Chapter 21
ရှောင်ထန်ချိုးရဲ့နှလုံးသားက အရူးအမူး စတင်ခုန်ပေါက်လာလေသည်။ သေတ္တာပဲ ! အဲ့ဒါ သူရှာနေတာပဲဖြစ်ရမယ် ! သူ ဒီလောက်ရှာတာတောင် ရှာလို့မတွေ့တာ အံ့သြစရာမရှိတော့ဘူး — တခြားတစ်ယောက်က ယူထားပြီးသားဖြစ်နေတာကိုး !
ဒီသုံးယောက်က သူတို့ထက်တစ်ရက်စောပြီး ယွမ်အိမ်တော်ကို ဝင်လာကတည်းက ယူသွားတာဖြစ်နိုင်ကြောင်း သူ တွေးလိုက်၏။ သူတို့က ယွမ်အိမ်တော်တစ်ခုလုံးကို ရှာပြီးသွားတာပဲဖြစ်မည်။ ဇာတ်ကြောင်းနဲ့ပတ်သတ်တဲ့ ဘယ်အရာကိုမဆို သူတို့အရင်ယူသွားလိမ့်မည်သာ။
သူ ဒီအမျိုးသမီးနဲ့ ဘယ်လိုဆွေးနွေးရင်ကောင်းမလဲ တုံ့ဆိုင်းနေတုန်းမှာပဲ ယွမ်မိသားစုက ပင်မခန်းမထဲကို ရုတ်တရက်ဝင်ရောက်လာခဲ့ပေသည်။ အမျိုးသမီးအများအပြားက သခင်မကြီးကို ဝန်းရံထားရင်း အထဲသို့လျှောက်ဝင်လာခဲ့၏။ သူတို့ရဲ့ ထိုင်ခုံနေရာတွေကို တိတ်တဆိတ်ရှာဖွေကာ မြေပြင်ပေါ်မှ သွေးကွက်အား မမြင်ချင်ယောင်ဆောင်သွားခဲ့ကြလေသည်။
အိမ်တော်ထိန်းက ဘယ်နေရာကမှန်းမသိ ထပ်ပေါ်လာခဲ့ပြန်ကာ သူ့အသံက အခါတိုင်းလို တည်တည်ငြိမ်ငြိမ်ပင်။
” အချိန်ကျရောက်လို့ လာပါပြီ…. ”
သူ စကားပြောပြီးတာနဲ့ မောင်းသံတွေ ရုတ်ချည်းမြည်လာခဲ့ကာ အဝေးဆီမှ ဗုံသံတွေထွက်ပေါ်လာခဲ့သည်။ ပျော်ရွှင်ဖွယ်ရာဖြစ်ရမည့်အသံက ကြောက်လန့်စရာ ညအချိန်မှာတော့ ထူးဆန်းပြီး ချောက်ချားဖွယ်ကောင်းနေ၏။
ထန်းမျန်မျန် ရှောင်ထန်ချိုးအနားသို့ အသာလေးကပ်သွားလိုက်သည်။ ရှောင်ထန်ချိုးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပေသည်။
ဒါက သူ ခေါင်းတလားထဲမှာရှိနေတုန်း မြင်ခဲ့ရတဲ့မြင်ကွင်းနဲ့ တစ်ပုံစံတည်းဖြစ်နေသည်လေ !
မောင်းသံတွေ ဗုံသံတွေက ပိုနီးလာပြီး ပိုကျယ်လာခဲ့ကာ သူ့နှလုံးသားက မြန်သထက်မြန်အောင် ခုန်ပေါက်လာခဲ့သည်။ သူတို့ ဒီတစ္ဆေမင်္ဂလာပွဲကို တားဖြစ်အောင် တားရမည် !
ဒါပေမယ့် မေးခွန်းမှာ…. ဒီတစ္ဆေမင်္ဂလာပွဲဖြစ်မလာအောင် ဘယ်လိုတားကြမလဲ ?
သူ လောင်းကြေးထပ်ရုံသာ တတ်နိုင်လေသည် !
ရှောင်ထန်ချိုး အံကြိတ်ရင်း ယွမ်အိမ်တော်ရဲ့အမျိုးသမီးတွေဆီ လျှောက်သွားလိုက်သည်။ ထန်းမျန်မျန်က မတုံ့ပြန်သေးပေ။ အိမ်တော်ထိန်းက ရှောင်ထန်ချိုးရှေ့တွင် ရုတ်တရက်ပေါ်လာပြီး အတက်အကျမရှိတဲ့လေသံဖြင့် ပြောလာခဲ့၏။ ” မင်္ဂလာအခမ်းအနား စတင်ပါတော့မယ်။ ကျေးဇူးပြုပြီး နေရာယူပေးပါ ”
သူ စဉ်းတောင်မစဉ်းစားပဲ လက်တစ်ဖက်ကိုမြှောက်ရင်း အိမ်တော်ထိန်းအား ဘေးသို့တွန်းလိုက်၏။ အိမ်တော်ထိန်းက မြေပြင်ပေါ်လဲကျသွားချိန်မှာတော့ ရှောင်ထန်ချိုး မျှော်လင့်ထားတဲ့အတိုင်း အရင်တစ်ခေါက်ကလို အပိုင်းအစတွေအဖြစ် ပြိုကွဲသွားလေသည်။ အမျိုးသမီးတွေက အိမ်တော်ထိန်းဖြစ်သူမှာ အစအနတွေဖြစ်သွားတာကို ကြည့်နေခဲ့ကြပြီး သူတို့ရဲ့အမူအရာတွေကတော့ ဘာကိုမှမမြင်လိုက်ကြသလိုမျိုး ပြောင်းလဲသွားခြင်းမရှိခဲ့ပါ။ အဆိုပါ မတွေဝေမယိမ်းယိုင်သည့် တည်ငြိမ်မှုက သူ့ကျောရိုးတစ်လျှောက်ကို အေးစိမ့်သွားစေခဲ့သည်။
အရင်ရွာလူကြီးက သူ သေပြီးသားဆိုတာကို မမှတ်မိနိုင်ခဲ့ရင် ယွမ်မိသားစုရဲ့ အမျိုးသမီးတွေကရော? သူတို့သေပြီးသားဆိုတာကို သိထားကြတာလား?
ရှောင်ထန်ချိုးရဲ့ အစီအစဉ်ကို ထန်းမျန်မျန် ချက်ချင်းနားလည်သွားခဲ့သည်။ အိမ်တော်ထိန်းရဲ့ အလောင်းက အပိုင်းအစတွေဖြစ်လာတာကိုမြင်တာနဲ့ သူအံကြိတ်လိုက်ကာ အရှေ့ကိုပြေးထွက်သွားရင်း အိမ်တော်ထိန်းရဲ့ဦးခေါင်းအား ကန်ထုတ်ပစ်လိုက်၏ !
လော့မန်စုက သူတို့နှစ်ယောက်ကို ကြည့်နေခဲ့ပြီး ဘာတစ်ခွန်းမှပြောမလာသလို တားလည်းမတားလာခဲ့ပေ။
အိမ်တော်ထိန်းဆီကနေ တားဆီးမခံရတော့ပဲ ရှောင်ထန်ချိုး အရှေ့ကို တဟုန်ထိုးပြေးလာရင်း ယွမ်မိသားစုရဲ့အမျိုးသမီးတွေကို မြေကြီးပေါ် တစ်ယောက်ပြီးတစ်ယောက်တွန်းချပစ်လိုက်သည်။ ဒီအမျိုးသမီးတွေလည်း အိမ်တော်ထိန်းသေသွားတဲ့အတိုင်း တစ်ပုံစံတည်းသေသွားခဲ့ကြသည်။ မြေကြီးပေါ်လဲကျသွားပြီးနောက် သူတို့ရဲ့ခန္ဓာကိုယ်တွေက ကျိုးပဲ့သွားခဲ့ကြပေမယ့် အိမ်တော်ထိန်းလိုမျိုးတော့ အသားစတွေက သူတို့ရဲ့ခန္ဓာကိုယ်တွေဆီ ပြန်စုစည်းသွားခဲ့ခြင်းမရှိချေ။ သူတို့က လှုပ်ရှားမှုကင်းမဲ့နေရင်း သူတို့ရဲ့ခေါင်းတွေကသာ မြေကြီးပေါ်လိမ့်ကျသွားခဲ့ကာ ရှောင်ထန်ချိိုးအား အေးစက်စက်စိုက်ကြည့်နေခဲ့လေသည်။
တခြားတစ်ဖက်မှာတော့ အိမ်တော်ထိန်းရဲ့ဦးခေါင်းက သူ့အလိုလိုပြန်လိမ့်လာတာကို ထန်းမျန်မျန်မြင်လိုက်ရတာကြောင့် ပျို့အန်ချင်တဲ့စိတ်ကို ထိန်းထားရင်း အိမ်တော်ထိန်းရဲ့ဦးခေါင်းအား နောက်တစ်ကြိမ်ကန်ထုတ်ပစ်လိုက်ပြန်သည်။ ဒီတစ်ခေါက်မှာတော့ သူက ယွမ်အိမ်တော်ရဲ့တံခါးအပြင်ဖက်ဆီ တိုက်ရိုက်ကန်ထုတ်ပစ်လိုက်ပြီး မကြာခင်မှာပဲ ဦးခေါင်းက အမှောင်ထုထဲနစ်မြုပ်သွားတော့သည်။
ဒါပေမယ့်လည်း ဒါက စိတ်အေးရမယ့်အချိန်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နောက်တစ်စက္ကန့်မှာပဲ သတို့သမီးကို ကိုင်ပေးထားတဲ့ အစေခံကောင်မလေးအနည်းငယ်က ဝင်လာခဲ့ခြင်းကြောင့်ဖြစ်၏ !
လူအုပ်ကြီးက ချက်ချင်းထရပ်လိုက်ကာ အချိန်မရွေး သရုပ်ဆောင်တော့မလိုမျိုး အသင့်ပြင်လိုက်ကြသည်။ ရှောင်ထန်ချိုးက ထိုအစေခံတွေကိုပါ ပထုတ်ရင်ကောင်းမကောင်းတွေးနေတုန်းမှာပဲ သေတ္တာကိုင်ထားတဲ့ အမျိုးသမီးက ရုတ်တရက် လှုပ်ရှားလာခဲ့လေသည်။ သူမက ဓားသေးသေးလေးတစ်ခုကို ဆွဲထုတ်လိုက်ပြီး သတို့သမီးဆီ အမြန်ပြေးသွားကာ တစ်ဆက်တည်းမှာပင် သူမရဲ့ရင်ဘတ်ဆီ အလျင်အမြန်ဓားစိုက်ချလိုက်ပေ၏။
ဒီရုတ်ချည်းတိုက်ခိုက်မှုကြောင့် ရှောင်ထန်ချိိုး ထိတ်လန့်သွားခဲ့ပေမယ့် ခဏအကြာမှာပဲ သူ တစ်စုံတစ်ရာကို နားလည်သွားခဲ့သည်။ ဟုတ်တယ်။ သူက ဖန်းလန်ရဲ့နာကျည်းမှုကို ဘယ်လိုဖယ်ရှားရမလဲဆိုပြီး တွေးနေခဲ့ပေမယ့် သူတို့တွေ ဖန်းလန်ကို သုတ်သင်ပစ်မယ်ဆိုတဲ့ တဲ့တိုးပိုဆန်တဲ့ချဉ်းကပ်နည်းကို ရွေးချယ်လို့ရနိုင်တာပဲ !
….. နေဦး ! ဒီလော့ဂျစ်နဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေပုံပဲ !
ဒါက လုံးဝအမှားကြီးကို !
အမျိုးသမီးက အေးစက်စက်ပြောလိုက်သည်။
” ဖန်းလန်၊ နင်က ဟိုးအရင်ကတည်းက သေသွားခဲ့ပြီ။ နိုးထတော့! နင့်ကိုယ်နင်နဲ့ တခြားသူတွေကို မုန်းတီးပြီး ထပ်တလဲလဲညှင်းဆဲနေမယ့်အစား နင့်ရဲ့နာကျည်းချက်ကို လက်လွှတ်လိုက်ပြီး လူဝင်စားလိုက်တာ ပိုမကောင်းဘူးလား?! ”
ဖန်းလန်က အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ထားရင်း ထိတ်လန့်တကြား ငေးကြည့်နေခဲ့ပေသည်။ ထိုအခိုက်တွင် သူမက လူသားပုံစံရှိနေသေးဆဲဖြစ်ကာ သူမဆီ ရွေ့လျားလာခဲ့တဲ့အမျိုးသမီးကို မှင်သက်စွာငေးကြည့်နေခဲ့ပြီးနောက် သူမရဲ့ရင်ဘတ်မှာ ထိုးစိုက်နေတဲ့ ဓားဆီ မယုံကြည်နိုင်မှုဖြင့် ငုံ့ကြည့်လိုက်ပေသည်။ တစ်ခဏအကြာမှာတော့ သူမရဲ့မျက်နှာအမူအရာက စတင်ပြောင်းလဲလာခဲ့၏။ ပတ်ဝန်းကျင်ရဲ့ လေထုအခြေအနေက ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့လေသည်။
” မင်းရူးနေလား?! ဘာဖြစ်လို့ အဲ့လိုလုပ်လိုက်တာလဲ?! ” လော့မန်စု ထိတ်လန့်တကြား အော်ပြောလိုက်သည်။ ” ဖာ့ခ်! သူမက နတ်ဆိုးဝိဉာဉ်အဖြစ် ပြောင်းသွားတော့မယ်! ”
အမျိုးသမီးက မျက်စိမျက်နှာပျက်ယွင်းရင်း သူ့ဓားကိုဆွဲထုတ်ဖို့ ကြိုးစားလိုက်ပေမယ့် နှစ်ကြိမ်ဆွဲထုတ်ပြီးတာတောင် ဓားက ကျွတ်ထွက်မလာခဲ့ပေ။ ဖန်းလန် စတင်ပြီးပြောင်းလဲလာတာကို မြင်လိုက်လျှင် ဓားကိုလက်လွှတ်ရင်း ထွက်ပြေးတော့သည်။
ဖန်းလန်က နတ်ဆိုးဝိဉာဉ်တစ်ကောင်အဖြစ် လုံးဝပြောင်းလဲသွားချေပြီ။ သူမရဲ့ ခါးသီးတဲ့နာကျည်းမှုကနေ အသွင်ပြောင်းသွားတဲ့ အမည်းရောင်မြူတွေက သူမရဲ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားခဲ့သည်။ နဂိုကလှပခဲ့တဲ့ သူမရဲ့မျက်နှာအသွင်အပြင်တို့မှာ မဖော်ပြနိုင်လောက် ရုပ်ဆိုးအကျည်းတန်သွားခဲ့လေသည်။ ခန္ဓာကိုယ်တစ်ခုလုံး ဖောင်းတင်းပြီးယောင်ကိုင်းလာခဲ့ကာ သူမရဲ့မျက်နှာက ကိုးရိုးကားယားပုံစံနဲ့ တွန့်လိမ်လာခဲ့ပြီး သူမဆီကနေ ရွံစရာကောင်းတဲ့ ကြက်ဥပုတ်နံ့တစ်ခုလည်း ထွက်နေခဲ့သည်။ သူမ သွားလိုက်တဲ့နေရာတိုင်းမှာ စက်ဆုပ်စရာကောင်းတဲ့ အရည်ကွက်တစ်ခုကလည်း ကျန်နေခဲ့၏။
သူမက အမျိုးသမီးကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ရင်း တဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့ပေသည်။
ရှောင်ထန်ချိုး အတွေးထဲပေါ်လာတဲ့ တစ်စုံတစ်ခုကို အမြန်အကောင်အထည်ဖော်လိုက်၏။ ” ငါ့ကိုသေတ္တာပေး! ငါ့မှာ သော့ရှိတယ်! ”
ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မျိုးမှာ သူ့အနေနဲ့ စွန့်စားဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ !
အမျိုးသမီးက ရှောင်ထန်ချိုးကို လှည့်ကြည့်လာပြီး စက္ကန့်ဝက်လောက် တုံ့ဆိုင်းနေခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ဖန်းလန်က သူတို့ကိုတိုက်ခိုက်တော့မှာဖြစ်တာကြောင့် သူမမှာ စဉ်းစားနေဖို့ အချိန်မရှိတော့။ အဲ့ဒါအပြင် သေတ္တာက သူမလက်ထဲမှာ ရှိနေပြီးသားဖြစ်ပြီး အဲ့ဒါကို သော့မရှိပဲဖွင့်ဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်တဲ့အရာပေ။ ဒီလို item မျိုးက အားသုံးပြီးဖွင့်လို့မရတာကြောင့် သူမအနေနဲ့ ဒါကိုဖွင့်ချင်ရင် သက်ဆိုင်ရာသော့ကို ရှာဖို့သာ တတ်နိုင်လေသည်။ သူမ အံကြိတ်ရင်း ရှောင်ထန်ချိုးထံ သေတ္တာကိုပစ်ပေးလိုက်သည်။
ရှောင်ထန်ချိုး သေတ္တာကိုဖမ်းမိသွားတာနဲ့ အဲ့ဒါကိုဖွင့်ဖို့အတွက် သော့အမြန်ထုတ်လိုက်၏။ တစ်ဖက်မှာတော့ အမျိုးသမီးက နောက်ထပ်ဓားသေးသေးလေးတစ်ချောင်းကို ထုတ်ယူလာခဲ့သည်။ သူမရဲ့အဖော်နှစ်ယောက်ကလည်း သူတို့ရဲ့လက်နက်တွေကို ထုတ်ယူလာခဲ့ကြသည်။ သူတို့ရဲ့လက်နက်တွေက အထင်ကြီးစရာတော့မကောင်းပေမယ့် ရှောင်ထန်ချိုး – လက်နက်မပါရှိတဲ့ ဒီလူသစ်လေး – နဲ့ ယှဉ်လိုက်ရင်တော့ အများကြီးပိုသာလေ၏။
အချိန်နှောင့်နှေးသွားတဲ့အပေါ်မှာ အခွင့်ကောင်းယူရင်း ရှောင်ထန်ချိုး သေတ္တာကို အောင်အောင်မြင်မြင်နဲ့ ဖွင့်နိုင်သွားခဲ့သည်။ သူ့ကိုအံ့သြသွားစေခဲ့တာကတော့ သေတ္တာထဲမှာ စာအချို့ရှိနေခဲ့၏။ သူ အဲ့ဒါတွေထဲက တစ်စောင်ကိုကောက်ယူပြီး ဂရုတစိုက်နဲ့ကြည့်လိုက်ပေမယ့် ကိစ္စတစ်ခုလုံးနဲ့ပတ်သတ်လို့ တစ်ခုခုကတော့ထူးဆန်းနေသလိုမျိုး ခံစားခဲ့ရပေသည် — ဖန်းလန်က ဒီစာတွေကို ကျိုးဟေးဆီ အမှန်တကယ်ရေးခဲ့ခြင်းဖြစ်သည်။
” အထဲမှာ ဘာရှိလဲ? မြန်မြန်! ထုတ်လိုက်! သူတို့တွေ ဒီထက်ပိုပြီးတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး! ” ရှောင််ထန်ချိုးဆီ ထန်းမျန်မျန် ပြေးဝင်လာရင်း သူ့လက်ထဲမှစာကို ဆတ်ခနဲဆွဲယူလိုက်သည်။ ” စာတစ်စောင်လား? သေစမ်း! ငါတို့ ဒီအတိုင်းပဲ စမ်းကြည့်လိုက်ကြမယ်! ”
ရှောင်ထန်ချိုး _ ” ခဏ……. ”
သူ ထန်းမျန်မျန်ကို မတားလိုက်နိုင်ခင်မှာပဲ ထန်းမျန်မျန်က သူ့သတ္တိတွေကိုဆင့်ခေါ်ရင်း ဖန်းလန်ဆီ တဟုန်ထိုးပြေးဝင်သွားခဲ့လေသည်။ သူက ခပ်လှမ်းလှမ်းလေးမှာ ရပ်ရင်း စာကို ဖန်းလန်ဆီပစ်ပေါက်လိုက်ပုံမှာ အမှိုက်သရိုက်ကို လွှင့်ပစ်နေတဲ့အတိုင်းပင်။
မူလက ရန်လိုနေခဲ့သည့် ဖန်းလန်မှာ ရုတ်ချည်းငြိမ်ကျသွားခဲ့ပေသည်။ သူမက ယောင်ကိုင်းလွန်းလို့ ပူးကပ်နေသလိုထင်ရတဲ့ သူမရဲ့လက်ချောင်းတွေနဲ့ စာကို ကောက်ယူလိုက်သည်။ သူမ ခေါင်းကိုငုံ့ထားရင်း စာကိုကြည့်နေခဲ့၏။
သူမကိုကြည့်ရတာ တည်ငြိမ်သွားခဲ့ဟန်ရှိသည်။ ထန်းမျန်မျန်တစ်ယောက် မယုံကြည်နိုင်မှုဖြင့် မျက်တောင်ခတ်မိသွားပေသည်။ ဒါက တကယ်ကြီး အဲ့လောက်လွယ်တာလား ?
ရှောင်ထန်ချိုး မသဲမကွဲရေရွတ်လိုက်သည်။
” ငါ မကောင်းတဲ့ခံစားချက်ရနေတယ်…… ”
ထန်းမျန်မျန် _ ” သောက်ကျိုးနည်းငါ့ဘဝကြီး! ထပ်မပြောပါနဲ့တော့လား?! ”
ဒါပေါ့၊ ဖန်းလန်ရဲ့မျက်နှာအမူအရာက တစ်စက္ကန့်လောက် တည်ငြိမ်သွားပြီးနောက် အလျင်အမြန်ပြောင်းလဲသွားခဲ့လေသည်။ အလွန်လျင်မြန်တဲ့နှုန်းဖြင့် သူမရဲ့မျက်လုံးတို့မှာ နာကျည်းမှုတွေ မကျေနပ်မုန်းတီးမှုတွေနဲ့ ပြည့်နှက်သွားခဲ့ပြီး သူမပတ်လည်မှာ ဝန်းရံနေတဲ့ နာကျည်းချက်မြူအမည်းတွေက ပိုလို့တောင် သိပ်သည်းလာတော့သည် !
ထန်းမျန်မျန်ရဲ့ မျက်နှာမှာ မျှော်လင့်ချက်ကင်းမဲ့မှုတို့ ပြည့်သွားခဲ့ရင်း ” ငါ့ကိုပြောစမ်းပါ၊ မင်း အရင်ဘဝတုန်းက ကျီးကန်းဖြစ်ခဲ့တာလားဟမ်? ”
ရှောင်ထန်ချိုး ခါးခါးသီးသီး ရယ်မောလိုက်ပေသည်။ ဖန်းလန်က ကျိုးဟေးကို အရှင်လတ်လတ်မျက်လုံးနှိုက်ထုတ်ခဲ့တယ်ဆိုတာ ကျိုးဟေးကို သူမ တကယ်မုန်းတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်သည်။ ကျိုးဟေးဆီ သူမရေးခဲ့တဲ့စာတွေကို မြင်ပြီးတဲ့နောက်မှာ ဘယ်လိုလုပ်ပြီး ဒေါသမထွက်ပဲနေမည်နည်း ?
ဖန်းလန်က ယွမ်ကျားရွာက လူတွေကိုမုန်းတီးပြီး ယွမ်အိမ်တော်ကို ရွံရှာစက်ဆုပ်သည်။ သဘာဝကျစွာပဲ သူမကိုစွန့်ပစ်ခဲ့တဲ့ ကျိုးဟေးကိုလည်း သူမ နာကျည်း၏။
” ဘော့စ် ဒေါသထွက်သွားပြီ! ပြေးတော့! ”
ရှောင်ထန်ချိုးမှာ သေခြင်းတရားအလံကို လွှင့်မိသွားမယ်လို့ မျှော်လင့်မထားခဲ့ပေ။ ဘော့စ်ကို သတ်ရမယ့်အစား ဘော့စ်ကို ဒေါသထွက်အောင်လုပ်မိတာနဲ့ အဆုံးသတ်သွားခဲ့ရသည်။ သူ သော့နဲ့သေတ္တာနဲ့ကို အမြန်လွှင့်ပစ်လိုက်ပြီး ထန်းမျန်မျန်ကိုဆွဲကာ စိတ်လွတ်ကိုယ်လွတ် ထွက်ပြေးတော့၏။
လော့မန်စုမှာတော့ ရှောင်ထန်ချိုးရဲ့သတိပေးချက်ကိုတောင် မလိုအပ်ပေ။ တင်းထျန်းထျန်းကို မဆိုင်းမတွ ကောက်မလိုက်ပြီး လေလိုပြေးထွက်သွားလေသည်။ သုံးယောက်အဖွဲ့မှာလည်း ခဏမျှတိုက်ခိုက်နေခဲ့ပြီး ဖန်းလန်ကို သူတို့မနိုင်မှန်းသိတာကြောင့် ဖနောင့်လှည့်ရင်း ထွက်ပြေးတော့သည်။
ရှောင်ထန်ချိုးမှာ ယွမ်အိမ်တော်ကနေ ပြေးထွက်လာခဲ့ပေမယ့် တခြားဘယ်ကိုပြေးရမယ်မှန်း သူ မသိပေ။ ထန်းမျန်မျန်က ပြေးနေရင်းတန်းလန်း အော်ပြောလာခဲ့၏။
” ဖာ့ခ်! ဖာ့ခ်! ဖာ့ခ်! ငါတို့ဘာလုပ်ကြမလဲ?! ငါတို့ဘာလုပ်ကြမလဲ?! ”
ရှောင်ထန်ချိုးလည်း မျက်ရည်ကျလုနီးပါးပင်ဖြစ်သည်။ ” ငါလည်းသိချင်တယ်လို့! ဒီဂိမ်းကို ဆော့မယ့်နည်းလမ်းမရှိဘူးဟ! ဘာသဲလွန်စမှလည်းမရှိဘူး။ မေးခွန်း item တစ်ခုတော့ ရှာလို့တွေ့ခဲ့ပေမယ့် ဒင်းက ထောင်ချောက်ဖြစ်နေတယ်တဲ့လေ! ”
ထန်းမျန်မျန်မှာ မျက်ရည်တွေစီးကျလာခဲ့ရင်း ” စောက်ထောင်ချောက်ကြီး! ဖန်းလန်က ကျိုးဟေးကို ဒီလောက်မုန်းတာ။ သူက အဲ့စောက်စာတွေကို ဘာကိစ္စသိမ်းထားသေးတာတုန်း?! ”
ရှောင်ထန်ချိုးလည်း ထိုစာတွေဟာ ဖန်းလန်မသေခင် ယွမ်အိမ်တော်က ယူထားခဲ့တာဖြစ်မည်ဟု ပြောတော့မလို့ပင်။ ဒါပေမယ့် နောက်တစ်ကြိမ်တွေးကြည့်လိုက်တော့ ဖန်းလန်သေသွားပြီးတဲ့အခါ သူမက အဲ့စာတွေအားလုံးကို ဖျက်ဆီးပစ်လို့ ရနိုင်ခဲ့သည်။ သူမက ကျိုးဟေးရဲ့ ဦးခေါင်းခွံနဲ့ သော့ကို ဘာဖြစ်လို့ ရေတွင်းထဲ ပစ်ချခဲ့တာများလဲ ?
ဒီပဟေဠိကို သူ ဖြေရှင်းဖို့ကြိုးစားနေတုန်းမှာပဲ တစ်ခုခုပုပ်နေတဲ့အနံ့ကို ရုတ်တရက်ရလိုက်လေသည်။ သူ ပြေးနေတာကို အမြန်ရပ်လိုက်ပေမယ့်လည်း နောက်ကျသွားခဲ့ပြီ။ သူတို့နှစ်ယောက်လုံး သတိမထားမိပဲ သန့်စင်ခန်းဆီ ပြေးလာခဲ့ကြပြီး အနားရှိရေတွင်းထဲမှနေ ဖန်းလန်က တကယ်ကြီး ချိတ်တက်လာခဲ့လေသည် !
အနီရောင်မင်္ဂလာဝတ်စုံဝတ်ထားတဲ့ နတ်ဆိုးဝိဉာဉ်က ရေတွင်းထဲကနေ တွားသွားထွက်လာရင်း တစ်ကိုယ်လုံး စိုရွှဲနေခဲ့ကာ ၎င်းရဲ့မုန်းတီးတဲ့အကြည့်က တစ်မီတာအကွာလောက်တွင် မတ်တပ်ရပ်နေသည့် ရှောင်ထန်ချိုးကိုယ်ပေါ်တွင် ကျရောက်နေခဲ့လေသည်။