အခန်း ၇
(Part 7)
ထိုသူပိုင်ပါသော ဂျစ်ကားပေါ်မှာ မဖွယ်မရာစကားတို့ဖြင့် စိတ်ကို မထိတထိလာလာ၍စနေပါသော မြို့အုပ်မင်းအား မြတ်ကြည်တစ်ယောက် နားအေးရောဟူသည့်အတွေးဖြင့် ပြီးပြီးရော လိုက်လာမိသည်ကိုက မှားပြီလားဟူ၍တောင် ကတောက်ကဆကလေး တွေးမိပါသည်။ ပြော၍ရမလား မြို့အုပ်မင်းဆိုသည်ကား မိန်းမ ဆယ်ယောက် အယောက်တစ်ရာ ရရင်ရသလောက်ယူခါ မင်းတုန်းမင်းထက်ပိုဆိုးသည့် တဏှာကြီးသည့်ကဝေကောင်တွေ..။
အခွင့်အရေးသင့်တုန်း ဤလူဟာ သူ့အပေါ်များ မဖွယ်မရာ တစ်ခုခုအား ပြုမိပါလျှင်ဟူသော အတွေးကြောင့် လုံချည်အနားစအား ခပ်တင်းတင်းဆွဲဆုတ်ခါ အသက်ရှူပင်ရပ်တန့်ထားမိသည်မှာ မည်မျှပင်ကြာစေမှန်းမသိသည်အထိ ။ သို့သော်လည်း အနှီမြို့အုပ်မင်းဆီမှ ဘာစကားမှပင် ထွက်ကျမလာတော့ပေ…။ ဆူပုတ်ပူတ်ဖြစ်နေတဲ့ ထို မျက်နှာကြီးက ထူးတော့ထူးစမ်းသား….။
ထိုနေ့က မြို့အုပ်မင်း ဦးစောသိုက်ခေတ်ဟာ မေမေ့ဆီမှနေခါ မြတ်ကြည်အား လာမြန်းမှန်း သိခဲ့ရသည်။ စိတ်မပါသော မြတ်ကြည်မှာ အီလည်လည်ကလေးဖြင့်သာ မေမေ့စကား၌ မြေဝယ်မကျ နားထောင်ခဲ့ရ၏..။
အနှီမြို့အုပ်မင်းကရော ဘာကြောင့်များ သူ့လိုလူကို လာမြန်းသလဲ..။ တလောကလုံးက မိန်းမတွေ သေများသွားကျလို့ မြတ်ကြည်လို မိန်းမအဆင်တန်ဆာတွေ ဖုံးအုပ်ထားခဲ့တဲ့ ယောက်ျားတယောက်ကို….။ အို မတွေးဝ့ံစရာပါဘဲလား.. ။ မြတ်ကြည်ဖြင့် အိပ်မက်သဖွယ်ဟုသာ မှတ်ယူချင်မိပါသည်။ အိပ်မက်ဆိုလျှင်တောင် ဒါဟာ အိပ်မက်ဆိုးတစ်ခု….
“ဒါဖြင့် ကျုပ်ပြန်မယ်..။ မင်္ဂလာကိစ္စကို မြတ်ကြည် စာမေးပွဲပြီး လာမည့် လပတ်ကစလို့ ရုံးပိတ်ရက်မှာ ရန်ကုန်မြို့မှာရှိတဲ့ ကျုပ်ရဲ့မဟာခြံဝန်းကြီးထဲမယ် ကျောင်းလှမ်းကြရောပေါ့.. ပြောသင့်သလောက်လဲပြောပြီးပါရဲ့… ဟန်လုပ်လို့ ခေါင်းမာနေသေးတဲ့ အမိငယ်ကိုသာ အသေချာဖြောင်းဖြ…”
မြို့အုပ်မင်းရဲ့ သယော်စွာလှောင်သွားတဲ့ စကားတစ်ခွန်းမှာ မြတ်ကြည် ထိုင်ရာမှနေခါ မျက်ထောင့်ကပ်၍မော့ကြည့်လိုက်သည်။
ထိုမျက်ဝန်းတို့၌ အချစ်မေတ္တာမရှိပါလျှက်နှင့် ဘာကြောင့်များ တဆွတ်ထိုးဆန်လေသလဲဆိုတာ မြတ်ကြည်ဖြင့် မည်သို့မျှ တွေးမကြည့်နိုင်ပါချေ…။
ဤမြို့အုပ်မင်း သူဟာ မြတ်ကြည်မသိသော အခါများက မြတ်ကြည်နှင့် ရန်ညှိုးရန်စများ ရှိလေသလား…
………………
“ဘာရယ် ဘာရယ်… ပြန်ပြောစမ်း..”
“ဟို ဟို မြို့အုပ်မင်းက စီးကရက်ခုံပိုင် အလုပ်ရှင်သူဠေး ဒေါ်ခိုင်သင်ဇာရဲ့သမီး မြတ်ကြည်ကို တော်ကောက်ခဲ့ပါတယ်”
“တောက်.. စောသိုက်ခေတ်… ရာရာစစ “
ဘမြိုင်တယောက် စတူဒီယို အခန်းထဲတွင်းမှ စိတ်ပေါက်ပေါက်ဖြင့် ခပ်ကြိတ်ကြိတ်အသံထွက်မိသည်။ ဒေါသကြောင့် ရဲတွတ်နေတဲ့ မျက်နှာမှာ အပူလှိုင်းတို့ပင် ထနေသလားအောက်မေ့ရ၏။
ဘမြိုင်နှင့် စောသိုက်ခေတ်သည် အများအမြင်တွင် ဆက်ဆံရေးပြေပစ်ပြီး သိပ်ချစ်ကြတဲ့ ညီအကိုတွေဟူ၍ ထင်ကြေးထပ်ကြသည်။ ဤသို့ထပ်သည်ကလည်း စောသိုက်ခေတ်က ဘမြိုင်ဟူသည့် အဖေတူ အမေကွဲ ညီလေးကို သိပ်ဂရုစိုက်ပြတာကိုး..။ ဘမြိုင်ကတော့ စောသိုက်ခေတ်ကို တဖတ်လှည့်နည်းဖြင့် သိမ်းသွင်းပြီး အမွေတွေအကုန်ရယူရန် အတွင်းသူလျှို တယောက်အား ဇနီးမယားအဖြစ်တော်ကောက်ရန် ဂျစ်တိုက်ခဲ့ခြင်းဖြစ်၏…။
သို့သော်လည်း ကံအကြောင်းမကောင်းလှသည့် မြတ်ကြည်ဟာ ကူလီကုလားရဲ့အလွဲအမှားအောက်မှာ ဓားစားခံအနေနှင့်သာ ပါဝင်သွားခြင်းဖြစ်သည်ကို မည်သူကမျှ မသိခဲ့ကြပါချေ……။
ဘေးက အလာမိ ဟူသော ကူလီကုလားမှာ သူ့သခင်ဖြစ်သူကြောင့် ခေါင်းကိုငုံ့လျှက် ကြောက်ရွံ့နေဟန်…
ခဏကြာတော့ မှန်ဇာဝတ်စုံ ပန်းခရမ်းရောင်နှင့် မိန်းမငယ်တယောက် အခန်းတွင်း စာရွက်တစ်ချို့ကိုင်ခါ ဝင်ရောက်လာလေသည်။
“ရေကိုဟန်.. အဆင့်သင့်ဖြစ်ပြီလား…”
ဘမြိုင်၏ မျက်နှာသည် ပုတ်သင်ညိုတကောင်လို ချက်ချင်းအရောင်ပြောင်းသွားခါ ထိုမိန်းကလေးအား အလှပဆုံးပြုံးပြမိပါသည်။
“အသင့်ဖြစ်တာကြာရော့ပေါ့ နွယ်ရယ်..”
နွယ် ဆိုသည့် မိန်းမငယ်လေးက ရှက်ပြုံးကလေးပြုံးပြခါ ဆံပင်တချို့ကို နားနောက်ညှပ်သိမ်းလိုက်ရင်း “ဒါဖြင့် စတူဒီယို အခန်းဘက် သွားကြမယ်လေ..”
ဘမြိုင် ခေါင်းညှိမ့်ပြတော့ နွယ်ဟူသည့် ကောင်မလေးက နားနေခန်းမှ ဦးစွာထွက်လာမိသည်။ ထိုအခါမှ ဘမြိုင်တယောက် ကူလီကုလားအား အခဲမကြေစွာ သတိထားနေရန် တစ်ချက်ကြည့်ရင်း ထွက်လာခဲ့လိုက်သည်။
………………………..
ရက်အတန်ကြာပြီးသည့်နောက်..
ဤနေ့ကား မြို့အုပ်မင်းအိမ်ရှိ ခြံဝန်းကြီးထဲတွင် မြတ်ကြည်တယောက် အဖြူရောင်အက်ျီဝမ်းဆက်ဖြင့် မျက်နှာကလေးဆူပုတ်ပုတ် အလိုမကျဟန်…
အဖြူရောင်တိုက်ပုံကို အတွင်း၌ အနက်ရောင်ရှပ်လက်ရှည်ဖြင့် ငွေမှင်ရောင်ပုဆိုးကိုဝတ်ဆင်ပြီး ဆံပင်တွေကို သေသေသေသပ်သပ်အနောက်သို့လှန်တင်ထားသည့် မြို့အုပ်မင်းဆိုသူကလည်း သူ့သူငယ်ချင်း ဝိုင်းဘက်တွင် စကားထိုင်ပြောနေတာများ မြတ်ကြည်ဘက်တစ်လျက်လှည့်မကြည့်.. မြတ်ကြည်ကို ရှိသည်ဟုပင်မထင်သည့်အတိုင်း..။ မေမေသည်လည်း ခမည်းခမက်ဖြစ်လာမည့် စောသိုက်ခေတ်မိခင်နှင့် နှစ်ယောက်သား စကားဝိုင်းတည်နေကြသည်။
မြတ်ကြည်စိတ်ထဲ ဤသည်ကို မင်္ဂလာပွဲဟု သတ်မှတ်ရန် အလွန်ပင်ခက်ခဲလှပါ၏။
မြတ်ကြည်ထံတွင် အသိမိတ်ဆွေရှားသည်..။ဤသို့ဖြင့် စားပွဲဝိုင်းအလွတ်တစ်ခုမှာ ငြိမ်ငြိမ်ကလေးထိုင်လို့ နိုင်ငံခြားဖြစ်ကော်ဖီမှုန့်အားဖျော်ထားသည့် ကာဖီတစ်ခွက်နှင့် နိုင်ငံခြားဖြစ်မုန့်တချို့ တည်ခင်းထားသောစားပွဲဝိုင်းပေါ်မှ ယူ၍ ဗိုက်ဖြည့်လိုက်သည်။
“ဟေး… အကြည်…”
ရင်းနှီးလှသောအသံကြောင့် အနောက်လှည့်ကြည့်နေစရာပင်မလိုအောင် ဆယ်ခါပြန်သေချာနေပါသောအသံပိုင်ရှင်ကား…
“အကိုမြသိန်း…”
ကိုမြသိန်းက နတ်သမီးတစ်ပါးနှယ် နတ်သက်ကြွေလာသူ မြတ်ကြည်အား မျက်တောင်မခက်ကြေးကြည့်လျှက် ဝမ်းနည်းစွာ ရှိုက်ပြုံးမိသည်။
မြသိန်းရဲ့ခံစားချက်တွေကတော့ ပေါက်ထွက်လုမတက် မျက်ဝန်းအိမ်တွင် မျက်ရည်တစ်ချို့ ရစ်သိုင်းနေပြီ..။ အင်း ဒီနေ့ နောက်ထပ် နာရီအနည်းငယ်သာကြာပြီးရင် သူ့ရဲ့ ချစ်လှစွာသော မြတ်ကြည်ဟာ အခြားသူတယောက်ရဲ့ အရိပ်ကလေးတစ်ခုအဖြစ်နဲ့ ထာဝရ ဖြစ်တည်သွားတော့မည်။သူ မြတ်ကြည်အား အလွန်ပင်နှမြောမိပါသည်။
“အကြည် ဒီနေ့ သိပ်လှတယ်ကွယ်..”
“အိုး.. အကိုရယ်…”
“အကို အကြည့်ကို မထိရက်မကိုင်ရက်နဲ့ မေတ္တာရှိခဲ့သမျှဟာ ဒီနေ့ဒီအချိန်မှာ အခြားသူတယောက်အတွက်ဘဲဖြစ်ခဲ့တယ် အကြည်….မင်း သိပ်ဆိုးတာဘဲကွာ..”
“အကို…….”
……”ရပြီ ရပြီ ဒီလောက်ဆိုရပြီ…”
ဘယ်ကနေဘယ်လိုရောက်ချလာသလဲမသိတဲ့ မြို့အုပ်မင်းဟာ မြတ်ကြည် လက်ဖဝါးကိုဆွဲကိုင်လို့ မာနတက်သော အပြုံးတစ်ခုအား ပြုံးထားသေးသည်။
ဤလူ ရူးများနေသလားမသိ…။ မြတ်ကြည်ဖြင့် စိတ်ကိုညစ်ရော…။
ကိုမြသိန်းတယောက်ဟာလည်း အနာကျင်ခံ ပေးဆပ်သော မျက်ဝန်းတို့ဖြင့် မြတ်ကြည်အား အပြီးအပိုင်နှုတ်ဆက်လိုက်ပြီဖြစ်သည်။
ဒါကို သူတို့နှစ်ယောက်အား တလှည့်စီအကဲခက်နေသော စောသိုက်ခေတ်မှာ အတွေးတချို့အား တွေးစစဖြစ်လာပေသည်။
မြတ်ကြည် မင်းဟာ သိပ်အတ္တကြီးတဲ့မိန်းမဘဲ..
ချစ်ရတဲ့သူရှိလျှက်နဲ့တောင် မင်းဟာ အဲ့အကောင်ရဲ့ လက်ပါးစေ ကျွန်မြဲတယောက်ဖြစ်ခဲ့တယ်။ အေး.. မင်းနဲ့ ဘမြိုင်နဲ့ ကြားမှာလည်း ငါမသိသေးတဲ့ ဖောက်ပြန်မှုမြောက်တဲ့ ကိစ္စတစ်ခုခုရှိလိမ့်အုံးမယ်..။ သတိကြီးကြီးသာ ထားနေလော့ မြတ်ကြည်…..
…………….
မင်္ဂလာဆောင်ပြီးသည်နှင့်တစ်ပြိုင်နက် မြတ်ကြည်တို့ “ထနှောင်း”ရွာကလေးဆီသို့ တာဝန်ကျလို့ ရောက်လာခဲ့ကြသည်။ မြို့အုပ်မင်းဟာ တယောက်ထဲသွားလို့ဖြစ်ပါလျှက်နှင့် မြတ်ကြည်ကို အနှိပ်စက်ခံပါစေဟူသော သဘောဖြင့် တမင်ခေါ်လာခဲ့သည်ထင်ပါရဲ့…
အထုတ်တွေကို ကိုယ်တိုင်မစေပြီး ကူသယ်မည်လို့တော့မရှိပေ..။ မသယ်ပေးလဲ နေပါစေ.. မြတ်ကြည်ဟာ အားနွဲ့တဲ့မိန်းမ မဟုတ်ဘူး ဆန်တစ်အိတ်ကိုတောင် အသာကလေးမနိုင်ပါရဲ့… ခုနေကလည်း ရထားစီးလိုက် လှည်းစီးလိုက်နှင့် တကယ်ကို ခရီးပန်းနေပြီ..။ ကိုယ်ပိုင်ကားကိုလည်း မယူမောင်းစေဘဲ အိမ်တွင် အလှကြည့်ထားခဲ့သည်ထင်ပါရဲ့.. ပြောသား ဤလူဟာ အရူးတယောက်ပါလို့….
“ဗျို့… မြို့အုပ်မင်းနှင့် သူ၏ကတော် ထင်ပါရဲ့…”
အသားညိုညိုကောင်လေးတယောက်နှင့် ဖွာလန်ကျဲနေသည့် ဆံပင်ပိုင်ရှင် အသားဖြူဖြူကောင်လေးနှစ်ယောက်ဟာ မြတ်ကြည်တို့ရှိရာဘက် အပြုံးကြီးဖြင့် လျှောက်လှမ်းလာကြ၏..။
“ဟုတ်စ… မင်းတို့က…”
ထိုသို့ အလိုက်သင့်ပြန်ဖြေမေးသူက မြို့အုပ်မင်း…
“အားဟား ကျွန်တော်တို့က ထနောင်းရွာသားတွေ…လာ.. ကတော်ဗျ ကျုပ်ကို အိတ်ပေး ကူသယ်ပါ့…”
ပြောပြောဖြင့် ဆွဲလုသွားသော အသားညိုညိုနှင့်ကောင်လေးဟာ မြတ်ကြည်တို့နှင့် အသက်ချင်းယှဉ်လျှင် အသက်အလွန်ဆုံးရှိ လေးနှစ်နှစ်လောက်တော့ ကြီးမည်ထင်လောက်၏..။ အသားဖြူဖြူနှင့် ကောင်ကလေးကတော့ စူးစမ်းဟန် မျက်ဝန်းကလေးတွေနှင့် မြတ်ကြည်ကိုတလှည့် ဘေးက မြို့အုပ်မင်းကိုတလှည့် လိုက်လံကြည့်ရှုနေသည်။
မြတ်ကြည်တယောက်အလိုမကျမှုပေါင်းများစွာဖြင့် ပြုံးပြ၍သာ နှုတ်ဆက်လိုက်မိသည်။ ထိုအခါ အဖြူကောင်ကလေးက သွားညီညီကလေးတွေနှင့် အားရပါးရ ပြန်ရယ်ပြလာသည်။
“ဘိုး… မစပ်စုနဲ့ သယ်စရာရှိတာဖြင့်သယ်…”
“ငါသိပါတယ် စေလုံရ…”
အော် အဖြူကာင်ကလေးနာမည်က ဘိုး ဖြစ်ပြီး အညိုကောင်ကလေးကတော့ စေလုံတဲ့လား… ချစ်စရာ လူငယ်ကလေးတွေဟုပင် မြတ်ကြည်တွေးတောလိုက်မိသည်..။ မြတ်ကြည်ရဲ့ လှပတဲ့အပြုံးတွေက မြတ်ကြည်ပင်မသိလိုက်ခင်မှာ တစ်စုံတစ်ယောက်ရဲ့ ဖမ်းယူခြင်းကိုခံလိုက်ရသည်။
မြို့အုပ်မင်းတယောက်ရဲ့ နားရွက်တွေကတော့ ခပ်ရဲရဲနိုင်လှ၏။
…………
1:11 မိနစ်