Chapter 18
” ဘာဖြစ်တာလဲ? ”
ထန်းမျန်မျန်က ရှောင်ထန်ချိုးထက် ခြေတစ်လှမ်းပိုနောက်ကျနေသည်။ ခေါင်းတလားထဲမှ မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်သွားချိန်မှာတော့ သူ့မျက်နှာက ထိတ်လန့်မှုဖြင့် ရှုံ့မဲ့သွားလေ၏။
” အားးးးးးးး! ဖာ့ခ်ပဲ! အားးးးးးးး! ”
တခြားသူတွေလည်း သူတို့ကို လိုက်မီလာကြသည်။ စက္ကန့်ပိုင်းကြာပြီးနောက်မှာတော့ လော့မန်စုရဲ့ မရယ်မပြုံးမျက်နှာက မပြောင်းလဲပဲကျန်နေခဲ့ပေမယ့် အမြွှာနှစ်ယောက်ကတော့ စတင်အော်ဟစ်ကြလေသည်။
” အားးးးးးးး! အားးးးးးးး! ”
ရှောင်ထန်ချိုး သူ့နားထဲထိုးဖောက်ဝင်ရောက်လာတဲ့ အသံစူးစူးတွေကို လျစ်လျူရှုဖို့ကြိုးစားရင်း သူ မြင်ခဲ့ရတဲ့အရာတွေကို လော့မန်စုအား ပြောပြလိုက်သည်။ အူတွေဆွဲထုတ်ခံထားရသူဟာ လုရှောင်တောက်ဖြစ်မှန်း ထန်းမျန်မျန် ကြားသွားချိန်မှာတော့ သူ့မျက်နှာက ဖြူဖျော့သွားခဲ့ရင်း အော့အန်ချင်တဲ့ရုပ်ပေါက်နေလေ၏။ တင်းထျန်းထျန်းနဲ့ တင်းမီမီတို့ကတော့ အပြင်ထွက်ပြီး အော့အန်နေကြပြီ။
ရှောင်ထန်ချိုး မျက်မှောင်ကြုတ်လိုက်ရင်း ” လုရှောင်တောက်က ဒီအခန်းထဲမှာ ဘာလို့သေသွားတာလဲ? ပြီးတော့ ဒီမင်္ဂလာဝတ်စုံကို ဝတ်ပြီးတော့လေ? ဖန်းလန်က ဒီအိမ်ထဲကို မဝင်နိုင်ဘူးမလား? ”
လော့မန်စုက တင်းမာတဲ့မျက်နှာအမူအရာဖြင့် ” ရန်ပင်းကို မေးကြည့်လိုက်၊ ဘာဖြစ်ခဲ့လဲဆိုတာ သူအသိဆုံးဖြစ်လိမ့်မယ် ”
သူတို့ အပြင်ထွက်လာချိန်မှာတော့ ရန်ပင်းက မြေကြီးပေါ်လဲကျနေခဲ့သည်။ သူက မိန်းမောတွေဝေစွာ ထိုင်နေရင်း ထိန်းမရအောင်တုန်ရီနေကာ သူ့ဒူးတွေကို လက်မောင်းဖြင့် ဖက်ထားလေသည်။ သူ့ချစ်သူကောင်မလေးက ဒီလိုမျိုးဆိုးဝါးလွန်းတဲ့ ပုံစံနဲ့သေသွားတာကို မျက်မြင်တွေ့ခဲ့ရတာက သူ့အဖို့ စိတ်ပိုင်းဆိုင်ရာပြိုလဲသွားခဲ့ရပုံပင်။
” ရန်ပင်း၊ အခုလေးတင်် ဘာတွေဖြစ်ခဲ့တာလဲ? ” လော့မန်စု မေးလိုက်သည်။
” ငါ….. ငါမသိဘူး……. ” ရန်ပင်း သူ့ခေါင်းကို ဒူးတွေကြားမှာ မြှုပ်ထားရင်း အသံက တုန်ယင်နေလျက် ” ငါမသိဘူး…… ငါဘာမှမသိဘူး……….. ”
လော့မန်စု လေးလေးနက်နက် ပြောလိုက်သည်၊ ” မင်းမှာ ပြောစရာ ဘာမှမရှိဘူးဆိုတာ သေချာလား? ဒါကြောင့် မင်းသေမယ်ဆိုရင်တောင်လေ? ”
ရန်ပင်းက ဆက်ပြီးတိတ်ဆိတ်နေခဲ့ကာ အချိန်အကြာကြီး တုံ့ဆိုင်းနေပြီးနောက် စကားပြောလာခဲ့သည်။ သူ့အသံက တုန်ယင်နေရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ” မနေ့ညက…… ရှောင်တောက်နဲ့ ငါနဲ့ သူ့အခန်းထဲမှာရှိနေတုန်း ကလေးငိုသံကို ရုတ်တရက်ကြားလိုက်ရတယ်။ ငါက တအားကြောက်နေခဲ့ပေမယ့် ရှောင်တောက်က အိပ်ရာကနေထပြီး အပြင်ကိုထွက်ချင်တယ်တဲ့။ ငါ သူ့ကိုအမြန်ပြန်ဆွဲလိုက်ပေမယ့် သူပြောတာ……. သူပြောတာက….. ”
ရန်ပင်း သူ့ဒူးတွေဆီကနေ ခေါင်းကိုမော့လိုက်ကာ သူ့မျက်နှာက ရှုံ့တွနေခဲ့လျက် ” ငါတို့ရဲ့ကလေးက သူ့ကိုခေါ်နေတာကြားတယ်တဲ့! ငါတို့ရဲ့ကလေးက မေမေလို့ပြောနေတာ သူကြားတယ်တဲ့! ဒါပေမယ့်…. ငါတို့မှာ ကလေးမှမရှိတာ! ”
ရှောင်ထန်ချိုးက တစ်စုံတစ်ခုကို နားလည်သွားခဲ့ကာ ရန်ပင်းအား အေးစက်စက်မေးလိုက်သည်။
” အိုး တကယ်လား? ”
ရန်ပင်းရဲ့ မျက်နှာက နီမြန်းသွားခဲ့ရင်း ” ငါတို့……. ငါတို့မှာ ကလေးတစ်ယောက်တော့ ရှိခဲ့တယ်…… ဒါပေမယ့် လွန်ခဲ့တဲ့တစ်လလောက်က ဖျက်ချလိုက်ကြတာ! သန္ဓေသားက သုံးလပဲရှိသေးတာ! အသေချာတောင် မဖွံ့ဖြိုးသေးဘူး! အဲ့ဒါက ကလေးတစ်ယောက်အဖြစ် သတ်မှတ်လို့မှမရတာ! ”
ရန်ပင်းစကားကို လော့မန်စု ဖြတ်ပြောလိုက်သည်။
” နောက်ထပ်ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြော ”
ရန်ပင်းက ကြောက်ရွံ့မှုဖြင့် ဆက်ပြောလာခဲ့၏။” ငါက သူ ဝင်ပူးခံထားရတယ်ထင်တော့ သူ့ကိုဆွဲထားပြီး ထွက်မသွားခိုင်းခဲ့ဘူး။ ဒါပေမယ့် သူက ရုတ်တရက် တအားသန်မာလာတာကြောင့် ငါ မဆွဲထားနိုင်ခဲ့ဘူး….. တကယ် ဆွဲမထားနိုင်ခဲ့တာ! နောက်တော့ ငါသူ့နောက်ကနေပြီး ခြံဝင်းထဲလိုက်သွားခဲ့တယ် အဲ့ဒါပြီးတော့…… ငါ မေ့လဲသွားတာပဲ…… ”
ရှောင်ထန်ချိုး မျက်မှောင်ကြုတ်လိုက်ပြီး ” သတိမေ့သွားတာလား? ဒါအပြင် တခြားဘာကိုမှမမှတ်မိဘူးပေါ့? ”
ရန်ပင်း ရုတ်တရက် ထအော်လာခဲ့သည်။ ” ငါကျိန်တယ်! မင်းတို့ကို ဘာလို့လိမ်ရမှာလဲ? ငါ အခန်းထဲတောင်မရောက်ပဲ သတိမေ့သွားခဲ့တာ…… အခုလေးတင်မှ သတိရလာတာ! ငါ အခန်းထဲကို ချက်ချင်းသွားကြည့်ခဲ့တယ်။ နောက်တော့ ငါမြင်လိုက်ရတာက ရှောင်တောက်….. ငါသတိမမေ့ခင် တခြားဘာကိုမှ မမှတ်မိတော့ဘူး……. နေဦး! ငါသတိမမေ့ခင် ကလေးတစ်ယောက်ကို မြင်လိုက်တယ်ထင်တယ်……. ”
သူ့မျက်နှာက ဆိုးရွားသွားခဲ့ပြီး ” ကလေးတစ်ယောက်……. အဲ့ဒါ ကလေးဝိဉာဉ်ပဲ ဖြစ်ရမယ်! အဲ့ကလေးဝိဉာဉ်က ရှောင်တောက်ကို သတ်လိုက်တာ! ”
ကလေးဝိဉာဉ်လား? ရှောင်ထန်ချိုးက အလေးအနက်တွေးနေခဲ့တာကြောင့် မျက်ခုံးတွေက ပိုပြီးကျုံ့သွားခဲ့သည်။ သို့သော်လည်း သူ့အတွေးတွေက ထန်းမျန်မျန်ရဲ့စူးရှတဲ့အော်သံဆီမှ ကြားဖြတ်ခံလိုက်ရလေသည်။
” အားးးးးးးးးး! ဖာ့ခ်ပဲ! အားးးးးးးးး! ”
” ကျစ်၊ မင်း အော်လို့မပြီးတော့ဘူးလား? ” ရှောင်ထန်ချိုး ခေါင်းမော့လိုက်ပြီး သူ့ရှေ့မှမြင်ကွင်းကို တွေ့လိုက်ရချိန်မှာတော့ ကျိန်ဆဲမိလေ၏။
ဖာ့ခ် ! အလောင်းက အသက်ပြန်ဝင်နေတယ် ! လုရှောင်တောက်က တကယ်ကြီး အသက်ပြန်ရှင်လာတယ် !
မင်္ဂလာဝတ်စုံက သွေးရောင်ပြောင်းနေသည့် လုရှောင်တောက်မှာ ခေါင်းတလားအပြင်ဖက်သို့ တွယ်တက်လာခဲ့သည်။ သူမရဲ့ ခေါင်းက အောက်သို့ငိုက်စိုက်ကျနေရင်း သူတို့ဆီကို လဲကျတော့မလိုမျိုး တောင့်တောင့်ကြီးလျှောက်လာခဲ့ကာ သူမ လာသည့်လမ်းကြောင်းတွင် အူကလီစာတွေက တန်းလန်းကျကျန်ခဲ့လေသည်။
” မြန်မြန်! ပြေးတော့! ” ရှောင်ထန်ချိုး ချက်ချင်းအော်ပြောလိုက်၏။ သူက ခြံဝင်းထဲမှ အရင်ဆုံးပြေးထွက်သွားခဲ့သူဖြစ်ကာ တခြားသူတွေလည်း ဘာတွေဖြစ်နေမှန်း နားလည်သွားတာနဲ့တပြိုင်နက် သူ့နောက်မှ ပြေးလိုက်သွားကြလေသည်။ ရန်ပင်းတစ်ယောက်သာ မလှုပ်ရှားခဲ့၊ သူက အချိန်အကြာကြီး မှင်သက်နေခဲ့ပြီးနောက် ကိုယ်ကို တောင့်တင်းစွာ လှည့်လာခဲ့၏။
” ……. ရှောင်…… ရှောင်တောက်? ” လုရှောင်တောက်ကို မြင်လိုက်ရခြင်းအပေါ် ရန်ပင်းရဲ့တုံ့ပြန်ချက်ကတော့ သူ့ကောင်မလေး အသက်ရှင်နေသေးတယ်ထင်ပြီး ပျော်ရွှင်သွားခဲ့ခြင်းပင်။ ဒါပေမယ့် သူမရဲ့ ဗိုက်က အပေါက်အကျယ်ကြီးကို သတိပြုမိသွားချိန်မှာတော့ လုံးဝထိတ်လန့်ပြီး မြေပြင်ပေါ်လဲကျသွားခဲ့ကာ ကြောက်ရွံ့မှုဖြင့် အင်အားမဲ့သွားလေသည်။
” ငါ့ရဲ့ကလေး…… ငါ့ရဲ့ကလေး ဘယ်မှာလဲ……. ”
လုရှောင်တောက် သူ့ကောင်လေးကို မော့ကြည့်လိုက်သည်။ သူမမျက်လုံးမှ လျှံကျနေသည့် သွေးမျက်ရည်တို့မှာ သူမရဲ့ပါးထက်သို့ စီးကျသွားခဲ့၏။
” ငါ့ရဲ့ဗိုက်က ဘာလို့…… ငါ နေရာတိုင်းမှာ ကြည့်ခဲ့တယ်…… အဲ့ဒါ နင်လား? ငါ့ကလေးကို ဝှက်ထားတာ နင်လား?! ငါ့ကလေးကို ပြန်ပေးစမ်း! ငါ့ကလေးကို ပြန်ပေး!! ”
” ရှောင်….. ရှောင်…… ရှောင်တောက်…… ” ရန်ပင်း သူ့ရှေ့မှမြင်ကွင်းကို ငေးကြည့်ရင်း လေထဲက သစ်ရွက်တစ်ရွက်လိုမျိုး တုန်ယင်နေခဲ့သည်။
” ကလေးကို တလောတုန်းကပဲ ဖျက်ချခဲ့တာလေ…. ကိုယ်တို့ရဲ့ကလေးက မရှိတော့ဘူး……. ”
” ငါ့ကလေးပြန်ပေး! ငါ့ကလေးကို လိုချင်တယ်!”
လုရှောင်တောက်က ရန်ပင်းအား ခါးသီးစွာ စိုက်ကြည့်လာခဲ့ပေသည်။ သူမကိုယ်သူမ ရန်ပင်းဆီ ပစ်ဝင်လိုက်ပြီးနောက် သူမရဲ့လက်နဲ့ သူ့ဗိုက်ကို ကန့်လန့်ဖြတ်ဆွဲဖွင့်ကာ အထဲသို့ လက်နှိုက်လိုက်၏ !
ဗိုက်ကိုဆွဲဖွင့်ခံရတဲ့ ဝေဒနာကြီးကြောင့် ရန်ပင်း စူးစူးဝါးဝါးအော်လာခဲ့ပေမယ့် လုရှောင်တောက်ကတော့ ဘာမှမကြားသလိုပင်။ သူမက တစ်စုံတစ်ရာကို ရှာနေသလိုမျိုး သူ့ရဲ့ကလီစာတွေကို လက်လွတ်စပယ်ရှာဖွေလာခဲ့ကာ သူ့အူတွေကို ဖြည်းဖြည်းချင်းဆွဲထုတ်ရင်း အတွင်းအပြင်လှန်နေခဲ့လေသည်။
ရန်ပင်းမှာ နာကျင်လွန်းတာကြောင့် ရူးသွပ်လုနီးပါးပင်။ ပြင်းထန်တဲ့နာကျင်မှုရဲ့ လွှမ်းမိုးမှုအောက်မှာ အရင်ကမရှိခဲ့တဲ့ ခွန်အားတွေ ပေါက်ကွဲထွက်လာပြီး လုရှောင်တောက်အားတွန်းထုတ်ရင်း သူ တတ်နိုင်သမျှ အမြန်ထွက်ပြေးတော့သည်။
ရန်ပင်းရဲ့ တွန်းထုတ်လိုက်ခြင်းက လုရှောင်တောက်အား မြေပြင်ပေါ် လဲကျသွားစေခဲ့ကာ သူမ မလှုပ်ရှားတော့ပေ။ သူတို့က သိပ်အဝေးကြီး မပြေးခဲ့ကြပဲ ခြံဝင်းဆီ ပြန်လာခဲ့ကြ၏။ လော့မန်စုက ကျော်တက်သွားကာ ခြံဝင်းထဲမှ အခြေအနေကို စစ်ဆေးလိုက်ပြီးနောက် လေးနက်တဲ့ အသံဖြင့်ပြောလာခဲ့သည်။
” သူ အခု တကယ်သေသွားပြီထင်တယ် ”
လုရှောင်တောက်ရဲ့ အလောင်းကို ရှောင်ထန်ချိုး ကြည့်လိုက်ပြီး သူ့တွင် သံသယတချို့ ရှိနေခဲ့၏။
” ရန်ပင်း အဆင်ပြေလားဆိုတာကို သွားကြည့်ကြမလား? ” ရန်ပင်းက သေသွားတာဖြစ်ဖို့ အတော်လေးအလားအလာရှိတယ်ဆိုပေမယ့် သူလည်း ရုတ်တရက်ကြီး အသက်ပြန်ဝင်လာရင် ဘယ်လိုလုပ်မလဲ ?
” သွားမယ် ” သူတို့ လှည့်ပြီး ရန်ပင်းနောက် လိုက်ကြတော့သည်။
ရန်ပင်းက အပြင်းအထန်ဒဏ်ရာရထားတာကြောင့် အဝေးကြီးမသွားနိုင်ခဲ့ပေ။ သေခြင်းတရားနဲ့ ရင်ဆိုင်နေရပေမယ့်လည်း သူရဲ့အသက်ရှင်ချင်တဲ့ ဗီဇက အစပျိုးခံလိုက်ရပုံပေါ်၏။ Adrenline တွေ တောက်လောင်ရင်း ယွမ်အိမ်တော်ရဲ့ အရှေ့တံခါးပေါက်တွေဆီ ပြေးသွားကာ သူ့နောက်တွင် သွေးစီးကြောင်းတစ်ကြောင်းအား ချန်ထားခဲ့ပေသည်။
ရှောင်ထန်ချိုး တံခါးပေါက်ဆီ ရောက်ချိန်မှာတော့ ရန်ပင်းတစ်ယောက် တံခါးဖွင့်ဖို့ကြိုးစားနေတာကို မြင်လိုက်ရ၏။ ထိုအခိုက်အတန့်တွင် ရန်ပင်းရဲ့အသွင်က သနားစဖွယ်ဖြစ်နေခဲ့ကာ သူ့ခန္ဓာကိုယ်တစ်ဝက်က သွေးသံတရဲရဲဖြစ်နေခဲ့ပေသည်။ သူရဲ့ရုန်းကန်နေမှုကို ရှောင်ထန်ချိုး မကြည့်ရက်နိုင်တော့ ” တံခါးတွေက ဖွင့်လို့ရမှာမဟုတ်ဘူး၊ မင်းရဲ့ခွန်အားတွေကို ဖြုန်းတီးဖို့မကြိုးစား….. ”
” ငါဂရုမစိုက်ဘူး! ဒီထူးဆန်းတဲ့နေရာကြီးက ထွက်သွားချင်တယ်! ငါ အိမ်ကိုပြန်ချင်တယ်! ” ရန်ပင်း စိတ်ကယောင်ချောက်ချားဖြင့် အော်လိုက်၏။ ဂိတ်တံခါးတွေကို သူ အပြင််းအထန်ဝင်ဆောင့်လိုက်ရာ — ယွမ်အိမ်တော်ရဲ့တံခါးတွေက အမှန်တကယ်ကို တဂျစ်ဂျစ်အသံမြည်ရင်း စပွင့်လာခဲ့လေသည်။
” တံခါးတွေပွင့်သွားပြီ! ” လူတိုင်းက မှင်သက်နေခဲ့ကာ အဲ့လိုဖြစ်လာဖို့ကို မျှော်လင့်မထားခဲ့ကြပါ။
” ဟားဟားဟား! တံခါးတွေပွင့်သွားပြီ! ငါအိမ်ပြန်မယ်! ”
ရန်ပင်းက အရူးတစ်ယောက်လို ရယ်မောရင်း အိမ်တော်ထဲမှနေ ဒယီးဒယိုင်ဖြင့် ထွက်သွားခဲ့ပေသည်။
” ဒီစိတ်ပျက်ဖို့ကောင်းတဲ့နေရာကနေ ထွက်သွားမယ်! ငါ မြစ်ကိုဖြတ်ကူးတော့မယ်! အိမ်ပြန်မယ်! ”
ရှောင်ထန်ချိုး ခဏမျှတုံ့ဆိုင်းသွားပြီးနောက် သူ့နောက်မှလိုက်နေသည့် ထန်းမျန်မျန်နဲ့အတူ ရန်ပင်းနောက်မှ လိုက်သွားခဲ့သည်။
မြစ်ဆီကိုသွားတဲ့ လမ်းတစ်လျှောက်လုံး ရန်ပင်းနောက်မှ လိုက်လာခဲ့ကြပြီး ရန်ပင်းရဲ့လှုပ်ရှားမှုတွေ နှေးသထက်နှေးလာတာကို စောင့်ကြည့်နေခဲ့ကြကာ လမ်းဆုံးကိုရောက်နေပေမယ့် နောက်ဆုံးထွက်သက်ကို အတင်းအဓမ္မတောင့်ခံနေဆဲဖြစ်သည်အား ကြည့်နေခဲ့ကြပေသည်။
” အိမ်……. ခဏနေရင် အိမ်ကိုရောက်ပြီ…… ”
ထိုနေရာမှာ လှေမရှိတော့ပေမယ့် မြစ်ထဲကို ခုန်ချလိုက်ဖို့အတွက် ရန်ပင်း တုံ့ဆိုင်းမနေခဲ့ပါ။
ရှောင်ထန်ချိုး ဆက်မကြည့်နိုင်တော့ပဲ သက်ပြင်းချရင်း မျက်လုံးမှိတ်လိုက်မိသည်။
” အိုင်း……. ”
ဒါပေမယ့် နောက်တစ်စက္ကန့်မှာပဲ ရန်ပင်းရဲ့ စိတ်မချမ်းမြေ့ဖွယ်ငိုကြွေးသံက ပေါ်ထွက်လာခဲ့လေ၏။ ရှောင်ထန်ချိုး မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့ရှေ့မှမြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့ရသည်။ ရန်ပင်းရဲ့ခန္ဓာကိုယ်က တစ်မီတာအမြင့်ရှိသည့် မီးတောက်ဖြင့် ဝါးမြိုခံထားရ၏။ သူ နာနာကျင်ကျင် လူးလှိမ့်ကာ အော်ဟစ်သံတွေက လေထဲမှာ ပဲ့တင်ထပ်နေခဲ့ပေမယ့် မီးတောက်တွေ ပျံ့နှံ့လာခြင်းကိုတော့ ဘယ်အရာကမှ မတားဆီးနိုင်ခဲ့ပေ။ မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ ရန်ပင်းရဲ့အသက်က တောက်လောင်နေတဲ့ မီးလျှံတွေကြောင့် အဆုံးသတ်သွားခဲ့ပြီ….. ကျန်းဇီဟန်နဲ့ ကျန်းကျင်ဖင်း လိုမျိုးပင်။
မီးတောက်တွေပျောက်ကွယ်သွားချိန်မှာတော့ မြစ်က တခြားအရာတစ်ခုအဖြစ် ပြောင်းသွားခဲ့၏။
အမှန်အတိုင်းပြောရလျှင် အဲ့ဒီနေရာမှာ မြစ်ဆိုတာ ဘယ်တုန်းကမှမရှိခဲ့ပဲ အရှင်လတ်လတ်မီးရှို့ခံခဲ့ရပြီး တစ်ယောက်အပေါ်် တစ်ယောက်ထပ်နေသည့် အလောင်းပင်လယ်ကြီးသာ ရှိ၏။ ရေခမ်းခြောက်နေသည့် မြစ်အောက်ခြေတစ်ခုလုံးက လောင်ကျွမ်းနေသည့် အလောင်းတို့ဖြင့်ပြည့်နေပြီး မြစ်ကမ်းပါးနှစ်ခုလုံးအထိကို ရောက်ရှိနေခဲ့သည်။ တိတ်ဆိတ်မှုထဲတွင် နာနာကျင်ကျင်အော်ဟစ်သံတို့ဖြင့် ပြည့်သွားခဲ့ပြီး အရိုးစုအဖြစ် ပြောင်းနေပြီဖြစ်သည့်လက်တို့က ကမ်းပေါ်မှလူများထံ ဆန့်ထွက်လာခဲ့သည်မှာ သေဆုံးခြင်းပင်လယ်ထဲမှ ဆွဲထုတ်ပေးဖို့ကို တောင်းဆိုနေကြရုံတင်မကပဲ ကမ်းပေါ်မှလူများကိုပါ သူတို့ရဲ့အဆုံးမရှိတဲ့ ဒုက္ခထဲသို့ ဆွဲချချင်နေကြသလိုမျိုး ဖြစ်နေလေသည်။