Chapter 20
ရှောင်ထန်ချိုးနဲ့ ထန်းမျန်မျန်တို့ ယွမ်အိမ်တော်ကို ပြန်ရောက်ချိန်မှာတော့ လော့မန်စုက သူတို့ကိုမျက်မှောင်ကြုတ်ကြည့်ရင်း ဆူလာခဲ့သည်။
” မင်းတို့တွေ ဘယ်လိုလုပ်ပြီး အဲ့လိုမျိုးပြေးထွက်သွားရတာလဲ? အဲ့ဒါက အန္တရာယ်များတယ်ကွ! ”
ရှောင်ထန်ချိုးက တစ်ခုခုထပ်ပြောချင်နေတဲ့ ထန်းမျန်မျန်အား တားလိုက်ပြီး လော့မန်စုကို ပြုံးပြလိုက်သည်။
” ငါတို့မှားသွားတာပါ။ နောက်တစ်ကြိမ်ကျရင် ပိုသတိထားလိုက်မယ် ”
” နောက်တစ်ကြိမ်ကျရင် ပိုသတိထားရမှာပေါ့! ဒီီနေရာက ငါတို့ကမ္ဘာနဲ့ လုံးဝမတူဘူး။ အန္တရာယ်တွေအပြည့်ပဲ၊ မင်းသာ သတိမထားရင် ငါ့ရဲ့ခေါင်း ပျောက်သွားလိမ့်မယ်! ” လော့မန်စုက တင်းမာတဲ့မျက်နှာထားနဲ့ ရှောင်ထန်ချိုးအား ဟန့်လိုက်သည်။ ထို့နောက် တခြားအကြောင်းအရာတစ်ခုဆီ ဦးတည်သွားခဲ့၏။
” မင်းတို့ အပြင်ထွက်တုန်းက ပုံမှန်မဟုတ်တာတစ်ခုခု တွေ့ခဲ့လား? ရန်ပင်း ဘာဖြစ်သွားတာလဲ? သူ သေသွားပြီလား? ”
ရှောင်ထန်ချိုးက လူသေအလောင်းတွေနဲ့ လုပ်ထားတဲ့ “မြစ်” အပါအဝင် ရန်ပင်း ဘယ်လိုမျိုး အရှင်လတ်လတ်မီးရှို့ခံရတယ်ဆိုတာရယ် ဒီကိုလာတဲ့လမ်းမှာ စက္ကူရုပ်လိုက်တာခံရတယ်ဆိုတဲ့အကြောင်းလောက်ကို နည်းနည်းပါးပါးပြောပြလိုက်သည်။
” မင်းတို့တွေ စက္ကူရုပ်နဲ့ ထပ်တွေ့လာပြန်ပြီလား? ဒီတစ်ခေါက်က ဘယ်လိုလုပ်ပြီး လွတ်လာကြတာလဲ? ” လော့မန်စုက ရှောင်ထန်ချိုးအား သံသယဖြင့် ကြည့်လာခဲ့ပေသည်။
ရှောင်ထန်ချိုးက ကျောက်စိမ်းဆွဲပြားနဲ့ပတ်သတ်တဲ့အကြောင်းကို ဖုံးကွယ်ထားလိုက်ပြီး သူတို့နှစ်ယောက်လုံး နောက်ကြောင်းပြန်လှည့်ပြေးလာခဲ့ကာ စက္ကူရုပ်မှာ တစ်နည်းနည်းဖြင့် သူတို့နောက်တွင် မျက်ခြည်ပြတ်ကျန်ခဲ့ကြောင်း ရှင်းပြလိုက်သည်။
လော့မန်စုက သံသယဝင်နေသေးပေမယ့် ဆက်ပြီးမေးမလာတော့ပါ။ သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ရင်း ” မင်းတို့နှစ်ယောက်လုံး အဆင်ပြေလို့ တော်သေးတာပေါ့၊ မဟုတ်ရင် အကူအညီရတဲ့ လက်နှစ်ဖက်ကို ဆုံးရှုံးလိုက်ရမှာ၊ ငါတို့မှာ ယွမ်အိမ်တော်ကိုရှာလို့တောင် မပြီးသေးဘူး! ”
ရှောင်ထန်ချိုး တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။
” ဒီမစ်ရှင်ကို ပြီးမြောက်စေဖို့အတွက်ဆိုရင် ဒီနေ့ညလုပ်မယ့် မင်္ဂလာပွဲကို တားရမယ်ထင်တယ်! ”
လော့မန်စုက ပဟေဠိဖြစ်သွားဟန် ရှိ၏။ ” အဲ့ဒါက ပေးထားပြီးသားမဟုတ်လား? မင်းက ဒါကို ခန့်မှန်းဖို့လိုသေးတာလား? ”
ရှောင်ထန်ချိုးတစ်ယောက် ရှက်ရွံ့သွားခဲ့လေသည်။ ” ….. အယ်? ”
” အဟမ်း ” ရှောင်ထန်ချိုးရဲ့ ကိုးရိုးကားယားဖြစ်နေတဲ့အမူအရာကို လော့မန်စုက သတိပြုမိသွားသည်။ သူ့ရဲ့ခေါင်းပြောင်ပြောင်ကို ပွတ်လိုက်ရင်း ” တကယ်တော့ ငါတို့တွေ ဒီမစ်ရှင်အတွက်် သဲလွန်စအလုံအလောက် စုထားပြီးပြီလေ။ ပြောရရင် ဒါက D-level မစ်ရှင်တစ်ခုပဲကို။ မင်း မစ်ရှင်နည်းနည်််းလောက် ပြီးမြောက်အောင်လုပ်ပြီး အတွေ့အကြုံပိုရှိသွားရင် ဂိမ်းထဲက သဲလွန်စအသေးစားလေးတွေပေါ်အခြေခံပြီး မစ်ရှင်ကိုဖော်ထုတ်ဖို့နည်းလမ်းကို အလိုအလျောက်ခန့်မှန်းမိသွားလိမ့်မယ်……. ”
ရှောင်ထန်ချိုးခမျာ ပိုလို့တောင် ရှက်သွေးဖြာကာ နီမြန်းသွားလေသည်။ ” ဒါဆိုရင် ဘာလို့စကားပြောနေကြသေးတာလဲ? တာဝန်ခွဲပြီး ယွမ်အိမ်တော်ကို ရှာကြရအောင်လေ ”
လော့မန်စု ခေါင််းညိတ်လိုက်ပြီး ရှာရမယ့်တာဝန်တွေခွဲကာ အမြွှာနှစ်ယောက်နဲ့အတူ ထွက်သွားတော့သည််။
ရှောင်ထန်ချိုးနဲ့ ထန်းမျန်မျန်က သူတို့နဲ့ဆန့်ကျင်ဖက်ဆီ ထွက်သွားလိုက်၏။
သူတို့လမ်းလျှောက်နေတုန်းမှာပဲ ထန်းမျန်မျန်က မနေနိုင်ပဲ မေးလိုက်သည်။
” D-level မစ်ရှင်ဆိုတာက ဘာကိုပြောချင်တာလဲ? မဟုတ်မှလွဲရော A-level, B-level နဲ့ တခြား level တွေဆိုပြီး ရှိတာများလား? ”
ရှောင်ထန်ချိုး အလေးအနက်တွေးလိုက်ရင်း ” အဲ့လိုဖြစ်နိုင်တယ် ”
” ဖာ့ခ်! အခု D-level မစ်ရှင်ကတောင် ဒီလောက်ခက်နေတာ၊ A-level မစ်ရှင်ဆိုရင် ဘယ်လိုလုပ်ကြမလဲ? ” ထန်းမျန်မျန် စိတ်ဓာတ်ကျသွားခဲ့လေသည်။ ” အနိမ့်ဆုံးခက်ခဲမှုမှာတောင် အခေါက်ပေါင်းမနည်း သေတော့မလိုဖြစ်နေတာ။ A-level သာ ဆိုရင်တော့ ငါတို့တွေ အားနည်းတဲ့အမှိုက်နှစ်စလိုမျိုး သုံးစက္ကန့်တောင်မကြာ သေကုန်တော့မှာပဲ! ”
ရှောင်ထန်ချိုးက ခြောက်ကပ်ကပ်ရယ်မောလိုက်ရင်း ” ဒီနေရာမှာ အားနည်းတဲ့အမှိုက်ဆိုလို့ ငါပဲရှိတာ။ ငါတို့ရဲ့အဆင့်တွေကနေ မင်းကိုယ်မင်း ဖယ်ထုတ်ပစ်လိုက်ပါ။ ကျေးဇူး ”
” ငါက မင်းထက်အများကြီးပိုတော်နေတာ မဟုတ်ပါဘူး။ သားသတ်လွတ်ဟင်းနဲ့ အသားဟင်းတစ်ခွက်ကြားက ခြားနားချက်ဖြစ်နေရုံလောက်ပဲ။ အဲ့ဒီ ဘော့စ်တွေအတွက်တော့ ငါတို့က တစ်ကိုက်စာတောင် ရှိမှာမဟုတ်ဘူး…… ”
ရှောင်ထန်ချိုး သက်ပြင်းချလိုက်၏။ အဲ့ဒါကို သူလည်းသိပေမယ့် ဘာတတ်နိုင်မှာတဲ့လဲ ? သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဆက်မကြည့်ချင်တော့ရင် ‘ X ‘ ခလုတ်ကို နှိပ်လိုက်လို့ရတယ်၊ horror ဂိမ်းတစ်ခုကို ဆက်မဆော့ချင်တော့ရင် ဂိမ်းထဲက ထွက်လိုက်လို့ရတယ်။ ဒါပေမယ့် သူ တကယ်သိချင်မိတာက…… ဒီသောက်အစစ်အမှန်ဂိမ်းထဲမှာ ထွက်တဲ့ခလုတ်က ဘယ်နားမှာလဲ !
မနေ့တုန်းက သူတို့နှစ်ယောက်သား ရောက်လေရာအရပ်မှာ ရှာခဲ့ကြပေမယ့် ဘာကိုမှ ရှာလို့မတွေ့ခဲ့ကြပေ။
သော့ပိတ်ထားတဲ့ တံခါးကို မပြောနဲ့၊ သော့ပိတ်ထားတဲ့ သေတ္တာတစ်လုံးကိုတောင် ရှာလို့မတွေ့ခဲ့ပေ။ ရှောင်ထန်ချိုးမှာ သော့တစ်ချောင်းကို ကိုင်ထားပေမယ့် သက်ဆိုင်ရာသော့ပေါက်ကိုတော့ ရှာမတွေ့နိုင် ဖြစ်နေခဲ့သည်။
” horror ဂိမ်းတစ်ခုထဲမှာ သော့ခတ်ထားတဲ့တံခါးတစ်ခုကိုရှာတွေ့ပေမယ့် သော့ကိုရှာမတွေ့တာထက် ဘာကပိုဆိုးလဲဆိုတာကို နောက်ဆုံးတော့ ငါသိသွားခဲ့ပြီ ” သူ သော့ကိုကြည့်ရင်း လေသံယဲ့ယဲ့လေးဖြင့် ပြောလိုက်၏။
” အဲ့ဒါက သော့ကိုရှာတွေ့ပေမယ့် ဖွင့်ရမယ့်တံခါးကို ရှာလို့မတွေ့တာပဲ ”
” ….. တကယ်တော့ နှစ်ခုလုံးက စိတ်ပျက်စရာတွေချည်းပါပဲ ” ထန်းမျန်မျန် ကြားဖြတ်ပြောလိုက်သည်။ ” ငါတို့ နောက်တစ်ခေါက်လောက် ပြန်ကြည့်ကြမလား? ကျန်ခဲ့တဲ့နေရာတွေလည်း ရှိရင်ရှိမှာပဲလေ။ တံခါးတွေဘာတွေဆီကို သွားတဲ့ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းလိုမျိုးပေါ့? တီဗွီတွေထဲမှာဆို အမြဲတမ်းအဲ့လိုပဲမလား? ”
ရှောင်ထန်ချိုး မဆိုင်းမတွပင် ဆုံးဖြတ်ချက်ချလိုက်သည်။
” ဆက်ကြည့်ရအောင်! ဘယ်လိုပဲဖြစ်ဖြစ် ဒီီနေ့ညမင်္ဂလာပွဲမတိုင်ခင် ငါတို့ ဒါကိုရှာတွေ့ရမယ်! ”
သူတို့ရဲ့ အင်္ကျီလက်မောင်းတွေကို လိပ်တင်ရင်း ဆက်ရှာခဲ့ကြပေသည်။ ဒီတစ်ခေါက်တော့ ပုန်းကွယ်နေတဲ့တံခါးကိုရှာဖို့အတွက် သူတို့တွေ ထောင့်တိုင်း၊နေရာတိုင်းကို ကြည့်ခဲ့ကြသည်။ အလှစိုက်ပန်းအိုးလိုမျိုး နည်းနည်းလေးသံသယဝင်စရာကောင်းတဲ့ အရာမျိုးကိုတွေ့ရင်တောင် အဲ့ဒါကိုကောက်ယူပြီး အသေးစိတ်စူးစမ်းကြလိမ့်မည်ဖြစ်၏။
သို့သော် ကောင်းကင်ကြီး လုံးဝမှောင်မဲသွားခဲ့တဲ့အထိတောင် သူတို့ ဘာကိုမှရှာလို့ မတွေ့ခဲ့ကြသေးပေ။
နှစ်ယောက်လုံး အားအင်ကုန်ခမ်းရင်း လဲကျလုမတတ်ဖြစ်နေကြပေမယ့် သူတို့ရဲ့အရိုးတွေထဲမှာ ဖြစ်တည်နေတဲ့ ရုပ်ပိုင်းဆိုင်ရာမောပန်းမှုနဲ့ ယှဉ်လိုက်ရင်တော့ စိတ်ပိုင်းဆိုင်ရာ မောပန်းအားကုန်မှုက ပိုလေသည်။ ရှောင်ထန်ချိုး မျက်မှောင်ကြုတ်ရင်း သူ့လက်ဖဝါးထဲမှ သော့ကို လေ့လာကြည့်လိုက်သည်။
” ဒီသော့က ဘာကိုဖွင့်တာလဲ? ……… ငါ ဒါနဲ့ပတ်သတ်ပြီး ဘာလို့မကောင်းတဲ့ခံစားချက်ရနေပါလိမ့်? ” သင့်တော်တဲ့သော့ပေါက်ကို သူ ရှာတွေ့နိုင်မှာမဟုတ်မှန်းသာသိခဲ့ရင် သော့ကိုရှာမတွေ့ခဲ့တာကမှ ပိုကောင်းဦးမည်။ အရေးကြီးတာတစ်ခုခုကို သူ လွဲသွားခဲ့နိုင်သည့်ဆိုတဲ့ အတွေးက သူ့ရင်ဘတ်ကို တင်းကြပ်စေခဲ့သည်။
” ဖတ်! ဖတ်! ဖတ်! မင်း အဲ့စကားကိုထပ်ပြောရဲလား! ”
ထန်းမျန်မျန်က ကြောက်ရွံ့နေတဲ့ ငှက်တစ်ကောင်လိုမျိုး လည်ပင်းကိုကျုံ့ဝင်ရင်း ဘယ်ညာကြည့်လိုက်သည်။ အန္တရာယ်ကင်းကြောင်း သေချာမှပဲ စိတ်အေးသွားရ၏။
” အရမ်းကြီးတွေးမနေနဲ့၊ ဒီသော့က ဒီအတိုင်းအပြင်အဆင်တစ်ခု ဖြစ်နေရင်ရော? ပင်မခန်းမဆီ အရင်သွားရအောင်။ လော့မန်စုက တစ်ခုခုကို ရှာတွေ့ထားနိုင်တာပဲမလား? ”
” အခုလောလောဆယ်မှာ အဲ့ဒါက ငါတို့လုပ်နိုင်သမျှအကုန်ပဲ ” ရှောင်ထန်ချိုး သော့ကိုသိမ်းရင်း ပြောလိုက်သည်။ ” သွားစို့ ”
သူတို့ ပင်မခန်းမနား ရောက်လာကြချိန်တွင် ထန်းမျန်မျန်က ရှောင်ထန်ချိုးအား ရုတ်တရက်မေးလာခဲ့သည်။ ” မင်း အသံတစ်ခုခုကြားလိုက်လား? ”
ရှောင်ထန်ချိုး ခေါင်းကိုခါရင်း ” ဘာအသံလဲ? ”
ထန်းမျန်မျန်ရဲ့ မျက်နှာသေးသေးလေးက ဖြူစုတ်သွားခဲ့ကာ ” ကလေးတစ်ယောက် ငိုနေတဲ့အသံတွေ….. ဖာ့ခ်! ဟိုစောက်ကလေးဝိဉာဉ်က ရောက်လာပြန်ပြီ! ” သူ စကားပြောပြီးချိန်မှာပဲ ရှောင်ထန်ချိုးလည်း ကလေးငိုသံကို ကြားလိုက်ရသည်။
” အထိတ်တလန့်မဖြစ်နဲ့….. ” ရှောင်ထန်ချိုး အံကို တင်းတင်းကြိတ်လိုက်၏။ နောက်တစ်စက္ကန့်မှာပဲ ပင်မခန်းမဆီကနေ စူးစူးဝါးဝါးအော်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ ရှောင်ထန်ချိုးက ခဏမျှတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
” တစ်ချက်လောက်သွားကြည့်ရအောင်။ ဘာပဲဖြစ်ဖြစ် ငါတို့လည်း ပင်မခန်းမဆီ သွားရမှာပဲဟာ ”
ထန်းမျန်မျန်က စိတ်မပါတဲ့မျက်နှာထားဖြင့် သူ့နောက်မှ လိုက်လာခဲ့ပေသည်။
သူတို့နှစ်ယောက်လုံး ပင်မခန်းမရဲ့ ဝင်ပေါက်ဝဆီရောက်လာခဲ့ကြပြီး အဆိုပါစူးရှတဲ့အော်သံတွေရဲ့ မြစ်ဖျားခံရာနေရာကို ရှာတွေ့သွားခဲ့ကြလေသည်။ အမြွှာညီအစ်မနှစ်ယောက်ထဲက တစ်ယောက်မှာ မြေပြင်ပေါ်တွင် ပုံလျက်သားလဲကျရင်း ကြောက်ရွံ့မှုဖြင့် မျက်လုံးတွေပြူးကျယ်နေကာ သွေးအန်နေခဲ့သည်။ သူမရဲ့ခန္ဓာကိုယ်က အပိုင်းပိုင်းအစစဖြစ်နေရင်း သူမလက်ထဲမှာလည်း အပိုင်းပိုင်းအစစဖြစ်နေတဲ့ မွေးကင်းစကလေးကစားစရာတစ်ခုအား ကိုင်ထားခဲ့၏။
” မီမီ! ” သူမရဲ့အစ်မဖြစ်သူက သူမဘေးမှာ ဒူးထောက်ရင်း အပြင်းအထန်အော်ဟစ်နေခဲ့ကာ တင်းမီမီကိုယ်ပေါ်မှ ကျိုးပဲ့နေတဲ့ဒဏ်ရာတွေကနေ ပန်းထွက်နေတဲ့သွေးတွေကို တိတ်အောင်လုပ်ဖို့ ကြိုးစားနေခဲ့သည်။ ဒါပေမယ့်လည်း အဲ့ဒါက အသုံးမဝင်ပေ။
တင်းမီမီ အသက်ရှူနေတာ ရပ်သွားခဲ့သည်။ သူမရဲ့မျက်လုံးတွေက ပြူးကျယ်နေသေးဆဲဖြစ်ပြီး သူမ အခုလိုသေသွားရတဲ့အပေါ်မှာ ဘယ်လောက်ထိဆန္ဒမရှိကြောင်းကို သူမရဲ့မျက်နှာအမူအရာက သက်သေပြနေခဲ့၏။
” မဟုတ်ဘူး! မဟုတ်ဘူး! ” တင်းထျန်းထျန်းက တင်းမီမီကို သူမရဲ့လက်မောင်းတွေထဲမှာ ဖက်ထားဖို့ကြိုးစားလိုက်ပေမယ့် တင်းမီမီရဲ့ ခန္ဓာကိုယ်က လုံးဝပြိုကွဲသွားရင်း သူမရဲ့ခေါင်းကသာ တင်းထျန်းထျန်းရဲ့လက်ထဲမှာ ကျန်ရစ်ခဲ့သည်။ သေးငယ်တဲ့မျှော်လင့်ချက်ပေါ်မှာ မှီတည်ရင်း ညီမဖြစ်သူရဲ့ခန္ဓာကိုယ်အပိုင်းအစတွေကို ဆက်ဖို့ တင်းထျန်းထျန်း ခက်ခက်ခဲခဲကြိုးစားလိုက်ပေမယ့် သူမရရှိလိုက်တာကတော့ အသားနဲ့သွေး လက်တစ်ဆုပ်စာကိုသာ။
” ရပ်လိုက်တော့ ” လော့မန်စု သက်ပြင်းချရင်း အသာအယာပြောလိုက်သည်။ ” သူမက သေသွားပြီ ”
တင်းထျန်းထျန်း တွေဝေစွာဖြင့် မြေကြီးပေါ်တွင် ထိုင်နေကာ အလောင်းကိုသာ ငေးကြည့်နေရင်း ဘာတစ်ခုမှပြောမလာခဲ့ပေ။
” ဘာဖြစ်သွားတာလဲ? ” ရှောင်ထန်းချိုး ထပ်ပြီးကြည့်နိုင်စွမ်းမရှိတော့ပဲ လော့မန်စုကို လှည့်မေးလိုက်သည်။
လော့မန်စု သက်ပြင်းချရင်း ” ခုနတုန်းက အခန်းတစ်ခန်းထဲမှာ ကလေးတွေသုံးတဲ့ အသုံးအဆောင်ပစ္စည်းတို့ကို ငါတို့တွေ့ခဲ့တယ်။ တင်းမီမီက ကစားစရာတစ်ရုပ်ကို ကောက်ကိုင်လိုက်တော့ ကလေးဝိဉာဉ်က ရုတ်တရက်ပေါ်လာတာ….. ငါတို့ ချက်ချင်းလှည့်ပြေးခဲ့ကြတယ်။ ဒါပေမယ့် ငါတို့ ဒီကိုရောက်တဲ့အခါ တင်းမီမီက ရုတ်တရက်ချော်လဲသွားပြီး ကစားစရာက လွတ်ကျသွားခဲ့တယ်။ ကစားစရာကျိုးသွားတဲ့အချိန်မှာပဲ သူမက……. အပိုင်းပိုင်း အစစတွေအဖြစ် ကွဲသွားခဲ့တာ ”
ရှောင်ထန်ချိုး ကြက်သီးထသွားခဲ့ရသည်။ ကလေးဝိဉာဉ်က တအားကြောက်ဖို့ကောင်းလွန်းတယ် ! သူတို့နှစ်ယောက် အခေါက်ပေါင်းများစွာ လွတ်လာနိုင်ခဲ့တာ ထူးဆန်းအံ့သြဖွယ်ရာပဲ !
ထိုအခိုက်မှာပဲ တည်ငြိမ်ပြီး ခံစားမှုကင်းမဲ့တဲ့ အသံတစ်ခုက ရုတ််တရက်ထွက်လာခဲ့ပေသည်။
” မင်္ဂလာပွဲအခမ်းအနားက စတင်ပါတော့မယ်။ ကျေးဇူးပြုပြီး နေရာယူပေးကြပါ…… ”
သူတို့ အလန့်တကြားခုန်ထရင်း ခေါင်းမော့ကြည့်လိုက်ရာ အနှီကြောက်စရာကောင်းသည့် အိမ်တော်ထိန်းမှာ ဝင်ပေါက်ဝ၌ မတ်တပ်ရပ်နေခဲ့လေသည်။ သူတို့ထဲမှာ တစ်ယောက်မှ အိမ်တော်ထိန်းရောက်လာတာကို မမြင်လိုက်ကြဘူး !
အိမ်တော်ထိန်းက သူတို့အား မထူးမခြားနားကြည့်လာခဲ့သည်။ မြေပြင်ပေါ်က အလောင်းဆီ မျက်လုံးရောက်သွားချိန်မှာတော့ သူက ဒါကိုကျင့်သားရနေခဲ့သလိုမျိုး မျက်နှာအမူအရာ တစ်ချက်ပြောင်းမသွားခဲ့ပါ။
သူက ခပ်တောင့်တောင့်ဖြင့် ရှေ့သို့လျှောက်လာရင်း တင်းမီမီရဲ့ အလောင်းအပိုင်းအစတွေအားလုံးကို တစ်ခုပြီးတစ်ခု ကောက်ယူနေသည်မှာ အမှိုက်သရိုက်တွေကို ကောက်ယူနေတဲ့အတိုင်းပင်ဖြစ်၏။ သွေးတွေက သူ့အင်္ကျီကို ရွှဲရွှဲစိုသွားခဲ့ပေမယ့် သူကတော့ မျက်ကန်းတစ်ယောက်အဖြစ်သာ ပြောင်းလဲသွားခဲ့လေသည်၊ ထိုအချိန်တွင် တင်းထျန်းထျန်းက ရွေ့လျားမှုမရှိပဲ သူမရဲ့ဒူးတွေကိုဖက်ထားရင်း မြေကြီးပေါ်တွင် ထိုင်နေခဲ့ကာ သူမညီမရဲ့ ရက်ရက်စက်စက်သေဆုံးသွားမှုပေါ်တွင် နစ်မြုပ်နေဆဲဖြစ်လေ၏။
မျက်စိတစ်မှိတ်စာအတွင်းမှာပဲ သွေးသံတရဲရဲဖြစ်နေတဲ့ မြေပြင်ပေါ်က အသားစတွေအားလုံးကို အိမ်တော်ထိန်းက ဖယ်ရှားပြီးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် မြေပြင်ပေါ်မှာ အနီရောင်စွန်းထင်းသွားခဲ့တဲ့ သွေးတွေကိုတော့ လုံးဝကိုလျစ်လျူရှုထားခဲ့၏။ သူတို့သတိပြန်ဝင်လာကြချိန်၌ အိမ်တော်ထိန်းမှာ ခုနက သူပေါ်လာခဲ့တဲ့ပုံစံအတိုင်း ရုတ်ချည်းဆိုသလို မသိလိုက်မသိဘာသာပဲ ပျောက်ကွယ်သွားခဲ့လေပြီ။
ရှောင်ထန်ချိုး အချိန်အတော်ကြာတဲ့အထိ ဆွံ့အသွားခဲ့ရပေမယ့် ရောက်ရှိလာတဲ့ လူတစ်ချို့ကြောင့် အာရုံပျံ့သွားခဲ့၏။
သူ ကြည့်လိုက်ရာ ၎င်းက တိတ်ဆိတ်တဲ့သုံးယောက် ဖြစ်နေသည်။ အမျိုးသမီးက သူတို့ကိုဦးဆောင်ရင်း အေးအေးလူလူပဲ လျှောက်လာခဲ့ကာ သွေးအိုင်ကွက်ကို တည်တည်ငြိမ်ငြိမ် ကျော်သွားလိုက်ပြီးနောက် ထိုင်စရာခုံတစ်ခုအား ခပ်တည်တည်ပဲ ရွေးချယ်လိုက်သည်။
ထိုအရာနှင့် နှိုင်းယှဉ်လိုက်ပါက ရှောင်ထန်ချိုးဖက်တွင် လုံးဝတည်ငြိမ်မနေတော့၊ အကြောင်းမှာ အမျိုးသမီးရဲ့လက်ထဲတွင် သစ်သားနဲ့လုပ်ထားတဲ့ သေတ္တာလေးတစ်လုံး ကိုင်ထားတာကို သူ မြင်လိုက်ရသောကြောင့်ပင်…..
သော့ခလောက်ပါတဲ့ သစ်သားသေတ္တာလေးတစ်လုံး !