Chapter 7
အခုက မှောင်လာပြီဖြစ်တာကြောင့် ရှောင်ထန်ချိုးနှင့် ထန်းမျန်မျန်တို့မှာ သန့်စင်ခန်းကို ကတိုက်ကရိုက်ရှာရတော့သည်။ နောက်ဆုံး သူတို့ရှာတွေ့ချိန်တွင် အနှီဆိုးရွားပြီး ရှေးကျသည့်အိမ်သာကို ရင်ဆိုင်ရန် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ခဲ့ကြ၏။ သူတို့နှစ်ယောက်လုံး နှာခေါင်းကို လက်ညှိုးနဲ့ လက်မသုံးပြီးဖျစ်ထားရင်း ဘာရွံ့စရာအနံ့မှဝင်မလာအောင် တားဆီးထားကာ သန့်စင်ခန်းထဲ အဆောတလျင်ဝင်သွားလိုက်ကြသည်။
တွင်းအိမ်သာများမှာ အလွန်အမင်း အဆင့်နိမ့်ပြီး စက်ဆုပ်ဖွယ်ကောင်းလှသည်။ မြေတွင်းပေါ်တွင် သစ်သားပျဉ်ပြားရှည်အနည်းငယ်ကို စီထားပြီး အောက်ဖက်ရှိ မိလ္လာကျင်းကိုအုပ်ထားသည့် သစ်သားပျဉ်များကြားတွင် အပေါက်များစွာရှိနေသည်။ ထိုအပေါက်များမှာ တစ်ခုနှင့်တစ်ခု အကွာအဝေးတူညီစွာခြားထားပြီး အခြေခံအားဖြင့်ဆိုလျှင်တော့ သစ်သားပြားများဖြင့် ခြားထားသည့် ယာယီအစားထိုး “ဆောင့်ကြောင့်ထိုင်အိမ်သာများ” ဖန်တီးထားခြင်းပင်။
ရှောင်ထန်ချိုး ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် ပြတင်းပေါက်တစ်ခုပါသည့် အတွင်းအကျဆုံးအိမ်သာခန်းအား ရွေးလိုက်သည်။
ဒါပေမယ့် အဲ့ဒီနောက်မှာတောင် ကြောက်စရာကောင်းတဲ့ အနံ့ဆိုးကြီးက သူ့နှာခေါင်းပေါက်ကို ကိုယ်ထိလက်ရောက်လာတိုက်ခိုက်နေခြင်းအား မတားနိုင်ခဲ့ပေ။ သူ မြန်မြန်လတ်စသတ်လိုက်ပြီး ထန်းမျန်မျန်ကို စကားတစ်ခွန်းတောင် ပြောခွင့်မပေးပဲ ထွက်သွားတော့သည်။
သန့်စင်ခန်းအနားတွင် ရေတွင်းတစ်တွင်းရှိကာ လက်ဆေးဖို့အတွက် အသုံးပြုဟန်ရှိ၏။ ရေတွင်းဘေးတွင် သိပ်မသန့်ရှင်းသောရေ တစ်ဝက်ရှိနေသည့် သစ်သားဘုံးလေး တစ်ဘုံးရှိနေသည်။
ရှောင်ထန်ချိုး မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။ သူ့အတွေ့အကြုံအရဆိုလျှင် horror ရုပ်ရှင်တို့ ဂိမ်းတို့မှာ ရေတွင်းတွေဆိုတာ သေချာပေါက်ကို လက်ခံနိုင်စရာမရှိပေ။ အလံတစ်ခုက တလူလူလွင့်နေသည်ကို သူမြင်နိုင်လုနီးပါးပင်။
ဒါကြောင့် ရေဘုံးလေးထဲက ရေကို သုံးဖို့ဆုံးဖြတ်လိုက်သည်။ ရေက နည်းနည်းတော့နောက်နေပေမယ့် အဲ့ဒါနဲ့ပတ်သတ်လို့ မှားနေတာတော့ မရှိလောက်ဘူးလေနော်။
ရှောင်ထန်ချိုး လက်ဆေးနေချိန်တွင် ကမ္ဘာကိုတုန်လှုပ်သွားစေသည့် အော်သံတစ်ခုအား ရုတ်တရက်ကြားလိုက်ရလေသည်။
” အား! အား! အား! ”
သူ့ရဲ့အကြားအာရုံက သာမန်လောက်ပဲဖြစ်တာကြောင့် သူနဲ့မရေမတွက်နိုင်အောင် ဂိမ်းတွေဆော့ဖူးတဲ့ ဒီသူငယ်ချင်းကောင်းကြီးကိုတောင် အရင်က မမှတ်မိခဲ့ခြင်းဖြစ်သည်။
အခုလည်း သူ မတုံ့ပြန်နိုင်ခင် အချိန်တစ်ခုလောက် ယူလိုက်ရ၏။ အဲ့ဒါ ထန်းမျန်မျန်ရဲ့အသံ မဟုတ်ဘူးလား။
ထန််းမျန်မျန်များ တစ်ခုခုဖြစ်သွားလို့လား?!
ရှောင်ထန်ချိုး မတ်တပ်ရပ်လိုက်ပြီး လှည့်လိုက်ချိန်တွင် ထန်းမျန်မျန်တစ်ယောက် သန့်စင်ခန်းမှနေ ခလုတ်တိုက်ရင်း ထွက်လာသည်အား မြင်တွေ့လိုက်ရသည်။ ထန်းမျန်မျန်သည် ရှောင်ထန်ချိုးအား မြင်မြင်ချင်းမှာပဲ ချက်ချင်းအော်ပြောလာခဲ့၏။
“အား! အား! အား! အဲ့မှာသရဲတွေရှိတယ်! သွားရအောင်! ငါတို့တွေ ထွက်ပြေးရမယ်! ”
ထိုစကားကိုကြားချိန်တွင် ရှောင်ထန်ချိုးသည် တခြားဘာကိုမှဂရုမစိုက်တော့ပဲ ထန်းမျန်မျန်နောက်မှနေ အလျင်အမြန် ပြေးလိုက်သွားတော့သည်။ နှစ်ယောက်သား တာတိုပြေးပွဲဝင်သလိုမျိုး သူတို့ခြေထောက်တွေကိုသယ်ရင်း သွေးရူးသွေးတန်းပြေးကြလေ၏။ အကွာအဝေးတစ်ခုလောက်အထိ ပြေးပြီးမှ ရှောင်ထန်ချိုးက နောက်ဆုံးတွင်တန့်လိုက်ကာ ဟောဟဲဆိုက်ရင်း ငိုကြွေးတော့သည်။
” ထပ်… မပြေး… နိုင်… တော့ဘူး…”
” မင်းရဲ့သက်လုံအားက ဘာလို့ဒီလောက်တောင်ဆိုးရတာလဲ?! ငါတို့ပြေးရုံပြေးရသေးတာကို! ”
ထန်းမျန်မျန်က ထိတ်လန့်တကြားဖြစ်နေကာ သူ့မျက်နှာက တခြားဘာအရောင်မှမရှိပဲ ဖြူစွတ်နေသည်။ ရှောင်ထန်ချိုး ထပ်မပြေးနိုင်တော့တာကိုမြင်တော့ ထန်းမျန်မျန် အံကြိတ်လိုက်ပြီး ရှောင်ထန်ချိုးကို သူ့ပုခုံးပေါ်ပစ်တင်ကာ ကဆုန်ပေါက်ပြေးတော့သည်။
ရှောင်ထန်ချိုး _ ” …………….. ‘”
ဝှက်သယ်ဖာ့ခ်! ဒီလူလိမ်လူကောက်က ချစ်ဖို့ကောင်းတဲ့ shou မျက်နှာလေးနဲ့ ဘယ်လောက်တောင် အားကောင်းရတာလဲ?! သူ့သက်လုံက ဘာလို့တအားကောင်းနေရတာလဲ?! ဒါက လုံးဝကို ယုတ္တိရှိမနေဘူးနော်! သူက အဲ့လိုပြင်းထန်တဲ့ ကောင်ချောလေး type တွေထဲက တစ်ယောက်လား?!
အားနည်းပြီး ကွန်ပျူတာကိုပဲစိတ်ဝင်စားတဲ့ ဝတုတ်ပြဲကြီးတွေလုပ်ဖို့ သူတို့ အတူတူသဘောတူခဲ့တာမဟုတ်ဘူးလား? ဘာဖြစ်လို့ တစ်ယောက်တည်း တိတ်တိတ်လေး လေ့ကျင့်ခန်းတွေလုပ်ထားတာလဲ အား?!
ရွာလူကြီးအိမ်ကိုသွားတဲ့လမ်းတစ်လျှောက်လုံး ထန်းမျန်မျန်က ရှောင်ထန်ချိုးကို သယ်သွားခဲ့ပေမယ့် ရွာလူကြီးအိမ် ဘယ်အိမ်လဲဆိုတာ သူ မသိခဲ့ပေ။ ရွာလူကြီးနေလောက်မည်ဟု မှန်းဆရင်း ရုတ်တရက်စိတ်ကူးရကာ ရွာထဲမှ အကြီးဆုံးအိမ်ကို ရွေးချယ်လိုက်သော်လည်း မှန်သွားမယ်လို့ မမျှော်လင့်ထားခဲ့ပါ။
ရွာလူကြီးအိမ်တံခါးဝတွင် စောင့်နေကြသည့် တခြားကစားသမားအနည်းငယ်လည်း ရှိနေသည်။ သူတို့ကလည်း သတင်းအချက်အလက်တွေပိုရအောင်လုပ်ဖို့အတွက် ရောက်နေကြခြင်းပင်။
ရှောင်ထန်ချိုးနဲ့ ထန်းမျန်မျန်ရဲ့ အခြေအနေကို မြင်ကြချိန်မှာတော့ တခြားသူများမှာ ထိတ်လန့်ကုန်ကြသည်။ ” ဘာတွေဖြစ်လာကြတာလဲ?! သူသေသွားတာလား? ”
ထန်းမျန်မျန်သည် ရှောင်ထန်ချိုးအား ချက်ချင်းအောက်ချလိုက်ပြီ တခြားကစားသမားများကို သတိထားမိသွားချိန်တွင် မျက်နှာအမူအရာတစ်ခုအား ထုတ်ပြလာရင်း ဆို၏။
” ငါတို့အကယ်ခံလိုက်ရပြီ! ”
ရှောင်ထန်ချိုးမှာ ထန်းမျန်မျန်ပုခုံးပေါ်တွင် အကြာကြီးသယ်ခံလာရပြီးနောက် မူးဝေနေခဲ့သည်။ တုံ့ပြန်စကားဆိုရန် အချိန်တစ်ခုလောက်ယူလိုက်ရ၏။
” ….. ငါ့သူငယ်ချင်းက ခုနတုန်းက သန့်စင်ခန်းထဲမှာ သရဲတွေ့ခဲ့တယ်လို့ပြောတယ် ”
” သရဲလား? ” အော်လိုက်သည့်လူမှာ ကျန်းကျင်ဖင်းဖြစ်ပြီး သူ့မျက်နှာအမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ ” ဒီစိတ်အားငယ်စရာကောင်းတဲ့နေရာမှာ တကယ်ကြီး သရဲတွေရှိနေတာလား?! ”
အဲ့အခိုက်မှာပဲ လော့မန်စုက ရွာလူကြီးအိမ်အပြင်ကနေ ရင်ကိုကော့ရင်း ဝင်လာခဲ့သည်။ သူက သူတို့ရဲ့တုံ့ပြန်ပုံကို ရယ်မောရင်း ” ဒီမစ်ရှင်ကို ‘တံငါရွာရဲ့သရဲအိမ်’ လို့ခေါ်တာလေ။ သေချာပေါက်ကို သရဲတွေရှိမှာပေါ့ ”
လော့မန်စုအသင်းထဲမှ အမြွှာညီအစ်မနှစ်ယောက်မှာ ကြောက်ရွံ့နေကြသည်။ အကြီးဖြစ်သူ တင်းထျန်းထျန်းရဲ့မျက်နှာက စာရွက်တစ်ရွက်ကဲ့သို့ ဖြူစွတ်နေပေ၏၊ ” အမှန်တကယ် သရဲတွေရှိနေတာလား? သရဲတွေက ကျွန်မတို့ကိုထိခိုက်အောင်လုပ်မှာလား? ကျွန်မတို့ကိုသတ်မှာလား? ရှင် ကျွန်မတို့ကိုကာကွယ်ပေးမှာလား?”
” ဒါက အခြေအနေပေါ်မူတည်တယ်။ တချို့သရဲတွေက မုန်းတီးတဲ့ရည်ရွယ်ချက်မရှိနိုင်ပေမယ့် ဒီဂိမ်းရဲ့ ဆက်တင်အရဆိုရင်တော့ အဲ့သရဲတွေက မင်းတို့ကို သေချာပေါက်သတ်ပစ်မှာ ငါအာမခံနိုင်တယ် ” လော့မန်စုသည် အမြွှာညီအစ်မနှစ်ယောက်အား မုန်းစရာကောင်းသည့် အပြုံးတစ်ခုကိုပေးရင်း ” ဒါတွေအားလုံးက မင်းတို့ရဲ့လုပ်ဆောင်ချက်အပေါ်မှာ မူတည်တယ်။ ငါက အကူအညီရတဲ့အသင်းဖော်တွေပဲ လိုချင်တာ။ မင်းတို့နှစ်ယောက်လုံးက ဘာမှအသုံးမဝင်ရင် ငါကဘာလို့ကူညီပေးရမှာလဲ? ”
ညီအစ်မနှစ်ယောက်လုံးက မျက်နှာပျက်သွားကြသည်။ အငယ်ဖြစ်သူ တင်းမီမီသည် ထန်းမျန်မျန်အား တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ကြည့်ရင်း ” ရှင် သရဲနဲ့တွေ့ခဲ့တဲ့အချိန်က အခြေအနေအကြောင်းကို ပြောပြပေးလို့ရမလား? ”
” အင်း၊ ငါတို့တွေ အဲ့ဒါကိုရှောင်ဖို့ အကောင်းဆုံးကြိုးစားရမယ်! ” ကျန်းကျင်ဖင်းက သဘောတူလာခဲ့သည်။
ထန်းမျန်မျန်က ပါးစပ်ဟခါနီးမှာပဲ ရှောင်ထန်ချိုးက သူ့ကို ပြန်ဆွဲထားလိုက်သည်။ သူ မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်း ” ငါတို့ကို အဲ့အကြောင်းပြောစေချင်တယ်ဆိုရင် မင်းတို့ဖက်ကလည်း သတင်းအချက်အလက်တစ်ခုခုတော့ပေးဖို့လိုလိမ့်မယ် ”
သူ့စကားကြောင့် တခြားသူတွေက နည်းနည်းအံ့သြသွားပုံပေါ်ပေမယ့် အဲ့ဒီနောက်မှာတော့ အချင်းချင်းတုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြသည်။ လော့မန်စုက ရှောင်ထန်ချိုးကိုကြည့်ကာ သူ့ခေါင်းပြောင်ပြောင်ကိုပွတ်ရင်း ရယ်မောလာခဲ့၏။
” ငါတို့က သတင်းမလဲချင်တာမျိုးမဟုတ်ပါဘူး”
ကျန်းကျင်ဖင်းက ရှောင်ထန်ချိုးအား ခါးသက်သက်ပြုံးပြလာခဲ့သည်။ သူအဖွဲ့သားများထဲတွင် သူက ယာယီခေါင်းဆောင်အဖြစ် တာဝန်ပေးခံထားရပုံပေါ်ကာ သူတို့ကိုယ်စား စကားပြောလာခဲ့သည်။
” တကယ်က ငါတို့တွေ ဘာမှမရှာနိုင်ကြသေးတာ။ ငါတို့ အိမ်တွေအားလုံးကို စေ့စေ့စပ်စပ်ရှာပြီးပြီ၊ အခုထိ ဘာမှမတွေ့သေးဘူး။ ငါတို့ ဘာကိုရှာရမယ်မှန်းတောင် မသိဘူး ”
တင်းထျန်းထျန်းနဲ့ တင်းမီမီက လော့မန်စုအား ကြည့်လိုက်ကြသည်၊ သူက ပုခုံးတွန့်ပြလာ၏။
” ငါတို့လည်း ဘာမှမရထားဘူး။ ဒါကြောင့်မို့ ရွာလူကြီးဆီလာခဲ့တာပေါ့။ သူ့ဆီက သတင်းရလိုရငြားလာခဲ့ပေမယ့် သူက ပြောမှာမဟုတ်ဘူး ”
စုံတွဲနဲ့ တိတ်ဆိတ်သည့် သုံးယောက်က အနားမှာမရှိပေ။ ပြီးတော့ ဒီနေရာမှာရှိတဲ့ ကစားသမားတွေဆီက သူတို့ ဘာသတင်းမှရနိုင်မည့်ပုံမပေါ်။ ရှောင်ထန်ချိုးက သူ့မေးစေ့ကိုပွတ်ရင်း ထန်းမျန်မျန်အား စပြောရန် အချက်ပြလိုက်သည်။ ခုနတုန်းက ထန်းမျန်မျန် ဘာကြုံခဲ့ရတာလဲဆိုတာ သူလည်း သိချင်သည်လေ။
ထန်းမျန်မျန် ဂလုခနဲ တံတွေးမြိုချလိုက်ပြီး ဖြည်းဖြည်းချင်း ဇာတ်ကြောင်းပြန်လာခဲ့သည်။
” အခုလေးတင် ရှောင်ထန်ချိုးနဲ့ ငါနဲ့ သန့်စင်ခန်းအတူသွားတာကွာ။ ကိစ္စပြီးသွားတော့ ငါ့မှာ သန့်စင်ခန်းသုံးစက္ကူမရှိမှန်းသိသွားတယ်။ အဲ့တော့ ငါက ရှောင်ထန်ချိုးကို အော်ခေါ်တာ။ အစတုန်းကတော့ ဘေးက အိမ်သာခန်းထဲမှာ ဘာလှုပ်ရှားမှုမှမရှိဘူး။ ဒါပေမယ့် စက္ကန့်ပိုင်းလောက်လည်းကြာရော သစ်သားနဲ့ခြားထားတဲ့ အက်ကြောင်းသေးသေးလေးထဲကနေ လက်တစ်ဖက် ဆန့်ထွက်လာတာ ”
ထန်းမျန်မျန်မှာ ငိုချတော့မလိုမျိုး ဆက်ပြောလာခဲ့သည်။
” ငါက ရှောင်ထန်ချိုးဆိုပြီးထင်လိုက်တော့ မစဉ်းစားပဲ အဲ့ဒါကိုယူလိုက်တာ။ ဒါပေမယ့် မျက်နှာပြင်အထိအတွေ့က မူမမှန်တော့ ငါက အနားယူပြီးကြည့်လိုက်ရော။ အဲ့ဒါက အိမ်သာသုံးစက္ကူ မဟုတ်ဘူးဟ! လူသေအတွက် မီးရှို့ပေးတဲ့ ငွေစက္ကူကြီး! ချက်ချင်းပဲ ကျောရိုးထဲက စိမ့်တက်လာပြီးတော့ အဲ့နေရာကနေ ပြေးထွက်လာခဲ့တာ ”
” ဒါဆိုရင် သရဲက ဘယ်လိုပုံမှန်း မင်းမမြင်ခဲ့ရဘူးပေါ့? ” လော့မန်စုက မေးသည်။
ထန်းမျန်မျန်ရဲ့ မျက်နှာသေးသေးလေးက လုံးဝဖြူစွတ်နေခဲ့သည်။
” ကြောက်လို့သေတော့မှာပါဆို! အဲ့သရဲက ဘာနဲ့တူလဲဆိုတာကို သွားကြည့်နိုင်ဦးမယ်ထင်နေတာလား? ”
ခေါင်းဝါက မျက်မှောင်ကျုတ်ရင်း မေးလာသည်။ ” ဒါဆို အဲ့သရဲကို ဘယ်လိုရှောင်ကြမတုန်း? သန့်စင်ခန်းမသွားပဲ နေကြမလား? ”
” အဲ့ဒါအဓိပ္ပါယ်ရှိတယ်၊ သန့်စင်ခန်းကိုမသွားပဲနေဖို့ ကြိုးစားကြမယ် ” မျက်မှန်နဲ့လူက ပြောလာသည်။
Suit ဝတ်ထားသည့်လူက ငြင်းဆန်၏၊ ” တကယ်လို့ သန့်စင်ခန်းသုံးဖို့လိုအပ်လာရင် ဘယ်လိုလုပ်ကြမလဲ? ခြံပုတ်ထဲမှာ ကိစ္စရှင်းဖို့ကြံနေတာလို့တော့ မပြောနဲ့နော်! အဲ့ဒါက ဘယ်လောက်ထိ ရွံဖို့ကောင်းပြီး ကျန်းမာရေးနဲ့မညီညွတ်လိုက်လဲ?! ”
လော့မန်စုက လှောင်ရယ်လာသည်၊ ” အသက်ရှင်နေတာထက် သန့်ရှင်းမှုက ပိုအရေးကြီးတာလား? မင်းသာသေသွားရင် သန့်ရှင်းမှုအကြောင်း စောဒကတက်ဖို့ အခွင့်အရေးတောင်ရလိုက်မှာမဟုတ်ဘူး ”
မိန်းကလေးတွေက အတော့်ကို မသက်မသာဖြစ်နေပုံ။ သို့သော်လည်း သန့်စင်ခန်းထဲက သရဲကိုပိုကြောက်ရတာကြောင့် ဘာကန့်ကွက်မှုမှ ဖော်ပြမလာခဲ့ပေ။
ရှောင်ထန်ချိုးက ထန်းမျန်မျန်ကို မေးလိုက်သည်။ ” အဲ့တော့ မင်း အဲ့ဒါကိုသုံးလိုက်လား? ”
ထန်းမျန်မျန် ရှုပ်ထွေးလျက် ” ဘာကိုသုံးတာလဲ?”
ရှောင်ထန်ချိုးက ပြန်ဖြေ၏။ ” ငွေစက္ကူလေ ”
” ………. သုံးခဲ့တယ် ”
” ဟား! ” လော့မန်စုရဲ့ ရယ်သံက နည်းနည်းထူးဆန်းနေသည်။ ” အဲ့ဒါက ဘယ်လိုခံစားရလဲ?”
” နည်းနည်းတော့ကြမ်းပေမယ့် ငါက ယူပြီးသွားပြီလေ။ အိမ်သာသုံးစက္ကူလည်း ပါသွားတာမဟုတ်တော့… ” ထန်းမျန်မျန်တစ်ယောက် အနီရောင်ပြောင်းသွားခဲ့သည်။
ရှောင်ထန်ချိုးသည် ရုတ်တရက် အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် စိတ်ပျက်သည့်အကြည့်ဖြင့် ” နေဦး၊ မင်းလက်ဆေးခဲ့လား? ”
ထန်းမျန်မျန်သည် ရှက်ရွံ့မှုဖြင့် နီရဲတွတ်နေလျက်၊ ” ဒါက အရေးပေါ်အခြေအနေလေ! မင်းက ငါလက်ဆေးလား မဆေးဘူးလားဆိုတာကိုပဲ ထပ်တလဲလဲပြောနေတော့မှာလား? ”
” အင်း၊ အခု ဘေးကင်းသွားပြီပဲ၊ ဟိုမှာရေရှိတယ်။ မြန်မြန်လက်သွားဆေးချေ ”
ထန်းမျန်မျန်သည် မှားယွင်းခံနေရသည့် ပါပီတစ်ကောင်လိုဖြစ်နေသော်လည်း ရွာလူကြီးအိမ်ဘေးသို့ လမ်းလျှောက်သွားနေဆဲပင်။ အဲ့မှာ ရေတစ်ပုံးရှိနေပြီး သူလက်ဆေးဖို့ သုံးလိုက်၏။
ရှောင်ထန်ချိုး ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရာ မှောင်နေပြီမှန်း သတိထားမိသွားခဲ့သည်။ လမ်းပေါ်တွင် ရွာသားတစ်ယောက်မှမရှိတော့ပဲ လမ်းမီးတိုင်များလည်း ရှိမနေ။ အမှောင်ထုသည် အမျိုးအမည်မသိသည့်အရာ၏ တည်ရှိမှုကို ကြေငြာနေပုံရသည်။
” ငါတို့ အခုပြန်ကြရင်မကောင်းဘူးလား? မှောင်တောင်မှောင်နေပြီ ”
လော့မန်စုက ခေါင်းညိတ်လာခဲ့သည်။ ” ပြန်ရအောင် ”
ရှောင်ထန်ချိုး အိမ်ထဲကိုကြည့်လိုက်ရာ ရွာလူကြီးက ခွေးခြေတစ်ခုပေါ်တွင် ထိုင်နေသည်အား မြင်လိုက်ရသည်။ သူက လုံးဝကိုလှုပ်ရှားမှုကင်းမဲ့နေကာ ရုပ်ထုတစ်ခုနှင့် ဆင်တူလှသည်။ မျက်တောင်ခတ်နေသေးတာကြောင့်သာ မဟုတ်ပါက ထိုအဖိုးကြီးသေသွားပြီဟူ၍ ရှောင်ထန်ချိုးတွေးမိလောက်သည်။ သို့သော် သူ့ရဲ့လှုပ်ရှားမှုမရှိသည့် မူမမှန်ခြင်းကပဲ ပိုပြီးစိုးရိမ်စရာကောင်းတဲ့ ပန်းချီကားတစ်ချပ်ကို ရေးဆွဲနေလေသည်။
ရွာလူကြီးရှေ့ရဲ့ရှေ့တွင် ညစ်ပတ်နေသည့် စားပွဲခုံတစ်လုံးရှိနေသည်။ စားပွဲထက်ရှိ ဒီဇယ်မီးအိမ်ဆီမှ မှိန်ဖျဖျအဝါရောင်အလင်းက ဖြာကျလျက်။ ၎င်းက အလွန်ပဲမှိန်ဖျော့လွန်းပြီး အချိန်မရွေး မီးငြိမ်းသွားတော့မလို ထင်ရသည်၊ သို့သော် ညရဲ့အမှောင်ထုကို ဆန့်ကျင်လျက် ပိန််းနက်အောင်မဲမှောင်နေသည့် တံငါရွာထဲတွင် ဒီအလင်းကသာ တောက်ပကျန်ရစ်နေလေသည်။
သူတို့အားလုံး ရွာလူကြီးအိမ်မှထွက်လာပြီး သူတို့ရဲ့ယာယီတည်းခိုစရာနေရာဆီ ပြန်သွားလိုက်ကြသည်။
ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက် ရှောင်ထန်ချိုးသည် ရွာလူကြီးအိမ်အား ပြန်လှည့်ကြည့်လိုက်သည်။ သူတို့သတိမထားမိလိုက်ခင်မှာပဲ တံခါးက တိတ်တဆိတ်ပိတ်သွားခဲ့ပြီ။
ခဏအကြာမှာပဲ အိမ်ထဲရှိ အလင်းရောင်များ ငြိမ်းသတ်သွားတော့သည်။