Chapter 9
ရှောင်ထန်ချိုး _ ” ….. ”
ထန်းမျန်မျန် ဆူပူကြိမ်းမောင်းလိုက်သည်။
” …… ကြည့်! ငါပြောသားပဲ! ”
သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ထထိုင်လိုက်ကြသည်။ စုံတွဲဟာလည်း ထိတ်လန့်နေလေကာ ကြောက်လန့်တကြား မေးလာခဲ့၏။
” ဘာဖြစ်တာလဲ? ”
အော်သံက ရပ်မသွားပဲ အဲ့အစား ပိုပိုပြီးသာ ကျယ်လာခဲ့သည်။ ၎င်းက သူတို့ရဲ့ကျောရိုးတွေကို စိမ့်တက်သွားစေ၏။ ဒီလောက်ကြောက်လန့်တကြား အော်နေရလောက်တဲ့အထိ ဒီလူက ဘယ်လိုညှင်းဆဲမှုဝေဒနာကို ကြုံနေရတာလဲ ?
ရှောင်ထန်ချိုး တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ ” တစ်ချက်လောက်သွားကြည့်ရအောင် ”
လုရှောင်တောက်ဟာ ကြောက်လန့်နေရင်း သူ့အား တားဆီးဖို့ကြိုးစားလာခဲ့သည်။
“အဲ့ဒါက အန္တရာယ်များရင် ဘယ်လိုလုပ်မလဲ? ”
” အနည်းဆုံးတော့ ငါတို့ကြုံနေရတာက ဘာလဲဆိုတာကို အဖြေရှာရမယ် ”
ထန်းမျန်မျန်လည်း အမှန်တကယ်ကို ကြောက်လန့်နေခဲ့ပေမယ့် တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားရင်းနဲ့ ပြောလိုက်သည်။
” တကယ်လို့ နောက်တစ်ခေါက်က ငါတို့အလှည့်ဆိုရင်ရော? ”
စုံတွဲက သွားသင့်,မသွားသင့် စဉ်းစားနေတုန်းပင်။ ထန်းမျန်မျန်က ရှောင်ထန်ချိုးရဲ့လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ ကြောက်ရွံ့မှုကြောင့် သွားချင်းရိုက်နေရင်း ” သွားမယ်။ ငါမင်းနဲ့လိုက်မယ်…! အကြောင်းအရင်းမသိ ဘာဖြစ်နေမှန်းမသိပဲ သေမသွားချင်ဘူး ”
နှစ်ယောက်သား အမှောင်ထဲတွင် စမ်းတဝါးဝါးရှာရင်း အခန်းထဲမှ ထွက်ရန်လမ်းကို ဖြည်းဖြည်းချင်းရှာကြ၏။ အိမ်ထဲတွင် လူတွေပြည့်နှက်နေပြီမှန်း သူတို့ သိသွားခဲ့ရသည်။ အမြွှာနှစ်ယောက်က လော့မန်စုနောက်မှလိုက်ရင်း အခန်းအပြင်ကို ရောက်နေကြပြီ။ လုတာ့သုန်နှင့် ကျန်းကျင်ဖင်းတို့လည်း ထိုနေရာမှာ ရှိနေ၏။ suit ဝတ်ထားသည့်လူကိုသာ ဘယ်မှာမှ ရှာလို့မတွေ့ပေ။
ရှောင်ထန်ချိုးသည် အော်ဟစ်သံများနှင့် ဆက်စပ်နေသည့်လူကို ချက်ချင်းခန့်မှန်းလိုက်ပြီး သူ့နှလုံးသားထဲမှ သံသယက ပိုပိုကြီးထွားလာခဲ့သည်။
စကားတစ်လုံးမှမပြောပဲ လော့မန်စုသည် လက်ထဲတွင် ဒီဇယ်မီးအိမ်ကိုကိုင်ရင်း တံခါးအပြင်ကို ထွက်သွားသည်။ ကျန်တဲ့သူတွေလည်း ကြောက်လန့်မှုတို့ဖြင့် ပြည့်နှက်ရင်း သူ့နောက်မှလိုက်သွားကြ၏။
သူတို့သည် အော်သံလာရာ အိမ်နောက်ဖက်ဆီသို့ လိုက်သွားခဲ့ကြသည်။ ဒီအချိန်မှာပဲ အော်သံက ရုတ်တရက်တိတ်ကျသွားခဲ့သည်။
လော့မန်စုသည် ဒီဇယ်မီးအိမ်အား မြှောက်ကိုင်လိုက်သည်။ မီးအိမ်မှ အလင်းရောင်က ပတ်ပတ်လည်ကို လင်းထိန်သွားစေခဲ့၏။ တင်းထျန်းထျန်းနဲ့ တင်းမီမီက ရုတ်တရက်အော်ဟစ်လိုက်ကြသည်။
” အားးးး! ”
ရှောင်ထန်ချိုးရဲ့ မျက်နှာသည် လူသေကောင်လိုမျိုး ဖြူဖျော့သွားလေ၏။ ထန်းမျန်မျန်က သူ့ခေါင်းကို လွှဲလိုက်ပြီး ရှောင်ထန်ချိုးအား တင်းတင်းကြပ်ကြပ်ဖက်လာခဲ့သည်။
” ဖာ့ခ်! သေအောင်လန့်သွားတာပဲ! ”
သူတို့ရှေ့မှ သိပ်မဝေးသည့်နေရာတွင် မည်းတူးလျက် မီးကျွမ်းနေသည့် ရုပ်အလောင်းတစ်ခုက လဲလျောင်းနေခဲ့သည်။ အလောင်းကိုယ််ပေါ်မှ အဝတ်အစားတို့က လုံးဝမီးလောင်သွားခဲ့ပြီဖြစ်၏။ မပျက်စီးပဲ ကျန်တဲ့အသားဆိုလို့ တစ်ခုမှမရှိတော့ပဲ အရည်ပျော်သွားဟန်တူသည့် အရေပြားနေရာ အများအပြားရှိနေကာ ကိုယ်ထဲမှ အဖြူရောင်အရိုးများတွင် ကပ်ကျန်နေသည့် မီးကျွမ်းအသားအနည်းငယ်ကိုသာ ထုတ်ဖော်ပြနေခဲ့သည်။ ၎င်းက သေဖို့အတွက် အင်မတန်ရက်စက်လွန်းသည့် နည်းလမ်းတစ်ခုပင်။
ရှောင်ထန်ချိုး သူ့အစာအိမ်ထဲမှ မသက်မသာဖြစ်လာတာကို ခံစားလိုက်ရ၏။ သူ horror game တွေ အများကြီးဆော့ဖူးတယ်ဆိုပေမယ့် လူတစ်ယောက်ရဲ့ အလောင်းကိုတော့ တစ်ခါမှမမြင်ဖူးခဲ့ပေ။ တစ်ရက်လုံး အစာအများကြီးမစားခဲ့တာကြောင့်သာ မဟုတ်ပါက သူ့အူတွေထွက်ကျလာသည်အထိ အန်မိလောက်သည်။ အမြွှာညီအစ်မနှစ်ယောက်ရဲ့ ဒီလိုမြင်မကောင်းတဲ့မြင်ကွင်းမျိုးကို ခံနိုင်ရည်မရှိသည့် ရှောင်ထန်ချိုးထက်ပင် အများကြီးပိုနိမ့်ကျ၏။ သူတို့အော်တာ ရပ်တန့်သွားချိန်တွင် ကောင်မလေးနှစ််ယောက်လုံးက ဘေးဘက်သို့ပြေးသွားပြီး ထိုးအန်ကြတော့သည်။
လော့မန်စုသည် အလောင်းကို စူးစမ်းရင်း တည်တည်ငြိမ်ငြိမ် ခွဲခြမ်းစိတ်ဖြာပြလာသည်။
” သူက အရှင်လတ်လတ် မီးရှို့ခံလိုက်ရတာပဲ။ အဲ့ဒါက ဒီမှာဖြစ်သွားခဲ့တဲ့ပုံမပေါ်ဘူး။ သူ ဒီနေရာကိုရောက်အောင် တွားသွားလာဖို့အတွက် ရုန်းကန်ခဲ့ရမှာပဲ… ”
အဲ့စကားကိုကြားချိန်တွင် သူတို့အားလုံး ဖြူဖျော့သွားခဲ့ကြသည်။ ဘယ်သူကမှ လော့မန်စုရဲ့ စကားတွေကို သံသယမဝင်ခဲ့ပေ။ သူ မသေခင် ဒီကိုတွားသွားပြီးပြန်လာဖို့ရုန်းကန်ခဲ့စဉ် ကျန်ခဲ့တာဖြစ်လောက်သည့် အလောင်းနောက်မှ ပြာတန်းရှည်ကြီးကို ရှောင်ထန်ချိုးလည်း တွေ့ခဲ့ရ၏။
ကျန်းကျင်ဖင်းသည် တုန်တုန်ရီရီဖြင့် စကားပြောလာခဲ့သည်။
” အဲ့ဒါ… အဲ့ဒါ ကျန်းဇီဟန်ပဲ… ”
“ကျန်းဇီဟန်? suit ဝတ်ထားတဲ့ ငနဲလား? ” လော့မန်စု အံ့သြသွားပုံမပေါ်ပေ။ ” ခုနက ဘာတွေဖြစ်ခဲ့တာလဲ? ”
ကျန်းကျင်ဖင်းက စိတ်ပျံ့လွင့်နေဟန်ပင် ။ခဏလောက်ကမှ အသက်ရှင်နေသေးသည့် ကျန်းဇီဟန်မှာ အခုတော့ သေဆုံးသွားခဲ့ပြီဟူသည့် အမှန်တရားအား လက်မခံနိုင်ခဲ့ပေ။
” အခုလေးတင်… ကျန်းဇီဟန်က သူ သန့်စင်ခန်းသုံးချင်တယ်ဆိုပြီး ပြောသွားတာ။တစ်ယောက်ယောက် သူနဲ့အဖော်လိုက်ပေးမလားဆိုပြီး မေးခဲ့ပေမယ့်…
သန့်စင်ခန််းက သရဲခြောက်တယ်လေ။ လုတာ့သုန်ရော ငါရော မသွားရဲကြဘူး။ ငါတို့က အိမ်ထဲမှာပဲ ကိစ္စရှင်းလိုက်ဖို့ပြောပေမယ့် သူက အဲ့ဒါမသန့်ရှင်းဘူးတဲ့… ”
suit ဝတ်ထားသည့်လူဟာ သန့်ရှင်းမှုကို အနည်းငယ်စွဲလမ်းနေသူတစ်ယောက်ဖြစ်မည်ဟု ရှောင်ထန်ချိုး တွေးခဲ့မိသည်။ ၎င်းက သူလုပ်လိမ့်မည်ဖြစ်သည့် အရာတစ်ခုပင်…
” သူ့ကို သိပ်အဝေးကြီးမသွားပဲ… ဒီနားက တစ်နေရာရာမှာပဲ ကိစ္စရှင်းဖို့ ပြောလိုက်တာ…. ” ကျန်းကျင်ဖင်းမှာ အတွေးတစ်ခုတည်းသာ စိုးမိုးနေဟန်ရှိပြီး ဆက်ပြောလာခဲ့သည်။ ” သူကလည်း သန့်စင်ခန်းသွားရမှာ ကြောက်တဲ့ပုံပဲ။ အိမ်နောက်ဖက်ကို သွားလိုက်မယ်လို့ပြောတယ်……. အဲ့ဒီနောက် သူထွက်သွားပြီး ခဏကြာတော့ အော်သံတွေကိုကြားလိုက်ရတာ ”
” ဒါဆို ဘာဖြစ်သွားမှန်း မသိလိုက်ကြဘူးပေါ့? ” ရှောင်ထန်ချိုး မနေနိုင်ပဲ မေးလိုက်သည်။
လုတာ့သုန်က အလောင်းကိုမြင်လိုက်ရချိန်တွင် တုန်ရီနေခဲ့ခြင်းဖြစ်သည်။ သူက ဒေါသထွက်သွားပုံပေါ်ကာ ” ငါတို့က သူဘာဖြစ်တယ်ဆိုတာကို ဘယ်လိုလုပ်သိမှာလဲ? ဒါမှမဟုတ် ငါတို့သတ်လိုက်တာဆိုပြီး စွပ်စွဲနေတာလား? ”
” ငါက အဲ့သဘောပြောတာမဟုတ်ပါဘူး ” ရှောင်ထန်ချိုး မျက်မှောင်ကျုံ့လိုက်၏။ ” စိတ်ကိုလျှော့ထား ”
” စိတ်ကိုလျှော့ထားရမယ်?! ငါ့ကိုစိတ်လျှော့ထားဖို့ ဘယ်လိုမျှော်လင့်နေတာလဲ?! ဒီကြောက်စရာကောင်းတဲ့နေရာကြီးမှာ ပိတ်မိနေတာကို ဘယ်လိုလုပ်ပြီး စိတ်လျှော့ထားရမှာလဲ? ” လုတာ့သုန်သည် တစ်ကိုယ်လုံးတုန်ယင်နေရင်း ရုတ်တရက်အော်ဟစ်လာခဲ့သည်။
” ခုနတုန်းက သူနဲ့လိုက်သွားချင်ခဲ့ပေမယ့် ငါက တအားကြောက်နေခဲ့တာ…. တကယ်လို့ ငါသာလိုက်သွားခဲ့ရင် ဒီနေရာမှာ လှဲနေတဲ့အလောင်းက ငါဖြစ်သွားနိုင်တယ်! ”
” တော်လောက်ပြီ! ” လော့မန်စုသည် အေးတိအေးစက်ဖြင့် လုတာ့သုန်ကို ကြားဖြတ်ပြောလိုက်သည်။
” ဒီကိစ္စဖြစ်ခဲ့တဲ့နေရာကို ငါသွားကြည့်ချင်တယ်။ တစ်ယောက်ယောက် ငါနဲ့လိုက်ချင်လား?”
” မင်း ရူးသွားတာလား?! မင်းသေသွားလိမ့်မယ်!”
လုတာ့သုန်သည် မယုံကြည်နိုင်မှုနှင့်အတူ လော့မန်စုအား ကြည့်လိုက်သည်။
” ကျန်းဇီဟန်က မီးရှို့ခံရပြီးသေသွားတာနော်။ မင်း မကြောက်ဘူးလား? ”
လော့မန်စုက သူ့ကို လျစ်လျူရှုထား၏။ သူ့မျက်လုံးတွေက သူတို့အပေါ်ဖြတ်ပြေးနေခဲ့ကာ သူတို့ဘာတွေးနေလဲဆိုတာကို သိချင်နေခဲ့သည်။
အမြွှာနှစ်ယောက်က နောက်ဆုံးတော့ အော့အန်တာ ရပ်သွားခဲ့ကြပြီ။ သူတို့က တုန်တုန်ယင်ယင်ဖြင့် ပြောလာကြ၏။
” ကျွန်မတို့ သွားရမှာကြောက်တယ် ”
လုတာ့သုန်နှင့် ကျန်းကျင်ဖင်းက ခေါင်းခါသည်။ ရှောင်ထန်ချိုးသည် ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။
” ငါမင်းနဲ့လိုက်မယ် ”
” ချိုချဉ်… ရှောင်ထန်ချိုး! ” ထန်းမျန်မျန်သည်် ကြောက်လန့်တကြားဖြင့် ရှောင်ထန်ချိုးရဲ့ ရှပ်အင်္ကျီအစွန်းကို ဆွဲလိုက်သည်။ ” ဒါက အန္တရာယ်များလွန်းတယ်…. ”
” ကျားဂူထဲမသွားပဲ ကျားဘယ်လိုဖမ်းမှာလဲ? မင်း ပြန်ဝင်သွားနှင့်လိုက်၊ ငါသူနဲ့လိုက်သွားလိုက်မယ် ”
” မင်းတို့ မနက်ဖြန်မှသွားလို့ မရဘူးလားဟင်? ” ထန်းမျန်မျန်က အသနားခံလာခဲ့၏။
လော့မန်စုက တည်ငြိမ်စွာပဲ ရှင်းပြလာခဲ့သည်၊ ” ငါတို့ အိပ်ရာထတဲ့အချိန်ဆိုရင် အလောင်းက ပျောက်သွားနိုင်တယ် ”
သူ အတိအကျ ဘာကိုဆိုလိုချင်မှန်းမသေချာပေမယ့် လော့မန်စုရဲ့စကားတွေက သူတို့ရဲ့ကျောရိုးတစ်လျှောက်ကို ကြက်သီးမွေးညင်းထသွားစေခဲ့သည်။
ထန်းမျန်မျန် အံကြိတ်လိုက်ပြီး ” ကောင်းပြီလေ! ငါ မင်းတို့နဲ့လိုက်မယ်! ”
လော့မန်စုသည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှထပ်မပြောလာတော့။ ဒီဇယ်မီးအိမ်ကိုသာ မြှင့်လိုက်ပြီး အိမ်အနောက်ဖက်ကို ဦးတည်နေသည့် ပြာလမ်းကြောင်းအတိုင်း လိုက်သွားခဲ့သည်။ ရှောင်ထန်ချိုးသည် သူ့အာရုံကြောတွေကို ခိုင်မာအောင်လုပ်ရင်း ထန်းမျန်မျန်ကို ဆွဲခေါ်သွားလိုက်၏။
သိပ်အဝေးကြီးမသွားလိုက်ရပဲ အနောက်ဖက်ကို သူတို့ရောက်သွားခဲ့ကြသည်။
ဒီအိမ်တန်းတွေအားလုံးက ဦးတည်ရာတစ်ခုတည်းကိုပဲ မျက်နှာမူထားတာကြောင့် အိမ်အနောက်ဖက်က တောင်းကုန်းသေးသေးလေးတစ်ခုကို မျက်နှာလှည့်ထားသည်။ သူတို့ နေသည့်အိမ်ဟာလည်း ခြွင်းချက်မဟုတ်ပေ။
လော့မန်စု ဒီဇယ်မီးအိမ်အား မြှောက်ကိုင်လိုက်သည်။ သူတို့တွေ့လိုက်ရတဲ့အရာကြောင့် ထိတ်လန့်သွားကြလေ၏ — အိမ်ရဲ့အနောက်ဖက်က တောင်ခြေနှင့် နီးသည်။ အိမ်နဲ့ တောင်ခြေအကြားမှ မြေကွက်လပ်နေရာတွင် လူတစ်ရပ်စာလောက်မြင့်သည့် လူလုပ်တောင်ကုန်းသေးသေးလေးတွေ များစွာရှိနေလေသည်။ အနှီလူလုပ်တောင်ကုန်းငယ်လေးများရဲ့ အရှေ့မှာတော့ အုတ်ဂူကျောက်ပြားများ…..
ဒီလူလုပ်တောင်ကုန်းတွေက တကယ်တော့ သဂြိုလ်ထားသည့် မြေပုံများပင် !
တံငါရွာမှာရှိတဲ့ အိမ်တွေအားလုံးရဲ့နောက်ဖက်မှာ အုတ်ဂူတွေရှိနေတယ် !
လော့မန်စု မီးအိမ်ကိုမြှောက်ကိုင်ပြီး မြေပုံတွေရဲ့အကျော်ကို ကြည့်လိုက်ရာ အနောက်ဖက်တွင်ရှိသည့် တောင်ကုန်းငယ်လေးမှာ တောင်ခြေရင်းကနေ တောင်ထိပ်အထိ အုတ်ဂူကျောက်ပြားများနှင့် ပြည့်နှက်နေသည်အား သိလိုက်ရတော့သည်။
” ဖာ့ခ်! သူတို့အိမ်တွေရဲ့နောက်မှာ တကယ်ကြီး အုတ်ဂူတွေလုပ်ထားကြတာပဲ။ ကြောက်ဖို့ကောင်းသလို မတွေ့ကြဘူးလား? ” ထန်းမျန်မျန်တစ်ယောက် ထိန်းမရသိမ်းမရအောင် တုန်ယင်နေလေသည်။
” အဲ့လိုလုပ်တာက သူတို့ရဲ့ရိုးရာဖြစ်နိုင်တယ် ” ရှောင်ထန်ချိုး ညင်သာစွာပြောလိုက်သည်။ ” အုတ်ဂူတွေကို ဟင်းသီးဟင်းရွက်စိုက်ခင်းရဲ့ဘေးမှာ လုပ်ထားတဲ့နေရာတွေ ငါမြင်ဖူးတယ်။ တစ်ဖက်က အသီးအရွက်တွေစိုက်တယ်၊ နောက်တစ်ဖက်က လူသေကို မြှုပ်တယ် ”
” အဲ့အသီးအရွက်တွေက ဘယ်လိုအရသာရှိမယ်ထင်လဲ အာ? ”
ရှောင်ထန်ချိုး နည်းနည်းလေးတွေးဆကြည့်လိုက်ပြီး ” ……. အကြီးအကဲတွေရဲ့ ချစ်ခြင်းမေတ္တာတွေပြည့်နေတဲ့ အရသာများလား? ”
လော့မန်စု လှမ်းငေါက်လိုက်သည်။” ဟေး! တော်လောက်ပြီ! ”
သူတို့နှစ်ယောက်လုံး သတိပြန်ကပ်သွားကြပြီး နောက်တစ်ကြိမ်အလေးအနက်ပြန်ဖြစ်သွားကြကာ သူတို့ရှေ့မှ အုတ်ဂူများကို ကြည့်လိုက်ကြသည်။
လော့မန်စုသည် ကျောက်ပြားတွေထဲက တစ်ခုကိုညွှန်ပြရင်း ” ဒီမှာက အရမ်းမှောင်နေတယ်။ ဟိုသူ ဘာမှမမြင်ရလောက်ဘူး။ သူ့ဘောင်းဘီဇစ်ကို ဆွဲချပြီး ဒီအတိုင်းသေးပေါက်ခဲ့တာဖြစ်ရမယ်၊ အဲ့တော့…. ”
တစ်စိတ်တစ်ပိုင်း စိုစွတ်နေသည့် ကျောက်ပြားကို သူတို့ ငေးကြည့်မိသွားကြသည်။ ဘယ်သူ့ကိုသနားရမလဲဆိုတာ မသေချာတော့။
ခဏမျှကြာပြီးနောက် ရှောင်ထန်ချိုးက ထူးဆန်းသည့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
” ကျန်းဇီဟန်က ဘာလို့ မီးလောင်ပြီးသေသွားခဲ့တာလဲ? ”
ထန်းမျန်မျန်က အကြောက်အလန့်ကင်းစွာပဲ ထင်ကြေးပေးလာခဲ့သည်။
” သရဲက မီးမှုတ်နိုင်တာများလား? ဒါမှမဟုတ် ဖြစ်နိုင်တာ… မီးစုန်း? ”
ရှောင်ထန်ချိုးက နည်းလမ်းတကျ ရှင်းပြလာခဲ့၏။ ” မီးစုန်းဆိုတာက လောင်ကျွမ်းမှုနဲ့ အပူမပါရှိပဲ အလင်းကိုထုတ်လွှတ်တဲ့ type မျိုးပဲ။ လူသားတွေရဲ့ အရိုးတွေမှာ မီးစုန်းဓာတ်(phosphrous) ပါဝင်တယ်၊ မီးစုန်းဓာတ်က ရေနဲ့ဓာတ်ပြုတဲ့အချိန်မှာ ဖော့စ်ဖိုင်း(phosphine) ဖြစ်လာတယ်။ ဖော့စ်ဖိုင်း(phosphine)က အလိုအလျောက်မီးလောင််ကျွမ်းနိုင်ပြီး အရမ်းပေါ့ပါးတယ်။ ဒါကြောင့် လေတိုက်တဲ့အခါ အဲ့ဒါက လေထဲမှာ ပေါလောပေါ်သွားပြီး မီးစုန်းလို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာတာ ”
” တော်လောက်ပြီ၊ မင်းတို့က အယူသည်းမှုတွေကို ချိုးဖျက်ဖို့ ဒီကိုရောက်နေကြတာ မဟုတ်ဘူးနော်! ” လော့မန်စုရဲ့ စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးသွား၏။
ရှောင်ထန်ချိုး ချက်ချင်းပဲ တောင်းပန်လိုက်၏
” တောင်းပန်ပါတယ်၊ အဲ့လိုလုပ်ရတာကို အကျင့်ပါသွားလို့ပါ ”
တကယ်တော့ သူတို့တွေ horror game တစ်ခုကို live stream လုပ်ချိန်တိုင်း စိတ်ထဲတွင် ကြောက်ရွံ့မှုကိုခံစားကြရသည်။ ဒါကြောင့် တင်းမာတဲ့လေထုကို လျော့ပါးစေဖို့အတွက် ဟာသဆန်တဲ့ ကိုးရိုးကားယားလုပ်ရပ်တွေကိုလုပ်ရင်း ဆော့နေကြမိလိမ့်မည်။
ထန်းမျန်မျန်က သဘောတူလာခဲ့၏။ ” ငါတို့မှားသွားတာပါ ”
ဒါပေမယ့် ငါတို့ အဲ့ဒါကို သေချာပေါက် ထပ်လုပ်ကြဦးမှာကွ !
” နေဦး….. ”
ရှောင်ထန်ချိုး တစ်ခုခုကို သတိပြုမိသွားပြီး ပြောလိုက်၏။ ” ကျောက်ပြားပေါ်မှာ တစ်ခုခုရေးထားတယ်ထင်တယ် ”
” အဲ့ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား? ” ထန်းမျန်မျန်က လွှတ်ခနဲပြောလိုက်သည်။
” အဲ့ဒါမမှန်တဲ့ပုံပဲ။ အပေါ်မှာရေးထားတဲ့စာလုံးတွေက…… ” လော့မန်စုလည်း တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။ သူက ဘာရေးထားလဲဆိုတာကို ဖတ်ကြည့်ဖို့ကြိုးစားပေမယ့် ကြာပြီဖြစ်တာကြောင့် ပျက်စီးနေခဲ့ပြီး စာလုံးအနည်းငယ်ကိုသာ ဖတ်နိုင်ခဲ့သည်။
” ယွမ်အိမ်တော်… ဇနီး ဖန်းလန်ရဲ့… သင်္ချိုင်းဂူ။ နေဦး၊ ယွမ်အိမ်တော်လား? ”
” ဟိုအိမ်ကြီး အာ! ”
ရှောင်ထန်ချိုးက ချက်ချင်းတုံ့ပြန်လာခဲ့သည်။
ထန်းမျန်မျန်လည်း စိတ်လှုပ်ရှားနေလျက် ” ဒါ ငါတို့ရှာနေခဲ့တဲ့ သဲလွန်စဖြစ်မယ်! အခု ထပ်ပြီးဘာလုပ်ကြမလဲ? ”
လော့မန်စုက ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချလိုက်၏။ ” အုတ်ဂူကိုတူးကြ! “