Chapter 19
သူ့ရှေ့မှ ငရဲလိုမြင်ကွင်းကိုကြည့်ရင်း ရှောင်ထန်ချိုးလို စိတ်ဓာတ်သန်မာတဲ့ သူတစ်ယောက်တောင် ဖြူဖျော့သွားခဲ့ကာ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။ ထန်းမျန်မျန်က ထိတ်လန့်မှုဖြင့် အော်ဟစ်ငိုကြွေးရင်း လှည့်အန်နေတော့၏။
” ဘာလို့ ဒီလိုမျိုးဖြစ်ရတာလဲ….. ” ရှောင်ထန်ချိုး သူ့ဘာသာ ရေရွတ်လိုက်သည်။ ပုံရိပ်ယောင်တွေက ပြန့်ကျဲသွားခဲ့ပြီး သူတို့ ခရီးနှင်လာခဲ့တဲ့မြစ်က တကယ်တော့ မြစ်တစ်စင်း ဟုတ်မနေခဲ့ပေ။ တစ်ချိန်ကတော့ ဟုတ်နိုင်ခဲ့ပေမယ့် ရွာလုံးကျွတ် သတ်ဖြတ်ခဲ့ရမှုနဲ့အတူ ၎င်းက ပျောက်ကွယ်သွားခဲ့ချေပြီ။ အစပိုင်းမှာ ထွက်သွားဖို့အတွက် မြစ်ထဲခုန်ချခဲ့ကြတဲ့ ဘယ်သူမဆို ရန်ပင်းနဲ့ တခြားသူတွေလိုမျိုး ” မြစ် ” ထဲမှာ အရှင်လတ်လတ်မီးရှို့ခံလိုက်ရမှာပင်။
” အဲ့လူတွေ….. ရွားသားတွေလား? ”
ထန်းမျန်မျန်က လူသေကောင်လိုမျိုး ဖြူလျော်နေခဲ့ကာ ” ……. နေဦး! ဟိုကိုကြည့်လိုက်! အဲ့ဒါ ရွာလူကြီးမဟုတ်လား?! ”
ထန်းမျန်မျန် ညွှန်ပြနေသည့်နေရာသို့ ရှောင်ထန်ချိုး ကြည့်လိုက်ရာ မီးကျွမ်းနေတဲ့ အလောင်းပင်လယ်ပြင်ထဲတွင် အမှန်တကယ် ရင်းနှီးသည့်အလောင်းတစ်ခု ရှိနေခဲ့သည်။ သို့သော် တခြားအလောင်းများနဲ့ ယှဉ်လိုက်ရင်တော့ ဒီအလောင်းက ပိုဆိုးတဲ့အခြေအနေမှာ ရှိနေပုံပင်၊ အဘယ်ကြောင့်ဆိုသော် ၎င်းရဲ့ ခန္ဓာကိုယ်က အပိုင်းပိုင်းဆုတ်ဖြဲခံထားရပြီး ခေါင်းက ပုဆိန်ဖြင့် အခုတ်ခံထားရလေသည်။
” အဲ့ဒါ သူပဲ ” ရှောင်ထန်ချိုးရဲ့ နှလုံးသားက ခွန်အားယုတ်လျော့သွားခဲ့ရသည်။ ” ရွာလူကြီးလိုပဲ ရွာသားတွေက ဟိုးအရင်ကတည်းက သေသွားခဲ့တာနဲ့တူတယ်။ အဲ့တုန်းက သူတို့တွေလည်း မီးရှို့အသတ်ခံခဲ့ရတာဖြစ်မယ် ”
ထန်းမျန်မျန်က ရှောင်ထန်ချိုးနဲ့ အချိန်အကြာကြီး တွဲဖက်ဖြစ်ခဲ့တာကို သက်သေထူလိုက်ပေ၏။ ရှောင်ထန်ချိုး ဘာပြောဖို့ကြိုးစားနေတယ်ဆိုတာကို သူ နားလည်ခဲ့သည်။
” အဲ့တော့ အဲ့လိုပေါ့….. ကျန်းဇီဟန်နဲ့ ကျန်းကျင်ဖင်းနဲ့က တစ်ပုံစံတည်းသေသွားကြတာ အံ့သြစရာမရှိတော့ဘူး! ဒါပေမယ့် အကြောင်းအရင်းက ဘာလဲ? ဖန်းလန်ကြောင့်လား? ရွာသားတွေကို အရှင်လတ်လတ်မီးရှို့ခဲ့တာ သူလား? ”
” ဖန်းလန်က ဝက်လှောင်အိမ်ထဲထည့်ပြီး ရေနှစ်ခံခဲ့ရတာ….. အဲ့တော့ သူက ရေနစ်သေသွားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဒီရွာမှာက ငါတို့ကြည့်နေတဲ့ မြစ်တစ်စင်းပဲရှိတယ် ”
ရှောင်ထန်ချိုး သူ့ရှေ့မှ “မြစ်” ကို ငေးကြည့်ရင်း စတင်တွက်ချက်တော့သည်။
” တစ်စုံတစ်ယောက်က ရေနှစ်သတ်ခံခဲ့ရတယ်ဆိုရင် နတ်ဆိုးဝိဉာဉ်အဖြစ်ပြောင်းသွားပြီးတဲ့နောက်မှာ အဲ့လူက ရေကိုကြောက်နေဦးမှာပဲ မဟုတ်ဘူးလား? ”
” အဲ့ဒါကြောင့် သူမက လူတိုင်းကို မီးရှို့သတ်ဖို့ရွေးချယ်ခဲ့တာလား? ဒါပေမယ့် ရွာသားတွေအားလုံးကို ဘာလို့သတ်ပစ်ခဲ့မှာလဲ? ” ထန်းမျန်မျန် မျက်မှောင်ကြုတ်လိုက်ရင်း ” သူမက လက်စားချေချင်ခဲ့တာဆိုရင် ယွမ်မိသားစုကို ရှာရမှာမဟုတ်လား?! ”
ရှောင်ထန်ချိုး ခါးသက်သက် ရယ်မောလိုက်သည်။
” ငါလည်း မသေချာဘူး။ ပြန်သွားပြီး သဲလွန်စတွေရှာရအောင် ”
ထန်းမျန်မျန်် ခေါင်းညိတ်လိုက်၏။ ” ယွမ်အိမ်တော်ကို အရင်ပြန်ရအောင်။ သူတို့ မနက်စာပြင်ထားလားဆိုတာ သိချင်လို့။ ငါက အခုနကမှ အန်ထားတာဆိုတော့ ဗိုက်ကဆာနေပြီ….. ”
ရှောင်ထန်ချိုးလည်း ဗိုက်ဆာသလို ခံစားရတာကြောင့် သူ့ဗိုက််ကို ပွတ်လိုက်ပြီး ” ဘာလို့လည်းတော့ မသိပေမယ့် မကောင်းတဲ့ခံစားချက်ရနေတယ်….. ”
ထန်းမျန်မျန်ရဲ့ မျက်နှာက မဲမှောင်သွားခဲ့ကာ ” သောက်ငရဲပဲ!! မင်း အဲ့ဒီသောက်အလံတွေလွှင့်နေတာ ရပ်လိုက်လို့ရမလား! ”
ရှောင်ထန်ချိုး ခြောက်ကပ်ကပ်ရယ်မောရင်း တစ်ခုခုပြောချင်ခဲ့ပေမယ့် သူ ထန််းမျန်မျန်အား ဘေးသို့အမြန်တွန်းထုတ်လိုက်ပေသည်။ ထန်းမျန်မျန်က မြေကြီးပေါ်လဲကျသွားခဲ့ပြီး ရှောင်ထန်ချိုးကို ဆဲတော့မလို့ပေမယ့် လွန်ခဲ့တဲ့တစ်စက္ကန့်က သူ့ခေါင်းရှိခဲ့တဲ့နေရာဆီ ဂေါ်ပြားတစ်ခု လွှဲယမ်းသွားချိန်မှာတော့ ချက်ချင််းထိတ်လန့်သွားခဲ့လေ၏။
သူ့ရဲ့ကျောရိုးတစ်လျှောက်လုံး တုန်ယင်သွားခဲ့ရသည်။ အနောက်သို့ ချက်ချင်းလှည့်ကြည့်လိုက်ရာ တစ်ချိန်လုံး ထိုအနီရောင်မင်္ဂလာဝတ်စုံဝတ်ထားသည့် စက္ကူရုပ်က သူတို့နှစ်ယောက်လုံးကို ဖုန်မှုန့်တွေဖြစ်အောင် ကြိတ်ချေချင်သလိုမျိုး နာနာကျည်းကျည်း စိုက်ကြည့်နေခဲ့ပေ၏။
” ဖာ့ခ်! မြန်မြန်ပြေးတော့! အားးးးးးး! ”
ရှောင်ထန်ချိုးနဲ့ ထန်းမျန်မျန်တို့ အားသွန်ခွန်စိုက် ထွက်ပြေးကြပေမယ့် စက္ကူရုပ်က ပြိုင်စံရှားအရှိန်နှုန်းနဲ့ သူတို့ဆီဦးတည်ပြီး တဟုန်ထိုးပြေးလိုက်လာလေသည်။ အခုတော့ ထိုအရာက သူတို့ကို အချိန်မရွေး ဖမ်းမိသွားတော့မည့်ပုံ။ စက္ကူရုပ်ကို နှောင့်နှေးအောင်လုပ်ဖို့် အတားအဆီးတွေကို ရှောင်ထန်ချိုး အမောတကောရှာဖွေလိုက်ပေမယ့် ဒီတစ်ခေါက်တော့ သူ နံရံတစ်ခုကို ဝင်တိုက်သွားမိဟန်ရှိ၏၊ စက္ကူရုပ်ကိုတားဖို့ ဘာကိုမှရှာလို့မတွေ့နိုင်ပဲ အဲ့အစား စိတ်ဆင်းရဲစရာကောင်းအောင်လို့ ပြေးရင်းနဲ့သာ ခလုတ်တိုက်သွားခဲ့လေသည်။
” ရှောင်ထန်ချိုး! ” ထန်းမျန်မျန်ရဲ့ အဆုတ်ကွဲမတတ် အော်ဟစ်သံထွက်လာချိန်တွင် ကြောင်တောင်တောင်ဖြင့် မြေပြင်ပေါ်တွင် ထိုင်နေသည့် ရှောင်ထန်ချိုးမှာ သူခလုတ်တိုက်လဲသည့်အရာက ဘာလဲဆိုတာကို လှည့်ကြည့်လိုက်မိသည် — ထိုအရာက တကယ်တော့ ကလေးလေးတွေ ဝတ်သည့် အနီရောင်ချည်ဖိနပ် သေးသေးလေးတစ်ဖက်ပင် ။
ဖာ့ခ် ! အဲ့ဟာက ဘယ်လိုလုပ်ပြီး သူ့ကိုခလုတ်တိုက်လဲအောင် လုပ်လိုက်တာလဲ အာ !
ရှောင်ထန်ချိုး စိတ်ထဲမှာ အကြီးအကျယ် ဒေါသထွက်နေပေမယ့် စက္ကူရုပ်ကတော့ မျက်စိတစ်မှိတ်စာအတွင်း သူ့ဆီကိုရောက်လာခဲ့ပြီ။
စက္ကူရုပ်က သူ့ဆီ ပစ်ဝင်လာတာကို အလန့်တကြားကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။ ရုပ်ရှင်တွေထဲက အနှေးပြကွက်တတစ်ခုလိုမျိုး စက္ကူရုပ်ရဲ့ အသက်ဝင်နေတဲ့ မျက်နှာအသွင်အပြင်တွေက သူ့မျက်လုံးရှေ့သို့ တဖြည်းဖြည်းချင်း နီးကပ်လာခဲ့၏။ ထို့နောက်မှာတော့ စက္ကူရုပ်က သူ့ခန္ဓာကိုယ်ဆီကပ်လာကာ သူ့ရင်ဘတ်တည့်တည့်အား ဖြတ်ဝင်သွားခဲ့လေသည် !
ထိုအခိုက်အတန့်တွင် ထောင်ပေါင်းများစွာသော ပုံရိပ်တို့က သူ့ခေါင်းထဲ ဝင်ရောက်လာခဲ့သည်။ တစ်ခဏတွင် ကလေးနှစ်ယောက်က မြစ်ထဲ ငါးဖမ်းနေခဲ့ကာ နောက်တစ်စက္ကန့်မှာတော့ မိန်းမငယ်လေးတစ်ယောက်နှင့် လူငယ်လေးတစ်ယောက်က လှေပေါ်တွင် ငါးဖမ်းနေခဲ့ကြသည်၊ ထို့နောက်တွင် ဖြူလွလွလရောင်အောက်၌ သက်ဆုံးတိုင်အတူရှိနေကြဖို့အတွက် နှစ်ယောက်သား တည််ကြည်စွာ ကတိပြုနေခဲ့ကြသည်။
” အားဟေး၊ ငါ့ကိုလေ ယွမ်မိသားစုရဲ့ သေသွားတဲ့ သားအကြီးဆုံးနဲ့လက်ထပ်ဖို့ ဖိအားပေးနေကြတယ်။ ငါ လက်မထပ်ချင်ဘူး။ ငါ့ကို အဝေးဆီ ခေါ်သွားပေးပါ…… ”
လရောင်လွှမ်းသည့် ညအချိန်တွင် အမျိုးသမီးငယ်လေးက သူမရဲ့သတ္တိကို စုစည်းရင်း သူတို့တွေ ခိုးရာလိုက်ပြေးဖို့အတွက် တောင်းဆိုခဲ့သည်။ လူငယ်လေးက ဆုံးဖြတ်ချက်ချဖို့ ရုန်းကန်လိုက်ရပေမယ့် နောက်ဆုံးမှာတော့ ခေါင်းညိတ်လာခဲ့၏။
” အားဟေးရေ ! အားဟေး! ကျွန်မကို လွှတ် ! ”
ဒါပေမယ့် သူတို့တွေ့ခဲ့ကြတဲ့ ညအပြီးမှာ လူငယ်လေးက ဘယ်သောအခါမှ ပေါ်မလာခဲ့တော့ပေ။ တစ်ညလုံးစောင့်ဆိုင်းနေခဲ့တဲ့ မိန်းမငယ်လေးခမျာ ရွာသားတွေဆီကနေ အိမ်ကိုဆွဲခေါ်သွားခံရတာနဲ့ အဆုံးသတ်သွားရလေသည်။
မိန်းမငယ်လေးဟာ အနီရောင်မင်္ဂလာဝတ်စုံကို အတင်းအဓမ္မ ဝတ်ခိုင်းခံရရင်း ယွမ်မိသားစုထဲ လက်ထပ်သွားခဲ့ရသည်။ အနှီထူးဆန်းသည့် မင်္ဂလာဦးညအပြီး၌ သူမမှာ တကယ်ကြီး ကိုယ်ဝန်ရှိလာခဲ့၏။
သူမက ဒါဟာ တစ္ဆေရဲ့ကလေးမှန်းသိတာကြောင့် အလွန်အမင်းကြောက်ရွံ့ရင်း နေ့စဉ်နဲ့အမျှ လန်းဆန်းမှုကင်းမဲ့လာရသည်။ သို့သော်လည်း ဖွံ့ဖြိုးလာသည့် ထိုအရာနဲ့ပတ်သတ်လို့ ယွမ်မိသားစုကတော့ ကျေနပ်နေခဲ့ကြ၏၊ အထူးသဖြင့် သူမကို အစွမ်းကုန်ဂရုစိုက်ပေးခဲ့သည့် သခင်မကြီးပင်။ သခင်မကြီးက မြေးချီရတော့မှာကြောင့် စိတ်လှုပ်ရှားနေခဲ့ပေမယ့် ဖန်းလန်အတွက်တော့ သူမကို မနာလိုတဲ့အကြည့်နဲ့ ဆက်တိုက်ဆိုသလိုကြည့်နေတဲ့ မျက်လုံးတစ်စုံရှိနေမှန်း မသိခဲ့ပေ။
သူမ ကလေးမီးဖွားဖို့ တစ်ရက်အလို၌ သူမရဲ့ကိုယ်ကျင့်သိက္ခာကောင်းမွန်တဲ့ ခယ်မဖြစ်သူမှာ သူမလွယ်ထားတဲ့ ကလေးဟာ အကြီးဆုံးသခင်လေးနဲ့ မသက်ဆိုင်ကြောင်းပြောရင်း မှားယွင်းစွာ စွပ်စွဲလာခဲ့လေသည်။ သခင်မကြီးက လွန်စွာဒေါသထွက်သွားရင်း သူမရဲ့ရှင်းပြချက်တွေ အသနားခံချက်တွေကို နားမထောင်ပဲ သူမကိုကြိုးချည်ပြီး မြစ်ထဲမှာနှစ်ဖို့ အစေခံတွေကို အမိန့်ပေးလိုက်တော့သည်။
အဆုံးမှာတော့ သူမကို ဝက်လှောင်အိမ်တစ်ခုထဲ တွန်းထည့်ရင်း မြစ်အောက်ခြေဆီ ဖြည်းဖြည်းချင်း နှစ်ချခဲ့ကြသလို တစ်ချိန်က သူမနဲ့အတူ နေထိုင်ခဲ့တဲ့ ရွာသားတွေဟာလည်း ကမ်းတစ်ဖက်မှာသာ ရပ်နေရင်း သူမသေသွားတာကို ကြည့်နေခဲ့ကြလေသည်။ တစ်ဦးတစ်ယောက်ကမှ သူမကို ကယ်တင်ဖို့ ထွက်မလာခဲ့ကြ။ ရွာလူကြီးက သူ့မျက်နှာကိုရှုံ့မဲ့ထားရင်း သူမအား စီရင်ချက်ချခဲ့သည်မှာ
” အပျက်မကို ရေနှစ်သတ်ကြ ! ”
သူမရဲ့ ချစ်ရသူကတော့ ခေါင်းကိုငုံ့ထားရင်း ရွာလူကြီးနောက်တွင် ရပ်နေခဲ့ကာ သူမဆီ ကြည့်လာဖို့ကိုတောင် ကြောက်ရွံ့နေခဲ့သည်။
ရွာသားတွေကလည်း တစ်စုတစ်စည်းတည်း သူမကို ဆန့်ကျင်လာခဲ့ကြသည်။
” သူ့ကို ရေနှစ်သတ်ပစ် ! ”
” သူ့ကို ရေနှစ်သတ်ပစ် ! ”
ဘယ်သူတစ်ယောက်ကမှ သူမကိုကယ်ဖို့ မလာခဲ့ကြပါ…….
တစ်ယောက်မှ………
အဲ့ဒီလိုနက်ရှိုင်းတဲ့ နာကျည်းမုန်းတီးမှုကြောင့် ဖန်းလန်သေသွားပြီးနောက်တွင် နတ်ဆိုးဝိဉာဉ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ နတ်ဆိုးဝိဉာဉ်တစ်ကောင်ရဲ့ စွမ်းအားကိုသုံးရင်း ယွမ်ကျားရွာကို မီးလောင်တိုက်သွင်းကာ ရွာသားတွေအားလုံးအား မီးလောင်ကျွမ်းပြီး သေသွားစေခဲ့၏။
မီးပင်လယ်ကြားတွင် အညိုအမည်းဒဏ်ရာများနှင့် အဆက်မပြတ် ထုနှက်ခံနေရသည့်ရွာလူကြီးအား ရှာတွေ့သွားခဲ့ကာ အပိုင်းပိုင်းအစစဖြစ်အောင် ခုတ်ထစ်လိုက်ပြီးနောက် တစ်ချိန်က သူမရဲ့ချစ်ရသူအား ရှာဖွေရင်း သူ့မျက်လုံးတွေကို နှိုက်ထုတ်ပစ်လိုက်သည်။
နင်က ငါ့ကိုကြည့်လာဖို့ကို ဘာလို့များကြောက်နေခဲ့ရတာလဲ ?
နင့်ရဲ့မျက်လုံးတွေကို နှိုက်ထုတ်ပစ်လိုက်မယ် ဒါဆိုရင်………..
…….
” ရှောင်ထန်ချိုး! ရှောင်ထန်ချိုး! ”
သူ ထိုနေရာမှာရပ်ရင်း အပြင်းအထန်လှုပ်ယမ်းနေခဲ့ကာ နောက်ဆုံးတော့ ရှောင်ထန်ချိုး မျက်လုံးဖွင့်လာခဲ့သည်။ ရေခဲတမျှအေးစက်နေတဲ့ မျက်ရည်တွေက သူ့ပါးပေါ်မှာစီးကျရင်း ထန်းမျန်မျန်ကို မှင်သက်စွာ ငေးကြည့်နေခဲ့မိသည်။
” ဖာ့ခ်! မင်း အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ?!”
ရှောင်ထန်ချိုးနဲ့ပတ်သတ်လို့ တစ်ခုခုမှားနေတာကို ထန်းမျန်မျန် သတိမပြုမိခဲ့ပေ။ သူက ဝမ်းသာအားရ ထအော်လာခဲ့၏။
” အခုလေးတင် စက္ကူရုပ်က မင်းခန္ဓာကိုယ်ကို ဖြတ်သွားတော့ သေချာပေါက် သေပြီထင်လိုက်တာ! အဲ့အစား စက္ကူရုပ်က အစလေးတွေဖြစ်သွားပြီး မင်းက လုံးဝအဆင်ပြေကျန်ခဲ့တယ်။ မင်း ဒီလိုမှော်စွမ်းအားတွေကို ဘယ်တုန်းက ရသွားတာလဲ?! မင်းက ဒီလောက်သောက်ရမ်းမိုက်တာကို ဘာတွေကြောက်နေတာလဲ?! ”
” ဘာကိုမှော်စွမ်းအားလဲ? ”
ရှောင်ထန်ချိုး မျက်မှောင်ကြုတ်လိုက်ရင်း တစ်ခုခုကို သတိရသွားခဲ့ပေသည်။ သူ့အိတ်ကပ်ထဲမှ ကျောက်စိမ်းဆွဲပြားအား အမြန်ထုတ်ယူလိုက်သည်။
” အဲ့ဒါက ဒါကြောင့်လို့တော့ ငါ့ကိုမပြောနဲ့နော်…… ”
သူတို့နှစ်ယောက်သား ကျောက်စိမ်းဆွဲပြားကို စူးစမ်းကြည့်လိုက်ရာ အလယ်ခေါင်တည့်တည့်ရှိ အက်ကြောင်းတစ်ခုအား ရှာတွေ့သွားခဲ့ပေသည်။ ခုနက တိုက်ခိုက်မှုကို ကျောက်စိမ်းဆွဲပြားက ကာကွယ်ပေးလိုက်ခြင်းပင်။
” ဒီကျောက််စိမ်းဆွဲပြားက မင်းကို ယွမ်အိမ်တော်ရဲ့ အကြီးဆုံးသခင်လေး ပေးခဲ့တာမဟုတ်လား? ”
ထန်းမျန်မျန် သိချင်သွားခဲ့၏။ ” သူက လူကောင်းတစ်ယောက်ဖြစ်နိုင်လား? ဒါမှမဟုတ်….. နှာဘူးသရဲများလား? မင်းကိုအကြိုက်တွေ့သွားပြီး သူ့ရဲ့အပျော်မယားလုပ်ချင်တာ ဖြစ်နိုင်လား? ”
ရှောင်ထန်ချိုး ခါးခါးသီးသီး ရယ်မောလိုက်သည်။
” ငါမသိဘူး…… ဟုတ်သားပဲ၊ ငါ့မှာမရှိသင့်တဲ့အရာတစ်ခုခုကို မြင်ခဲ့ရတယ်ထင်တယ်…… ”
ဖန်းလန်ရဲ့ မှတ်ဉာဏ်များမှနေတစ်ဆင့် သူမြင်ခဲ့ရသည်များကို ထန်းမျန်မျန်အား ပြန်ပြောပြလိုက်သည်။ ထန်းမျန်မျန်က အလွန်အံ့အားသင့်သွားကာ ” ……. ဒါဆို အဲ့လိုမျိုးဖြစ်ခဲ့တာပေါ့! အခု အားလုံးက အဓိပ္ပါယ်ရှိသွားပြီ! ဖန်းလန်က ဒီတံငါရွာအပေါ်ကို ဒီလောက်ထိအညှိုးထားနေတာ မအံ့သြတော့ဘူး ”
ရှောင်ထန်ချိုး ခေါင်းညိတ်လိုက်ပြီး ” သူ ကံဆိုးမိုးမှောင်ကျခဲ့တာတွေအားလုံးရဲ့အစက ယွမ်အိမ်တော်ကပဲ၊ အဲ့ဒီစောက်ကျိုးနည်း တစ္ဆေလက်ထပ်ပွဲကနေ စခဲ့တာ! တကယ်တော့ ဒီသုံးရက်အတွင်းမှာငါတို့တွေ အရိပ်အမြွတ်အများကြီး ရခဲ့တယ်။ ကြည့်ရတာ ဒီနေ့ညလုပ်မယ့် တစ္ဆေမင်္ဂလာပွဲကိုတားပြီး ဖန်းလန်ရဲ့နာကျည်းမှုကို ဖယ်ရှားရမယ့်ပုံပဲ! “