အခန်း ၆
(Part 6)
“တောက် ! .. တကယ်အမြင်ကပ်စရာကြီး….”
လက်ထဲက လက်ဆွဲအိတ်ကို ဧည့်စားပွဲခုံပေါ် ဆောင့်ချရင်း အရုပ်ကြိုးပျက်စွာ မြတ်ကြည် ထိုင်ခုံပေါ် ဝင်ထိုင်ပစ်လိုက်သည်။
ဒါကို ကြီးဆွေက အထူးအစမ်းဖြင့် အနားကပ်ခါ မရဲတရဲလေးမေးရှာသည်။
“အကြည် ဘာဖြစ်လို့လဲ သမီးရယ်…”
“ကြီးဆွေရယ် စဉ်းစားစမ်းပါအုံး မြတ်ကြည် တကယ် ဒေါသထွက်လို့သေတော့မယ်ထင်ပါရဲ့..”
ထိုအခါ ကြီးဆွေရဲ့ မျက်လုံးတွေက ဝင့်ခနဲ ပါးစပ်ကလေးကို လက်ဖြင့်အုပ်ကိုင်ခါ အ့ံဩသောဟန်ဖြင့် “အို ပေါက်ပေါက်ရှာရှာကွယ် ဖွဖွ ဘယ်က သေရမှာတုန်း အကြည်ရယ်..” ဟု ဆိုလာတော့ မြတ်ကြည်က ခေါင်းကို တွင်တွင်ခါသည်။
“ကြီးဆွေရယ် ကြီးဆွေဘဲ စဉ်းစားကြည့်ပါအုံး မြတ်ကြည် အဲ့အရိုင်းအစိုင်းကို တွေ့ဖို့ အချိန်၂နာရီအထိ ကြာအောင် ထိုင်စောင့်ခဲ့ရတယ်.. အဲ့လူကတော့ အေးအေးလူလူနဲ့ မြတ်ကြည်ကိုတောင် ပြန်စောင်းချိတ်နေတာ.. လက်ထဲမှာ ဓားသာ ပါသွားလို့ကတော့ အဲ့အရိုင်းအစိုင်းကို ခုတ်သတ်ပြီးပြီရော်…”
ဆူပုတ်ပုတ်မျက်နှာထားလေးဖြင့် လျှင်မြန်သော စကားတို့အား ကရားရေရွတ်စွာ အဆက်မပျက်ဆိုလာသော မြတ်ကြည်အား ဒေါ်မိုးဆွေ ခပ်ကြောင်ကြောင်ကလေးသာ ကြည့်မိသည်။
“အဲ့ အဲ့လူဆိုတာက…ဟို ဟို မြို့အုပ်……”
“ဟုတ်တယ် ဟုတ်တယ်..။မြို့အုပ်မင်းဘဲ..”
“ဘုရားရေ!”
ကြီးဆွေ တယောက် ဘုရားတမိတာမြင်တော့ မြတ်ကြည်က မျက်စောင်းကလေးချိန်ခါ ” အို ကြီးဆွေက ဘာကို ဘုရားတနေရတာလဲ..”
“အလို မြို့အုပ်မင်းဆိုတာက အာဏာရပါဝါရ လူကြီးလူကောင်းလေ အသိုင်းအဝိုင်းနဲ့အဆက်အသွယ်က ကြီးမားတာကို အကြည်ရယ်.. အဲ့လိုမျိုးပြောရင်ဖြင့် မကြောက်ဘူးလား..”
“အိုးဟိုး.. မြတ်ကြည် ဘာတစ်ခုမှ မှားမပြောမိပါဘူး..။ အမှန်ဆိုတာဘဲလေ.. လာဖမ်းလဲ ဖမ်းပါစေ..ရင်ကော့ပြီးလိုက်သွားမယ်..”
“အကြည်ရယ် စိတ်လျော့မှပေါ့…”
“ဘာလဲ ကြီးဆွေက သူ့ဘက်ကလား…”
မြတ်ကြည်ရဲ့ ဒေါသအငွေ့အသက်က ဒေါ်မိုးဆွေဘက် ကူးပြောင်းလာပြီမို့လို့ ဒေါ်မိုးဆွေ ခေါင်းကို ပြုတ်ထွက်မတက် ခါရင်း “မဟုတ်တာ အကြည်ရယ် မဟုတ်တာ..။ ကြီးဆွေက အကြည့် ဘက်ကပါကွယ်…” ဟုဆိုပြီးသည်နှင့် လှစ်ခနဲနေအောင် မြတ်ကြည်ရှေ့မှ ဒေါ်မိုးဆွေ ပြောက်သွားလေတော့သည်။
“လူ့ကျက်သရေတုံး…ဟူး„”
……………………….
“ဘယ်နှယ့်… ဘာကိုတုန်း… “
“အို အခုထိမသိသေးဘူးလား ခင်ရယ်…”
“ဟင့်အင်း…”
“တို့ရဲ့ မြတ်ကြည်ပေါ့ မြို့အုပ်မင်းက မျက်စိကျပြီး တော်ကောက်လိုက်သတဲ့လေ…”
“ဟဲ့ ပလုတ်တုပ် ဟုတ်မှပြောစမ်းပါအေ…”
“တကယ် တကယ် ဘူရားစူး…”
ကျောင်းဝင်း အဝင်ဝမှစလို့ လူတိုင်းရဲ့ပါးစပ်ဖျားမှာ မြတ်ကြည်တော်ကောက်ခြင်း ခံရသည့် သီတင်းကား အတော်ကလေး ပျံ့နှံ့လျှက်ရှိသည်။
မြတ်ကြည်တို့ ကျောင်းဝန်းထဲ ဝင်လာကတည်းက လူအများရဲ့ အားကျခြင်းခံရသည့် အကြည့်ဖြင့် ကြည့်နေသောအကြည့်တို့သည် မြတ်ကြည်အား စိတ်မလုံစွာ ဖြစ်လာလေသည်။
“အကို ဒီနေ့ထူးစမ်းနေသလားလို့…”
ကိုမြသိန်းတစ်ယောက်မှာတော့ လူတွေ သူတို့အားကြည့်သည်မှာ ခါတိုင်းလို အတွဲတွေဟုအမှတ်မှားသည်ဟူ၍သာ ထင်မိသည်။
“ဟင့်အင်း ဘယ်နေရာက ထူးစမ်းလို့လဲ အကြည်ရဲ့…”
မြတ်ကြည်ကတော့ မျက်ခုံးတစ်ချက်ကြုတ်ရင်း ကျောင်းခန်းထဲဝင်လာမိ၏..။ဘေးမှာ ကိုမြသိန်းလည်း ရှိသား..။
“အကြည် နင် တော်ကောက်ခံရဆို.. တော်တော် ပျော်နေမှာပေါ့နော် အားကျလိုက်တာဟယ်…”
“ဟမ်! “
ထိုစကားကြောင့် မြတ်ကြည် မျက်နှာပျက်သွားသည်။ အလို သူတို့က သိဆို ဘယ်ကများ မြို့အုပ်မင်းတော်ကောက်ခံရတာကို သိလာကြတာလဲ..။ အဖြစ်အပျက်က မြန်ဆန်လွန်းသည်ကြောင့် မြတ်ကြည် မျက်ခုံးတွေကို ပို၍ ကြုတ်ပစ်လိုက်တော့သည်။
ဘေးက ကိုမြသိန်းအား ငှဲ့ကြည့်တော့ သူက အ့ံဩစွာ ပါးစပ်ကလေး အဟောင်းသားဖြင့် မြတ်ကြည်ကို ပြန်လည် ကြည့်နေသည်။
“ဘယ်ကနေ ဘယ်လိုသိလာတာလဲ..”
“ဟား.. အာ့ဆိုရင် ကောလဟာလ မဟုတ်ဘဲ အမှန်ပေါ့ …။အကြည်ရယ် အားကျလိုက်တာ..”
မိန်းကလေးတို့က မြတ်ကြည်အနားကို တဖွဲဖွဲရောက်လာရင်း တစ်ယောက်တစ်ပေါက်ဖြင့် ဟိုမေးသည်မေးလုပ်ကြသည်။ ကိုမြသိန်းကတော့ သနားစဖွယ် ဘေးတွင် အပိုလူတယောက်ရယ်သာ အသင့်ရပ်လျှက်…
ကျောင်းသားဘဝကတည်းကစလို့ နှစ်ရှည်လများ တဖတ်သတ်ချစ်ခဲ့ရသော အချစ်တို့က ဤတွင် ဤမျှသာ ဆုံးခန်းတိုင်တော့မည်။အချစ်သည် မြသိန်းအတွက်တော့ တုန့်ပျံမှုမရှိသောလေပြေကလေးလို မကြာခင်အတွင်း အဝေးကို လွင့်ပျံသွားတော့မည်။ ဤမျှ ဤမျှ….
ကျောင်းဆင်းချိန်ဖြစ်သဖြင့် မြတ်ကြည် ကိုမြသိန်းကိုစောင့်ရသည်။ ဘာလို့ဆို ကိုမြသိန်းကားနှင့်အတူလာသည်ကိုး..။
“ဟယ်.. အဲ့တာ မြို့အုပ်မင်းမှလား…”
“ဟုတ်ပါ့တော် ဟုတ်ပါ့..”
“အမလေး ချောလိုက်တဲ့ မျက်နှာကြီးပါတော်…”
ရှေ့မှာ ရုတ်စိရုတ်စိဖြစ်နေကြသော လူတစ်စုသည် မကြာခင်အတွင်း ပုရွက်ဆိတ်အုံပမာ ထိုနေရာတစ်ကွက်သာ အစာချခံရသလို အုံခဲသွားလေသည်။ မြတ်ကြည်လည်း သူ့အရေးမဟုတ်သည်ကြောင့် ကိုမြသိန်းဖြင့် ယှဉ်တွဲလျှောက်လာခါ ရပ်ထားသော ကားနေရာသို့ ရောက်လာခဲ့သည်။
“ဟေ့ မောင့်ရဲ့ကလေးမ…”
ဤအသံ… ဤအသံ… မြတ်ကြည် ရင်းနှီးနေသည်ကြောင့် သမင်လည်ပြန်ကလေး လှည့်ကြည့်မိလျှင်……
နေရောင်အောက် ပြောင်လက်နေသော အမဲရောင် ဂျစ်ကားကြီးရှေ့ နဂါးတစ်ကောင်၏ မာန်လို ရန်စောင်နေသည် ကျွန်းနက်ရောင် တုတ်ကောင်ကို ထောက်လို့ ရွှေအိုရောင် ပုဆိုး အနက်ရောင် တိုက်ပုံနှင့်အတူ ဆံပင်တို့ကို သေသေသပ်သပ်ဖြီးသင်ထားခါ ကားရှေ့အဖုံးတွင် ဖင်တင်ရုံမှီထိုင်နေသော ထိုလူသည် ဘယ်သူများဖြစ်မည်နည်း….
ထိုလူဟာ” မြို့အုပ်မင်း ဦးစောသိုက်ခေတ်..”သာ…
ဘုရားရေ သူဘယ်လိုများ….
စောသိုက်ခေတ်က ရိုးရိုးကလေးဝတ်ဆင်ထားသည့် အဖြူရောင်ဝမ်းစပ်နှင့် မိန်းကလေးရှေ့မှာ ခြေထောက်တစ်စုံကို ရပ်တန့်လိုက်သော်ညား… ထိုမိန်းကလေးဟာ မိန်းကလေးတယောက် ဟုတ်မနေခဲ့ပေ…
“ကဲ.. မောင် ဂတိအတိုင်း လာကြိုပါရဲ့.. “
ထိုစကားကြောင့် ဘေးက မိန်းကလေးတစ်ချို့ သွားဖြီးသည်အထိ ပြုံးရယ်လို့ အားကျကြလေပြီ..။ မြတ်ကြည်မှာဖြင့် မရယ်နိုင်… သူတို့ဘယ်တုန်းကများ ချိန်းဆိုခဲ့ဖူးလို့လဲ ပေါက်ကရ! ဒီလူ မဟုတ်ခ သုတ်ခတွေ ဗရုတ်ကျပြီး လာလုပ်နေပြန်ပါရော။
“အလို.. မြတ်ကြည် ဘယ်တုန်းကများ…”
“ကလေးမ မောင့်မယ် အလုပ်မအားရတဲ့ ကြားကနေ စိတ်ဆိုးပြေအောင် လာချော့ရတာလေ.. နှင်ထုတ်တော့မလို့လားကွယ်..”
မြတ်ကြည်တယောက် အ့ံဩနားပန်းတွေကြီးခါ ဘာကိုဆို၍ ဆိုရမှန်းပင်မသိတော့ချေ… ကိုမြသိန်းဆို မျက်နှာကို ပျက်လှပြီ…။
“လိုက်သွားလိုက်ပါ မြတ်ကြည်ရယ်..”
“အေးလေ.. ခေါ်တဲ့သူက အလုပ်တွေပစ်ပြီးတော့တောင် လာခေါ်ရတာ အားနာစရာ..”
ဘေးမှ ဝိုင်း၍ စကားထောက်ခံနေကြသော အခန်းဖော်တစ်ချို့… မြို့အုပ်မင်း ကြည့်ရတာလည်း ကိုယ်မှကိုယ်ဖြစ်နေသည့်ပုံအား ရှိုးထုတ်ခါးသည် ။ အဲ့အရိုင်းအစိုင်း ဘာတွေ ဉာဏ်နီဉာဏ်နက် ဥာဏ်အကလိမ်ဆင်ပြီး ဂွင်လာထုတ်နေသလဲဖြင့် မြတ်ကြည်တွေးရင်း ဒေါသထွက်လှပြီ…ကြည့်ရတာ သူ့ဟာသူဉာဏ်ဆင်ပြီး အကွက်ချလာသည့်ပုံ..ဘယ်တုန်းကမှ ချိန်းဆိုထားခြင်းမရှိသည်ကိုလည်း အားလုံးရှေ့ထုတ်ပြေပြချင်ပါသော်လည်း အခြေအနေဆိုတာက ကိုယ့်ဘက်မှာကိုလုံးလုံးမရှိ….!
မြတ်ကြည် ကိုမြသိန်းအား တစ်ချက်ကြည့်တော့….
“အကြည် လိုက်သွားလိုက်ပါ.. အကိုက ရပါတယ်..” ဟု ဆိုလာသည်။
မြတ်ကြည် ခေါင်းတစ်ချက်ညှိမ့်ပြမိ၏။ ဒါကို သရော်သလိုလို ခနဲသလိုလို ဟွန်းခနဲ ရယ်လာသော မြို့အုပ်မင်းကြောင့် မြတ်ကြည်အကြည့်က သူ့ဆီ ဒိုင်းခနဲ…
“ကောင်းပြီ သွားကြတာပေါ့ မြို့အုပ်မင်း..”
စောသိုက်ခေတ်က ဦးစွာ ကားတံခါးဖွင့်ပေးလာသည်မို့ မြတ်ကြည် မျက်စောင်းထိုးခါ ကားထဲ အသင့်ဝင်လိုက်သည်။ထို့နောက် ကားကလေးသည် မြတ်ကြည်အိမ်ရှိရာသို့ တရွေ့ရွေ့ဖြတ်ပြေးလျှက်…
“အတော်ကလေး ပျော်နေပုံဘဲ.. ဟုတ်စ….”
စောသိုက်ခေတ် ဘာကိုဆိုလိုသလဲဆိုတာ မြတ်ကြည်သိတယ်။ ဒုန်းဝေးနေရအောင် မြတ်ကြည်က ထုံထုံအအလူတယောက်မှမဟုတ်ဘဲ..။ သူမေးနေသည်က အကိုမြသိန်းနဲ့ယှဉ်တွဲလာခြင်းကိုပင် ဖော်ပြနေသည်။
“အိုး ပျော်တာပေါ့ ကိုယ်လုပ်ချင်တာ လုပ်ရတာလေ…ဘယ်သူက မပျော်ဘဲနေပါ့မလဲ..”
“ဟုတ်တာပေါ့ သိပ်ဟုတ်တာပေါ့.. ပျော်ထား နောက်ရက်တွေကစလို့ မင်္ဂလာပွဲကျင်းပပြီး ကျုပ်နဲ့အတူ ခရီးထွက်တာကို လိုက်ရမယ် မင်းလည်း ကျောင်းပြီးခါနီပြီးလေ ဟုတ်စ..”
“ဘာ!..ရူးနေလား…”
“သိပ်ဟုတ်တာပေါ့ ကျုပ်ရူးနေတယ်လေ.. အဲ့တာ ခင်များလေးကြောင့်…”
မြတ်ကြည် မြို့အုပ်မင်းအား စူးစူးရဲရဲကြည့်နေရင်းမှ ဆိုလာသည့်စကားကြောင့် လူက ဘယ်လိုဖြစ်သလဲမသိ.. တစ်ကိုယ်လုံး ပူရှိန်းရှိန်းဖြစ်သွားရသည်အထိ..။ခေါင်းတွေပင် ကြီးတက်ခါ ဖွေးဥနေတဲ့ ပါးနှစ်ဖတ်သည်လည်း သေချာပေါက် အရောင်ပြောင်းနေလောက်ပြီထင့်…
“အို…” ဟု ဘယ်သူမှမကြားမိအောင် တိတ်တိတ်ကလေး အသံထွက်သွားသော စောသိုက်ခေတ်မှာလည်း ခဏတာ မြတ်ကြည်ရဲ့ ရှက်သွေးဖျာမှုမှာ ရောထွေးလျှက်…..
………..