Chapter -1
အပိုင်း (၁)
ဗိုက်ဆာလိုက်တာ….။
လူတစ်ယောက် သေသွားပြီးတာတောင် ဗိုက်ဆာတာကို ခံစားလို့ရသေးတာလား။
မူးနောက်နောက်ဖြစ်နေသည့် စန်းလော့သည် သည်အတွေးကို သေသေချာချာ စဉ်းစားလိုက်၏။ မရေရာသည့် အချိန်တစ်ခုကြာပြီးသွားနောက်တွင် အင်မတန်ဆာလောင်လွန်းလှသည့် မချိတင်ကဲဝေဒနာက နောက်ဆုံးတော့ သူမကို နိုးထလိုက်လေသည်။
နှင်းစက်လို ငွေရောင်သန်းနေသည့် လရောင်က အခန်းထဲတွင် သာနေသည်။ သူမသည် အတိုင်းအတာတစ်ခုအထိ ဇဝေဇဝါဖြစ်သွားပြီး သူမ၏စိတ်တို့က အခိုက်တန့် ဝေဝါးသွားပြီးမှ သူမ သေသွားခဲ့သယောင် ပြန်စဉ်းစားမိလိုက်သည်။ ဒါပေမဲ့ ဒါက အပလောကနဲ့လည်းမတူပါဘူး။ ဟုတ်တယ်မလား။
ညအချိန်ဖြစ်နေသော်လည်း လရောင်က သူမသည် လုံးဝမရင်းနှီးလှသည့် အိမ်တစ်လုံးထဲတွင် ရောက်နေကြောင်း ဖော်ပြရန် လုံလောက်သည်အထိ တောက်ပနေလေသည်။
သူမက လက်ချောင်းဖျားများကို အနည်းငယ် လှုပ်ရှားကြည့်လိုက်ပြီး အသက်ရှူသံတစ်ချက်စီတွက် သူမခန္ဓာကိုယ်၏အခြေအနေကို အကဲဖြတ်လိုက်၏။ အားနည်းနေသလို ခံစားရသော်လည်း သူမသည် ရောဂါ၏မချိတင်ကဲဝေဒနာမှာ လွှတ်မြောက်သွားခဲ့သည်။ နည်းနည်းလောက် အင်အားကို စုစည်းလိုက်ပြီး သူမ၏လက်ကို နှလုံးပေါ်တွင် တင်ထားလိုက်၏။ သူမ၏အသားအရေက နွေးနေပြီး သူမ၏နှလုံးခုန်နှုန်းမှာ အားနည်းသော်လည်း ရှိနေသည်မှာတော့ သေချာသည်။
ငါ အသက်ရှင်နေသေးတာလား။
သည်အတွေးက သူမ၏စိတ်ထဲ ဖြတ်ပြေးသွားသည်နှင့် ရုတ်တရက် ပြင်းထန်သည့် နာကျင်မှုတစ်ခုနှင့်အတူ တစ်စုံတစ်ခုက သူမ၏အုံးနှောက်ထဲတွင် ရှင်းမပြတတ်အောင် လိပ်တက်လာလေသည်။စန့်လော့က ကျောကော့လိုက်ပြီး အလိုလို ခေါင်းကို ဖိကိုင်ပြီးသားဖြစ်သွားတော့သည်။ တစ်ခြားလူတစ်ယောက်၏ မှတ်ဉာဏ်က တိုးဝင်လာပြီး သူမ၏မှတ်ဉာဏ်များနှင့် ရောနှောသွားခဲ့သည်။ သည်မှတ်ဉာဏ်များကို လက်ခံလိုက်ပြီး သူသည် အချိန်ခရီးသွားခဲ့သည်ကို နားလည်သွားသည့်အချိနတင် သူမသည် နာကျင်မှုကြောင့် ချွေးအေးများနှင့် ရွှဲနစ်နေတော့သည်။
စန်းလော့က အားပြုကာ အိပ်ရာပေါ်တွင် ထောက်လိုက်ပြီး သူမ၏ ‘မှတ်ဉာဏ်’ထဲကနှင့် တစ်ထပ်တည်းတူသည့် သက်ကယ်တဲကို လရောင်အောက်တွင် လေ့လာကြည့်လိုက်၏။
ငါက ချန်နိုင်ငံလို့ခေါ်တဲ့ မင်းဆက်တစ်ခုကို အချိန်ခရီးသွားခဲ့တာပဲ။ ဒီမူလန္ဓာကိုယ်ပိုင်ရှင်ရဲ့နာမည်ကလည်း စန်းလော့တဲ့။ သာမန်မိသားစုတစ်ခုမှာ မွေးလာတဲ့ ၁၅နှစ်အရွယ် ကောင်မလေးတစ်ယောက်။ သူ့မိသားစုက ရေဘေးမှာ ပျက်စီးခဲ့ရပြီး သူ့ကို တစ်ကောင်ကြွက်အနေနဲ့ ထားခဲ့ကြတာ။ သူ့မှာ ကံကောင်းလို့ အသက်ရှင်ခဲ့ပြီး ဆွေမျိုးတွေနဲ့ ကပ်ဘေးကနေ ထွက်ပြေးနေရတာ။
ချီယန်စီရင်စုကို ရောက်လာတော့ သူ့မျိုးနွယ္က လူအများစုက အစာရေစာနဲ့ ငွေတွေပြတ်လပ်နေပြီ။ သူတို့တွေက တောင်ပိုင်းကို ဆက်လာခဲ့လိုက်ကြပြီး လမ်းတစ်လျှောက် တောင်းရမ်းစားသောက်ကြပြီး တောင်ပေါ်နဲ့ လယ်ယာခင်းထဲက တောရိုင်းအသီးနဲ့ အရွက်တွေကို ခူးစားခဲ့ရတယ်။
ဒါပေမဲ့ ငတ်မွတ်မှုဘေးကနေ ထွက်ပြေးလာပြီး လအတော်ကြာပြီးနောက်မှာ လူအများစုက ဒုက္ခကို မခံစားနိုင်ကြတော့ဘူး။ ကလေးသူငယ်တွေကို ရောင်းတာက ပုံမှန်အလေ့အထလိုဖြစ်လာခဲ့တယ်။ ကလေးတွေကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုပေးပြီး မိသားစုအတွက်တော့ အထောက်အပံ့ဖြစ်အောင်လို့လေ။
အခု မိသားစုမရှိတော့တဲ့ ဒီခန္ဒာကိုယ်ရဲ့ပိုင်ရှင်ကလည်း ချင်းဖူမြို့ငယ်လေးက လီမိသားစုနဲ့ မမျှော်လင့်ဘဲ သွားတွေ့ခဲ့တာပဲ။ သူတို့တူလေးအတွက် သတို့သမီးတစ်ယောက် ဝယ်ပေးချင်လို့တဲ့လေ။
သူမ ကြားတာက အဲဒီတူလေးနာမည်က ရှန်းလီတဲ့။ အရပ်မြင့်မြင့် သန်သန်မာမာ ယောကျ်ားတစ်ယောက်။ လောင်းကစားကင်းပြီး ရက်စက်တာမျိုးမရှိပေမဲ့ အခုတော့ စစ်မှုထမ်းနေရပြီး ပြန်မလာသေးဘူးတဲ့။
စစ်မှုထမ်းနေတဲ့ ခင်ပွန်းသည့်ကို စွန့်စားပြီး လယ်သမားမိသားစုထဲကို လက်ထပ်လိုက်ရတာက ကိုယ့်ဟာကို အစေခံအဖြစ် ရောင်းလိုက်တာထက်တော့ ပိုကောင်းသေးတယ်လေ။ သွားစရာနေရာလဲမရှိ။ ဖျားနေနဲ့ သူတို့မျိုးနွယ်က အဒေါ်ကိုလည်း စောင့်ရှောက်ရဆိုတော့ သူမလည်း ဈေးညှိနေသေးတဲ့ အမျိုးသမီးလီဆီကို သတ္တိမွေးပြီး ချဥ◌်းကပ်သွားလိုက်ပြီး အစားအသောက်အိတ်တဝက်နဲ့ အစေခံမဟုတ်ဘဲ ရှန်းမိသားစုရဲ့ သတို့သမီးအဖြစ် ကိုယ့်ဟာကိုယ် ရောင်းစားလိုက်တော့တယ်။
သူမက မျိုးနွယ်က ဦးလေးနဲ့အဒေါ်ကို အစားအသောက် အားလုံးပေးလိုက်ပြီးတော့ အမျိုးသမီးလီနောက်ကနေ ရှီလီရွာကို လိုက်လာခဲ့လိုက်တယ်။
အမျိုးသမီးလီက စန်းလော့ထက် အများကြီးစီးပွားရေးတွက်တတ်သေးတယ်။ သူမက စန်းလော့ကို မဝယ်လိုက်ရလို့ အရောင်းစာချုပ်မရှိပေမဲ့ ဆန်းအိတ်ဝက်လောက်လေးပဲသုံးပြီး တပြားမှပိုမပေးခဲ့ဘူးလေ။
ရွာကို ပြန်ရောက်လာတော့ အမျိုးသမီးလီက မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အိမ်ထောင်စုစာရင်းကို ရှန်းမိသားစုထဲ မြန်မြန်ပြောင်းထည့်လိုက်ပြီး ရှန်းလီနဲ့ လက်ထပ်စာချုပ်ကို ချက်ချင်း လုပ်ပေးလိုက်တယ်။
အဲဒီအခါကျမှ မူလခန္ဓာကိုယ်ပိုင်ရှင်က သိလိုက်ရတယ်။ သူ့ရဲ့အမည်ခံခင်ပွန်းသည်က စစ်မှုထမ်းသွားလိုက်တာ နှစ်နှစ်နဲ့သုံးလရှိပြီး တိုက်ပွဲမှာ ကျသွားပြီဆိုတဲ့ ကောလဟာလတွေ ထွက်နေတာပဲ။
တနည်းပြောရရင် သူမက အခုပဲ လက်ထပ်၊ အခုပဲ မုဆိုးမ ဖြစ်သွားတာပေါ့။
မူလခန္ဓာကိုယ် ပိုင်ရှင်က ကြောက်ရွံ့ပြီး တွေဝေနေခဲ့ပေမဲ့လည်း ရွေးစရာမရှိတော့ဘူးလေ။ လှည့်ပတ်တောင်းစားနေတာထက်၊ အစေခံအဖြစ် ရောင်းစားခံလိုက်ရတာထက်တော့ ဒါက ပိုကောင်းနေသေးတာကိုး။ အနည်းဆုံးတော့ အခု သူ့မှာ ‘အိမ်’ရှိသွားပြီလေ။
ဆုံးပါးသွားတဲ့ ရှန်းလီအတွက် ဇနီးတစ်ယောက် ရှာပေးခဲ့တဲ့ အမျိုးသမီးလီရဲ့ အကြောင်းပြချက်ကတော့ မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် အထူးအဆန်း ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ သူမ ရှန်းအိမ်ကို ပြောင်းလာပြီး လဝက်ကြာတဲ့အခါမှာတော့ ရှင်းလင်းသွားခဲ့တယ်။
ရှန်းမိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခွဲဝေတဲ့နေရာမှာ ပင်မအိမ်ရဲ့ အကြီးဆုံးချွေးမဖြစ်တဲ့ သူမက အခုမှ အသက်၉နှစ်ပဲရှိသေးတဲ့ ရှန်းလီရဲ့ အမွှာမောင်နှမနှစ်ယောက်နဲ့ အိမ်ခွဲလိုက်ရတယ်လေ။
အဲဒီအချိန်ကျမှ အမျိုးသမီးလီက သူမကို ဆန်အိတ်ဝက်နဲ့ အလဲအလှယ်လုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားခဲ့တယ်။
ဝန်ထုပ်ဝန်းပိုးကို ဗြောင်ကျကျ ခွာချလိုက်တဲ့နည်းလမ်းတစ်ခုပဲ။
နှစ်တိုင်း စစ်မက်ဖြစ်ပွားပြီး ရေလွှမ်းမိုးလိုက်၊ မိုးခေါင်လိုက်နဲ့ အမျိုးမျိုးသော ကပ်ဘေးဖြစ်နေတဲ့ ချန်မင်းဆက်ဟာဆိုရင် သာမန်ပြည်သူတွေရဲ့ဘဝကို ခက်ခဲအောင် လုပ်ခဲ့တာပဲ။ ရှန်းမိသားစုကလည်း ဒီနေရာကို လွန်ခဲ့တဲ့ ကိုးနှစ်က ထွက်ပြေးလာခဲ့ရပြီး မိသားစုကို ကာကွယ်ရင်း၊ ဖျားနာပြီး ဆာလောင်မှုကို ခံစားရင်းနဲ့ လမ်းမှာ လူတစ်ဝက်ကျော်လုံး ဆုံးပါးခဲ့ရတယ်။
ရှန်းမိသားစုရဲ့ မိသားစုသုံးခုမှာ စုပေါင်းပြီး ထွက်လာခဲ့ကြပေမဲ့ ပထမမိသားစုမှာတော့ အသက်ကိုးနှစ်အရွယ် ရှန်းလီနဲ့ လမ်းမှာ အမွှာနှစ်ယောက်ကို မွေးပြီးပြီးချင်း ဆုံးသွားခဲ့တဲ့ သူ့အမေ အမျိုးသမီးကျန်းတို့ပဲ ကျန်ခဲ့တာပေါ့။ ဒုတိယမိသားစုကတော့ အသက်မရှင်ခဲ့ပါဘူး။ တတိယမိသားစုမှာ ကလေးမရှိသေးတဲ့ လက်ထပ်ပြီးစ စုံတွဲနှစ်ယောက်က သူတို့ရဲ့ အစားအသောက်နဲ့ ရေတွေကို ချွေတာရင်း နှစ်ယောက်လုံး အသက်ရှင်ခဲ့ကြတယ်။
အဲဒီကတည်းက ပင်မအိမ်က ကလေးသုံးယောက်က သူတို့ရဲ့ဦးလေးနဲ့အဒေါ်နဲ့အတူ နေလာခဲ့ကြတာပေါ့။
အစပိုင်းတုန်းကတော့ အခြေအနေတွေက အဆင်ပြေပါသေးတယ်။ ဒါပေမဲ့ ရှီလီရွာမှာ အခြေချပြီးတဲ့နောက်ပိုင်း အမျိုးသမီးလီက သုံးနှစ်အတွင်း ကလေးနှစ်ယောက် မွေးခဲ့ပြီး ခုနှစ်နှစ်အတွင်းမှာ ကလေး လေးယောက် ရှိလာခဲ့တယ်။ သားသုံးယောက်နဲ့ သမီးတစ်ယောက်။ သူမရဲ့ကလေးအရင်းတွေ ရှိလာတော့ သူမရဲ့အာရုံက အလိုလို ပြောင်းသွားပြီပေါ့။ ပင်မအိမ်က ကလေးတွေက တတိယမိသားစုရဲ့ ပထမဆုံးကလေးမွေးပြီးတဲ့အချိန်ကစပြီး ပိုခက်ခဲတဲ့ဘဝကို ရောက်လာခဲ့ကြတယ်။
ကံကောင်းခြင်တော့ ရှန်းလီက ငယ်သေးပေမဲ့ သူ့ညီနဲ့ညီမလေးတွေကို စောင့်ရှောက်တဲ့နေရာမှာ တော်တော်လေး အရည်အချင်းရှိတယ်လေ။ သူ့မိဘရဲ့အမွေကို ဆက်ခံတယ်ပြောရမယ်။ သူက ရွယ်တူတွေထက် ပိုထွားပြီး အသက် ၁၂-၁၃အရွယ်မှာ သူက အိမ်ရဲ့ ထောက်တိုင်တစ်ခုလို့ မှတ်ယူရလောက်အောင် သန်မာနေပြီ။ ဦးလေးရှန်နဲ့ အမျိုးသမီးလီတို့က ဒီအချက်ကို တန်ဖိုးထားတာကြောင့် ပိုငယ်သေးတဲ့ တူလေးနဲ့တူမလေးကို အောင့်အီးပြီး ကျွေးမွေးခဲ့တာပေါ့။
လွန်ခဲ့နှစ်နှစ်က တော်ဝင်ရုံးတော်က စစ်မှုထမ်းရမယ်လို့ စပြီးအမိန့်ထုတ်တဲ့အချိန်မှာတော့ ပြဿနာက စတော့တာပဲ။ ရှန်းမိသားစုမှာ အသင့်တော်ဆုံးလူက မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူ ဦးလေးရှန်း ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ သူက စစ်မြေပြင်ကို သွားရဲမှာတဲ့လား။ သူ့ကို သတ်မယ်လို့ ပြောရင်တောင် သူ မသွားရဲဘူးလေ။
အားထုတ်မှုတွေ အများကြီး မလုပ်လိုက်ရဘဲနဲ့ ဦးလေးရှန်းက သူရဲ့၁၆နှစ်အရွယ် တူလေးကို မျက်စိကျတော့တာပဲ။ သူက ဒေသအရာရှိတဲ့ ကိစ္စတွေကို လျို့ဝှက်စီစဥ◌်လိုက်ပြီး တင်သွင်းခံလိုက်တဲ့နာမည်က ရှန်းလီနာမည် ဖြစ်သွားခဲ့တယ်။
ပင်မအိမ်နဲ့ တတိယမိသားစုတို့က ခွဲမနေကြတာမလို့ အိမ်ထောင်ဦးအနေနဲ့ ဦးလေးရှန်းရဲ့စကားက မိသားစုကိစ္စတွေမှာ အလိုလို အရာရောက်ခဲ့တာပေါ့။
ရှန်းလီက တောင်ပေါ်ကနေ ပြန်လာတဲ့အချိန် အခြေအနေကို နားမလည်နိုင်သေးခင်မှာပဲ စစ်ဘက်အရာရှိတွေ ဆွဲခေါ်သွားတာ ခံလိုက်ရတယ်။
…
ရှန်းလီ ထွက်သွားပြီးနောက်ပိုင်းမှာ ဘဝက အမွှာတွေအတွက် ပိုခက်ခဲလာခဲ့တယ်။ အစတုန်းကတော့ သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့ ကျွေးမွေးပါသေးတယ်။ မလုံမလဲစိတ်ကြောင့်လား။ ရှန်းလီကို လေးစားသမှုကြောင့်လားပေါ့။ ဒါပေမဲ့ လအနည်းငယ် ကြာတဲ့အခါမှာတော့ အနီးနားရွာက စစ်သားတွေ တော်တော်များများ ပြန်လာခဲ့ကြပြီး ရှေ့တန်းက အများကြီးကျဆုံံးခဲ့တဲ့သတင်းကို သယ်လာခဲ့ကြတယ်။ ရှေ့တန်းတပ်ဖွဲ့က ရှုံးဆုံးမှုအကြီးစား ခံစားခဲ့ရပြီး ဆယ်ယောက်မှာ သုံးယောက်ပဲ အသက်ရှင်တယ်တဲ့။ ရှန်းလီရဲ့စခန်းက တစ်စခန်းလုံး သုတ်သင်ခံလိုက်ရတယ်လို့ သတင်းထွက်လာခဲ့တယ်။
ရှန်းလီ ဆုံးပါးသွားတော့ အမျိုးသမီးလီက အမွှာတွေကို ဆက်ပြီး မထောက်ပံ့ချင်တော့ဘူး။ အထူးသဖြင့် ရုံးတော်က ဘာလျော်ကြေးမှ မပေးလို့လေ။ ရှန်းလီရဲ့သတင်းမကြားဘဲ အချိန်ကုန်လာတာနဲ့အမျှ အမျိုးသမီးလီက ပိုပြီး အတင့်ရဲလာပြီး သူမရဲ့အတွေးတွေလည်း စဥ◌်းလဲလာခဲ့တယ်။
ရှန်းမိသားစုက ဒီနေရာမှာ အခြေချလာတာ ကိုးနှစ်လောက်ရှိသွားပြီ။ သူတို့မှာ စိုက်ပျိုးရေးလုပ်ဖို့ မြေတစ်ချို့ ရှိပေမဲ့ ဒါကလည်း အကန့်သတ်နဲ့ဖြစ်နေတာလေ။ သူတို့စိုက်နေတဲ့ မြေအများစုကလည်း ငှားရမ်းထားတာ။ ငှားရမ်းခနဲ့ အခွန်ခ အမျိုးမျိုးကို ပေးဆောင်လိုက်ရင် ဘဝက ခက်ခဲနေပြီးပြီပေါ့။
အမျိုးသမီးလီက သူမကိုယ်၌ကလည်း ကလေး လေးယောက်ရှိပြီး ဦးလေးရှန်းရဲ့ တစ်ဦးတည်းဝင်ငွေက ခြောက်ယောက်စာလောက်ပဲ ရပ်တည်နိုင်ပြီး အစားအသောက်လေး ဝဝလင်လင် စားရဖို့တောင် ရုန်းကန်နေရတယ်။ ပင်မအိမ်က ကလေးနှစ်ယောက် ထပ်ပေါင်းလိုက်တော့ ၈ယောက်စာပေါ့။
ဒီနှစ်ယောက်ရဲ့ ပါးစပ်ပေါက်ကို ကျွေးနေရတာနဲ့ သူမရဲ့ကလေးတွေ ဘယ်လောက်လျှော့စားလိုက်ရလဲ။
အမျိုးသမီးလီက ဒီလိုအတွေးတွေ ရှိနေပေမဲ့ ရှန်းလီက အသက်ဆယ်ခြောက်နှစ်မှာ သူ့ဦးလေးအရင်းကိုယ်စား စစ်မှုထမ်းသွားလိုက်ရပြီး အခုတော့ စစ်ပွဲမှာ ဆုံးသွားခဲ့တာကိုလည်း သတိပြုမိနေခဲ့တယ်…။
ဒါကြောင့် ဒီလင်မယားက ပင်မအိမ်က ကလေးနှစ်ယောက်ကို မစွန့်ပစ်ရဲကြဘူး။ ရွာသားတွေရဲ့ ဝေဖန်မှာကို ကြောက်ရွံ့ကြတဲ့အပြင် ဦးလေးရှန်းကိုယ်၌ကလည်း သေသွားပြီးရင် သူ့အစ်ကိုကို ရင်ဆိုင်ရမှာ ကြောက်တယ်လေ။
သူတို့တွေက ကလေးနှစ်ယောက်ကို ဒီအတိုင်း စွန့်ပစ်လို့မရနိုင်ဘူးပေါ့။ အဲလိုလုပ်လိုက်တာက သူတို့ကို ငတ်သေခိုင်းတာနဲ့အတူတူပဲ။
ကလေးတွေကို မထောက်ပံ့ချင်ပေမဲ့လည်း သူတို့ကို ပ,ထုတ်ပစ်ဖို့ နည်းလမ်းက ချက်ချင်းရှာမရနေဘူး။ အမျိုးသမီးလီက ဒီကိစ္စကို သေသေချာချာ စဥ◌်းစားလာခဲ့ပြီး မူလခန္ဓာကိုယ်ပိုင်ရှင် ပါလာတဲ့ ကပ်ဘေးရှောင်အဖွဲ့ ပေါ်လာတဲ့အချိန်မှာ အခွင့်အရေးကို အသုံးချလိုက်တာပဲ_ ရှန်းလီရဲ့ ဇနီးအတွက် ဆန်အိတ်တစ်ဝက်နဲ့ အလဲအလှယ်လုပ်ခဲ့တယ်လေ။
အမျိုးသမီးလီကတော့ သူ့ကိုယ်သူ အရမ်းတော်တယ်လို့ တွေးတာပေါ့ _ အစ်ကိုမရှိတော့ မရီးတစ်ယောက်ကို ဘာလို့ မခေါ်ပေးနိုင်ရမှာလဲ။ မရီးတစ်ယောက်ဆိုတာ အမေလိုပဲလို့ ပြောကြတယ်မလား။
အငယ်နှစ်ယောက်ကို ခွဲထုတ်လို့မရနိုင်တော့ သူတို့တွေက အကြီးတစ်ယောက် ခေါ်ဝင်လာပြီးရင် အိမ်ထောင်စုခွဲလိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ် _ ဒါဆို အဆင်ပြေသွားပြီလေ။
ဒီစိတ်ကူးနဲ့ အိမ်အပြေးပြန်လာကြပြီး အမျိုးသမီးလီနဲ့ ဦးလေးရှန်းတို့က ချက်ချင်း သဘောတူလိုက်ကြပြီး အားလုံးကို မြန်မြန်ဆန်ဆန်ပဲ စီစဉ်လိုက်ကြတယ်။ ပင်မအိမ်က ချွေးမအသစ်လေးကို လဝက်လောက် ခေါ်ထားပြီးနောက်မှာတော့ မိသားစုခွဲနေကြမယ့်ကိစ္စကို စီစဉ်လိုက်ကြတော့တယ်။
ပင်မအိမ်အတွက် ဝေစုက ရှင်းပါတယ်။ သူတို့ရှီလီရွာမှာ ပထမဆုံးအခြေချတုန်းက ဆောက်ခဲ့တဲ့ သက်ကယ်တဲအိမ်၊ လက်လုပ်ခုံရှည်နည်းနည်းပါးပါး၊ အိပ်ရာခင်းပျဉ်ပြား၊ စောင်တစ်ထည်၊ အဝတ်အစားအဟောင်း၊ ဆန်တစ်အိတ်၊ မြေအိုးတစ်လုံး၊ ပန်းကန်နဲ့တူ သုံးစုံစီ၊ စိုက်ပျိုးရေးသုံး ပစ္စည်းတစ်ချို့နဲ့ မစို့မပို့ဆားနည်းနည်း။
တန်ဖိုးအရှိဆုံးအရာဆိုလို့ သက်ကယ်တဲလေးရှိတဲ့ တောင်ရိုင်းမြေတစ်ခုပဲ။
ဦးလေးရှန်းက တော်တော်လေး ရက်ရောနေပြီလို့ ထင်တာတဲ့လေ။ နောက်ဆုံး တောင်ကုန်းမြေကလည်း မြေပဲမလား။ နောက်ပြီး သူကိုယ်တိုင်ကလည်း သူရဲ့စိုက်ပျိုးမြေတစ်ဝက်လောက်က လူချမ်းသားမြေပိုင်ရှင်တစ်ယောက်ဆီကနေ ငှားရမ်းထားတာလေ။
ဦးလေးရှန်းက ဒီနှစ်တွေမှာ သူ့တူသုံးယောက်ကို ကျွေးမွေးလာခဲ့ပြီး အိမ်ထောင်ခွဲတော့လည်း တောင်ထိပ်ပိုင်းတစ်ခုကိုတောင် ခွဲပေးလိုက်သေးတယ်ဆိုတော့ ကိုယ့်ဟာကိုယ် တော်တော်လေး ကျေနပ်နေတာပေါ့။
ဒီတောင်ထိပ်မြေကလည်း အစိုးရကနေပြီး ကပ်ဘေးဒုက္ခသယ်တွေကို စိုက်ပျိုးရေးနဲ့ ထင်းကောက်လို့ရအောင် အလကားပေးထားတဲ့ မြေနှစ်ကွက်ထဲက တစ်ကွက်။ ရှန်းလီ ရပိုင်ခွင့် ဝေစုကိုတော့ ဦးလေးရှန်းက သက်တောင့်သက်သာနဲ့ကို မေ့ထားတာလေ။
ရှန်းလီကို သူ့ကိုယ်စား ရှေ့တန်းထွက်ခိုင်းပြီး အသက်ဆုံးရှုံးခဲ့ရတာရယ်၊ ရှန်းလီ မသွားခင်က ကလေးနှစ်ယောက်ကို စောင့်ရှောက်ပါမယ်လို့ ပေးထားတဲ့ကတိရယ်ကိုတော့….. ဦးလေးရှန်းနဲ့ သူ့မိန်းမက ရှန်းလီရဲ့ဇနီးအတွက် ဆန်အိတ်တစ်ဝက်ပေးခဲ့ပြီး ကလေးတွေကို စောင့်ရှောက်ခဲ့တာမလို့ သူတို့ကိုကတိမပျက်ဘူးလို့ ထင်ကြတယ်လေ။
ကလေးငယ်လေးနှစ်ယောက်က ခုခံဖို့ အင်းအားမရှိ။ အခုလေးတင်မှာ ဆန်အိတ်တစ်ဝက်နဲ့ ကိုယ့်ဟာကို ရောင်းစားခဲ့တဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်ကလည်း ချက်ချင်းပဲ မုဆိုးမ တူမတစ်ယောက်ဖြစ်သွားတော့ ဘာမှထုတ်မပြောရဲ။
ငတ်မွတ်မှုဘေးကနေ ထွက်ပြေးလာခဲ့တဲ့ ရှန်းမိသားစုက အာဏာသက်ရောက်တဲ့ အကြီးအကဲ ဆွေမျိုးတွေလည်း မရှိကြဘူးပေါ့။ ရွာသားတွေက ဦးလေးရှန်းနဲ့ သူ့မိန်းမရဲ့လုပ်ရပ်တွေကို သဘောမတူကြပေမဲ့ သူတို့မှာ ကြားဝင်ပိုင်ခွင့်မရှိဘူးလေ။
နောက်ဆုံးကျတော့ မိသားစု ဝေစုခွဲခြင်းက တကယ်ပဲ အထမြောက်သွားခဲ့တယ်။
လေးလံတဲ့ ဝန်ကို ပခုံးမထမ်းနိုင်တဲ့ ဆယ့်ငါးနှစ်အရွယ် မိန်းကလေး မူလခန္ဓာကိုယ် ပိုင်ရှင်က သူမရဲ့ ကိုးနှစ်သာရှိကြသေးတဲ့ မတ်နဲ့ယောင်းမလေးတို့နဲ့အတူတူ တောင်ပေါ်မှာ သုံးလကြာအောင် နေခဲ့ကြတော့တယ်။ အဲဒီအချိန်မှာ ရထားတဲ့ဆန်ကလည်း ကုန်လုနီးနီး ဖြစ်လာခဲ့တယ်။
ဆာလောင်တဲ့ဒဏ်ကို မခံနိုင်ကြတော့ အငယ်နှစ်ယောက်က လက်ခံပေးတဲ့ ဦးလေးရှန်းဆီမှာ အစားအစာ သွားရှာကြပေမဲ့ အမျိုးသမီးလီရဲ့အထောက်အပံ့ကတော့ အကန့်အသတ်နဲ့ပါ။ သူမက တခါတလေ အစားအသောက်လေး မစို့မပို့ပေးပြီး ‘ခေတ်ကြီးက ခက်ခဲနေတာ၊ နင်တို့တွေ အိမ်ခွဲကြပြီဆိုတော့ အမြဲတမ်း ဒီလိုလာပြီး အစားအစာတွေ မတောင်းသင့်တော့ဘူးလေ’ လို့ ပြောတတ်တယ်။ အဲဒီ တခါတလေလေးမှာတောင် သူမက သူတို့ကို မငတ်ရုံတမယ်ပဲ ထောက်ပံ့ပေးခဲ့တာပါ။
အငယ်တွေက စိတ်ကောင်းရှိကြပါတယ်။ မရီးက ဘယ်ကမှန်းမသိပေါ်လာပေမဲ့လည်း သုံးလလောက် အချင်းချင်းမှီခိုရင် နေလာလိုက်ကြတယ်။ သူတို့တွေက ရလာသမျှ အစားအသောက်တိုင်းကို မူလခန္ဓာကိုယ်ပိုင်ရှင်နဲ့ မျှပြီးစားသောက်တတ်ကြတယ်။ တစ်ရက်မှာ နှစ်ခါလောက် သူတို့ တောင်းလာတဲ့ ဆန်နည်းနည်းလေးကို တောထဲက အသီးအရွက်တွေနဲ့ ဆန်ပြုတ်လုပ်ပြီး တနပ်ဖြစ်အောင် စားခဲ့ရတယ်။
စန်းလော့ အချိန်မကူးပြောင်းလာခင်မှာ မိသားစုက ဆယ်ရက်ကျော်လောက် ငတ်မွတ်ဆာလောင်တဲ့ အခြေအနေ ရောက်နေခဲ့ပြီ။
အငတ်ဘေးက ထွက်ပြေးလာတဲ့ ခရီးက ရှည်လျားခဲ့လို့ အားနည်းနေပြီးဖြစ်တဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေ လွှမ်းမိုးနေခဲ့တယ်။ သူမက နေမကောင်းဖြစ်ပြီး ညသန်းခေါင်မှာ ဆုံးပါးသွားတဲ့ အချိန်မှာပဲ စိတ်ဝိညာဉ် အသစ်နဲ့ စန်းလော့က နိုးထလာခဲ့တယ်။
သို့တိုင် စန်းလော့သည် ထိုကိစ္စကို မယုံကြည်နိုင်သေးချေ။ တုန်တုန်ယင်ယင်နှင့် သူမ၏လက်ကို နှလုံးပေါ် ရွှေ့လိုက်ပြီး သူမ၏နှလုံးခုန်းသံကို ခံစားကြည့်လိုက်၏။ သူမ၏ပေါင်ကို လှုပ်ခါကြည့်လိုက်ပြီး ရှိသမျှအားနှင့် သူမ၏ နုနယ်လှသည့် ပေါင်တွင်းအသားကို ဆွဲညစ်ကြည့်လိုက်လေသည်။
ဟုတ်နေတာပဲ။ နှလုံးတကယ် ခုန်နေတာ။ ခန္ဓာကိုယ် အပူချိန်ကလည်း အစစ်ပဲ။ ဆွဲညစ်လိုက်လို့ နာသွားတာလည်း တကယ့်အစစ်ပဲ။ နောက်ပြီး ဆာလောင်နေတဲ့ခံစားချက်နဲ့ အားအင်ကုန်ခမ်းပြီး ချိနဲ့နေတာကလည်း သေချာပေါက် အစစ်အမှန်ပဲ။
ငါ…. တကယ်ပဲ အသက်ရှင်နေတာလား။
🍃