အခန်း ၂
(Part 2)
“အကြည်..”
ကိုမြသိန်းတယောက်ရဲ့ ခပ်ဩဩ အသံတစ်ခုက ခိုညည်းသံတို့နှင့် ရောထွေးနေခါ နာရီပေါင်းများစွာ တိတ်ဆိတ်ငြိမ်သက်နေသည့် ဘုရားရင်ပြင်ပေါ်ရှိ လေဟာနယ်ကို ဖောက်ခွင်းပစ်လိုက်တော့သည်..။
ဘုရားရင်ပြင်ပေါ် နှစ်ယောက်အတူထိုင်နေရင်းမှ မြတ်ကြည် ကိုမြသိန်းအား စကားမစချင်၍ ရွှေတိဂုံဘုရားစေတီတော်ဆီသို့သာ အကြည့်ပို့ထားမိသည်..။ သို့သော်လည်း ကိုမြသိန်း မိမိ၏ နာမည်ကိုအဖျားဆွတ်၍ခေါ်လာသောအသံကြောင့် မြတ်ကြည် တာဝန်အရ ခေါင်းလှည့်၍သာပြန်ပြုံးပြမိခဲ့သည်..။
“အကြည်က အရမ်းအနေအေးတာဘဲကွာ.. အကိုတို့ သိလာခဲ့ကြတာလည်း အထက်တန်းနှစ်ကတည်းကမို့လား.. အကို အကြည့်အပေါ် နှမတယောက်ထက်ပိုတဲ့ ခံစားချက်ကလေးများ ထားသင့်ပြီလားလို့…”
မြတ်ကြည် ရဲ့ကိုယ်ကလေး တစ်ချက်ရွံ့သွားသည်မှာ ကိုမြသိန်းကိုင်လိုက်တဲ့ လက်ဖဝါးနွေးနွေးတစ်စုံကြောင့်လား… မြတ်ကြည် တချိန်က ထင်ထားခဲ့သည့် စကားတို့အားပြောထွက်လာသည်ကြောင့်လားဆိုတာ မသဲကွဲ…။ မြတ်ကြည်၏ ကတောက်ကဆဖြစ်နေသော အသက်ရှူသံတို့ကိုသာ ပြန်လည်ပြင်ဆင်ရင်း..
“အကိုမြသိန်းအတွက်.. မြတ်ကြည် အသင့်မဖြစ်သေးဘူးထင်ပါတယ်…”
ထိုအခါ မြတ်ကြည်လက်ကိုကိုင်ထားသော ကိုမြသိန်းရဲ့လက်တစ်ဖတ်သည် အလျှင်အမြန်ပင် လွှတ်ချပေးလိုက်မိသည်။ ဆိုလိုသည်ကား မြတ်ကြည် သဘောမပါ ပါဘဲ ကိုမြသိန်း မြတ်ကြည်အား အသားမယူချင်ပါ…
“အိုး…အကို အကြည့်အပေါ် အရမ်းအသားယူမိပြီလားကွယ်…”
ပေါင်ပေါ်တွင် ဖြန့်တင်ထားသော လက်ဖဝါးလေးတွေကို မြတ်ကြည် ဆုတ်ထွေးပစ်လိုက်ရင်း သက်ပြင်းယဲ့ယဲ့ချသည်။ ထို့နောက်တွင်တော့ နှစ်ဦးအကြားပြန်လည် တိတ်ဆိတ်လို့သွားပြန်ခဲ့လေသည်..။
ကိုမြသိန်းတယောက်ဟာ မြတ်ကြည်အပေါ်မှာ တလေးတစားနဲ့ အမြဲအားကိုးအားထိုက်တဲ့သူ.. ကိုမြသိန်းတို့မိသားစုဟာ မြတ်ကြည်၏အမေနှင့် မကင်းမရှင်း အတော်လေးဆက်ဆံရေးပြေလည်သည့် စီးပွားမိတ်ဖက်တွေဖြစ်သည်။ .. မေမေက နိုင်ငံခြားဖြစ် စီးကရက်ခုံတွေပိုင်ပြီး ကိုမြသိန်းတို့ မိသားစုဟာလည်း ထို့နည်းတူစွာပင် အထည်အလိပ်နှင့် စသော လုပ်ငန်းတော်တော်များများအားပိုင်ဆိုင်သည်…။ ထို့ကြောင့် ကိုမြသိန်းနှင့်မိမိတို့ စစသိခဲ့ကြသည့်မှာ အထက်တန်း၉တန်းနှစ်ကတည်းကပင်ဖြစ်ချေ၏..
ထိုအတောအတွင်း ကိုမြသိန်းတယောက် မိမိ အပေါ်တွင် အကိုတစ်ယောက်ပမာ ဖခင်တယောက်ပမာသာ မြင်တွေ့ အားကိုးမိခဲ့သည်။ ထို့နည်း၎င်းပင် ကိုမြသိန်းဟာလည်း မိမိအား စင်စစ်ပေါက်ပေါက် နှမကလေးတယောက်အဖြစ်သာ ဆက်ဆံခဲ့သည်။ သို့ပေမဲ့လည်း ကိုမြသိန်းရဲ့အပေါင်းအပါအချို့ကြောင့် ကိုမြသိန်းတယောက် ပြင်ပစိတ်ရိုင်းဝင်ခဲ့ရခြင်းဖြစ်ပေသည်..။ ဒါဟာလည်း ကိုမြသိန်းအမှားမဟုတ်ပါချေ.. အဘယ်သော ယောက်ျားကမိန်းကလေးတယောက်အပေါ် ကြာကြာနှမရင်းတယောက်လို ခင်တွယ်လိမ့်မတုန်း.. ဒါဟာ ကိုမြသိန်း သူ့အား မိန်းမတယောက်အဖြစ် မြင်နေတွေ့နေသည်ကြောင့်သာလေ…
အမှန်စင်စစ်သာ မြတ်ကြည် ယောက်ျားတယောက်လို နေထိုင်ချင်သည်..။ မေမေ့အရိပ်အောက်တွင် မြတ်ကြည် ဆက်လက်ရှင်သန်ပေအုံးမည်။ မြတ်ကြည်ကိုသာ အစကတည်းက ပုံစံသွင်း၍လမ်းဖောက်ပေးခဲ့သော မေမေ့ရဲ့အမှားအဖြစ်သာ မြတ်ကြည်ထင်မြင်ပေသည်။ သို့ပေမဲ့လည်း မေမေ့အား မနာကြည်းရက်ပေ။
“အကြည် ကိုယ်တို့ ဘုရားအောက်ဆင်းရအောင်ကွာ.. ဗိုက်ဆာပြီမဟုတ်လား.. အကိုတို့ အလာတုန်းကတော့ ဆိုင်ခန်းတချို့ဖွင့်နေတာတွေ့ခဲ့တယ်..”
မြတ်ကြည် ခေါင်းတစ်ချက်ညှိမ့်ပြမိသည်။ အမှန်ဆိုလျှင်လည်း မြတ်ကြည် ဗိုက်ဆာလှပါပြီလေ.. မနက်စာဝဝလင်လင်မစားခဲ့ရခြင်းကြောင့်ဖြစ်လိမ့်မည်။ အမှန်ပြောရလျှင် မြတ်ကြည် ဘုရားဈေးက မုန့်တွေကို ဘယ်တုန်းကမှဝယ်မစားပါ.. ဘာလို့ဆို သူတို့ ကသိပ်ဈေးကြီးတာ…! ဒီနေ့ကတော့ အထူးတလည် ခြွင်းချက်ပေါ့..။
မြတ်ကြည်တို့ ဘုရားရင်ပြင်ပေါ်မှ ပြန်လည်ဆင်းခဲ့ကြပြီး ဘုရားဈေးက ဆိုင်တစ်ခု၌ ဝင်ထိုင်ဖြစ်ခဲ့သည်..။
ကိုယ့်ထက် ခေါင်းတစ်လုံးစာပိုသာနေတဲ့ ကိုမြသိန်းရဲ့ အရပ်က ကိုယ်နှင့်နှိုင်းယှဉ်လျှင် အလွန်ကွာသည်ကြောင့် ယောက်ျားတယောက်အနေနှင့် မြတ်ကြည် မနာလိုစတမ်းဖြစ်မိသား…
“အကြည် ဘာမှာမလဲ… “
မြတ်ကြည်ကခေါင်းတစ်ချက်ညှိမ့်ပြပြီးနောက် သူတို့ဝိုင်းသို့ရောက်လာသော စားပွဲထိုးကောင်လေးအား သေသေချာချာမှာနေပုံ…
“မုန့်ဟင်းခါးကို ဘူးသီးကြော်နဲ့ ပဲသီးလေးပါ ပိုထည့်ပေး…အော် ဟင်းရည်ကို အများကြီးမထည့်နဲ့သိလား…ပြီးတော့လေ နံနံပင်လည်းမထည့်ဘူးနော်… “
ထိုအခါ ကိုမြသိန်းက ပြုံးတုံးတုံးနှင့် မြတ်ကြည်ကိုကြည့်သည်..။ မြတ်ကြည်က မမှာတော့ဘူးလားဟူသောအကြည့်နှင့် မေးငေါ့ပြမှ ကိုမြသိန်းတယောက် ခေါက်ဆွဲသုတ်ကို မှာေလသည်..။ လက်သုတ်ပဝါကို ခါး၌ တင်းသည်အထိ ချည်ထားသော စားပွဲထိုးကောင်ငယ်လေးကတော့ အမှာစာများကို သေသေချာချာမှတ်လို့ ပြန်ထွက်သွားသည်။
“ဘာလို့ရယ်သလဲ အကိုမြသိန်း…”
မိန်းမ မဆန်လွန်းသော မြတ်ကြည်ရဲ့အသံက ကိုမြသိန်းအား သိသိသာသာ ချွဲကပ်ပြောဆိုနေခြင်းလည်းမဟုတ်ပြန်.. အလိုမကျဖြစ်နေသော အသံသာဖြစ်လေသည်..။
ထိုအခါ ကိုမြသိန်းက ရယ်နေသည်ကို အရှိန်သပ်ရင်း ချောင်းဟန့်သည်။
“အဟမ်း.. မဟုတ်ပါဘူး အကြည်ရယ်.. မုန့်ဟင်းခါးစားတိုင်း အခုထိ ငယ်ငယ်က အကျင့်က မပြောက်သေးဘူးနော်..”
ထိုအခါ မြတ်ကြည်က ခေါင်းတစ်ချက်ညှိမ့်ရင်း စကားတချို့ဆိုသည်။
“အကျင့်ဆိုတာက ဖြောက်ရခက်သား.. “
မြတ်ကြည် ရေရွတ်ဟန်ဖြင့်သာ ခပ်တိုးတိုး ပြန်ဖြေမိသည်။
………………………………………
မြတ်ကြည်ပြန်လာတော့ အချိန်ကား ညနေ၄နာရီပင် ခွဲလှပြီ..။ကိုမြသိန်းကတော့ ဝတ္တရားမပြတ် လာရာအတိုင်း ပြန်ပို့ပေးသည်..။ ပိုးကြေးပန်းကြေးစကားကိုတော့ အိမ်ပြန်လိုက်ပို့ပေးသည့်တလျှောက် မည်သည့်စကားတို့နှင့်မျှရောထွေး၍ မစခဲ့ပါချေ..။
“ပြန်လာပြီလား…” ဟူသည့် မေမေ့အသံအား မြတ်ကြည် အရင်ဦးစွာ ကြားရသည်..။
မြတ်ကြည်အပြန်ကို မေမေ စောင့်နေပုံရသည်..။အိမ်ဧည့်ခန်းဝရဲ့ တယောက်ထိုင် စတီကျွန်းခုံပေါ်တွင် မိန့်မိန့်ကြီးထိုင်လျှက် မြတ်ကြည်အခြေအနေကို စူးစမ်းအကဲခက်နေပြန်သည်..။
“ပြန်လာပါပြီ မေမေ…”
“ဘာထူးခဲ့လဲ မြတ်ကြည်.. အခြေအနေကရော ကိုမြသိန်းနဲ့ ဘယ့်နှယ့်တုန်း…”
မြတ်ကြည် အဖြေအား ပြန်ဖြေရန် တွေဝေနေမိသည်..။ ထမိန်အနားစတို့ကိုဆွဲကိုင်ခြေမှုန့်လျှက် ကြောက်လန့်စိတ်ကို မနည်းထိန်းချုပ်နေရသည်။
“အခြေအနေက အရင်အတိုင်းပါဘဲ မေမေ..”
မေမေက မယုံသလို မြတ်ကြည်အား ခေါင်းစခြေဆုံးတစ်ချက်ခြုံကြည့်လျှက် ထပ်မံစူးစမ်းသည်..။
“သတိထားနေနော်.. ငါဖောက်ပေးတဲ့လမ်းကိုသာ အသင့်လျှောက်ပြီး ငါ့သဘောအတိုင်းဘဲ ညည်းဆက်ရှင်သန်ရမယ်… ကိုမြသိန်းဘက် ညည်းကို အဖြေတောင်းတဲ့နေ့ တပါတည်း စေ့စပ်ကြောင်းလှမ်းရမယ်…”
မြတ်ကြည်ရဲ့ ခပ်စွာစွာ အကြည့်ကလေးက အကျောတင်းကလေးမှန်း ဒေါ်ခိုင်သင်ဇာ သိ၏။ ထို့နောက် ဟွန်းခနဲ နှာမှူတ်ခါ ခပ်မဲ့မဲ့မျက်နှာနှင့် ထိိုင်ရာမှ ထလို့ သူ့အခန်းပြန်သွားပြီ..။ မြတ်ကြည်ခင်မျာ အခုမှ ချုပ်ကိုင်ထားသော အဝတ်စကိုပြန်ဖြေပေးမိသည်..။ လက်ထဲက လွှတ်ထွက်လာသော ထမိန်အနားစကလေးသည်လည်း အတော်ကလေး ကြေမွလို့သွားခဲ့ပြီ… ။ အဲ့နောက် မြတ်ကြည်လဲ ခြေဖွလျှောက်လျှက် အခန်းထဲ ပြန်ဝင်လာခဲ့ရတော့သည်။
မြတ်ကြည်ရဲ့အခန်းတနေရာမှာတော့ ပုံချချွတ်ထားသော အထက်ဆင်ပါ ထမိန်တစ်ကွင်း ရင်ဖုံးအက်ျီ နှင့် အတွင်းပစ္စည်းတစ်ချို့… မြတ်ကြည်ကမူ ခါးလည်အထိ ဖြာဝဲနေကျနေသော ဆံပင်တစ်ချို့ကို ဖားလျားချစေပြီး ကြေးဝါမှန်ကြီးရှေ့တွင် ဗလာကျင်းခန္ဓာကိုယ်ဖြင့် သူ့ကိုယ်သူ ပြန်၍ ရီဝေစွာ ကြည့်လို့နေမိသည်…။
( မေမေဟာ ဘာ့ကြောင့်များ ငါ့ကို ဒီလိုမျိုး ပုံသွင်းခဲ့ရတာလဲ… မေမေက ငါ့ကို မနှစ်သက်တာများလား…ဒါမှမဟုတ် ငါက ယောက်ျားတစ်ယောက်ဖြစ်နေလို့ မလိုချင်တာများလား.. )
မြတ်ကြည် မှန်ထဲက တစ်ခါမှမမြင်ဖူးသော အမွှေးအမျှင်ကင်းသော မွေးကင်းစကလေးလိုဖြစ်နေသည့် ကိုယ်ပုံရိပ်ကလေးအား ကြည့်ခါ အ့ံဩရပြန်သည်..။
(တခါတလေ ငါက ဘာလဲဆိုတာတောင် မေ့နေတက်ပြီထင်တယ်)
ကိုယ့်လက်မောင်းတို့ကို ပြန်၍ ထွေးပိုက်လိုက်ချိန် ရှေ့သို့ဝဲကျလာသော ဆံပင်တစ်ချို့က လှလှပပနဲ့ ဘယ်ညာယိမ်းထိုးလို့သွားကြ၏။ …သံတိုင်တွေ ခြားထားသည့်ပြူတင်းပေါက်မှ ကျော်ဝင်လာသော နေဝင်ဆည်းဆာတို့သည် မွေးကင်းစလူသားပမာ အဝတ်မဲ့နေသော ထိုလူသားရဲ့ကိုယ်ပေါ်တွင် နယ်ချဲ့လို့ အရောင်တလက်လက်နှင့် ရွှေဝါရောင် အဆင်းနှယ် အရောင်လက်နေကြပြန်သည်..။
……………………………..
28.10.21
12: 42 Am
15.1.22 (public)
………..