Chapter 5
ရွှေဆွဲကြိုးကြီးက အလျင်အမြန် အော်ဟစ်လာခဲ့သည်။
“လှေပေါ်ကို မြန်မြန်တက်ကြ!”
ဒီအခိုက်အတန့်တွင် ဘယ်သူကမှ ခြားနားတဲ့ထင်မြင်ချက်ကို မပြောရဲကြပေ။ အဆုံးတွင် သူတို့ပြောနိုင်သည်ကတော့ သူတို့သာ အဲ့နေရာမှာဆက်နေခဲ့ပါက နောက်တစ်စက္ကန့်မှာပဲ အသူတရာချောက်နက်ကြီးရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပေတော့မည်။
လူတိုင်းက လှေပေါ်သို့အမြန်တက်ရန် လှည့်လိုက်ကြသည်။ သို့သော် ထင်ရှားသည့်ပြဿနာတစ်ခုနှင့် ကြုံတွေ့ကြရတော့၏။ ငါးဖမ်းလှေက အိုဟောင်းပြီး မခိုင်ခံ့ပေ။ ကြည့်လိုက်ရုံနှင့် လူနှစ်ယောက် သုံးယောက်သာ အများဆုံးဆံ့နိုင်ပေသည်။ ဒါပေမယ့် သူတို့မှာ ရှိတာက လူ 13 ယောက် ဖြစ်နေသည်။ ဒီတော့ သူတို့အကုန်လုံးသာ အစုလိုက်အပြုံလိုက် တက်လိုက်ပါက လှေက နစ်မသွားလေဘူးလား။
ဒီအချိန်မှာပဲ အတိတ်ဆိတ်ဆုံးသုံးယောက်ထဲမှ အမျိုးသမီးက စကားပြောလာခဲ့သည်၊ ” ဖြေရှင်းလို့မရတဲ့အခြေအနေကို ဂိမ်းက ဖန်တီးမှာမဟုတ်ဘူး၊ အထူးသဖြင့် ဂိမ်းအစမှာပေါ့။ လှေပေါ်ကိုတက်ကြ ! ”
သူမပြောတဲ့စကားအတိုင်း လှေပေါ်ကို ဦးဆောင်ပြီးတက်သွားသည်။ သူမရဲ့အဖော်နှစ်ယောက်ဟာ တုံ့ဆိုင်းခြင်းမရှိပဲ သူမနောက်မှ လိုက်သွားကြ၏။
လူတိုင်းက အလျင်အမြန် လိုက်သွားကြကာ နောက်ဆုံးတွင် ရှောင်ထန်ချိုးလည်း ကြယ်ပွင့်လေးရဲ့လက်ကိုဆွဲပြီး လှေပေါ်တက်လိုက်သည်။
လေးလံသည့်ဝန်အားကြောင့် ငါးဖမ်းလှေလေးက အပြင်းအထန်လွှဲယမ်းနေလေကာ အားလုံးရဲ့မျက်နှာမှာ ဖြူဖျော့ကုန်ကြသည်။ နောက်စက္ကန့်မှာပဲ လှေမှောက်သွားမည်ကို သူတို့အားလုံး ကြောက်နေခဲ့ကြသည်။ ဒါပေမယ့် ကံကောင်းချင်တော့ ငါးဖမ်းလှေလေးက အကြိမ်ရေအနည်းငယ်လောက် ယိမ်းထိုးနေပြီးနောက် ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။ လှေလေးမှာ မဖြစ်စလောက်သာ လုပ်နိုင်စွမ်းရှိပုံပေါ်သော်လည်း ၎င်းက အခိုင်အမာစွဲမြဲနေကာ နစ်မြုပ်မသွားခဲ့ပေ။
ရှောင်ထန်ချိုး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးနောက် အသူတရာချောက်နက်ကြီးမှာ မြစ်ကမ်းပါးကို ဖုံးအုပ်ရန် ပျံ့နှံ့လာနေကြောင်း သတိပြုမိသွားခဲ့သည်။ သူ ချက်ချင်းပဲ တိုက်တွန်းစကားပြောလိုက်၏။
” မြန်မြန်သွားတော့! ”
လူအိုကြီးသည် ရှောင်ထန်ချိုးအား ဗလာကျင်းစွာ စိုက်ကြည့်ရင်း တစ်ချိန်တည်းမှာပဲ ထူးဆန်းသည့် တဟီးဟီးရယ်သံကို ပြုလာခဲ့သည်။ သူ့တစ်ကိုယ်လုံးကို လေအေးတစ်သုတ်က လာရောက်တိုက်ခတ်သွားသလိုမျိုး ရှောင်ထန်ချိုး ခံစားလိုက်ရ၏။ အဖိုးအိုက ဝါးလုံးကို အေးအေးလူလူပဲ ဆုပ်ကိုင်ကာ လှေကိုအရှေ့သို့ စတင်လှော်ခတ်တော့သည်။ သူ့လှုပ်ရှားမှုတို့မှာ လှေကိုရွေ့အောင်လုပ်ရန် ခွန်အားအလုံအလောက်မရှိသကဲ့သို့ သည်းမခံနိုင်စရာကောင်းအောင် နှေးကွေးနေခဲ့သည်။
” မြန်မြန်! ” ဆံပင်အဝါရောင်ဆိုးထားသည့် လူရမ်းကားလေးမှာ သူ့ရဲ့မဲမှောင်နေသည့် ပတ်ဝန်းကျင်အား သတိထားမိသွားပုံပေါ်ပြီး အဖိုးအိုအား ကမန်းကတန်းပြောလိုက်သည်။
” မြန်မြန်သွားလေ! ရွံဖို့ကောင်းတဲ့အဖိုးကြီး! ခင်ဗျားက လှေကိုလှော်နိုင်တာလား မလှော်နိုင်တာလား ဟမ်?! မလှော်နိုင်ဘူးဆိုရင်လည်း ကျုပ် လှော်မယ်! ”
သို့သော် အဖိုးအိုက ခေါင်းဝါရဲ့စကားတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မသွားပဲ ဘာတစ်ခုမှမကြားသလိုမျိုး ဟန်ဆောင်နေလေသည်။ သူ့လှုပ်ရှားမှုတွေကတော့ ညှင်းဆဲနေသလိုမျိုး နှေကွေးနေဆဲ။ ခေါင်းဝါခမျာ စိတ်စောလွန်းတာကြောင့် အဖိုးကြီးလက်ထဲက ဝါးချောင်းကို လှမ်းယူတော့မည့်အချိန်မှာပဲ သူ့ဘေးတွင် ထိုင်နေသည့် ရွှေဆွဲကြိုးကြီးက ရုတ်တရက်ပြောလာခဲ့သည်။
” တော်လောက်ပြီ! ပြန်ပြီး လှည့်ကြည့်လိုက်ဦး! ”
ခေါင်းဝါက ကြောက်လန့်တကြားလှည့်ကြည့်လိုက်ရာ ချောက်နက်ကြီးမှာ မြစ်ကမ်းပါးအထိသာ ပျံ့နှံ့လာခဲ့ပြီး ထပ်တိုးမလာတော့။ တခြားသူတွေအားလုံးလည်း လှည့်ကြည့်လိုက်ရာ ထိုထူးဆန်းသည့်မြင်ကွင်းကို တွေ့လိုက်ကြရသည်။ အနှီကြောက်စရာကောင်းသည့် ချောက်နက်ကြီးမှာ သူ့တို့လာခဲ့သည့်လမ်းအား ဝါးမြိုပစ်လိုက်ဟန်။ အနားရှိ တံငါရွာနှင့် သူတို့ခရီးလွှင့်နေသည့်မြစ်သာ တည်ရှိနေသလိုမျိုး ချောက်နက်ကြီးထံတွင် အဝိုင်းခံထားရလေသည်။
ရှောင်ထန်ချိုး မျက်မှောင်ကျုတ်လိုက်မိသည်။ ဘာလို့မှန်းတော့ မသေချာပေမယ့် ချောက်နက်ကြီးက သူ့အား အသိဉာဏ်ရှိသည့်ခံစားချက်ကို ပေးနေသည်။ ပြောရရင် ချောက်နက်ကြီးရဲ့မျက်လုံးတွေက သူ့ကိုပဲ လိုက်ကြည့်နေသလိုပင်။
တခြားသူတွေလည်း ဒီလိုပဲခံစားရလား မသိပေမယ့် ဘာပဲဖြစ်ဖြစ် သူကလည်း မေးကြည့်ဖို့ ရည်ရွယ်ချက်ရှိမနေပေ။
လူတိုင်းရဲ့ မျက်နှာအမူအရာမှာ အလွန်ကြည့်ရဆိုးနေ၏။ ရွှေဆွဲကြိုးကြီးက တိတ်ဆိတ်မှုကို ဖြိုခွင်းဖို့ စကားစပြောမလာခင်ထိ ဘယ်သူကမှ စကားမပြောခဲ့ကြပေ။
” ဒီအဖိုးကြီးက လှုပ်ရှားတာနှေးလွန်းတယ်။ ဒီအချိန်ကို ငါတို့တွေမိတ်ဆက်ဖို့ သုံးကြတာပေါ့။ ငါအရင်မိတ်ဆက်လိုက်မယ်။ ငါ့နာမည်က လော့မန်စု။ ကစားသမားဟောင်းတစ်ယောက်ပဲ”
” ငါက ကရုဏာတရားပေါများတဲ့ ဘုရားသခင်မဟုတ်တော့ ဘာကိုမှအလကားကူညီပေးဖို့ မစီစဉ်ထားဘူး။ မင်းတို့ကို အမှန်တရားပြောပြမယ်။ ဂိမ်းကို တစ်ယောက်တည်းအောင်မြင်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့တစ်ယောက်က ရူးလောက်စရာအစွမ်းတွေရှိတဲ့သူ မဟုတ်ရင်ပေါ့လေ။ ဒါပေမယ့် အဲ့လိုကြောက်စရာကောင်တွေက လူတစ်သန်းမှာ တစ်ယောက်ပဲ။ ငါ့လို သာမန်ကစားသမားတွေကတော့ လူဟောင််းတစ်ယောက်ဖြစ်နေရင်တောင် ငါ့အပေါင်းအဖော်တွေရဲ့အကူအညီကို လိုအပ်နေသေးတယ် ”
ရွှေဆွဲကြိုးကြီးက တည်တည်ငြိမ်ငြိမ်ပဲ အကြံပြုလာခဲ့သည်။
” မင်းတို့တွေ ငါနဲ့ပါတနာလုပ်ဖို့ ဆန္ဒရှိရင် လှေပေါ်ကဆင်းတာနဲ့ ငါ့နောက်ကိုလိုက်ခဲ့ကြ။ ဒါပေါ့ မင်းတို့ ငါ့ကိုမယုံရင် ငါကတွန်းအားပေးမှာမဟုတ်ဘူး၊ ကိုယ့်လမ်းကိုယ်လျှောက်ကြမယ်။ မင်းတို့ အဲ့ဒါကို အခုစဉ်းစားလို့ရတယ် ”
အားလုံးက စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရွှေဆွဲကြိုးကြီးအား ယုံကြည်လို့ရမရ အဖြေရှာရန်ကြိုးစားနေသလိုမျိုး တိတ်တဆိတ်အကဲဖြတ်နေခဲ့ကြသည်။ ရွှေဆွဲကြိုးကြီးမှာ အတော့်ကိုရန်လိုပုံပေါက်တာကြောင့် သူ့အပေါ်ယုံကြည်ဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲနေလေ၏။ သို့သော်လည်း သူက အမှန်အတိုင်းပြောသွားခဲ့ကာ သူ့စကားလုံးများတွင် ဘာကိုမှအလှမဆင်ထားခဲ့။ အဲ့အစား အစကတည်းက အကြောင်းအရင်းကို အသိပေးခဲ့သည်။
အဖိုးအိုက နှေးတိနှေးကန်ဖြင့် ဆက်လက်လှော်ခတ်နေခဲ့သည်။ တံငါရွာက သိပ်ဝေးတဲ့ပုံမပေါ်ပေမယ့် အဖိုးအိုရဲ့အရှိန်နှုန်းနဲ့ဆိုလျှင် သူတို့ဘယ်အချိန်မှ ရောက်မယ်မှန်း ဘုရားသခင်သာ သိလိမ့်မည်။ ဒါကိုကြည့်ပြီး တခြားသူတွေလည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လာခဲ့ကြကာ တစ်ချိန်တည်းမှာပဲ သင့်တော်သည့်ပါတနာတွေလည်း ရှာနေခဲ့ကြသည်။
ခေါင်းဝါနာမည်က လုတာ့သုန်၊ မျက်မှန်နှင့်လူက ကျန်းကျင်ဖင်း၊ စကားနည်းသည့် suit ဝတ်စုံနှင့်လူက ကျန်းဇီဟန်၊ စုံတွဲထဲမှ ကောင်မလေးက လုရှောင်တောက်ဖြစ်ပြီး ကောင်လေးက ရန်ပင်း၊ အတူထိုင်နေသည့် ကောင်မလေးနှစ်ယောက်မှာ တစ်ယောက်က တင်းထျန်းထျန်းဖြစ်ပြီး နောက်တစ်ယာက်က တင်းမီမီ ဖြစ်သည်။ ထိုအခါမှပဲ ကောင်မလေးနှစ်ယောက်ဟာ အမြွှာတွေဖြစ််ကြောင်း သူတို့ သိလိုက်ရ၏။
တိတ်ဆိတ်နေသည့် သုံးယောက်အဖွဲ့ကတော့ တခြားသူများနှင့် မပတ်သတ်ချင်ပုံရကာ အလွန်သိသာသည့် ” ကျန်စန်၊ လီစီ၊ ဝမ်ဝူ ” ဟူသည့် နာမည်အတုသုံးခုအား ပြောလာခဲ့သည်။
ရှောင်ထန်ချိုးက တခြားသူတွေအတိုင်း သူ့နာမည်ကို ပြောလိုက်၏။ ” ငါ့နာမည်က ရှောင်ထန်ချိုး ”
ဒီမတိုင်ခင် တခြားသူတွေ သူတို့နာမည်ကိုပြောတုန်းက လော့မန်စုတစ်ယောက် ဘာမှမတုံ့ပြန်နိုင်ခဲ့ပေမယ့် ရှောင်ထန်ချိုးအလှည့်ရောက်တော့ စိတ်ဝင်စားဟန်ရှိသည်။
” မင်းက ဘာအလုပ်လုပ်တာလဲ ”
ရှောင်ထန်ချိုး တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်သည်။
” ကိုယ်ပိုင်လုပ်ငန်းလုပ်နေပါတယ် ”
လော့မန်စုက သူ့ကို ဆက်မေးလာဦးမယ် ထင်ခဲ့ပေမယ့် ပြုံးရုံသာပြုံးပြလာပြီး တခြားတစ်ယောက်ဆီ အာရုံစိုက်သွားခဲ့သည်။
ရှောင်ထန်ချိုးဘေးတွင် ထိုင်နေသည့် ကြယ်ပွင့်လေးက သတိထားပြောလာခဲ့၏။
” ငါက ထန်းမျန်မျန် ”
လော့မန်စုသည် ဝတ်ကျေတန်းကျေမျှ ခေါင်းညိတ်ပြလာခဲ့ပြီး သူတို့ရဲ့နာမည်တွေကို မမှတ်မိတာ ရှင်းနေသည်။ ဒီတစ်လျှောက်လုံးမှာ အဖိုးအိုက သူ ဘာကိုမှမကြားသလိုမျိုး ဣန္ဒြေရရ လှေလှော်နေခဲ့ကာ အရှေ့သို့ ဗလာသက်သက်စိုက်ကြည့်ရင်း စိမ်ပြေနပြေလှော်ခတ်နေခဲ့သည်။
ရှောင်ထန်ချိုးသည် အဖိုးအိုလက်ထဲမှ ဝါးချောင်းကိုကြည့်ပြီးနောက် ရေမျက်နှာပြင်ကိုကြည့်လိုက်သော်လည်း အမည်းရောင်အလွှာတစ်ထပ်ကိုသာ မြင်ရသည်။ ဒါက အောက်ခြေအထိ ကြည်ကြည်လင်လင်မြင်ရတဲ့ သာမန်မြစ်တစ်စင််း မဟုတ်ပေ။ မည်းမှောင်ပြီး ရှင်းရှင်းလင်းလင်းမမြင်ရတဲ့ရေတွေဆိုတာ ကြောက်စိတ်ကို လှုံ့ဆော်ပေးကြသည်။
တစ်ဖန်ထပ်၍ တိတ်ဆိတ်သွားပြန်ကာ ငါးဖမ်းလှေလေးက လုံးဝဥဿုံ ငြိမ်သက်သွားခဲ့သည်။ သို့သော် အဖိုးအိုက သူ့ရဲ့အက်ရှပြီိး မနှစ်မြို့စရာအသံဖြင့် ထူးဆန်းချောက်ချားဖွယ်တေးသွားတစ်ပုဒ်အား စတင် မဆိုလာခင်အထိပင်။
” သူမရဲ့မိဘအိမ်မှာရှိတုန်းက နှင်းရည်စိုစွတ်နေတဲ့ သစ်ရွက်နဲ့ သစ်ကိုင်းတွေ……
တခြားမိသားစုရဲ့သားကို လက်ထပ်လိုက်ပြီးနောက်မှာတော့ နွမ်းကျလို့ အဝါရောင်သမ်းရင်း မောပန်းနေပုံရလေတယ်……..
ထပ်ခါတလဲလဲ ရေမြုပ်ခံရပြီးချိန်မှာ……
မျက်ရည်တွေနဲ့တောက်ပရင်း တစ်ဖန်ပြန်ပေါ်လာပါတယ်…….”
သီချင်းသံကိုနားထောင်ရင်း အားလုံးမသက်မသာခံစားလိုက်ကြရသည်။ အဖိုးအိုနဲ့ သူတို့ကြားမှာ အဝေးတစ်ခုခြားဖို့ကြိုးစားရင်း အဖိုးအိုနဲ့ဝေးရာဆီ ရွှေ့လိုက်ကြ၏။ ရှောင်ထန်ချိုး ခပ်ဖွဖွမျက်မှောင်ကျုတ်လိုက်ရင်း လော့မန်စုနှင့် တိတ်ဆိတ်နေသည့် လူသုံးယောက်အဖွဲ့မှာ တစ်စုံတစ်ခုကို အလေးအနက်စဉ်းစားကြမှန်း သတိပြုမိသွားသည်။ သူတို့က မျက်လွှာချထားရင်း အတွေးထဲနစ်ဝင်နေကြသည်။
အဖိုးအိုက သူ့သီချင်းကို အဆုံးသတ်လိုက်ပြီး ကြိတ်ရယ်နေသလိုမျိုး ခေါင်းကို ငုံ့လိုက်သည်။
” ရောက်ပြီ ”
လူတိုင်းက မော့ကြည့်လိုက်ရာ လွန်ခဲ့သည့်တစ်စက္ကန့်တုန်းကမှ အကွာအဝေးတစ်ခုစာခြားနေခဲ့သည့် တံငါရွာလေးဟာ အခုတော့ တကယ့်ကိုနီးကပ်နေသည်အား မြင်လိုက်ကြရသည်။ သူတို့နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်ထားရင်း လှေပေါ်မှ ဂရုတစိုက်ဆင်းလိုက်ကြ၏။
အဝေးကကြည့်လျှင် ဒီတံငါရွာလေးက တခြားပုံမှန်တံငါရွာတွေနဲ့ မခြားနားဟန်ရှိပေမယ့် သူတို့ ပိုနီးလာလေ ကြည့်လိုက်တဲ့နေရာတိုင်းက ထူးဆန်းတဲ့ကွဲလွဲမှုရှိနေလေသည်။ တံငါရွာရှိ အိမ်များမှာ လေဒဏ်မိုးဒဏ်ခံနိုင်အောင်ဆောက်ထားသည့် ပုံမှန်အိမ်တစ်လုံးနှင့် လုံးဝမတူပဲ နိမ့်ပြီးကျဉ်းကာ ယိုယွင်းပျက်စီးနေ၏။ လမ်းမပေါ်တွင် လူတချို့ထွက်နေကြသော်လည်း သူတို့မျက်လုံးများက ထိုင်းမှိုင်းပြီး အသက်မဲ့နေကြ၏။
သူတို့ရဲ့ တောင့်တင်းနေသည့်မျက်နှာက ဘာခံစားချက်မှ ရှိမနေ။ သူတို့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ပုံမှန်မဟုတ်မှန်း သိသာနေ၏။ ထပ်ပြောရပါက သူတို့ရဲ့နှေးကွေးတဲ့ လှုပ်ရှားမှုတွေကြောင့် လမ်းတောင် အဝေးကြီးမလျှောက်နိုင်ကြပေ။
ကောင်မလေးအနည်းငယ်မှာ အပူးလိုက်လေး ကြောက်ရွံ့တုန်ရီနေကြသော်လည်း လော့မန်စုရဲ့ အမူအရာကတော့ လုံးဝတည်ငြိမ်နေကာ ဒီအအခြေအနေကို ကျင့်သားရနေဟန်ရှိသည်။
ဒီအချိန်တွင်ပဲ အလွန်အသက်ကြီးနေဟန်ရှိသည့် အသံတစ်ခုက ပေါ်ထွက်လာခဲ့သည်။
” ဒီကို လေ့လာရေးလုပ်ဖို့လာတဲ့ တက္ကသိုလ်ကျောင်းသားတွေလား။ ယွမ်ကျားရွာကနေ ကြိုဆိုပါတယ်။ ငါက ရွာလူကြီးပဲ၊ မင်းတို့နေရမယ့်နေရာဆီ လိုက်ပို့ပေးမယ်။ နောက်ကလိုက်ခဲ့ကြပါ ”
ရုတ်ချည်းဆိုသလို ဒီအဖိုးအိုက သရဲတစ်ကောင်လိုမျိုး သူတို့ရှေ့တွင်ပေါ်လာကာ လူတိုင်းအား ထိတ်လန့်သွားစေခဲ့သည်။ သို့သော် မြန်မြန်ဆန်ဆန်ပဲ သက်ပြင်းချလိုက်မိကြ၏။ တခြားရွာသားများနှင့် ယှဉ်လိုက်ပါက ဒီအဖိုးအိုက ပုံမှန်နှင့်အများကြီးပိုတူသည်။ ရုပ်ရည်သွင်ပြင်တစ်ခုတည်းကတင် သူတို့နဲ့ သိပ်ပြီးကွာခြားမှုမရှိပေ။
” အဖိုးက ရွာလူကြီးလား? ” လော့မန်စု သူ့မေးစေ့ကို ပွတ်လိုက်သည်၊ ” ကောင်းပါပြီ ဒါဆိုရင် ကျုပ်တို့တည်းရမယ့်နေရာဆီ လိုက်ပို့ပေးပါ”
ရွာလူကြီးက သူတို့ကို ထပ်မကြည့်တော့ပဲ လှည့်သွားခဲ့သည်။သူ့လှုပ်ရှားမှုက နှေးလည်းမနှေးသလို မြန်လည်းမမြန်ပေမယ့် အနည်းဆုံးတော့ ဇွန်ဘီတွေလိုလှုပ်ရှားတဲ့ တခြားရွာသားတွေနဲ့ မတူပေ။
” သူ့နောက်ကို လိုက်ကြမယ်။ ငါတို့နေရမယ့်နေရာကိုရောက်ရင် ခွဲသွားလို့ရတယ် ” လော့မန်စုက သူတို့ရဲ့သံသယတွေကို ဖယ်ရှားပေးခဲ့သည်။ ” ရွာလူကြီးက NPC တစ်ယောက်ဆိုတော့ ပုံမှန်အခြေအနေတွေမှာ ငါတို့ကို တိုက်ခိုက်မှာမဟုတ်ဘူး။ ငါတို့က ဒီမှာ သုံးရက်နေရမှာဆိုတော့ နေစရာတစ်နေရာက သေချာပေါက်လိုအပ်တယ် ”
ရှောင်ထန်ချိုး မျက်ခုံးပင့်လိုက်၏။ ” သာမန်အခြေအနေ? ”
လော့မန်စုက ရှောင်ထန်ချိုးကို ပြုံးပြခဲ့ပေမယ့် အဖြေပြန်မပေးပေ။ ထန်းမျန်မျန်က မနေနိုင်ပဲ ထုတ်မေးလာခဲ့သည်။ ” သူ့နောက်ကို မလိုက်ကြရင်ဘာဖြစ်မှာလဲ ? ”
” မင်း ဒီသုံးရက်အတွင်း ကမ်းခြေမှာနေဖို့ ရွေးချယ်လို့ရတယ်။ ဒါက မင်းအပေါ်မူတည်တယ် ” လော့မန်စု ပုခုံးတွန့်လိုက်သည်၊ ” ဒါမှမဟုတ်လည်း ဟိုရွာသားတွေဆီသွားပြီး မင်းကို သူတို့အိမ်မှာထားမလား မေးကြည့်ပေါ့ ” လော့မန်စုက ထိုသို့ပြောပြီးနောက် ရှေ့ကသွားနေသည့် ရွာလူကြီးနောက်ကို လိုက်သွားတော့သည်။
ထန်းမျန်မျန်သည် အလောင်းကောင်တွေလို လမ်းလျှောက်နေသည့် ထိုရွာသားများကို တစ်ချက်ကြည့်လိုက်ပြီး ရွာလူကြီးနှင့်လိုက်သွားရန် ရှောင်ထန်ချိုးကို ချက်ချင်းပဲ ဆွဲခေါ်လိုက်သည်။
ရွာတစ်ဝက်လောက်ကို လျှောက်သွားနေသည့် ရွာလူကြီးနောက်မှ သူတို့လိုက်လာခဲ့ကြကာ အိမ်တစ်အိမ်ရှေ့တွင်အရောက်တွင် တန့်သွားခဲ့သည်။
” ဒီအိမ်ပဲ ”
သူတို့တွေ အိမ်ကိုကြည့်လိုက်ရာ အနည်းငယ်ပျက်စီးနေသော်လည်း မိုးဒဏ်လေဒဏ်ခံနိုင်ပုံတော့ ပေါက်ဆဲပင်။ အနည်းစုက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြသည်။
ရွာလူကြီးက သူ့တာဝန်ပြီးလို့ ထွက်သွားခါနီးမှာပဲ လော့မန်စုထံတွင် တားခံလိုက်ရသည်။ သူက ရွာလယ်ခေါင်ရှိ အဆောက်အဦးတစ်ခုအား ညွှန်ပြရင်း ” ခဏလောက်ပါ၊ အဲ့ဒါကဘာလဲဆိုတာ ပြောပြလို့ရမလား? ”
ရှောင်ထန်ချိုးလည်း တခြားသူများနှင့်အတူ ထိုဖက်သို့ လှည့်ကြည့်လိုက်သည်။ ၎င်းက ရှေးခေတ်တရုတ်ပုံစံရှိသည့် နှစ်လိုဖွယ် ခေတ်ဟောင်းအဆောက်အအုံ တစ်လုံးပင်။ ရွာလယ်ခေါင်တွင် တည်ရှိနေကာ ဒီအိိုဟောင်းနေတဲ့ရွာရဲ့နောက်ခံကနေ လုံးဝကွဲထွက်နေလေသည်။
ရွာလူကြီးရဲ့ မျက်နှာက ချက်ချင်းပြောင်းသွားခဲ့ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ဘာစကားမှပြောမလာခဲ့ပါ။
” ဟေး ခင်ဗျား… ” လော့မန်စုက စကားဆက်ပြောလိုက်သော်လည်း ရွာလူကြီးက ဘာစကားမှမပြောပဲ လှည့်ထွက်သွားခဲ့သည်။
သူ့ခြေလှမ်းတွေက သွက်လက်နေခဲ့ကာ လမ်းလျှောက်နေသလိုထင်ရပေမယ့် သွားနေသည့်အရှိန်ကတော့ လုံးဝကို ပုံမှန်မဟုတ်ပေ။
မျက်စိတစ်မှိတ်စာတွင်ပဲ အားလုံးရဲ့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားတော့၏။