Chapter 4
ဘတ်စ်ကားပေါ်တွင် မိနစ်အနည်းငယ်မျှ သေလောက်အောင်တိတ်ဆိတ်သွားခဲ့ပြီး ရွှေဆွဲကြိုးကြီးရဲ့စကားများအား စတင်မေးခွန်းထုတ်လာကြတော့သည်။ ဆံပင်အဝါရောင်ဆိုးထားသည့် လူတစ်ယောက်က ထရပ်လာခဲ့၏။
” မင်းကို ဘာလို့ယုံရမှာလဲ? ဘာကို horror game လဲ? မင်းက လာနောက်နေတာပဲ! မင်းရဲ့လျှို့ဝှက်အကြံအစည်က ဘာလဲကွ? ”
ဒီလူက ဆံပင်ကို အဝါရောင်ဆိုးထားကာ ရန်လိုသည့်မျက်နှာမျိုးရှိ၏။ သူ့ပုံစံမှာ ပုန်ကန်တတ်သည့်လူငယ် ဒါမှမဟုတ် လမ်းသရဲတစ်ယောက်လိုမျိုး ဟန်ပန်မျိုးပင်။
” ဟုတ်တယ်! ငါတို့က မင်းကို ဘာလို့ယုံရမှာလဲ?”
Suit ဝတ်ထားသည့် လူတစ်ယောက်ကလည်း မတ်တပ်ထရပ်လာခဲ့သည်။ သူက ဘတ်စ်ကားပေါ်ရှိ လူတိုင်းအားကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် အသေးစိတ်ကို ခွဲခြမ်းစိတ်ဖြာပြရန် ကြိုးပမ်းလာခဲ့သည်။
” ဘတ်စ်ကားပေါ်မှာရှိတဲ့ တခြားလူတိုင်းက မင်းဖက်ကဖြစ်နေပြီး ငါတို့ကို လှည့်စားဖို့ကြံနေတာဖြစ်နိုင်တာပဲ… ”
” မင်းကို လှည့်စားတယ်? မင်းကိုလှည့်စားလို့ ဘာအကျိုးကျေးဇူးရှိလဲ? ” ရွှေဆွဲကြိုးကြီးသည် စက်ဆုပ်ရွံရှာမှုဖြင့် နှာခေါင်းရှုံ့လိုက်ရင်း ” မင်းက ချမ်းသာလို့လား ဆက်ဆီကျလို့လား ? ”
” ငါတို့ကိုလွှတ်ပေး! မင်းက လူလိမ်ပဲဖြစ်ရမယ်! လူလိမ်အဖွဲ့! ” စုံတွဲထဲမှ ကောင်မလေးဖြစ်သူလည်း မတ်တပ်ထရပ်လာခဲ့သည်။ သူမပုံစံမှာ နည်းနည်းကြောက်နေဟန်ရှိသော်လည်း ရွှေဆွဲကြိုးကြီးရဲ့နှာခေါင်းကို လက်ညှိုးထိုးရင်း ကျိန်ဆဲနေဆဲပင်။
” ရှင်တို့က လူမှောင်ခိုကူးသမားတွေပဲဖြစ်ရမယ်! လူမှောင်ခိုကူးသမားတွေအားလုံး ငရဲသွားသင့်တယ်! ကျွန်မတို့ကို တောင်တန်းတွေမှာရောင်းဖို့ ကြံနေကြတာမလား? ”
ကောင်မလေးနှစ်ယောက်ကတော့ သိသိသာသာကို ကြောက်ရွံ့နေလေကာ တစ်ယောက်ကိုတစ်ယောက်ဖက်ရင်း တိတ်တဆိတ်စတင်ငိုကြွေးကြတော့သည်။
ရှောင်ထန်ချိုးသည် ဘတ်စ်ကားထဲအားကြည့်လိုက်ပြီး သိပ်မကြာခင်မှာပဲ တစ်ခုခုမှားနေကြောင်း ရှာတွေ့သွားခဲ့၏။ တခြားသူတွေက ဘယ်လောက်ပဲဆူညံနေပါစေ အစပိုင်းတွင် သောင်းကျန်းနေခဲ့သည့်လူငယ်ဖြစ်သူမှာ ပုံမှန်မဟုတ်လောက်အောင်ကို တိတ်ဆိတ်နေခဲ့သည်။ အထူးဆန်းဆုံးအရာကတော့ ရှေ့ဆုံးခုံတန်းမှာ ထိုင်နေသည့်လူသုံးယောက်က တိတ်ဆိတ်နေကာ ဘာဆူညံသံမှမလုပ်ပေ။
သာမန်လူတွေက ဒီလိုအရာမျိုးကို မမျှော်လင့်ပဲကြုံတွေ့ရတဲ့အခါမှာ တအားကြီးမတည်ငြိမ်သင့်ပေ…
သူ ဒီအကြောင်းတွေးနေတုန်းမှာပဲ ရွှေဆွဲကြိုးကြီးက မီးဝင်းဝင်းတောက်နေသည့်မျက်လုံးများဖြင့် သူ့အား ထပ်ကြည့်လာခဲ့၏၊ ” ဟေး၊ မင်းက ဘာလို့ ဒီလောက်ထိတည်ငြိမ်နေတာလဲ? ”
ရှောင်ထန်ချိုး တန့်သွားပြီးနောက်တွင် ခြောက်ကပ်ကပ်အပြုံးတစ်ခုဖြင့် “ငါက… horror ရုပ်ရှင်တွေ၊ horror game တွေကို ခဏခဏကြည့်တတ် ဆော့တတ်တယ် ”
သူစကားပြောပြီးပြီးချင်းမှာပဲ မူမမှန်အောင်တိတ်ဆိတ်နေသည့် လူငယ်မှာ ထိုင်နေရာကနေ ရုတ်တရက်ခုန်ထလာခဲ့ပြီး သူ့အား စိတ်လှုပ်ရှားမှုဖြင့်ကြည့်လာခဲ့သည်။
သူ့မျက်နှာက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသော်လည်း ရှင်းလင်းသည့်မျက်ခုံး၊ ဖြူဖျော့သည့်အသားအရေနှင့် အတော့်ကိုကြည့်ကောင်းပေသည်။ အသက်နှစ်ဆယ်ကျော်လောက် ဖြစ်ဟန်ပေါ်ကာ ယနေ့ခေတ်ကောင်မလေးတွေကြားမှာ လူကြိုက်များသည့်ပုံစံမျိုးပင်… သို့သော် ဒီတစ်ယောက်ကိုကြည့်ရတာ တစ်နေရာမှာမြင်ဖူးသလိုမျိုး ရင်းနှီးနေမှန်း ရှောင်ထန်ချိုး ရုတ်တရက်နားလည်သွားခဲ့၏။
ရှောင်ထန်ချိုးတွင် ကောင်းမွန်သည့်မှတ်ဉာဏ်ရှိတာကြောင့် အလျင်အမြန်ပဲ မှတ်မိသွားခဲ့လေသည်။ ဒီလူက ပြည်တွင်းတွင်ရိုက်ကူးသည့် horror ရုပ်ရှင်အမျိုးမျိုး၌ ဖြတ်လျှောက်နေရာမှ ပါဝင်သရုပ်ဆောင်ရသည့် 18 လိုင်း ကြယ်ပွင့်သရုပ်ဆောင်တစ်ယောက်ပင်။ အခြေခံအားဖြင့်ဆို သရဲကြောင့်မသေမီ သုံးမိနစ်ခန့်သာ အသက်ရှင်သည့် အမြှောက်စာဇာတ်ကောင် type မျိုး ဖြစ်လေသည်။
အကြောင်းအရင်းကို မသိရပေမယ့် ဒီကြယ်ပွင့်လေးက သူချစ်တဲ့သူတစ်ယောက်ကို မြင်လိုက်ရသလိုမျိုး စိတ်လှုပ်ရှားဟန်ပေါ်နေလေသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပဲ ” အား! ” ခနဲ အော်သံတစ်ခု ပေါ်ထွက်လာခဲ့၏။
လူတိုင်းက အော်သံထွက်ပေါ်ရာဆီသို့ အလိုအလျောက်ကြည့်လိုက်မိကြသည်။ အော်ဟစ်လိုက်သူမှာ စုံတွဲထဲမှ ကောင်မလေးဖြစ်ပြီး ကောင်လေးက ဒယီးဒယိုင်ဖြင့် ခြေလှမ်းအနည်းငယ်မျှ နောက်ပြန်ဆုတ်ကာ မြေပြင်ပေါ် ဖင်ထိုင်ကျသွားခဲ့သည်။
” အား! မောင်းတဲ့သူဘယ်မှာလဲ? မောင်းတဲ့သူရော! ” ကောင်မလေးက ကယောင်ချောက်ချားဖြင့် အော်ဟစ်လာခဲ့သည်။
အားလုံးက ဒရိုင်ဘာနေရာသို့ ချက်ချင်းကြည့်လိုက်ရာ ထိုင်ခုံတွင် ဘယ်သူမှရှိမနေသည်ကို မြင်လိုက်ရလေသည်။ ခရီးသည်တင်တဲ့ဘတ််စ်ကားပေါ်မှာ ဒရိုင်ဘာရှိမနေဘူး !
လူငယ်စုံတွဲမှာ ဘတ်စ်ကားကိုတန့်ပြီး သူတို့အားချပေးဖို့ ပြောချင်ခဲ့တာဖြစ်လောက်သည်၊ သို့သော် ဒရိုင်ဘာခုံဆီ ချဉ်းကပ်သွားချိန်မှာတော့ ဘယ်သူမှရှိမနေခြင်းအား သိလိုက်တော့သည် !
ကောင်မလေးက အလွန်ထိတ်လန့်သွားတာကြောင့် ငိုကြွေးရင်း ခြေထောက်တွေပျော့ခွေကုန်ကာ ကြမ်းပြင်ပေါ်မှာ ထိုင်နေလေသည်။ လူတိုင်းမှာ ဖြူလျော့နေလျက်။ အစတုန်းက သူတို့မှာ သံသယတွေရှိနေရင် အခုတော့ သူတို့ရဲ့သံသယတွေကို ရပ်တန့်လိုက်ရတော့မည်။ သူတို့က ခရီးသည်တင်ဘတ်စ်ကားတစ်စီးပေါ်တွင် မမျှော်လင့်ပဲ ပေါ်လာခဲ့ကြသည်၊ အကြောင်းအရင်းမရှိပဲ သူတို့ခေါင်းထဲမှာ ပေါ်လာသည့် အသံ၊ ဒရိုင်ဘာမပါတဲ့ ဘတ်စ်ကား… ဒီထူးဆန်းတဲ့အဖြစ်အပျက်တွေအားလုံးက ရွှေဆွဲကြိုးကြီးရဲ့စကားများကို ယုံကြည်ရန် တွန်းအားပေးနေလေသည်။
ရွှေဆွဲကြိုးကြီးက နှာမှုတ်သံပြုလိုက်သည်။ ထိုင်ခုံပေါ်မှာ ထိုင်ချလိုက်ရင်း ပြောလာခဲ့၏၊ ” တွေ့လား၊ ငါ မင်းတို့ကိုမလိမ်ဘူးနော်? ငတုံးတွေ၊ ကံကောင်းလို့ ဒါက အနိမ့်ဆုံးနဲ့ အရိုးရှင်းဆုံး D-level မစ်ရှင်ဖြစ်ပြီး ကြားခံအချိန်နည်းနည်းရလို့ပေါ့။ မင်းတို့တွေ ငါနဲ့တွေ့တာကိုကျေးဇူးတင်၊ ငါက အရမ်းကိုမှကြင်နာတတ်ပြီး မင်းတို့နဲ့အတူ သတင်းအချက်အလက်တွေ ဝေမျှပေးဖို့ဆန္ဒရှိတဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်နေတာလေ ! တခြားကစားသမားဟောင်းတစ်ယောက်သာဆို ဂိမ်းတောင်မစလိုက်ရပဲ သေမှန်းမသိ သေသွားလိမ့်မယ် ” သူက ဒီစကားကိုပြောနေပေမယ့် သူ့မျက်လုံးတွေကတော့ ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ လူသုံးယောက်အား စိုက်ကြည့်နေခဲ့သည်။
အားလုံးက ကြောက်လန့်တကြားဖြူဖျော့သွားကုန်ကာ သူ့စကားတွေကို တစ်ယောက်မှ မချေပရဲကြပေ။
” စိတ်မပူနဲ့၊ ဒါက အလွယ်ဆုံး D-level မစ်ရှင်ပဲ။ လူသစ်တွေရဲ့အသက်ရှင်နှုန်း အရမ်းမြင့်ပါတယ်၊ 50% လောက် ရှိတယ်၊ အဲ့အဓိပ္ပါယ်က ဒီဘတ်စ်ကားပေါ်မှာရှိတဲ့ လူသစ်တွေရဲ့တစ်ဝက်က အသက်ရှင်လိမ့်မယ်” ရွှေဆွဲကြိုးကြီးက သူ့ခြေထောက်ကိုလှုပ်ရင်း ရှင်းပြနေခဲ့သည်။
အားလုံးကတော့ ပိုလို့တောင်ဖြူဖျော့ကုန်ကြ၏။ 50% အသက်ရှင်တာကို… မြင့်တယ်လို့ သတ်မှတ်တာလား?
တစ်စုံတစ်ယောက်က ကန့်ကွက်ခါနီးမှာပဲ ဘတ်စ်ကားက ဖြည်းဖြည်းချင်းတန့်သွားကာ ဘယ်သူ့ထိန်းချုပ်မှုမှမရှိပဲ တံခါးပွင့်သွားလေသည်။
” လမ်းဆုံးကို ရောက်ပြီနဲ့တူတယ် ” ရွှေဆွဲကြိုးကြီးက သူ့ရဲ့မထီမဲ့မြင်အမူအရာကို ဖယ်ပစ်လိုက်ပြီး အလေးအနက်ပြောလာခဲ့သည်။
” ကားပေါ်ကဆင်းတော့ ”
သူက ပြောပြီးတာနဲ့ ဘတ်စ်ကားပေါ်ကနေ အရင်ဆင်းသွားတော့သည်။
တခြားသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ဘတ်စ်ကားပေါ်ကဆင်းလိုက်ရင် ဘာဖြစ်မယ်ဆိုတာကို ဘယ်သူမှ အာမမခံရဲတာကြောင့် တစ်ယောက်မှ ကားပေါ်ကမဆင်းရဲပေ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် ရှေ့ဆုံးတန်းမှ လူသုံးယောက်မှာ မတ်တပ်ထရပ်ပြီး ကားပေါ်မှဆင်းသွားခဲ့သည်။
ရှောင်ထန်ချိုးသည် ခဏမျှတုံ့ဆိုင်းနေခဲ့ပြီး မတ်တပ်ထရပ်လိုက်၏။ ဤဘတ်စ်ကားပေါ်တွင် အပြင်ထွက်ရန်တံခါးပေါက်က ဒရိုင်ဘာခုံဘေးမှ တစ်ခုသာရှိလေသည်။ သူ တံခါးဆီလျှောက်သွားလိုက်ချိန်မှာပဲ သူ့လက်မောင်းအား လက်တစ်ဖက်ကနေ ဆတ်ခနဲလာဆွဲလေ၏။ သူ ထိတ်လန့်သွားခဲ့ရသည်။
ရှောင်ထန်ချိုး လှည့်ကြည့်လိုက်ရာ ၎င်းက ကြယ်ပွင့်သရုပ်ဆောင်လေးပင်။ ကြယ်ပွင့်လေးက ဖြူဖျော့နေသော်လည်း ရှောင်ထန်ချိုးကို ကားပေါ်က မဆင်းစေချင်သလိုမျိုး အားဖြင့် ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ထားလေသည်။
” ကားပေါ်က ဆင်းလေ ” ရှောင်ထန်ချိုး ညင်သာစွာပြောလိုက်သည်။ ” ကားပေါ်က ဆင်းလိုက်ရင် ဘာဖြစ်သွားမယ်မှန်းတော့ ငါမသိပေမယ့် ဒီကားပေါ်မှာဆက်နေရင်… ဘာဖြစ်လာမယ်မှန်းကို ဘယ်သူသိမှာလဲ ? ”
ကြယ်ပွင့်လေးခမျာ သူ့ဖင်ကို မီးလောင်သလိုမျိုး ထိုင်ခုံကနေ ခုန်ထလာခဲ့သည်။ ရှောင်ထန်ချိုးရဲ့ လက်မောင်းကိုဆုပ်ကိုင်ထားပြီး ရှောင်ထန်ချိုးနဲ့အတူတူ ဘတ်စ်ကားပေါ်မှ ဆင်းချင်နေပုံရ၏။ ရှောင်ထန်ချိုးအနေနဲ့ ဂရုမစိုက်တာကြောင့် ကြယ်ပွင့်လေးနဲ့အတူတူ ကားပေါ်မှဆင်းသွားလိုက်သည်။ တခြားသူတွေလည်း ရှောင်ထန်ချိုးရဲ့စကားကို ကြားကာ ကြောက်လန့်သွားကြပြီး အလျင်အမြန်ဆင်းလာကြလေသည်။
ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက်တွင် ရှောင်ထန်ချိုးတစ်ယောက် အစကတော့ သူ့လက်မောင်းပေါ်က ကြယ်ပွင့်လေးရဲ့လက်ကို ခါထုတ်ချင်ခဲ့သည်။ ဒါပေမယ့် ရုတ်တရက်ဆိုသလိုပဲ ကြယ်ပွင့်လေးရဲ့ တိတ်တိတ်လေးခေါ်သံကို ကြားလိုက်ရလေသည်။
” ချိုချဉ်လုံးလေး !”
ရှောင်ထန်ချိုး မျက်လုံးတွေပြူးကျယ်သွားခဲ့သည်။ သူ့ကို ထိုကဲ့သို့ခေါ်သည့် တစ်ယောက်တည်းသောသူမှာ… ဒီကြယ်ပွင့်လေးက တကယ်ကြီး သူ့အဖွဲ့သား အာတာပူစီဖြစ်နေခဲ့တာလား ?! သူ့ရဲ့ ရဲဘော်ရဲဘက်က ကြယ်ပွင့်တစ်ယောက်ပေါ့လေ ? သူက ကြယ်ပွင့်တစ်ယောက်နဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်လာခဲ့တယ် ?
ဒီအချိန်မှာပဲ ရွှေဆွဲကြိုးကြီးက ရုတ်တရက်စကားပြောလာခဲ့သည်။
” ဟိုကိုကြည့်လိုက် ”
အားလုံးက မော့ကြည့်လိုက်ရာ သိပ်မဝေးသည့်နေရာတွင် မြစ်တစ်စင်းရှိကြောင်း မြင်လိုက်ကြရပေသည်။ ရေက မငြိမ်မသက်ဖြစ်ကာ မည်းနက်နေပြီး အနည်းငယ်အလှမ်းဝေးသည့်နေရာတွင် ကျွန်းငယ်လေးတစ်ကျွန်းကို မြင်သည်ဆိုရုံမျှ မြင်နိုင်လေသည်။ ကြည့်ရသည်မှာ တံငါရွာလေးတစ်ရွာဖြစ်ဟန်။
” ကျစ်၊ တကယ်ကြီး တံငါရွာပဲ ” ရွှေဆွဲကြီးက သူ့ခေါင်းပြောင်ပြောင်အား ကုတ်လိုက်သည်။ ” ရေတွေနဲ့ဝန်းရံထားတာဆိုရင် လွတ်ဖို့ နည်းနည်းခက်လိမ့်မယ် ”
ရွှေဆွဲကြိုကြီးပြောတဲ့အဓိပ္ပါယ်ကို ဘယ်သူမှ နားမလည်ကြပေ။ တစ်ယောက်က ရွှေဆွဲကြိုးကြီးအား တုန်တုန်ယင်ယင်ဖြင့် မေးလာခဲ့သည်၊ ” တို့တွေရဲ့ပန်းတိုင်က တံငါရွာမလား? ဒါဆို အဲ့ကို ဘယ်လိုသွားကြမတုန်း? လက်ပစ်ကူးသွားရမှာလား? ”
” အဲ့ကိုသွားဖို့ နည်းလမ်းတစ်ခုခုတော့ရှိမှာပဲ ”
ရွှေဆွဲကြိုးကြီး ပြောပြီးချိန်မှာပဲ ငါးဖမ်းလှေလေးတစ်စင်းက သူတို့မျက်စိရှေ့တွင် ပေါ်လာခဲ့လေသည်။ ၎င်းက ရုတ်တရက်ကြီးပေါ်ထွက်လာခဲ့ကာ အလွန်ကို ထူးဆန်းနေသည်။ သေးငယ်ပြီး ညစ်ပတ်ရုံတင်မကပဲ အချိန်မရွေးလည်း ကျိုးပဲ့ပျက်စီးသွားတော့မလိုပင်။
မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ ငါးဖမ်းလှေလေးက ကမ်းကပ်လာခဲ့ကာ လှေပေါ်တွင် အတော်အသက်ကြီးနေပြီဖြစ်သည့် အဖိုးအိုတစ်ယောက်ပါလာခဲ့သည်။ သူက သေခါနီးဆဲဆဲအခြေအနေတွင်ရောက်နေသည့် လူတစ်ယောက်ကဲ့သို့ပင်။ သူ့အသံက ခြောက်ကပ်ပြီး ကြမ်းရှနေကာ နားထောင်ရန်ခက်ခဲလှသည်၊ “…မင်းတို့က… ဘွဲ့စာတမ်းပြုစုဖို့အတွက် ဒီကိုရောက်လာတဲ့ တက္ကသိုလ်ကျောင်းသားတွေလား…? ”
ဘွဲ့စာတမ်းပြုစုဖို့အတွက် ရောက်လာတဲ့ တက္ကသိုလ်ကျောင်းသားတွေ ?
ရှောင်ထန်ချိုးရဲ့ နှုတ်ခမ်းထောင့်မှာ တွန့်ခနဲဖြစ်သွားရသည်။ လူ 13 ယောက်ထဲတွင် အနည်းစုကသာ တက္ကသိုလ်ကျောင်းသားတွေနဲ့ တူသည်။ တခြားသူတွေကတော့ လုံးဝကိုမဖြစ်နိုင်ပေ၊ အထူးသဖြင့် ရွှေဆွဲကြိုးကြီးနဲ့ လူပေါ့။
ရွှေဆွဲကြိုးကြီးက အမူအရာတစ်ချက်မပျက်ပဲ ခေါင်းညိတ်ပြလိုက်သည်။
” အမှန်ပဲ ! ကျွန်တော်တို့အားလုံးက တက္ကသိုလ်ကျောင်းသားတွေ ! ”
သူက လှည့်ပြီး ရှင်းပြလာခဲ့သည်။ ” ဂိမ်းက ငါတို့ကို သင့်တော်တဲ့အထောက်အထားတွေ ပေးလိမ့်မယ်။ ဒီတစ်ခေါက်တော့ ဘွဲ့စာတမ်းပြုစုဖို့ ဒီတံငါရွာကိုရောက်လာတဲ့ တက္ကသိုလ်ကျောင်းသားတွေအဖြစ် သတ်မှတ်ပေးထားပုံပဲ”
အဖိုးအိုက သူ့ရှေ့မှလူတွေကို အသေချာကြည့်ချင်သလိုမျိုး ဖြည်းဖြည်းချင်းခေါင်းမော့လာခဲ့သည်။ သူ မော့ကြည့်လိုက်ချိန်မှာပဲ လူအများစုက မနေနိုင်ပဲ အော်မိကြတော့၏။ အဖိုးအိုရဲ့ မျက်လုံးနှစ်လုံးရှိရမည့်နေရာမှာ အမည်းရောင်အခေါင်းပေါက်နှစ်ခုက ရှိနေခဲ့သည်လေ !
အဖိုးအိုက အော်သံတွေကို ကြားဟန်မတူသလို သူ့မှာမျက်လုံးတွေ မရှိသည့် အချက်ကိုလည်း သိဟန်မတူပေ။ အားလုံးကိုကြည့်လိုက်ပြီးနောက် အက်ရှရှဖြင့် ပြောလာခဲ့သည်၊ ” တက်ကြ… ”
” ဟင့်အင်း! ငါအိမ်ပြန်ချင်တယ်! ဒါကို ထပ်ပြီးသည်းမခံနိုင်တော့ဘူး! ပြန်ချင်တယ်! ”
စုံတွဲထဲမှ ကောင်မလေးဖြစ်သူမှာ နောက်သို့ပြန်လှည့်ပြေးချင်ခဲ့သည်။ သူမက ဘတ်စ်ကားဆီပြန်သွားဖို့ ကြိုးစားချင်ခဲ့ပေမယ့် သူမ လှည့်လိုက်ချိန်မှာပဲ သူမရဲ့အော်ဟစ်သံတွေဟာ တိတ်ကျသွားခဲ့ရ၏။ ကြောက်စရာကောင်းတာတစ်ခုခုကို မြင်လိုက်ရသလိုပင်။
ရှောင်ထန်ချိုး သံသယဖြင့် လှည့်ကြည့်လိုက်ရာ အေးစက်သွားခဲ့လေသည်။ ဘယ်အချိန်ကတည်းက ဘတ်စ်ကား ပျောက်သွားခဲ့တာလဲဆိုတာကို သူ မသိတော့။ ယခင် ဘတ်စ်ကားရှိခဲ့သည့်နေရာက အခုတော့ အသူတရာချောက်နက်တစ်ခု ဖြစ်လို့နေသည်။ ချောက်နက်က ပိုပြီးကျယ်လာနေဆဲဖြစ်ကာ မကြာမီ သူတို့ခြေထောက်နားသို့ ရောက်တော့မည်။