Chapter 22
ရှောင်ထန်ချိုးတစ်ယောက် ဇောချွေးများပြန်လာခဲ့လေသည် ။
” ….. ဖာ့ခ်! ဒင်းမှာ ဘာကိစ္စ ဆာဒါကိုရဲ့စွမ်းအားတွေ ရှိနေရတာလဲ! ”
ထန်းမျန်မျန်ရဲ့ မျက်နှာမှာ လဲပြိုသွားခဲ့ရင်း ” ဒီဟာကြီးက ငါတို့နောက်ကို ဘာလို့လိုက်လာတာတုန်း? ”
သူတို့တွေ တစ်ယောက်တစ်လမ်း ပြေးခဲ့ကြပေမယ့် ဖန်းလန်ကတော့ သူတို့နောက်ကိုသာ လိုက်လာခဲ့သည်။ သူမရဲ့မုန်းတီးမှုက သူတို့အပေါ်မှာ နည်းနည်းမဟားတရားပိုလွန်းနေတာ မဟုတ်ဘူးလား ?!
ရှောင်ထန်ချိုး မတတ်နိုင်ပဲ အပြစ်ရှိသလို ခံစားလိုက်ရသည်။ စာကို ပစ်ခဲ့တဲ့သူက ထန်းမျန်မျန်ဆိုပေမယ့် သေတ္တာကိုဖွင့်ခဲ့တာက သူပင်။
” …… အချိန်ဖြုန်းနေတာရပ်ပြီး အရင်ဆုံးပြေးကြတာပေါ့! ”
ဒါပေမယ့်လည်း အရမ်းကို နောက်ကျသွားခဲ့ပြီ။ နတ်ဆိုးဝိဉာဉ်တစ်ကောင်ရဲ့ အရှိန်နှုန်းက လူသားတစ်ယောက်ထက် အများကြီးပိုမြန်သည်။ မျက်စိတစ်မှိတ်စာအတွင်းမှာပဲ ဖန်းလန်က သူတို့ကိုတိုက်ခိုက်ဖို့ တဟုန်ထိုးပြေးလာခဲ့ပြီ။ ယောင်ကိုင်းပြီး ပုံပျက်နေတဲ့မျက်နှာက ရှောင်ထန်ချိုးနဲ့နီးကပ်လွန်းနေတာကြောင့် သူမဆီက ကြက်ဥပုတ်နံ့ကိုတောင် ရနိုင်ခဲ့သည်။
ထိုအခိုက်အတန့်မှာပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်စိမ်းဆွဲပြားကို သူသတိရသွားပြီး အမြန်ဆွဲထုတ်လိုက်ပေသည်။ ဖန််းလန်က ကျောက်စိမ်းဆွဲပြားကိုမြင်တာနဲ့တစ်ပြိုင်နက် သူမရဲ့မျက်နှာအမူအရာက အပြင်းအထန်ပြောင်းလဲသွားခဲ့သည်မှာ ကျောက်စိမ်းဆွဲပြားကို အလွန်အမင်းကြောက်လန့်နေတဲ့အတိုင်းပင်ဖြစ်၏။
ရှောင်ထန်ချိုးဆီ ဦးတည်နေတဲ့ ဖန်းလန်ရဲ့လှုပ်ရှားမှုတွေက ရပ်တန့်သွားပေမယ့် သူမက ချက်ချင်းလှည့်ပြေးမသွားခဲ့ပေ။ အဲ့အစား သူနဲ့ သိပ်မဝေးတဲ့နေရာမှာရပ်ရင်း ခါးခါးသီးသီး စိုက်ကြည့်နေခဲ့လေသည်။ သူမက သူ့အနားကပ်လာရမှာကို ကြောက်ပေမယ့် ထွက်သွားဖို့ကျတော့လည်း ဆန္ဒမရှိတဲ့ပုံပင်။
ဖန်းလန်က သူ့ကို ဘာလို့ဒီလောက်တောင် တွယ်တာနေရလဲဆိုတာကို ရှောင်ထန်ချိုး နားမလည်နိုင်တော့ပါ။ သူ အပြင်းအထန်ကြောက်လန့်ရင်း လှည့်ပြေးချင်ခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ ဖန်းလန်ကို ကျောပေးထားရမှာလည်း သူ ကြောက်နေခဲ့သည်။ သိသာစွာပဲ ဒီရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာ အချိန်ဆွဲနေတာက အကောင်းဆုံးအကြံမဟုတ်ပေ။ သူ့အနေနဲ့ ကျောက်စိမ်းဆွဲပြားကို လက်ထဲ တင်းတင်းဆုပ်ထားကာ ဖန်းလန်ရဲ့လှုပ်ရှားမှုတွေကို မျက်ချည်မပြတ်ကြည့်ရင်း ဖြည်းဖြည်းချင်းနောက်ဆုတ်ဖို့သာ တတ်နိုင်လေသည်။
သို့ရာတွင် သူ ခြေတစ်လှမ််းနောက်ဆုတ်တိုင်း ဖန်းလန်ကလည်း ခြေတစ်လှမ်းတိုးလာခဲ့သည်။ သူမက သူ့အား အထင်အမြင်သေးစွာကြည့်ရင်း သူနဲ့အကွာအဝေးတစ်ခု ထိန်းထားသည်မှာ သူ့အား လွှတ်ပေးဖို့ဆန္ဒမရှိမှန်း သိသာပေ၏။
နောက်တစ်စက္ကန့်မှာပဲ ဖန်းလန်က သူ့အပေါ်ခုန်အုပ်ပြီး နှစ်ခြမ်းဆွဲဖြဲလာမည်ကို ကြောက်ရွံ့ရင်း ရှောင်ထန်ချိုးရဲ့နှလုံးသားက အရူးအမူးခုန်ပေါက်လာတော့သည်။ သူ့လက်ထဲမှာ ကျောက်စိမ်းဆွဲပြားရှိနေတာကြောင့် ဖန်းလန်က သူ့ကိုမတိုက်ခိုက်ပေမယ့် ဦးခေါင်းထက်မှာ ဓားတစ်ချောင်းတွဲလောင်းကျနေတဲ့ ဒီလိုဇာတ်ညွှန်းမျိုးက ကြောက်စရာအကောင်းဆုံးဖြစ်လေ၏။ Hitchcock ရဲ့ ချိန်ကိုက်ဗုံးလိုမျိုး သူ့မှာ ခဏခဏအသက်ရှူအောင့်နေရလေသည်။
သူ ဘာလုပ်သင့်လဲ?! သူ ဘာလုပ်သင့်လဲ?!
ရှောင်ထန်ချိုးရဲ့ဦးနှောက်က ထိပ်ဆုံးအရှိန်နှုန်းဖြင့် လည်ပတ်နေခဲ့သည်။ မရေမတွက်နိုင်တဲ့ ပုံရိပ်တို့က သူ့ခေါင်းထဲမှာ တစ်ပြိုင်နက်တည်းပေါ်လာခဲ့၏။ ရေတွင်းအောက်ခြေက ဦးခေါင်းခွံ၊ သော့မပါတဲ့ သေတ္တာ၊ အိမ်နောက်ဖက်မှာ မြှုပ်နှံထားတဲ့ ခေါင်းတလား၊ မျက်လုံးမပါတဲ့ လှေသမား။
ထို့နောက် ချက်ချင်းပဲ သူ အားလုံးကိုချိတ်ဆက်လိုက်သည်။ ရေတွင်းအောက်ခြေက ဦးခေါင်းခွံရဲ့မျက်လုံးတွေ ပျောက်ဆုံးနေရခြင်းမှာ ဖန်းလန်က ကျိုးဟေးကို အရှင်လတ်လတ် မျက်လုံးတွေကလော်ထုတ်ခဲ့တာကြောင့်ဖြစ်ပြီး အစပိုင်းတွင် သူတို့ကို ယွမ်ကျားရွာဆီ လိုက်ပို့ပေးခဲ့တဲ့ လှေသမားကြီးမှာလည်း မျက်လုံးတွေပျောက်နေခဲ့သည်။
” ထန်းမျန်မျန်! လှေသမားကြီးက ငါတို့ကို ဘာပြောခဲ့လဲဆိုတာ မှတ်မိသေးလား?! ”
” ဟမ်? လှေသမားလား? ” ထန်းမျန်မျန်က ရှောင်ထန်ချိုး သတိမထားမိလိုက်ချိန်တွင် မြေကြီးပေါ်မှ ကျောက်ခဲချွန်ချွန်တစ်ခုကို ကုန်းကောက်ရင်း ဖန်းလန်ကို တိုက်ခိုက်မယ့် လက်နက်တစ်ခုအဖြစ်နဲ့ ကိုင်ထားခဲ့ခြင်းဖြစ်သည်။ ရှောင်ထန်ချိုးပြောတာကို ကြားပြီးနောက်မှာတော့ သူ တစ်စက္ကန့်လောက်တွေးကြည့်လိုက်ပြီး ပြောလာခဲ့ပေ၏။
” ……. သူ ဘာစကားမှမပြောခဲ့သလိုပဲနော် ဒါပေမယ့်….. သူ သီချင်းတစ်ပုဒ် ဆိုခဲ့တာလားလို့? ”
ငါးဖမ်းသမားကြီးရဲ့ သီချင်းစာသားကို ရှောင်ထန်ချိုး ဖြည်းဖြည်းချင်းပြန််တွေးကြည့်လိုက်သည်။ သူ ချက်ချင်းပဲ တစ်စုံတစ်ရာကို နားလည်သွားခဲ့၏။
” ရွာလူကြီးအိမ်ကို သွားရအောင်! ”
” ရွာလူကြီးအိမ်လား? ”
ထန်းမျန်မျန်က ခေါင်းရှုပ်နေသေးပေမယ့် သူက ရှောင်ထန်ချိုးကို အမြဲတမ်းအကြွင်းမဲ့ယုံကြည်တတ်ပြီး ဘာလို့လဲဆိုတာ မမေးခဲ့ပေ။ သူတို့ပြေးတာကို ဖန်းလန်မြင်ချိန်မှာတော့ သူမက သူတို့နောက်မှနေ ကမန်းကတန်းလိုက်လာခဲ့လေသည်။
ယောကျ်ားနှစ်ယောက်က လေလိုပြေးနေကြပြီး ဖန်းလန်က သူတို့နောက်မှ တန်းလန်းပါလာသည်။ ဘယ်လောက်မှမကြာခင်မှာပဲ သူတို့တွေ ရွာတစ်ဝက်ကျော် ပြေးခဲ့ပြီးပြီ။
” သေစမ်း! ငါ နောက်ကလိုက်ခံနေရတဲ့ ‘ပြိုင်ပွဲ’ တွေကို အမုန်းဆုံးပဲ! ”
‘ကာယပိုင်းဆိုင်ရာ မသန်စွမ်းတဲ့’ ကစားသမားတစ်ယောက်အနေနဲ့ ထန်းမျန်မျန်က ဗွီဒီယိုဂိမ်းတွေထဲမှာဆိုရင် နောက်ကအလိုက်ခံရတဲ့ ‘ပြိုင်ပွဲ’ တွေကို မုန်းတီးပြီး လက်တွေ့လောကဂိမ်းတစ်ခုထဲမှာဆိုရင်တော့ ပိုလို့တောင်မုန်းတီးလေသည်။ ဒါပေမယ့် ရှောင်ထန်ချိုးတစ်ယောက် ဘယ်လောက်တောင်ဖြူဖျော့နေပြီလဲဆိုတာကို မြင်လိုက်ရတော့ ရှောင်ထန်ချိုးရဲ့လက်ကောက်ဝတ်ကို ဆတ်ခနဲဖမ်းကိုင်လိုက်ကာ သူ့အသက််အတွက်ပြေးနေရင်း သူ့ကိုပါ အရှေ့သို့ဆွဲခေါ်သွားလိုက်ပေသည်။။
ရှောင်ထန်းချိုးမှာတော့ အပြင်းအထန်ကို ဟောဟဲလိုက်နေတာကြောင့် ကျေးဇူးတင်စကားတောင် မပြောနိုင်ခဲ့ပါ။ ကလေးဘဝကတည်းက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားက မသန်မာခဲ့ပေ။ သူက နှစ်ပေါင်းများစွာကြာအောင် အရည်အချင်းရှိတဲ့ game streamer တစ်ယောက်ဖြစ်ခဲ့တာကြောင့် ဂိမ်းထဲမှာဆိုရင် အသက်ကို ဖက်နဲ့ထုပ်ပြေးရတဲ့အတွေ့အကြုံ ကြွယ်ဝပေမယ့် လက်တွေ့မှာတော့ အဲ့ဒါနဲ့ အဝေးကြီးပင်။ သူ့မှာ ဇာတ်လိုက်တစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာကွာလတီရော ဇာတ်လိုက်ရဲ့စိတ်ပိုင်းဆိုင်ရာကွာလတီပါ ရှိမနေခဲ့ချေ။ ဖြစ်ချင်တော့ ဇာတ်လိုက်တစ်ယောက်ရဲ့ ကံကောင်းမှုတွေက သူ့ဆီမှာရှိမနေခဲ့ပေမယ့် ဘော့စ်ကိုဒေါသထွက်စေတဲ့ ဇာတ်လိုက်ရဲ့ပုံမှန်မဟုတ်တဲ့ အခြေအနေကိုတော့ သူ ရထားခဲ့လေသည် ! သူ ဒီ “စကေး” ကို အရမ်းမုန်း၏ !
သူ့မျက်နှာက ဒါကိုတောင်းဆိုနေတဲ့ပုံ ပေါက်နေပြီး သူ့နောက်ကို ဘော့စ်မလိုက်လာအောင် တားလို့မရတာများ ဖြစ်နေတာလား ဟမ်?
နောက်ဆုံးမှာတော့ ရွာလူကြီးရဲ့အိမ်တံခါးမကြီးကို သူတို့နှစ်ယောက် ရောက်သွားခဲ့ကြပေမယ့် ဖန်းလန်က အိမ်ရှေ့မှာပဲ တန့်သွားသည်။ သူမက ထိုနေရာမှာ ရပ်ရုံသာရပ်နေပြီး တစ်ခုခုကိုတွေးမိသွားသလိုမျိုး နာနာကျည်းကျည်း ကြည့်နေခဲ့ပေ၏။
ရှောင်ထန်ချိုး ဒါကိုကြည့်ရင်း ထန်းမျန်မျန်ကို အိမ်ထဲအမြန်ဆွဲခေါ်သွားလိုက်ကာ ဂေါ်ပြားရှာပြီး အိမ်နောက်ဖက်ကို ပတ်သွားလိုက်ကြသည်။ သူထင်တဲ့အတိုင်းပင်၊ ဒီတံငါရွာမှာ လူသေကို အိမ်နောက်ဖေးမှာမြှုပ်ကြတဲ့ ဓလေ့ရှိတာကြောင့် သဘာဝကျစွာပဲ အိမ်ထောင်စုတိုင်းတွင် ပစ္စည်းကိရိယာများရှိပေသည်။
ရှောင်ထန်ချိုးက ထန်းမျန်မျန်အား ဂေါ်ပြားတစ်ခုပေးရင်း အော်ပြောလိုက်သည်။ ” တူး! ”
” လာပြန်ပြီ? အုတ်ဂူတွေ ထပ်တူးရဦးမှာလား?! ”
ထန်းမျန်မျန်မှာ ငိုချင်နေပေမယ့်လည်း အံကိုကြိတ်ရင်း ရှောင်ထန်ချိုးရဲ့ခန့်မှန်းချက်အပေါ်မှာ လုံးဝဥဿုံယုံကြည်ဖို့ ရွေးချယ်လိုက်၏။ သူ ဂေါ်ပြားကိုကောက်ကိုင်ရင်း စတင်တူးတော့သည် !
သူတို့ တတ်နိိုင်သမျှ မြန်မြန်တူးလိုက်ကြပြီး ခဏအကြာမှာတော့ အုတ်ဂူက တိမ်တိမ်လေးမြှုပ်ထားတာကြောင့် ဖြစ်နိုင်သည်၊ ခဏအကြာမှာပဲ ခေါင်းတလားကို တူးမိသွားတော့၏။ ဒီအချိန်မှာပဲ အိမ်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေခဲ့တဲ့ ဖန်းလန်ဟာ နောက်ဆုံးတော့ သူတို့ကိုကြည့်ဖို့ ရောက်လာခဲ့ပေသည်။ ကျိုးဟေးရဲ့အခေါင်းအပေါ်မှာ စူးစူးရဲရဲစိုက်ကြည့်ရင်း နာကျည်းမှုတွေပြည့်နေတဲ့ အနှီမျက်လုံးတစ်စုံမှာ ခါးသီးတဲ့အမုန်းတရားတွေက ရုတ်ချည်းထွက်ပေါ်လာခဲ့လေသည်။
ထန်းမျန်မျန် သူ့ရဲ့ဂေါ်ပြားကို ဖန်းလန်ဆီမြှောက်ပြရင်း တုန်တုန်ယင်ယင်အသံဖြင့် ခြိမ်းခြောက်လိုက်သည်။
” မင်း…. မင်း…. ဒီကို မလာနဲ့နော်! မဟုတ်လို့ကတော့ ငါ…. ငါ….. ဂေါ်ပြားနဲ့ရိုက်ပစ်မှာ! ”
ရှောင်ထန်ချိုးက ဒီအခွင့်အရေးကိုသုံးပြီး ခေါင်းတလားအဖုံးအား ဖွင့်လိုက်ပေသည်။ သူ ငုံ့ကြည့်လိုက်ပြီး မျက်မှောင်ကျုံ့သွားခဲ့၏၊ ခေါင်းတလားထဲတွင် ခေါင်းမပါသည့် အလောင်းတစ်လောင်း ရှိနေခဲ့ပေသည်။ အလောင်းရဲ့ဘေးမှာတော့ လှေငယ်လေးတွေအတွက်သုံးသည့် ဝါးလုံးတစ်ချောင်းရှိနေခဲ့သည်။
ခေါင်းမပါတဲ့ အလောင်းကို ဖန်းလန်မြင်သွားချိန်မှာတော့ သူမ အရူးအမူးစိတ်လှုပ်ရှားလာခဲ့လေသည်။ နာကျည်းမှုတွေပြည့်နေတဲ့ မျက်လုံးတစ်စုံမှာ သွေးတွေစီးကျလာခဲ့ရင်း ရှောင်ထန်ချိုးကို တိုက်ခိုက်ဖို့အတွက် အရှေ့ကိုတဟုန်ထိုးပြေးဝင်လာခဲ့၏။
ထိုကဲ့သို့ အကျပ်အတည်းကျရောက်လာချိန်တွင် ရှောင်ထန်ချိုး ကျောက်စိမ်းဆွဲပြားကို ပြတ်ပြတ်သားသားဆွဲထုတ်လိုက်ပြီး ဖန်းလန်ရဲ့မျက်နှာဆီ ပစ်ပေါက်လိုက်သည်။
ကျောက်စိမ်းဆွဲပြားက ဖန်းလန်ရဲ့အရေပြားနဲ့ ထိသွားချိန်တွင် သူမမျက်နှာက ပုပ်သိုးသွားခဲ့ပြီး အက်ဆစ်နဲ့ပက်ခံလိုက်ရသလိုမျိုး အရည်ပျော်ကျလာခဲ့လေသည်။ မူလက ယောင်ကိုင်းပြီး ပုံပျက်နေခဲ့တဲ့ သူမရဲ့မျက်နှာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီး လူသားပုံစံတွေမရှိတော့တဲ့ မသတီစရာပေါင်းစပ်မှုတစ်ခု ဖြစ်လာခဲ့လေ၏။ သူမမျက်နှာပေါ်က အသားပုပ်တွေက မြေကြီးပေါ်ကို ကွာကျသွားခဲ့သည်၊ သူမ ဆိုးဆိုးရွားရွား အော်ဟစ်ရင်း ပုပ်သိုးနေတဲ့ အသားဖတ်ကြီးလိုမျိုး မြေပြင်ပေါ် လဲကျသွားခဲ့ပေသည်။ ဒီတစ်ခေါက်မှာတော့ ကျောက်စိမ်းဆွဲပြားက ဖုန်မှုန့်အဖြစ် ကြေမွသွားခဲ့သည်။
ကျောက်စိမ်းဆွဲပြား မရှိတော့…….
ဒီအတွေးနဲ့အတူ ရှောင်ထန်ချိုးရဲ့နှလုံးသားဟာ ရင်ဘတ်အပြင်ကို ထွက်ကျလုမတတ် ခုန်ပေါက်လာခဲ့လေသည်။ ဤကျောက်စိမ်းဆွဲပြားမှာ ဖန်းလန်ကို ရပ်တန့်စေတဲ့အစွမ်းရှိလားဆိုတာ သူ မသေချာခဲ့ပေမယ့် သူ အဆုံးထိတိုက်ခိုက်ဖို့သာ တတ်နိုင်ခဲ့သည်။ ကံကောင်းချင်တော့ ကျောက်စိမ်းဆွဲပြားက အသုံးဝင်သွားပေမယ့် အဲ့ဒါဟာလည်း အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့ပြီ။
ခေါင်းတလားထဲက ဝါးလုံးကို ရှောင်ထန်ချိုး ကောက်ယူလိုက်ရင်း မြေကြီးပေါ်မှာ ကြက်သေသေနေတဲ့ ထန်းမျန်မျန်အား လှမ်းအော်လိုက်သည်။ ” ပြေးတော့! ဒီစောက်ကျိုးနည်းဟာက အခုထိမသေသေးဘူးဟ! ”
ထန်းမျန်မျန်တစ်ယောက် သက်ပြင်းတောင်မချနိုင်ခင်မှာပဲ အထိတ်တလန့် မျက်လုံးပြူးသွားရလေသည်။ ” မ…… မသေသေးဘူးလား?! ”
” မင်းက ငတုံးလား? သူသာ တကယ်သေပြီဆိုရင် မစ်ရှင်က ပြီးသွားမှာပေါ့! ” ထန်းမျန်မျန်ရဲ့ တင်ပါးကို ရှောင်ထန်ချိုး ပိတ်ကန်ပစ်လိုက်သည်။ ” သူက ယာယီလှုပ်ရှားလို့မရတာ ဖြစ်နိုင်တယ်၊ ဒီတော့ ငါတို့တွေ ဒါကိုအခွင့်ကောင်းယူပြီး ပြေးရမယ်! ပြေးနိုင်သလောက်သာ ပြေးပေတော့ အား! ”
သိပ်မဝေးတဲ့နေရာမှာရှိနေတဲ့ အသားပုပ်အပုံလိုက်ကြီးကို ကြည့်ရင်း ထန်းမျန်မျန် အလန့်တကြားထခုန်ကာ ရှောင်ထန်ချိုးနဲ့အတူ ဘေးချင်းယှဉ်ပြေးတော့သည်။
” ဖာ့ခ်! အဲ့ကျောက်စိမ်းဆွဲပြားက ဒီလောက်အားကောင်းတာတောင် သူ့ကို ယာယီလှုပ်မရအောင်ပဲ ဖြစ်သွားစေတာလား? သူ့ကို သေအောင်သတ်ဖို့ဆိုရင် ငါတို့က ဘယ်လိုမှော်လက်နက်မျိုးကို လိုတာတုန်း?! ခဏ၊ မင်းက အဲ့ဝါးလုံးနဲ့ ဘာလုပ်မလို့လဲ? သရဲကို ဒါနဲ့အနိုင်တိုက်ဖို့ကြံနေတာလို့တော့ မပြောနဲ့နော်! ဝါးလုံးရှည်တစ်လုံးဆိုရင်တောင် သူ့ကိုအနိုင်ယူဖို့ မလုံလောက်ဘူး! ”
ရှောင်ထန်ချိုးတစ်ယောက် အသက်ကို မနည်းလုရှူနေခဲ့ရပေမယ့် ထန်းမျန်မျန်ကိုတော့ မျက်လုံးလှိမ့်ပြလိုက်ဆဲဖြစ်၏။
” ကျိုးဟေးက စကားထာနဲ့ ပြောသွားတာဟ၊ အဖြေက ဒီဥစ္စာပဲ! ”
…….သူမရဲ့မိဘအိမ်မှာရှိတုန်းက နှင်းရည်စိုစွတ်နေတဲ့ သစ်ရွက်နဲ့ သစ်ကိုင်းတွေ
တခြားမိသားစုရဲ့သားကို လက်ထပ်လိုက်ပြီးနောက်မှာတော့ နွမ်းကျလို့ အဝါရောင်သမ်းရင်း မောပန်းနေပုံရလေတယ်
ထပ်ခါတလဲလဲ ရေမြုပ်ခံရပြီးချိန်မှာ
မျက်ရည်တွေနဲ့တောက်ပရင်း တစ်ဖန်ပြန်ပေါ်လာပါတယ်…….
စကားထာရဲ့အဖြေမှာ ဝါးလုံးဖြစ်လေသည်။
” ဟမ်? ” ထန်းမျန်မျန်က နားမလည်နိုင်ခဲ့ပေ။
” သူ ဘယ်တုန်းက စကားထာဝှက်သွားတာလဲ? ငါတို့ကို ဘာလို့စကားထာဝှက်ခဲ့မှာလဲ? ”
ရှောင်ထန်ချိုးက ဝါးလုံးကို ထန်းမျန်မျန်ဆီ ပစ်ပေးရင်း ပေါ့ပေါ့ပါးပါးရှင်းပြလိုက်ပေသည်။ ထန်းမျန်မျန် ရုတ်ချည်းနားလည်သွားခဲ့၏။
” အိုး၊ အဲ့တော့ အဲ့လိုပေါ့! ဒါပေမယ့် ငါတို့တွေ ဒါကို ဘာအတွက်သုံးလို့ရနိုင်မလဲ? ”
” ငါမသိဘူး၊ ဒါပေမယ့် မင်း အရင်ဆုံးကိုင်ထားလိုက်ဦး ” ရှောင်ထန်ချိုး မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည။ ” ငါနားမလည်တာတွေ အများကြီးရှိသေးတယ်……. ”
” ငါ့ကိုပြောပြလေ၊ အတူတူတွေးကြမယ် ” ထန်းမျန်မျန်အတွက်တော့ ဝါးလုံးအရှည်ကြီးကို ကိုင်ရင်းပြေးတဲ့နေရာမှာ ဘာအခက်အခဲမှမရှိပေ။
ရှောင်ထန်ချိုး မျက်မှောင်ကြုတ်ထားရင်း ” ဖန်းလန်ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် သူမ သေပြီးတဲ့နောက်မှာ နတ်ဆိုးဝိဉာဉ်တစ်ကောင်အဖြစ် ပြောင်းသွားခဲ့တယ်။ ကျိုးဟေးကို အရှင်လတ်လတ် မျက်လုံးနှိုက်ထုတ်ခဲ့တယ်။ အဲ့တော့ သီအိုရီကျကျပြောရရင် ကျိုးဟေးက ဖန်းလန်သေပြီးမှ သေသွားခဲ့တာပဲ….. ”
ထန်းမျန်မျန် သဘောတူလိုက်သည်။ ” ဒါနဲ့ပတ်သတ်လို့ ဘာမှားနေတာမှမရှိဘူးလေ၊ ဒါဆိုရင် ဘာက ပြဿနာဖြစ်နေတာလဲ? ”
ရှောင်ထန်ချိုး စက္ကန့်ပိုင်းလောက်တိတ်ဆိတ်သွားပြီးမှ ရုတ်တရက်ပြောလာခဲ့သည်။
” ကျိုးဟေးက ဖန်းလန်သေပြီးမှ သေသွားတာဆိုရင် သူ့အုတ်ဂူက ဘယ်လိုလုပ်ပြီး အဲ့မှာရှိနေတာလဲ? ဖန်းလန်သေပြီး နတ်ဆိုးဝိဉာဉ်အဖြစ်ပြောင်းလဲသွားတဲ့နောက်မှာ သူမက ယွမ်ကျားရွာတစ်ရွာလုံးကို မီးလောင်တိုက်သွင်းခဲ့တယ်။ တစ်ရွာလုံးဖျက်ဆီးခံလိုက်ရတာဆိုရင် ကျိုးဟေးကို ဘယ်သူမြေမြှုပ်ပေးခဲ့တာလဲ? ”
ထန်းမျန်မျန် ခဏတန့်သွားခဲ့ပြီး ” ဖန်းလန်လား?”
” ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဖန်းလန်က သူ့ကို အသွေးအသားထဲကကိုမုန်းနေတာလေ၊ ဘာဖြစ်လို့ သူ့အတွက် အုတ်ဂူတူးပေးမှာလဲ? ပြီးတော့ နေရာက ဘာဖြစ်လို့ရွာလူကြီးအိမ်နောက်ဖက်မှာ ဖြစ်နေရတာလဲ? ”
ရှောင်ထန်ချိုး အလေးအနက်တွေးလိုက်ပြီးနောက် ခပ်တိုးတိုးပြောလာခဲ့ပေသည်။
” ကျိုးဟေးရဲ့အုတ်ဂူက အဲ့မှာရှိနေတယ်ဆိုတော့ သူက ဒါတွေအားလုံးမဖြစ်ခင်အချိန်တုန်းက သေသွားခဲ့တာဆိုတဲ့ အဓိပ္ပါယ်ပဲ ”
” ……. ယွမ်ကျားရွာတစ်ရွာလုံးကို ဖန်းလန်် မီးလောင်မတိုက်သွင်းခင် ကျိုးဟေး သေသွားခဲ့တာဖြစ်မယ်၊ အဲ့ထက် အများကြီးပိုစောတာလည်း ဖြစ်နိုင်တယ် “