာပဲ ရေတွင်းရဲ့ အောက်ခြေကိုရောက်သွားကာ တစ်စုံတစ်ခုပေါ်ကို ပြင်းထန်စွာ ပြုတ်ကျသွားခဲ့ပြီး ၎င်းက မာလည်းမမာသလို ပျော့တာလည်းမဟုတ်ပေ။ သူ မတ်တပ်ရပ်ဖို့ ရုန်းကန်လိုက်ချိန်တွင် သူ ပြုတ်ကျခဲ့သည့်အရာက လူသေအလောင်းတစ်လောင်းဖြစ်ပုံရသည်အား နားလည်သွားခဲ့သည်။ သူ ကြောက်လန့်တကြား ခုန််ထလိုက်ပြီး တုန်လှုပ်ချောက်ချားမှုဖြင့် ရေတွင်းနံရံတွေကို လက်ဖြင့်စမ််းလိုက်ကာ သူ တွယ်တက်လို့ရနိုင်မယ့် နေရာတစ်ခုကို ရှာဖို့ကြိုးစားလေသည်။
” အူး! အား! ငါ့ကို နင်းနေတယ်ဟ! ”
ထန်းမျန်မျန်ရဲ့အသံ ထွက်လာတာကြောင့် ရှောင်ထန်ချိုး သူကြားလိုက်တာကို မသေချာသေးခင်အထိ သူ့ခြေထောက်နဲ့ ခပ်ပြင်းပြင်းလေး နှစ်ကြိမ်ဆောင့်နင်းကြည့်လိုက်သည်။ ထိုအသံက နောက်တစ်ကြိမ် သနားစဖွယ် ထအော်လာပြန်၏။ ၎င်းက သူ့ခြေထောက်အောက်မှ ထွက်လာနေကြောင်းကို ရှောင်ထန်ချိုး ရုတ်တရက် နားလည်သွားခဲ့လေသည်။ သူ တက်နင်းထားသည့် ခန္ဓာကိုယ်က ထန်းမျန််မျန်နဲ့ သက်ဆိုင်နေသလားဆိုတာကို စူးစမ်းဖို့အတွက် အောက်ကိုငုံ့ကြည့်လိုက်၏။
ရှောင်ထန်ချိုး အပြင်းအထန် တုန်လှုပ်နေခြင်းမှ သက်သာသွားခဲ့ကာ ” မင်းက လူလား သရဲလား?! ”
ထန််းမျန်မျန်ခမျာ အားနည်းစွာ ပြန်ဖြေလာခဲ့သည်။
” …… ငါသာ သရဲဆိုရင် မင်းကို ငါကသရဲပါလို့ပြောပါ့မလား? ”
ရှောင်ထန်ချိုး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ထန်းမျန်မျန်ကို ကူထူပေးဖို့ ခါးကိုင်းလိုက်သည်။
” အခုလေးတင် ငါမင်းနဲ့တူတဲ့လူတစ်ယောက်ကို မြင်လိုက်လို့် အဲ့လူနောက်ကနေ ပြေးလိုက်ရင်း ဒီကိုရောက်လာတာ။ နောက်တော့ ရေတွင်းထဲကို တွန်းချခံလိုက်ရရော….. ”
ထန်းမျန်မျန် ကျိန်ဆဲလေသည်။ ” ဖာ့ခ်! ငါလည်း မင်းနဲ့တူတဲ့လူတစ်ယောက်ကို တွေ့လိုက်တာကွ!”
သူတို့နှစ်ယောက်သား ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို အချင်းချင်းဖလှယ်ကြသည်။ အစောပိုင်းတွင် ခေါင်းတလားက ပိတ်ထားကြောင်း ထန်းမျန်မျန် ရှာတွေ့သွားချိန်၌ ခေါင်းတလားကိုဖွင့်ဖို့ သူ ကြိုးစားခဲ့၏။ သို့သော်လည်း ၎င်းက လုံးဝကိုမရွေ့ပေ။ ဒါကြောင့် အဖုံးကို ကလော်ဖွင့်ဖို့ပဲဖြစ်ဖြစ် ခေါင်းတလားကို တစ်စစီဖျက်ဖို့ပဲဖြစ်ဖြစ် ကရိယာတန်ဆာပလာတွေ ရှာဖို့အတွက် ခြံဝင်းထဲမှာရှာဖို့ ဆုံးဖြတ်လိုက်လေသည်။ ဒါပေမယ့် သူ တန်ဆာပလာတွေ ရှာနေတုန်းမှာပဲ အမည်းရောင်အရိပ်တစ်ခုက ခြံဝင်းထဲမှ ပြေးထွက်သွားတာကို သတိထားမိသွားခဲ့သည်။ သဘာဝကျစွာပဲ သူက ရှောင်ထန်ချိုး သူ့ဘာသာ အဖုံးဖွင့်ထွက်သွားတယ်လို့ ယူဆလိုက်ပြီး ဒီနေရာကိုရောက်တဲ့အထိ ရှောင်ထန်ချိုး နောက်မှနေ လိုက်လာခဲ့၏။
” ငါက မင်းရေတွင်းအစွန်းမှာ ထိုင်နေတာမြင်တော့ သရဲပူးခံထားရတယ် ထင်လိုက်တာ။ မင်းကို ဆွဲမလို့လုပ်ခါနီးမှာပဲ တစ်ယောက်ယောက်က ငါ့ကိုရေတွင်းထဲ တွန်းချလိုက်တယ်လေ! ”
ထန်းမျန်မျန် အံကြိတ်လိုက်ရင်း ” ရေတွင်းမှာ ရေမရှိတော့ ငါ့ခေါင်းကိုထိပြီး သတိမေ့သွားတာဖြစ်မယ်။ နောက်တော့ မင်းက ငါ့အပေါ်ကိုပြုတ်ကျလာပြီး လန့်နိုးသွားခဲ့တာပဲ! ”
ရှောင်ထန်ချိုး ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း ” ရေတွင်းက ရေခမ်းနေတာပဲ တော်သေးတယ်၊ မဟုတ်ရင် ငါတို့တွေ ရေနစ်ပြီးသေကုန်မှာ ”
” ထွက်ဖို့နည်းလမ်းတစ််ခုကို အရင်စဉ်းစားရအောင်! ” ထန်းမျန်မျန်က နာတာရှည်ကြောက်ရွံ့မှုတချို့ ခံစားနေရဆဲဖြစ်ကာ ” မင်းသာ ရောက်မလာခဲ့ရင် ဘယ်သူမှမသိပဲ ငါသေသွားလောက်တယ်…. ”
ရေတွင်းက သိပ်မနက်ပေမယ့် နံရံတွေက အတော့်ကိုချောမွေ့နေသည်။ လူတစ်ယောက်တည်းအားနဲ့ ရေတွင်းကို တွယ်တက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဒါပေမယ့် လူနှစ်ယောက်ဆိုရင်တော့ ရေတွင်းထိပ်ကိုရောက်ဖို့အတွက် တစ်ယောက်က တခြားတစ်ယောက်ပေါ်ကို ဆင့်ပြီးတက်လို့ရနိုင်လေသည်။ နှစ်ယောက်သား ခဏလောက်ဆွေးနွေးလိုက်ကြပြီး ထန်းမျန်မျန်က အရင်ဆုံးတွယ်တက်ကာ ကြိုးတစ်ချောင်းရှာပြီးမှ ရှောင်ထန်ချိိုးကို ထုတ်ပေးဖို့ ဆုံးဖြတ်လိုက်ကြ၏။
အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက်မှာတော့ ထန်းမျန်မျန်မှာ ရှောင်ထန်ချိုးရဲ့ ပုခုံးတွေပေါ်ကိုနင််းရင်း ရေတွင်းမှထွက်နိုင်သွားလေသည်။ ရှောင်ထန်ချိုး အားအင်ကုန်ခမ်းပြီး မြေပြင်ပေါ် လဲကျသွားခဲ့သည်။
” ဒီမှာစောင့်နေဦး! ငါ တတ်နိုင်သမျှ မြန်မြန်ပြန်လာခဲ့မယ်! ”
ရှောင်ထန်ချိုး ပင်ပန်းလွန်းတာကြောင့် လှဲသာနေလိုက်ချင်တော့သည်။ ဘာပဲဖြစ်ဖြစ် ထန်းမျန်မျန် ကြိုးသွားရှာတာကို စောင့်ဖို့ လိုနေတုန်းပဲလေ။ ရေတွင်းအောက်ခြေက သိပ်ပြီးမညစ်ပတ်တာကိုတွေ့တော့ မြေပြင်ပေါ်ဖုံးအုပ်နေတဲ့ သစ်ရွက်တွေပေါ်မှာ သူ လှဲချလိုက်တော့သည်။ ဒါပေမယ့် အဲ့အချိန်မှာပဲ သူ့နောက်ကျောတွင် ခပ်မာမာတစ်ခု ဖိမိနေတာကို ခံစားလိုက်ရ၏။ သူ ကျောနောက်ကို လက်ထိုးထည့်လိုက်ပြီး ခပ်မာမာ အဝိုင်းပုံစံပစ္စည်းအား ဆွဲထုတ်လိုက်ပေသည်။
ထိုအရာက ဘာဖြစ်ကြောင်းကြည့်ဖို့ကို မှိန်ဖျဖျလရောင်က ရှောင်ထန်ချိုးအား ခွင့်ပြုပေးထားလေ၏။ ရှောင်ထန်ချိုး ကြောက်လန့်တကြား အော်လုနီးပါးပင် — အဲ့ဒါက တကယ်ကြီးကို လူခေါင်းခွံဖြစ်နေခဲ့၏ !
ဦးခေါင်းကို ဘေးသို့ချက်ချင်းပစ်ထုတ်လိုက်ပေမယ့် ဦးခေါင်းခွံက နံရံကိုထိမိသွားချိန်မှာပဲ အရိပ်ကျနေတဲ့ မျက်လုံးအခွက်ထဲကနေ တောက်ပနေသည့် အရာတစ်ခု ထွက်ကျလာခဲ့ပေသည်။
…….. အဲ့ဒါက ဘာကြီးလဲ ?
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ထိုပြောင်လက်လက်အရာကို ရှောင်ထန်ချိုး သွားကောက်ကြည့်လိုက်သည်။ သူ့လက်ထဲရောက်လာချိန်မှာတော့ ၎င်းက သော့သေးသေးလေးတစ်ချောင်းဖြစ်ကြောင်းကို သိလိုက်ရ၏။
သော့လား? ရေတွင်းအောက်ခြေမှာ သော့က ဘာလို့ရောက်နေတာလဲ? ဒါဆို သူက အခု တံခါးကိုရှာရမှာလား?
သူ သော့ကို တိတ်တိတ်လေးယူလိုက်ပြီး ဦးခေါင်းခွံကို စူးစမ်းကြည့်ဖို့အတွက် ကောက်ယူလိုက်၏။တစ်ချက်အကြည့်မှာတင် ဦးခေါင်းခွံရဲ့ မျက်လုံးပေါက်တွေက ပုံမှန်ထက်ပိုကြီးနေတာကို သတိထားမိသွားခဲ့သည်။ သူ့မှာ နှိုင်းယှဉ်ကြည့်စရာ တခြားလူခေါင်းခွံတွေ မရှိပေမယ့် ဒီဦးခေါင်းခွံရဲ့ မျက်လုံးပေါက်တွေက ပုံမှန်မဟုတ်အောင် ကြီးမားနေတာကိုတော့ သူပြောနိုင်ဆဲပင်၊ တစ်စုံတစ်ယောက်က မျက်လုံးပေါက်တွေကို ပိုကျယ်အောင် အားနဲ့တူးဆွထားသလိုမျိုး….. အစပိုင်းတွင် သူတို့တွေ့ခဲ့ကြသည့် လှေသမားကြီးရဲ့မျက်လုံးပေါက်များမှာ ကလော်ထုတ်ထားခံရကြောင်း သတိပြန်ရသွားခဲ့သည်။
ထိုအချိန်မှာပဲ ထန်းမျန်မျန်က နောက်ဆုံးတော့ ကြိုးတစ်ချောင်းရှာတွေ့သွားခဲ့သည်။ သူက အစွန်းတစ်ဖက်ကို သစ်ပင်တစ်ပင်မှာချည်ပြီး နောက်တစ်ဖက်ကို ရေတွင်းထဲ ပစ်ချပေးခဲ့၏။
ရှောင်ထန်ချိုးတွင် ကျောက်တောင်တက်သည့်အတွေ့အကြုံမရှိတာကြောင့် ချောနေတဲ့ရေတွင်းကို အောင်အောင်မြင်မြင်နဲ့ ချိတ်တက်ပြီး ရေတွင်းထဲကနေ တုန်တုန်ရီရီနဲ့ မထွက်နိုင်ခင်အထိ အကြီးအကျယ်အားထုတ်လိုက်ရသည်။ အားအင်တွေအကုန်လုံး ကုန်ဆုံးသွားခဲ့ပြီးနောက်မှာတော့ သူ့ခြေထောက်က မြေကြီးနဲ့ ထိသွားခဲ့၏။ သို့သော်လည်း သူ အသက်ရှူဖို့တောင် မရပ်ခဲ့ပဲ ထန်းမျန်မျန်ကို ဆတ်ခနဲဆွဲရင်း ခြံဝင်းမှ ထွက်လာခဲ့လိုက်သည်။ ထန်းမျန်မျန်ကလည်း သူတို့ရဲ့ သာယာတဲ့အခိုက်အတန့်လေးကို ခံစားနေဖို့ ရည်ရွယ်မထားခဲ့ပေ၊ နှစ်ယောက်သား သူတို့နေတဲ့ခြံဝင်းဆီကိုသာ ခြေသုတ်တင်ကြတော့သည်။
ပြန်လာတဲ့လမ်းတစ်လျှောက်လုံး သူတို့ကံကောင်းနေပြီး တခြားဘာနဲ့မှ မတိုးခဲ့ကြပေ။ အိမ်တော်ထိန်းက သူတို့အတွက် စီစဉ်ပေးခဲ့တဲ့ခြံဝင်းဆီ ဘေးကင်းကင်းနဲ့ ပြန်ရောက်သွားခဲ့ကြသည်။ ခြံဝင်းထဲမှာ အခန်းတွေ တော်တော်များများရှိပြီး အချို့အခန်းတွေက မီးလင်းနေကာ ကျန်တာတွေကတော့ လူမနေဟူသည့် အဓိပ္ပါယ်ကိုဆောင်ရင်း မှောင်မဲနေ၏။
သူတို့ ကြုံသလိုရွေးထားခဲ့သည့် အခန်းက မီးမလင်းနေပေ။ အခန်းထဲဝင်ကာ ဖယောင်းတိုင်ထွန်းလိုက်ပြီးနောက်တွင်တော့ သူတို့ စိတ်သက်သာစွာ သက်ပြင်းချလိုက်မိကြပြီး အိပ်ရာထဲ လဲကျသွားကြတော့သည်။
နည်းနည်းလေးကြာပြီးနောက် ထန်းမျန်မျန်က မေးလာ၏။ ” လော့မန်စုနဲ့ အမြွှာညီအစ်မတွေ ပြန်ရောက်နေကြပြီထင်လား? ” သူ့မျက်နှာပေါ်တွင် ပူပန်နေသည့် အကြည့်တစ်ခုရှိနေခဲ့ကာ သူတို့ကိုလည်း မမျှော်လင့်တဲ့အရာတစ်ခုနဲ့ ကြုံစေချင်နေမှန်း သိသာလှသည်။
” လော့မန်စုက ငါတို့လို လူသစ်တွေမဟုတ်ဘူး။ ငါတို့သာ ဒါကိုဖြေရှင်းနိုင်ရင် သူ့အတွက်တော့ ဒါက ဘာမှဟုတ်မနေဘူး ” ရှောင်ထန်ချိုး တုံ့ဆိုင်းနေပြီးနောက် အလေးအနက်ပြောလိုက်သည်။
” အဲ့ဒါအပြင် ငါတော့ သူ့ကို ရိုးရှင်းတဲ့သူတစ်ယောက်လို့မထင်ဘူး။ သူ ငါတို့မသိအောင် ဖုံးကွယ်ထားတဲ့အရာတွေ အများကြီးရှိသေးတယ်လို့ ဆက်တိုက်ခံစားနေရတယ် ”
” မင်း ဘာကိုပြောချင်တာလဲ? ” ထန််းမျန်မျန် မေးလိုက်သည်။
ရှောင်ထန်ချိုး ပုခုံးတွန့်လိုက်ပြီး ” မသေချာပါဘူး။ ဒီအတိုင်း ငါခံစားမိနေရုံပဲ။ သူက ကစားသမားဟောင်းတစ်ယောက်ဆိုပေမယ့် လူဟောင်းတစ်ယောက်လို ပြုမူမနေဘူး။ သူက အချိန်တိုင်း ခေါင်းဆောင်သွားသလိုထင်ရပြီး တစ်ခါတစ်လေဆို ဆုံးဖြတ်ချက်တွေချတတ်ပေမယ့်…… သူနဲ့ပတ်သတ်ပြီး တစ်ခုခုလွဲနေတာရှိတယ်လို့ ငါခံစားနေရတယ် ”
” သူက သိုးရေခြုံထားတဲ့ ဝံပုလွေများလား ” ထန်းမျန်မျန် မျက်မှောင်ကြုတ်လိုက်သည်။ ” ငါတို့တွေ အခုကစပြီး ပိုသတိထားရတော့မယ်….. ”
ရှောင်ထန်ချိုး တစ်စက္ကန့်မျှတန့်သွားပြီးနောက် ရေတွင်းထဲမှာ သူရှာတွေ့ခဲ့တဲ့ကိစ္စကို ပြန်ပြောပြလိုက်သည်။ ” ငါတို့တွေ သော့ခတ်ထားတဲ့ တံခါးပဲဖြစ်ဖြစ် သေတ္တာပဲဖြစ်ဖြစ် အဲ့လိုဟာမျိုးတစ်ခုခုကို ရှာရမယ်ထင်တယ် ”
” ဘာလား?! ငါလည်း ရေတွင်းထဲပြုတ်ကျခဲ့တာလေ၊ ဒါပေမယ့် မင်းက ဦးခေါင်းခွံနဲ့ သော့တစ်ခုကိုရှာတွေ့ပြီး ငါကျတော့ ဘာမှမတွေ့ရတာလဲ? ” ထန်းမျန်မျန် မှင်သက်သွားခဲ့ရသည်။ ” မင်းက သေချာပေါက်ကို လုယက်တဲ့ သားရဲတစ်ကောင်ပဲ! အခုအချိန်မှာတောင် item တွေ လုဖို့ကို သတိရနေတုန်းပဲ ”
ရှောင်ထန်ချိိုး အကူအညီမဲ့စွာ ရယ်မောလိုက်၏။ သူ horror game တစ်ပွဲဆော့တိုင်း item တွေလုယူဖို့ အမြဲချောင်းနေလိမ့်မည်ပင်။ ၎င်းက အဓိက item တွေနဲ့ သူ့ကိုလွဲမသွားစေပေမယ့် အချိန်တွေအများကြီးကိုလည််း အလဟဿကုန်သွားစေလေသည်။ ဒါကြောင့် သူ့ဖန်များက လုယက်တဲ့သားရဲ ဟူ၍ သူ့ကို စတင်ခေါ်ကြတော့သည်…. ဒါပေမယ့် အဲ့ဒါက ရှင်းလင်းနေအောင်ကို မတော်တဆရှာဖွေတွေ့ရှိမှုပဲလေ အာ !
ရှောင်ထန်ချိုး ခဏလောက်တွေးကြည့်လိုက်ပြီး ” ငါ ဖန်းလန်ရဲ့ မှတ်ဉာဏ်တွေထဲကို ရောက်သွားခဲ့တဲ့ပုံပဲ…… ”
ထန်းမျန်မျန်မှာ အံ့သြလွန်းလို့ စကားတောင်မပြောနိုင်တော့ပေ။
” သောက်ကျိုးနည်း၊ မင်း ဒီလောက်သဲလွန်စတွေအများကြီးကို ဘယ်လိုများရှာတွေ့လာတာလဲ? မင်း ငါ့နောက်မှာ ရွှေတွေများကျကျန်ခဲ့လား *ဝေလငါးအရူးရယ်?”
( T/N – ဂိမ်းထဲမှာ ပစ္စည်းကောင်းတွေရဖို့အတွက် ပိုက်ဆံအများကြီးသုံးတဲ့သူကို ပြောတာပါ)
ရှောင်ထန်ချိုး ခေါင်းခါလိုက်ရင်း ” အဲ့ဒါ ခေါင်းတလားကြောင့်ပဲ။ အထဲမှာဝင်လှဲလိုက်တဲ့ ဘယ်သူမဆို အဲ့ဒါကိုမြင်ရမယ်လို့ ထင်တယ်။ ငါတို့တွေ သော့ကိုအရင် လေ့လာသင်တယ်ထင်တာပဲ….. ” သူ သော့ကိုဆွဲထုတ်လိုက်ချိန်မှာပဲ တခြားတစ်ခုခုက ထွက်ကျလာပြီး မြေပြင်ပေါ် လိမ့်သွားခဲ့သည်။
ထိုအရာကို ရှောင်ထန်ချိုး ထိတ်လန့်မှုဖြင့် ကြည့်လိုက်မိ၏။
၎င်းက အနှီကျောက်စိမ်းဆွဲပြားပင်……
ဖန်းလန်ကို ယွမ်ကျိကျိုးပေးခဲ့သည့် ဆွဲပြား…….