နွေဧည့်သည်
နွေဧည့်သည်
သည်နေ့က တနင်္ဂနွေနေ့။ အလုပ်ပိတ်ရက်ဖြစ်သည်ကြောင့် ကြည်လင်အေး အိမ်သန့်ရှင်းရေးလုပ်ရန်တွေးတောကာ မနက်စောစောကတည်းက ထမင်းဟင်းချက်ပြုတ်ထားရသည်။တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်မည်၊ ခြံထဲကိုရှင်းမည်ဟုသာတွေးထားသော်လည်း ထမင်းဟင်းချက်ရသည်နှင့်ပင် တော်တော်လေးမောလှပြီ။
” နေအရမ်းမပူခင် လုပ်ဦးမှပါ ။ ”
တစ်ယောက်တည်းရေရွတ်ရင်း ထိုင်နေရာမှ အားယူထကာ ခြေရင်းဘက်မှ ပြတင်းပေါက်ကိုအဖွင့်… ကြည်လင်အေး မျက်မှောင်ကြုတ်မိသွားသည်။
သူ့ရှေ့တည့်တည့်မှ အုတ်နံရံမှာထိုင်လို့ သူ့ခြံဝင်းထဲ၊ အမှန်တော့ သူငှားထားသည့်ခြံဝင်းထဲသို့ခြေချဖို့ပြင်နေသည့်ကောင်လေးတစ်ယောက်။ လက်တစ်ဖက်မှ ရေခဲချောင်းကိုင်ထားရင်း၊ ချိုင်းကြားမှာလည်း စာအုပ်တစ်အုပ်ကိုညှပ်ထားကာ သူ့ကိုမျက်လုံးပြူးပြူးနှင့် တအံ့တသြကြည့်နေသေး၏။
” မင်းဘယ်သူလဲ။ ဘာကိစ္စ အုတ်တံတိုင်းကျော်တက်နေတာလဲ ”
“ခင်ဗျာ…”
ကြည်လင်အေး၏ ခပ်မာမာမေးသံမှာ ကောင်လေးက အူကြောင်ကြောင်ဖြစ်နေဆဲ။ ကြည်လင်အေး အသက်ပြင်းပြင်းရှူထုတ်ပြီး စိတ်ကိုရှည်အောင်ထားရသည်။
” မင်းဆင်းခဲ့စမ်း။ ”
ကြည်လင်အေး အိမ်အောက်သို့ ဆင်းလာခဲ့လိုက်သည်။ အရပ်တော်တော်ရှည်သည့်ကောင်လေးက အုတ်တံတိုင်းမှ မြေပြင်ပေါ်ခြေချလာသည်မှာ အသာအယာလေးပင်။
” မင်းဘယ်သူလဲ ။ ဘာကိစ္စ ဒီခြံထဲဝင်ဖို့လုပ်နေတာလဲ ”
“ကျွန်တော်က ဒီခြံထဲ ကာတွန်းလာဖတ်တာ။ အစ်ကိုက ဘယ်သူလဲ။ ”
မောနေ၍စိတ်ကြည်မနေသည့် ကြည်လင်အေး စိတ်ထဲထောင်းခနဲ။သူနေသည့်ခြံထဲဆင်းလာပြီး သူမေးတာသေချာမဖြေဘဲ သူ့ကိုပြန်မေးနေသေးသည်။သူက အသက်ပိုကြီးသူမို့ သူကပဲစိတ်ရှည်ရှည်ထားရမည်။
“ငါက ဒီမှာငှားနေတဲ့သူ။ မင်းငါမေးတာဖြေစမ်းပါ။မင်းကဘယ်သူတုန်း…”
အရပ်ရှည်ရှည်၊ အသာဖြူဖြူနှင့် မျက်ခုံးတန်းတန်းတွေကို ပိုင်ဆိုင်ထားသည့်ကောင်လေးက ရေခဲချောင်းစားခြင်းကို အပြီးသတ်လိုက်ပြီးမှ…
” ကျွန်တော်က ဟိုဘက်ခြံက ကြီးကြီးအေးရဲ့တူပါ။ နွေရာသီအားလပ်ရက်မှာလာလည်တာ။ ကျွန်တော်က ဒီလိုပဲ ခြံကျော်ကူးနေကျမို့ အစ်ကို့ကိုလန့်သွားစေမိရင် ဆောရီးဗျ။ ကျွန်တော်မသိလို့ပါ။ ကြီးကြီးအေးကလည်း ကြိုမပြောထားလို့ . .”
လူပုံကြည့်တော့ ဂျစ်ကန်ကန်နှင့် စကားပြောပုံက ဆိုးတော့မဆိုးလှပေ။ ကြည်လင်အေး ကောင်လေးကို စိုက်ကြည့်နေရာမှ အနည်းငယ်ဖြေလျော့လိုက်သည်။
” နောက်ဆို ဆင်ခြင်ပေါ့။ သွားတော့ သွားတော့ ဒီခြံထဲမှာမရှိရင်ပြီးရော။ စိတ်တော့မကောင်းပေမဲ့ ငါကအေးအေးဆေးဆေးနေချင်တဲ့သူမို့ နောက်ဒီလိုလန့်စရာကိစ္စတွေမရှိရင်ကောင်းမယ်။ ”
သူ၏သတိပေးစကားကို ပခုံးနှစ်ဖက်တွန့်ပြီးသာတုံ့ပြန်သည့်ကောင်လေးကို ကြည်လင်အေး ခြံတံခါးဖွင့်ပေးလိုက်သည်။သူ့ကို ကြောင်တောင် တောင်လေးကြည့်နေသေးသည့်ကောင်လေးဟာ ကြည်လင်အေးမေးငေါ့ပြမှ ခြံထဲမှထွက်သွားလေ၏။ ခြံပြင်ရောက်တော့လည်း သူ့ကိုလှည့်ကြည့်နေသေးသည့်ကောင်လေးကို ကြည်လင်အေး ကျောခိုင်းခဲ့လိုက်သည်။ သည်နေ့နေတော်တော်ပြင်းနေသည်။ သန့်ရှင်းရေးလုပ်မည့်နေ့မှ အရမ်းပူနေသလို ကြည်လင်အေးခံစားနေရ၏။ သို့သော် အိမ်အနောက်ဘက်မှာရှိသည့် ကံ့ကော်ပင်မှရသည့် ကံ့ကော်ပန်းရနံ့ကြောင့် အမောပြေရသည်ပင်။
×××××
“ကြီးကြီးက ဟိုဘက်ခြံမှာ အိမ်ငှားရှိတာ သားကိုမပြောဘူး။သား ဒုက္ခရောက်တော့မလို့ဗျ။ ”
ကြီးကြီးအေး အိမ်တံခါးဝမှာတင်ရှိသေးသည်။ သော်မင်းဆက်တို့ အိမ်ထဲမှကြိုအော်နေပြီ။သော်မင်းဆက်က မနေ့ကမှ ရောက်သည်။ ကြီးကြီးအေးကလည်း ဟိုဘက်လမ်းက မင်္ဂလာဆောင်ရှိရာ သွားကူလုပ်နေရသည်နှင့် တူဖြစ်သူကို သတိပေးဖို့ သတိမရခြင်း။ သည်နေ့လည်း မနက်မိုးလင်းကတည်းက မင်္ဂလာဆောင်သွားရပြီး နေ့လယ်၂နာရီမှ ပြန်လာရသည်။တူတော်မောင်က ဘာတွေသွားလုပ်ထားပြန်ပြီမလဲမသိ။ကြီးကြီးအေး အမောဆို့သည် ။
” ကြီးကြီးလည်း အလုပ်ရှုပ်နေတော့ မေ့နေတာဟယ်။ ကြည်လင်အေးက အသက်၃၀ကျော် သူ့ဘာသာအေးအေးဆေးဆေးနေတတ်တဲ့ လူပျိုကြီးနော် ။ မင်းဘာသာအရင်က အဲ့ဒီဘက်ခြံမှာ ဘာလုပ်လုပ် ကြီးကြီးဘာမှမပြောဘူး ။ အခုတော့ အဲ့ဒီဘက်ခြံကို မသွားနဲ့ ကြားလား….”
ဆိုဖာပေါ်လှဲပြီး ကာတွန်းစာအုပ်ဖတ်နေသည့် သော်မင်းဆက် မျက်ခုံးပင့်ခနဲ။ ကြီးကြီးအေးကတော့ တူဖြစ်သူကိုပွစိပွစိလုပ်ရင်း အခန်းထဲဝင်သွားသည်။
ခေါင်းရင်းခြံက အဲ့ဒီအသားညိုလတ်လတ်နဲ့ နုဖတ်နေတဲ့အစ်ကိုက အသက်၃၀ကျော်တဲ့လား။
သော်မင်းဆက် မျက်တောင်တခတ်ခတ်နှင့် ကြောင်အနေမိဆဲ။ မျက်ခုံးပါးပါးလေးတွေတွန့်ချိုးရင်း သူ့ကိုစူးစိုက်ကြည့်သည့် မျက်ဝန်းနက်တွေကို သော်မင်းဆက်မြင်ယောင်လာသည်။ယောက်ျားလေးတစ်ယောက်က အဲ့သည်လောက်အထိ နုဖတ်နိုင်သလား။
×××××
သော်မင်းဆက် မနက်စောစောထပြီး ခြံထဲမှပန်းပင်တွေကိုရေလောင်းနေသည်။ ကြီးကြီးအေးက ထူးထူးဆန်းဆန်းတွေလုပ်နေသည့်တူကို စိတ်မချစွာ အိမ်ထဲဝင်လိုက်ထွက်လိုက်နှင့် စောင့်ကြည့်နေလျက်။သော်မင်းဆက်ကတော့ ပန်းပင်တွေကို အားရပါးရရေလောင်းရင်း တစ်ဖက်ခြံထဲသို့ နားစွင့်နေမိသည်။ တစ်ခါတစ်ခါ ခုံခုပြီး လှမ်းချောင်းရတာလည်း အမော။
“ဟင်….”
ရုတ်တရက် ခြံတံခါးတိုင်တွေကြားမှ မြင်လိုက်ရသည့်အရိပ်လေး။ ရေပိုက်ကြီးကိုဖြစ်သလိုပစ်ချလို့ ဘေးလွယ်အိတ်လေးလွယ်ကာ ထမင်းချိုင့်လေးဆွဲရင်း ခြံရှေ့မှဖြတ်သွားသည့် ခေါင်းရင်းအိမ်မှ ကြည်လင်အေးကို သော်မင်းဆက်လှမ်းမြင်လိုက်၏။
အသက်သုံးဆယ်ကျော်ဆိုတော့ ဦးလေးလို့ခေါ်သင့်လား။ ပုံစံကနုဖတ်နေတော့ အစ်ကိုလို့ခေါ်တာက ပိုလိုက်မှာပါလေ။ ဦးလေးကျ နည်းနည်းတစ်မျိုးဖြစ်နေသလိုပဲ။
သော်မင်းဆက် တွေးရင်းပင် ခြံတံခါးကိုမြန်မြန်သွားဖွင့်လိုက်သည်။
မြင်နေရသည့် ကျောပြင်သေးသေးလေးဟာ ခပ်မတ်မတ်နှင့် လမ်းလျှောက်နေဆဲ။ အလုပ်သွားတာဖြစ်မည်။ ဘာအလုပ်လုပ်,လုပ်တာပါလိမ့်။ ဘာကြောင့် သည်နေရာမှာ တစ်ယောက်တည်းလာနေနေရသလဲဟူသောမေးခွန်းများက သူ့ခေါင်းထဲဝင်လာသည်။ သော်မင်းဆက်မှာ သိပ်ကိုစပ်စပ်စုစုနိုင်သည့်အကျင့်လေးရှိနေ၏။
“ဟေ့ကောင် မင်းဆက် ”
သူ့ပခုံးကိုပုတ်လာရင်း ရုတ်တရက်အခေါ်ခံရမှုမှာ သော်မင်းဆက်ခန္ဓာကိုယ်လေး တုန်ခနဲ။ အနောက်လှည့်ကြည့်တော့ ငယ်သူငယ်ချင်းကြီး ရန်နိုင်ဦး။
ဒီကောင်လာတာ အတော်ပဲ။
” လာလာ ရန်နိုင် မင်းကိုမေးစရာတွေရှိတယ်။ ”
ရန်နိုင့်လက်ကိုဆွဲကာ သော်မင်းဆက် ခြံထဲသို့ အတင်းဆွဲခေါ်လာလိုက်သည်။ ရန်နိုင့်စိတ်ထဲ ဒီကောင်ဘာမွှေဦးမလို့လဲဟု ပူပန်နေမိလျက်။
×××××
” အစ်ကိုကြည်လင်အေးက အိမ်နဲ့အဆက် အသွယ်ဖြတ်ထားတာတဲ့။ အကြောင်းအရင်းကတော့ အတိအကျမသိရပေမဲ့ ဟိုဟိုဒီဒီကကြားရတာ အစ်ကိုကဂေးဆိုတာ အိမ်ကသိသွားပြီး ပြဿနာဖြစ်ကြတာတဲ့။ အဲ့ဒါ ဦးဇော်ကို ဘယ်သူကမြှောက်ပေးတယ်မသိပါဘူးကွာ… ရိသဲ့သဲ့သွားလုပ်တာအစ်ကိုဒေါသထွက်တာများ တကယ်ကြောက်စရာကြီး။မိုးချုပ်စဖြစ်နေပြီ ငါကြီးကြီးအေးကို ဟင်းလာပို့ရင်းတွေ့လို့ မနည်းဝင်ဆွဲရတယ်။ ဘေးအိမ်တွေက ဝင်မဆွဲဘူးဆိုနေ မင်းကလည်း…”
သော်မင်းဆက် ရန်နိုင်ပြောသွားသည့်စကားများကို ပြန်ကြားယောင်နေမိ၏။ လူအေးတွေ ဒေါသထွက်လျှင် ကြောက်စရာကောင်းသည်မှာ အမှန်တရားဖြစ်သည်။သော်မင်းဆက် ကာတွန်းစာအုပ်ဖတ်မည်ဆိုကာ ဆိုဖာပေါ်လှဲနေမိသော်လည်းအတွေးထဲ အစ်ကိုကြည်လင်အေးက ဝင်လာခဲ့သည်။
ကြည်လင်အေးက ယောက်ျားလေးတွေကို သဘောကျသည့်သူဖြစ်ကြောင်း၊ အဲ့သည်အကြောင်းကြောင့်ပင် မိသားစုနှင့်ပြဿနာဖြစ်ခဲ့ပုံရသည့်အကြောင်း၊ ရပ်ကွက်ထဲမှလူတွေက သီးသန့်နေတတ်သည့်ကြည်လင်အေးကို အမြင်မကြည်သည့်အကြောင်း၊ ရပ်ကွက်ထဲမှ အမူးသမားဦးဇော်က ရိသဲ့သဲ့လုပ်၍ ကြည်လင်အေးဆီမှ အထိုးခံရသည့်အကြောင်းတွေ…။
သော်မင်းဆက်ဘာကြောင့်မှန်းမသိ ရင်မောနေမိလျက်။ ယောက်ျားတွေကိုသာ သဘောကျသည့်ယောက်ျားလေးတစ်ယောက်ဖြစ်နေသူအနေနှင့် ဒီလောကကြီးထဲရှင်သန်ဖို့ ဘယ်လောက်အထိ ကြိုးစားအားထုတ်ရသလဲဆိုတာ သော်မင်းဆက် ကိုယ်တိုင်မခံစားဖူးသော်လည်း နားလည်ပေးလို့ရသည်။ သူ့သူငယ်ချင်းတစ်ယောက်က အစ်ကိုကြည်လင်အေးလို မိသားစုနှင့်ပတ်ဝန်းကျင်ကို ရင်ဆိုင်နေရသည်ဖြစ်၏။
သော်မင်းဆက် ရင်တမောမောနဲ့ သက်ပြင်းတွေချမိလျှက် သူ့ကို ခပ်တည်တည်မျက်နှာထားနှင့် စူးစိုက်ကြည့်တတ်သည့် မျက်ဝန်းတွေအား မြင်ယောင်နေမိရင်း ခပ်တင်းတင်းပြောတတ်သည့် စကားသံလေးကို ကြားယောင်မိနေသည်။ ထို့နောက် ဝမ်းနည်းစရာကောင်းသည့် ကျောပြင်လေး….
×××××
“ဟော ခေါင်းရင်းအိမ်က မီးရောင်မြင်ရပြီ။ မောင်ကြည်လင်အေး ပြန်ရောက်ပြီထင်တယ်။ သားမင်းဆက်ရေ ခေါင်းရင်းအိမ်ကို ဟင်းသွားပို့ပေးပါလား။ ”
သော်မင်းဆက် လက်ထဲမှကာတွန်းစာအုပ်ကို ဆိုဖာပေါ်ချက်ချင်းချကာ မီးဖိုချောင်ထဲ ပြေးသွားလိုက်သည်။ သူ ခေါင်းရင်းအိမ်ကို သွားဖို့ရာ အကြောင်းအရင်းရှာနေတာ အတော်ပင်ဖြစ်သွား၏။
” သေချာကိုင်သွားနော်။ လှုပ်ရွမနေနဲ့။ “
လမ်းသွားလျှင် မြောက်ကြွမြောက်ကြွသွားတတ်သည့် သော်မင်းဆက်ကို ကြီးကြီးအေးက လှမ်းမှာသည်။ သော်မင်းဆက်ကတော့ ပဲကုလားဟင်းရည်ချိုင့်လေးကို ငြိမ်အောင်ကိုင်ပြီး ခေါင်းရင်းအိမ်သို့ ကုပ်ကုပ်လေးထွက်သွားလေ၏။
” အစ်ကိုရေ အစ်ကို…”
အိမ်ပေါ်သို့ ချောင်းကြည့်ရင်း အော်ခေါ်နေသော်လည်း ပြန်ထူးသံမကြားရဘဲ ထိန်လင်းနေသည့် ခြံဝင်းထဲ ပန်းပင်ပေါင်းစုံကိုသာမြင်ရသည်။ခြံတံခါးသော့ခတ်ထားခြင်းက ရန်နိုင်ပြောပြသည့် အကြောင်းအရင်းကြောင့်သာဖြစ်မည်။
” အစ်ကိုရေ…အစ်ကိုကြည်လင်အေး အစ်…”
အသံပြဲနှင့်အော်ခေါ်နေစဉ်ပင် အိမ်ပေါ်မှ သွက်သွက်လေးဆင်းလာသည့် ကြည်လင်အေးကို သော်မင်းဆက်လှမ်းမြင်လိုက်ရသည်။ အမြဲတမ်းတည်နေသည့် မျက်နှာလေးကြောင့် သော်မင်းဆက်ရင်ထဲလှပ်ခနဲ။
” ဆောရီး ငါ ရေချိုးနေတာနဲ့ …”
အားနာနေဟန် မျက်နှာထားလေးက တည်တံ့ကာနေဆဲ။ ခြံတံခါးဖွင့်ပေးသည်ကြောင့် သော်မင်းဆက်ဝင်သွားလိုက်သည်။
” ကြီးကြီးက ပဲကုလားဟင်းပို့ခိုင်းလို့ ”
” ကျေးဇူးပဲ ။ ကြီးကြီးအေးကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပေးနော်။ ”
သူ့ကိုမော့ကြည့်လာသည့် မျက်နှာလေးက ကျေးဇူးတင်ဟန်ရှိသော်လည်း ပြုံးမနေခဲ့ပေ။
လူတိုင်း ကျေးဇူးတင်တယ်ပြောရင် ပြုံးပြတတ်ကြတာပဲမဟုတ်လား။ ဘယ်လိုလူမျိုးက နှုတ်ခမ်းလေးနည်းနည်းတွန့်ပြီးတောင် မပြုံးဘဲနေလို့လဲ။ အစ်ကိုက မပြုံးတတ်ဘူးထင်ပါရဲ့။ အလင်းပျပျပဲရှိတဲ့ အမှောင်ထဲမှာတောင် မျက်ဝန်းတွေက တောက်ပကြည်လင်နေတာ၊ အစ်ကိုသာ ပြုံးလိုက်ရင်…
ကြည်လင်အေးပြုံးနေမည့်ပုံကို သော်မင်းဆက် တစ်ကိုယ်တည်းစိတ်ကူးယဉ်နေမိရင်း ခြံရှေ့မှလှည့်ထွက်လာလိုက်တော့သည်။
×××××
သော်မင်းဆက် ကြီးကြီးအေးဆီလာလည်လျှင် လုပ်စရာများများစားစားမရှိလှ။စာအုပ်အငှားဆိုင်သို့သွားပြီး ကာတွန်းစာအုပ်ငှားဖတ်မည်။ ရပ်ကွက်ထဲပတ်မည်။ ဒါပဲရှိသည်။ သင်္ကြန်နေ့တွေဆိုလျှင်တော့ လမ်းထိပ်မှာရေထွက်ဆော့သည်။ သူငယ်ချင်းများနှင့်အတူ ကားနှင့်လျှောက်ပတ်သည်။ သင်္ကြန်ဆိုလို့ သင်္ကြန်တောင်မကြာခင်ရောက်တော့မည်။ သင်္ကြန်နားနီးပြီဆို မြေကြီးကိုရေစိုသွားတိုင်းရလာသည့် မြေသင်းနံ့လေးကို သော်မင်းဆက်ဘာနှင့်မှမလဲနိုင်။ နွေရာသီကိုပူ၍ မကြိုက်လှသော်လည်း သင်္ကြန်ကိုသဘောကျသည်။ ပိတောက်ပန်းကိုချစ်သည်။ သင်္ကြန်တွင်းမြေသင်းနံ့လေးကို နှစ်သက်ရပါသည်။
” ဘယ်ကကားတုန်းဟ…”
စာအုပ်အငှားဆိုင်မှာ ကာတွန်းစာအုပ်ငါးအုပ်ငှားပြီး ပြန်လာချိန် သူ့ဘေးနားမှဖြတ်သွားသည့် အဖြူရောင်ကားလေး။ ကားရပ်သွားသည့်နေရာကို လှမ်းကြည့်လေတော့ သူတို့အိမ်နားမှာဖြစ်သည်။ စပ်စုချင်စိတ်နှင့် ခြေလှမ်းတွေအမြန်လှမ်းမိသည်မှာ ပြေးတော့မတတ်။ အိမ်နားရောက်တော့မှ ကားရပ်ထားသည့်နေရာက အစ်ကိုကြည်လင်အေးနေသည့် ခြံရှေ့မှာဖြစ်နေသည်ကို သော်မင်းဆက် အသေအချာသိလိုက်ရတော့သည်။
စပ်စပ်စုစုနှင့် ကားနားသွားကြည့်ချိန် ကားပြတင်းပေါက်ကိုဖွင့်ချထားကာ အိမ်ထဲသို့လှမ်းကြည့်နေသည့် အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရသည်ကြောင့် သော်မင်းဆက် ရေခဲချောင်းကိုတစ်ကိုက်,ကိုက်လိုက်ရင်း …
“အစ်မ ဒီအိမ်ကိုလာတာလား ”
ဖုန်းဆက်နေပုံရသည့်အမျိုးသမီးက သူ့ကိုထူးထူးဆန်းဆန်းလိုကြည့်လာသည်။ထိုအမျိုးသမီးက ဖုန်းချလိုက်လျက်…
” ဟုတ်တယ်မောင်လေး။ ”
“အစ်ကိုအလုပ်သွားတယ်ထင်တယ်ဗျ။ ”
ထိုအမျိုးသမီးက သော်မင်းဆက်ကို အံ့သြသလိုကြည့်ပြန်သည်။ သော်မင်းဆက် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်မိ၏။
” မဟုတ်ဘူး မောင်လေး။ မောင်လေးကြည်လင် အိမ်ထဲမှာရှိတယ်။ ဟိုမှာလေ ခြံတံခါးကိုအထဲက သော့ခတ်ထားတာ။ ”
ထိုအမျိုးသမီးမေးငေါ့ပြမှ သော်မင်းဆက်သေချာကြည့်မိသည်။ ဟုတ်သည်။ ခြံတံခါးကိုအထဲက သော့ခတ်ထားခြင်းဖြစ်၏။
” မောင်လေးက အစ်မမောင်လေးနဲ့သိတာလား။ ”
“သိလားဆိုတော့ မသိဘူးထင်တယ်။ ကျွန်တော် အစ်ကိုနဲ့ စကားတစ်ခါနှစ်ခါပဲပြောဖူးတာဗျ။ ကျွန်တော်က ဒီခြံက ကြီးကြီးအေးရဲ့တူလေ။ ”
သော်မင်းဆက် ခြံကိုလက်ညှိုးထိုးပြကာ ရှင်းပြတော့မှ ထိုအမျိုးသမီးက နားလည်သွားဟန်ရှိသည်။
” အစ်မက ကြည်လင်အေးရဲ့ ဝမ်းကွဲအစ်မပါ။ ညကနေမကောင်းဘူးလို့ဖုန်းဆက်လို့ မနက်မိုးလင်းတာနဲ့ထွက်လာခဲ့တာ။ အခုဖုန်းဆက်တာလည်း မကိုင်သေးဘူး။ အိပ်ပျော်နေတာထင်ပါတယ်။ ”
အစ်ကိုကြည်လင်အေး နေမကောင်းဘူးတဲ့လား။
သော်မင်းဆက် ရင်ထဲပူပန်မိသွားရင်း ခြံထဲသို့လှမ်းကြည့်မိသည်။ သူကာတွန်းသွားဖတ်တိုင်း အေးချမ်းသည်ဟု ခံစားရသည့် ခြံဝန်းလေးက တိတ်ဆိတ်နေသည်မှာ အထီးကျန်ဆန်စွာ။
” အဲ့ဒီလိုမှန်းသိရင် ကျွန်တော် သွားကြည့်ပါတယ်။ ကျွန်တော်က အစ်ကိုအလုပ်သွားတယ်ပဲထင်နေတာ။ ”
” ခြံတံခါးသော့ခတ်ထားတာကို မောင်လေးက ဘယ်လိုဝင်မလို့လဲ ”
“ခြံတံတိုင်းကျော်ဝင်မှာပေါ့။ ကျွန်တော် အဲ့ဒီလိုကျော်နေကျ။ ”
ကားထဲမှ အမျိုးသမီးက ဪဟုရေရွတ်ကာ မျက်ခုံးပင့်လျက် တစ်ဖက်မှလည်း ဖုန်းခေါ်နေသည်။
” ဟော ထွက်လာပြီ ”
သော်မင်းဆက် ခြံထဲသို့လှမ်းကြည့်ချိန် သစ်သားအိမ်လေးပေါ်မှ တရွေ့ရွေ့ဆင်းကာ လျှောက်လာသည့် ကြည်လင်အေးကိုမြင်လိုက်ရသည်။နေမကောင်းဖြစ်နေသည်တောင် ရှင်းသန့်နေသော်လည်း ဖျော့တော့နေသည့်ကြည်လင်အေးက လမ်းကိုမနည်းအားယူပြီးလျှောက်နေရပုံရသည်။ကားထဲမှထွက်လာသည့်အမျိုးသမီးက ကားနောက်ခန်းမှ အိတ်တွေကိုယူသယ်နေဿည်ကြောင့်…
“ကျွန်တော်ကူသယ်ပေးမယ်လေ အစ်မ။ ”
“ကျေးဇူးမောင်လေး ”
ထိုအမျိုးသမီးဆီမှ အထုပ်တွေကို သော်မင်းဆက် ယူလိုက်သည်။ အထဲမှာလည်း အထုပ်တွေကျန်သေး၏။
“သူ့ကိုခေါ်မလာနဲ့လေ။ ”
ခြံထဲဝင်တော့မည့်ဆဲဆဲ သော်မင်းဆက် ခြေလှမ်းတွေတုံ့ခနဲရပ်သွား၏။
ဪ အစ်ကိုက စိမ်းကားပြန်ပြီ။
” မမတစ်ယောက်တည်းမနိုင်ဘူးလေ။ မောင်လေးရောသယ်နိုင်လို့လား။ ”
ကြည်လင်အေးက လက်လျော့သွားပြီး သော်မင်းဆက်ကိုလမ်းဖယ်ပေးသည်။ လူတွေရှိနေသေး၍ထင် ကြည်လင်အေးက ခြံတံခါးကိုတော့သော့မခတ်တော့ဘဲနေ၏။
အိမ်ပေါ်ရောက်ချိန် ကြည်လင်အေး၏အစ်မက သူ့ကိုပြောချင်တာလေးရှိလို့ဟုဆိုကာ ခဏစောင့်ပေးဖို့တောင်းဆိုလာသည်ကြောင့် သော်မင်းဆက်ငြိမ်ငြိမ်လေးထိုင်နေသော်လည်း ကြည်လင်အေးကတော့ သူ့ကိုမကြည်ဖြူဟန်ကြည့်သွားပြီးမှ အိပ်ခန်းထဲဝင်သွားခဲ့၏။
×××××
ကြည်လင်အေး၏အစ်မ မြသီတာက ကြည်လင်အေးမနိုးသေးခင်ပင် သော်မင်းဆက်နှင့်ကြီးကြီးကိုနှုတ်ဆက်ကာ ပြန်သွားသည်။သော်မင်းဆက် ကြည်လင်အေးအိပ်ခန်းထဲ ဝင်ရ၊ မဝင်ရ ဆုံးဖြတ်ရခက်နေရင်း အိပ်ခန်းရှေ့မှာ ဟိုဘက်လျှောက်လိုက် သည်ဘက်လျှောက်လိုက်နှင့် အချိန်အတော်ကြာသွားလေ၏။နောက်ဆုံးတော့ ကြည်လင်အေးငြိုငြင်လည်းငြိုငြင်ပါစေဟုတွေးကာ အရဲစွန့်ရင်း အခန်းထဲသို့ဝင်သွားလိုက်သည်။ ဆေးရှိန်ကြောင့် ကောင်းကောင်းအိပ်နေသည့် ကြည်လင်အေးမျက်နှာလေးက သေချာမတွေ့ရသည့်သုံးလေးရက်အတွင်း သိသိသာသာချောင်ကျသွားခဲ့၏။
ခုတင်ဘေးနားမှာ ဒူးထောက်ထိုင်ချမိချိန် သော်မင်းဆက် စိတ်လှုပ်ရှားမှုတွေထိန်းမရတော့။ ကြည်လင်အေးက ထူးထူးခြားခြားချောမောနေသည်မဟုတ်ဘဲ တစိမ့်စိမ့်ကြည့်ချင်စရာကောင်းသူမျိုးဖြစ်သည်။ မျက်နှာသေးသွယ်သွယ်လေးနှင့် မျက်တောင်စိပ်စိပ်တွေပိုင်ဆိုင်ထားသည့် ကြည်လင်အေးက အသက်သုံးဆယ်ကျော်ယောက်ျားတစ်ယောက်ဆိုတာ မယုံနိုင်ဖွယ်ရှိလှ၏။
အသားညိုသော်လည်း မျက်ခွံလေးမှာ သွေးကြောလေးတွေထင်းနေအောင်ကို အရေးပြားပါးပါးလေးကိုလည်း ပိုင်ဆိုင်ထားသေးသည်။ မျက်ခုံးပါးပါးလေးဟာလည်း သွယ်တန်းနေလျက်…။
ဒီမျက်နှာလေးသာ ပြုံးရယ်နေလိုက်ရင် ဘယ်လောက်တောင် ငေးကြည့်ချင်စရာကောင်းမလဲလေ။
သော်မင်းဆက် တွေးရင်းပင် သက်ပြင်းမောချ၏။
” အစ်မမောင်လေးက ငယ်ငယ်တည်းကကျန်းမာရေးချူချာတယ်။ အခု မိသားစုကပစ်ထားတော့ သူ့ကျန်းမာရေးက ပိုဆိုးတဲ့ဘက်ရောက်လာတယ်ပဲပြောရမယ်။ မောင်လေးက သူ့အကြောင်း သူများကိုပြောတာမကြိုက်လို့ အစ်မဒီလောက်ပဲပြောပြပေးနိုင်ပေမဲ့ သူ့အခြေအနေက ပိုကောင်းမလာတာတော့အမှန်ပဲ။ အစ်မမောင်လေးကို လာလာတွေ့နေတာလည်း မိသားစုသိရင် ပြဿနာရှာမှာ။ မောင်လေးလည်း စိတ်ဒုက္ခရောက်မှာ။ အဲ့ဒါကြောင့် အစ်မ ဒီမှာအကြာကြီးနေလို့မရဘူး။ အခုဆေးသွင်းထားတာကုန်ရင် အစ်မကပြန်ရမှာမို့ အစ်မမောင်လေးနေကောင်းတဲ့အထိ ဂရုစိုက်ပေးဖို့ အစ်မက ဒီကမောင်လေးကို တောင်းဆိုချင်လို့ပါ ။ ”
ခခယယဆိုလာသည့်အစ်မမြသီတာ၏ စကားတွေကို ပြန်ကြားယောင်လာရင်း သော်မင်းဆက်ငိုင်သွားမိသည်။
” သူကပေတယ်။ အဆိုးဆုံးအထိဖြစ်သွားမှာကို အစ်မကြောက်တယ် ။ အမှန်အတိုင်းဝန်ခံရရင် အစ်မအတွက် သူက မောင်လေးအရင်းလိုပဲ။ မောင်လေးကိုအပြည့်အဝနားလည်ပေးပေမဲ့ သူကတကယ်နားလည်ရခက်တယ်။သူ့အတွက် ဘာမှမကြိုးစားရသေးဘဲ သူတစ်ခုခုဖြစ်သွားရင် အစ်မရင်ကျိုးရမှာ အဲ့ဒါကြောင့်မောင်လေးကို အစ်မအကူအညီတောင်းတာပါ။ ”
အစ်မမြသီတာဆိုချင်သည့် အဆိုးဆုံးအခြေအနေဆိုတာ ဘယ်လောက်ထိဆိုးသလဲ။ အစ်ကိုဘာတွေခံစားနေရလဲဆိုတာ သူသိချင်လှသည်။ နွေရာသီကပူသည် ။ သော်မင်းဆက်ရင်ထဲပိုလို့ပင်ပူလောင်နေရပါသည်။
×××××
” ဟေ့ကောင် မင်းဒီလိုဘယ်လိုရောက်နေတာလဲ ”
နိုးနိုးချင်း စောင်ကိုတစ်ကိုယ်လုံးဆွဲခြုံကာ နောက်သို့တိုးသွားသည့် ကြည်လင်အေး။အိပ်ချင်မပြေသေးသည်တောင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ထားသည့်ကြည်လင်အေးက စိတ်မလုံခြုံမှုကို ဘယ်လောက်အထိခံစားနေခဲ့ရသလဲမသိပေ။
” ကျွန်တော် ခြံတံတိုင်းကိုကျော်ပြီးဝင်လာတာ။ ”
သော်မင်းဆက်က ခုတင်ဘေးနားမှာထိုင်နေရာမှ မတ်တတ်ရပ်ကာ ခပ်လှမ်းလှမ်းသို့ဆုတ်ပေးရင်း ခပ်နောက်နောက်သာဖြေလိုက်သည်။ ကြည်လင်အေးက သူ့ကိုစူးစိုက်ပြီး ကြည့်နေဆဲ။
အစ်ကိုက သူစိမ်းယောက်ျားလေးတွေကို တော်တော်ကြောက်သလား။
” မင်းအပြင်ထွက်…”
အချိန်အတော်ကြာ သော်မင်းဆက်ကိုကြည့်နေပြီးမှ ကြည်လင်အေးဆီမှထွက်လာသည့်စကား။ သော်မင်းဆက် ခေါင်းတဆတ်ဆတ်ညိတ်ပြီး အိပ်ခန်းအပြင်ဘက်သို့ထွက်လာလိုက်သည်။
” မိုးတောင်ချုပ်တော့မယ်…”
အိပ်ခန်းထဲမှ စောင်ကြီးခြုံပြီးထွက်လာသည့်ကြည်လင်အေးက ဆက်တီခုံမှာဝင်ထိုင်သည်။သော်မင်းဆက် ကြည်လင်အေးနဖူးကိုလှစ်ခနဲသွားစမ်းမိချိန် …
“ဘာလုပ်တာလဲကွ ”
ကြည်လင်အေး၏ခန္ဓာကိုယ်လေးက နောက်သို့ရို့သွားလျက်…
” ကိုယ်အပူစမ်းမလို့လေ လာပါ”
” ရူးနေတာလား ငါကဖျားတာမှမဟုတ်တာ။ ”
ကြည်လင်အေးက ရှူးရှူးရှဲရှဲဖြစ်ရင်း သော်မင်းဆက်ကိုအော်သည်။ သို့သော် ကြည်လင်အေး၏နဖူးကို သူ့လက်ဖျားလေးနှင့်ထိလိုက်ရသည်ကြောင့် သော်မင်းဆက်ရင်ထဲပီတိဖြာနေမိလျက်။
” သားမင်းဆက်ရေ…”
“ဟော ကြီးကြီးလာပြီ။ ”
သော်မင်းဆက် ဆတ်ခနဲထပြီး အိမ်အောက်သို့ဆင်းကာ ကြီးကြီးအေးဆီမှချိုင့်ကိုကူသယ်လိုက်သည်။
” မောင်ကြည်လင်အေး နိုးနေပြီပဲ။ မြသီတာက မင်းကိုဂရုစိုက်ပေးဖို့ မှာသွားတယ် ”
ကြီးကြီးက ဆက်တီခုံမှာဝင်ထိုင်ရင်းဆိုသည်။ ကြည်လင်အေးက ခြုံထားသည့်စောင်ကိုဖယ်လိုက်ပြီး ဘေးမှာပုံထားလိုက်လေ၏။
“ကျွန်တော် ကြီးကြီးအေးတို့ကို အလုပ်ရှုပ်အောင်လုပ်မိသွားတာပဲ။”
“မဟုတ်တာ…မောင်ကြည်လင်အေးရယ်…ကူပေးရမှာပေါ့…”
” သား ရေပြန်ချိုးဦးမယ် ကြီးကြီး ”
သော်မင်းဆက် မတ်တတ်ရပ်နေရင်းမှဆိုကာ ကြည်လင်အေးကိုလှမ်းကြည့်လိုက်မိချိန် မျက်ဝန်းနက်တို့နှင့်ဆုံမိသည်။ ကြည်လင်အေးက သူ့ကိုအံ့သြသည့်မျက်ဝန်းတွေနှင့် ကြည့်နေလျက်။
” သွားလေ ပြီးရင် ထမင်းတစ်ခါတည်းစားပြီး အိပ်ရာပါယူခဲ့။ ဒီမှာအိပ်ပေးရမယ်။ ”
“ဗျာ…. ကြီးကြီးအေး သူကဘာလို့ဒီမှာအိပ်မှာလဲဗျ။ ”
ကြည်လင်အေးက တော်တော်လန့်သွားဟန်ဖြင့် မျက်ဝန်းလေးတွေဝိုင်းလို့…။
” မင်းနေမကောင်းဖြစ်နေတော့ တစ်ယောက် တည်းအိပ်လို့မဖြစ်ဘူးလေ ။ သားမင်းဆက်ကိုလာအိပ်ခိုင်းမလို့”
“မဟုတ်တာ ကျွန်တော့်ကိုယ်ကျွန်တော် ဂရုစိုက်နိုင်သေးပါတယ်ဗျ ။ အားနာစရာကြီး။ ”
ကြည်လင်အေးက အားတုံ့အားနာဖြစ်နေဟန်နှင့် သော်မင်းဆက်ကိုလည်း ခိုးကြည့်လေသည်။
” မဟုတ်တာ အားနာစရာလား ။ သားမင်းဆက်က အိမ်မှာလည်း အပိုကောင်ဖြစ်နေတာ ဘာမှအားမနာနဲ့။ ”
သော်မင်းဆက်က ကြီးကြီးအေးကိုမျက်စောင်း ထိုးပြီး အိမ်ပေါ်မှဆင်းသွားတော့သည်။ ကြီးကြီးအေးသူ့အကြောင်းတွေကို ကြည်လင်အေးထံ ဖောက်သည်ချဦးမှာ သူသိသည်။
×××××
သော်မင်းဆက် ဖျာလိပ်၊ ခေါင်းအုံးနှင့်စောင်ကြီးပိုက်ပြီး အိမ်ပေါ်တက်သွားလေတော့ ကြည်လင်အေးက ဆက်တီခုံမှာထိုင်နေဆဲပင်။
” အစ်ကိုသွားအိပ်တော့လေ ကျွန်တော်ဒီမှာပဲအိပ်မှာပါ ။ စိတ်မပူပါနဲ့။ ”
သူ ဖျာလိပ်ကြီးပစ်ချကာဆိုတော့ ကြည်လင်အေးက အကြည့်လွှဲသွားရင်း…
“ငါတစ်နေကုန်အိပ်ထားတာ ဘယ်လိုလုပ်အိပ်ပျော်မှာလဲ။ ”
သော်မင်းဆက် ဖျာခင်းကာ အိမ်နံရံကိုမှီထိုင်လိုက်သည်။ ယူလာသည့်ကာတွန်းစာအုပ်ကိုဖွင့်ဖတ်ချိန် လေထုက ဆိတ်ငြိမ်နေလျက်။ သူ ကြည်လင်အေးနှင့် စကားပြောချင်သော်လည်း ဘာပြောရမယ်မှန်း သော်မင်းဆက်မသိ။ ကြည်လင်အေးနှင့်နေရာတစ်ခုတည်းမှာရှိနေရသည်ဆိုသောအသိက သော်မင်းဆက်ကို ပိုလို့ရင်ခုန်စေသည်။
” မင်းနာမည်က သော်မင်းဆက်နော် ”
သော်မင်းဆက်က ကြည်လင်အေးကိုခေါင်းလေးစောင်းငဲ့ရင်း ကြည့်လိုက်ကာဖြင့်…
“ဟုတ်ကဲ့ ။ ”
” ငါ့ကိုဂရုစိုက်ပေးလို့ ကျေးဇူးပါ။ ကြီးကြီးအေးကပြောတယ် မင်းကဒီခြံထဲမှာ ကာတွန်းလာဖတ်နေကျတဲ့။ စာဖတ်ရတာ ဝါသနာပါတာလား။ ”
” မဟုတ်ဘူး။ ကျွန်တော်က ကားတွန်းစာအုပ်ပဲဖတ်တာ။ ”
ကြည်လင်အေးဘက်မှ သူ့အကြောင်းစိတ်ဝင်တစားပြောလာတော့ သော်မင်းဆက်ရင်ထဲ ပီတိဖြာနေမိ၏။ကြည်လင်အေးက ဒီတစ်သက်သူ့ကိုစကားကောင်းကောင်းပြောပါ့မလားတောင် သူစိုးရိမ်နေခဲ့တာဖြစ်သည်။
” ငါကကျေးဇူးကြွေးအတင်မခံနိုင်တဲ့သူဆိုတော့ မင်းကာတွန်းဖတ်ချင်ရင် ဒီခြံထဲမှာတိတ်တိတ်ဆိတ်ဆိတ်လာဖတ်လို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါကငှားထားတဲ့သူ မင်းတို့ကပိုင်ရှင်လေ။ ငါစိတ်ရှုပ်ရမဲ့ကိစ္စမျိုးမလုပ်ရင်ရတာမို့ မင်းဖတ်ချင်ရင်လာဖတ်ပါလို့ပြောချင်တာ။ ”
ကြည်လင်အေးက တစ်ချိန်လုံး သော်မင်းဆက်ကိုမကြည့်။ သော်မင်းဆက်မှာ ကြည်လင်အေး၏လက်ချောင်းသွယ်သွယ်လေးတွေကို ငေးကြည့်နေမိရင်း ရန်နိုင်ပြောသလိုပင် အစ်ကိုကြည်လင်အေးက သိသွားလျှင် သဘောကောင်းသည့်သူဆိုတာ သေချာသွားသည်။
” အစ်ကို ညဆေးသောက်ပြီးပြီလား။ ”
“အင်း သောက်ပြီးပြီ။ ”
နှစ်ဦးသားကြားမယ် အတော်ကြာတိတ်ဆိတ်သွားပြီးနောက်…..
” ဒါဆို အစ်ကိုသွားအိပ်တော့မယ်။ ကောင်းသောညပါ မင်းဆက်။ ”
ကြည်လင်အေးက ပြောပြီးသည်နှင့် အိပ်ခန်းထဲ လှစ်ခနဲဝင်သွားသည်။ ရင်ထဲတဒိတ်ဒိတ်ခုန်ရင်း ခန္ဓာကိုယ်မလှုပ်နိုင်ဘဲ ကျန်ခဲ့ရသူက သော်မင်းဆက်သာ ။
×××××
“ဘာလိုလိုနဲ့ သင်္ကြန်တောင်နီးပြီ…”
ကြည်လင်အေး၏ခြံထဲကျော်ဝင်ပြီး ခြံထဲမှထိုင်ခုံတန်းလေးမှာ ကာတွန်းစာအုပ်ဖတ်နေရင်း သော်မင်းဆက် ပိတောက်ပင်ကြီးကို မော့ကြည့်လိုက်မိသည်။ ကြည်လင်အေးလည်း သက်သာလာလို့ အလုပ်ပြန်တက်နေပြီ။
ကြည်လင်အေးကျန်းမာရေးမကောင်းသည့်အတောအတွင်း သူ့ဘက်မှအတင်းလိုက်ဂရုစိုက်ပေးရင်း သော်မင်းဆက်မှာ ကြည်လင်အေးနှင့်အနည်းငယ်ရင်းနှီးလာခဲ့လေပြီ။ သို့သော် ကြည်လင်အေးက သူ့ကိုသတိထားဆက်ဆံတုန်းပင်ဖြစ်သည်။
ယောက်ျားလေးတွေကိုသာ သဘောကျသူဖြစ်သော်လည်း ယောက်ျားတွေကိုကြောက်ပြီး သတိထားနေရသည့်ကြည်လင်အေးကို သော်မင်းဆက်နားလည်ပေးကြည့်သည်။ သို့သော်အပြည့်အဝနားလည်နိုင်မည်မဟုတ်ပေ။ မည်မျှပင်ဝင်ခံစားပါစေဦး ။ ကိုယ်တိုင်မတွေ့ကြုံဖူးသရွေ့ ဘယ်သူကမှ ကာကယံရှင်လောက် နာကျင်မှုကိုခံစားရမည်မဟုတ်ချေ။ ဒါဟာ အမှန်တရားဖြစ်သည်။သော်မင်းဆက် ကြည်လင်အေး၏ နာကျင်မှုတွေကို အပြည့်အဝ ဝင်မခံစားပေးနိုင်သော်လည်း သက်သာစေချင်သည်။ ကုစားပေးချင်သည်။ ကြည်လင်အေးကိုပြုံးပျော်စေချင်သည့်ဆန္ဒလေးတစ်ခု သော်မင်းဆက်မှာရှိ၏။
” ငါဒီကိုကျောင်းပြောင်းလို့ရရင်ကောင်းမယ်။ ”
သင်္ကြန်ပြီးလျှင် သူပြန်ဖို့ရက်နီးကပ်လာပြီဖြစ်သည့်ကိစ္စကိုတွေးရင်း သော်မင်းဆက် ရင်မောသည်။ ကြည်လင်အေးကိုတစ်ယောက်တည်း မထားခဲ့ချင်။ တက္ကသိုလ်ပြောင်းဖို့ကိစ္စကို သူစုံစမ်းမည်။ အမြန်ဆုံးပြောင်းလို့ရအောင် သူဘာပဲလုပ်ရလုပ်ရ လုပ်မည်။
” အစ်ကိုနဲ့နီးချင်တယ်…”
အိမ်လေးကိုလှမ်းကြည့်ရင်း သော်မင်းဆက်ငိုင်နေမိလျက်။
အစ်ကိုက သူ့ကိုလွယ်လွယ်လက်ခံမှာတော့မဟုတ်ပါ။
~~~~~
×××××မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ××× ကူးပြောင်းစ တန်ခူးလေမှာ ××××
ကြည်လင်အေး ပန်းပင်တွေကိုရေလောင်းနေရင်း ကြားရသည့်သီချင်းသံလေးကြောင့် ရင်ထဲအေးသွားသလိုပင်။ မြေသင်းနံ့လေးတွေက သူ့ကိုလန်းဆန်းစေ၏။
” အစ်ကို့…”
အနောက်မှရုတ်တရက်ထွက်ပေါ်လာသည့်ခေါ်သံကြောင့် ကြည်လင်အေးခန္ဓာကိုယ်လေး တုန်ခနဲ။ ဟိုကောင်လေး ခြံတံတိုင်းကျော်ဝင်လာပြန်ပြီထင်သည်။
” ဘာကိစ္စလဲ ။ ”
“ကာတွန်းလာဖတ်တာ “
ကာတွန်းစာအုပ်ကို ထောင်ပြရင်း သော်မင်းဆက်က သွားဖြီးပြလျက်။သော်မင်းဆက်မှာ ဘယ်အချိန်မဆို ရယ်မောနေလျက်ပင်။ပြုံးရယ်ဖို့လွယ်ကူသည့်သူတွေကိုမြင်လျှင် ကြည်လင်အေး အားကျသည်။ သူကတော့ ဘာတွေပဲလုပ်လုပ်မပျော်ရွှင်နိုင်ပေ။
“အစ်ကို ဒီနားမှာ ခဏလာထိုင်ပါလား။ ”
ပိတောက်ပင်ကြီးအောက်မှ ထိုင်ခုံလေးမှာဝင်ထိုင်ရင်း သော်မင်းဆက်က သူ့ဘေးမှနေရာလေးကိုပုတ်ပြသည်။ ကြည်လင်အေးခေါင်းခါပြတော့ မျက်စောင်းထိုးကာ…ဆူပုတ်ပုတ်လုပ်နေလျက်။
” ဘာပြောစရာရှိလို့လဲ ။ ”
ကြည်လင်အေး ရေပိုက်ကိုပိတ်ကာ သော်မင်းဆက်ဘေးနားမှာသွားထိုင်လိုက်သည်။
“မဟုတ်ဘူး ။ ကျွန်တော်က မေးမှာ ”
“မေးကြည့်ပေါ့ ”
ကြည်လင်အေး ထိုင်ခုံနောက်မှီကိုမှီရင်း ပန်းပင်တွေကိုသာငေးနေလိုက်သည်။
” အစ်ကိုစိတ်မဆိုးနဲ့နော်။ ကျွန်တော်သိချင်တာကလေ အစ်ကိုချစ်ဖူးလား…”
ကြည်လင်အေး သော်မင်းဆက်ကို အကဲခတ်လိုက်မိသည်။သူ့ကိုကြည့်နေသည့်မျက်ဝန်းတွေက သိချင်စိတ်ပြင်းပြနေ၏။
သော်မင်းဆက်က သူ့ဘဝထဲသို့ အတင်းတိုးဝင်လာသည့်ကောင်လေးဖြစ်သည်။ လူငယ်ဖြစ်၍ လားမသိ အမြဲလန်းဆန်းတက်ကြွနေတတ်ပြီး ဘာကိုမှလည်းအရေးမစိုက်သည့်ပုံစံနှင့် သော်မင်းဆက်က သူ့ကိုဂရုစိုက်ပေးလို့ ကျေးဇူးတင်ရသည်။ ပေါ့ပေါ့ပါးပါးနေတတ်သော်လည်း စိတ်ရင်းလေးလည်းကောင်းပုံရသည်ကြောင့်ကြည်လင်အေး အနည်းငယ်တော့ခင်မင်မိသည်။
သို့သော် သူသံယောဇဉ်မတွယ်အောင်နေသည်။ သော်မင်းဆက်ဆိုတာ သည်နေရာကို ခဏတာလာလည်သည့်ဧည့်သည်ဖြစ်ရာ သူ့ကိုအမြဲဂရုစိုက်မပေးနိုင်ဘူးဆိုတာကို သူနားလည်သည်။ သံယောဇဉ်တွယ်မိလျှင် သူပဲနာကျင်ရမည်ဆိုတာကို သူကြိုသိနေသည်။ သူ့ဘဝထဲခဏတာသာဝင်လာသည့်သူဖြစ်၍ သူ့ဘက်မှလည်းခဏတာသာ ခင်တွယ်မည်။
” အသက်သုံးဆယ်ပဲကျော်နေပြီ။ အစ်ကိုချစ်ဖူးတဲ့သူရှိတာပေါ့။ သူက အခုဆို မိသားစုတောင်ရှိနေလောက်ပြီ…”
ကြည်လင်အေး လက်ချောင်းတွေကို ဆော့ကစားရင်း ပေါ့ပေါ့ပါးပါးသာဖြေသည်။ သူချစ်ဖူးပြီး၊ အချစ်ခံရဖူးသော်လည်း အရွေးချယ်ခံထဲမှာ သူလိုလူမပါဘူးဆိုတာ သိခဲ့ပြီးကတည်းက သူ့ရင်ထဲဘယ်သူမှမဝင်အောင် သူ့စိတ်နှလုံးသားတံခါးကိုပိတ်ပစ်ခဲ့သည်။ သူ့လိုယောက်ျားလေးတွေကို သဘောကျသူတစ်ယောက်ဟာ ဘယ်သူ့အရွေးချယ်ခံမှဖြစ်မလာနိုင်သလို၊ မိသားစု၏အပယ်ခံဘဝမှာသာ လမ်းဆုံးမည်။ဒါဟာ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမှန်တရားဖြစ်သည်။
” အစ်ကိုသူ့ကိုသိပ်ချစ်သလား။ ”
“ချစ်တယ်။ ချစ်ခဲ့တယ်။ အခုတော့မဟုတ်တော့ဘူး။ သူ့ကိုမမေ့နိုင်သေးပေမဲ့ အစ်ကိုမချစ်တော့ဘူး။ ကိုယ်ကချစ်ပေးရက်နဲ့ကိုယ့်ကိုမရွေးချယ်ဘဲ စွန့်ပစ်သွားတဲ့သူကို ဆက်ချစ်နေရလောက်အောင် အစ်ကိုကအကျင့်မကောင်းဘူးလေ။ အစ်ကိုလည်း အစ်ကို့ဘဝကိုဆက်ရှင်သန်ရမှာပေါ့ …”
သော်မင်းဆက်က ကြည်လင်အေးကို သနားသလိုစိုက်ကြည့်နေချိန် ကြည်လင်အေးက နှုတ်ခမ်းထောင့်လေးတစ်ချက်တွန့်သွားကာဖြင့်…
” အစ်ကို့ကိုမသနားပါနဲ့။ အစ်ကို့လိုယောက်ျားလေးတွေကို သဘောကျတဲ့သူတွေက ဒီလိုပဲ…”
“အဲ…..”
ပွင့်လင်းစွာဆိုလိုက်သည့်ကြည်လင်အေးကြောင့် သော်မင်းဆက် ကြောင်အသွားလျက်။
” ကျွန်တော်သိတာကို အစ်ကိုသိနေတာလား။ ”
“သိတာပေါ့ ။ ရပ်ကွက်ထဲမှာပျံ့နေတာကို မင်းဆက်လည်းသိမယ်ဆိုတာ အစ်ကိုခန့်မှန်းမိပါတယ်။ ”
သော်မင်းဆက်က ခေါင်းကုပ်ကာ ရယ်ကျဲကျဲလုပ်နေသည်။ သည်ကောင်လေး သူ့ကိုသတိထားဂရုစိုက်နေရသည့် ရည်ရွယ်ချက်ကို ကြည်လင်အေးမသိသလို သိလည်းမသိချင်ပေ။ သူ့ကို စိတ်ရင်းနှင့်ဂရုစိုက်ပေးသည့်အတွက် သူကျေးဇူးတင်သည်။ ကိုယ့်ကိုအရေးတယူနှင့် ဂရုစိုက်ပေးသူရှိပါလားဆိုသည့်အတွေးလေးက သူ့ကိုနည်းနည်းတော့ ပျော်စေပါသည်။
” အစ်ကို ကျွန်တော်လေ အစ်ကို့ကိုအပြည့်အဝနားလည်နိုင်စွမ်းတော့မရှိလောက်ပေမဲ့ အစ်ကိုခံစားရတာတွေကို ကျွန်တော်ခံစားကြည့်လို့ရပါတယ်။ ကျွန်တော် မျှဝေခံစားပေးချင်တယ်….”
ကြည်လင်အေးရင်ထဲ လှပ်ခနဲ။
သော်မင်းဆက်၏မျက်ဝန်းတွေက အမှန်တရားကိုပြောနေသည်။မျက်ဝန်းတွေက ဘယ်သောအခါမှ မလိမ်ပေ။
“ကျွန်တော် အခွင့်အရေးယူတာမဟုတ်ဘူးနော်။ ကျွန်တော် ကျွန်တော်က ဘယ်လိုပြောရမလဲ အစ်ကို့ကိုပြုံးစေချင်တယ်…”
ကြည်လင်အေးရင်ထဲ သိမ့်ခနဲ။
သူ့ကိုပြုံးစေချင်တယ်ဆိုတာက ဘာကိုပြောချင်တာလဲ။ ချစ်ရသူထံမှ စွန့်ပစ်ခံရပြီး မိသားစုထံမှအပယ်ခံဖြစ်ပြီးကတည်းက သူမပြုံးနိုင်တော့တာကြာပြီဖြစ်သလို နေရတာမပျော်ရွှင်တော့တာကြာခဲ့ပါပြီ။ အခု သော်မင်းဆက်က သူ့ကိုပြုံးစေချင်သတဲ့။
ကြည်လင်အေး သော်မင်းဆက်ကို စိုက်ကြည့်မိနေရင်း ရင်ထဲတသိမ့်သိမ့်ခံစားနေရမှုက ပျောက်မသွားပေ။
” အစ်ကို ပြုံးလိုက်တယ် ”
“ဟင်…”
ကြည်လင်အေး နှုတ်ခမ်းတို့ခပ်ဟဟဖြစ်သွားမိလျက်။
မဖြစ်နိုင်တာ ။ ဒီကောင်လေး နောက်ပြီ။
” ဟုတ်တယ် တကယ်ပြောတာ အစ်ကိုပြုံးတာသိပ်လှတာပဲ ”
သူ့ကိုရွှန်းရွှန်းစားစားစိုက်ကြည့်နေသည့် သော်မင်းဆက်ကို ကြည်လင်အေး ကြောင်ကြည့်နေမိပြီးမှ မျက်တောင်တဖျပ်ဖျပ်ခတ်ကာ အကြည့်လွှဲလိုက်မိချိန် သူ့ရင်ထဲမှာတစ်စုံတစ်ရာ ခံစားနေရမှန်း သိလိုက်သည်။ရင်ဘတ်နားမှအင်္ကျီကြယ်သီးလေးကို ဆော့နေမိရင်း ကြည်လင်အေး စိတ်ထဲမှ ‘မဖြစ်ဘူး မဖြစ်ဘူး ‘ဟုရေရွတ်နေမိ၏။သူ နောက်တစ်ယောက်ကို ထပ်ချစ်လို့ မဖြစ်ပေ။သူ့ဘဝထဲ ဧည့်သည်တစ်ယောက်လိုဝင်လာသည့် သည်ကောင်လေးဆို ပိုလို့တောင်မဖြစ်သေးပေ။
” အစ်ကို ပြုံးချင်ရင်ပြုံးလိုက်၊ ပျော်ချင်ရင်ပျော်လိုက်ပါဗျာ ။ လူ့ဘဝကခဏလေး ။ ကြောက်ရွံ့နေတာနဲ့ ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်ထားရင် လူဖြစ်ရကျိုးမနပ်ဘူးဗျ။ ”
“ဒါတော့ မင်းဆက်က အစ်ကိုတွေ့ကြုံခဲ့ရတာတွေဆို ကိုယ်တိုင်မကြုံဖူးလို့ ပြောနိုင်တာပါ ။ ”
ကြည်လင်အေး စိတ်ကိုငြိမ်အောင်ထိန်းချုပ်ပြီး တည်တည်ငြိမ်ငြိမ်ပင်တုံ့ပြန်မိသည်။ သော်မင်းဆက်ပြောတာမမှားသော်လည်း သူက ဘယ်အချိန် ဒီလောကကြီးမှထွက်ခွာသွားရမလဲဆိုတာ သိသိရက်နှင့် စောင့်နေရသည့်သူဖြစ်ရာ ဘဝကြီးကိုဖြစ်ချင်ရာဖြစ်နေလိုက်မည့်အစား သူဖန်တီးထားသည့်ကမ္ဘာလေးထဲမှာပဲ သူ့စိတ်ကိုမြှုပ်ထားချင်ခဲ့သည်။
မည်သူနှင့်မှ ဆက်ဆံစရာမလိုသလို၊ မည်သူ့ဆီကမှ အပယ်မခံရ၊ မေးငေါ့မခံရသည့် သူ့စိတ်ကူးကမ္ဘာလေးထဲမှာ သူပျော်သည်။ သူပြုံးသည်။ သူလွတ်လပ်သည်။ သည်လိုနှင့် သူတကယ်ရှင်သန်နေရသည့် လောကကြီးကို ကျောခိုင်းဖြစ်ခဲ့သည်။
” ကျွန်တော်ကိုယ်တိုင်မကြုံဖူးတာမှန်တာပေါ့ ။ အဲ့ဒါကြောင့် ကျွန်တော်အစ်ကို့နာကျင်ရခြင်းတွေကို မျှဝေခံစားချင်လို့ ကျွန်တော့်ကိုပြောပြချင်လား ”
သော်မင်းဆက်၏စကားသံတွေနှင့်မျက်ဝန်းတွေထဲ မဝံ့ရဲခြင်းတွေနှင့် စိတ်ရင်းမှန်တွေကို ကြည်လင်အေးဖတ်မိသည်။ သူ့မွန်းကြပ်မှုတွေကို သည်ကောင်လေးထံ ဖွင့်ဟလိုက်လို့ရသည်ကိုလည်း ကြည်လင်အေးသိသည်။ သို့သော် သူဖွင့်ဟလိုက်လျှင်လည်း ဘာမှဆက်ဖြစ်မည်မဟုတ်ပေ။ သူကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်တွေထဲ တစ်စုံတစ်ခုပြောင်းလဲသွားမည်မဟုတ်သလို၊ သူ့မွန်းကြပ်နာကျင်ရမှုတွေဟာလည်း ပျောက်ကွယ်သွားမည်မဟုတ်ပေ။ဆိုးရွားသည့်အရာတွေကို သူမမျှဝေချင်။
” ကျွန်တော့်ကို အစ်ကိုပြောပြလိုက်လို့ ဘာမှပြောင်းလဲသွားမှာမဟုတ်ပေမဲ့…ရင်ထဲကစကားတွေကို ပြောပြလိုက်ရရင် ရင်ထဲနည်းနည်းပေါ့သွားတယ်လေ။ ရင်ထဲပေါ့ပါးသွားရင် ပြုံးလာနိုင်တယ်မလား။ ကျွန်တော် အစ်ကို့ကိုပျော်စေချင်ပြီး ပြုံးစေချင်တယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ရမှန်းလည်းမသိဘူး။ အစ်ကို့ရဲ့နာကျင်ရမှုတွေကို ခွဲယူလိုက်ရင် အစ်ကို့ရင်ထဲပေါ့သွားပြီး ပြုံးလာနိုင်မလားလို့ပါ…”
ခေါင်းလေးငုံ့ရင်း တရစပ်ပြောသွားသည့် ကောင်လေး၏စကားတွေကြောင့် ကြည်လင်အေး ရင်ထဲကြည်နူးမိသွားသည်။ သူဟာ ချစ်ရသူထံမှ ဂရုစိုက်ခံရဖူးသည်။ အဲ့သည်ဂရုစိုက်မှုတွေဟာ သူ့ကိုချစ်သည်ထင်၍ တာဝန်အရ ဂရုစိုက်ခြင်းတွေဆိုတာ နောက်ကျမှသာသိခဲ့ရပြီး သူပျော်ရွှင်ဖို့ရာ၊ နှစ်ယောက်လုံးပျော်ရွှင်ဖို့ရာအားထုတ်ခြင်းနည်းနည်းမှမရှိခဲ့သည်ကိုလည်း သူနောက်ကျမှသိခဲ့ရသည်။
သည်ကောင်လေးကတော့ သူ့ကိုပျော်စေ၊ ပြုံးစေချင်၍ ပျာယာခတ်နေရှာ၏။ သော်မင်းဆက်က အချိန်တန်လျှင် သူ့အိမ်သူပြန်မည့်သူ။ သော်မင်းဆက် သည်နေရာလေးကို နောက်တစ်ကြိမ်ပြန်လာမည့်အချိန်အထိ သူ သည်မှာဆက်ရှိနေနိုင်မည်လား ကြည်လင်အေးမသိပေ။ သူဖွင့်ပြောလိုက်၍ ဘာမှပြောင်းလဲမသွားသလို ဘာမှလည်းဖြစ်မလာလောက်ဘူးထင်ပါသည်။
” အစ်ကို့ချစ်သူနဲ့လမ်းမခွဲခင် အစ်ကို့မိသားစုက အစ်ကိုတို့အကြောင်းသိသွားတယ်လေ။ မိသားစုနဲ့ ပြဿနာတွေဖြစ်နေတုန်းပဲ အစ်ကို့ချစ်သူက သူလက်ထပ်တော့မဲ့အကြောင်း အစ်ကို့ကိုဖွင့်ပြောတယ်။ အစ်ကိုဆောက်တည်ရာမရဖြစ်ခဲ့တာပေါ့ ။ အဲ့ဒီအပြင် အစ်ကို့မိသားစုထဲကလူတွေက မင်းကယောက်ျားလေးတွေကိုသဘောကျတယ်ပေါ့ဆိုပြီး အစ်ကို့ကိုစော်ကားမော်ကားလုပ်တော့မဲ့အထိကို ဆိုးဆိုးရွားရွားတွေဖြစ်ခဲ့တာ ။ နောက်တော့ အစ်ကိုအိမ်ကထွက်ခဲ့တယ် ။ မိသားစုကလည်း အစ်ကို့ကိုမမြင်ချင်သလို အစ်ကိုကလည်းမမြင်ချင်တော့ဘူး… သူတို့သေလည်းအစ်ကိုမသွားဘူး ။ အစ်ကိုသေလည်း သူတို့လာဖို့မလိုဘူး။ ”
ကြည်လင်အေး မျက်ရည်တွေကျနေသော်လည်း တည်ငြိမ်စွာနေတတ်ခဲ့ပြီ ။ တင်းတင်းစေ့ထားသည့် နှုတ်ခမ်းတွေက နာကျင်မွန်းကြပ်ရမှုတွေကို တင်းခံထားမှန်းသိသာလှသည်။
” အခု အစ်ကိုမနာကျင်ရတော့ပါဘူး။ အစ်ကို့ကိုပျော်ရွှင်အောင်လုပ်ပေးမဲ့ ကျွန်တော်ရှိနေပြီလေ ”
သူ့လက်ဖမိုးလေးပေါ်ထပ်လို့ နှစ်သိမ့်သလိုဆုပ်ကိုင်ရင်း ပြုံးပြနေသည့် သော်မင်းဆက်ကို ကြည်လင်အေးငေးခနဲ။ သည်ကောင်လေးက အမှန်တကယ်ပင် သူ့ကိုမရယ်,ရယ်အောင်လုပ်နေသည်။
” အစ်ကိုရယ်ပြီ ”
” မင်းဆက်က ရယ်စေချင်တော့ ရယ်မိသွားတာပေါ့ကွာ ”
ပန်းပင်တွေဝေဆာနေသည့် ခြံဝင်းငယ်လေး၏ ပိတောက်ပင်အောက်ဝယ် ရယ်သံလေးတွေပျံ့လွင့်သွားလျက်…။
×××××
သင်္ကြန်ရောက်ခဲ့ပြီ။
ကြည်လင်အေးအလုပ်လည်းပိတ်ထားသည်ဖြစ်ရာ မင်းဆက်မှာ ခေါင်းရင်းခြံသို့ နေ့တိုင်းသွားဖြစ်နေသည်။ ဟိုအကြောင်း သည်အကြောင်းလျှောက်ပြောရင်း ကြည်လင်အေးက ပြုံးရယ်တတ်လာသည့်အခါ သော်မင်းဆက်ကြည်နူးရ၏။
သော်မင်းဆက်မှာ ကြည်လင်အေး တစ်နေကုန် အိမ်ထဲမှာနေရတာ မပျင်းဘူးလားမသိဘူးဟု နေ့တိုင်းတွေးသည်။ လက်ဖက်ရည်ဆိုင်လည်းခေါ်မရ၊ စာအုပ်အငှားဆိုင်လည်းခေါ်မရနှင့်၊ပိတ်ရက်တွေမှာ ကြည်လင်အေးဈေးသွားဝယ်လျှင် သူကခြင်းလိုက်ဆွဲပေးဖြစ်၏။ မြသီတာက သင်္ကြန်တွင်းမလာနိုင်ဘူးဟုဆိုကာ သင်္ကြန်မတိုင်ခင်တစ်ပတ်က လာသွားရာ သော်မင်းဆက်ကို ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါဆိုသွားသည့် မြသီတာဟာ ကြည်လင်အေးချစ်သည့် တစ်ဦးတည်းသောမိသားစုပင်။
သင်္ကြန်အကျနေ့ ကြည်လင်အေး၏ခြံဝင်းလေးထဲမှ ထိုင်ခုံရှည်လေးတွင် နှစ်ဦးသား တိတ်ဆိတ်စွာထိုင်နေ၏။ မည်သည့်အိမ်မှ ဖွင့်သည်မသိရသော်လည်း သင်္ကြန်သီချင်းတွေက လေထဲမှာ ကြည်နူးစရာကောင်းစွာ ပျံ့လွင့်လို့နေသည်။
” အစ်ကို ကျွန်တော် အစ်ကို့ကိုရေလောင်းလို့ရလားဟင်။ ”
ကြည်လင်အေးက သော်မင်းဆက်ယူလာသည့် ကာတွန်းစာအုပ်ကို ဟိုလှန်ဒီလှန်လုပ်ရင်းပြုံးသည်။
“အစ်ကိုမလောင်းနဲ့ပြောလည်း မင်းဆက်ကလောင်းမှာပဲမလား။ ”
သော်မင်းဆက်က ဟီးခနဲရယ်ပြသည်။ကြည်လင်အေးမျက်နှာလေး တဖြည်းဖြည်းလန်းလာသည်ဟုထင်သည့် သော်မင်းဆက်မှာ ကြည်လင်အေးကျန်းမာရေးကောင်းမွန်လာပြီး အနားမှာ သက်ဆုံးတိုင်အထိ အဖော်ပြုပေးနိုင်ဖို့ မျှော်လင့်နေ၏။ ကြည်လင်အေးနှင့်သူ ခင်မင်ရင်းနှီးသည့်အချိန်ဟာ တိုတောင်းသေးသည်ဟုဆိုနိုင်သော်လည်း အချိန်ဆိုတာ သတ်မှတ်ချက်သတ်သတ်ဟု သော်မင်းဆက်ထင်သည်။ အဖော်ပြုပေးခွင့်ရရန်လည်း သင်္ကြန်ပြီးလို့ သူပြန်သွားပြီးလျှင် ကျောင်းပြောင်းဖို့လိုအပ်သည်များပြင်ဆင်ပြီးပြန်လာသည့်အချိန်မှ ကြည်လင်အေးကိုတောင်းဆိုမည်ဟု တွေးထား၏။
အစ်ကိုကြည်လင်အေးကိုချစ်ကြောင်း ဖွင့်ပြောမည်။ မြတ်နိုးရကြောင်းဖွင့်ဟမည်။ ပျော်ရွှင်ချမ်းမြေ့သည့်ဘဝလေးမှာနေနိုင်အောင် သူပါရမီဖြည့်ဖက်လုပ်ချင်ကြောင်း ခွင့်တောင်းမည်။အစ်ကိုကြည်လင်အေးဘက်မှ လက်မခံလောက်သော်လည်း လက်ခံလာသည်အထိ သူကြိုးစားမည်။
သော်မင်းဆက်က သည်လိုတွေး၏။
” ကျွန်တော်ပြန်သွားရင် အစ်ကို ကျွန်တော့်ကိုလွမ်းနေမှာလားဟင်။ ”
ကြည်လင်အေးက အဓိပ္ပာယ်မဖော်နိုင်သည့်အကြည့်လေးနှင့် သော်မင်းဆက်ကို ပြုံးရိပ်ရိပ်ကြည့်သည်။
” သတိတော့ရနေမယ်ထင်ပါတယ်။ အစ်ကို့အနားမှာ ဒီလိုစကားပြောမဲ့သူမရှိတာ ကြာလှပြီလေ ”
“ကျွန်တော်မြန်မြန်ပြန်လာမှာမို့ အစ်ကိုစောင့်နေနော်။ ”
” အစ်ကိုက ဒီနေရာကလွဲပြီးသွားစရာမှမရှိတာ။ ”
ပေါ့ပေါ့ပါးပါးပင်ဆိုလိုက်သည့် ကြည်လင်အေး၏ စကားလေးတစ်ခွန်းကြောင့်
သော်မင်းဆက်ရင်ထဲ ဝမ်းနည်းသွားမိသည်။ ကြည်လင်အေးက တည်ငြိမ်မြဲတည်ငြိမ်ဆဲ။ လူတစ်ယောက်ဟာ အမျိုးမျိုးသောအခက်အခဲတွေ၊ ဆိုးဝါးသည့်ကိစ္စတွေကို ကြုံဆုံဖူးပြီးလျှင် မတုန်လှုပ်တော့ဘူးဆိုသည်မှာ မှန်မည်ထင်သည်။
ကြည်လင်အေး ပန်းပင်တွေရေလောင်းထား၍ ခြံဝင်းလေးထဲ မြေသင်းနံ့တွေသင်းပျံ့နေလျက်…။
သော်မင်းဆက်က ကာတွန်းရုပ်ပြစာအုပ်ကို စိတ်ဝင်စားသယောင် ဖတ်နေသည့် ကြည်လင်အေးအား ငေးနေချိန်တွင် သင်္ကြန်သီချင်းကလည်း ခပ်မြူးမြူးပျံ့လွင့်ဆဲရှိ၏။
××××× ဝင်းဝင်းဖန့်ဖန့် သူ့မျက်နှာ××× ရှင်းရှင်းသန့်သန့် လှရဲ့ဗျာ××× ဪ…ရှင်းရှင်းသန့်သန့်လှရဲ့ဗျာ ××× ဝင်းဝင်းဖန့်ဖန့် သူ့မျက်နှာ ×××သူ့မျက်နှာ ရေစင်ဖြန်းကာ နှုတ်ခမ်းလေးဆူပါ ×× မငြူစူစမ်းနဲ့လှပျိုဖြူရာ ××× သိကြားမင်းသာသိသွားရင် ဪ မှတ်ချက်ယူသွားမှာ သတိထားပါ ×××
” ပြုံးတော်မူပါ ရွှေမျက်နှာ~~~ မုန်းတော်မူရင် ဖြေလှည့်ပါ~~~ ပိတောက်ဝေဆာ ရွှေရည်လူးကာ~~~ လက်ဆောင်ယူပါ ဒီနှစ်ကူးမှာ~~~ အပြုံးချင်းပြိုင်လို့ လန်းဆန်းကြမှာ ~~~ ထူးမြတ်တဲ့ဒီအချိန်ခါ~~~ မင်္ဂလာယူစမ်းပါ ခင်ဗျာ~~~”
ရုတ်တရက်ဆိုသလို သီချင်းလိုက်ဆိုသည့် သော်မင်းဆက်၏ ကြည်လင်ပြတ်သားကာ ချိုသာသည့်အသံလေးကြောင့် ကြည်လင်အေးက မော့ကြည့်သည်။ မလိမ်ညာတတ်သည့်မျက်ဝန်းတစ်စုံနှင့်ဆုံသည့်အခါ ကြည်လင်အေးမှာ အလျင်အမြန် အကြည့်လွှဲလိုက်ရတော့၏။
” မင်းသီချင်းဆိုတာ ကောင်းသားပဲ မင်းဆက်…”
သော်မင်းဆက် မျက်ဝန်းတွေအရောင်တောက်သွား၏။
” တကယ်လား…”
“အစ်ကိုက မညာတတ်ပါဘူး…”
သော်မင်းဆက်က ကျေနပ်လွန်းစွာဖြင့် အသံထွက်အောင်ပင် တဟားဟားရယ်နေတော့သည်။ ကြည်လင်အေးမှာတော့ မညာတတ်သော်လည်း ရင်ထဲမှာ မကောင်းလှပေ။
×××××
သည်နှစ်သင်္ကြန်မှာ သော်မင်းဆက် ဘယ်ကိုမှလျှောက်မလည်ဖြစ်။ ရေသွားဆော့ဖို့လာခေါ်သည့် ရန်နိုင်က သူ့ကိုအထူးအဆန်းလိုကြည့်ပြီးမှ ပြန်,ပြန်သွားသည်။ ကြည်လင်အေးက သူ့ကို ခြံထဲဝင်ခွင့်ပေးထားသော်လည်း သော်မင်းဆက်ကတော့ ခြံတံတိုင်းကျော်ရသည်အား ဝါသနာတစ်ခုလိုဖြစ်နေခဲ့ပြီ။
သင်္ကြန်ပြီးလို့ သိပ်မကြာခင် သူပြန်ရတော့မည်ဖြစ်ရာ ကြည်လင်အေးအနားမှာပိုနေချင်သည်ကြောင့် ရေသွားမဆော့ဖြစ်ခြင်းဖြစ်၏။
သည်နေ့က သင်္ကြန်အတက်နေ့ဖြစ်ရာ ကြည်လင်အေးကိုရေလောင်းမည်ဆိုသည့်အကြံနှင့် သော်မင်းဆက် ခြံတံတိုင်းကျော်တက်ပြီး အသံမထွက်အောင် ခုန်ချလိုက်သည်။ လက်ထဲမှာလည်း ကြီးကြီးပေးခိုင်းလိုက်သည့် မုန့်လုံးရေပေါ်ပန်းကန်လေးကိုင်လို့ ။ ကြည်လင်အေး ခြံထဲမှာရှိ၊မရှိ
သေချာအောင် ချောင်းလိုက်ပြီးမှ သော်မင်းဆက် ပန်းပင်တွေရေလောင်းသည့်ပိုက်ကိုဖွင့်နေချိန်…
“အား …..”
သူ့အနောက်မှ တိတ်တိတ်ကလေး ရေလာလောင်းသည့်ကြည်လင်အေးက သူလန့်သွားသည်ကိုကြည့်၍ ရယ်မောလို့နေသည်။
“ဟဟား…..”
အားရပါးရရယ်မောနေသည့် ကြည်လင်အေးကို သော်မင်းဆက် မလှုပ်မယှက်ငေးနေမိသည်။
အစ်ကိုက မြတ်နိုးချင်စရာကောင်းလိုက်တာ။
” အဟမ်း အဟမ်း…”
ကြည်လင်အေးက ချောင်းဟန့်တော့မှပင် သော်မင်းဆက် အိပ်မက်ကနိုးလာသူတစ်ယောက်လို ဟိုကြည့်သည်ကြည့်လုပ်မိတော့သည်။
” အစ်ကို့ကိုစမလို့ကို ကျွန်တော်ပဲလန့်သွားရတယ်။ ဒီမှာကြီးကြီးပေးခိုင်းလိုက်တဲ့ မုန့်လုံးရေပေါ် ”
“ကျေးဇူးပဲ ဟဟား ”
ပန်းကန်ကိုလှမ်းယူကာ မုန့်လုံးရေပေါ်နှိုက်စားရင်း ဆိုလာသည့်ကြည်လင်အေးကို သော်မင်းဆက်ငေးနေမိပြန်သည် ။ လွတ်လပ်ပေါ့ပါးစွာနှင့်ရယ်နေသည့်ကြည်လင်အေးက သော်မင်းဆက်မျက်လုံးထဲ ချစ်စရာကောင်းလွန်းစွာ….။ ကြည်လင်အေးမှာ သော်မင်းဆက်နှင့် အတူရှိနေလျှင် ဘာကိုမှထိန်းချုပ်မထားတော့တာ ကြာခဲ့ပြီဖြစ်၏။
” အစ်ကို့ကိုရေလောင်းမလို့ဆို ”
“ဟုတ်တယ် ”
ကြည်လင်အေး ချိုင်းကြားမှာညှပ်ထားသည့် ရေခွက်ကိုဆွဲယူကာ သော်မင်းဆက်ရေပိုက်မှ ရေဖြည့်လိုက်သည်။
” အစ်ကို့ကိုရေလောင်းတဲ့သူက ကျွန်တော်တစ်ယောက်တည်းရှိတာ ပျော်လိုက်တာ ”
ကြည်လင်အေးက မုန့်လုံးရေပေါ်တွေ ပလုတ်ပလောင်းဝါးရင်း ‘ ကြံကြံဖန်ဖန်’ ဟုဆိုနေ၏။ ရေကအေးအေးလေးဆိုတော့ ကြည်လင်အေးမှာ ပခုံးလေးတွန့်ခနဲဖြစ်သွားသေးသည်။
” ပိတောက်တွေမပွင့်သေးဘူးနော် … ”
” အင်း ဟုတ်ပ… ”
ကြည်လင်အေးက ခုံတန်းလေးမှာ ဝင်ထိုင်ရင်းဆိုသည်။ သော်မင်းဆက်မှာ ကြည်လင်အေးကိုငေးမြဲငေးဆဲရှိ၏။
” မစားဘူးလား။ ”
” အစ်ကိုခွံ့ကျွေးမလား ”
“အင့်… ”
သွားကြားထိုးတံလေးနှင့် မုန့်လုံးရေပေါ်ကိုထိုးပြီး ကြည်လင်အေးက သော်မင်းဆက်၏ပါးစပ်နားသို့တိုးပေးလာသည်။ ပီတိဖြာစွာစားရင်း သော်မင်းဆက် စိတ်ထဲမှာတော့ ကြည်လင်အေးခွံ့ကျွေးသည့်မုန့်လုံးရေပေါ်က ပိုလို့အရသာရှိနေသလိုပင်။
” နှစ်သစ်မှာ အစစအရာရာအဆင်ပြေချောမွေ့ပါစေ မင်းဆက် ”
” အစ်ကိုလည်း ပျော်ရွှင်ရပါစေ ”
ထိုနေ့က ကြည်လင်အေး ပြုံးနေခဲ့သည်။ မျက်ဝန်းလေးတွေက ကြည်လဲ့တောက်ပနေကာ ကမ္ဘာမှာ အပျော်ရွှင်ရဆုံးသူကဲ့သို့ ပြုံးနေခဲ့၏။
×××××
သော်မင်းဆက် ရင်ထဲပူလောင်နေသည်။ သူ့အား ဖုန်းမှတစ်ဆင့် ကြီးကြီးအေးငိုကြွေးရင်းပြောလာသည်က မောင်ကြည်လင်အေးဆုံးပြီဟူ၍။ ကြည်လင်အေး၏နောက်ဆုံးအချိန်လေးကို မှီအောင် သော်မင်းဆက် ချက်ချင်းကားလက်မှတ်ဖြတ်ကာ လာခဲ့ရသည်။
ကြီးကြီးအေးအိမ်သို့ပင် မဝင်နိုင်ဘဲ သော်မင်းဆက် ကြည်လင်အေးနေခဲ့သည့်ခြံလေးထဲသို့ ဦးတည်သွားမိ၏။ ရင်ထဲဆို့နင့်နေမှုက ပိုတိုးလို့လာခဲ့ကာ ခြံတံခါးဝမှာတင် သူရပ်မိနေဆဲ။ သူမယုံကြည်နိုင်ပေ။ သူမပြန်သေးခင်ကမှ ကြည်လင်အေးဟာ လန်းလန်းဆန်းဆန်းရှိနေခဲ့သေး၏။သူ့ကိုပြုံးပြနေခဲ့သေး၏။
အစ်ကို ပျော်နေခဲ့တယ်လို့ပဲ ကျွန်တော်ထင်နေခဲ့တာလေ။ အစ်ကို ဒီနေရာလေးမှာပဲရှိနေမှာလို့ ပြောခဲ့တာလေ။
သော်မင်းဆက် အမြင်တွေဝေဝါးလာသည်။ လူရှင်းနေသည့်ခြံဝန်းထဲသို့ ဝင်သွားမိသည့် ခြေလှမ်းတွေက လေးလံတုန်ရီစွာ။ ကြည်လင်အေးခန္ဓာကိုယ်လေးကိုထည့်ထားသည့် ရေခဲအခေါင်းနားမှာ မှိုင်တွေရင်းထိုင်နေသည့် မြသီတာက ကြည်လင်အေးကိုငေးလို့…။
” မောင်လေးရယ်…”
သော်မင်းဆက်ကိုမြင်ချိန် မြသီတာက ဖြေမဆယ်နိုင်ဘဲ မျက်ရည်တွေကျလာတော့သည်။ သပ်ရပ်စွာနေတတ်သည့် မြသီတာလည်းနွမ်းလျလို့နေတော့၏။ အိပ်မောကျနေသည့်နှယ့် ကြည်လင်အေး၏မျက်နှာလေးကို ငုံ့ကြည့်ရင်း သော်မင်းဆက်ရင်ထဲ မောဟိုက်လာသည်။ အသက်မဲ့နေသည့်ကြည်လင်အေးက ပို၍ပင် နုငယ်နေသယောင်။မျက်နှာလေးမှာလည်း ပြုံးနေသယောင်… ။
သော်မင်းဆက် မျက်ရည်တွေကျရင်းသာ ကြည်လင်လေးကို တိတ်တဆိတ် ငေးမောနေတော့သည်။
×××××
မြသီတာပြောပြချက်အရ ကြည်လင်အေးမှာ နှလုံးရောဂါအခံရှိကာ စိတ်ကျရောဂါခံစားနေခဲ့ရပြီး သေဆုံးဖို့ရာ သိလျက်နှင့်စောင့်နေရသည့်သူဖြစ်ကြောင်း ကြည်လင်အေးသိလိုက်ရသည်။ အစ်ကို့အနားမှာကြာကြာလေးရှိနေပေးခဲ့ရမှာဟူသော အတွေးက သော်မင်းဆက်ကို ပိုလို့ရင်နာစေ၏။အစ်ကိုကြည်လင်အေးက သူ့ကိုစောင့်မနေခဲ့တာမဟုတ်ဘဲ စောင့်ဖို့ရာ အင်အားမရှိတော့တာဖြစ်မည်။
” မောင်လေးမင်းဆက်အတွက် သူစာချန်ခဲ့တယ်”
မြသီတာ သူ့ဆီသို့ကမ်းပေးလာသည့် စာခေါက်လေးကို သော်မင်းဆက်တုန်ရီစွာ လှမ်းယူရှာသည်။
အစ်ကိုက သူ့အတွက်စာချန်ခဲ့တယ်တဲ့လား ။ အစ်ကိုက သူ့ကိုယ်သူလောကကြီးကထွက်သွားရတော့မယ်ဆိုတာ သိနေခဲ့တာပဲ။
သော်မင်းဆက် မျက်ရည်တွေမကုန်နိုင်။ ကြည်လင်အေး၏အခေါင်းဘေးနားမှာနေရင်းမျက်နှာလေးကိုသာ တရိပ်ရိပ်ကြည့်လို့နေသည်။
အစ်ကို့ကိုသိပ်ချစ်တဲ့ကောင်လေးတစ်ယောက်ရှိကြောင်း အစ်ကိုသိမသွားရဘူးနော်။ အစ်ကို့ကို လေးလေးနက်နက်ဖွင့်ပြောချင်လို့ ကျွန်တော်အချိန်ယူခဲ့တာပါအစ်ကိုရယ်။ ကျွန်တော် ကျောင်းပြောင်းခွင့်ရလို့ ပြန်လာရင် အစ်ကို့ကိုချစ်ကြောင်းတဝကြီးပြောမယ်လို့ တွေးထားခဲ့တာ။ အခုတော့ အခုတော့….
သော်မင်းဆက် ကြည်လင်အေးချန်ခဲ့သည့်စာလေးကို မဝံ့ရဲစွာဖွင့်ကြည့်မိသည်။ ရေးထားသည့်စာလေးက ခပ်တိုတိုပင်။
သို့/ မင်းဆက်
အစ်ကို့ကိုပျော်ရွှင်စေခဲ့လို့ ကျေးဇူးတင်ပါတယ်။ အနားမှာအဖော်ပြုပေးပြီး နောက်တစ်ကြိမ် ပြုံးနိုင်စေခဲ့လို့ ကျေးဇူးတင်ပါတယ် ။ ပိတောက်တွေက မိုးကိုအမြဲစောင့်နေပေမဲ့ အစ်ကိုကတော့ မင်းကိုစောင့်မနေနိုင်တော့လို့ တောင်းပန်ပါတယ်မင်းဆက်။
တဲ့။
သော်မင်းဆက်ရင်ထဲမှာ နာကျင်မွန်းကျပ်လွန်းစွာနှင့် မျက်ရည်ကျနေသည်မှလွဲ ဘာမှမတတ်နိုင်တော့ပေ။
×××××
သော်မင်းဆက် ကြည်လင်အေးကို နောက်ဆုံးတစ်ကြိမ်သာကြည့်ခွင့်ရတော့မည်။ ကြည်လင်အေး၏နဖူးလေးကို သော်မင်းဆက် မြတ်မြတ်နိုးနိုးနမ်းရှိုက်၏။နှင်းဆီနီတွေချစ်သည့် ကြည်လင်အေးက နှင်းဆီနီတွေနှင့်သိပ်လိုက်ဖက်လို့နေသည်။ မနက်ကမှ လတ်လတ်ဆတ်ဆတ်ခူးလာခဲ့သည့် ပိတောက်ပန်းခက်များကို သော်မင်းဆက် ကြည်လင်အေးလက်ဖဝါးလေးထဲထည့်ပေးလိုက် ၏။
နောက်ဆုံးအကြိမ်အဖြစ် ကြည်လင်အေး၏မျက်နှာလေးကို ငေးမောကြည့်နေရင်း သော်မင်းဆက်ရင်ထဲ ဖြေမဆယ်နိုင်အောင်ပင် နာကျင်မွန်းကျပ်လို့လာသည်။ ငိုလည်းမငိုနိုင်တော့ပေ။ မျက်ရည်ကျရသည့်နာကျင်ခံစားမှုကို ကျော်လွန်၍ သော်မင်းဆက်ရင်ထဲ ဗလာသက်သက်နှင့် အမျိုးအမည်ဖော်မပြနိုင်သည့်ခံစားမှုကိုသာ ခံစားနေရတော့သည်။
အစ်ကို ပိတောက်တွေကိုတောင် မမြင်လိုက်ရဘူးနော်။ နောက်ဘဝဆိုတာများရှိခဲ့ရင် လွတ်လပ်စွာပျော်ရွှင်ရပြီး ပေါ့ပေါ့ပါးပါးပြုံးနိုင်တဲ့သူဖြစ်ပါစေ။ နောင်ဘဝဆိုတာများရှိခဲ့ရင် အစ်ကိုကျွန်တော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပေးပါ။ မဟုတ်ဘူး ကျွန်တော်ကပဲ ရှာပါ့မယ်။ ကျွန်တော်ကပဲ အစ်ကို့ကိုရှာပြီး အစ်ကို့ကိုပျော်စေတဲ့သူ၊ အစ်ကို့ကို ပြုံးစေတဲ့သူဖြစ်စေရပါမယ် ။ ကျွန်တော် အစ်ကို့ကိုချစ်တယ်။ ကျွန်တော့်ကို အစ်ကို့ဘဝထဲ တခဏပဲဝင်လာတဲ့ ဧည့်သည်လို့အစ်ကိုထင်နေခဲ့ပေမဲ့ အခုတော့ ဘယ်သူကဧည့်သည်လဲအစ်ကို။ ဘယ်သူက ဧည့်သည်လဲ။
၂၂.၂.၂၀၂၂။ အင်္ဂါ။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
ကိုကို