အခန်း ၃
(Part 3)
…………….
Unicode..
အဖြူရောင်ဆေးသုတ်လိမ်းထားခြင်း ခံရသော ရေညှိတို့ တွယ်ကပ်နေသည့် နံရံဖြူဖြူ အုပ်သားတို့တည်ရှိရာ ကျောင်းကြီးသည် လူအများဖြင့် လှုပ်ရှားသက်ဝင်လို့…
“အကြည်..ဒီနေ့ အကို့အိမ်က အကြည်စားဖို့ ဆနွင်းမကင်း ထည့်ပေးလိုက်တယ် ဘယ်လိုလဲ ကြိုက်တယ်ဟုတ်..”
မြတ်ကြည် ဘေးလွယ်အိတ်ကလေး လွယ်ထားရင်းမှ ခေါင်းကို ညှိမ့်ပြလိုက်မိသည်..။ ကျောင်းဝန်းထဲမှ စလျှောက်လှမ်းလာသော စင်္ကြန်လမ်းတလျှောက်တွင် အကိုမြသိန်းဆိုသောစကားတို့မှာ ထိုတစ်ကြောင်းထဲသာ သူလှည့်ပတ်ပြောနေခြင်းဖြစ်ပေသည်။
“အကို ၊ ဘယ်နှခါလောက်များပြောနေမှာလဲ မြတ်ကြည်ဖြင့် အလွတ်တောင် ရခါနီးပြီရော .. “
“အာ့ဆို ထမင်းစားရင် ကျောင်းအပြင်နားက အကျော်တဲမှာ တွေ့မယ်နော်..”
“အင်း…”
မြတ်ကြည်နှင့် မြသိန်းဆိုပြီး ကျောင်းတွင် ရေပန်းစားသည့် လူနှစ်ယောက်ပါလေ.. မြသိန်းဟု ဆိုလိုက်တာနှင့် လူတိုင်းက မြတ်ကြည်ကိုပါ ပုံဖော်မိပြီသား.. မြတ်ကြည် ပတ်သတ်သည့် ယောက်ျားဆိုလို့ ကိုမြသိန်းတယောက်သာ.. သွားအတူ လာအတူ စားအတူပါ ဖြစ်သည်ကြောင့် လူအများက တွဲမှတ်ပေးထားခြင်းလည်းဖြစ်ကောင်းဖြစ်လိမ့်မည်..။ ဒါအပြင် အတွဲတွေဟုပါ ကောလဟာလတချို့ပင်ရှိသေးသည်..။
“အကြည် အထဲဝင်တော့လေ အကိုလည်း အခန်းဘက်ပြန်အုံးမယ်..”
မြတ်ကြည်က လှည့်ထွက်မည်အပြုတွင် မျက်မှန်ဝိုင်းကလေးနဲ့ ကောင်လေးတယောက်က အပြေးတစ်ပိုင်းကလေးနှင့် ကပိုကရိုလေး မြတ်ကြည်အနားကပ်လာလေ၏။ ပြီးလျှင် လွယ်အိတ်ထဲက စာအိတ်ပန်းနုရောင်ကလေးကို ထုတ်ပေးရန်ရွယ်သည်။
“ဟို.. မြတ်ကြည် ဒီဟာလေး..”
မြတ်ကြည်က ထိုလူသားအား စူးစူးရဲရဲတစ်ချက်စိုက်ကြည့်ရင်း အဖြေရှာနေမိသည်..။ စာအိတ်က သူပေးတာလား လူစားအလွှတ်ခံရတဲ့လူလားဆိုတာကိုပေါ့ .. သူပေးတဲ့စာသာ သူ့ဟာ အမှန်ဆိုရင် မြတ်ကြည် ကောလွှတ်မှာလေ အကယ်လို့သာ လူစားလာပေးတဲ့သူသာဆိုလျှင် မြတ်ကြည် ပြောပြီးမှ အားနာရမည့်အဖြစ်မဟုတ်လား..
ဘေးက ကိုမြသိန်းကတော့ အခြေအနေအား အကဲခက်နေသယောင် ဆိတ်ငြိမ်လို့..
ထိုကောင်လေးကတော့ ခေါင်းကလေးကုတ်၍သာ စကားဆက်သည်..
“မြတ်ကြည် အဲ့စာအိတ်က…..”
ဘေးက လူအချို့ကလည်း စိတ်ဝင်စားနေဟန် အခြေအနေတို့အား စောင့်ကြည့်လျှက်.. ဒီတခါရော သူတို့တွေရဲ့ မြတ်ကြည်လေးက ဘာပြောမလဲဟူ၍ ဇာတ်သဘင်ပွဲအား ကြည့်သလို စိတ်ဝင်တစား ခိုးကြည့်နေကြသည်မှာအမှန်…
မြတ်ကြည်ကိုယ်တိုင်လည်း ထိုကောင်လေးထံမှ အဖြေကို စောင့်မျှော်နေပုံ…
“အဲ့စာအိတ်က ကျွန်တော်ပေးတာပါ ယူပါနော်…”
ထိုစကား ကြားကြားချင်းပင် မြတ်ကြည် သူ့အရှေ့က လူသားအား ရှုံ့ချသလို တစ်ချက်ရယ်မိသည်..။ ဘေးက ပွဲကြည့်ပရိတ်သက်တို့ကလည်း ဒီလူတော့ ကိုယ့်သေတွင်းကိုယ်တူးနေတာဘဲဟူသောအကြည့်တို့နှင့် ဝေဝေဆာဆာ ဖြစ်နေကြသည်။ နှစ်ဆတိုးမြင့်လာသော ဝေဖန်သံတို့က တီးတိုးသံအချို့နှင့်အတူ တိုးတိုးတိတ်တိတ်ကြားနေရသည်မဟုတ်လား.. ကိုမြသိန်းမှာလည်း သက်ပြင်းတစ်ချက်သာချရင်း ထိုလူ့အခြေအနေကို ကိုယ်စား ပူပန်ကြောင့်ကျနေမိသည်..။
“ကောင်းပြီ မြတ်ကြည် ယူသွားလိုက်မယ် ညနေအတွက် ထမင်းချက်ရင် မီးစာရတာပေါ့..”
မြတ်ကြည်က ကိုမြသိန်းအား တစ်ချက်ကြည့်ရင်း အခန်းထဲ ဝင်မည်အပြု မြတ်ကြည် တားဆီးခံလိုက်ရသည်။
“မြတ်ကြည် ခဏလောက် အချိန်ပေးပါအုံး ကျွန်တော်က စော်ဘွားမျိုးရိုးကပါ ပြီးတော့လည်း ကျွန်တော်က ချမ်းသာပါတယ်ဗျ.. ကျွန်တော့်အမေက ဟော်နန်းလည်းပိုင်…………..”
ထိုစကားသည် မြတ်ကြည်အား သွေးကြွစေသည်။ မသိရင်ဘဲ မြတ်ကြည်က ယောက်ျားတကာအား နှင်းဆီပန်းလိုက်ပေးသည့် မိန်းမများထင်နေလားဟူ၍ စတင်ပေါက်ကွဲမိတော့သည်။
(စကားချပ် – အရင်ခေတ်တွေက ကိုယ်ချစ်ခင်ရတဲ့သူမဟုတ်ဘဲ အခြားဆန္ဒနှင့် နှင်းဆီပေးလျှင် တစ်ညလိုက်အိပ်သူ ဟူ၍ သတ်မှတ်သည် )
A/N သေချာတော့မမှတ်မိဘူး ငယ်ငယ်က ရုပ်ရှင်ကြည့်ရင်း အဘွားပြောပြတာ တစ်ခုပါ..။
“အဆင့်မရှိပုံများက နင့်ဘာသာနင် ဘာမျိုးရိုးဖြစ်ဖြစ် ငါစိတ်မဝင်စားရင် ငါ့အရိပ်တောင် နင်ရှိရာအရပ်ကျလာမှာမဟုတ်ဘူး ရော့ ဒီမယ် နင့်ရဲ့အသုံးမဝင်တဲ့အမှိုက် ပြန်ယူသွားချည်..”
စိတ်ဆိုးမာန်ဆိုးနှင့် အခန်းထဲဝင်သွားသောမြတ်ကြည်ကို ကိုမြသိန်း ခေါင်းတစ်ချက် ခါရမ်းလို့ ကြည့်မိသည်။ ထို့နည်းတူစွာ ကျောင်းသားအချို့ကလည်း မြတ်ကြည်ရဲ့ လုပ်ရပ်ကိုပါ ထောက်ခံသည့် သတ်မှတ်ချက်တွေပေးနေကြသည်.. ထိုလူလား? ထိုလူကတော့ အရှက်တကွဲ အကျိုးနည်းပေါ့…
ကျောင်းသားတွေက မြတ်ကြည်ရဲ့အပြောအဆိုကို ကြောက်ကြပေမဲ့ မြတ်ကြည်ရဲ့ အလှကိုတော့ မလွန်ဆန်နိုင်ပါ.. အရင်ကလို လူကိုယ်တိုင်စာလာပေးခြင်းမျိုးမဟုတ်ဘဲ လျှို့ဝှက်စာအဖြစ်သာ မြတ်ကြည်ကိုယ်ပိုင်ခုံနေရာ၌ လာပေးသည့်အကျင့်သာရှိတော့သည်…။
ကိုမြသိန်းက ထိုလူ့ ပုခုံးအား တစ်ချက်ဖိတင်ကိုင်လာခါ နှစ်သိမ့်သလို စကားစသည်..။
“ကိုယ့်လူ မင်း မြတ်ကြည်အကြောင်း သိပ်မသိပုံအရ.. မင်းက ကျောင်းသားသစ်ဖြစ်ရမယ်.. ဟုတ်သလား”
ထိုလူ အရှက်သဲစွာဖြင့် ခေါင်းညှိမ့်သည်..။ မျက်နှာသည် ခရမ်းချည်သီးလို ရဲတွတ်ခါ ဒေါသနှင့် ရှက်စိတ်တို့က ချိန်ကိုက်ဗုံးတစ်ခုလို ပေါက်ကွဲထွက်တော့မည်ဟုပင်ထင်ရသည်..။
“မသိရင်မှတ်ထား အဲ့တာ မြတ်ကြည်ဘဲ.. နောက်တော့ မြတ်ကြည်က ဘာလဲဆိုတာ တခြားသူငယ်ချင်းတွေ မေးကြည့်ရင် တဖြည်းဖြည်းသိလာမှာပါကွာ ကဲ ကျုပ်လည်း အခန်းဘက် ပြန်အုံးမယ်ကိုယ့်လူ.. ခင်ဗျားလည်း ပြန်သင့်ရောပေါ့…”
မြသိန်းတင်ထားသော လက်တစ်ဖတ်ကို ကောင်လေးက အလျှင်အမြန် ဆွဲခါချရင်း အခန်းရှေ့မှ ထွက်သွားလေပြီ…။ ထိုအခါမှဘဲ အနီးအနားရှိလေထုကြီးက အသက်ရှူချောင်သွားရတော့သည်…။
မြတ်ကြည်က ပန်းကလေးတစ်ပွင့်
ဟုတ်တယ်လေ သူမက လှတာကိုး…
ဒါပေမဲ့ မြတ်ကြည်က မာနကြီးတယ်
မြတ်ကြည်ကို သိမ်မွေ့တဲ့ မိန်းမငယ်လေးလို့ ခင်ဗျားတို့ထင်နေရင် မှားသွားမှာပေါ့…
ရိုင်းရိုင်းပြောဆိုရလျှင် မြတ်ကြည်က အရိုင်းအစိုင်းလေး
မြတ်ကြည်မှာ ဘယ်သူမှ မသိတဲ့ အိပ်မက်ဆိုးတွေရှိနေမယ်ဆိုတာ ကြည့်ရုံနှင့် သိနိုင်သည်..။
မြတ်ကြည်က ကစ္စမီပန်းရောင်စုံပွင့်ဖတ်လေးတွေလို လှပေမဲ့ သူရဲ့ ဆူးလွှမ်းနေတဲ့ ရိုးတံဖားဖားကတော့ ကြောက်စရာအတိကောင်းသည်..။
“မြတ်ကြည်က ခက်တော့ ခက်သား…” ဟုသာ မြသိန်း ရေရွတ်မိပါသည်..။
…….
“မြို့အုပ်မင်း ခင်မျ….ဒီနေ့ရဲ့ သတို့သမီးပုံတွေကို သခင်ဘမြိုင်က ပို့ပေးလိုက်ပါတယ်..”
မြို့အုပ်မင်း ဆိုသူကား တိုက်ပုံ အညိုကို ငွေမှင်ရောင် ပုဆိုးကွက်ဖြင့် ဝတ်ဆင်ထားပြီး ဘယ်ဘက်လက်တွင် ဆေးတံတချောင်းကိုင်ခါ ညာဘက်လက်တွင် ကနုတ်ပန်းတို့ကိုအနုစိတ်ပုံဖော်ခါထုဆစ်ထားသော နဂါးခေါင်းပါ သစ်သားတုတ်ကောက်တစ်ချောင်းအား ထောက်ကိုင်ထားပြီး ခပ်မဲ့မဲ့အပြုံးတို့ကို သူ့၏ ခပ်ရဲရဲ နှုတ်ခမ်းပါးတစ်စုံထပ်၌ ဖြစ်ထွန်းလာအောင် တမင်ပြုံးလိုက်မိသည်။
“အော် ဘမြိုင်…ဘမြိုင်….တယ်လည်းခက်ပါလားကွာ..”
ခပ်ဩဩအသံ နှင့် တစ်လုံးချင်းစီ အစီအရီကျစွာ ထွက်ကျလာသော စကားလုံးတို့က ကြားရသူအပေါင်းကို ရင်ထဲ၌ တမြေ့မြေ့နှင့် လောင်ကျွမ်းစေသယောင်…
ထိုနှုတ်ခမ်းပါးထက်က စကားလုံးတို့သည် ယောင်မျှမျှရယ်သာ စိတ်ပျက်ပျက်ဖြင့် ရေရွတ်လိုက်ပုံ….
ဘေးက လက်ပါးစေ မောင်မောင်ထူး ကလည်း မြို့အုပ်မင်းရှေ့ခေါင်းကို ပြုတ်ကျမတက် ငုံ့ထားမြဲသာ…
“မောင်မောင်ထူး.. သွားချည်.. ဒီနေ့ဘဲ မြို့အုပ်ကတော် တော်ကောက်ဖို့ စီစဉ်လှည့်…”
“ခင်ဗျာ.. အဲ.. ဟုတ်..ဟုတ်ကဲ့ပါ မြို့အုပ်မင်း..”
မြို့အုပ်မင်းဆိုသူ ဦးစောသိုက်ခေတ် တယောက် သူ၏ စာကြည့်ခန်းအတွင်းမှ ရုတ်တရက်ထလိုက်ရင်း အနောက်ဘက် ပြူတင်းပေါက်မှနေခါ ခြံထဲရှိ ကစ္စမီပန်းပင်ရဲရဲများကို ငုံ့ခါ လှမ်း၍ ကြည့်နေလိုက်မိသည်။
………………..
သူ၏ စာကြည့်စားပွဲပေါ်က တစ်စွန်းတစ်ဆပေါ်နေသည့် ပုံနှိပ်ထားသည့် စက္ကူအိတ်ကလေးထဲက ဓာတ်ပုံပိုင်ရှင် ကလေးမသည် သေချာပေါက် ပန်းတို့နှင့်အပြိုင် လှပသည့် ……………….!!
Nov 6,2021.
12:04 pm.
16.1.2022(public).
…………….