Chapter 23
ရှောင်ထန်ချိုး သူ့အတွေးတွေကို ပြောပြလိုက်ပြီးနောက် ချက်ချင်းဇောချွေးပြန်သွားခဲ့သည်။
ထန်းမျန်မျန်သည် ကြောက်ရွံ့မှုနဲ့အတူ တုန်ယင်သွားခဲ့ရင်း ” ဒါ….. ဒါဆို…… ငါတို့က သရဲနှစ်ကောင်နဲ့ ရင်ဆိုင်ရမှာလား? ”
ဖန်းလန်တစ်ယောက်နဲ့တင် လုံလောက်အောင်ခက်ခဲနေပြီဆိုပေမယ့် ကျိုးဟေးတစ်ယောက်သာ ထပ်ပါလာပါက သူတို့တွေ သေချာပေါက် အမြစ်ဖြတ်ခံရတော့မည်။
ရှောင်ထန်ချိုး ခေါင်းခါရင်း သတိပေးလိုက်သည်။ ” လော့မန်စု ဘာပြောခဲ့လဲဆိုတာကို မေ့သွားပြီလား? ဒါက D-level မစ်ရှင်ပဲ ရှိတာဆိုတော့ ငါတို့တွေ ဒီအတိုင်းသေကုန်မှာတော့ မဟုတ်ဘူး။ သူ့စကားတွေက ယုံလို့မရနိုင်ဘူးဆိုပေမယ့် သူ့မှာ ဒီကိစ္စကို လိမ်ပြောစရာအကြောင်းမရှိဘူးလေ…… ပြောရရင် ငါတို့က လူသစ်တွေကိုကာကွယ်ပေးတဲ့ ကာလအပိုင်းအခြားအောက်မှာပဲ ရှိသေးတယ်။ လူသစ်တွေအားလုံးသာ ချက်ချင်းသေသွားကြရင် ဂိမ်းက ဆက်သွားနိုင်တော့မှာမဟုတ်ဘူး ”
” horror ဂိမ်းတစ်ခုက ဖွံ့ဖြိုးမှု ‘ထိန်းထားနိုင်’ တဲ့ ကိစ္စကို ဘာလို့ဂရုစိုက်နေမှာလဲ? သူတို့ရဲ့ပန်းတိုင်က ငါတို့အားလုံးကို သတ်ပစ်ဖို့လေ! ”
ထန်းမျန်မျန် ကျိန်ဆဲလိုက်ပေမယ့်လည်း ရှောင်ထန်ချိုးမှန်းဆချက်အပေါ်မှာတော့ ယုံကြည်နေဆဲပင်ဖြစ်၏။
” ဒါဆို မင်းက ဘယ်လိုထင်လဲ? ”
ရှောင်ထန်ချိုး မျက်ခုံးပင့်လိုက်ရင်း ” ကျိုးဟေးက ငါတို့ရဲ့အဖြေဖြစ်နိုင်တယ် ”
ထန်းမျန်မျန်က သူ ပြောချင်တဲ့အဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။
” အဲ့ဒါကြောင့် ဒါကိုယူလာခဲ့တာလား? ဒါပေမယ့် ဒီဟာက ငါတို့လွတ်လမ်းနဲ့ ဘာဆိုင်လို့လဲ? ”
” ငါလည်းမသိဘူး၊ ဒါပေမယ့် ဒီသဲလွန်စကို ကျိုးဟေးကပေးခဲ့တာ၊ ငါ ကြည့်ကြည့်ချင်တယ် ” ရှောင်ထန််ချိုးရဲ့အကြည့်က နက်ရှိုင်းသွားခဲ့ပေသည်။
” လော့မန်စုကိုရှာပြီး သူ့အမြင်ကိုမေးကြည့်ရအောင်။ သူက ကစားသမားဟောင်းတစ်ယောက်ဆိုတော့ တစ်ခုခုသိနိုင်တယ် ”
ရှောင်ထန်ချိုး စကားပြောပြီးချိန်မှာပဲ ထန်းမျန်မျန်က အရှေ့ကိုလက်ညှိုးထိုးရင်း အော်ပြောလာခဲ့၏။ ” ငါ သူတို့ကိုမြင်ပြီ! ရှေ့တည့်တည့်မှာပဲ! ”
ဟုတ်တာပေါ့၊ ခုနက သူတို့နဲ့ခွဲထွက််သွားခဲ့တဲ့ လော့မန်စုက အဝေးကြီးကိုမသွားခဲ့ပေ။ သူက အတော်အတန်မူမမှန်သေးပုံပေါ်တဲ့ တင်းထျန်းထျန်းရယ် နှုတ်ဆိတ်တဲ့သုံးယောက်ရယ်နဲ့ အတူရှိနေခဲ့ပေသည်။
လော့မန်စုကလည်း သူတို့နှစ်ယောက်ကို မြင်သွားခဲ့ပြီး အမြန်မေးလာခဲ့သည်။ ” ဟိုသရဲမကော? သူ မင်းတို့ကို ဖမ်းမိသွားလား? ”
” ငါတို့တွေ အခုလေးတင် သူနဲ့အသေအကျေတိုက်လာတာ၊ ဒါပေမယ့်လည်း သူတို့ကို ပထုတ်နိုင်ခဲ့ပါတယ်။ ယာယီလောက်ဆိုပေမယ့်ပေါ့လေ……. ” ရှောင်ထန်ချိုး မရေမရာပြောလိုက်၏။
” ဒါနဲ့ ငါတို့ရှာတွေ့လာတာရှိတယ်….. ”
ရှောင်ထန်ချိုးက ဝါးလုံးကိစ္စကို အကျဉ်းချုပ်ပြောပြလိုက်ပြီးနောက် လော့မန်စုအား မေးလိုက်ပေသည်။
” လော့သာ့ကော၊ မင်းက အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက်ပဲ။ ဒီဝါးလုံးရဲ့ရည်ရွယ်ချက်ကို မင်းခန့်မှန်းနိုင်လား? ”
ထန်းမျန်မျန်ကိုင်ထားတဲ့ ဝါးလုံးကို လော့မန်စု ကြည့်လိုက်ပြီး သူ့မျက်လုံးတို့က လက်ခနဲဖြစ်သွားခဲ့သည်။ သို့သော်လည်း တစ်ခဏမျှတုံ့ဆိုင်းနေပြီးနောက် ခေါင်းခါလာခဲ့၏။
” ……. မသေချာဘူး၊ ဒါပေမယ့် မင်းပြောပုံအရဆိုရင် ဒါက အရေးကြီး item တစ်ခုဖြစ်လိမ့်မယ်။ ငါ တစ်ချက်ကြည့်ရအောင် ”
ထန်းမျန်မျန်က ဝါးလုံးကို လော့မန်စုဆီ ကမ်းပေးခါနီးမှာပဲ ရှောင်ထန်ချိုးက တားလာခဲ့လေသည်။
” နေဦး၊ တစ်ယောက်ယောက်လာနေတယ်! ”
လော့မန်စုက ဝါးလုံးကို ယူတော့မလို့ပေမယ့် ထန်းမျန်မျန်က အော်ဟစ်လာခဲ့၏။ ” အဲ့ဒါဟိုသရဲမ မဟုတ်လား? ”
ညရဲ့အမှောင်ရိပ်တွေထဲမှာ အမည်းရောင်ပုံရိပ်တစ်ခုက သူတို့ဆီပြေးလာနေခဲ့ပေသည်။ လူအုပ်ကြီးက ဖြူဖျော့ရင်း ပြန့်ကြဲကုန်ကြတော့၏။ ထန်းမျန်မျန်လည်း ရှောင်ထန်ချိိုးကိုဆွဲရင်း ချက်ချင်းပြေးတော့သည်။
ဒါပေမယ့် ဒီအခိုက်အတန့်မှာပဲ ပုံရိပ်က စကားပြောလာခဲ့လေသည်။ ” …… ငါပါဟ! ”
ရှောင်ထန်ချိုး အသေချာကြည့်လိုက်ရာ အဆိုပါအမည်းရောင်ပုံရိပ်မှာ ဆံပင်အဝါရောင်ဆိုးထားသည့် လုတာ့သုန်ဖြစ်နေမှန်း သိလိုက်ရပေသည်။ လုတာ့သုန်ကို သူ့အခန်းထဲဝင်သွားပြီးကတည်းက မတွေ့ခဲ့ရပေ။ သူ သတိထားနေဆဲဖြစ်ပြီး ” မင်းလား? ”
” အင်းလေ ငါလေ! ဘာဖြစ်လို့လဲ? ငါအသက်ရှင်နေတာကို မြင်ရတာက အံ့သြဖို့ကောင်းနေလို့လား?! ” လုတာ့သုန် တံတွေးထွေးလိုက်ပြီး ” လောင်ဇီက အသက်ရှင်နေတုန်းပဲကွ! ငါ့ကိုစိတ်တိုအောင် လာမလုပ်ကြနဲ့နော်! ”
လုတာ့သုန်အား ရှောင်ထန်ချိုး သံသယဖြင့်ကြည့်လိုက်ပေသည်။ အန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့ ယွမ်အိမ်တော်ထဲမှာ ဒီအရူးက တကယ်ကြီးအသက်ရှင်နေသေးတယ်ဆိုတာကို သူ မယုံကြည်နိုင်ခဲ့။ ဒါပေမယ့် လော့မန်စုကတော့ ရုတ်ချည်းအော်ပြောလာခဲ့ပေသည်။
” လူတစ်ယောက်ပိုလာတာရင် အင်အားပိုတောင့်လာတယ်! ဒါ ကောင်းတဲ့အရာပဲ! လွတ်လမ်းကို အတူရှာကြစို့်! ”
” ဟုတ်တယ် ” သုံးယောက်အဖွဲ့ကို ဦးဆောင်တဲ့အမျိုးသမီးက ပြောလာသည်။ ” အခုအချိန်မှာ အရေးကြီးဆုံးက လွတ်လမ်းတစ်ခုကိုရှာဖို့ပဲ! ”
လော့မန်စု သူမကိုကြည့်ပြီး လှောင်ရယ်လိုက်၏။ ” မင်းတို့က ငါတို့ထက်တစ်ရက်စောပြီး ယွမ်အိမ်တော်ထဲဝင်ခဲ့တာလေ။ ဘာမှရှာမတွေ့ကြဘူးလား? ”
” ရှာတွေ့တာပေါ့! ” ထိုမိန်းမရဲ့ အမျိုးသမီးအသင်းဖော်က ဒေါသတကြီးအော်ဟစ်လာခဲ့ပေသည်။
” ကျင်းကျင်း! ” သူမရဲ့တခြားအသင်းဖော်က စိတ်လှုပ်ရှားရင်း လှမ်းအော်လိုက်၏။
” ရတယ် ” အမျိုးသမီးက တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ ” အခု D-level မစ်ရှင်က ငါတို့ထင်ထားတာထက် ပိုခက်တဲ့ပုံပဲ။ ငါတို့သာ မပူးပေါင်းရင် ထွက်လို့မရနိုင်လောက်ဘူး ”
အမျိုးသမီးရဲ့ အသင်းဖော်နှစ်ယောက် မျက်နှာအမူအရာတွေပြောင်းလဲရင်း တုန်လှုပ်သွားခဲ့ကြပေသည်။
” ရှင်လည်း လူဟောင်းပဲလား? ” အမျိုးသမီးက လော့မန်စုကို ကြည့်လိုက်သည်။
လော့မန်စုခေါင်းညိတ်ပြလိုက်ပြီး ထိုသုံးယောက်က သူတို့ကိုယ်သူတို့ မိတ်ဆက်လာခဲ့ကြသည်။ ထိုအခါမှသာ သူတို့ရဲ့တကယ့်နာမည်တွေကို သိကြရတော့သည်။ ခေါင်းဆောင်ဖြစ်သူရဲ့နာမည်မှာ ယန်ယိယန်ဖြစ်ပြီး သူမရဲ့အသင်းဖော်နှစ်ယောက်ဖြစ်တဲ့ ရှကျင်းကျင်းနဲ့ ရှချန်းရွှမ်တို့မှာတော့ မောင်နှမများဖြစ်ကြလေသည်။ သူတို့က ယာယီပူးပေါင်းခြင်းသာဖြစ်တာကြောင့် သူတို့ရဲ့နာမည်တွေကလွဲပြီး သူတို့ရဲ့တခြားအကြောင်းတွေကိုတော့ ထုတ်ပြောမလာခဲ့ပေ။ သိသာစွာပဲ အဖွဲ့နှစ်ဖွဲ့ကြားမှာ ယုံကြည်မှုရှိမနေခဲ့ပါချေ။
” ကျွန်မတို့တွေ ယွမ်အိမ်တော်ထဲမှာ ဖန်းလန်ရဲ့အခန်းကို တွေ့ခဲ့တယ် ”
ဒီစကားကိုကြားချိန်မှာတော့ ရှောင်ထန်ချိုး မျက်လုံးပြူးသွားခဲ့လေသည်။ ” ဖန်းလန်ရဲ့အခန်းလား?! ” ဟုတ်သားပဲ ! သူတို့က ယွမ်ကျိကျိုးရဲ့အခန်းကို ရှာတဲ့အပေါ်မှာပဲ အာရုံစိုက်ထားခဲ့ကြပေမယ့် ဖန်းလန်ရဲ့အခန်းကို ရှာဖို့ကျတော့ မမျှော်လင့်ပဲ မေ့သွားခဲ့ကြတယ် ! တကယ်တော့ ပိုတိကျအောင်ပြောရရင် ဖန်းလန််နဲ့ ယွမ်ကျိကျိုးက တစ်ခန််းတည်းကို အတူမျှသုံးတယ်ဆိုပြီး တွက်လိုက်ကြတာ ! နောက်ဆုံးတော့လည်း သူတို့က ခင်ပွန်းနဲ့ ဇနီးပဲလေ…… တစ်ခန်းထဲမှာ နေသင့်တာပေါ့ !
” ဒါပေမယ့် အရေးကြီးတဲ့ဘာကိုမှ မတွေ့ခဲ့ရဘူး”
ယန်ယိယန်က မျက်မှောင်ကြုတ်ရင်း ပြောခဲ့သည်။
” သူမရဲ့ဒိုင်ယာရီကိုတော့ ရှာတွေ့ခဲ့ပေမယ့် အဲ့ထဲမှာ အရေးကြီးတာဘာမှမပါဘူး။ တစ်ဝက်က သူ့ရဲ့အချစ်ဦးအကြောင်းကို ပြန်တွေးထားတာ၊ ကျန်တစ်ဝက်ကျ ယွမ်မိသားစုက ဘယ်လောက်ထူးဆန်းကြောင်း ငြီးငြူထားတာ……. တံငါရွာက ပြင်ပလောကနဲ့ သီးခြားခွဲထွက်နေတာဆိုတော့ သူမက ကျယ်ကျယ်ပြန့်ပြန့်မသိဘူးလေ။ ဒါပေမယ့် အရင်တုန်းက သူမရဲ့ချစ်သူကတော့ ဒီတံငါရွာကနေ တစ်ခါထွက်သွားဖူးတဲ့ပုံပဲ။ သူက ခဏလောက်ထွက်သွားခဲ့ပြီးတော့ သူမ မသိတဲ့ အပြင်လောက,က အကြောင်းအရာတချို့ကို သူမကိုပြောပြခဲ့တယ်…… ”
ရန်ပင်နဲ့ လုရှောင်တောက်နဲ့ယူလာခဲ့တဲ့ ဖရဲသီးတွေကို ရှောင်ထန်ချိုး ရုတ်တရက်တွေးမိသွားခဲ့သည်။ သူတို့က သစ်ပင်တစ်ပင်ပေါ်မှာ ဖရဲသီးတွေသီးနေတယ်ဆိုပြီး ပြောခဲ့တာ အံ့သြစရာမရှိတော့ ! ဖန်းလန်က ကျိုးဟေးဆီကနေ ဖရဲသီးတွေအကြောင်းပဲ ကြားခဲ့ရတာဖြစ်နိုင်သည်။ သို့သော်လည်း တကယ့်အပင်အစစ်ကိုတော့ သူမ တစ်ခါမှမမြင်ဖူးခဲ့ပေ။ သစ်သီးအများစုက သစ်ပင်တွေပေါ်မှာ ကြီးထွားကြတာကြောင့် သူမက ဖရဲသီးတွေဟာလည်း အတူတူပဲဟု ယူဆလိုက်တာဖြစ်မည် !
အဲ့ဖရဲသီးသစ်ပင်က…… ဖန်းလန်ရဲ့နာကျည်းမှုကနေ ဖြစ်ပေါ်လာခဲ့တာလား ?
သူ ချက်ချင်းဆုံးဖြတ်ချက်ချလိုက်၏။ ” ငါတို့တွေ ယွမ်အိမ်တော်ကို အခုပဲပြန်သွားကြမယ်? ”
” ဟင့်အင်း! ငါ မသွားဘူး! ” လုတာ့သုန်က ပထမဆုံးငြင်းလာခဲ့သည်။ ” အဲ့ဒီကြောက်စရာကောင်းတဲ့ နေရာကြီးကို ငါပြန်သွားမှာမဟုတ်ဘူး! ”
တခြားသူတွေလည်း တုံ့ဆိုင်းနေခဲ့ကြကာ ထုံးစံအတိုင်း ထန်းမျန်မျန်ကသာ ရှောင်ထန်ချိုးအပေါ်ယုံကြည်တဲ့ တစ်ဦးတည်းသောသူဖြစ်လေသည်။ ” ငါ မင်းနဲ့လိုက်ခဲ့မယ် ”
လော့မန်စုက သူ့ခေါင်းကိုကုတ်ရင်း တစ်ခုခုပြောမလို့လုပ်လိုက်ပေမယ့် ဒီအချိန်မှာပဲ ယန်ယိယန်ရဲ့အမူအရာက ရုပ်ဆိုးသွားခဲ့လေ၏။ ” ဖန်းလန်ရောက်လာပြီ! ”
သူတို့လှည့်ကြည့်လိုက်ရာ ဖန်းလန်က အခုထိလက်မလျှော့သေးပဲ သူတို့ကိုရှာဖို့အတွက် ရောက်ချလာခဲ့ပေသည်။ သူမက အရင်ထက်တောင် ပိုပြီးကြောက်စရာကောင်းနေခဲ့ကာ သွေးမည်းမည်းတွေက သူမမျက်နှာထက်မှာ ထူပိန်းနေခဲ့၏။ ရှောင်ထန်ချိုး စဉ်းတောင်မစဉ်းစားတော့ပဲ ထန်းမျန်မျန်ရဲ့လက်ကို ဆောင့်ဆွဲကာ ယွမ်အိမ်တော်ဆီ ပြန်ပြေးတော့သည်။
တခြားသူတွေလည်း စပြေးကြလေ၏။ ကလေးကစားစရာအရုပ်ကိုဆော့ရင်း မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်နေသေးတဲ့ တင်းထျန်းထျန်းအား လော့မန်စု အမြန်ဆွဲယူကာ တခြားသူတွေနောက်ကို အမှီလိုက်တော့သည်။
ဖန်းလန်ရဲ့ အတင်းအဓမ္မ အလိုက်ခံနေရမှုအောက်တွင်် ရှောင်ထန်ချိုးနဲ့ ထျန်းမျန်မျန်တို့မှာ ယွမ်အိမ်တော်သို့ ပြေးဝင်သွားခဲ့ကြသည်။ သို့သော်လည်း ဒီတစ်ခေါက်မှာတော့ ယွမ်အိမ်တော်က ဖန်းလန်ကို တားနိုင်စွမ်းမရှိတော့ဟန်ပေါ်သည်။ သူမက အိမ်ထဲအထိ လိုက်လာခဲ့လေသည်။
အကြီးအကျယ်ကြောက်လန့်မှုအလယ်တွင် ကျန်သူများကလည်း လူကွဲသွားကြပြန်သည်။ ရှောင်ထန်ချိုး အသက်ရှူဖို့ရပ်လိုက်ချိန်မှာတော့ ထန်းမျန်မျန်၊ လော့မန်စုနဲ့ တင်းထျန်းထျန်းက သူ့ဘေးမှာ ရှိနေသေးဆဲဖြစ်ပြီး ဖန်းလန်ကတော့ ပျောက်သွားခဲ့ပြီ။ သူမက တခြားသူတွေနောက်ကိုလိုက်ဖို့ ဆုံးဖြတ်သွားခဲ့တာလားဆိုတာတော့ သူ မသေချာပေ။
…………. နောက်ဆုံးတော့ သူ့အပေါ်မှာဦးတည်နေတဲ့ ဘော့စ်ရဲ့ဒေါသတွေကို ချေဖျက်နိုင်သွားပြီလား ?
ရှောင်ထန်ချိုး တိတ်တိတ်လေး ဝမ်းသာနေတုန်းမှာပဲ ရုတ်ချည်း မျက်လုံးပြူးသွားရလေသည်။ အကြောင်းမှာ လော့မန်စုဘေးတွင် ရှိနေသည့်လူကို သူ မြင်လိုက်ရခြင်းကြောင့်ဖြစ်၏။
တင်းထျန်းထျန်းဖြစ်နေရမည့် ထိုလူမှာ ကျိုးပဲ့ပြီး သေသွားခဲ့သည့် တင်းမီမီအဖြစ် ရုတ်တရက်ပြောင်းသွားခဲ့လေသည် !
သူ လော့မန်စုကို သတိပေးဖို့ အခွင့်အရေးတောင်မရခင်မှာပဲ လော့မန်စုက သူ့အား ထိတ်လန့်တကြားကြည့်နေတာကို သိလိုက်ရလေ၏။ သူ နေရာမှာတင် အေးခဲသွားခဲ့ပေသည်။ သူ့ဘေးမှာ ရှိနေသည့်လူဟာလည်း…….
သူ တောင့်တောင့်ကြီးလှည့်ကြည့်လိုက်ရာ ထန်းမျန်မျန်က အသက်ရှင်နေပြီး အဆင်ပြေနေဆဲဆိုတာကို မြင်လိုက်ရသည်။
ရှောင်ထန်ချိုး လော့မန်စုအား ချက်ချင်းအော်ပြောလိုက်သည်။ ” သူ့လက်ကိုလွှတ်လိုက်! ”
လော့မန်စုက ချက်ချင်းတုံ့ပြန်လာခဲ့ပြီး ” တင်းထျန်းထျန်း ” အား တွန်းထုတ်လိုက်ပေသည်။ “တင်းထျန်းထျန်း” မှာ မြေကြီးပေါ်လဲကျသွားခဲ့ပြီး အပိုင်အစတွေအဖြစ် ကျိုးပဲ့သွားတာကို တုန်လှုပ်ချောက်ချားစွာ မြင်လိုက်ကြရလေ၏။
ရှောင်ထန်ချိုး စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး စကားပြောတော့မည့်အချိန်မှာပဲ ပုံရိပ်တစ်ခုက သူ့ဆီ တဟုန်ထိုးပြေးလာခဲ့လေသည်။
” မင်း ငါ့ကိုဘာလို့မစောင့်တာလဲ?! ”
သူ မယုံကြည်နိုင်မှုဖြင့် ငေးငိုင်သွားခဲ့ရသည်။ ၎င်းက ထန်းမျန်မျန်ဖြစ်နေခဲ့သည်လေ !
” မြန်မြန် သူ့ကိုလွှတ်လိုက်! ” လော့မန်စု အော်ပြောလိုက်၏။
ရှောင်ထန်ချိုးက တခြားထန်းမျန်မျန်ကို ချက်ချင်းတွန်းထုတ်ပစ်လိုက်ပေမယ့် အသစ်ရောက်ရှိလာတဲ့ ထန်းမျန်မျန်အနားကိုကပ်ဖို့လည်း သူကြောက်နေခဲ့ပေသည်။ လော့မန်စုက သူ့ဆီပြေးလာကာ သူ့အား ဆတ်ခနဲဆွဲရင်း စပြေးတော့သည်။
လော့မန်စုက ရှောင်ထန်ချိုးအား အဝေးကြီးဆွဲပြေးလာခဲ့ပြီးနောက် ရှောင်ထန်ချိုး မနေနိုင်ပဲ နောက်လှည့်ကြည့်လိုက်မိသည်။ ထန်းမျန်မျန်နှစ်ယောက်လုံးက သူတို့နောက်မှလိုက်မလာခဲ့ကြပေ။ သူတို့က သူ့အား ကြည့်ရုံသာကြည့်နေခဲ့ပြီး ကျောချမ်းဖွယ်ရာ အပြုံးတစ်ခုကို ထုတ်ဖော်ထားခဲ့ကြသည်။