အခန်း ၅
(Part 5)
မြတ်ကြည် အိမ်ကိုပြန်ရောက်တော့ ခါတိုင်းလိုပင် ကိုမြသိန်းက ခြံဝန်းကျယ်ကြီးရှိရာ မြတ်ကြည်တို့ အိမ်အထိ လိုက်ပို့ပေးသည်။
“အကြည် ကိုယ်ပြန်ပြီနော့်..”
“ကောင်းပါပြီ..”
နှုတ်ဆက်နေသောမြတ်ကြည်တို့အနားး မေမေသည် အိမ်တံခါးဝအနားမှနေခါ မကြိုက်သော အကြည့်တို့ဖြင့် လှမ်းကြည့်နေတာ မြတ်ကြည် တွေ့ပါသည်။ သို့သော်ငြား မြတ်ကြည်တွေးမိသည်က… မေမေတစ်ယောက်ဘာဖြစ်ပြန်ပြီလဲကွယ်။
အကိုမြသိန်းက ကားပေါ်မှနေခါ လှမ်းခေါ်နှုတ်ဆက်သော်လည်း မေမေတယောက် မသိချင်ယောင်ဆောင်နေလေရဲ့..။အကိုမြသိန်းဂျစ်ကားကလေး ခြံထဲက ပြန်လည်ထွက်သွားပြီဆိုမှ မေမေသည် မြတ်ကြည်လက်ကို ဆွဲ၍ အိမ်ထဲသို့ အတင်း ခေါ်လာခဲ့သည်။
“ထိုင်.. မေမေပြောစရာရှိတယ်..”
မြတ်ကြည်ကတော့ စိတ်ရှုတ်ဖွယ်ရာအကြည့်ကလေးနဲ့ မေမေ့အား ပြန်ကြည့်မိသော် မေမေ့ မျက်နှာသည် အလွန်ပင် ဝင်းလက်တောက်ပနေလေရဲ့..။
“ဒီမယ်ကြည့်စမ်း..” ဟုဆိုခါ မေမေသည် ဆက်သွယ်ရေးတယ်လီဖုန်းစင်ပေါ်က တံဆိပ်ရိုက်နှိပ်ခက်ထားသည့် စာအိတ်ကလေးအား ကမ်းပေးလာသည်။
မြတ်ကြည်က စူးစမ်းလာသောအကြည့်တို့ဖြင့် စာအိတ်အညိုကလေးအား ကြောင်ပေါက်ကလေးတစ်ကောင်လို မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် စိုက်ကြည့်လာသည်။
“အို..ဒါ မြို့အုပ်မင်းဆီက ရိုက်နှိပ်ထားတဲ့ တံဆိပ်တုံးမဟုတ်လား..”
ထိုအခါ မေမေ့ရဲ့မျက်နှာသည် ဝင်းပဖြာလဲ့သွားပြီး ချက်ချင်းဆိုသလို စာအိတ်ကိုဖောက်ခါ စာရွက်ထဲ ပါသမျှအကြောင်းအရာတို့အား ပျော်ပျော်ကြီးဖတ်ပြလေတော့သည်။
“အဖ ဦးမြိုင်ဝင်း နှင့် အမိ ဒေါ်ခိုင်သင်ဇာတို့၏ တစ်ဦးတည်းသော သမီးထွေး မမြတ်ကြည်အား အကျွန်ုပ် မြို့အုပ်မင်းဘွဲ့အရာထူးခံ မောင်စောသိုက်ခေတ်သည် ဤမိန်းကလေးအား အိမ်သူသက်ထား အကြင်သူအဖြစ် ယနေ့ယချိန်မှစ၍ တော်ကောက်၏..။
ပုံ/ မြို့အုပ်မင်း စောသိုက်ခေတ်… ” ဟုခပ်သော့သော့ လက်ရေးကလေးများဖြင့် ရေးထိုးထားသော တံဆိပ်တုံးပါ အမိန့်စာသည် အလို… မြတ်ကြည်က တော်ကောက်ခံရဆိုဘဲ… ဘယ့်နှယ့်များ သူ့လို ကျောင်းနှင့်အိမ် အိမ်နှင့်ကျောင်း ထိုမှလွဲ၍ အပြင်ပင်သိပ် မထွက်သည့် သူမကိုလေ…
မြတ်ကြည်ရဲ့ ခပ်ဟဟ ပွင့်လာနေတဲ့ ပါးစပ်ကို မေမေက မေးဖျားမှ ပြန်လည်ပင့်တင်လို့ ပြန်စိပေးခါ ရင်ခွင်ထဲ သိမ်းကျုံးဖတ်ပစ်လိုက်သည်။ သို့သော် နွေးထွေးမှုတို့မပါ။
“မြတ်ကြည်.. နင်ဟာ မိန်းကလေးဘဲ.. ဘယ်လိုအကြောင်းကြောင့်ဘဲဖြစ်လာပါစေ အမေမွေးထားတဲ့ မိန်းကလေးတယောက်ဘဲမို့လို့ ဘယ်သူမှ အသိခံလို့မဖြစ်ဘူးနော်… ဒီကိစ္စကတော့ မင်းအပိုင်းမို့ လျှို့လျှို့ဝှက်ဝှက်နေတက်ပါစေ။ ဟား…ဟားဟားဟားဟား……”
ခဏသာ ပွေ့ဖတ်ခြင်းခံရပြီးနောက် မေမေတစ်ယောက် အရူးသဖွယ် ရယ်သံနက်နက်ကြီးဖြင့် ရယ်လို့ ထိုစာအိတ်အား ကိုင်မြှောက်ခါ အခန်းထဲပြန်ဝင်သွားချေပြီ…။
ကြီးကြီးဒေါ်မိုးဆွေနှင့် မိတူးတို့ဆိုသည်မှာလည်း အလုံးစုံ မျက်နှာပျက်လျှက်သာ မြတ်ကြည်တို့အဖြစ်ကို ဝင်မပြောရဲရှာပေ…. ။
မေမေတယောက်မစဉ်းစားမိဘူးလား မြတ်ကြည်ကို မြို့အုပ်မင်းသာ ယောက်ျားလေးမှန်း သူသိသွားခဲ့ရင် မြတ်ကြည်ကို ဒီအတိုင်းထားမယ်ထငမလား….. အို…ဘုရားရေ…. ဒါကြီးဟာ ကမ္ဘာမီးလောင် သားကောင်ပျက်စီးတာထပ်ပိုဆိုးနေပါရဲ့…။”” Time Skip ””
“အကြည် နိုးပြီလား.. ဘာစားမလဲ ကြီးဆွေ ထမင်းပူပူလေးကျော်ထားတယ် ငါးရံ့ခြောက်ဖုတ်ဆီပြန်လေးနဲ့စားမလား မစားချင်ရင် လမ်းထိပ်က ဒေါ်မြမေတို့ဆိုင်မယ် မုန့်ဟင်းခါးဝယ်ပေးမယ်လေ…”
“နေပါစေ ကြီးဆွေ..မြတ်ကြည် သွားစရာရှိတယ်.. “
“ဟော.. ဘယ်ဖြစ်မလဲ မနက်စာ အစာခံလေး တစ်ခုခုတော့ စားသွားပေါ့ကွယ်.. “
“မြတ်ကြည် ရင်ခံနေလို့ ဘာမှစားမဝင်ပါဘူး ကြီးဆွေရယ်။ ဦးလေးတောက်ထွန်းတယောက် အားရဲ့လား…”
ကိုတောက်ထွန်းဆိုသူက ခြံကြီး၏ ငယ်ကျွန်လက်ပါးစေ..။ ကြီးဆွေ၏မောင် ဖြစ်ပြီး မိတူး၏ ဘရီးဦးလေးပင်ဖြစ်လေသည်..။
“တောက်ထွန်းဆိုမှကွယ် မနက်က သခင်မကြီးအလုပ်ရုံက အရေးပေါ် ဖုန်းဆက်ခေါ်လို့ တောက်ထွန်းကို ကားနဲ့ လိုက်ပို့ခိုင်းလေရဲ့…”
“အို…ဒါဖြင့် အချိန်မစောတော့ဘူးဘဲ မြတ်ကြည် လမ်းလျှောက်ရမှာနဲ့ဘာနဲ့ ဆိုတော့လေ…”
ခေါင်းမာသည့် မြတ်ကြည်က ဒါဆိုဒါမှ.. ။ အခုလည်း အပြင်တစ်ခါမှမထွက်ဖူးသူ အိမ်တွင်းပုန်းကလေးက ဘယ်ဆီကိုများ သွားလေရဲ့.. ကြီးဆွေတယောက် စိတ်ပူနေမိတာတော့အမှန်ပင်…။ မိတူးကလည်း မြတ်ကြည်အနောက် အဖော်အဖြစ်လိုက်ရန်ချည်း တဂဲဂဲ တာဆူနေပြန်သည်…။ သူ့တို့မျက်လုံးထဲ မြတ်ကြည်ကို မိန်းမငယ်လေးတစ်ယောက်အဖြစ်သာ အယူခံခဲ့ကြပုံ..။ ဒီကောင်မလေးလည်း အသိသား မြတ်ကြည်က စိတ်ဆိုးရင် အော်ဟစ်သောင်းကျန်းပြီး တအားကြောက်ဖို့ကောင်းတာ..။
“ကြီးဆွေ ကြီးဆွေ… မဟုတ်မှ အကြည်တစ်ယောက် မြို့အုပ်မင်းဆီ စာရင်းသွားရှင်းတာတော့မဟုတ်ဘူးမှလား..”
ကြက်မွှေးကိုင်ပြီး သန့်ရှင်းရေးလုပ်နေရင်းမှ ရုတ်တရက်ဆိုလာသော မိတူးရဲ့ စကားကြောင့် ဒေါ်မိုးဆွေ ခေါင်းကျိန်းသွားလေပြီ..။ အခုမှ လိုက်တားရအောင်လည်း မြတ်ကြည်ဆိုတာဖြင့် မြို့အုပ်မင်း အိမ်ကိုတောင် မြင်းလှည်းဖြင့် ရောက်သွားလောက်ပြီကိုး…။
” အိမ်ရှင်တို့….”
ကလောင် ကလောင်….!
“ဘယ်သူမှ မရှိဘူးလား… “
ခြံတံခါးက လူခေါ်ခေါင်းလောင်းလေးကို ဆွဲခေါက်ရင်း ကြီးမားသော အနီရောင်အုပ်ချပ်များဖြင့် တည်ဆောက်ထားသော သုံးထပ်အိမ်ကြီးထဲက လူတွေကို အော်ခေါ်နေသူ မြတ်ကြည်မှာ သိပ်တော့ စိတ်မရှည်ချင်တော့ပေ..။
ထိုပုံစံအနီရောင်အုပ်ချပ်ဖြင့် တည်ဆောက်ထားသော မြို့အုပ်မင်း နေထိုင်ရာ သုံးထပ်အိမ်ကြီးများသည် သာမာန်အရပ်သားများနေထိုင်ဆောက်လုပ်လို့မရသည့်အပြင် အရာရှိ အရာခံကြီးများသာ နေထိုင်သည့် အိမ်ပုံစံလည်းဖြစ်၏..။ ကြည့်လေ ခမ်းနားလေဖြစ်ပေ၏။ မြတ်ကြည် အိမ်ပေါ်ဆီတွေတွေကလေးငေးကြည့်နေရာမှ ခေါင်းတစ်ချက်ခါရင်း လူခေါ် ခေါင်းလောင်းကလေးအား လှုပ်ခေါ်ပြန်သည်။
အတန်ကြာအောင် ထပ်အော်ခေါ်လိုက်မှ ခြံစောင့်ဟုထင်ရသည့် လူကြီးက နောက်ဖေးဘက်ကနေ ကသောကပါး ပြေးထွက်လာလေသည်။
“အို ကလေးမ ဘယ်သူနဲ့တွေ့ချင်လို့လဲ…”
“မြို့အုပ်မင်းဦးစောသိုက်ခေတ် ရှိသလား ရှိရင် ခေါ်ပေးစမ်းပါ…”
မြတ်ကြည်ရဲ့စကားကြောင့် ခြံစောင့် ဦးလေးကြီးက မျက်ခုံးပင့်သွားရသည်။
“ကလေးမက ဘယ်သူများလဲ…”
“အိုး… သန်းခေါင်စာရင်းများလာကောက်နေတာလား.. မြတ်ကြည်က ခေါ်ဆို ခေါ်ခိုင်းလိုက်ပေါ့.. ဒါမှမဟုတ်လည်း မြတ်ကြည် အိမ်ထဲဝင်မယ် တံခါးဖွင့်ပေးပါ ဦးလေး…”
တဆွတ်ထိုးလုပ်နေသော မြတ်ကြည်ကို သုံးထပ်တိုက်၏ အနီရောင်ခန်းစည်းကာထားသော ပြူတင်းပေါက်မှ ကြည့်နေသူတယောက်သည် နှုတ်ခမ်းတို့အား လေးကိုင်းသဏ္ဍာန် ပြုံးစေလို့…
အတန်ကြာအောင် အငြင်းပွားနေသော မြတ်ကြည်နှင့် ခြံစောင့်ဦးလေးတို့အနား ရှိရာသို့ မောင်မောင်ထူးတယောက် အသော့ကလေးပြေးလာခါ ခြံစောင့်လူကြီးနားနားဆီ စကားကို တီးတိုးကပ်ဆိုလိုက်မှ ပြာပြာသလဲ ခြံတံခါးဖွင့်ပေးလာသည် ။
မြတ်ကြည်ကဖြင့် ရင်ကော့လျှက် သူ့အိမ်သူ့ယာနှယ် ဝါးပင်တို့အုပ်ဆိုင်းနေသော အပင်ပုလေးများရှနရာ ခြံဝန်းထဲ ဖြတ်ကျော်ခါ အိမ်တံခါးဝဆီမှ ဝင်လာရင်း ဧည့်ခုံ၌ ဝင်ထိုင်လေသည်။
ကြောင်ကြည့်နေသူ မောင်မောင်ထူး ခင်မျာ မြတ်ကြည်၏ အလှကြောင့်တစ်ဖုံ တဆွတ်ထိုးဆန်မှုကြောင့်တစ်ဖုံ ဘာလုပ်လို့လုပ်ပေးရမှန်းမသိ…။ တော်သေးသည်။ ဒီပုံစံအတိုင်းသာဆိုရင်ဖြင့် မြို့အုပ်မင်းအခန်းလိုက်ရှာပြီး အိပ်အခန်းထဲမဝင်သွားတာ….။
မြတ်ကြည်က တစ်ဖြတ် မော့ကြည့်လာလျှင် မောင်မောင်ထူးတစ်ယောက် ဘုရားပါတမိလေရဲ့..။မအေနဲ့တူလို့ ဒီသလောက်တောင်များလှတာလား..။ ရွှေအိုရောင် ဝတ်စုံဖြင့် လှချင်တိုင်းလှနေသော သူ့ရှေ့က နတ်သမီးတစ်ပါးအား အဘယ်သတ္တိဖြင့် ကြည့်ရမည်နည်း…။
“အဟမ်း ဟို.. ဟိုဟာ.. ဟို.. ခဏ စောင့် စောင့်နေပေးပါ.. မြို့အုပ်မင်း စာတမ်းကြောင့်အလုပ်ရှုတ်နေလို့ပါ…”
ကောင်းပြီ ဟူသော အကြည့်ဖြင့် မောင်မောင်ထူးအား မေးဆက်ပြမှ အပေါ်ထပ်သို့ အပြေးတက်သွားလေတော့သည်။
“မြို့အုပ်မင်းခင်များ…. အောက်မှာ….”
“စောင့်ခိုင်းလိုက်.. မဖိတ်ထားတဲ့ ဧည့်သည်ဘဲ.. ဘာအရေးလဲ ကျုပ်ဖြင့် အလုပ်ရှုတ်နေတယ် မအားသေးဘူး သွား…”
စောသိုက်ခေတ် တစ်ယောက် မောင်မောင်ထူးအား အခန်းထဲမှ မောင်းထုတ်တော့ မောင်မောင်ထူးခင်မျာ ယောင်ချာချာရယ်.. အခန်းရှေ့မှာ ဟိုလျှောက်ဒီလျှောက်နဲ့ အတန်ကြာအောင်စောင့်မိပါသော်လည်း အချိန်က ၁နာရီနီးပါး ကြားသွားသည်သာ.. စောစောနကနှင့် ဘာမှမထူးခြား…
မောင်မောင်ထူး အိမ်အောက် ဆင်းလာတော့ မြတ်ကြည်ရှေ့ မခို့တရို့ကလေး ရပ်ခါ ခေါင်းကလေးငုံ့ရင်းဆိုသည်။
“မြို့အုပ်မင်း အလုပ်ရှုတ်နေလို့ပါ ခင်မျာ.. မကြာခင် ဆင်းလာတော့မှာပါ…”
“အို.. မကြာခင်က ဘယ်တော့များလဲ.. အချိန်ကိုကြည့်စမ်း မြတ်ကြည် ထိုင်စောင့်နေတာတစ်နာရီ နီးပါးဖြစ်နေပြီ.. ဘယ်လိုလူလဲ…”
ဆူညံ ပူညံသံတစ်ချို့ကြောင့် အပေါ်ထပ်က စောသိုက်ခေတ် တစ်ချက်ပြုံးလိုက်မိသည်။ သို့သော်လည်း လက်ထဲက ခေါက်ထားပုံရသော လေယာဉ်ပျံစက္ကူကလေးတွေက မြို့အုပ်မင်းတယောက်ထံ ဘာအလုပ်မှမရှိပါဘဲ မြတ်ကြည်ကို တမင်စောင့်ခိုင်းခဲ့ဟန်ဖြစ်၏..။ နောက်ထပ် နာရီဝက်နီးပါးကြာမှ မြို့အုပ်မင်းက လက်ဆွဲတော် တုတ်ကောက်ကိုကိုင်လျှက် သူ့ကျွန်းနက်နက်များဖြင့်တည်ဆောက်ထားသော လှေကားများပေါ်မှ နင်းလျှောက်ဖြတ်ကျော်ခါ အပေါ်ထပ်ကနေ ဆင်းလာလေသည်။ ပြီးလျှင် ထိုင်နေကြ နေရာ တစ်ယောက်ခုံထိုင်ခုံတွင် တုတ်ကောက်ကြီးထောက်လို့ ဝင်ထိုင်သည်။ ကျွန်းသစ်ကိုမှ အနက်ရောင် ပြောင်လက်နေသော တုတ်ကောက်သည် ကနုတ်နဂါးပုံပါပြီး အရိုးတံမှာ စတီးဖြင့် ကွက်ခါ လက်ကိုင်ဘုသည် နဂါးတစ်ကောင်၏ဦးခေါင်းပုံစံလည်းဖြစ်သေး၏။ ထို တုတ်ကောက်သည် မြို့အုပ်မင်းရဲ့ လက်ဆွဲတော် တစ်ပါးလည်းဖြစ်၏..။
အပေါ်ထပ်မှဆင်းလာသော မြို့အုပ်မင်းအား မြတ်ကြည်မြင်လျှင် မျက်စောင်းရွယ်ခါ နှုတ်ခမ်းကို မဲ့လိုက်၏။
“အိုး ဒါမှန်းသိရင် မြတ်ကြည် အိမ်က ခေါင်းအုံးကလေး ယူခဲ့ရောပေါ့ရှင်…”
အထာကလေးနှင့်ပြောသော မြတ်ကြည် စကားကြောင့် စောသိုက်ခေတ် တစ်ချက်ပြုံးလိုက်မိသည်။
“ဟုတ်ပါ့ဗျာ သည်မောင်မောင်ထူးတစ်ယောက်ကလည်း ဧည့်သည်ကို ခေါင်းအုံးကလေးပေးမှပေါ့… ဘယ်နှယ့် နော့….အားနာလိုက်တာများ..! “
ထိုသို့ဆိုလျှင် မြတ်ကြည်မျက်နှာက မဲခနဲ..ရန်ညှိုးမရှိပါလျှက်နှင့် အတော်ကလေး တစ်ဖတ်စီးနင်းဆန်စွာ မြို့အုပ်မင်းတစ်ယောက် ရန်မောက်နေသည်မို့ ဒေါသထွက်နေသည်ကိုပင် မနည်းထိန်းထားရသည်။
“ကဲ ဆိုပါအုံး ကလေးမ မင်္ဂလာကိစ္စလာဆွေးနွေးလေသလား…”
“ဟုတ်ပါတယ် ဟုတ်ပါတယ်.. မင်္ဂလာတော့မဟုတ်ပါဘူး အ မင်္ဂလာပါ မြတ်ကြည်ဖြင့် အိမ်ထောင်ရေး စိတ်မဝင်စားပါဘူး… တော်ကောက်တာကို မြတ်ကြည် ငြင်းပါရစေ မြို့အုပ်မင်းရှင့်…”
“တယ်လည်း ဉာဏ်များသကိုး အမိရယ်…မြို့အုပ်ကတော် မဖြစ်ချင်တဲ့ မိန်းမ အဘယ်မှာများရှိသလဲ…”
” အို.. မြို့အုပ်မင်းမကလို့ ဘာဘဲအုပ်အုပ်.. မြတ်ကြည်ဖြင့် ရှင့်ကို လက်မထပ်နိုင်ဘူး…”
“အပိုတွေမပြောစမ်းနဲ့ ကလေးမ.. လာမည့် အပတ်ကစလို့ မင်း ငါ့အိမ်မှာ လာနေရမယ်.. ဒါကို မင်းအရမ်းလိုချင်နေတာဘဲမဟုတ်လား….”
“ရှင်နော်….ရှင်..”
“အိုးဟိုး.. ကလေးမ ဉာဏ်ကြီးရှင်မလေး… မာယာမများနဲ့ ကန်အသင့်ကြာအသင့် ဘာမူနေသလဲ…”
မြို့အုပ်မင်းဆိုသူက အတော်ကလေးရိုင်းပါသည်။ ယောက်ျားတယောက်တန်မဲ့ ဘာကြောင့်များ ဤစကားထွက်ရသနည်း။ ကိုယ်ဟာ မိန်းမတယောက်မဟုတ်သည်ကြောင့် ခံသာသည် ဆိုပေမဲ့ အကယ်၍များသာ ကိုယ့်နေရာမှာ အခြားမိန်းကလေးတယောက်သာဆိုပါလျှင် အို ဒီလူ တော်တော် ရိုင်းတာဘဲ.. ဘယ်ဥကများပေါက်သလဲ…!
“မြတ်ကြည် လက်မထပ်နိုင်ဘူး.. မြို့အုပ်မင်း ဟုတ်လား ဘယ်နေရာကို သွားအုပ်နေတာလဲ ရိုင်းလိုက်တာမှဖြင့် နှမချင်းကိုယ်ချင်းမစာ “
“မျက်နှာပြောင်တိုက်ချက်ကတော့ မိုင်ကုန်ဘဲ အမိရယ်… ဟေ့ မောင်မောင်ထူး…”
…..”လာပါပြီဗျ လာပါပြီဗျ…”
မောင်မောင်ထူးက အပြေး ရောက်ချလာလေလျှင် စောသိုက်ခေတ် တုတ်ကောက်ကို အားပြုခါ ထိုင်ရာမှထသည်။
“အရေးပိုင်မင်းအိမ် အခေါ်ဖိတ်ထားတာ နောက်ကျရော့ သွားကြမယ်…”
“ဗျာ.. ဗျာ.. အရေးပိုင်….အား ဟုတ်ပါ့ ဟုတ်ပါ့…”
အနိုင်ကလေးပိုင်းခါ ထထွက်သွားသော မြို့အုပ်မင်းအနောက်ကနေ မြတ်ကြည် အလျှင်ဖြတ်ကျော်ခါ ဦးသူကျော်၍ ခြေကိုတဇောင့်ဇောင့်ဖြင့်နင်းခါ မြို့အုပ်မင်းရှေ့ မျက်နှာမူလိုက်သည်။
“အို ရှင်သွားစရာမလိုပါဘူး.. မြတ်ကြည်သွားမယ်.. အလကား တမင်ကွေ့ပတ်ရှောင်နေတာ အသိသာကြီး…”
မြတ်ကြည်က တန်းခနဲသိ၏..။ မြို့အုပ်မင်းတစ်ယောက် အရေးပိုင်မင်းနှင့် ချိန်းဆိုထားခြင်းမရှိသည်ကိုပေါ့
ပြီးလျှင်တော့ မြတ်ကြည် အလာတုန်းက စောင့်ခိုင်းခဲ့သော ခြံရှေ့က မြင်းလှည်းပေါ် လပ်သုတ်သုတ်ကလေး အလျှင်အမြန် တက်သွားတော့သည်။
………………………..