Chapter 17
ဒီကျောက်စိမ်းဆွဲပြားက ဘယ်ကထွက်လာတာလဲ ?!
ရှောင်ထန်ချိုး အလန့်တကြား ထခုန်လိုက်ရင်း ကျောက်စိမ်းဆွဲပြားက တုန်ယင်နေတဲ့ သူ့လက်ထဲကနေ နောက်တစ်ကြိမ်ထွက်ကျသွားပြန်ကာ မာကျောတဲ့မျက်နှာပြင်နဲ့ ထိမိသွားပြီး ကြွပ်ဆတ်တဲ့အသံတစ်ခု ထွက်လာခဲ့၏။
သူ့ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်း ထသွားခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ရဲ့လှုပ်ရှားမှုတိုင်းကို နောက်ကွယ်ကစောင့်ကြည့်နေသလိုမျိုး ခံစားလိုက်ရသည်။ တစ်စုံတစ်ရာကို မြင်တွေ့ရဖို့မျှော်လင့်ရင်း သူ့ခေါင်းကို ချက်ချင်းလှည့်ကြည့်လိုက်ပေမယ့် သူတွေ့လိုက်ရတာကတော့ ဆေးတွေကွာကျနေတဲ့ ဗလာသက်သက် နံရံကိုသာပင်။
” ဘာလား?! မင်းက ကျောက်စိမ်းဆွဲပြားကိုတောင် လုလာခဲ့တာလား?! ”
ရှောင်ထန်ချိုးနဲ့စာရင် ထန်းမျန်မျန်က အများကြီးပိုပြီး အကောင်းမြင်လေသည်။
” ဒါ ဇာတ်ကြောင်းနဲ့ဆိုင်တဲ့ အရေးကြီးပစ္စည်းပဲ ဖြစ်ရမယ်! အဲ့ဒါက ဇာတ်ကြောင်းကို အသက်သွင်းတဲ့ item တွေထဲက တစ်ခုနေမှာ! ”
” ဟုတ်တယ်ထင်တယ်….. ”
ရှောင်ထန်ချိုး ခဏမျှတန့်သွားပြီးနောက် အကူအညီမဲ့စွာ ပြုံးလိုက်သည်။
” မနက်ဖြန်ကျရင် ကျောက်စိမ်းဆွဲပြားနဲ့ဆိုင်တဲ့ သဲလွန်စတွေရှာကြမယ်။ အခုက တအားနောက်ကျနေပြီဆိုတော့ အနားယူရအောင် ”
ထန်းမျန်မျန်က ဝှါးခနဲ အသံပြုကာ မျက်လုံးတွေကိုပွတ်ရင်း ပြန်ဖြေလာခဲ့၏။
” အင်း၊ ငါလည်း အရမ်းအိပ်ချင်နေပြီ။ အိပ်ကြတာပေါ့ ”
အခန်းထဲမှာ ကုတင်နှစ်လုံး အတိအကျရှိတာကြောင့် သူတို့တစ်ယောက်တစ်လုံး ယူလိုက်ကြသည်။ ထန်းမျန်မျန်က သတ္တိပိုနည်းတာကြောင့် အတွင်းဖက်က ကုတင်ကိုယူလိုက်ပြီး ရှောင်ထန်ချိုးကတော့ တံခါးဘေးမှ ကျန်တဲ့ကုတင်ကိုယူလိုက်သည်။
သူတို့နှစ်ယောက်လုံး ဖိနပ်တွေချွတ်ပြီး အိပ်ရာပေါ် တွယ်တက်လိုက်ကြ၏။ ရှောင်ထန်ချိုးတစ်ယောက် သူ့ဖိနပ်တွေမှာ ဖနောင့်နေရာကို အိပ်ရာဖက်လှည့်ထားပြီး ခြေချောင်းနေရာကို အပြင်ဖက်လှည့်ကာ ဂရုတစိုက်စီနေသည်အား ထန်းမျန်မျန် စောင့်ကြည့်နေခဲ့ပေသည်။ သူ မနေနိုင်ပဲ ထုတ်မေးလိုက်၏၊ ” မင်း ဘာလုပ်နေတာလဲ?ိ ”
ရှောင်ထန်ချိုးက ခပ်တိုးတိုးလေး ပြန်ဖြေလာခဲ့သည်၊ ” ဖိနပ်ထိပ်တွေက အိပ်ရာဖက်ကိုလှည့်နေရင် ညလယ်ခေါင်ကျ သရဲတွေက အိပ်ရာပေါ်တွယ်တက်လိမ့်မယ်ဆိုပြီး ကြားဖူးလို့ ”
ထန်းမျန်မျန် ကျိန်ဆဲတော့သည်၊ ” ဖာ့ခ်၊ မင်း တကယ်ပြောနေတာလား?! ”
ကုတင်ခြေရင်းမှာ ချွတ်ထားတဲ့ သူ့ဖိနပ်တွေကို ကြောက်လန့်တကြားချက်ချင်းပြန်စီလိုက်ပေမယ့် ရှောင်ထန်ချိုးရဲ့ ကြိတ်ရယ်နေသံကို ကြားလိုက်ရလေသည်။ ” …… နောက်နေတာ ”
ရှောင်ထန်ချိုး ထန်းမျန်မျန်သက်ပြင်းချတာကို စောင့်ပြီးနောက် ထပ်စလိုက်ပြန်၏။
” ဒီလိုဆိုရင် နောက်ကျ သရဲတစ်ကောင်ကောင်က ချိတ်တက်လာတဲ့အခါ မြန်မြန်ထွက်ပြေးဖို့ လွယ်သွားတာပေါ့ ”
ထန်းမျန်မျန် မျက်မှောင်ကြုတ်လိုက်ရင်း ” …….. အဲ့လိုရှင်းပြလိုက်လို့ ငါအဆင်ပြေမသွားဘူးနော် အား! ”
” အများကြီးတွေးမနေနဲ့ အိပ်စို့ ” ရှောင်ထန်ချိုး လှဲပြီး မျက်လုံးမှိတ်လိုက်သည်။ ” ဘာပဲဖြစ်ဖြစ် မနက်ဖြန်က နောက်ဆုံးရက်ပဲ ”
ထန်းမျန်မျန် ခဏလောက်တန့်သွားပြီးနောက် ပြောလာခဲ့သည်။
” သတ်မှတ်ထားချိန်ဖြစ်တဲ့ မနက်ဖြန်ကျလို့ ငါတို့တွေ မစ်ရှင်မပြီးရင် ဘာဖြစ်ကြမလဲမသိဘူးနော်? ”
ရှောင်ထန်ချိုး မျက်လုံးမှိတ်ထားရင်း ပြောလိုက်သည်။ ” သေမှာဖြစ်နိုင်တယ်…… ဒါပေမယ့် ဘယ်သူသိမလဲ ? ”
ထန်းမျန်မျန်က ထပ်ပြောချင်သေးပုံပေါ်ပေမယ့် အကြာကြီးတုံ့ဆိုင်းနေပြီးနောက်မှာတော့ အဲ့အကြံကို ပယ်လိုက်သည်။
ရှောင်ထန်ချိုး စိုးရိမ်မှုနဲ့အတူ စိတ်မသက်မသာခံစားရတာကြောင့် သူ အိပ်ပျော်နိုင်မှာမဟုတ်ဘူး ထင်ခဲ့ပေမယ့် မျက်လုံးမှိတ်ပြီး မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်က ခြေကုန်လက်ပန်းကျသွားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေသည်။
၎င်းက အိပ်မက်မမက်သည့် ညတစ်ညပင်။
နောက်တစ်နေ့ မိုးလင်းချိန်မှာတော့ ရှောင်ထန်ချိုး မျက်လုံးဖွင့်လိုက်ချိန်တွင် တစ်ညလုံး ဘာမှဖြစ်မသွားခဲ့ဆိုတာကို သူ မယုံကြည်နိုင်ခဲ့ပေ။ အဲ့အပြင်ကို သူ့ရဲ့အိပ်စက်ခြင်းစွမ်းရည်က တကယ့်ကို တိုးတက်လာ၏….. လုံးဝကို ကျိုးကြောင်းမဆီလျော်လိုက်ခြင်း ! ဒီချောက်ချားစရာနေရာကြီးက တစ်ခုခုတော့ တစ်ခုခုဆိုပေမယ့် သူ့အိမ်မှာတုန်းကတောင် ဒီလောက်ထိ ကောင်းကောင်းအိပ်မပျော်ဖူးပေ။ လွန်ခဲ့တဲ့ခုနစ်နှစ်က မတော်တဆမှုပြီးကတည်းက သူ့မှာ သေချာအိပ်လို့ မပျော်နိုင်ခဲ့ပေ။ ညတိုင်းညတိုင်း အပြင်းအထန် အိပ်မပျော်တဲ့ရောဂါကို ခံစားရတာမဟုတ်ရင် ကြောက်စရာအိပ်မက်ဆိုးတွေ မက်လိမ့်မည်ပင်။
သူ မနေ့ညက ကောင်းကောင်းအိပ်ပျော်ခဲ့ပေမယ့် သူ့နောက်ကျောက ကိုက်ခဲနေပြီး သူ့ခြေတွေလက်တွေက နာကျင်နေခဲ့သည်။ သစ်သားကုတင်ပေါ်မှာ အိပ်ရတာက ကြမ်းပြင်ပေါ်မှာအိပ်ရတာနဲ့ မခြားပေ။ ထို့အပြင် ခေါင်းအုံးကလည်း ကျောက်တုံးလိုမာနေသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ဆိုတာ မဖြစ်နိုင်စရာပင်။ သူ တစ်ညလုံး ဘယ်လိုများအိပ်ပျော်ခဲ့လဲဆိုတာ မသိတော့ — သရဲဝင်ပူးခံလိုက်ရတာ နေမယ် !
အိပ်နေရာမှ နိုးလာပြီဖြစ်သည့် ထန်းမျန်မျန်ဟာလည်း ရှောင်ထန်ချိုးအား အသက်မပါစွာ ကြည့်လာခဲ့သည်။ သူ့မျက်လုံးတွေက အမည်းကွင်းတွေ ဝိုင်းနေလျက်ရှိသည်။
” မနေ့ညက ဆူညံနေတာပဲ။ ပြတင်းပေါက်အပြင်ကနေ ကလေးငိုသံကိုပဲ ဆက်တိုက်ကြားနေရတာ။ ကြောက်လွန်းလို့ အိပ်တောင်မပျော်ဘူး။ ငိုသံက ညဉ့်နက်ကျော်လောက်မှ တန့်သွားတာ၊ ဒါပေမယ့် အဲ့ဒါပြီးလို့ တစ်ဝက်တစ်ပျက် အိပ်ပျော်နေတုန်း ငါ့ကျောကို တစ်ယောက်ယောက်က တက်နင်းနေပြန်ရော…..”
” ငိုတာလား? ငါတော့ ဘာမှမကြားမိပါဘူး အာ!” ရှောင်ထန်ချိုး တုန်လှုပ်သွားခဲ့သည်။
” ခဏလေး….. မင်းနောက်ကျောမှာ အဲ့ဒါဘာလဲ?! ”
” ငါ့ကျော?! ” ထန်းမျန်မျန်က ကြောက်ရွံ့မှုကြောင့် တွန့်ခနဲဖြစ်သွားရင်း ချက်ချင်းလှည့်ကာ သူ့ကျောကိုကြည့်ဖို့ ကြိုးစားလိုက်ပေမယ့် ဘာကိုမှမမြင်ရပေ။ ခွေးတစ်ကောင်က သူ့အမြီးနောက်ကိုလိုက်နေသလိုမျိုး ထန်းမျန်မျန်တစ်ယောက် နေရာမှာတင် တစ်ပတ်ပြီးတစ်ပတ်လှည့်နေတာကို ကြည့်ရင်း ရှောင်ထန်ချိုး ရယ်ချင်ပတ်ကျိဖြင့် နှုတ်ခမ်းပင့်တက်သွားခဲ့သည်။
” မင်းလည်ပင်းပေါ်မှာ တစ်ခုခုရှိနေတဲ့ပုံပဲ။ မလှုပ်နဲ့၊ ငါကြည့်ကြည့်မယ် ” ရှောင်ထန်ချိုး ထန်းမျန်မျန်ဆီ လျှောက်သွားလိုက်ပြီး ရှပ်အင်္ကျီအား ပင့်တင်လိုက်၏။ ထန်းမျန်မျန်ရဲ့ နောက်ကျောကို သူမြင်လိုက်ရချိန်မှာတော့ အကျယ်ကြီး အော်ဆဲမိလေသည်။
ထန်းမျန်မျန်ရဲ့ကျောက ကလေးတစ်ယောက်အရွယ် ခြေရာအမည်းရောင်တို့ဖြင့် ပြည့်နေခဲ့ပေ၏။ ခြေရာများမှာ သူ့လည်ပင်းကနေ ကျောအောက်ပိုင်းအထိ တစ်လျှောက်လုံးရှိနေသည်မှာ သူ့ကျောပေါ်တွင် ကလေးတစ်ယောက် ထပ်ကာတလဲလဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ထားသလိုမျိိုး။
” ခြေရာတွေ၊ ခြေရာတွေ အများကြီးပဲ……. ”
ထန်းမျန်မျန် သူ့ကိုယ်ပေါ်မှာရှိတဲ့ အမွှေးတွေ ထောင်ထလာတာကို ခံစားလိုက်ရလေသည်။
” သောက်ကျိုးနည်း ငါ့ဘဝကြီး! မနေ့ညတုန်းက အဲ့ကလေးဝိဉာဉ်က ငါ့ကျောကို တကယ်ကြီး ‘ massage ‘ ပေးသွားခဲ့တာပေါ့?! ”
( T/N – အကြောများ ပြေလျော့အောင် နှိပ်နယ်ပေးခြင်း )
” ငါ့ကျောမှာရော ရှိလားဆိုတာ မြန်မြန်ကြည့်ပေးဦး! ” ထန်းမျန်မျန် ကြည့်လို့ရအောင် ရှောင်ထန်ချိုး သူ့အင်္ကျီကို အမြန်မ,ပေးလိုက်သည်။
ထန်းမျန်မျန် ရှောင်ထန်ချိုးရဲ့ကျောကိုကြည့်ပြီး တစ်ခုခုပြောခါနီးမှာပဲ တံခါးက အပြင်မှနေ ပွင့်လာခဲ့လေသည်။
” ရှောင်ထန်ချိုး၊ ထန်းမျန်မျန်၊ မနေ့ညက မင်းတို့…… ” သူတို့နှစ်ယောက်ကို လော့မန်စုမြင်သွားချိန်မှာတော့ ချက်ချင်းပြန်လှည့်သွားလေ၏။
” တဆိတ်လောက်ပါ၊ မင်းတို့ကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ငါ အပြင်မှာစောင့်နေမယ်နော် ”
ရှောင်ထန်ချိုး, ” …….. ”
ထန်းမျန်မျန်, ” ……. ”
အချိန်ခဏလောက်ကြာပြီးသွားမှ ထန်းမျန်မျန် စကားပြောနိုင်သွားခဲ့သည်။
” …….. မင်းရဲ့ကျောမှာ ဘာမှမရှိဘူး ”
” တကယ်လား? ” လော့မန်စုရဲ့ တုံ့ပြန်ပုံကို ရှောင်ထန်ချိုး ချက်ချင်းလျစ်လျူရှုပစ်လိုက်၏။ သူ မျက်မှောင်ကြုတ်လိုက်သည်။ ကလေးဝိဉာဉ်က သူ့ကိုကျတော့ ဘာလို့တမျိုးဆက်ဆံရတာလဲ? မဟုတ်မှလွဲရော သော့ကြောင့်လား? ဒါမှမဟုတ် ကျောက်စိမ်းဆွဲပြားကြောင့်လား?
ထန်းမျန်မျန်မှာ ငိုချင်ပေမယ့် မျက်ရည်က ထွက်မလာပေ။
” ကလေးဝိဉာဉ်ရဲ့ခြေရာက အဆိပ်ပါတာဖြစ်နိုင်လား? မကြာခင် ငါ့အလှည့်ရောက်တော့မှာလား? ”
ရှောင်ထန်ချိုး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ ” အထိတ်တလန့်မဖြစ်နဲ့၊ လော့မန်စုကို အရင်ဆုံးမေးကြည့်ရအောင် ”
သူတို့အခန်းထဲမှ ထွက်လာချိန်တွင် လော့မန်စုက အပြင်ဖက်၌ တင်းထျန်းထျန်း တင်းမီမီတို့နဲ့အတူ စောင့်ဆိုင်းနေကြောင်း တွေ့လိုက်ရသည်။ ထန််းမျန်မျန်ရဲ့ကျောပေါ်က ခြေရာတွေအကြောင်း ရှောင်ထန်းချိုးပြောတာ ကြားပြီးချိန်မှာတော့ ခုနကအခြေအနေကို သူနားလည်မှုလွဲသွားတာဖြစ်ကြောင်း လော့မန်စု သဘောပေါက်သွားခဲ့၏။
” စိတ်မပူနဲ့၊ ခြေရာတွေက သတိပေးတာ ဒါမှမဟုတ် ခြိမ်းခြောက်တာလောက်ပဲ ဖြစ်နိုင်တယ်။ သူ့မှာသာ သတ်ဖို့ရည်ရွယ်ချက်ရှိခဲ့ရင် မင်းသူငယ်ချင်းက သေသွားလောက်ပြီ ”
ထန်းမျန်မျန် သံသယဝင်နေသေးပေမယ့်လည်း အခုကိစ္စနဲ့ပတ်သတ်ပြီးက သူတတ်နိုင်တာ ဘာမှမရှိပေ။ ရှောင်ထန်ချိုး မနေ့ညက သိခဲ့ရသည်များအား လော့မန်စုနှင့် သတင်းလဲလှယ်လိုက်သည်။
လော့မန်စုက မနေ့ညတုန်းက သခင်မကြီးနဲ့ တခြားအမျိုးသမီးများ၏ ခြံဝင်းများနှင့် ဘိုးဘွားအမွေခန်းမထဲကို သွားကြည့်ခဲ့သည်။ ယွမ်မိသားစုထဲတွင် ယောကျ်ားတစ်ယောက်မှမရှိတာကို သူတို့ရှာတွေ့ခဲ့ကြ၏။ ယွမ်မိသားစုထဲရှိ အမျိုးသားအားလုံးက အသက် 30 ကျော်အောင် အသက်မရှင်နိုင်ကြပုံပင်။ သခင်မကြီးနှင့် သူမ၏ ချွေးမနှစ်ယောက်မှာ မုဆိုးမအဖြစ် နှစ်ပေါင်းများစွာ နေခဲ့ရပေသည်။
ရှောင်ထန်ချိုးလည်း သူတို့ မနေ့ညကကြုံခဲ့ရတဲ့ ” စွန့်စားခန်း ” အကြောင်း ပြန်ပြောပြလိုက်သည်။ဒါပေါ့၊ သူ အချက်အလက်တချို့ ထိန်ချန်ထားခဲ့ပေမယ့် လော့မန်စုလည်း သူ့လိုပဲဆိုတာ သေချာလေသည်။
လော့မန်စု ခဏမျှတန့်သွားပြီးနောက် ပြောလာခဲ့၏။
” ငါတို့ ယွမ်ကျိကျိုးရဲ့အခန်းကို နောက်တစ်ခေါက်လောက် သွားကြည့်သင့်တယ်ထင်တယ်….. အဲ့ဒါက အကုန်လုံးအတွက် ဖြေရှင်းချက်ဖြစ်နိုင်တယ် ”
ရှောင်ထန်ချိုး သဘောတူကြောင်း ခေါင်းညိတ်လာခဲ့သည်။ သူတို့ငါးယောက်သား ယွမ်ကျိကျိုးရဲ့ ခြံဝင်းဆီ အမြန်သွားလိုက်ကြပြီး အဓိပ္ပါယ်မရှိတဲ့စကားတွေပြောရင်း အချိန်ကုန်ခံဖို့ကို ကြန့်ကြာမနေခဲ့ကြ။ သူတို့ လမ်းလျှောက်နေကြချိန်တွင် ထန်းမျန်မျန်က လော့မန်စုအား မထိန်းနိုင်ပဲ မေးလိုက်ပေသည်။
” မင်း မနေ့ညတုန်းက ကလေးငိုသံကြားလိုက်လား? ”
လော့မန်စုနဲ့ အမြွှာနှစ်ယောက်က သူတို့ဘာမှမကြားခဲ့ကြောင်း ခေါင်းခါပြလာခဲ့သည်။
ထန်းမျန်မျန်ရဲ့အမူအရာမှာ ကစဉ့်ကလျားဖြစ်မှု အပြည့်နှင့်။ လော့မန်စုအခန်းက သူတို့အခန်းနှင့် နံရံတစ်ခုသာ ခြားပေသည်။ သူ သရဲငိုသံကိုကြားတယ်ဆိုရင် ယုတ္တိရှိရှိပြောရပါက သူတို့လည်း ကြားသင့်၏။ သူတို့ကျ ဘာဖြစ်လို့ ဘာမှမကြားကြတာလဲ ? ဒါပေမယ့် ပြောရရင် ရှောင်ထန်ချိုးလည်း ငိုသံကိုမကြားခဲ့တာ…..
ဟူး….. အဲ့မွေးကင်းစကလေးရဲ့ မျက်နှာသာပေးတာတွေနဲ့ ချစ်ခြင်းတရားတွေကို သူ မလိုချင်ပါဘူးလို့ ! မိုးစက်တွေ နှင်းစက်တွေကို မျှဝေရတာက ကောင််းတဲ့အရာမဟုတ်ဘူးလားဟင် ?!
ဘယ်လောက်မှမကြာလိုက်ပဲ ယွမ်ကျိကျိုးရဲ့ ခြံဝင်းရှေ့ကို သူတို့ရောက်သွားကြသည်။ ရှောင်ထန်ချိုး တစ်ခုခုပြောခါနီးမှာပဲ ကြောက်လန့်ဖွယ်အော်သံတစ်ခုက ကြားဝင်နှောင့်ယှက်သွားလေသည်။
ထန်းမျန်မျန် ဂရုတစိုက် နားထောင်ဖို့ကြိုးစားရင်း သူ့နားတွေကို အားစိုက်ထားလိုက်၏။ ထို့နောက် သူ အော်ပြောလိုက်သည်။
” ယွမ်ကျိကျိုးအခန်းက! ယွမ်ကျိကျိုးအခန်းက လာနေတာ! ”
ရှောင်ထန်ချိုးနဲ့ ထန်းမျန်မျန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြရင်း ယွမ်ကျိကျိုးအခန်းဆီ ချက်ချင်းပြေးသွားခဲ့ကြသည်။ လော့မန်စုနဲ့ အမြွှာနှစ်ယောက်က သူတို့နောက်မှ အမြန်ပြေးလိုက်လာကြ၏။
ရှောင်ထန်ချိုး ယွမ်ကျိကျိုးရဲ့ အခန်းတံခါးကို ဒုန်းခနဲ အကျယ်ကြီးဖွင့်လိုက်ပေသည်။ ထိုအခိုက်အတန့်မှာပဲ သွေးသံရဲရဲ ဖုံးအုပ်နေတဲ့လူတစ်ယောက်က သူ့ဆီ တဟုန်ထိုးပြေးလာခဲ့လေ၏။ ရှောင်ထန်ချိုး အတော်လေးကြောက်လန့်သွားခဲ့တာကြောင့် တုန်တုန်ယင်ယင်နဲ့ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
” ကယ်ပါ! ငါ့ကို ကယ်ပါဦး! မဟုတ်ဘူး၊ ရှောင်တောက်ကို ကယ်ပေးပါ! ” ထိုလူက ခဏမျှအော်ဟစ်လာပြီးနောက်တွင် အဆက်အစပ်မရှိ ဗလုံးဗထွေးရေရွတ်လာခဲ့ပေသည်။ ရှောင်ထန်ချိုး ထိုလူကို အသေချာကြည့်လိုက်ကာ ၎င်းက ရန်ပင်းဖြစ်ကြောင်း သိသွားခဲ့လေသည် ! သူက သွေးတွေနဲ့စိုရွှဲနေခဲ့ပေမယ့် သူ့ကိုယ်ပေါ်တွင် ဘာဒဏ်ရာမှ ရှိပုံမပေါ်ပေ — တခြားတစ်ယောက်ဆီက သွေးတွေဖြစ်နိုင်သည်။
သူ ရန်ပင်းကိုကျော်ပြီး အခန်းထဲဝင်သွားလိုက်ရာ အထဲရှိ အဖြူရောင်လိုက်ကာတို့မှာ သွေးများဖြင့် ဟိုတစ်ကွက်ဒီတစ်ကွက် စိုရွှဲနေသည်အား တွေ့လိုက်ရပေ၏။ ခေါင်းတလားရှေ့သို့ ဦးတည်နေသည့် သွေးကြောင်းရာအတိုင်း လိုက်သွားချိန်မှာတော့ ရန်ပင်း ဘာလို့ရူးသွပ်သွားရလဲဆိုတဲ့ အကြောင််းအရင်းကို သူ နားလည်သွားခဲ့ပြီ။
ခေါင်းတလားအလယ်တွင် အနီရောင်မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ယောက်က လဲလျောင်းနေခဲ့လေသည် — ထိုသူမှာ လုရှောင်တောက်ပင်။ သူမက ဖန်းလန်ရဲ့စက္ကူရုပ် ဝတ်ထားခဲ့တဲ့ အနီရောင်မင်္ဂလာဝတ်စုံကိုပဲ ဝတ်ဆင်ထားခဲ့ကာ သူမရဲ့မျက်နှာက ဒွါရခုနစ်ပေါက်မှ စီးကျနေတဲ့ သွေးတွေနဲ့အတူ ယုတ်မာတာထက်တောင်ပိုတဲ့ မကောင်းဆိုးဝါးဆန်တဲ့ မျက်နှာအမူအရာတစ်ခုအဖြစ်နဲ့ တွန့်လိမ်ရှုံ့တွနေခဲ့လေသည်။ ဒါပေမယ့် ကြောက်စရာအကောင်းဆုံးအပိုင်းကတော့ သူမရဲ့ဗိုက်ကို အကျယ်ကြီးခွဲဖွင့်ထားတဲ့ ရှည်မျောမျော ဟက်တက်ခွဲဒဏ်ရာအနက်ကြီးပင်။ ဒဏ်ရာက နက်လွန်းတာကြောင့် သူမရဲ့ ကိုယ်တွင်းကလီစာငါးခုနဲ့ အူမကြီးခြောက်ခုတို့ပါ ထွက်ကျနေလေသည်။
ရှောင်ထန်ချိုး အသက်ရှူအောင့်ထားရင်း သူ့ရှေ့မှ မြင်ကွင်းကနေ အကြည့်မလွှဲနိုင်ခဲ့။ လုရှောင်တောက်က ချောကျိတဲ့ ခပ်ရှည်ရှည်အရာတစ်ခုနဲ့ တင်းတင်းကြပ်ကြပ် ပတ်ခံထားရပြီး အနီးကပ်စစ်ဆေးလိုက်ချိန်မှာတော့ သွေးတွေစိုရွှဲနေတဲ့ သူမရဲ့လက်ချောင်းတို့မှာ တကယ်တမ်းတော့ သူမရဲ့အူတစ်ထုံးနဲ့ ရစ်ပတ်ခံထားရခြင်းဖြစ်ကြောင်း ရှောင်ထန်ချိုး သိလိုက်ရသည်။
ရှောင်တောက်ဟာ သူမရဲ့ခန္ဓာကိုယ်အခေါင်းပေါက်ထဲကနေ အပြင်ကိုထွက်ကျနေတဲ့ ကလီစာငါးခု အူမကြီးခြောက်ခုတို့နဲ့ သူမကိုယ်သူမ ရစ်ပတ်ခံထားရခြင်းသာ…….