Chapter 24
ရှောင်ထန်ချိုး သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားခဲ့ပြီး လော့မန်စုရဲ့လက်အား ကရုဏာစိတ်ကင်းမဲ့စွာ ခါချပစ်လိုက်သည်။
” ဘာဖြစ်လို့လဲ? ” လော့မန်စုက စိတ်မရှည်ဟန်ရှိ၏။ ” မြန်မြန်လုပ်! ငါတို့ကို မိသွားလို့မဖြစ်ဘူး! ”
ရှောင်ထန်ချိုးတွင် သတိထားနေတဲ့အမူအရာမျိုးရှိနေခဲ့ပေသည်။ ထိုအခိုက်အတန့်တွင် သူ ဘယ်သူ့ကိုမှ မယုံကြည်ရဲခဲ့။ ထပ်ပြောရရင် သူ အစကတည်းက သံသယဝင်နေခဲ့သည့် လော့မန်စုဖြစ်နေခဲ့သည်။ သူ စိတ်ရှုပ်ထွေးနေတုန်းမှာပဲ သူ့အကြည့်က လော့မန်စုရဲ့အနောက်မှာပေါ်နေတဲ့ အရိပ်ဆီကို ရောက်ရှိသွားခဲ့သည်……. ၎င်းက ရှင်းရှင်းလင်းလင်းကို ကလေးတစ်ယောက်ရဲ့အရိပ် ဖြစ်နေခဲ့၏ !
ရှောင်ထန်ချိုး တုံ့ဆိုင်းခြင်းမရှိ လှည့်ပြေးတော့သည်။ “လော့မန်စု” က သူ့နောက်မှပြေးလိုက်လာရင်း အော်ဟစ်လာခဲ့၏။ ” ငါ့ကိုဘာလို့ထားခဲ့တာလဲ? ငါ့ကို ဘာဖြစ်လို့ထားခဲ့တာလဲ? ”
ရှောင်ထန်ချိုးမှာ “လော့မန်စု” အား လှည့်မကြည့်ရဲခဲ့ပေ။ အံကိုသာကြိတ်ရင်း အတတ်နိုင်ဆုံး မြန်မြန်ပြေးလေသည်။ သို့ရာတွင် သူ ဘယ်လောက်ပဲမြန်အောင်ပြေးပါစေ ထိုအရာက သူ့နောက်ကျောကို အင်မတန်မှသဘောကျနေသလိုမျိုး တိကျတဲ့အကွာအဝေးတစ်ခုကနေ ကပ်ပါလာခဲ့သည်။
” မင်းလည်း ငါ့ကိုထားသွားချင်တာလား? ” ခပ်ဖျော့ဖျော့အသံတစ်ခုက သူ့နားထဲကို ဝင်လာပြီးနောက် အရင်က သူကြားဖူးတဲ့တစ်ယောက်လိုမျိုး သနားစဖွယ်ရှိုက်ငိုသံအဖြစ် ပြောင်းသွားခဲ့သည်။
ဝူး ဝူး ……
ဝူး ဝူး ဝူး ……..
ရှောင်ထန်ချိုးရဲ့ကျောတစ်လျှောက်မှာ အမွှေးများ ထောင်ထသွားရသည်။ သူသေတော့မယ်လို့ ထင်လိုက်ချိန်မှာပဲ ငိုသံက ရုတ်ချည်းပျောက်ကွယ်သွားပြီး သူ့ပတ်ပတ်လည်က အလွန်အမင်းတိတ်ဆိတ်သွားခဲ့၏။
သူ မော့ကြည့်လိုက်ရာ စိမ်းသက်နေတဲ့ ခြံဝင်းတစ်ခုထဲကို သတိမထားမိပဲ ဝင်လာခဲ့မိကြောင်း သိလိုက်ရပေသည်။ ဤခြံဝင်းက ယွမ်ကျိကျိုးရဲ့ခြံဝင်းနဲ့ယှဉ်လိုက်ရင် ပရိဘောဂတွေက ပိုလို့တောင် ဘာမှမရှိပေ။ ဒီခြံဝင်းရဲ့ပိုင်ရှင်ကို သူ ချက်ချင်းခန့်မှန်းမိသွားခဲ့သည်။
သူ ထင်တဲ့အတိုင်း ခြံဝင်းထဲတွင် ဖရဲသီးအကြီးကြီးတွေ ပြွတ်ကြိတ်အောင် သီးနေသည့် ဖရဲသီးသစ်ပင် အရှည်ကြီးတစ်ပင်် ရှိနေခဲ့ပေသည်။
သူ သစ်ပင်ပေါ်မှ ဖရဲသီးတွေအား ငေးကြည့်မိသွားခဲ့သည်။ သူ ပိုပြီးကြည့်လေ ဖရဲသီီးခွံပေါ်က လိုင်းတွေက လူသားတစ်ယောက်ရဲ့မျက်နှာပုံစံတွေနဲ့ တူလာလေပင်…… ထိုအတွေးနဲ့အတူ မအီမသာဖြစ်သွားသလို ခံစားလိုက်ရပြီး အဲ့အခိုက်အတန့်မှာပဲ အရင်ကမဖြစ်ဖူးခဲ့တဲ့ အန္တရာယ်တစ်ခုအား အာရုံခံမိလိုက်လေသည် !
သူမြေပြင်ပေါ် လှိမ့်ချပစ်လိုက်ချိန်မှာပဲ ပုပ်သိုးသိုးအနံ့တစ်ခုက သူ့ဆီ ရုတ်တရက်ရောက်လာခဲ့လေသည် ။ ခုနက သူရှိနေခဲ့သည့်နေရာမှာ ဂေါ်ပြားတစ်ခုက နက်နက်ရှိုင်းရှိုင်းစိုက်ဝင်နေခဲ့လေ၏။ အဲ့ဒီနောက်ချက်ချင်းပဲ ဖန်းလန်က သူ့ဆီပျံသန်းလာခဲ့ကာ ဂေါ်ပြားကိုဆွဲထုတ်ရင်း သူ့အား နောက်တစ်ကြိမ်ရိုက်လာခဲ့ပြန်သည်။
ရှောင်ထန်ချိုး ခက်ခက်ခဲခဲလှုပ်ရှားကာ ကိုယ်ကိုအမြန်လှိမ့်ရင်း ဖန်းလန်ရဲ့တိုက်ခိုက်မှုအား ဆတ်ခနဲငုံ့ရှောင်လိုက်ပေသည်။
ဖန်းလန်မှာ အလွန်များပြားတဲ့ခွန်အားပမာဏကိုသုံးရင်း ဂေါ်ပြားအား ကမူးရှူးထိုးဝှေ့ယမ်းနေခဲ့သည်။ အဲ့ဒါတစ်ချက်လောက်ထိသွားရုံနှင့် သူ့ခေါင်းက ပွင့်ထွက်သွားလိမ့်မည်ဖြစ်၏။
အလွန်အမင်းစိတ်တင်းကြပ်ရင်း ကြောက်ရွံ့နေမှုအောက်တွင် သူ စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်ပြီး သူသွားချင်တဲ့ ဖန်းလန်ဆီကို ဦးတည်လိုက်ပေသည်။ သူ လှိမ့်လိုက်ရင်း ဖရဲသီးသစ်ပင်ဆီတွားသွားကာ အဲ့ဒါရဲ့ဘေးမှာ ရပ်လိုက်သည်။
နောက်တစ်စက္ကန့်မှာပဲ ဂေါ်ပြားက သူ့ဦးခေါင်းဆီ လွှဲယမ်းလာခဲ့ပြန်သည် !
ဒီလိုမျိုးအရေးကြီးတဲ့အခိုက်အတန့်တွင် သူ့ဦးခေါင်းကိုပိုက်ရင်း မြေကြီးပေါ်လှိမ့်လိုက်ကာ ဖန်းလန်ရဲ့ဘေးမှ ကျော်သွားလိုက်လေသည်။ ဂေါ်ပြားက သူ့နောက်ရှိ သစ််ပင်ပင်စည်ထဲသို့ နက်နက်ရှိုင်းရှိုင်းနစ်ဝင်သွားခဲ့၏။ သို့သော် ဘော့စ်ဖြစ်သူ လက်နက်ကို ယာယီဆုံးရှုံးသွားခဲ့ပြီဆိုတဲ့ အတွေးနဲ့အတူ သက်ပြင်းမချနိုင်ခင်မှာပဲ ဖန်းလန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း အားအနည်းငယ်ပိုထည့်လိုက်သည်။ ပတ်ပြီး ဝိုင်းထားဖို့ဆိုလျှင် လူအနည်းငယ်လောက်လိုအပ်မည့် ထူထဲလွန်းသည့် သစ်ပင်ပင်စည်ကြီးမှာ ဂေါ်ပြားနဲ့အတူ ကျိုးသွားခဲ့လေသည်။
ဖန်းလန်က တစ်ဝက်ကျိုးသွားတဲ့ဂေါ်ပြားကို ရိုးရိုးရှင်းရှင်းပဲ ဘေးလွှင့်ပစ်လိုက်ပြီး ရှောင်ထန်ချိုးဆီ ပစ်ဝင်လာခဲ့လေ၏။
သူ့စိတ်က ဗလာကျင်းသွားခဲ့လေသည်။ သူတော့ အဆုံးသတ်ပြီ ! လွတ်လမ်းမရှိတော့ဘူး !
…..
သူ သေတော့မယ်လို့ တွေးလိုက်ချိန်မှာပဲ ဖန်းလန်က ရှည်မျောမျောတုတ်တစ်ချောင်းနှင့် ဘေးသို့ ရုတ်တရက်ရိုက်ထုတ်ခံလိုက်ရလေသည်။ သူ့မျက်လုံးတွေ ချက်ချင်းပြူးကျယ်သွားခဲ့ရသည်။ သူ ဒါကိုမယုံကြည်နိုင်ခဲ့။ ဘာဖြစ်သွားတာလဲ ? သူ့မှာ မှော်စွမ်းအားတွေများ ရုတ်တရက်နိုးထလာခဲ့တာလား……
” ချိုးချိုး! ငါတို့ မင်းကိုကယ်ဖို့လာတာ! ”
ထန်းမျန်မျန်ရဲ့အသံက ထွက်ပေါ်လာခဲ့သည်။ ဘယ်အချိန်တုန်းကမှန်းမသိပေမယ့် ထန်းမျန်မျန်နဲ့ လော့မန်စုက သူ့အားလိုက်မှီလာခဲ့ကြ၏။ ထန်းမျန်မျန်က လက်ထဲမှာ ဝါးလုံးကိုင်ထားခဲ့ကာ သူက အခုလေးတင် အဲ့ဝါးလုံးကို လက်နက်အဖြစ်သုံးခဲ့ခြင်းဖြစ်သည်။ သူ့ရှိသမျှအားနဲ့ လွှဲယမ်းရင်း ဖန်းလန်ကို ပျံထွက်သွားအောင် တကယ်ကြီးရိုက်ပစ်နိုင်ခဲ့လေသည်။
……… ဒီပြင်းထန်တဲ့ကောင်ငယ်လေးကတော့ ! ဒါပေမယ့် ချိုးချိုးဆိုတာက ဘာကြီးတုန်း ?
ရှောင်ထန်ချိုး ကျိန်ဆဲရင်း သူ့ကိုယ်သူ ထန်းမျန်မျန်ဆီ ပစ်ဝင်လိုက်လေသည်။ ဝူးဝူးဝူး တကယ်အရေးကြုံလာတဲ့အချိန်ဆိုရင် ဒီကောင်လေးက သူ့ရဲ့ယုံကြည်စိတ်အချရဆုံး အသင်းဖော်ဖြစ်နေတုန်းပဲ !
ထိုအချိန်မှာပဲ သစ်ပင်အရှည်ကြီးက မြေပြင်ပေါ် လဲကျသွားခဲ့လေသည် !
ဖရဲသီးသစ်ပင်က မြေပြင်ပေါ်ကို ဖြည်းဖြည်းချင်းလဲကျနေစဉ် အဆိုပါဖရဲသီးများက ဦးခေါင်းအဖြစ် ပြောင်းလဲသွားကြသည် — တိကျတဲ့ မျက်နှာအသွင်အပြင်တွေနဲ့ လုံးဝကိုအသက်ဝင်နေတဲ့ ဦးခေါင်းတွေ !
ရှောင်ထန်ချိုး အသေချာကြည့်လိုက်ရာ ထိုဦးခေါင်းများက — ယွမ်အိမ်တော်ကလူများ ဖြစ်ကြလသည် ! သခင်မကြီး၊ ဒုတိယသခင်လေး၊ ယွမ်အိမ်တော်က တခြားအမျိုးသမီးတွေ၊ အိမ်စေတွေ၊ အမျိုးသမီးအစေခံတွေ ပြီးတော့ အိမ်တော်ထိန်း !
ဦးခေါင်းများက သူ့အား ထုံထိုင်းစွာကြည့်နေခဲ့ကြသည်၊ သစ်ပင်လဲသွားချိန်မှာတော့ ဦးခေါင်းများက သစ်ကိုင်းတွေဆီမှ ပြုတ်ကျရင်း မြေကြီးပေါ်လိမ့်သွားခဲ့ကြ၏။
” အကျိုးနည်း! အကျိုးနည်း! ” ထန်းမျန်မျန်မှာ ကြောက်လန့်တကြားနဲ့ သူ့ခေါင်းအား ကပျာကယာကိုင်ထားလိုက်သည််။
ရန်ပင်းနဲ့ လုရှောင်တောက်တို့ ဖရဲသီးစားခဲ့တဲ့အကြောင်းကို ရှောင်ထန်ချိုး သတိရသွားပြီး သူ့ရဲ့စိတ်အခြေအနေမှာ အတော်လေးရှုပ်ထွေးသွားခဲ့ရသည်။လူခေါင်းသစ်ပင်ရဲ့ ထိတ်လန့်မှုကနေ မသက်သာသေးခင်မှာပဲ ဖန်းလန်က သူ့ဆီကို တစ်ဟုန်ထိုးပြေးဝင်လာခဲ့ပြန်၏။
သူ ဝါးလုံးကို အမြန်ကောက်ကိုင်လိုက်ပြီး လက်နက်အဖြစ်သုံးဖို့ ကြိုးစားလိုက်သည်။ သို့သော် ဝါးလုံးကို ဖန်းလန်မြင်သွားချိန်မှာတော့ သူမရဲ့မျက်နှာအမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး သူမမျက်လုံးထဲမှ ရက်စက်မှုတို့က ပိုပြီးနက်ရှိုင်းလာခဲ့ပေသည်။
သူမက ရှောင်ထန်ချိုးဆီကို တန်းတန်းမတ်မတ်ပြေးဝင်လာခဲ့ပေမယ့် ထိုအခိုက်မှာပဲ အမည်းရောင်ပုံရိပ်တစ်ခုက ဝါးလုံးထဲမှထွက်လာကာ ရှောင်ထန်ချိုးအား ကာထားလိုက်လေသည်။
” ကျိုး…….. ဟေး……. ”
” ……. ကျိုးဟေး! ”
ဖန်းလန် သူမရှေ့မှပုံရိပ်အား ခါးသီးမှု နာကျည်းမှုတို့နဲ့အတူ ကြည့်လိုက်သည်။
ရှောင်ထန်ချိုးရှေ့တွင် ရပ်နေခဲ့သူမှာ သူတို့အား ယွမ်ကျားရွာဆီလိုက်ပို့ပေးခဲ့သူ၊ မျက်လုံးများပျောက်ဆုံးနေသည့် လှေသမားကြီးပင်ဖြစ်လေသည် !
သူတို့ ထိတ်လန့်နေတုန်းမှာပဲ တခြားသူတွေက ပြေးဝင်လာခဲ့ကြသည်။ ၎င်းက ယန်ယိယန်နဲ့ တခြားသူများဖြစ်၏။ ယန်ယိယန် အော်ပြောလိုက်ပေသည်။ ” ဖန်းလန်! နင်ဘာရှာနေလဲဆိုတာကို ငါသိတယ်! နင်ရှာနေတဲ့လူက …….. ”
သူမရှေ့ကမြင်ကွင်းကို သတိထားမိသွားပြီးနောက် ယန်ယိယန် အံ့အားသင့်ကာ စကားပြောရပ်သွားခဲ့ပေသည်။ ဇာတ်ကြောင်းက ဒီအထိတိုးတက်နေမယ်မှန်း သိသိသာသာကို သူမ မမျှော်လင့်ထားခဲ့ပေမယ့် မြန်မြန်ဆန်ဆန်ပဲ ထပ်အော်လာခဲ့သည်။
” ဖန်းလန်! နင် နတ်ဆိုးဝိဉာဉ်အဖြစ်ပြောင်းသွားခဲ့တယ်ဆိုတာ ယွမ်အိမ်တော်ကလူတွေ၊ ယွမ်ကျားရွာက ရွာသားတွေနဲ့ နင့်ကိုစွန့်ပစ်ခဲ့တဲ့သူကို မုန်းတီးတာကြောင့်ပဲ။ ယွမ်အိမ်တော်ကလူတွေနဲ့ ယွမ်ကျားရွာက လူတွေကို နင်သတ်ပစ်လိုက်ပြီလေ၊ ပြီးတော့ နင့်ကိုစွန့်ပစ်သွားခဲ့တဲ့လူကို အခုရှာတွေ့သွားပြီပဲ။ ငါတို့ကိုလွှတ်ပေးတော့! ”
ရှောင်ထန်ချိုး ရုတ်တရက်အော်ပြောလိုက်သည်။ ” အဲ့ဒါ မမှန်ဘူး! ”
ယန်ယိယန် မျက်မှောင်အနည်းငယ်ကျုံ့သွားခဲ့ပေသည်။ ဒီလောက်သေရေးရှင်ရေးဖြစ်နေတာမှာ ဒီလူသစ်လေးက ဘာဖြစ်တာလဲ ?!
” မင်းပြောတာမှားနေပြီ၊ ကျိုးဟေးက သူ့ကိုစွန့်ပစ်ခဲ့တာမဟုတ်ဘူး ” ရှောင်ထန်ချိုး ရုတ်တရက်ပဲ အရာအားလုံးကိုနားလည်သွားခဲ့သည်။ ” သူတို့ခိုးရာလိုက်ဖို့သဘောတူခဲ့တုန်းက ကျိုးဟေး သူ့ကတိကိုမတည်ခဲ့ဘူးဆိုတာ သူမကိုစွန့်ပစ်လိုက်တာကြောင့်မဟုတ်ပဲ…… ကျိုးဟေးက သေသွားခဲ့တာကြောင့်ပဲ၊ ကျွန်တော်ပြောတာ ဟုတ်တယ်မလား? ”
ရှောင်ထန်ချိုးရှေ့မှာရပ်နေတဲ့ ကျိုးဟေးကို ဖန်းလန် နာနာကျည်းကျည်းစိုက်ကြည့်ရင်း အချိန်အကြာကြီး ဘာတစ်ခွန်းမှပြောမလာခဲ့ပေ။ မျက်စိကွယ်နေတဲ့ အဖိုးကတော့ လေထဲမှာပဲ တိတ်တဆိတ်လွင့်မျောနေခဲ့သည်။ သူ့မှာ ခန္ဓာကိုယ်ရော မျက်လုံးတွေရောမရှိတာကြောင့် သူဘယ်လိုခံစားနေရလဲဆိုတာကို ဘယ်သူမှမပြောနိုင်ပေ။
” သူက သူ့ကတိကို မတည်တာမဟုတ်ပဲ မတည်နိုင်ခဲ့တာ။ သူသေသွားပြီးတော့ သူ့ဝိဉာဉ်က လှေပေါ်မှာပဲ နေနိုင်ခဲ့တယ် ” ရှောင်ထန်ချိုး ညင်သာစွာပြောလိုက်သည်။ ” သူက မင်းကိုစွန့်ပစ်ခဲ့ပြီး တစ်ယောက်တည်းသေအောင် ပစ်ထားခဲ့လို့ မင်းသူ့ကိုမုန်းတယ်။ ယွမ်အိမ်တော်ကနေ မင်းကိုလာမကယ်ခဲ့တာကြောင့် မင်းသူ့ကိုမုန်းတယ်……. ”
ဖန်းလန် ရှောင်ထန်ချိုးအား လှည့်ကြည့်လာခဲ့ရင်း သူမမျက်လုံးတွေထဲမှာတော့ ခါးသီးတဲ့အမုန်းတရားတို့ ပြည့်လျှံနေခဲ့ပေသည်။
” မင်း သူ့အုတ်ဂူကိုတူး သူ့မျက်လုံးတွေကိုကလော်ထုတ်ပြီး ဦးခေါင်းခွံကို ယွမ်အိမ်တော်ဆီ ယူလာခဲ့တယ်၊ ပြီးတော့ ရေတွင်းအောက်ခြေကို ပစ်ချခဲ့တယ်၊ ဒါမှ သူ့ရဲ့ဝိဉာဉ်ကို မင်းရှာတွေ့နိုင်မှာလေ ဟုတ်တယ်မလား? ”
ရှောင်ထန်ချိုးက သူဖြေရှင်းထားတာနဲ့ပတ်သတ်လို့ သေချာခဲ့သည်။
” ယွမ်ကျားရွာတစ်ခုလုံး မင်းရဲ့ကျိန်စာအောက်ကို ရောက်သွားခဲ့ပေမယ့် သူ့ကိုတော့ ရှာလို့မတွေ့နိုင်ခဲ့ဘူး……. ကစားသမားတွေဖြစ်တဲ့ ငါတို့ကပဲ သူတို့ရှာလို့တွေ့နိုင်တယ် ”
” အခု သူ့ကိုရှာတွေ့သွားပြီဆိုတော့ သူ့ရဲ့ဝိဉာဉ်ကို အပိုင်းပိုင်းဆုတ်ဖြဲတာပဲဖြစ်ဖြစ် ဘယ်တော့မှပြန်မဝင်စားနိုင်အောင် တားတာပဲဖြစ်ဖြစ် နင်လုပ်ချင်တာလုပ်လို့ရပြီ….. ငါတို့ကိုလွှတ်ပေးတော့! ” ယန်ယိယန်က ကြားဖြတ်ပြောလာခဲ့ပေသည်။
” ဘာလို့လဲ…… ” ကျိုးဟေးအား မုန်းတီးစွာကြည့်ရင်း ဖန်းလန် ဒေါသတကြီးအော်လိုက်သည်။
ရှောင်ထန်ချိုးက အဖြေပေးလိုက်၏၊ ” ဘာလို့လဲဆိုတော့ သူက သေသွားခဲ့ပြီလေ ”
” ငါနင့်ကိုမေးနေတာမဟုတ်ဘူး! ” ဖန်းလန်က အလွန်အမင်းဒေါသထွက်နေခဲ့ပေသည်။
ကျိုးဟေးမှာ ဖန်းလန်ကိုကြည့်ရင်း ဗလာကျင်းနေတဲ့ မျက်လုံးအခွက်ထဲကနေ သွေးမျက်ရည်နှစ်ကြောင်း စီးကျလာခဲ့သည်။
” ကိုယ်တောင်းပန်ပါတယ်….. အားလန်….. ”
” ဘာလို့လဲ…. အဲ့တုန်းက ဘာလို့မလာခဲ့တာလဲ?!”
ဖန်းလန်ရဲ့နာကျည်းတဲ့အကြည့်ထဲတွင် များစွာသောနာကျင်မှုတို့က ရောစပ်နေခဲ့ပေသည်။
” ငါလေ… မြစ်ထဲကို အရှင်လတ်လတ်နှစ်ခံခဲ့ရတုန်းက တအားအေးခဲ့တာ….. မြစ်ရေက တအားအေးနေခဲ့တာ….. ပြီးတော့ ငါ့ရဲ့ကလေး….. ”
” ငါ့ကလေးဘယ်မှာလဲ?! ” သူမရဲ့ကလေးကို ရုတ်တရက်သတိရသွားပြီး ဒေါသတကြီးအော်ဟစ်လာခဲ့၏။ ” ငါ့ရဲ့ကလေးရော? ”
” ဒီမှာ! ” လော့မန်စုက တုန်တုန်ရီရီဖြင့် ကစားစရာအကျိုးလေးအား ချပေးလိုက်သည်။ မူလက ကလေးကစားစရာကိုကိုင်ထားခဲ့သည့် တင်းထျန်းထျန်းကတော့ မထင်မှတ်ပဲ ဒုက္ခရောက်သွားခဲ့တာဖြစ်မည်။
ကစားစရာက မြေကြီးနဲ့ထိသွားချိန်မှာပဲ လသားအရွယ်လောက်ရှိမည့် နို့စို့ကလေးအဖြစ် ပြောင်းသွားခဲ့လေသည်။ ၎င်းက ပြုံးလိုက်ကာ ပါးစပ်နဲ့အပြည့် အစွယ်တွေကို ထုတ်ပြလာရင်း ခါးသီးမှုဖြင့် ငိုကြွေးလိုက်၏။ ဖန်းလန်က ကလေးအားကြည့်ရင်း မူလက အမုန်းတရားတို့ဖြင့် ပြည့်နှက်နေသည့်အကြည့်မှာ တဖြည်းဖြည်းချင်း ချစ်ခင်ကြင်နာမှုအသွင်ကို ပြောင်းလဲသွားခဲ့သည်။
ကလေးဝိဉာဉ်က ဖန်းလန်ရဲ့လက်မောင်းတွေထဲကို တိုးဝင်ရင်း ဖန်းလန်ဆီမှာ အချီခံနေခဲ့၏။
” ကျိုးဟေးကိုရော နင့်ရဲ့ကလေးကိုပါ ရှာလို့တွေ့သွားပြီပဲ။ ငါတို့ကို အခုလွှတ်ပေးလို့ရပြီလား? ”
ယန်ယိယန် အံကြိတ်ရင်း ဖန်းလန်အားမေးလိုက်ပေသည်။
ဖန်းလန်သည် သူမရှေ့မှ ကစားသမားတွေအား အေးတိအေးစက်ကြည့်ရင်း သူမရဲ့အကြည့်က တစ်ဖန်ပြန်ပြီး ခါးသီးလာခဲ့သည်။
” နင်တို့တွေ ဒီငရဲက ဘယ်တော့မှလွတ်မှာမဟုတ်ဘူး….. ”
ရှောင်ထန်ချိုးရဲ့နှလုံးသားက အေးခဲသွားရလေသည်။ ဘာတွေဖြစ်ကုန်တာလဲ? သူတို့တွေ မစ်ရှင်ကျရှုံးသွားတာလား?!
ဒါပေမယ့် အဲ့အချိန်မှာပဲ ဂိမ်းအစတုန်းက ကြားခဲ့ရသည့် အေးတိအေးစက် စက်ရုပ် system အသံက သူ့နားထဲတွင် ထွက်ပေါ်လာခဲ့ပေသည်။
” ချစ်ခင်ရပါသော ကစားသမားတို့၊ D-level မစ်ရှင်ဖြစ်တဲ့ [ တံငါရွာရဲ့ သရဲအိမ် ] ကို ပြီးမြောက်စေပြီး မစ်ရှင်ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ [ တံငါရွာရဲ့ကျိန်စာကို ဖယ်ရှားခြင်း ] အား ပြီးမြောက်စေခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ အချိန်ကန့်သတ်ချက်က 3 ရက်ဖြစ်ပြီး ကစားသမားတွေ ပွိုင့် 500 ရရှိပါလိမ့်မယ်…. ”
” မစ်ရှင်ပြီးဆုံးသွားပါပြီ၊ မကြာခင်မှာ ဒီပထမအဆင့်ကနေ ထွက်ခွာရပါလိမ့်မယ်….. ”
မစ်ရှင် အောင်မြင်သွားပြီ !
ဒီ D-level မစ်ရှင်က အဲ့လောက်လည်း မခက်တဲ့ပုံပါပဲ !
စက္ကန့်ပိုင်းအတွင်းမှာတင် ရှောင်ထန်ချိုးတစ်ယောက် အပျော်လုံးဆို့သွားတာကြောင့် အသက်တောင်မရှူနိုင်လုနီးပါးပင်။ သူ စိတ်အေးလက်အေးနဲ့ သက်ပြင်းချလိုက်ပြီး ဖင်ချထိုင်ခါနီးမှာပဲ ဖန်းလန်ရဲ့မျက်နှာအမူအရာက ထိတ်လန့်မှုတစ်ခုအဖြစ် ရုတ်ချည်းပြောင်းသွားခဲ့လေသည်။ သူမက ကြောက်လန့်တကြား အော်ဟစ်လာခဲ့၏။
” သူရောက်လာပြီ! သူရောက်လာပြီ! ”
……. သူ? သူ ဆိုတာ ဘယ်သူလဲ?
ဖန်းလန်ရဲ့ စူးစူးဝါးဝါးအော်ဟစ်သံနောက်မှနေ system ရဲ့ အသံက နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။
” ……. ချစ်ခင်ရပါသော ကစားသမားတို့၊ S-level ဖုံးကွယ်ထားတဲ့မစ်ရှင် [???] ၊ မစ်ရှင်ရဲ့ရည်ရွယ်ချက်က….. [???] ဖြစ်ပြီး အချိန်ကန့်သတ်ချက်က [???] ရက်ကို အသက်သွင်းလိုက်တဲ့အတွက် ဂုဏ်ယူပါတယ်၊ ဒီမစ်ရှင်ပြီးသွားရင် 50000 ပွိုင့် နဲ့ အထူးဆုတွေကို ရရှိပါလိမ့်မယ်……. “