Chapter - 2
အပိုင်း (၂)
အသက်ရှင်နေသေးတာကို ခံစားမိရင်း စန်းလော့ သူမ၏ပိန်လှီနေသည့်ပါးကို ဆွဲဆိတ်လိုက်သည်။ အိုး အံဩစရာပါလား။
တခြားဘာအတွေးမှမတွေးနေဘဲ အာရုဏ်တက်ချိန်ကိုလည်း မစောင့်ဆိုင်းနိုင်ဘဲ သူမ၏ ချိနဲ့နဲ့ ခန္ဓာကိုယ်ကို အိပ်ရာပေါ်က ဆွဲချလိုက်ပြီး အပြင်ဘက်အခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။
စန်းလော့ အစားအစာ လိုအပ်သည်။ သူမ၏ ယခင်ခန္ဓာကိုယ်ဟာ သေလောက်အောင် ဆာလောင်ငတ်မွတ်နေခဲ့ရသည်ဆိုတာကို သေချာမှတ်မိနေသည်။ သေတွင်းက လွတ်လာပြီးမှတော့ သည်လို အဖြစ်မျိုး ကံကြမ္မာဆိုးမျိုးကို ထပ်မကြုံချင်တော့ပေ။
မျှော်လင့်ချက်အပြည့် ဖြစ်နေသော်လည်း လက်တွေ့ကတော့ ကြမ်းတမ်းလွန်းလှသည်။
သူမသည် အိပ်ရာထဲတွင် ထိုင်နေလျှင်တော့ ဆာလောင်မှုကို မခံစားရသော်လည်း လှုပ်ရှားလိုက်သည်နှင့် ခန္ဓာကိုယ်ထဲတွင် မဖြစ်စလောက် အင်အားလေးတွေက မြန်မြန်ဆန်ဆန်ပင် ယုတ်လျော့သွားတော့သည်။ သူမ၏အစာအိမ်ဟာ ဗလာကျင်းဖြစ်နေရာမှ အနည်းငယ်နာကျင်မှုသို့ ပြောင်းလဲသွားလေသည်။ ခြေလှမ်း အနည်းငယ်လှမ်းပြီးသွားသည်နှင့် သူမ၏မြင်ကွင်းက အမှောင်အတိကျ သွားတော့သည်။
စန်းလော့ သိလိုက်သည်။ ဒါက အစာအိမ်ထဲတွင် ဘာအစာမှမရှိသဖြင့် သကြားဓါတ်ကျဆင်းပြီး ဦးနှောက်တွင် လုံလောက်သည့် သွေးစီးဆင်းမှုမရှိတော့သောကြောင့်ပင်။ အစားအစာကို ချက်ချင်းမစားလျှင်တော့ သူမသည် ရုတ်တရက် သေဆုံးရမည့်အန္တရာယ် ရှိနေသည်။
သူမသည် တဲအိမ်လေးက သေးငယ်နေသည်ကိုပင် ကျေးဇူးတင်မိပြန်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်အတိုင်း စန်းလော့ဟာ အခန်းထောင့်တွင် ချထားသည့် မြေအိုးဆီသို့ ဒယိမ်းဒယိုင်ဖြင့်လျှောက်လာလိုက်၏။
စိတ်ကဦးဆောင်နေသည့်အတွက်ကြောင့်သာ သူမလျှောက်လာနိုင်ခဲ့ပြီး အိုးကို ပါးစပ်နားထိ မ,လိုက်သည်။ သူမ၏နှုတ်ခမ်းက ပဲ့နေသည့်အိုးနှုတ်ခမ်းနှင့် ပွတ်တိုက်မိသွားပြီး ခဏတာနာကျင်မှုဒဏ်ကိုပင် အစာအိမ်ထဲက မချိမဆန့်ဝေဒနာနှင့် ခန္ဓာကိုယ်၏ အသည်းအသည် ဆာလောင်မှုက အနိုင်ယူသွားတော့သည်။ ညှီစို့စို့သွေးအရသာဟာ အိုးထဲကရေနှင့် အတူပျာ်ဝင်သွားပြီး လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ စီးဆင်းသွားတာ့သည်။
သူမ ရေကို အငမ်းမရ သောက်လိုက်သည်။ သူမ၏အသိစိတ်က ရပ်လိုက်ဖို့တားနေသော်လည်း မြိုချလိုက်သည့် အရှိန်က နှေးမသွားဘဲ အဆုံးမသတ်နိုင်တော့သယောင်။
သစ်သားတံခါးလေးက ကျွိခနဲပွင့်လာပြီး အံ့အားသင့်နေသည့် ကလေးအသံ တိုးတိုးလေး ထွက်လာ၏။
“မကြီး နိုးလာပြီလား”
စန်းလော့ဟာ သွေးရူးသွေးတန်း အငမ်းမရစားသာက်နေရာမှ နောက်ဆုံးတာ့ အသိစိတ်ဝင်လာခဲ့သည်။ သူမက အိုးကို အောက်ချလိုက်ပြီး စကား ပြောနေသည့်ကလေးကို လှည့်ကြည့်လိုက်၏။
အမြွှာထဲက အငယ်မ ရှန်းနဉ်သည် တံခါးနားတွင် ရပ်နေပြီး အခုလေးတင်မှ အပြင်ကပြန်ရောက်မှန်း သိသာသည်။
ဟုတ်သားပဲ။ ဒီတဲထဲမှာ ကုတင်တစ်လုံးပဲရှိတယ်။ ငါ ဒီကို ပထမဆုံး ရောက်လာခဲ့တာတုန်းက ကြောင်တက်နေမိပြီး ဗိုက်ဆာနေတာပဲ သိတော့လို့ ညသန်းခေါင် တဲထဲမှာ ကလေးနှစ်ယောက် မရှိတာကို သတိမထားမိလိုက်ဘူး။
အမှန်ပင်။ အခုတော့ သူမသည် ထိုကိစ္စကို စိတ်မပူနိုင်တော့ချေ။ သူမ မြန်မြန်ဆန်ဆန် သောက်ချလိုက်သည့် ရေအေးက အသည်းထဲအထိ အလျှင်အမြန် စိမ့်ဝင်လာပြီး စန်းလော့မှာ မသက်မသာဖြစ်လာကာ ဆောင့်ကြောင့်ပင် မထိုင်နိုင်တော့ချေ။ သူမသည် မြေကြီးပေါ်ကို ဘုတ်ခနဲလဲကျသွားပြီး အိုးထဲမှ ရေတော်တော်များများက သူမ၏အဝတ်အစားပေါ်သို့ ဖိတ်ကျသွားပြီး အိုးကတော့ အဝေးကို လှိမ့်သွားလေသည်။
တုန်တုန်ယင်ယင်ဖြင့် စန်းလော့သည် ရွှံ့နံရံကိုမှီထားလိုက်ရပြီး အသက်ကို လုရှုနေရသည်။ မသက်မသာခံစားရမှုဟာ ရေမသောက်ခင်ကထက်ပို ဆိုးဝါးလာသည်။
သူမလဲကျသွားတော့ ရှန်းနဉ်ကထိတ်လန့်ပြီး ပြေးလာခဲ့သည်။
“မကြီး ဘာဖြစ်တာလဲ”
စကားပြောရင်း သူမသည် စန်းလော့ကို တွဲထူဖို့ ကြိုးစားလိုက်သည်။
ရှန်းနဉ်ဟာ ကိုးနှစ်အရွယ်သာရှိသေးသော်လည်း သူမသည် အငတ်ဘေးတွင် မွေးလာပြီး အမေမပါဘဲ လွတ်မြောက်လာကာ ဦးလေးနှင့်အဒေါ်က ကျွေးမွေးပေးခဲ့ပြီး ဘယ်တော့မှ လုံလောက်ဝလင်အောင် မစားခဲ့ရချေ။ သူမ၏အကိုမရှိသည့် ပြီးခဲ့သည့်နှစ်နှစ်တွင်တော့ အမျိုးသမီးလီသည် အစားအသောက်ကို ပိုပြီးတော့ပင် ချွေတာလာခဲ့သည်။ မိသားစုနှင့်ခွဲပြီး စန်းလော့နှင့် တောင်ပါ်တွင် သုံးလလောက် အတူလိုက်နေပြီးနောက်တွင်တော့ စားရရုံတမယ်နှင့် အစားအစာမရှိသည့် နေ့ရက်များကိုပင် သည်းခံလာခဲ့ရရာ သူမသည် ခြောက်နှစ် ခုနှစ်နှစ်အရွယ်ကလေးထက်ပင် ပိုထွားမလာတော့ချေ။
ဒုက္ခသည်လေးရုပ် အစစ်အမှန်နှင့် သည်ကလေးမ ခင်မျာ တစ်ဆယ့်ငါးနှစ်အရွယ် စန်းလော့ကို မထူပေးနိုင်ချေ။
ရှန်းနဉ်မှာ အကောင်းဆုံး ကြိုးစားခဲ့ပါသော်လည်း သူမ၏ယောင်းမကြီးကို မရွှေ့ပေးနိုင်အောင် ဖြစ်နေရာ စိုးရိမ်များ တိုးပွားလာပြီး သူမ၏မျက်လုံးများက နီရဲလာတော့သည်။
စန်းလော့က ခေါင်းခါပြလိုက်ပြီး သူမကို အင်အားချွေတာဖို့ အချက်ပြလိုက်လေသည်။ ခဏလောက် နားလိုက်ပြီးမှ သူမက ပြောလိုက်တော့သည်။
“ဗိုက်ဆာနေ ရုံလေးပါ၊ အားနဉ် မင်း…. မင်း အစ်မအတွက် ရေနွေးနည်းနည်းလောက် တည်ပေးလို့ရမလား”
အိုးထဲမှ ရေများအားလုံးသာ ဖိတ်မသွားခဲ့လျှင် ရေနွေးကသာ သူမတို့အိမ်တွင်ရှိသည့် တခုတည်းသော ဗိုက်ဖြည့်တင်စရာပင်။
ရှန်းနဉ် ခေါင်းကို တဆတ်ဆတ်ညိတ်ပြလိုက်၏။ သူမ မျက်ရည်တွေကို သုတ်လိုက်ရင်းနှင့် မြေကြီးပေါ်က အိုးကို ကောက်လိုက်သည်။
တဲ၏ကြမ်းခင်းက မြေကြီးဖြစ်နေကာ အိုးကလည်း မြေပေါ်တွင် လှိမ့်သွားခဲ့ရာ ရေက အကပ်လောက်သာ ကျန်လေသည်။ အိုးနှုတ်ခမ်းဟာ သန့်မသန့်လည်း စဉ်းစားမနေနိုင်အားတော့ပဲ ရှန်းနဉ်သည် အိုးကို စားပွဲနားက မီးဖိုဆီကို အမြန်သယ်လာလိုက်သည်။
မီးဖို ဆိုသည်မှာလည်း ကျောက်တုံးအနည်းငယ်ကို စုပုံထားသည့် ရိုးရှင်းသည့်ပုံစံတစ်ခုသာပင်။ ထိုအခိုက်တွင် သူမသည် ရေထည့်ရန်နှင့် ချက်ပြုတ်ရန်အတွက် သုံးနေကျဖြစ်သည့် အိုးကွဲလေးကို မီးဖို ပေါ် တင်လိုက်ပါသည်။
သည်အိုးကို ရေအိုးအဖြစ်ရော ထမင်းအိုးအဖြစ်ပါ သုံးလေသည်။ ပန်းကန်လုံးသုံးလုံးအပြင် အိမ်တွင်ရှိသည့်တခုတည်းသော အသုံးပြုလို့ရသည့် ထည့်စရာကတော့ သည်အိုးလေးပင်။
သူမသည် ငယ်သေးသော်လည်း အိမ်အလုပ်ကို နိုင်နင်းလှသည်။ သူမက တွန့်ဆုတ်နေခြင်း တစက်ကလေးမှ မရှိဘဲ မီးမွှေးပြီး ရေနွေးတည်လိုက်၏။ မျက်ရည်များကိုသာ မကြာမကြာ သုတ်မနေလျှင် တော်တော်လေး လုပ်နိုင်စွမ်းရှိသည့်ဟန်ပင်။
ရှန်းနဉ်ခမျာ သူမ၏ ယောင်းမကြီးက ဆာလောင်မှုကြောင့် နေမကောင်းဖြစ်ရသည်ဆိုသည့် အချက်ကို သည်နေ့ သူ့အခြေအနေပို ဆိုးလာမှသာ နာနာကျင်ကျင် သတိထားလိုက်မိသည်။ ရှန်းနဉ်နှင့်သူမ၏အကိုတို့မှာ သူတို့၏ဦးလေးအိမ်မှ ဘာစားစရာမှ မရခဲ့ချေ။ သူတို့သည် အလေ့ကျပေါက်သည့် အသီးအရွက်ဟင်းလေးတစ်ခွက်ကို ယူလာပေးခဲ့သော်လည်း သူမတို့ယောင်းမကတော့ မြိုပင်မချနိုင်ခဲ့ပေ။
မောင်နှမနှစ်ယောက်မှာ ကြောက်လန့်တကြား ဖြစ်သွားတော့သည်။ သူတို့သည် သည်နေ့ညတွင်တော့ မအိပ်ရဲကြတော့ဘဲ အိပ်ရာဘေးတွင်သာ နေလိုက်ကြတော့သည်။ သူတို့ယောင်းမ၏ အသားရောင်က ပိုမွဲခြောက်လာပြီး အသက်ရှုသံ ပိုအားနည်းလာချိန်တွင်တော့ အဖြေရှာဖို့ ညလယ်ကြီးတွင် ပြေးထွက်လာကြတော့သည်။
အဖြေတစ်ခုတော့ ရှာရမည်။
ရုတ်တရက်ဆိုသလို တခုခုကို သိတရလာပြီး သူ့အိပ်ကပ်ထဲက နီဖျော့ဖျော့ ဘယ်ရီသီးလက်တဆုပ်စာကို ဆွဲထုတ်လိုက်ပြီး စန်းလော့ဆီကို ကမ်းပေးလိုက်သည်။
“မကြီး ညီမလေး ဘယ်ရီသီးတချို့ရှာတွေ့ထားတယ်၊ ရော့ မြန်မြန်စားလိုက်နော်”
စန်းလော့မှာ တုန်ယင်နေသေးတာကို သတိထားမိလိုက်တာ့မှ အသီးများကို သူမ၏လက်ထဲသာ ကိုင်ထားလိုက်ပြီး တစ်လုံးခွာပေးပြီး စန်းလော့ပါးစပ်ထဲ ထည့်ပေးလိုက်တော့သည်။
အသီး၏ရနံ့ ပြင်းပြင်းလေးဟာ လေထုထဲတွင် ပြန့်နှံ့သွားခါမှ စန်းလော့ဟာ အသိစိတ်ဝင်လာပြီး အလိုလို မျိုချရင်းနှင့် ရှန်းနဉ်လက်ထဲက ခွာထားသည့်အသီး တွေကို ငုံကြည့်လိုက်တာ့မှ သဖန်းသီးမှန်းသိလိုက်တော့သည်။
နောက်ထပ် ဘာမှမတွေးတော့ဘဲ စန်းလော့က ကလေးမလေး အခွံခွာပေးပြီး သူကို လှမ်းပေးလိုက်သည့် အသီးကို အားပါးတရ ပါးစပ်ဖွင့်ကာ မြိုချလိုက်တော့သည်။
စန်းလော့သည် အချိန်ခရီးမသွားခင်ကတည်းက တောင်ပါ်တွင် ငါးနှစ်လောက် နေခဲ့သည်။ သူ့အတွက် သဖန်းသီးဟာ မစိမ်းသက်သည့် မြင်နေကျအရာဖြစ်သော်လည်း သည်အသီးများကို အခုလို အငမ်းမရ စားမိတာကတော့ ပထမဆုံးအကြိမ်ပင်။
သမီးယောင်းမ နှစ်ယောက်သား တစ်ယောက်ကကျွေးလိုက် တစ်ယောက်ကစားလိုက်နှင့် အသီး ခုနှစ်လုံးလောက် ကုန်သွားခဲ့သည်။ ရှန်းနဉ်က နောက်ဆုံးအသီးတစ်လုံးကိုခွာပြီး စန်းလော့ပါးစပ်နားကို ခွံ့လိုက်သည့်အခါမှာတော့ သူမ ခေါင်းကိုလှည့်ကာ ငြင်းလိုက်သည်။
“အဲ့တစ်လုံးကို ညီမလေးပဲ စားလိုက်ပါ”
စန်းလော့သည် သူမ၏မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်များကို ရရှိခဲ့လေသည်။ မူလခန္ဓာကိုယ်က ကြောက်စရာကောင်းလောက်အာင် အငတ်ဘေးဆိုက်ခဲ့ပြီး သည်ကလေးနှစ်ယောက်ကလည်း ပိုကောင်းသည့်အခြေအနေကို တွေ့ကြုံခဲ့ရသည်တော့မဟတုတ်ချေ။
စန်းလော့ နိုးလာသည်ကိုမြင်ကတည်း ရှန်းနဉ်မှာ မျက်ရည်မဆည်နိုင်တော့ချေ။ သူမ၏မျက်နှာတွင်လည်း အငို အပြုံးများ ရောထွေးပြီး ကြောင်ချေးရုပ်ပေါက် နေတော့သည်။
“မကြီး စားပါ”
ထို့နောက်တွင်တော့ လက်ကျန်အသီးလေးကို စန်းလော့ ပါးစပ်ထဲကို သူမက အတင်းထိုးခွံလိုက်တော့သည်။
အသီးက ပျားရည်လိုပဲချိုလိုက်တာ။ အချိုဓာတ်နှင့် အာသည်ရဓာတ်က သူမ၏ သေခါနီး ခန္ဓာကိုယ်ကို တဒင်္ဂသက်သာရာ ရစေခဲ့သည်။ အနည်းဆုံးတော့ သူ့အမြင်အာရုံကို မှောင်မိုက်နေသည်ကို လျော့ပါးစေလေသည်။
စန်းလော့သည် သူရထားသည့် အားအင်ကို ခြွေတာသည့်အနေဖြင့် မြေကြီးပေါ်တွင် ငြိမ်ငြိမ် ထိုင်နေလိုက်သည်။
သူမက ရှန်းနဉ်ကို မေးလိုက်သည်။
“ငါ့အတွက် အစာရှာဖို့ညသန်ခေါင်းကြီး အပြင်ကို ထွက်သွားကြတာလား ဘယ်နေရာက နေ အသီးတွေရလာတာလဲ”
သူတို့ရဲ့ကောက်ရိုးတဲနားမှာတော့ စားလို့ရတာ တခုခုရှာဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မူလခန္ဓာကိုယ်ပိုင်ရှင်က သာမန်မိသားစုက ဆင်းသက်လာပြီး ရွှေလိုဥထားခံခဲ့ရတာ ဆိုပေမဲ့ အငတ်ဘေးက ထွက်ပြေးလာတဲ့ခရီးက အလေ့ကျပေါက်သည့် အသီးအနှံ ဟင်းသီးဟင်းရွက်တွေကို ရင်းနှီးအောင် လုပ်ပေးခဲ့မှာပဲ။ ရှန်းမိသားစုကို ပြောင်းရွှေ့လာပြီး ပါးစပ်တစ်ပေါက်ခက်ခဲမှုကို ကြုံတွေ့လာရတော့ အနီးနားက စားလို့ရတာမှန်သမျှကို လိုက်ရှာခဲ့ရတာ။ ခုတော့ အလေ့ကျပေါက်တဲ့ အသီးအရွက်ရှာဖို့ကိုတောင် တော်တော်ဝေးဝေးကို သွားနေရပြီ။
“ညီမက တောင်နဲ့နီးတဲ့ ရွာအနောက်ဘက်ခြမ်းကို သွားတာပါ၊ အများကြီးလည်း ရှာမတွေ့ခဲ့ပါဘူး၊ ဒီအသီးနည်းနည်းလေးလောက်ပဲ”
သဖန်းသီတွေက အရသာရှိသည်။ နှစ်တိုင်း အသီးမှည့်ချိန်ဆိုလျှင် ရွာထဲက ကလေးလူကြီးမှန်သမျှ မြင်မြင်သမျှ နွယ်ပင်တွေကို ရှာရင်း အလုပ်ရှုပ်ကြသည်။ လယ်ကွင်းအပြင်ဘက်နှင့် တောင်စွန်းဘက်တွင်ပင် ကျန်နေသည့်အသီးများကို တွေ့ရဖို့က ခက်ရှားရှားပင်။
စန်းလော့က သက်ပြင်းချလိုက်ပြီး
“နင်ဟာလေ အရမ်းရဲတာပဲ”
ရှန်းနဉ်က ခေါင်းငုံထားလိုက်ပြီး
“ညီမ တုတ်တစ်ချောင်းနဲ့ တောတိုးရှာခဲ့တာပါ။ သိပ်အဝေးကြီး မသွားခဲ့ပါဘူး တောင်စွန်းနားဝိုက်ပါပဲ”
ကလေးမငယ်လေးသည် အပြစ်ရှိသလိုခံစားလိုက်ကာ သူ့ယောင်းမကြီးဆီက အဆူခံရမည်ကို စိုးရိမ်သွားပြီး အိုးထဲကရေကို မြန်မြန် သွားစစ်ကြည့်လိုက်လေသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်နှင့်စန်းလော့သည် အကြောင်းရင်းကို နားလည်လိုက်သည်။ ရှီရွာ အနောက်ဘက်က ကျယ်ပြောလှသည့်တောင်ကြီးသည် ရွာအစွန်နားအထိပင် ကြောက်မက်ဖွယ်ဖြစ်လို့နေသည်။ ညပိုင်း အသီးများကို ထွက်ရှာရန် မဆိုထားနှင့် ပုံမှန်ဆိုလျှင် တောင်အတွင်းပိုင်းအထိ သွားလာခြင်းကိုပင် ကလေးများအား တားမြစ်ထားလေသည်။
သို့သော်လည်း သည်ကလေးက သူမ သို့မဟုတ် မူလခန္ဓာကိုယ်အတွက်ကြောင့်ပင် ညဘက်ကြီးလည်းစွန့်စားပြီး အစားထွက်ရှာ ပေးခဲ့သည်ကိုလည်း သူမက သိနေသည်။ ထို့ကြောင့် သူမသည် ဘာမှထပ်မပြောတော့ဘဲ မေးလိုက်တော့သည်။
”ရှောင်အန်း ဘယ်မှာလဲ”
ရှန်းအန်း။ အမြွှာထဲက အကြီးလေးပေါ့။
သူတို့မောင်နှမက ပုံမှန်ဆိုရင် တပူးတွဲတွဲနဲ့ပါ။ ဒါပေမယ့် အခုတော့ ခဏလောက်ကြာပြိး ရှန်းနဉ် ပြန်ရောက်လာခဲ့ပေမဲ့ ရှန်းအန်းရဲ့ အရိပ်ကိုတော့ မတွေ့ရဘူး။
ရှန်းနဉ်က ပခုံးလျှောကျသွားပြီး ပြာလိုက်သည်။
“ဒုတိယအကိုလေးက ဦးလေးရှန်တို့အိမ်ကို ဆန်သွား တောင်းတယ်ထင်တယ်”
…….
တိတ်ဆိတ်ငြိမ်သက်လွန်းသည့် ညအတွင်းတွင် ရှန်းအန်းသည် သူ့ဦးလေးကို တစာစာ ခေါ်နေရင်း ရှန်းအိမ်ခြံတံခါးကိုတဘုန်းဘုန်း ကျယ်လောင်စွာ ထုရိုက်နေလေသည်။
အိမ်ထဲတွင်တော့ ဦးလေးရှန်းနှင့် အမျိုးသမီးလီသည် ဆူညံသံကြောင့် နိုးနှင့်ပြီးဖြစ်သည်။
ဦးလေးရှန်းသည် နားထောင်ရင်း ဂနာမငြိမ်ဖြစ်လာပြီး အိပ်ယာထဲက ထထွက်ဖို့ ပြင်လိုက်ချိန်တွင် အမျိုးသမီးလီက သူ့ကို အသည်းအသန်တားလိုက်သည်။
“မသွားနဲ့၊ လဝက်တောင် ကျော်နေပြီ၊ သူတို့နှစ်ယောက် ဆန်လာမချေးတာ ဘယ်တုန်းက ရှိဖူးလို့လဲ၊ ပြောတော့သာ ချေးတာ ဘယ်တော့မှပြန်မပေးဘူးမလား။ နေ့ဘက်မရတော့ ခု ညဘက်တောင် မရှောင်လာချေးနေကြပြီ”
ဦးလေးရှန်း၏စောင်ကို ကိုင်ထားသည့်လက်က တုံ့ဆိုင်းသွားပြီး သူက လေသံနှင့် ပြောလိုက်သည်။
“ဒါပေမယ့် ငါတို့တွေ သူတို့ကို ဒီအတိုင်း လျစ်လျူရှုထားလို့ မရဘူးလေ အစာအငတ်လွန်ပြီး တခုခုဖြစ်ကုန်ရင်…. ရွာသားတွေက ငါတို့ကို ဝေဖန်ကြလိမ့်မယ်”
အမျိုးသမီးလီသည် တည်ငြိမ်သည့် မျက်နှာထားနှင့် ထေ့ငေါ့လိုက်ပြီး
“မပူစမ်းပါနဲ့၊ ကျွန်မ သူတို့ကို ရှေ့တရက်ကျော်ကပဲ အစားအစာ တွေပေးထားခဲ့ တယ်လေ။ ကျွန်မ အခြေအနေတွေကို သဘောပါက်ပါတယ်။ ကျွန်မတို့က အိမ်ခွဲလိုက်ပြီးပြီလေ၊ ကျွန်မ သူတို့ကို ထမင်းအနပ်တိုင်းတော့ မဖြည့်ဆည့်နိုင်ဘူး။ ဒါပေမယ့် သူတို့တွေ ငတ်လို့မသေပါဘူး။ မြောက်ပိုင်းတွေ ရေကြီး မိုးခေါင်နေတဲ့ယှဉ်ရင် ဒို့တောင်ပိုင်းက နဲနဲတော်ပါသေးတယ်။ တခါတလေ ရှင်ကိုယ်တိုင်တောင် တောထဲ တောင်ထဲအသီးအရွက် ရှာခဲ့ရသေးတာမလား။ ဒီရွာမှာ တကယ်ငတ်လို့သေတဲ့သူ ဘယ်သူရှိလို့လဲ”
ဦးလေးရှန်း၏တွေဝေသည့်စိတ်က တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။
အမျိုးသမီးလီက စကားကို စဖြတ်လိုက်သည်။
“ကောင်းပြီ သူ့ကို မနက်ဖြန်မနက်ကျမှ လာခိုင်းလိုက်ပါ။ ကျွန်မ သူတို့ကို စားစရာနည်းနည်းပါးပါး ပေးလိုက်ပါ့မယ်။ ဒါပေမဲ့ အဲဒီ စန်းမျိုးနွယ်ကတော့ တကယ့်ကို အသုံးမကျပါဘူး။ ကျွန်မတို့က သူ့ကို ရှန်းအန်းနဲ့ ရှန်းနဉ်ကို စောင့်ရှောက်နိုင်မယ်ထင်လို့ ဒီကိုခေါ်လာခဲ့တာ။ သူ အခု ဘာမှကောင်းကောင်း မကိုင်တွယ်နိုင်ဘူး။ ကျွန်မအစကတည်းက သိခဲ့ရရင် ပိုပြီးလုပ်နိုင်ကိုင်နိုင်မည့်သူကို ရွေးခဲ့ပါတယ်”
နောက်ဆုံးစကားလုံးအရောက်မှာတော့ သူမအသံက တိုးသွားတော့သည်။ တကယ်တော့ မြောက်ပိုင်းကနေ အသက်ရှင်လျှက် ထွက်ပြေးလာနိုင်တာကိုက အခက်ခဲဆုံးအချိန်ကို ကျော်ဖြတ်ခဲ့တဲ့ အဓိပ္ပါယ်ပဲလေ။ အခုချိန်မှ နောက်တစ်ယောက်ပြောင်းဝယ်ဖို့ ဆိုတာလည်း ဈေးမချိုလှပါဘူး။
အမျိုးသမီးလီသည် ဝန်ထုတ်ဝန်ပိုးကို ခွာချဖို့ရန် သူမသည် ငွေအများကြီးကို မသုံးလိုခဲ့ချေ။ ထိုငွေနှင့် သူမက လေးနှစ်ယာက်ကို တစ်နှစ် နှစ်နှစ်လောက်တော့ ကောင်းကောင်း ထာက်ပံ့နိုင် ကျွေးမွေးနိုင်ပေသည်။
ထို့ကြောင့် တခြားရွေးချယ်စရာရှိခဲ့လျှင်ပင် သူမက ကိုယ့်ဟာကို ကျွန်အဖြစ်မရောင်းစားပဲ ဆန်အိတ်တစ်ဝက်နှင့်တူချွေးမတစ်ယောက်အဖြစ် ခေါ်လာနိုင်မည့် စန်းလော့ကိုသာ ရွေးလိမ့်အုံးမှာပင်။
ဦးလေးရှန်းကတော့ သည်စကားကို စိတ်မဝင်စားချေ။ ခေါင်းကိုငြိမ့်ရုံသာငြိမ့်ပြီး ပြောလိုက်သည်။
“မင်းမှာ အစီအစဉ်ရှိတယ်ဆိုလည်း ဟုတ်ပါပြီ၊ ဒါပေမယ့် အသေးအဖွဲကိစ္စတိုင်းအတွက်နဲ့တော့ သိပ်မတင်းကြပ်ပါနဲ့ကွာ”
အရေးအကြီးဆုံးက သူ့မှာ အတိုင်းအတာတစ်ခုအထိ အပြစ်ရှိသလို ခံစားနေရသေးတယ်လေ။ နောက်ဆုံးသူ့အစ်ကိုရဲ့ကျန်ခဲ့တဲ့ မျိုးဆက်က ဒီကလေးနှစ်ယောက်ပဲ ရှိတော့မလား။
လင်မယားနှစ်ယာက်သည် စကားနည်းနည်းပါးပါး ပြောလိုက်ကြပြီး ထိုကိစ္စကို ဘေးချိတ်ထားလိုက်တော့သည်။ အပြင်ဘက်က ရှန်းအန်း၏တံခါးခေါက်သံကို မကြားချင်ယောင်ဆောင်ပြီး ပြန်အိပ်လိုက်ကြတော့သည်။
🍃