Chapter 6
ရှောင်ထန်ချိုးသည် သူ့ခေါင်းထဲမှ ရှင်းမပြနိုင်လောက်သည့်အသံအား ရုတ်တရက် သတိရသွားခဲ့သည်။ ခုနတုန်းက အနှီအေးတိအေးစက်စက်သံက “တံငါရွာရဲ့သရဲအိမ်” ဟူသည့် D-level မစ်ရှင်အား သူရရှိထားကြောင်း ကြေငြာသွားခဲ့၏။ ဆိုတော့ အခုလက်ရှိမှာ “တံငါရွာရဲ့သရဲအိမ်” မစ်ရှင်ထဲကို ရောက်နေကြတာလား။
ဒီတံငါရွာလေးအတွင်း မစ်ရှင်ထဲဖော်ပြထားသည့် “သရဲအိမ်” နှင့် လိုက်ဖက်ညီသည့် တစ်ခုတည်းသော အဆောက်အအုံမှာ သံသယဝင်ဖို့မလိုအောင်ကို ရွာလယ်ခေါင်ရှိ ရှေးခေတ်တရုတ်စတိုင် အဆောက်အအုံသာ ဖြစ်လိမ့်မည်။ လော့မန်စုက ရွာလူကြီးကို အဲ့အကြောင်းသွားမေးတာ အံ့သြစရာမရှိတော့ဘူး။
ရှောင်ထန်ချိုးသာ အဲ့လောက်ထိဖြေရှင်းနိုင်တယ်ဆိုရင် တခြားသူတွေလည်း ဖြေရှင်းနိုင်လောက်သည်။ ထန်းမျန်မျန်သည် လော့မန်စုအား ရုတ်တရက်လှည့်မေးလာ၏၊ ” ငါတို့တွေ သူ့နောက်လိုက်သင့်လား ”
လော့မန်စုသည် ပုခုံးတွန့်ပြလာခဲ့ပြီး ” သူ့တုံ့ပြန်ချက်ကိုကြည့်ပြီး ဆုံးဖြတ်ရရင်တော့ ဟိုနားက အိမ်ကြီးက ဒီမစ်ရှင်ရဲ့ ရည်ရွယ်ချက်ဖြစ်နိုင်တယ်။ ကံမကောင်းချင်တော့ အရေးကြီးတဲ့သဲလွန်စတွေရှာတွေ့တာမဟုတ်ရင် NPC တွေ စကားပြောလာအောင်လုပ်ဖို့ လွယ်မှာမဟုတ်ဘူး။ ဒါမှမဟုတ် တခြားနည်းလမ်းကို ရှာရလိမ့်မယ် ”
” တခြားနည်းလမ်း? ” ရှောင်ထန်ချိုး မျက်ခုံးပင့်လိုက်ပြီး ” သူ့ကို ရိုက်တာမျိုးလား? ”
လော့မန်စုသည် ရှောင်ထန်ချိုးအား ခပ်ယဲ့ယဲ့ပြုံးပြရင်း ” ဒီအဖွဲ့ထဲမှာ ဒီလိုစကားမျိုး အရင်ဆုံးပြောလာတဲ့သူက ဟိုခေါင်းဝါနဲ့လူရမ်းကားလေးဖြစ်မယ် ထင်ခဲ့တာ။ မင်းဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး ”
ဆံပင်အဝါရောင်ဆိုးထားသည့် လူရမ်းကားလေးမှာ ချက်ချင်းပေါက်ကွဲတော့သည်၊ ” ဟေး၊ မင်းဘာစကားပြောတာလဲ?! ”
သို့သော် လော့မန်စုက သူ့ကိုရှင်းပြဖို့အတွက် အလုပ်ရှုပ်ခံမနေပေ။ အားရပါးရပြုံးရင်း ဆက်ပြောလာခဲ့သည် ” မင်းတို့တွေ တကယ်တော့ NPC ကို အကြမ်းဖက်လို့ရတယ်။ NPC ဇာတ်ကောင်တိုင်းက ကွဲပြားကြတာဆိုတော့ သူ့ကိုခြိမ်းခြောက်လို့ အလုပ်ဖြစ်,မဖြစ်က သူတို့အပေါ်မှာ မူတည်တယ်။ အဲ့အစား သူတို့ကိုမကျေမနပ်ဖြစ်စေတာနဲ့ အဆုံးသတ်သွားနိုင်တယ်။ အကျိုးအပြစ်ကိုတော့ မင်းတို့ဘာသာ ချင့်ချိန်ဆုံးဖြတ်ပေါ့။ NPC တွေကို သတ်လို့ရတယ်လို့ပြောရမှာ မကြောက်မိပေမယ့် မင်းသတ်လိုက်တဲ့ NPC က မစ်ရှင်အတွက်သော့ချက်ဖြစ်နေတယ်ဆိုရင် မင်းလည်း နေရာမှာတင်အသတ်ခံလိုက်ရလိမ့်မယ် ”
လူတိုင်းက တိတ်ဆိတ်နေခဲ့ကြကာ ကိုယ့်စိတ်ကူးနဲ့ကိုယ်ရှိမှန်း သိသာလှသည်။ လော့မန်စုက လုံးဝဂရုမစိုက်ပေ။ ” မင်းတို့ရဲ့ပါတနာတွေကို ရွေးလို့ရပြီ၊ ငါနဲ့ပဲပူးပေါင်းပူးပေါင်း ကိုယ့်ဘာသာပဲအသင်းဖွဲ့ဖွဲ့ ရတယ်… ဒါပေါ့၊ မင်းတို့ဘာသာ အသင်းဖွဲ့ဖို့ ဆုံးဖြတ်လိုက်ရင်တောင် မင်းတို့နဲ့သတင်းအချက်အလက်လဲလှယ်ဖို့ကို ငါငြင်းမှာမဟုတ်ဘူး။ အဖိုးတန်သတင်းနဲ့သာ ကမ်းလှမ်းနေသရွေ့ ငါကလည်း ငါရှာတွေ့ထားတဲ့ သတင်းကိုမျှပေးမှာပဲ ”
သူ့ရဲ့သဘောထားကတော့ ပွင့်လင်းသည်ဟု ဆိုနိုင်သည်။ _ ဒီကမ္ဘာကြီးကိုသာ “ဂိမ်း” လို့ ခေါ်လို့ရပါက_ ဒီဂိမ်းရဲ့ ကြောက်စရာကောင်းတဲ့ လေထုထဲတွင် ဒီလိုခေါင်းဆောင်မှုမျိုးနှင့် လူတစ်ယောက်က အတော့်ကိုယုံကြည်လောက်စရာပင်။ သို့သော် ၎င်းက ထုံးစံအတိုင်း သံသယနှင့် မသေချာမှုကိုလည်း မြင့်တက်စေခဲ့သည်။
လူတိုင်းက အချင်းချင်းဆုံးဖြတ်နေကြချိန်တွင် တိတ်ဆိတ်သည့်သုံးယောက်အဖွဲ့ကတော့ အနည်းငယ်မျှပင် တန့်မသွားပဲ အဝေးသို့လျှောက်သွားခဲ့ကြသည်။ သို့သော်လည်း သုံးယောက်သားက ဟိုးအစကတည်းက သူတို့နဲ့မပတ်သတ်ချင်တာကြောင့် တစ်ယောက်မှမအံ့သြခဲ့ကြပေ။
စုံတွဲက ခဏလောက်တုံ့ဆိုင်းနေခဲ့ပြီး လှည့်ထွက်သွားကြချိန်တွင် ဆံပင်အဝါးဆိုးထားသည့် ဆိုးသွမ်းလူငယ်က suit ဝတ်ထားသည့်လူနှင့် ပါတနာဖွဲ့လိုက်သည်။ လျှပ်တပြတ်အတွင်းမှာပဲ အမြွှာညီအစ်မနှစ်ယောက်ရယ်၊ ရှောင်ထန်ချိုးရယ်နဲ့ ထန််းမျန်မျန်တို့သာ ကျန်ခဲ့သည်။
ရှောင်ထန်ချိုးသည် ထန်းမျန်မျန်အားကြည့်ပြီး သူ့အမြင်ကို မေးလိုက်၏၊ ” ငါတို့နှစ်ယောက် ပါတနာဖွဲ့ကြမလား ”
ထန်းမျန်မျန်က ချက်ချင်းပင် ခေါင်းညိတ်ရင်း သဘောတူလာခဲ့သည်။
လော့မန်စုက ရလဒ်ကို မအံ့သြပေ။ ရှောင်ထန်ချိုးနှင့် ထန်းမျန်မျန်ကို အပြုံးအကြီးကြီးပြုံးပြရင်း အမြွှာညီအစ်မနှင့် ထွက်သွားတော့သည်။
တခြားသူများ ထွက်သွားကြချိန်မှာတော့ ထန်းမျန်မျန်က မေးလာခဲ့သည်။ ” ရှောင်ထန်ချိုး! ဘာအကျိုးနည်းတွေဖြစ်နေလဲဆိုတာ မင်းသိလား?! ”
ရှောင်ထန်ချိုး ခါးသက်သက်ရယ်မောလိုက်သည်။
” ငါက မင်းကိုမေးတော့မလို့ပဲ! ငါတို့တွေ live stream လုပ်နေတုန်းမှန်း ရှင်းနေတာကို။ ဘယ်လိုလုပ်ပြီး ခန္ဓာကိုယ်က ဂိမ်းထဲဆွဲခေါ်ခံလိုက်ရတာလဲ?! ”
သူက horror game တွေ ဆော့ရတာကြိုက်တယ်ဆိုပေမယ့် လူအကောင်လိုက်ကြီး အတွေ့အကြုံယူချင်တယ်ဆိုတဲ့ အဓိပ္ပါယ်တော့မဟုတ်ဘူးလေနော်!
ထန်းမျန်မျန်တစ်ယောက် အံ့သြလွန်းလို့ စကားမပြောနိုင်ခဲ့ပေ။
” … live stream? ငါ ဒီဂိမ်းကို ဘယ်တုန်းက မင်းနဲ့ live stream လုပ်နေခဲ့လို့လဲ? ”
ရှောင်ထန်ချိုး မျက်မှောင်ကျုံ့သွားသည်။
“မင်းက မှတ်ဉာဏ်ချို့တဲ့ဖို့အတွက် အရမ်းငယ်သေးတယ်မဟုတ်လား ? မင်းပဲ ငါ့ကို official game ဒေါင်းလုတ်လင့်ကိုပေးပြီး မင်းနဲ့အတူ live stream လုပ်ဖို့ ပူဆာနေခဲ့တာလေ! ”
ထန်းမျန်မျန် မေးရိုးပြုတ်ကျသွားရသည်။ ထိတ်လန့်လွန်းပြီး တိတ်ဆိတ်သွားပုံပင်။ တစ်မိနစ်ကြာပြီးနောက် ရုတ်တရက်ထအော်လာခဲ့၏။
” ငါမလုပ်ခဲ့ဘူး! ”
ရှောင်ထန်ချိုးသည် သူ့အား မမှိတ်မသုန်စိုက်ကြည့်ရင်း ” မင်းမလုပ်ခဲ့ဘူးဆိုတာက ဘာအဓိပ္ပါယ်လဲ? ”
ထန်းမျန်မျန်ရဲ့ မျက်နှာမှာ သေလောက်အောင်ဖြူစွတ်နေလေပြီ။ ” ဒီနေ့ မင်းသူငယ်ချင်းရဲ့အုတ်ဂူဆီသွားလည်မှာဆိုပြီး ငါ့ကို မပြောခဲ့ဘူးလား? အဲ့ကြောင့် ငါ့ဘာသာတစ်ယောက်တည်းပဲဆော့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ဂိမ်းထဲဝင်လို့ တစ်မိနစ်တောင်မကြာဘူး သတိမေ့သွားတယ်။ ငါသိတာနောက်တစ်ခုက နိုးလာတော့ ဘတ်စ်ကားပေါ်ကို မင်းတို့နဲ့အတူရောက်နေပြီ! ”
ရှောင်ထန်ချိုး ဘာပြောရမှန်း မသိတော့ပေ။ ရုတ်တရက် ကျောရိုးကနေ စိမ့်ခနဲခံစားလိုက်ရသည်။ ထန်းမျန်မျန်သာ အမှန်အတိုင်းပြောနေတာဆိုရင် သူ့ကို ဂိမ်းလင့်ပို့ပေးတာ ဘယ်သူလဲ? ဒါမှမဟုတ် ပိုတိကျအောင်ပြောရရင် လူမဟုတ်တာဖြစ်နိုင်တယ်။
ထန်းမျန်မျန်ခမျာ ကြောက်ပြီး ငိုလုနီးပါး။ ” ကူညီကြပါဦး အား! တကယ့် horror game ကြီးကို မဆော့ချင်ဘူးလို့! ငါက ငကြောက်တစ်ကောင်ပါ၊ အဆုံးသတ်ကိုရောက်အောင် မလုပ်နိုင်ခင် ကြောက်ပြီး သေသွားမှာစိုးရတယ်! ”
ရှောင်ထန်ချိုး သူ့ကို နှစ်သိမ့်ပေးလိုက်သည်၊ ” အကောင်းမြင်စမ်းပါ၊ ဒီဂိမ်းထဲမှာ သရဲတွေရှိမယ်လို့ထင်တယ်။ မင်း အဆုံးကိုတောင်မရောက်လိုက်ပဲ သူတို့ဆီမှာ အသတ်ခံရနိုင်တာပဲလေ ”
ထန်းမျန်မျန် အော်ငိုတော့သည်၊ ” ဝူးဝူးဝူး! မဆော့ချင်တော့ဘူး။ အိမ်ကိုပဲပြန်ချင်တယ်! ”
” ငါက နောက်တာပါ ” ရှောင်ထန်ချိုးသည် ထန်းမျန်မျန်အား ဆွဲခေါ်သွားလိုက်သည်။ ” ငါတို့သေချာပေါက် အောင်မြင်မှာ။ အဲ့ဒါပြီးရင် အိမ်ပြန်ပြီး လက်ထပ်ကြတာပေါ့ ”
ထန်းမျန်မျန် ထအော်လေသည်၊ ” … အလံတွေကို လွယ်လွယ်လေး မဖန်တီးနဲ့ကွ အား! ”
သူတို့နှစ်ယောက်သား တစ်ရွာလုံးကို လတ်လျားလတ်လျား လျှောက်သွားခဲ့ကြသည်။ လူသစ်တွေအနေဖြင့် ဒီအစစ်အမှန် horror game ထဲတွင် အတွေ့အကြုံမရှိခဲ့ကြပေ။ သို့သော်လည်း horror game live streamer များ အနေဖြင့် horror game တစ်ခု၏ ပုံမှန်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ထိုးထွင်းသိမြင်စွမ်း အတော်အတန်ရှိကြသည်။ ဘယ်လောက်မှမကြာခင်မှာပဲ ပုံမှန်ဂိမ်းအသုံးအနှုန်းတွေကို ပျော်ရွှင်စွာ စတင်နောက်ပြောင်လာကြတော့သည်။
” ဟိုအိမ်ကြီးထဲမှာ ဘာရှိမယ်လို့ ထင်လဲ? ”
” အဲ့မှာ သရဲတွေရှိလောက်တယ် ”
” သရဲတွေက ဘာကိုကြောက်လဲ? အရင်ဆုံး ငါတို့တွေ လက်ဖွဲ့စာရွက်ဝါနည်းနည်းလောက် ရှာသင့်တယ်ထင်လား? ငါတို့က တရုတ်သရဲတွေနဲ့ ပတ်သတ်ပြီး အတွေ့အကြုံသိပ်ရှိတာ မဟုတ်ဘူးနော်! အိုင်း… ပြည်တွင်းထုတ်တဲ့ horror game တွေ ဘာလို့များ တအားနည်းပါလိမ့်နော်?”
ဥရောပနဲ့ ဂျပန်သရဲဂိမ်းတွေက ပိုများတာကြောင့် သူတို့က အဲ့ဒါနဲ့ပတ်သတ်လို့ အတွေ့အကြုံပိုများသည်။
” ပြည်တွင်းထုတ် horror game တွေအကြောင်း မေ့လိုက်တော့။ ပြည်တွင်းကထုတ်တဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ကားတောင် မကြည့်ဖူးဘူးလို့တော့ မပြောနဲ့နော်? ”
” … ဒါပေမယ့် ပြည်တွင်းသည်းထိတ်ရင်ဖိုကားတွေမှာ ဘာသရဲမှ မပါဘူးလေ ”
” ဟမ် မင်းပြောတာလည်း အဓိပ္ပါယ််ရှိသားပဲ ”
” ကောက်ညှင်းဆန်လား? ဟင်္သာပြဒါးရိုင်းလား? ကြက်သွေးလား? ” ထန်းမျန်မျန်တစ်ယောက် သူ့ခေါင်းကို အတွင်းအပြင်လှန်ရင်း အဖြေထုတ်ဖို့ ကြိုးစားနေလေသည်။
ရှောင်ထန်ချိုးသည် အကြီးအကျယ်စိတ်ပျက်ပူဆွေးရင်း ” ကြက်သွေးကို မေ့လိုက်တော့။ ငါတို့ ဒီလောက်လမ်းလျှောက်လာတာတောင် တခြားသက်ရှိကို မမြင်ခဲ့ရတာ မင်း သတိမထားမိဘူးလား? ”
ထန်းမျန်မျန် ရုတ်တရက် အလင်းပေါက်သွားခဲ့သည်၊ ” မင်းပြောတာ ဟုတ်သားပဲ အာ… နေဦး! အဲ့ဒါမမှန်နိုင်ဘူး။ ဒါက တံငါရွာမဟုတ်လား? ငါးတော့ရှိမှာပဲလေ? ”
” ဘုရားပဲသိလိမ့်မယ်၊ ဒါက ပုံမှန်တံငါရွာဆိုရင်တော့ ငါးရှိမှာပေါ့။ ဒါပေမယ့် ဒီရွာက ပုံမှန်နဲ့အဝေးကြီးမှန်း ငါတို့နှစ်ယောက်လုံး သိတာကို ”
ရှောင်ထန်ချိုးက ဟိုကြည့်ဒီကြည့် ဆက်ကြည့်နေခဲ့သည်။ တံငါရွာက တကယ့်ကိုသေးသေးလေးပင်။ တောင်ခါးပန်းလိုမျိုး မြေခပ်မြင့်မြင့်လေးတစ်ခုအပေါ် မတ်တပ်ရပ်နေရုံဖြင့် ရွာရဲ့မြင်ကွင်းတစ်ခုလုံးအား ခြုံငုံမြင်နိုင်လေသည်။
” ရွာက အတော်တော့ထူးဆန်းပေမယ့် ဘာထူးခြားတာမှလည်း ရှိတဲ့ပုံမပေါ်ဘူး… ငါတို့က ကျိန်စာကို ဘယ်လိုလုပ်ပြီး ဖယ်ပစ်ရမှာလဲ? ”
ထန်းမျန်မျန်က သူတို့ရဲ့အခြေအနေကို ကြိုးစားပမ်းစား လေ့လာဆန်းစစ်နေခဲ့သည်။
” ငါတို့က ဇာတ်လမ်းနောက်ခံကို အစပျိုးဖို့ item တစ်ခု ရှာဖို့လိုတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်လည်း ရွာလူကြီးကို ထပ်ရှာကြသင့်တယ်။ NPC တွေဆီကနေ သဲလွန်စတွေရနိုင်တာပဲလေ။ ဒါပေါ့၊ တခြားရွေးချယ်စရာတစ်ခုတော့ရှိတယ်။ အဲ့ဒါက ဟိုအဆောက်အဦးကြီးထဲကို ဖောက်ဝင်ဖို့ပဲ ”
” အဲ့အိမ်နဲ့ ပတ်သတ်လို့ မှားနေတာတစ်ခုခုရှိရမယ်။ ငါတို့တွေ အရမ်းကာရောဝင်သွားလို့ မဖြစ်ဘူး။ ဘာအကာအကွယ်မှမပါပဲ ဝင်သွားလို့ အထဲမှာ သရဲတွေ မကောင်းတဲ့ဟာတွေရှိနေရင် အသက်ကို ဆုံးရှုံးသွားရလိမ့်မယ် ”
ရှောင်ထန်ချိုးသည် မေးစေ့ကို လေးလေးနက်နက်ပွတ်ရင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
“ရွာလူကြီးဆီ အရင်ပြန်သွားရအောင်။ အဲ့အိမ်ကို နောက်ဆုံးအပန်းဖြေနေရာအဖြစ်နဲ့ပဲ လေ့လာကြတာပေါ့ ”
ထန်းမျန်မျန် ခေါင်းညိတ်လိုက်သည်။ဒါက အန္တရာယ်အကင်းဆုံးရွေးချယ်မှုပင်။ သူတို့သာ အဲ့အိမ်ကြီးထဲ ကမူးရှူးထိုးဝင်သွားရင် ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိဘူး။
” ရွာလူကြီးကို သွားရှာကြမယ် ”
ရှောင်ထန်ချိုး လမ်းစလျှောက်ခါနီးမှာပဲ ထန်းမျန်မျန်က အသံသေးသေးလေးဖြင့် ရုတ်တရက် မသဲမကွဲဆိုလာသည်။
” အမ်… ငါ သန့်စင်ခန်းသုံးဖို့လိုတယ်…. ”
ရှောင်ထန်ချိုး ထန်းမျန်မျန်ကိုကြည့်လိုက်ပြီး ဘာစကားမှမပြောပေ။ ထန်းမျန်မျန်တစ်ယောက် ရှက်သွေးဖြာရင်း ရှင်းပြလာခဲ့၏။
“ခုနက ဘတ်စ်ကားပေါ်မှာတုန်းကတည်းက သန့်စင်ခန်းသုံးဖို့လိုနေတာ။ ငါ တစ်ချိန်လုံးအောင့်ထားတာ အခုတော့ ထပ်မအောင့်နိုင်တော့ဘူး”
” ဟုတ်ပါပြီ၊ မင်းရှင်းပြနေဖို့ မလိုပါဘူး။ သွားသာသွားစမ်းပါ ”
ရှောင်ထန်ချိုး နှုတ်ခမ်းတွန့်သွားသည်။ တကယ်တော့ သူတို့လမ်းလျှောက်နေစဉ်အတွင်း ဒီနေရာမှာ ဘိုထိုင်အိမ်သာတစ်လုံးမှ မရှိတာကို သတိထားမိခဲ့သည်။ တစ်ရွာလုံးက ဆောင့်ကြောင်ထိုင်တက်ရသည့် အိမ်သာအများအပြားကို သစ်သားတဲလေးတစ်ခုထဲထည့်ထားသည့် အများသုံးအိမ်သာအား မျှသုံးကြသည်။ သို့သော် အဲ့ဒီ “အိမ်သာများ” များမှာ မြေကြီးထဲကို ဒီအတိုင်းတူးထားသည် မြေတွင်းများသာ။ ထန်းမျန်မျန်လည်း ခုနတုန်းက ဒါကိုသတိထားမိခဲ့ပုံပေါ်ပေမယ့် ရိုးစင်းပြီး ညစ်ပတ်နေတဲ့အိမ်သာကို လက်မခံနိုင်ခဲ့ပေ။ သို့သော် ဒီအခြေအနေကို ရောက်မှတော့ သူ ထပ်မအောင့်ထားနိုင်တော့ပဲ ရွေးချယ်စရာမရှိပေ။
ထန်းမျန်မျန်ခမျာ တုံ့ဆိုင်းနေရင်း ” ငါ နည်းနည်းတော့ကြောက်တယ်ဟ… ”
ရှောင်ထန်ချိုးလည်း ဒီကိစ္စကို တွေးကြည့်မိသည်။ အခုအချိန်မှာ သူ သန့်စင်ခန်းသုံးဖို့ မလိုသေးပေမယ့် မမှောင်ခင် အခုသွားထားလိုက်တာ ပိုကောင်းသည်။ ပြီးတော့ ညဖက်ကျမှ သန့်စင်ခန်းကို တစ်ယောက်တည်းသွားနေရမှာ သူကြောက်သည်လေ။
” ဒါဆို သန့်စင်ခန်းကို ငါမင်းနဲ့လိုက်ခဲ့မယ်”
ထန်းမျန်မျန် စိတ်သက်သာစွာ သက်ပြင်းချလိုက်မိသည်။
“သူငယ်ချင်းကောင်းတွေဆိုတာ သန့်စင်ခန်းကို အတူသွားသင့်တယ်! ”
ရှောင်ထန်ချိုးက သူ့ကို စလိုက်သည်။ ” ကျောင်းသားလေးတွေပဲ သန့်စင်ခန်းကို အတူသွားတာကွ!”
ထန်းမျန်မျန်တစ်ယောက် စိတ်မရှည်စွာ လောဆော်လာခဲ့၏။” သွားမယ် သွားမယ်! ငါတို့မြန်မြန်မသွားရင် ကောင်းကင်ကြီးက မှောင်သွားတော့မယ်! “