အခန်း ၈
(Part 8)
……………..
Unicode…
နွားလှည်းကလေးနှင့်လာကြိုသော လူငယ်နှစ်ယောက်က အထုပ်ကိုယ်စီဆွဲလို့ ရထားသံလမ်းဘေးက စင်္ကြန်ပေါ်ကနေ တရွေ့ရွေ့လျှောက်လာခဲ့ကြသည်မှာ သူတို့စီးနင်းလာကြသော နွားလှည်းကလေးအနားရောက်လာခါ လှည်းပေါ် ဆွဲထားသမျှ အထုပ်တွေ တင်လေရဲ့….
မြတ်ကြည် ဝဖြိုးဖြိုးနွားကြီးနှစ်ကောင်အားမြင်တော့ လန့်ပြီး သွေးတက်ချင်သွားသည်။ ဟုတ်ပါသည်။ မြတ်ကြည် နွားကြောက်၏..။ ထိုနွားလှည်းအား မြတ်ကြည် အဘယ်သတ္တိနှင့်များ စီးနင်းရမလဲ.. ရုတ်တရက် အိမ်ကိုပင် ပြန်ချင်မိသွားသည်အထိ နွားတွေကို ကြောက်လှပါသည် ။
“ကဲ တက်လို့ရပြီ မြို့အုပ်မင်းခင်မျာ.. မြို့ပေါ်က မော်တော်ကားတွေလောက် မငြိမ့်ညောင်းပေမဲ့ စီးရတာတော့ သေချာပေါက် ရင်ချောင်စေမှာ…”
“ဘယ်လို…”
မြို့အုပ်မင်းက ဆေးတံကိုခဲရာမှ လက်ဖြင့် ကိုင်တွယ်လိုက်ပြီး ဘိုး ဟူသည့် အသားဖြူဖြူကောင်ကလေးအား မေးခွန်းထုတ်မိသည်။ ထိုအခါ ဘိုးက အပြုံးကြီးဖြင့် ခါးကို လှုပ်ရမ်းပြခါ စကားဆိုသည်။
“ဒီလိုလေဗျာ ကျုပ်တို့ရွာကိုသွားမဲ့လမ်းမယ် မြို့ကြီးပြကြီးတွေလောက် လမ်းမကောင်းတော့ လှည်းစီးရင် ချိုင့်ခွက်တို့အဖုအထစ်တို့ကြောင့်နဲ့ ခုန်ပေါက်နေရမှာကို ပြောတာဗျ..အဲ့တော့ အစာကြေ ရင်ချောင်ပေါ့ဗျာ…. ဟားဟား…”
တဟားဟားရယ်ပြောနေတဲ့ ဘိုးကြောင့် ဘေးက စေလုံဆိုတဲ့ လူငယ်လေးက ဘိုး ပါးစပ်ကို အမြန် လက်ဖြင့်အုပ်ပစ်လိုက်သည်။ အုပ်ဆို မြို့အုပ်မင်းက မျက်လုံးမှေးပြီး ကြည့်နေသည်ကိုး.. ဘိုး ဆိုတဲ့အကောင်ကလည်း ရှည်လိုက်တာမှ မိချောင်းသား ကျနေရော…..
“ကဲ ကဲ တက်ပါဗျ တက်ပါ..ကျွန်တော်တို့ အခုနေစထွက်မှ ရွာကို နေမဝင်ခင်ရောက်မှာ..”
ထိုအခါ စောသိုက်ခေတ် ခေါင်းတစ်ချက်ညှိမ့်ပြရင်း လှည်းပေါ်တက်ရန်ပြင်သော် ဘေးက မလှုပ်မယှက် သူ့ရဲ့ မိန်းမဖြစ်သူအား တစ်ချက်ကြည့်မိ၏..။
“ကလေးမ… ဘာလုပ်နေသလဲ တက်လေ…”
အဖြေပြန်မရလာတော့တဲ့ မြတ်ကြည်ကြောင့် စောသိုက်ခေတ်ရော ဘိုးနဲ့စေလုံပါ စိတ်ဝင်တစားကြည့်လာကြသည်။
“ဟောဗျာ.. ဒီမယ် မြတ်ကြည် အမေးရော ရရဲ့လား…”
“……ဟို..ဟို.. မြတ်ကြည် နွားကြောက်တယ် မြို့အုပ်မင်းရယ်..”
တိုက်ပုံအက်ျီအဖျားစပိစိကလေးကို ကိုင်တွယ်လို့ပြောလာသော မြတ်ကြည်မှာ နွားနှစ်ကောင်ကြောင့် သူ့ဘေးတဖြေးဖြေးတိုးကပ်လာလေသည်။ အက်ျီစကိုဆွဲကိုင်ထားသော သူမကိုတချက်ငုံ့ကြည့်ခါ စောသိုက်ခေတ် သက်ပြင်းချ၏။
ဘေးက ကလေးနှစ်ကောင်ကတော့ သူတစ်ပြန် ကိုယ်တပြန် ကြည့်ခါ ရွာရဲ့ဆန်စက်သူဠေးမရဲ့ကားဖြင့် လာကြိုခိုင်းမည်ဟု ကိုယ်စားလှယ်ပြောနေကြသည်။ သို့သော်ငြား စောသိုက်ခေတ်တယောက် ထိုသူတို့စကားအား နားမဝင်တော့ဘဲ လူယုတ်မာအပြုံး တစ်ချက်ပြုံးခါ…
“အို မကြောက်လဲတက် ကြောက်လဲတက်ပေတော့.. နာရီကိုကြည့် မကြာခင် နေဝင်တော့မယ်.. ဒီလိုမှမဟုတ်လို့ နောက်ကားစောင့်ချင်ရင်လည်း တယောက်ထဲနေခဲ့ချည်တော့.. ကဲ သွားကြမယ် ကောင်လေးတွေ…”
ထိုစကားကြောင့် ထိုနားတစ်ဝိုက် လေထုသည် အနည်းငယ် စိမ်းသက်သက်နှင့် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ဘိုးနှင့်စေလုံမှာလည်း တယောက်မျက်နှာ တယောက်ကြည့်လျှက် မျက်စပစ်ပြနေမိ၏။
မြတ်ကြည်တယောက်ကတော့ နှုတ်ခမ်းတစ်ဆက်ဆက်တုန်ယင်ခါ မြို့အုပ်မင်းစောသိုက်ခေတ်အား မျက်စောင်းအခါခါပင်ထိုးမိသည်။
“ဟွန့်.. တက်ပါ့မယ် တက်ပါ့မယ်.. အမြင်ကိုကပ်လွန်းပါရဲ့..”
ပြောပြောဆိုဆိုဖြင့် နွားလှည်းပေါ် ဆွေ့ခနဲ ခုန်တက်သွားသည်မှာ ဖားပျံကလေးတကောင်လို.. မိန်းမဆန်သည်ဟု ယူဆမိသော အနှီမြို့အုပ်မင်းတယောက်ကတော့ မျက်လုံးပြူး မျက်စံပြူး…. ကတော် တက်ရန် လှည်းပေါ်က တုံး တစ်တုံးယူနေတဲ့ ဘိုးနဲ့စေလုံမှာလည်း ကတော်ဖြစ်သူ ခါးတစ်ဝက်အထိမြင့်သည့် လှည်းပေါ် ခုန်တက်သွားသည်ကြောင့် ပါးစပ်အဟောင်းသား…
လှည်းပေါ်က မြတ်ကြည်မှာတော့ လှည်းအောက်က မြို့အုပ်မင်းအား နောက်တစ်ကြိမ် မျက်စောင်းတစ်ချက်ထိုးခါ မျက်နှာပင်လွှဲတော်မူလိုက်၏…။
“အလို အားသန်လိုက်တဲ့ ကလေးမပါလား..” ဟုပင် ခပ်တိုးတိုး ရေရွတ်မိပါသည်။
ချွမ်..ချွမ်…
ရူး….ဟဲ့..သွားစမ်း…
ခြူလူသံ တညံညံပေးလို့ ကြိမ်တို့နေရသည့် မြတ်ကြည်အရှေ့က နွားနှစ်ကောင်သည် မဖြသ်နိုင်မှန်းသိသော်လည်း မြတ်ကြည်ကိုလှည့်ခွေ့တော့မည့်ဟန်… လှည်းစင်မှာ ကြိုးတပ်လို့ ထားသည့်နွားတွေကို ကြံကြံဖန်ဖန်တွေးတောခါ မြတ်ကြည် အလွန်အမင်းကြောက်နေပါသည်။နွားလှည်းဘီးတွေ ချိုင့်ခွက်ထဲ တခါကျတိုင်း မြတ်ကြည်မျက်နှာကလေး မအီမလည်ဖြစ်ဖြစ်သွားတာ စောသိုက်ခေတ် သူ မသိအောင် ကြိတ်ပြုံးလို့… ဒါကို နားလည်သဘောပေါက်မြန်သူ ဘိုးက ရိပ်မိခါ သူပါ မကြာမီအချိန်အတွင်း ပြုံးစိစိဖြစ်လာမိသည်။
နေဝင်ခါနီးအချိန်တွင် မြတ်ကြည်တို့ ရွာထဲရောက်လာခဲ့ကြသည်။ ထင်သည့်အတိုင်း ရွာသားတွေဆိုတာက မြို့ကနေလာသည့်သူများအား သိပ်အထင်ကြီးရှာတာ.. ခြံတိုင်းရဲ့အပေါက်ဝမှာ ဟိုတစ်စု သည်တစ်စုဖြင့် မြတ်ကြည်တို့လှည်းအား လိုက်လံကြည့်ရှုနေတာ.. မြတ်ကြည် သူတို့တွေအား ပြန်ကြည့်တော့ အကြည့်ရဲသူ ရွာသားတွေကြောင့် မြတ်ကြည် မလုံမလဲပင် ဖြစ်လာမိလေသည်။
နွားလှည်းကလေးကတော့ ပုံမှန်နှုန်းထားဖြင့် လိုရာခရီးဆက်နေဆဲ… သို့ရာတွင် ခြေတံရှည် အိမ်အိုကြီးတစ်အိမ်ရှေ့ရောက်သည်နှင့် နွားလှည်းက ဆက်မသွားတော့ပေ… နွားများကလည်း ဆက်ဝင်၍မရအောင် တစ္ဆေတကောင်အား တွေ့လိုက်သလို တရှူးရှူးတရှဲရှဲ… စေလုံက မျက်စပစ်ပြခါ လှည်းပိုင်ရှင်အား နွားတွေကို ခြံဝရှေ့မှ ပြန်သယ်စေသည်..။
“ရောက်ပြီဗျို့.. ဝိုင်းထဲမယ် သူကြီးနဲ့ကာလသားတစ်ချို့စောင့်နေပါရဲ့.. “
မြတ်ကြည်ကတော့ လှည်းရပ်လိုက်သည်ဆိုလျှင်ဘဲ လျှင်မြန်စွာပင် နွားလှည်းပေါ်က ခုန်ချသွားလေရဲ့… သူမ ဘယ်လောက်တောင်များ လန့်နေရှာသလဲဆိုတာ စောသိုက်ခေတ်တယောက် မတွေးဘဲ သိလေရဲ့ သူ့အထုတ်တွေကတော့ သယ်စရာမလိုအောင်ကိုပင် ဝိုင်းအဝင်ဝမှစောင့်နေတဲ့ လူလတ်ပိုင်းတချို့က ဝိုင်းသယ်ပေးကြသည်။
လေပြေကလေးက တစ်ချက်တိုက်တော့ ရွာရဲ့ မြေသင်းရန့ံပါသည့် ခပ်သင်းသင်းဖုန်ရန့ံက ရင်ထဲကို လှုပ်ရှားသက်ဝင်စေခါ မြတ်ကြည်တယောက် ဟာခနဲ ဖြစ်သွားရသည်။ တခုခုအား လွမ်းမောနေသယောင်ယောင်….
“အိုး… ရောက်လာပါပြီရော.. ကျန်းမာပါစ မြို့အုပ်မင်းခင်များ..”
ရွာလူကြီးက ပြုံးပြနှုတ်ဆက်နေသော်လည်း မြတ်ကြည်ဖြင့် မပြုံးနိုင်ပါ.. ကိုယ်တွေ လက်တွေ ကိုက်ခဲညောင်းညာလှပြီ…
“ဒါက မြို့အုပ်မင်းရဲ့…..”
စကားအချို့ပြောပြီးချိန်တွင်တော့ စကားတဖြတ်ရပ်ခါ ရွာသူကြီးဆိုသည့် လူကြီးက မြတ်ကြည်ဘက်လှည့်လာခါ စကားစသည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော့် ဇနီးပါ နာမည်က မြတ်ကြည်လို့ခေါ်ပါတယ်..”
မြတ်ကြည် ပြုံးသာ ပြုံးပြလိုက်မိသည်။ စကားပင်မစနိုင်ရာ တလမ်းလုံးရှူရှိုက်လာသည့် ဖုန်မှုန့်တချို့ကြောင့် လည်ချောင်းတွေပါ ကွဲအက်လာသည်။ သူတို့ မြတ်ကြည်ကို လူမှုရေးခေါင်းပါးသူဟု ထင်ချင်လည်း ထင်ပါစေ မြတ်ကြည် အမှန်ပင် မျက်လုံးတွေစင်းလာပြီ…။
“ကိုင်း ဒါဖြင့် ကျုပ်တို့ အနားယူပါရစေ..ကျန်တာကိုတော့ မနက်ကျမှ တဖန် လာလှည့်ပေါ့…”
ထိုသို့စကားကို ပျက်ပျက်သားသားဆိုလာသည့် မြို့အုပ်မင်းမှာ ပင်ပန်းနွမ်းလျော်နေသည့် မြတ်ကြည်ကိုတစ်ချက်ကြည့်ခါ တုတ်ကောက်အား အသာအားပြုရင်း ထိုင်ရာမှ ထသည်။
ထိုစကားကြောင့် ကာလသားတစ်ချို့နှင့် ရွာလူကြီးမှာ အားနာစွာ ပြုံးပြလာရင်း… “အောအော ဟုတ်ပါရဲ့ မြို့အုပ်မင်းတို့ ပင်ပန်းလာရောပေါ့…အနားယူကြပါခင်မျာ..အနားယူကြပါ…”
မြတ်ကြည်မှာတော့ စောသိုက်ခေတ်အား မော့ကြည့်လျှက် စကားပေရှည်မနေလို့ ကျေးဇူးတင်သော အပြုံးတို့ဖြင့် မျှော်ကြည့်မိသည်။ သို့သော် စောသိုက်ခေတ်ကတော့ အိမ်ပေါ် တက်သွားခဲ့ပြီ ဖြစ်၏..။
မြတ်ကြည်တယောက် ထမိန်ကလေး အသာမခါ သူပါ အပေါ်ထပ်ပြေးတက်သည်။ ဘိုးနှင့် စေလုံကတော့ အထုပ်ကလေးတွေ မသယ်လို့ အပေါ်အထိ နေရာ လိုက်ချပေးရသည်။ ထို့နောက်တွင်တော့ သူတို့နှစ်ယောက်လည်း သူတို့နေအရပ်သို့ ပြန်ခဲ့ကြပြီ…။ ပထမရက်မို့ မသိတာများရှိလျှင် ခေါ်ခိုင်းရန် ရွာသား နှစ်ယောက်နှင့် အဒေါ်ကြီး သုံးယောက်ပါ အဖော်စောင့်ရင်း အိမ်ကြီး၌ အိပ်ကြသည်။
ကုတင်ပေါ်က ခပ်ကွေးကွေးကလေး အိပ်စက်အနားယူနေတဲ့ မြတ်ကြည်မှာ ဘာကိုမှ မကြောက်မရွံ့.. စိတ်ချလက်ချ အိပ်နေပုံ… စောသိုက်ခေတ် အိပ်ပျော်နေတဲ့ မြတ်ကြည်ကိုကြည့်ရင်း သက်ပြင်းခပ်ဖွဖွချခါ လက်ထဲက တုပ်ကောက်အား လက်ကိုင်ဘုအဆစ်နားမှ ခပ်ပြင်းပြင်းလှည့်ဖွင့်ဆွဲမလျှင် ပြောင်လက်နေသော ဓားတစ်လက်က တုပ်ကောက်အတွင်းမှ တစ်ဝက်တစ်ပျက်ထွက်လာလေသည်။ တုတ်ကောက်ဟု ယူစထားသော တုတ်က အမှန်အကန်တွင် ဓားအိမ်အတွင်း လျိုထည့်ထားသော အဆောင်ဓားတစ်လက်သာဖြစ်ခဲ့၏..။
“မြတ်ကြည် ..
အသက်ကလေး တစ်မူး တစ်မတ်နဲ့ ငါ့အသက်ကို ခြိမ်းခြောက်လာလို့ကတော့ ငါ့ဓားအောက် အိုးစားကွဲသွားစေရမယ် မင်းရော ဟိုအကောင်ပါ အပါအဝင်ပေါ့ …” ဟုဆိုခါ မြတ်ကြည်အား စူးစူးစိုက်စိုက်တစ်ချက်ကြည့်ရင်း ဘေးတဖတ်က နေရာလွတ်တွင် စောသိုက်ခေတ် ဝင်၍ လှဲလျောင်းလိုက်တော့သည်။
ထိုညသည် သူထင်ထားသည်ထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့ပါသည်။…။
…………………
11:09pm
22.1.2022.💜
VV Kit
Hello