Chapter - 4
အပိုင်း (၄)
အိုးထဲက သကြားညိုအများစုက အရည်မပျော်သေးဘဲ ကျန်နေသဖြင့် အဘွားချန်းက ရေထပ်ထည့်ပြီး ထပ်ကြိုရန် ပြင်လိုက်မှ တဲထဲတွင် ရေမကျန်တော့ကြောင်းကို သိလိုက်ရတော့သည်။
အဘွားချန်း : “…..”
ရှန်းအန်းက မြန်မြန် တုန့်ပြန်လိုက်ပြီး နောက်ဆုံးကျန်သည့် ဆေးပြီးသားပန်းကန်လုံးကို လှမ်းဆွဲကာ အပြင်သို့ ပြေးထွက်ရင်း
“ကျွန်တော် ရေနည်းနည်း သွားခပ်လိုက်မယ်”
အဘွားချန်သည် သူ့နောက်မှ အော်ပြီး လှမ်းမှာလိုက်ဖို့သာ အချိန်ရလိုက်လေသည်။
“မင်းရဲ့အဘိုးချန်းကို ခေါ်သွားလိုက်”
အသက်ကယ်ဆေး ဆားနှင့်သကြားရည်ကို တစ်ငုံလောက် သောက်ပြီးသွားမှ စန်းလော့သည် သူမခန္ဓာကိုယ်ပိုင်ရှင် မှတ်ဉာဏ်ကို မြန်မြန်စစ်ထုတ်လိုက်ပြီးမှ သည်အဘွားကြီးကို မှတ်မိသွားတော့သည်။
သူက ရှန်းမိသားစုအိမ်နီးချင်းက လူကြီးတစ်ယောက်ပဲ။ မူလခန္ဓာကိုယ်ပိုင်ရှင်ကတော့ သူ့ကို ကောင်းကောင်းမသိပါဘူး။ ဒါပေမဲ့ အိမ်ခွဲပြီး သိပ်မကြာခင်မှာပဲ တောင်နားမှာ တောရွက်တွေရှာရင်း ထင်းကောက်ရင်း အဘွားကြီးနဲ့တွေ့ခဲ့တာ။ အဘွားကြီးက သူ့ကို သီးပင်စိုက်စေချင်လို့ မျိုးစေ့တွေ နည်းနည်းပေးခဲ့သေးတယ်။ မူလခန္ဓာကိုယ် ပိုင်ရှင်ကလည်း ကျေးဇူးတင်ပြီး လက်ခံခဲ့ပါသေးတယ်။
ကယ်တင်ရှင်ရှန်းအန်း ခေါ်လာသူက အဘွားချန်းဖြစ်နေသည်ကို မြင်လိုက်ရပြီး ကျောက်တုံးဘေးက အဝတ်အိတ်ကို သတိထားမိလိုက်သည်တွင် အငှားအမည်ခံဆန်အိတ်က သူမထံမှ ဖြစ်မည်ဟု စန်းလော့ ခန့်မှန်းမိလိုက်သည်။
ရှန်းနဉ်က သူမသို့ ရေယူလာပေးသည်နှင့် စန်းလော့ကလည်း အဘွားချန်းကို အရင်ဆုံး ကျေးဇူးတင်စကားပြောလိုက်လေသည်။
သို့သော်လည်း အမျိူးသမီးချန်းက သူမ၏ကျေးဇူးတင်စကားကို အသိအမှတ်မပြုချေ။ ဂရုမစိုက်သလို ပြန်ပြောလေသည်။
“ငါ ဒါကို ညည်းအတွက် လုပ်ပေးတာမဟုတ်ပါဘူး၊ ဒီကလေးနှစ်ယောက်အတွက် လုပ်ပေးတာ၊ အခွန်ခတွေကလည်း တိုးလာပြီး လူတိုင်းက ရုန်းကန်နေရတာ၊ ငါတို့လည်း ညည်းတို့အတွက် အများကြီးမလုပ်ပေးနိုင်ဘူး၊ ညည်းတို့လည်း ကိုယ့်ဟာကိုယ် ရပ်တည်ဖို့လိုတယ်”
အဘွားချန်း၏လေသံက အကြောင်းမရှိဘဲနှင့်တော့ မညှာမတာမဖြစ်ချေ။ စန်းလော့က အသုံးမကျဟု အမှန်ပင် ခံစားမိနေသည်။ ရှန်းမိသားစု ပထမဆုံး အိမ်ခွဲချိန်က သူမသည် လယ်ထဲတွင် စန်းလော့နှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ပြီး သူမ၏ သေသေချာချာ ပျိုးထားသည့် အသီးအရွက်မျိုးစေ့များကို သူမအား ရက်ရက်ရောရော ပေးခဲ့သေးသည်။
စန်းလော့မှာ အပင်စိုက်နည်းကို မသိဖြစ်နေလိမ့်မည်ဟု လုံးဝ စိတ်မကူးကြည့်ခဲ့ဖူးချေ။
“ညည်း အရင်က အပင်တခါမှ မစိုက်ဖူးဘူးဆိုရင်လည်း မေးသင့်တာပေါ့၊ တခါမှလည်း မမေးဘူး၊ ကျေးဇူးတင်ပါတယ်ပြောပြီး မျိုးစေ့တွေကို ဒီအတိုင်းယူသွားပြီးမှ စိုက်နည်းတောင်မသိဘဲ အပင်တွေကို စိုက်ဖို့ ကြိုးစားတယ်” အဘွားကချန်းက တွေးလေသည်။ စန်းလော့၏အသုံးမကျမှုကို စိတ်ပျက်ရလေသည်။
အဘွားချန်းသည် စန်းလော့၏ကျေးဇူးတင်စကားကြားလိုက်သည်တွင် သူမ၏နှုတ်ခမ်းများက တင်းသွားသလို ခံစားလိုက်ရတော့သည်။ သိသိ မသိသိပေါ့ ပါးစပ်ဆိုတာ မေးခွန်းမေးဖို့အတွက်ပဲ။ ကျေးဇူးတင်စကားပြောဖို့ချည်းပဲမှ မဟုတ်တာ။
သို့နှင့်အဘွားချန်း၏မျက်လုံးထဲတွင် စန်းလော့သည် အသုံးမကျသူတစ်ယောက်၊ ယဉ်ကျေးမှုရှိသော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သူ၊ လိုအပ်လျှင်ပင် အကြံဉာဏ်ဘယ်တော့မှ မတောင်းတတ်သူ ဖြစ်နေတော့သည်။
အခုတော့ တဲအိမ်ကို ကြည့်လိုက်ပြီး အိမ်ခွဲပြီး ပြောင်းရွှေ့လာကတည်းက မပြောင်းလဲသည်ကို တွေ့လိုက်ရလေသည်။ သုံးလတာ ကာလအတွင်းတွင် သူတို့၏ မစို့မပို့ ပိုင်ဆိုင်မှုထဲသို့ ပစ္စည်းလေးတစ်ခုပင် မထည့်နိုင်ခဲ့ချေ။
ထို့ကြောင့် စန်းလော့သည် မှန်မှန်ကန်ကန် နေထိုင်နည်းကို အမှန်ပင် မသိလေခြင်းဟု အဘွားချန်းက သုံးသပ်လိုက်တော့သည်။ သူမ မရှိလျှင်ပင် ရှန်းမောင်နှမတို့သည် ပိုပြီး အဆင်ပြေလိမ့်မည်ဟုပင် စဉ်းစားလိုက်တော့သည်။ သူမကတော့ ရှန်းအန်းနှင့် ရှန်းနဉ်တို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်နေသယောင်။
အနည်းဆုံးတော့ စန်းလော့မရှိလျှင် ဦးလေးရှန်းနှင့် သူ့မိန်းမတို့က ရှန်းအန်းနှင့် ရှန်းနဉ်တို့ကို နှင်ထုတ်ရဲလိမ့်မည်မဟုတ်ချေ။
အခုတော့ စန်းလော့သာ ဆုံးပါးသွားလျှင် ဒုက္ခခံရမည့်သူများက ရှန်းမောင်နှမတို့သာ ဖြစ်ပေတော့မည်။
အကျိုးဆက်အနေဖြင့် အဘွားချန်း၏လေသံက အလိုလို မနူးညံ့နေတော့ချေ။
အကြောင်းစုံကို သတိမထားမိသည့် စန်းလော့မှာတော့ သည်လိုခက်ခဲသည့် ခေတ်ကာလတွင် ရင်းနှီးသည့် ဆက်ဆံရေးမရှိသည့်တိုင် သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်၏ အထောက်အပံ့အတွက် အင်မတန်မှ ကျေးဇူးတင်မိလေသည်။ သူမသည် အဘွားချန်း၏လေသံကို စိတ်မဆိုးမိဘဲ အသာအယာ ပြုံးလိုက်ကာ
“အဘွားပြောတာ မှန်ပါတယ်၊ ကျွန်မ နည်းနည်းပြန်ကောင်းလာတနဲ့ ကိုယ့်ဟာကိုယ် သေချာဂရုစိုက်ပြီး အန်းနဲ့ နဉ်တို့ကိုလည်း ဗိုက်ဆာအောင် မထားပါဘူး”
အဘွားချန်း : “….”
အဘွားချန်းကတော့ စန်းလော့သည် အဘယ်သို့များ သည်လိုအရာကို ကတိပေးနိုင်ပါသနည်းဟု စဉ်းစားလိုက်လေသည်။ အိမ်အလွတ်၊ မြေမရှိ၊ ဆန်မရှိနဲ့ စန်းလော့မပြောနဲ့ သူတို့မိသားစုကိုယ်တိုင်တောင် ကလေးတွေကို ဗိုက်အဆာခံမထားဖို့ အာမမခံနိုင်တာ။ ကိုယ်တိုင်တောင် ငတ်သေတော့မလိုဖြစ်နေတဲ့အချိန်မှာ သူက ကလေးတွေကို မငတ်အောင် ဘယ်လိုထားနိုင်မှာလဲ။
သို့သော် စန်းလော့၊ ရှန်းမောင်နှမတို့နှင့် ရင်းနှီးသည့်ဆက်ဆံရေးမရှိသည့် အဘွားချန်းသည် ထပ်ပြောရန် မလိုတော့ဟု ခံစားမိလေသည်။ သူတို့သည် ခဏတာကြင်နာရိုင်းပင်းချင်သည့်စိတ်ကြောင့် ကူညီပေးသည့် ရွာသားများဖြစ်လေရာ သူမက သည်အတိုင်း ခေါင်းညိတ်ပြလိုက်တော့သည်။
ထိုအချိန်တွင် ရှန်းအန်းက ရေထည့်ထားသည့် ပန်းကန်လုံးတစ်လုံးနှင့် ဝင်လာ၏။ အဘွားချန်းက ပြန်လှည့်သွားကာ ရေကို အပူပေးလိုက်ပြီး ကျန်သည့် သကြားညိုတစ်ဝက်ကို အရည်ဖျောလိုက်ကာ ဆားနည်နည်း ထည့်လိုက်ပြီးနောက် သူမ၏တာဝန်ကို အဆုံးသတ်လိုက်တော့သည်။
ရှန်းနဉ်က စန်းလော့ကို ဆားနှင့်သကြားရည် တိုက်ပြီး ကောင်းကောင်း ပြုစုပေးနေသည်ကို လေ့လာလိုက်ပြီး စန်းလော့က တဖြည်းဖြည်း သက်သာလာသည်ကို မြင်လိုက်ပြီးနောက်တွင် အဘွားချန်းက ဆက်ပြီး မနေတော့ဖို့ ဆုံးဖြတ်လိုက်တော့သည်။
“ငါ အိမ်ကနေ ဆန်နှစ်ဘူးလောက် ယူလာပေးတယ်၊ ဆားသကြားရည်သောက်ပြီးသွားရင် ဆန်ပြုတ်နည်းနည်း ပြုတ်လိုက်၊ ရက်ပိုင်းလောက်နေရင် ညည်းပြန်ကောင်းသွားမှာပါ”
အမှန်တွင်တော့ သူတို့သည် ကိုယ့်ဟာကိုသာ အားပြည့်ရန် လုပ်နိုင်ပေသည်။ အရပ်စကားအရဆိုလျှင်တော့ ‘သည်းခံလိုက်၊ ကျေးလက်မိသားစုတွေက ဆေးပေးခန်းတို့ သမားတော်တို့ကို သွားပြဖို့ တတ်နိုင်တာမဟုတ်ဘူး’ ဟူ၍။
စန်းလော့ ခေါင်းညိတ်ပြလိုက်ပြီး
“ကျေးဇူးတင်ပါတယ် အဘွား၊ ဆန်နဲ့သကြားကိုတော့ ကျွန်မ နောက်မှ ပြန်ပေးပါ့မယ်”
အဘွားချန်းသည် ဆန်ယူလာပေးစဉ်က ပြန်ရနိုင်ခြေမရှိသည်ကို ထည့်စဉ်းစားထားသော်လည်း စန်းလော့က ပြန်ပေးမည်ဟု ကြားလိုက်ချိန်တွင် အဘွားချန်းလည်း ဆက်ပြီး ရက်ရောမနေတော့ချေ။ သူမက အိတ်ထဲမှ ဆန်များကို ရှန်းအန်းရှာလာသည့် အိတ်အလွတ်တစ်လုံးထဲ လောင်းထည့်ပေးရင်း ခေါင်းညိတ်လိုက်ကာ
“အေးပါ၊ ဒါဆို ငါတို့ ပြန်တော့မယ်”
သူမ၏ယောက်ျားက အပြင်ဘက်တွင် စောင့်နေဆဲ။
ရှန်းအန်းက စန်းလော့ပြောစရာမလိုဘဲ သူတို့ကို လိုက်ပို့ပေးလေသည်။ တံခါးနားအရောက်တွင် အဘွားချန်းက သူ့ကို အထဲပြန်ဝင်ခိုင်းလိုက်ပြီး
“ငါတို့က လူကြီးတွေပါ၊ ကလေးတစ်ယောက်က လိုက်ပို့ပေးဖို့မလိုပါဘူး၊ ငါတို့တွေ နင့်ကို ထပ်ပြီး လမ်းလျှောက်မပြန်ခိုင်းချင်ဘူး၊ အထဲဝင်ပြီး တံခါးကိုသာ သေချာပိတ်”
တဲတံခါးပိတ်သွားသည်နှင့် သက်ကြီးရွယ်လင်မယားသည် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးမှ အဘွားချန်းက သူ့ယောက်ျားလက်မောင်းကို ဆွဲလိုက်လေသည်။
သူက လှည့်ကြည့်လိုက်တော့ သူမက နှုတ်ခမ်းပေါ် လက်ညိုးတင်ထားပြီး တိတ်တိတ်လေးနေဖို့ သူ့ကို အချက်ပြလိုက်လေတော့သည်။
🍃