Chapter 3
ရှောင်ထန်ချိုး အိမ်ပြန်ရောက်လာချိန်မှာတော့ ညဉ့်နက်နေခဲ့ပြီ။ 24 နာရီစတိုးဆိုင်ကနေ ဘီယာတစ်ဖာသယ်ခဲ့ကာ ကွန်ပျူတာဖွင့်လိုက်ပြီး သောက်ရင်းနဲ့ကြည့်ဖို့အတွက် ဟာသရုပ်ရှင်တစ်ကားရှာရန် ပြင်လိုက်သည်။
ကွန်ပျူတာဖွင့်လိုက်ချိန်မှာပဲ အရာအားလုံးက အလိုအလျောက် အွန်လိုင်းဖြစ်သွားကာ စကားပြောခန်းတစ်ခုက ဘွားခနဲပေါ်ထွက်လာခဲ့၏။
အာတာပူစီ : ချိုချဉ်လုံးလေး! မြန်မြန်! ငါနဲ့ stream ဖို့လာခဲ့!
ချိုချဉ်လုံးလေး : ဒီနေ့တော့ စိတ်မပါဘူး
အာတာပူစီ : မင်း စိတ်မပါမှန်းသိတာပေါ့၊ ဒါပေမယ့် မင်းကိုယ်မင်း အာရုံပျံ့အောင်လုပ်ဖို့ တစ်ခုခုလိုအပ်နေတယ်လေ
ရှောင်ထန်ချိုး တုံ့ဆိုင်းသွားခဲ့သည်။ အာတာပူစီပြောတဲ့စကားက အမှန်ပဲဆိုတာတော့ သူ ဝန်ခံရမည်။ အရင်က နှစ်တိုင်းဒီလိုအချိန်ဆိုရင် အုတ်ဂူဆီသွားလည်ပြီးချိန်တိုင်း သူ့ကိုယ်သူထုံထိုင်းသွားအောင် ဘီယာသောက်ရင်း ဟာသရုပ်ရှင်ကြည့်လိမ့်မည်။ သို့သော် အမှန်တကယ်လက်လွှတ်ဖို့ရာအတွက် အရင်ကနဲ့မတူတဲ့တစ်စုံတစ်ခုကို တကယ်ပဲလုပ်သင့်တာ ဖြစ်နိုင်သည်။
ချိုချဉ်လုံးလေး : မင်းတစ်ယောက်တည်း live stream လုပ်ရမှာကြောက်လို့ တစ်ယောက်ယောက်ကို မင်းနဲ့အတူဆွဲခေါ်နေတာလို့ ထင်တာပဲ
အာတာပူစီ : ဟီးဟီးဟီး၊ လာပါ လာပါ
ချိုချဉ်လုံးလေး : ဘာ game လဲ
အာတာပူစီ : အဲ့ဒါက အိမ်လုပ် horror game လေ။ တစ်ဝက်တစ်ပျက်ပဲပြီးသေးတဲ့ထုတ်ကုန်လို့ ပြောလို့ရတယ်။ software ဖန်တီးတဲ့သူက သူရဲ့ကိုယ်ပိုင် website မှာ ပို့စ်တင်ခဲ့တာ။ မင်းကို လင့်ပို့ပေးလိုက်မယ်။ ဂိမ်းဆော့သူဆာဗာကို ဒေါင်းလုတ်သွားဆွဲလိုက်၊ မှတ်ပုံတင်ပြီးသွားရင် လူတစ်ယောက််ထက်ပိုဆော့လို့ရတဲ့ mode ကိုရွေး။ ငါတို့တွေ အသင်းဖွဲ့ပြီးသွားရင် ဂိမ်းထဲကို အတူဝင်လို့ရပြီ
ချိုချဉ်လုံးလေး : ဂိမ်းဆော့သူဆာဗာနဲ့ အိမ်လုပ်ဂိမ်းလား? ထူးခြားတာပဲ?
အာတာပူစီ ပို့ပေးလာသည့် website ထဲသို့် ရှောင်ထန်ချိုး ဝင်သွားလိုက်သည်။ ၎င်းက ကိုယ်ပိုင် website တစ်ခုထဲသို့ ရောက်သွားခဲ့၏။ စာမျက်နှာက ရိုးရိုးရှင်းရှင်းနှင့် ဘာအထူးတလည်လုပ်ထားတာမှ မပါပေ။ ထိုနေရာတွင် ရွေးချယ်စရာတချို့ရှိတာကြောင့် အာတာပူစီပြောသည့် “အသူတရာချောက်နက်” ဂိမ်းကို အလျင်အမြန်ပဲ ရှာတွေ့သွားခဲ့သည်။
ဂိမ်းရဲ့သင်္ကေတက စိတ်ဝင်စားဖို့တော့ ကောင်း၏။ ၎င်းက “8” ပုံစံလိုမျိုး မြွေတစ်ကောင်က သူ့အမြီးသူပြန်ကိုက်နေသည့်ပုံပင်။ horror ရုပ်ရှင်နှင့် horror game များကို ချစ်မြတ်နိုးသူတစ်ယောက်အနေဖြင့် ဒီမြွေကို Ouroboros ဟု ခေါ်မှန်း ရှောင်ထန်ချိုးသိထားသည်။ ထိုမြွေကို ရှေးခေတ်ဂရိဒဏ္ဍာရီထဲတွင်ဖော်ပြထားခဲ့ကာ အစအဆုံးမရှိသည့်ဘဝကို ကိုယ်စားပြုခြင်းကြောင့် အဆုံးမဲ့မြွေဟူ၍ ခေါ်လေသည်။
ဂိမ်းဆော့သူနေရာကို ဒေါင်းလုတ်ဆွဲရန် နှိပ်လိုက်သည်။ ဤလုပ်ငန်းစဉ်မှာ အချိန်တစ်ခုကြာမည်ဟု ထင်ထားခဲ့သော်လည်း 13 မိနစ်သာ ကြာမြင့်ခဲ့လေသည်။
ဂိမ်းမှတ်ပုံတင်ခြင်းကလည်း အတော့်ကိုရိုးရှင်း၏။ ဘာမှမလိုအပ်ပေ။ နာမည်တစ်ခုကို ရိုက်ထည့်ပေးလိုက်ရုံသာ။ ရှောင်ထန်ချိုးက သူ့ရဲ့သုံးနေကျ username “ချိုချဉ်လုံးလေး” ကို ရိုက်ထည့်လိုက်ချိန်တွင် အောင်မြင်စွာမှတ်ပုံတင်ပြီးပြီဖြစ်ကြောင်း system က အကြောင်းကြားလာခဲ့သည်။
၎င်းက မယုံကြည်နိုင်လောက်အောင်ပင်။ အာတာပူစီအား ဤအကြောင်းပြောပြချိန်တွင် အာတာပူစီက ဤဂိမ်းမှာ မပြည့်စုံသည့်ထုတ်ကုန်တစ်ခုဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြောလာခဲ့သည်။
ရှောင်ထန်ချိုးက များများစားစားမတွေးခဲ့ပေ။ weibo ပေါ်တွင် ” live လွှင့်မယ်” ဟု အခါတိုင်းလိုပဲ ပို့စ်တင်လိုက်ပြီးနောက် ကြိုတင်ပြင်ဆင်ရန်အတွက် live stream ကို ဖွင့်လိုက်ကာ ဘီယာသောက်ရင်းနဲ့ ဂိမ်းကိုဖွင့်လိုက်သည်။
အာတာပူစီပြောသလိုပဲ ဒီဂိမ်းရဲ့နိဒါန်းက တကယ့်ကိုစိတ်ဝင်စားဖို့ကောင်း၏။ တစ်ရက်မှာ horror ဂိမ်းကစားတဲ့ host တစ်ယောက်က “အသူတရာချောက်နက်” လို့ခေါ်တဲ့ horror game တစ်ခုကို ဆော့ခဲ့ပေမယ့် ရုတ်တရက်ကြီး ဂိမ်းထဲဆွဲသွင်းခံလိုက်ရကာ horror game ထဲတွင် ပါဝင်သည့်အရာအားလုံးအား တိုက်ရိုက်ကြုံတွေ့ရန် ဖြစ်လာခဲ့ရသည်။ မကြာခင်မှာပဲ ဒီ horror game ဟာ ဂိမ်းတစ်ခုဆိုတာထက်ပိုမှန်း သူရှာတွေ့သွားတော့၏။ သူသာ ဂိမ်းထဲမှာသေသွားပါက လက်တွေ့ကမ္ဘာဆီကို ပြန်နိုင်မှာမဟုတ်တော့ပေ။
” ဝိုး၊ ဒီဂိမ်းရဲ့နောက်ခံက တအားကောင်းလွန်းနေတာမလား ” ရှောင်ထန်ချိုးသည် အာတာပူစီနှင့် live stream ခန်းထဲသို့ တဖွဲဖွဲဝင်ရောက်လာကြသည့် သူ့ဖန်များအား ပြောလိုက်သည်။
” ငါတို့က horror streamer တွေမလား? ဂိမ်းထဲကိုတော့ ဆွဲသွင်းမခံရပါဘူးနော် ”
အာတာပူစီက တခစ်ခစ်ရယ်၏၊ ” ဖြစ်နိုင်တယ် !”
နာမည်ကြီး horror game host တစ်ယောက်အနေဖြင့် ရှောင်ထန်ချိုးတွင် ပရိသတ်များစွာရှိသည်။ ညဉ့်နက်နေပြီဆိုသော်လည်း weibo ပေါ်တွင် live အကြောင်းပို့စ်တင်ပြီး မိနစ်အနည်းငယ်မှာပဲ သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုခန်းက လူအရေအတွက် သုံးသောင်းကိုကျော်လွန်သွားခဲ့ကာ ဆက်ပြီးတိုးလာနေဆဲပင်။
တိုက်ရိုက်ထုတ်လွှင့်မှုက စတောင်မစရသေးပေမယ့် စကားပြောခန်းတွေ လက်ဆောင်တွေက ပလူပျံနှင့်နေလေပြီ။ လက်ဆောင်တွေအကြောင်း သာမန်ကာလျှံကာတွေးရင်းနဲ့ပဲ ဂိမ်းထဲဝင်ရန်အတွက် ဂိမ်းဆော့သူနေရာကို ကလစ်နှိပ်လိုက်သည်။ ခဏအကြာတွင် စခရင်က မဲမှောင်သွားခဲ့ကာ သွေးနီရောင်စာတန်းတစ်တန်းက ပေါ်ထွက်လာခဲ့သည်။
” အသူတရာချောက်နက်မှ ကြိုဆိုပါတယ် ”
သွေးနီရောင်စာတန်းက သူ့အား နေမထိထိုင်မသာဖြစ်စေပေမယ့် ၎င်းကို အလျင်အမြန်ပဲ ကျော်လွှားနိုင်လိုက်၏။ ဘီယာအေးအေးလေးတစ်ငုံသောက်လိုက်ပြီးနောက် ဆက်ရန်ခလုတ်အား နှိပ်လိုက်၏။ နောက်တစ်စက္ကန့်မှာပဲ ရွေးချယ်စရာနှစ်ခုက ပေါ်ပေါက်လာခဲ့သည် : ” သဘောတူသည် ” နဲ့ ” လက်ခံသည် ”
ရှောင်ထန်ချိုး, ” … ” ဒီနှစ်ခုက ဘာများကွာခြားလို့တုန်း ?
” လက်ခံသည် ” ကို တိတ်တဆိတ်နှိပ်လိုက်ပြီးနောက် နဂိုမဲမှောင်နေသည့်မျက်နှာပြင်မှာ သွေးများဖြင့် ပက်ဖြန်းခံလိုက်ရသလိုမျိုး အနီရဲရဲတောက်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။ သို့သော် သူ အများကြီးတည်ငြိမ်နေခဲ့ကာ ဆက်ရန်ခလုတ်အား နှိပ်လိုက်သည်။
နောက်ထပ်သွေးနီရောင်စာတန်းတစ်တန်းက screen ထက်တွင် ပေါ်လာပြန်၏၊ ” ပထမဆုံးဇာတ်လမ်း “တံငါရွာရဲ့ သရဲအိမ်”
တံငါရွာ? အမဲလိုက်တဲ့အိမ်?
ရှောင်ထန်ချိုးတစ်ယောက် ဇာတ်လမ်းနာမည်အား အတွေးနက်နေစဉ်မှာပဲ တစ်ခုခုက မှားနေသလိုမျိုး ရုတ်တရက်ခံစားလိုက်ရလေသည်။ဒါက အရမ်းတိတ်ဆိတ်လွန်းတယ် တအားတိတ်ဆိတ်လွန်းနေတာ။
ဒါပေမယ့် ဘာကပိုပြီးကြောက်ဖို့ကောင်းသလဲဆိုရင်တော့ သူ့အခန်းကပါ တိတ်ဆိတ်လွန်းနေခြင်းပင်။ အဲကွန်းသံမကြားရသလို ဘေးခန်းက အသံကိုလည်းမကြားရ။ ဒါက ထူးဆန်းလွန်းနေသည်။ ဒီအဆောက်အအုံရဲ့ အသံလုံစနစ်က အင်မတန်ညံ့ဖျင်းလွန်းလှသည်။ ညလယ်ခေါင်လောက်ဆိုရင် သူ့အခန်းအပြင်ကနေ သီချင်းဖွင့်တဲ့အသံကို မကြာခဏကြားရတတ်ပြီး သူ့နဖူးပေါ်တွင် တက်ကနေသလိုမျိုး သက်ဝင်မြူးကြွနေတတ်လေသည်။
အခုအချိန်မှာတော့ ကမ္ဘာကြီးတစ်ခုလုံးက နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားသလိုမျိုး သေလောက်အောင်တိတ်ဆိတ်နေလေသည်။
ရှောင်ထန်ချိုးစိတ်ထဲတွင် ကြောက််ရွံ့သလိုခံစားမိလိုက်၏။ဘာတွေဖြစ်နေလဲဆိုတာကို မတ်တပ်ရပ်ပြီး ကြည့်ချင်ခဲ့ပေမယ့် ဒီအခိုက်အတန့်မှာပဲ သူ့တစ်ကိုယ်လုံးက ရုတ်ချည်းဆိုသလို ခြေကုန်လက်ပန်းကျသွားခဲ့လေသည်။
ချက်ချင်းလက်ငင်း အိပ်ငိုက်လာခဲ့ကာ သူ့မျက်ခွံတို့မှာလည်း အလေးချိန်စီးနေသလိုမျိုး မှိတ်ကျလာခဲ့သည်။
သုံးစက္ကန့်မတိုင်ခင်မှာပဲ သူ အိပ်မောကျသွားခဲ့တော့သည်။
……..
” D-level မစ်ရှင်ဖြစ်တဲ့ [တံငါရွာရဲ့ သရဲအိမ်] ကို လက်ခံရရှိခဲ့ကြတဲ့အတွက် ဂုဏ်ပြုပါတယ် ကစားသမားတို့။ သင့်တို့ရဲ့ မစ်ရှင်ပန်းတိုင်ကတော့ [တံငါရွာရဲ့ကျိန်စာကို ဖယ်ရှားဖို့] ပဲ ဖြစ်ပါတယ်။ အချိန်ကန့်သတ်ချက်ကတော့ သုံးရက်ပါ။ မစ်ရှင်အောင်မြင်ပြီးသွားရင် ပွိုင့် 500 ရရှိမှာဖြစ်ပါတယ်။ မစ်ရှင်ကျရှုံးသွားရင်တော့ သင်တို့တွေ ချက်ချင်းဖျက်စီးခံရမှာပါ ”
” နောက်ဆုံးအနေနဲ့ကတော့ အသူတရာချောက်နက်မှနေ ကြိုဆိုလိုက်ပါတယ်… ”
” ဟေး ! ”
” ဟေး! ထတော့! ”
လူတစ်ယောက်က ကြမ်းကြမ်းတမ်းတမ်းလှုပ်နှိုးနေတာကြောင့် ရှောင်ထန်ချိုးတစ်ယောက် သူ့မျက်လုံးတွေဖွင့်ဖို့အတွက် ရုန်းကန်လိုက်ရသည်။ သူ့ရှေ့မှလူကို ရှင်းရှင်းလင်းလင််းမြင်ရချိန်မှာတော့ ကြောက်လန့်တကြား ကိုယ်ကိုကျုံ့လိုက်မိလေသည်။
ထိုသူက ကြမ်းတမ်းသည့်အသွင်အပြင်၊ ရက်စက်သည့်မျက်နှာအမူအရာတို့ဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်သည့် လူမည်းတစ်ယောက်ဖြစ််လေသည်။ စွပ်ကျယ်အဖြူတစ်ထည်ကို ဝတ်ဆင်ထားကာ ကြွက်သားတို့က အပြင်ဖက်သို့ဖောင်းကားထွက်နေသည်။ တုတ်ခိုင်သည့်လက်မောင်းတွေမှာလည်း တက်တူးတွေအပြည့်ထိုးထားကာ ရွှေဆွဲကြိုးအကြီးကြီးတစ်ကုံးကိုလည်း ဆွဲထားသေး၏။
ရှောင်ထန်ချိုး ထိတ်လန့်မှုဖြင့် နောက်ဆုတ်လိုက်မိကာ ဘယ်ညာယိမ်းနေသည့် ဘတ်စ်ကားတစ်စီးပေါ်တွင်ရောက်နေကြောင်း သတိထားမိသွားခဲ့သည်။
သူက အိမ်မှာ live stream လုပ်နေတာမဟုတ်ဘူးလား ? ဘယ်လိုလုပ်ပြီး ဘတ်စ်ကားတစ်စီးပေါ်ကို ရောက်နေရတာလဲ ?!
ရှောင်ထန်ချိုး မတုံ့ပြန်နိုင်ခင်မှာပဲ သူ့ဘေးမှအော်သံတစ်ခုက သူ အတွေးနက်နေတာကနေ ဆွဲခေါ်လာခဲ့လေသည်၊ ” မင်းတို့က ဘယ်သူတွေလဲ? ငါ့ကို ပြန်ပေးဆွဲလာကြတာလား? လွှတ်ပေး! ငါ ရဲခေါ်လိုက်မှာနော်! ”
ရွှေဆွဲကြိုးကြီးက ရှောင်ထန်ချိုးကို လွှတ်ပေးလိုက်ကာ သူ့ခေါင်းကိုလှည့်ရင်း စူးစူးဝါးဝါးအော်နေသည့်လူထံသို့လျှောက်သွားပြီး မှုန်တေတေဖြင့်ပြောလိုက်၏၊ ” မသေချင်ရင် ပါးစပ်ကိုပိတ်ထားလိုက်! ”
ရှောင်ထန်ချိုးသည်် ဘတ်စ်ကားတစ်ခုလုံးအား အလျင်အမြန်ဝေ့ဝဲကြည့်လိုက်သည်။ ဘတ်စ်ကားက နေရာတော်တော်များများ လစ်လပ်နေခဲ့သည်။ ထိုင်ခုံတွေ ဒါဇင်ပေါင်းများစွာရှိပေမယ့် လူ 13 ယောက်သာ ထိုင်နေကြသည်။ သူနဲ့ ရွှေဆွဲကြိုးကြီးကို ဖယ်လိုက်လျှင် ထိုနေရာတွင် လူ 11 ယောက် ရှိနေ၏။
လူအနည်းငယ်သာရှိတာကြောင့် အားလုံးက ဟိုတစ်စ ဒီတစ်စထိုင်နေခဲ့ကြသည်။ ရှေ့ဆုံးခုံတန်းမှာထိုင်နေတဲ့ လူသုံးယောက်ရဲ့မျက်နှာကိုတော့ မမြင်ရပေ။ စုံတွဲဖြစ်ဟန်ရှိသည့်နှစ်ယောက်က တတိယအတန်းတွင် ထိုင်နေပြီး ငါးတန်းမြောက်မှာတော့ ကောင်မလေးနှစ်ယောက် ထိုင်နေ၏။ ဆူညံသည့် လူငယ်က အလယ်ခုံတန်းတွင် ထိုင်နေခဲ့သည်။ သူ့ရှေ့က နှစ်တန်းမှာတော့ ယောက်ျားသုံးယောက်ထိုင်နေကာ နောက်ဆုံးခုံတန်းတွင်တော့ သူတစ်ယောက်တည်းပင်။
” ငါက ဘာလို့ပိတ်ရမှာလဲ! မင်း ဘယ်သူလဲ? ငါ့ကို အခုချက်ချင်းလွှတ်ပေး! မင်းကိုကြောက်လိမ့်မယ်တော့ မထင်လိုက်နဲ့! အခုချက်ချင်း ရဲခေါ်လိုက်မှာကွ! ”
ရွှေဆွဲကြိုးကြီးက အော်ဟစ်နေသေးဆဲဖြစ်သည့် လူငယ်လေးအား ကော်လာမှနေ ဆတ်ခနဲဆွဲလိုက်ကာ ဒေါသတကြီးသတိပေးလိုက်သည်၊ ” မင်း ဆက်ပြီးအော်နေမယ်ဆိုရင် ဘတ်စ်ကားပြတင်းပေါက်ကနေ ပစ်ချလိုက်မယ်! ”
လူငယ်လေးမှာ လည်လိမ်ခံလိုက်ရသည့် ကြက်ကလေးလိုမျိုး တိခနဲတိတ်ကျသွားခဲ့သည်။ တခြားသူတွေလည်း ရွှေဆွဲကြိုးကြီးရဲ့ ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် ကြောက်ရွံ့နေခဲ့ကာ သူတို့ခုံထဲတွင် တုန်တုန်ယင်ယင်ဖြင့် ကျုံ့ဝင်နေကြလေသည်။
ရွှေဆွဲကြိုးကြီးက လက်ကိုပိုက်လိုက်၏။ ဘတ်စ်ကားအတွင််းပိုင်းကို လှည့်ပတ်ကြည့်လိုက်ကာ လှောင်ပြောင်ပြောဆိုလာခဲ့သည်။
” မင်းတို့အားလုံး ခေါင်းထဲက အဲ့အသံကိုကြားခဲ့ကြတယ်လို့ ငါယုံကြည်တယ်။ မင်းတို့ ယုံယုံ,မယုံယုံ အကျဉ်းချုပ်ပြီးပြောပြရရင် မင်းတို့က horror game ထဲကို ရောက်နေကြပြီ။ ဂိမ်းထဲမှာ မစ်ရှင်တွေမအောင်ဘူးဆိုရင် အားလုံးသေသွားလိမ့်မယ်! ”
သူ့ နှုတ်ခမ်းများကို တွန့်ချိုးလိုက်ရင်း ရွှေသွားအကြီးကြီးနှစ်ချောင်းအား လှစ်ဟပြလာခဲ့သည်။ သို့သော် အပြုံးကြီးကြီးဖြင့် ပြောလာခဲ့၏။
” အသူတရာချောက်နက်ကနေ ကြိုဆိုလိုက်ပါတယ် လူသစ်တို့!”