Chapter 8
P.S. သူတို့ရဲ့ မစ်ရှင်ခေါင်းစဉ်နဲ့ သင့်တော်အောင်လို့ “အဆောက်အအုံကြီး” အစား “အိမ်ကြီး” လို့ သုံးပါမယ်။
~~~
အပြန်လမ်းတွင် လူတိုင်းမှာ အမှောင်ထဲမှ တစ်ခုခုက ရုတ်တရက်ခုန်ထွက်လာမှာကို ကြောက်ရွံ့ပြီး စိတ်လှုပ်ရှားနေခဲ့ကြသည်။ အံ့သြစရာကောင်းစွာပဲ ဘေးကင်းကင်းနဲ့ ပြန်ရောက်သွားကြသည်။
သူတို့တွေ အိမ်ထဲဝင်ဝင်ချင်းမှာပဲ လော့မန်စုက စားပွဲပေါ်ရှိ ဒီဇယ်မီးအိမ်ကို ချက်ချင်းမီးညှိလိုက်၏။ ထိုအခါမှသာ စားပွဲပေါ်တွင် လုံးဝစားမြိန်မည့်ပုံမပေါ်သည့် ငါးဟင််းပန်းကန်များရှိနေမှန်း သတိထားမိသွားကြသည်။
” အတိအကျကို 13 ပန်းကန်ပဲ ” ရှောင်ထန်ချိုး ရေတွက်လိုက်သည်။ ” ဒါတွေကို ဘယ်သူပြင်ထားလို့ထင်လဲ? ”
သူတို့အကြည့်က ငါးပေါ်တွင် မြဲမြံနေကာ သတိထားလျက် အနီးကပ်စစ်ဆေးနေကြသည်။ သူတို့တွေ ငါးကို စားလို့ရတာလား မရတာလား မသေချာပေ။ ခံတွင်းမတွေ့ပုံပေါ်တာကလွဲရင် ငါးက စားလို့ရ,မရကို သူတို့ ပိုပြီးစိတ်ပူကြသည်။ ဒီတံငါရွာက တကယ်ထူးဆန်းတာဆိုတော့ ဒါကို စားလို့ရ,မရ ဘယ်သူကသိမှာလဲလေ။
” ငါးကိုပြင်ဆင်ထားတဲ့သူက system မဟုတ်ရင် NPC တစ်ယောက်ဖြစ်လိမ့်မယ်။ ငါတို့တွေ ပထမအဆင့်ထဲမှာ စားဖို့လိုနေတုန်းပဲလေ။ system က ငတ်ပြီးသေအောင်တော့ ထားမှာမဟုတ်ဘူး ” လော့မန်စုက မစဉ်းစားတော့ပဲ ထိုင်ချလိုက်သည်။ အဲ့နေရာမှာ တူတွေပေးထားတာမျိုးမရှိတာကြောင့် ပန်းကန်တစ်ပန်းကန်ကို ဆွဲယူပြီး လက်တွေနဲဲ့ စစားတော့၏။ ” ဒါက မင်းတို့အပေါ်မှာမူတည်တယ်။ စားချင်တယ်ဆိုရင် စားလိုက်။ မစားချင်ဘူးဆိုရင်လည်း ဘယ်သူကမှ အတင်းကျွေးနေမှာမဟုတ်ဘူး။ ဒါပေမယ့် ငါတို့တွေ ရက်ပိုင်းလောက်တော့ ဒီမှာထပ်နေရဦးမယ်ထင်တယ် ”
ရှောင်ထန်ချိုး မျက်မှောင်ကျုံ့သွားသည်။ လော့မန်စုစကားတွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်မှာ သိသာလှသည်။ သူတို့တွေ အငတ်ခံနေမလား ဒါမှမဟုတ် လက်ခံနိုင်စရာမရှိတဲ့ ငါးကို သူတို့ဘာသာတွန်းအားပေးရင်း ဗိုက်ဖြည့်မလား ဆိုတဲ့ နှစ်ခုကြားမှာသာ ရွေးချယ်နိုင်ပေသည်။ သူတို့တွေ အငတ်ခံဖို့ရွေးချယ်လိုက်ပါက ရုပ်ပိုင်းဆိုင်ရာ အားနည်းသွားမည်ဖြစ်ကာ ဒီထူးဆန်းသည့် တံငါရွာထဲတွင် အန္တရာယ်က ထောင့်တိုင်းမှာ ပုန်းခိုနေသည်။ အချိန်မရွေး သူတို့ရဲ့အသက်ကို ဆုံးရှုံးလိုက်ရနိုင်သည်။
ရှောင်ထန်ချိုးသည် ထန်းမျန်မျန်ကို ဆွဲချပြီး သူနဲ့အတူထိုင်စေလိုက်သည်။ ထန်းမျန်မျန်အား ကြည့်လိုက်ပြီး ငါးကိုစားဖို့ လက်ဟန်အမူအရာပြလိုက်၏။ သေချာပေါက်ကို ထန်းမျန်မျန်က ဆန္ဒမရှိသော်လည်း အရသာမြည်းကြည့်ဖို့အတွက် ငါးအဖဲ့လေးတစ်ဖဲ့ကို ကောက်ယူလိုက်ဆဲပင်။ သူ့ရဲ့အရသာခံဖုများမှာ ထူးဆန်းသည့်အရသာဖြင့် တိုက်ခိုက်ခံလိုက်ရပြီး စက်ဆုပ်ရွံ့ရှာမှုဖြင့် အော့အန်မတတ်ဖြစ်သွားစေလေသည်။
ထန်းမျန်မျန် သူ့ဘေးရှိ လော့မန်စုအား ငေးကြည့်မိသွားသည်။ အဲ့လောက်ရွံ့စရာ အရသာကြီးကို မျက်နှာတစ်ချက်မပျက်ပဲ ဘယ်လိုများ မြိုချပစ်လိုက်တာတုန်း?
လော့မန်စု ရယ်မောလိုက်သည်၊ ” ငါက ဒီထက်ဆိုးတာတောင်စားဖူးတယ်။ တကယ်တော့ ဒါတွေအားလုံးက ငါ့အတွက်အတူတူပဲ။ ခေါင်းဖြစ်ဖြစ် အမြီးဖြစ်ဖြစ် အရေးမကြီးဘူး။ ကြွပ်ရွပြီး အသားအရသာပဲ ”
ရှောင်ထန်ချိုးသည် သူ့နှာခေါင်းကို လက်ညှိုးနှင့်လက်မဖြင့် ဖျစ်ထားရင်း မသတီစရာအနံ့ကြီးအား တားဆီးကာ ငါးဖဲ့လေးနှစ်ဖဲ့ကို အတင်းမြိုချလိုက်သည်။ တချို့က စားဖို့ကိုရွေးချယ်ကာ တချို့ကတော့ အဆာခံနေဖို့ကို လိုလားကြသည်။
ခဏကြာပြီးနောက် စုံတွဲက အိမ်ထဲကိုဝင်လာသည်၊ သို့သော် အံ့သြစရာအကောင်းဆုံးကတော့ သူတို့နဲ့အတူ ဖရဲသီးတစ်လုံး သယ်လာခြင်းပင်။
” အဲ့ဖရဲသီးက ဘယ်ကရလာခဲ့တာလဲ? ” ရှောင်ထန်ချိုး လုံးဝရှော့ရသွားခဲ့၏။ ခုနက သူနဲ့ ထန်းမျန်မျန် နှစ်ယောက်သား တစ်ရွာလုံးပတ်ပြေးခဲ့တာတောင် ဖရဲသီးကို မတွေ့ခဲ့ရပေ။
လုရှောင်တောက်သည် ရွာလယ်ရှိ အိမ်ကြီးဖက်သိို့ လက်ညှိုးထိုးပြလာခဲ့သည်။ ” ဘာတွေဖြစ်နေလဲဆိုတာ သိရအောင်လို့ အခုလေးတင် ဟိုအိမ်ကြီးအနားကို သွားကြည့်ခဲ့တာ။ အဲ့အိမ်ကြီးရဲ့ ခြံအနောက်ဖက်မှာ ဧရာမဖရဲပင်ကြီးတစ်ပင်ရှိတယ်။ သစ်ကိုင်းတွေက နံရံကိုကျော်ပြီး ဆန့်ထွက်နေတာ။ ဒါကြောင့် နံရံကိုချိတ်တက်ပြီး ဖရဲသီးတစ်လုံး ခူးလာခဲ့တာ”
ကျန်းကျင်ဖင်းက သူ့တိုကို လှောင်ရယ်လိုက်သည်။ ” မင်းတို့လာနောက်နေတာလား? ဖရဲသီးတွေက သစ်ပင်ပေါ်မှာမှ မသီးတာ၊ ဘယ်လိုလုပ်ပြီး ဖရဲသီးသစ်ပင်က ရှိမှာလဲ? ”
လုရှောင်တောက်ရဲ့ မျက်နှာဟာ မခံမရပ်နိုင်မှုကြောင့် နီရဲတွတ်ရင်း ” ကျွန်မနောက်နေတာမဟုတ်ဘူး! အဲ့အိမ်ကြီးရဲ့ အနောက်ဖက်ခြံထဲမှာ အမှန်တကယ် ဖရဲသီးသစ်ပင်ရှိနေတာ။ ကျွန်မကောင်လေးရော ကျွန်မရော အသေချာမြင်ခဲ့ကြတာ! ရန်ပင်း၊ သူတို့ကိုပြောပြလိုက် ”
ရန်ပင်းက သူမကို ထောက်ခံပေးလာခဲ့သည်။” ငါတို့ကိုမယုံဘူးဆိုရင် မနက်ဖြန်ကျ ကိုယ့်ဘာသာသွားကြည့်လိုက်ပေါ့! ”
” ဖရဲသီးသစ်ပင်လား? အတော်လေးစိတ်ဝင်စားစရာပဲ ” လော့မန်စုက သူ့မျက်လုံးသေးသေးလေးများကို မှေးကျဉ်းလိုက်သည်၊ ” တခြားတစ်ခုခု တွေ့ခဲ့သေးလား? ငါတို့သိတာတွေကို အချင်းချင်းမျှဝေပေးလို့ရတယ် ”
သူတို့အားလုံး သတင်းလဲလှယ်ခဲ့ကြပေမယ့် အသုံးဝင်တာ ဘာမှမရှိပေ။
လုရှောင်တောက်နှင့် ရန်ပင်းက စားပွဲပေါ်မှ ငါးကိုမြင်ချိန်တွင် မစားဖို့ဆုံးဖြတ်လိုက်ကြသည်။ ပြောရရင် သူတို့မှာ ဖရဲသီးတစ်လုံးရှိနေသည်လေ။ လုတာ့သုန်က သူစားနေတဲ့ငါးကို ချထားပြီး ရိုင်းရိုင်းစိုင်းစိုင်း တောင်းဆိုလာခဲ့သည်၊ ” ဟေး မင်းတို့တွေ သိပ်ပြီးတစ်ကိုယ်ကောင်းမဆန်နဲ့! အဲ့ဖရဲသီးကို ငါတို့နဲ့အတူ မျှစားသင့်တာပေါ့! ”
ရန်ပင်းက မီးဖိုချောင်ထဲမှ ရှာတွေ့လာသည့် သံချေးတက်နေသော မီးဖိုချောင်သုံးဓားကို သုံးပြီး ဖရဲသီးလှီးလိုက်သည်။ သူက လုတာ့သုန်ရဲ့စကားကို အေးတိအေးစက်ပဲ ငြင်းဆိုလိုက်၏၊ ” ဒီဖရဲသီးကို ငါတို့ခူးလာခဲ့တာ။ မင်းတို့စားချင်တယ်ဆိုရင် ကိုယ့်ဘာသာသွားခူးကြ ”
လုတာ့သုန်သည် ရန်ပင်းကို စူးစူးဝါးဝါးကြည့်ရင်း ” ဟမ့်! ငါတို့ကောင်းကောင််းမွန်မွန် တောင်းဆိုနေတုန်း ပေးလိုက်တာကောင်းမယ်နော်! ”
” မေ့လိုက်တော့! ” ကျန်းကျင်ဖင်းက လုတာ့သုန်ကို ဘေးသို့ဆွဲလိုက်သည်၊ ” ဖရဲသီးနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေလားဆိုတာကို ဘုရားပဲသိမှာ။ အဲ့အိမ်နဲ့ပတ်သတ်ပြီး သေချာပေါက် ထူးဆန်းတာတစ်ခုခုရှိလိမ့်မယ်! ”
လုတာ့သုန်သည် စုံတွဲအား ဒေါသတကြီးစိုက်ကြည့်လိုက်သော်လည်း တခြားဘာမှမပြောခဲ့ပေ။
အခန်းထဲမှ လေထုက တစ်နည်းနည်းဖြင့်တင်းမာနေခဲ့သည်။ သို့သော် ဒါက မျှော်လင့်ထားသလိုပင်။ သူတို့သာ ဒီစိတ်ပျက်စရာ တံငါရွာဆီကို ရှင်းမပြနိုင်သည့်နည်းလမ်းဖြင့် ခေါ်လာခံခဲ့ရတာမဟုတ်ပါက သူတို့ဟာ သူစိမ်းတွေဖြစ်နေဦးမည်သာ။ အခုတောင် အခွင့်အားလျော်စွာ ဆုံတွေ့ကြသည့် သူစိမ်းတွေဖြစ်ရုံမျှ။ အဲ့အပြင်ကို နေရာတိုင်းမှာ အန္တရာယ်ပုန်းခိုနေသည့် ဒီထူးဆန်းသည့်နေရာကြီးကို ရောက်လာကြကတည်းက အလွယ်တကူဒေါသထွက်နိုင်သည့် အခြေအနေကို ရောက်ရှိနေခဲ့ကြ၏။ ပဋိပက္ခက မလွဲဧကန်ဖြစ်လာမည်ပင်၊ သူတို့လိုအပ်နေတာဆိုလို့ တွန်းအားအနည်းငယ်တစ်ခုသာ…
လူတစ်ယောက်ကလွဲ၍ သူတို့ရဲ့ မျက်နှာအမူအရာများမှာ ရုပ်ဆိုးသွားခဲ့ကြသည်၊ ထိုလူကတော့ သူ့အပေါ် ဘာအကျိုးသက်ရောက်မှုမှ ရှိမနေသလိုပင််။
ရှောင်ထန်ချိုးသည် အော်ဂလီဆန်စရာ ငါးကို အလျင်အမြန်စားနေဆဲဖြစ်သည့် လော့မန်စုအား ကြည့်လိုက်သည်။ သူ မျက်ခုံံးတစ်ဖက်ပင့်လိုက်ရင်း ” အစပိုင်းက ပထမအဆင့်နဲ့ system အကြောင်းကို ခင်ဗျားပြောခဲ့တယ်နော်။ ဂိမ်းဆိုတာက ဘာလဲ? ဒီကမ္ဘာနဲ့ မစ်ရှင်တွေအကြောင်းကို ပိုပြောပေးနိုင်မလား? ”
လူတိုင်းက လော့မန်စုကို လှည့်ကြည့်လာခဲ့ကြသည်။ ရှင်းလင်းစွာပဲ အဲ့မေးခွန်းတွေရဲ့ အဖြေကို သူတို့လည်းသိချင်သည်လေ။
လော့မန်စုသည် ငါးရိုးတစ်ရိုးကို ထွေးထုတ်လိုက်ပြီး ” မင်းက သိချင်တယ်လား? ဂိမ်းကို အရင်အောင်,အောင်လုပ်၊ ဒါဆို မင်းကိုပြောပြမယ်! မင်းမနက်ဖြန်သေသွားရင် ဘယ်လိုလုပ်မလဲ? ငါ့အချိန်တွေကို အလဟဿဖြုန်းတီးလိုက်သလို ဖြစ်မသွားဘူးလား? ”
” ဟေး! အဲ့စကားကို ဘယ်လိုလုပ်ပြောနိုင်ရတာလဲ! ” လုရှောင်တောက် နည်းနည်းမပျော်မရွှင်ဖြစ်သွားသည်။
” ဟမ့်! ငါပြောလိုက်တာ အမှန်ပဲကို။ မင်းတို့လူသစ်တွေက တအား အ,လွန်းတယ် ” လော့မန်စု သူ့ငါးကိုစားလို့ပြီးသွားပြီးနောက် မတ်တပ်ထရပ်ပြီး သူ့ရဲ့ ဘီယာဗိုက်ကို ပုတ်လိုက်သည်။ ” ဒီအိမ်မှာ အခန်းသုံးခန်းရှိတယ်၊ တစ်ခန်းစီမှာ ကုတင်နှစ်လုံးနဲ့။ အခန်းတစ်ခန်းမှာ လူလေးယောက်, ငါးယောက် နေရမှာဆိုပေမယ့် ဟိုသုံးယောက်က အခုထိပြန်မလာသေးဘူး။ ငါတော့ သူတို့ ပြန်လာမှာမဟုတ်ဘူးထင်တယ် ။ တင်းထျန်းထျန်း၊ တင်းမီမီနဲ့ ငါနဲ့က တစ်ခန်းယူမယ်။ ကျန်တဲ့နှစ်ခန်းမှာ မင်းတို့နေကြ ”
ရှောင်ထန်ချိုးမှာ လော့မန်စုစကားတွေရဲ့ သွယ်ဝိုက်ညွှန်းဆိုမှုဆီမှ ထိတ်လန့်နေရခြင်းကြောင့် အမြွှာညီအစ်မနှစ်ယောက်နှင့် အခန်းတစ်ခန်းယူလိုက်ခြင်းတွင် ဖုံးကွယ်ထားသည့်အရာတစ်ခုခုများ ရှိ,မရှိဆိုတာကို စူးစမ်းနေဖို့ အချိန်မရှိခဲ့ပေ။
” သူတို့ပြန်လာမှာမဟုတ်ဘူးလို့ ပြောလိုက်တယ်နော်။ အဲ့ဒါက ဘာအဓိပ္ပါယ်လဲ? သူတို့အားလုံး သေသွားတာလား? ”
” ငါးဆယ့်နှစ်ပန်းကန်ကျန်သေးတာဆိုတော့ သူတို့ အသက်ရှင်နေသေးတယ် ” လော့မန်စု နိမိတ်မကောင်းစွာ ရယ်မောလိုက်သည်၊ ” ဒါပေမယ့် မနက်ဖြန်ကျ အသက်ရှင်နေဦးမလားဆိုတာကို မပြောနိုင်ဘူးလေ ”
လုရှောင်တောက် တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ ” ….. တကယ်တော့ လွန်ခဲ့တဲ့နာရီပိုင်းတုန်းက ရန်ပင်းနဲ့ ကျွန်မနဲ့ သူတို့သုံးယောက် ဟိုအိမ်ကြီးထဲကိုဝင်သွားတာ မြင်လိုက်တယ် ”
” ဘာ?! သူတို့တွေ အဲ့အိမ်ကြီးထဲ ဝင်သွားတယ်?” သူတို့အားလုံး မှင်သက်သွားခဲ့၏။
လုရှောင်တောက် ခေါင်းညိတ်ပြကာ သူ့ကောင်လေးကို လှည့်ကြည့်လိုက်ပြီးနောက် ဆက်ပြောလာခဲ့သည်။ ” အဲ့အိမ်ကြီးကို ယွမ်အိမ် လို့ ခေါ်တဲ့ပုံပဲ။ သူတို့တွေ တံခါးခေါက်လိုက်တော့ တံခါးက သူ့ဘာသာသူပွင့်သွားတာ မြင်လိုက်ရတယ်။ ဒါပေမယ့် သူတို့က လုံးဝမကြောက်ကြဘူး။ တစ်စက္ကန့်တောင်မတွေးပဲ ဝင်သွားခဲ့ကြတာ….. ရန်ပင်းနဲ့ ကျွန်မနဲ့က နည်းနည်းကြောက်မိတော့ သူတို့နောက်ကို လိုက်မသွားခဲ့ဘူး ”
လူတိုင်း တိတ်ဆိတ်သွားကြသည်မှာ လုတာ့သုန်က တိတ်ဆိတ်မှုကို ချိုးဖျက်မလာခင်အထိ၊ ” ဒါဆို သူတို့ သေကုန်ကြတော့မှာပဲ! ”
လော့မန်စု ပုခုံးတွန့်လိုက်ပြီး အခန်းတစ်ခန်းဆီ ဝင်သွားတော့သည်။ အမြွှာညီအစ်မနှစ်ယောက်က သူ့နောက်မှ လိုက်သွား၏။ ကျန်းကျင်ဖင်းနဲ့ သူ့အသင်းဖော်နှစ်ယောက်က အတွင်းအကျဆုံးအခန်းကို ရွေးလိုက်တာကြောင့် ရှောင်ထန်ချိုးနှင့် ကျန်သုံးယောက်မှာ တံခါးနဲ့အနီးဆုံး အခန်းကို ယူလိုက်ဖို့ကလွဲရင် ရွေးချယ်စရာမရှိတော့ပါ။
သို့သော် အခန်းတွေကို ညီတူညီမျှခွဲထားခြင်းကြောင့် ဘယ်အခန်းပဲရရ အရေးမကြီးပေ။ အခန်းထဲတွင် ခေတ်ဟောင်းပုံစံ သစ်သားကုတင်ကျဉ်းကျဉ်းလေးနှစ်လုံး ပါရှိကာ တခြားပရိဘောဂတွေမရှိပေမယ့် နံရံတစ်ခုရဲ့ ခပ်မြင့်မြင့်နေရာမှာတော့ ပြတင်းပေါက်သေးသေးလေးတစ်ခု ရှိနေသည်။
ရှောင်ထန်ချိုးနဲ့ ထန်းမျန်မျန်က ကုတင်တစ်လုံးကို မျှသုံးလိုက်ပြီး လုရှောင်တောက်နဲ့ ရန်ပင်းက တခြားတစ်ခုကို မျှသုံးကြသည်။
အခန်းထဲတွင် ဒီဇယ်မီးအိမ်မရှိတာကြောင့် အမှောင်ထဲတွင် သူတို့ရဲ့ ဆန့်ကျင်ဖက်ဦးတည်ရာကိုသာ ခံစားမိလေသည်။ ရှောင်ထန်ချိုးက စုံတွဲကို ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာကြောင်း မေးကြည့်လိုက်၏။
အစပိုင်းမှာတော့ ရန်ပင်းက ဒီအကြောင်းကိုပြောဖို့ တုံ့ဆိုင်းနေခဲ့ပေမယ့် ရှောင်ထန်ချိုးနဲ့ ထန်းမျန်မျန်တို့ပုံက အန္တရာယ်မရှိတာကြောင့်ဖြစ်နိုင်ကာ ဖြည်းဖြည်းချင်း အမှန်အတိုင်းပြောပြလာခဲ့သည်။
“ရှောင်တောက်နဲ့ ငါနဲ့က အင်တာနက်ကဖေးတစ်ခုမှာ ဂိမ်းဆော့နေတုန်း မီးပြတ်သွားတာ။ နောက်တစ်ခုငါတို့သိတာကတော့ ဒီကိုရောက်နေတာပဲ ”
” ဂိမ်း? ဘာဂိမ်းလဲ? ” ရှောင်ထန်ချိုး သူ့နှလုံးခုန်သံ တစ်ချက်လွဲသွားသလို ခံစားလိုက်ရသည်။
ရန်ပင်းက အတော်လေးနာမည်ကြီးသည့် အွန်လိုင်းတစ်ခုရဲ့နာမည်ကို ပြောပြပြီးနောက် မေးလာခဲ့၏။ ” မင်းတို့ကရော? ”
ရှောင်ထန်ချိုးသည် ပိုအရေးကြီးသည့် အသေးစိတ်အချက်အလက်တချို့ကို ချန်လှပ်ထားပြီး ပြောလိုက်သည်။
” ငါတို့လည်း ဗွီဒီယိုဂိမ်းတွေဆော့နေခဲ့ကြတာ ”
” ……. ဒါက ဘာလို့ ဗွီဒီယိုဂိမ်းတွေနဲ့ ဆက်စပ်နေတာလဲ? ” ရန်ပင်းက စိတ်ရှုပ်သွားဟန်ပင်။
” ငါလည်းမသေချာဘူး…. ” ရှောင်ထန်ချိုး သက်ပြင်းချလိုက်သည်။
ထို့နောက်တွင် ရန်ပင်းနဲ့ လုရှောင်တောက်က အချင်းချင်း စတင်ပြီးတီးတိုးပြောကြတော့သည်။ ရှောင်ထန်ချိုးလည်း ထန်းမျန်မျန်ဖက်ကိုလှည့်ပြီး ညင်ညင်သာသာပြောလိုက်၏၊
” ဘယ်သူ့ကိုမှ ‘အသူတရာချောက်နက်’ အကြောင်း အရင်မပြောပြလိုက်နဲ့ ”
ထန်းမျန်မျန်က အမှောင်ထဲတွင် ခေါင်းညိတ်ပြပြီး တိတ်တိတ်လေးပြောလာခဲ့သည်၊ ” ငါဗိုက်ဆာတယ်…. ” ငါးက အနံ့ဆိုးပြီး အော်ဂလီဆန်စရာကောင်း၏။ သူ့နှာခေါင်းကိုပိတ်ထားတာတောင် အဖဲ့လေးတစ်ဖဲ့ကိုပဲ စားနိုင်ခဲ့သည်။
ရှောင်ထန်ချိုး သူ့အင်္ကျီအိတ်ကပ်ထဲကို စမ်းကြည့်လိုက်ရာ နို့သကြားလုံးလေးတစ်လုံး ရှာတွေ့တာကြောင့် ထန်းမျန်မျန်ကို ပေးလိုက်သည်။ ထန်းမျန်မျန်က တုံ့ဆိုင်းနေခဲ့ပေမယ့် ရှောင်ထန်ချိုးက သူ့ရဲ့စိုးရိမ်မှုကို ပယ်ဖျက်ပေးလိုက်၏၊ ” စိတ်မပူနဲ့၊ ငါ့မှာ ထပ်ရှိသေးတယ်”
ထန်းမျန်မျန်သည် သကြားလုံးကို ယူလိုက်ပြီး တိတ်တဆိတ်စားလိုက်သည်။
” ဒီနေရာမှာ တကယ်အန္တရာယ်ရှိသလိုခံစားရပေမယ့်…. ” ရှောင်ထန်ချိုး ပူဆွေးတမ်းတလိုက်မိသည်။ ” ဒီနေ့ တစ်ယောက်မှမသေလို့ တော်သေးတာပေါ့ ”
ထန်းမျန်မျန်သည် သကြားလုံးကို ပြွတ်ခနဲစုပ်ရင်း ဗလုံးဗထွေးပြောလာခဲ့သည်။ ” ဖာ့ခ်! မင်း အလံတွေလွှင့်နေတာ ရပ်လိုက်လို့ရမလား?! အလံတစ်ခုကို ဆွဲလိုက်ရင် အဲ့ဒါကိုလက်ခံရမယ်ဆိုတာ မသိဘူးလား! ”
(T/N – ဂိမ်းအခေါ်အဝေါ်တစ်ခုပါ။
အချစ်အလံနဲ့ သေဆုံးခြင်းအလံဆိုပြီး အလံနှစ်မျိုးရှိပါတယ်။ ” ငါသေမှာမဟုတ်ဘူး” ဆိုပြီးပြောရင် အဲ့ဒါ အလံလွှင့်တာပါ။ ငါသေရင်ဆိုတာက အလံကို လက်ခံရတာပါ။ ငါသေမှာမဟုတ်မှန်းသေချာတဲ့အချိန်မှာ သေသွားနိုင်တယ်လို့ပြောရင် အဲ့ဒါက အလံဆွဲတာပါ)
ရှောင်ထန်ချိုး အငြင်းစကားဆိုလိုက်၏။ ” ဒါပေမယ့် ဒါက ဂိမ်းမှမဟုတ်တာ…. ”
သူ စကားပြောပြီးချိန်မှာပဲ အော်သံတစ်ခုကို ရုတ်တရက်ကြားလိုက်ရလေသည်။
” အားးးးးး! ”
တိတ်ဆိတ်နေသည့် ညလယ်ခေါင်တွင် အနှီသွေးပျက်ဖွယ်အော်သံက တိတ်ဆိတ်မှုကို ဖြိုခွဲသွားခဲ့လေ၏။