Chapter - 5
အပိုင်း (၅)
လက်ထပ်ခဲ့ပြီးသည်မှာ ဆယ်စုနှစ်များကြာပြီဖြစ်လေရာ အဘိုးချန်းက သူ့မိန်းမ၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်ကာ လိုက်လျောပေးလိုက်ပြီး ငြိမ်ငြိမ်လေးရပ်ကာ တိတ်တိတ်လေး နားထောင်နေလိုက်လေသည်။
သူတို့သည် အကြာကြီး မစောင့်လိုက်ရချေ။ ရှန်းအန်းနှင့် ရှန်းနဉ်ကိုလည်း သကြားရေသောက်ကြရန် ပြောနေသည့် အထဲက စန်းလော့၏အသံတိုးတိုးလေးကို ကြားလိုက်ရလေသည်။ အဘွားချန်း၏ အရေတွန့်နေသည့်မျက်နှာပေါ်တွင် နောက်ဆုံးတော့ အပြုံးတစ်ခုပေါ်လာပြီး သူက ယောကျ်ားဖြစ်သူကို တိတ်တိတ်လေး ထွက်သွားဖို့ လက်ဟန်ပြလိုက်တော့သည်။
အဘွားချန်း၏အကဲခတ်ခံထားရသည်ကို မသိလိုက်သည့် စန်းလော့ကတော့ သူမ၏အင်အားများ တဖြည်းဖြည်း ပြန်ရလာပြီး ရုတ်တရက် သေဆုံးရမယ့်အန္တရာယ်ကို ရှောင်လွဲနိုင်သဖြင့် စိတ်အေးသွားတော့သည်။ သူမသည် ဝါးချောင်းလေးများလောက်နီးနီး ပိန်သေးနေသည့် ကလေးနှစ်ယောက်ထံသို့ အလိုလို အာရုံရောက်သွားတော့သည်။
သူမ၏အသက်ကို ဒီကလေးနှစ်ယောက်က ကယ်တင်ပေးခဲ့ပုံကို စဉ်းစားလိုက်သည်တွင် သူမ၏နှလုံးသားထဲတွင် ကျေးဇူးတင်စိတ်နှင့် ကြင်နာယုယစိတ်များဖြင့် ပြည့်သွားတော့သည်။
ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် သည်တစ်ကြိမ်တွင် အမှန်ပင် ကြောက်လန့်သွားခဲ့သည်။ အစပိုင်းတွင် စန်းလော့က သူတို့ကို သကြားရည်တိုက်သောအခါ ခေါင်းတွင်တွင်ခါပြီး သူတို့ယောက်မကြီး၏ ‘အသက်ကယ်ဆေး’ကို လက်ခံဖို့ အသည်းအသန် ငြင်းကြလေသည်။ စန်းလော့က သူမသည် အများကြီး ကောင်းလာပြီဖြစ်ကြောင်းနှင့် မကြာမီတွင် ဆန်ပြုတ်နည်းနည်း ပြုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ သူမသည် ဖျားနာခြင်း သို့မဟုတ် အစာငတ်ခြင်းကြောင့် သေဆုံးလိမ့်မည်မဟုတ် အာမခံလိုက်ပြီး ရှန်းနဉ်က သူမနှုတ်ခမ်းနားသို့ ကပ်ပေးလာသည့် ပန်းကန်လုံးကို သတိနှင့်တစ်ငုံသောက်လိုက်ပြီး မြိုချပြလိုက်မှ လက်ခံသွားကြတော့သည်။ သူမ၏ယောက်မကြီးဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့ကို ကြည့်လိုက်ပြီးနောက် ရှန်းနဉ်သည် ခပ်ရွံ့ရွံ့လေးနှင့် နည်းနည်းလေး စုပ်သောက်လိုက်တော့သည်။
အရည်က ချိုသော်လည်း အနည်းငယ် ငန်ပျပျနှင့် ထူးဆန်းသည့် ပေါင်းစပ်မှုဖြစ်သော်လည်း တောင်စွန်းဆီကရသည့် ရက်စ်ဘယ်ရီနှင့် ဘလက်ဘယ်ရီတို့လို တောသီးများလွဲလျှင် အချိုဟူသည်ကို တခါမှမစားဖူးသည့် ရှန်းနဉ်အတွက်တော့ သည်ခပ်ပေါ့ပေါ့အချိုအရသာလေးက အံ့ဩစရာကောင်းလောက်အောင် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ဖြစ်နေတာ့သည်။ သူမ၏နှုတ်ခမ်းများကို တစ်ချက်အထိတွင် သူမ၏မျက်ခုံး မျက်လုံးများက ပျော်ရွှင်မှုကြောင့် ကွေးသွားတောသည်။
သေးငယ်သည့်တစ်ငုံစာလေးကို အရသာခံလိုက်ပြီး သူမက ပန်းကန်လုံးကို ရှန်းအန်ထဲ လက်ဆင့်ကမ်းပေးလိုက်၏။
“ကိုလေး အရမ်းချိုတာပဲ ကိုလေးလည်း သောက်ကြည့်”
သူတို့၏အကြီးဆုံးအစ်ကိုကို ဆုံးရှုံးလိုက်ရပြီးကတည်း ရှန်းအန်းသည် လူကြီးလေးတစ်ယောက်လို ပြုမူနေလာခဲ့ရာ သူ့ညီမဖြစ်သူအတွက် အမြဲတမ်း မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်။ သို့သော် သကြားရည် ပန်းကန်လုံးတစ်ဝက်ကို သူ့နှုတ်ခမ်းနှင့်တေ့လိုက်ချိန်တွင်တော့ သူသည်လည်း သူ၏ကလေးဆန်ဆန် သဘာဝကို ဖုံးကွယ်မထားနိုင်တော့ချေ။
အမှန်တွင်လည်း သူသည် ကလေးတစ်ယောက်ပင်။ သူသည် သူ့ပါးစပ်ရှေ့တွင် ရောက်လာသည့် သကြားရည်၏ဆွဲဆောင်မှုကို မည်သို့ ခုခံနိုင်ပါမည်နည်း။
စန့်လော့က နောက်ဆုံးကျန်သည့် သကြားရည်ကို ကိုယ်တိုင်အတွက် မသောက်လိုက်ချေ။ ထို့အစား မောင်နှမနှစ်ယောက်ကို ခွဲပေးလိုက်ပြီး ပန်းကန်လုံးကုန်သွားသည့် တစ်လှည့်စီသောက်ခိုင်းလိုက်တော့သည်။
အစ်ကိုတစ်ယောက်အနေဖြင့် ရှန်းအန်းက တစ်ကြိမ်လျှင် နည်းနည်းသာသာ စုပ်သောက်ပြီး အများစုကိုတော့ ရှန်းနဉ်ကို ပေးသောက်လိုက်လေသည်။ သူ့အတွက် နောက်ဆုံးကျန်သည့် တစ်ငုံကိုတော့ သူသည် လူကြီးလေးတစ်ယောက်လို ပြုမူမနေတော့ဘဲ စိတ်ရှိတိုင်းသောက်လိုက်ကာ တစ်စက်ကလေးမှ မကျန်ခဲ့ချေ။ ပန်းကန်လုံးကို သန့်ရှင်းသွားသည်အထိ အောက်ခြေကိုပင် လျှက်လိုက်သေးသည်။ သူက ခြေရာလက်ရာ တစ်စကလေးမှ မထားခဲ့လိုရာ သကြားရည်ကြိုထားသည့် အိုးထဲသို့ပင် ရေကို ထပ်ထည့်လိုက်ပြီး အိုးကို လှုပ်ယမ်းလိုက်ပြီး တဖန် ပြန်ကြိုလိုက်လေသည်။
စန်းလော့က သည်အပြုအမူကို ရှက်စရာဟု မမြင်မိချေ။ လူများက သေမတတ် ငတ်မွတ်နေကြသည့် သည်လိုအချိန်တွင် သည်လိုအပြုအမူက အမှန်ပင် ပုံမှန်ဖြစ်ပေမည်။
အရင်ဘဝတုန်းက ငါက မိဘမဲ့တစ်ယောက်လေ။ ကောလိပ်ကနေ ဘွဲ့ရပြီးတော့ အလုပ်ဝင်တဲ့ တစ်နှစ်အတွင်းမှာပဲ နေမကောင်းလို့ ဆေးရုံတက်လိုက်ရတယ်။ ဆေးစစ်ချက်တွေ အမျိုးမျိုးလုပ်ခဲ့ပြီးမှ သိလိုက်ရတာက ငါအသက်ကို မရှည်တော့ဘူးတဲ့။
ငါသာ ချမ်းသာတဲ့မိသားစုတစ်ခုမှ မွေးလာပြီး ဆေးကုသမှုနဲ့ ဆေးရုံစားရိတ်အတွက် သန်းချီတဲ့ငွေတွေကို သုံးနိုင်ခဲ့ရင် စန်းလော့ဆိုတဲ့ငါက နောက်ထပ် နှစ်အနည်းငယ်လောက်တော့ အသက်ရှင်နိုင်ခဲ့မှာပဲ။
ဒါပေမဲ့ ကုသမှုအတွက် ငါ့မှာ သန်းချီတဲ့ ငွေတွေမရှိဘူး။ ကုန်ကျစားရိတ်ကို မတတ်နိုင်ဘူး။ ဝေဒနာခံစားနေရပြီး အိပ်ရာထဲမှာ နှစ်ရက်လောက် ငိုကြွေးခဲ့ရတယ်။ သုံးရက်လောက် သေသေချာချာ ပြန်စဉ်းစားလိုက်ပြီး နောက်တော့ အလုပ်ထွက်လိုက်ပြီး ကောလိပ်တက်တုန်းက အချိန်ပိုင်းလုပ်ခဲ့တဲ့ စုဆောင်းငွေနဲ့ ဘွဲ့ရပြီးနောက်ပိုင်း အလုပ်လုပ်ခဲ့တဲ့နှစ်က ရတဲ့ငွေကို သုံးဖို့ ဖြစ်လာခဲ့တယ်။ အွန်လိုင်းပေါ်ကမှာ လေ့လာတယ်။ နေရာတော်တော်များများကို သွားလည်ပတ်ခဲ့ပြီး နောက်ဆုံးတော့ ငါ ကြိုက်တဲ့ တောင်ပေါ်က လွတ်နေတဲ့အိမ်တစ်လုံးကို ဝယ်ပြီး အဲဒီမှာ အခြေချလိုက်တယ်။ အိမ်ကို အသစ်ပြန်ဆင်ရင်း တောင်ပေါ်မှာပဲ ဘဝကို အခြေချလိုက်တော့တယ်။
အရင်က အိပ်မက်ပဲ မက်ခဲ့ဖူးပြီး တမ်းတခဲ့ရတဲ့ဘဝမျိုးမှာ စပြီး နေထိုင်ခဲ့တယ်။
တောင်ပေါ်မှာ ငါးနှစ်လုံး တစ်ယောက်ထဲနေလာတာလေ။ အိမ်နီးချင်းတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေ နောက်မှာပဲ ချန်နေခဲ့ကြတဲ့ လူအိုကြီးတွေက အများစုပဲ။ လူငယ်တွေနဲ့ ကလေးတွေကတော့ အလုပ်နဲ့ ပညာရေးအတွက် မြို့ကို ပြောင်းသွားခဲ့ကြတယ်။
ဒါကြောင့်လည်း ကလေးတွေနဲ့ အပြန်အလှန် စကားပြောဖို့ အခွင့်အရေးဆိုတာ မရှိသလောက်ပဲ။
အခုတော့ မောင်နှမနှစ်ယောက်ရဲ့ မေတ္တာနဲ့ ဂရုစိုက်စောင့်ရှောက်တတ်တဲ့ ဆက်ဆံရေးကို ကြည့်ရင်းနဲ့ နွေးထွေးတဲ့ခံစားချက်တစ်ခုကို ရလိုက်တယ်။
တောင်ပေါ်မှာနေတာကလည်း လုံးဝမကောင်းတာတော့ မဟုတ်ဘူး။ အတိတ်ဘဝတုန်းက ရောဂါနဲ့ နောက်ဆုံးနှစ်တွေကို ကုန်ဆုံးခဲ့ရတာနဲ့ယှဉ်လိုက်ရင် အခုတော့ နည်းနည်းလောက် အနားယူလိုက်ပြီး အဖော်လုပ်ပေးမယ့် နှစ်ယောက်လည်း ရှိတာဆိုတော့ အနည်းဆုံး ရုပ်ပိုင်းဆိုင်ရာက ပိုပြီး ကျန်းမာလာမှာပဲလေ။
ဆင်းရဲတာက ကြောက်စရာမဟုတ်ပါဘူး။ ခြေတွေ လက်တွေနဲ့ အုံးနှောက်ရှိတာပဲ။ ငွေရှာဖို့ နည်လမ်းတစ်ခုကတော့ အမြဲတမ်းရှိပါတယ်။
စန်းလော့သည် သူမ၏ဘဝက တော်တော်လေး ကောင်းသွားသည်ဟု ခံစားလိုက်ရလေသည်။ ကံတရားက သူမကို ဒုတိယအကြိမ်အခွင့်အရေး ပေးလိုက်သည့်နှယ်။
သုံးယောက်သား ဆာလောက်မှု ပြေပျောက်သွားပြီး အာရုံတက်ချိန် ရောက်လာသည်နှင့် စန်းလော့သည် ခွန်အား လုံလုံလောက်လောက် ပြန်ရလာပြီး မူးဝေမနေတော့ဘဲ တဲကို ပတ်လျှောက်လာနိုင်ခဲ့သည်။
သူမက အချိန်ဖြုန်းမနေတော့ချေ။ ချက်ချင်းပင် ကလေးများကို အိမ်မှုကိစ္စကူညီခိုင်းလိုက်ပြီး မြေအိုးကို ဆေးကြော၊ စမ်းရေခမ်ကာ ဆန်ပြုတ်ပြုတ်ရန် ဆန်ဆေးလိုက်တော့သည်။
ဘာတောအရွက်မှ မရောထားသည့် ဆန်ပြုတ်ဖြူဖြူလေးပင်။
ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် စန်းလော့က သူတို့ကို လက်တစ်ဆုပ်စာ ဆန်ဆေးခိုင်းလိုက်သည်ကိုကြည့်ပြီး အံ့ဩမှင်တက်သွားကြတော့သည်။
ကလေးနှစ်ယောက်လုံးက မလှုပ်မယှက်ရပ်နေကြပြီး အိုးထဲက ဆန်ကို ငေးကြည့်လိုက်ကြပြီးနောက် စန်းလော့ကို ကြည့်လိုက်ကြလေသည်။
ရှန်းအန်းက နှုတ်ခမ်းကို စူထားလိုက်ပြီး
“မကြီး ဒီပုံအတိုင်းဆို ကျွန်တော်တို့ ဆန်တွေ ရက်ပိုင်းလောက်နဲ့ ကုန်သွားလိမ့်မယ်”
သူ့မျက်နှာက လုံးဝ သဘောမတူဟန် ပြသနေသည်။
အစ်ကိုဖြစ်သူ ထုတ်ပြောလာသည်ကို တွေ့လိုက်ရသည့် ရှန်းနဉ်ကလည်း အားပါးတရ ခေါင်းညိတ်ထောက်လေသည်။ စကားတစ်ခွန်းမှ မပြောဘဲ သူမ၏မျက်လုံးများက တောင်းပန်တိုးလျှိုးနေသယောင်။ အကိုလေးပြောတာ ဟုတ်တယ် မကြီးရဲ။ နည်းနည်းပြန်ထားလိုက်ပါ ဟူ၍။
စန်းလော့က ထိုအဖြစ်ကို သဘောလည်းကျမိသလို စိတ်လည်း မကောင်းဖြစ်သွားပြီး ဆက်ပြီး ခေါင်းမာနေလိုက်တော့သည်။
“ဒီလောက်လေးပါပဲ၊ ဆန်သွားဆေးလာခဲ့၊ ဆန်ပြုတ်ကြိုရအောင်”
သူမ၏တိုက်တွန်းချက်က ကလေးများကို မလှုပ်နိုင်ခဲ့ချေ။
စန်းလော့က ရှင်းပြလိုက်၏။
“စိတ်မပူပါနဲ့၊ မင်းတို့ရဲ့ယောက်မက အစားအသောက်တွေ ပိုရမယ့်နည်းလမ်းတစ်ခုကို ရှာမှာပါ၊ ငါ ကတိပေးတယ်”
ကလေးများက သူမကို လှမ်းကြည့်လိုက်ပြီး မလှုပ်ရှားသေးချေ။ လအနည်းငယ် အတူနေလာပြီးနောက်တွင် စန်းလော့၏ကတိကို မယုံမကြည်ဖြစ်နေသည်မှာ ရှင်းနေလေသည်။
စန်းလော့က သက်ပြင်းချလိုက်ပြီး
“ဒီမှာကြည့်၊ မင်းတို့ရဲ့ယောက်မက ဒီတစ်ခါ ငတ်ပြီးသေခါနီးလေးပဲ၊ ဟုတ်တယ်မလား၊ ငါတို့တွေ ဒီလိုဆက်သွားနေရင် ငါ တင်မကဘူး နင်တို့နှစ်ယောက်လုံးရဲ့ ကျန်းမာရေးလည်း ထိခိုက်လာလိမ့်မယ်၊ ငါ့ကို ယုံပါ၊ ဒီဆန်ကိုပဲ သွားဆေးလာခဲ့၊ ပြီးရင် ဆန်ပြုတ်ကြိုရမယ်၊ တနပ်လောက်တော့ ကောင်းကောင်းလေး စားကြတာပေါ့၊ ငါတို့တွေ အားပြန်ပြည့်လာတာနဲ့ နင်တို့ကိုခေါ်ပြီး အစားအစာသွားရှာမယ်၊ ငါတို့တွေ ချွေတာနေရုံနဲ့ အစားအသောက်ကို သိမ်းထားလို့မရဘူးလေ”
ရှန်းနဉ်က မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အစာငတ်ပြီး သေလုနီးပါးဖြစ်ခဲ့သည် ဆိုသည့်အပိုင်းကလွဲလျှင် စန်းလော့ပြောသမျှကို အပြည့်အဝ နားမလည်နိုင်ဖြစ်လေသည်။ သူမသည် အစ်ကိုဖြစ်သူကို လှည့်ကြည့်လိုက်လေသည်။
ရှန်းအန်း၏မျကနှာက ဒွိဟဖြစ်သွားဟန်ဖြင့် စိတ်ယိုင်သွားတော့သည်။ စဉ်းစားလိုက်ပြီးနောက် သူက အိုးထဲကို လက်နှိုက်လိုက်ပြီး အပေါ်ဆုံးက ခြောက်နေသေးသည့် ဆန်တစ်လွှာကို ပြန်ထုတ်ယူလိုက်ပြီး ပြောလေသည်။
“ဒီလောက်ပဲ ချက်မယ်၊ ကျွန်တော် အများကြီး မစားဘူး”
သည်လိုရင့်ကျက်မှုက အသက်အရွယ်ထက်ပင် ကျော်လွန်နေသည်။
စန့်လော့သည် သူမ၏ငယ်ဘဝကို သတိရသွားပြီး အခက်အခဲကြောင့် သည်လိုအမူအကျင့် ပေါက်ဖွားလာမှန်း သိလိုက်တော့သည်။
သူမက ခေါင်းညိတ်ပြလိုက်ပြီး အတင်းထပ်မပြောတော့ချေ။
ရှန်းအန်းနှင့် ရှန်းနဉ်တို့သည် သိသိသာသာ စိတ်အေးသွားကြပြီး ဆန်ဆေးရန်အတွင် စမ်းရေကို မြန်မြန်သွားခပ်ကြကာ စန်းလော့ကို စိတ်ပြောင်းဖို့ အခွင့်အရေးတစ်ခုပင် မပေးတော့ချေ။
သုံးယောက်သားက ရိုးရှင်းသည့် ကျောက်တုံးဖိုတွင် စုဝေးလိုက်ကြပြီး အိုးထဲက ထွက်လာသည့် ဆူပွက်သံကို နားနေလိုက်ကြသည်။ မကြာခဏဆိုသလို သစ်သားဇွန်းတစ်ချောင်းနှင့် ဆန်ပြုတ်ကို မွှေလိုက်ပြီး ဆန်စေ့များ ပွတက်လာသည်ကို စောင့်နေရင်းက မွှေးရနံ့က သူတို့အားလုံးကို ဗိုက်ဆာလာအောင် လုပ်နေတော့သည်။
ဆန်ပြုတ်သောက်မည့်အချိန်တွင်တော့ စားဖိုးမှူးတဖြစ်လဲ ရှန်းအန်းက ခပ်ထည့်ပေးလေသည်။__ စန်းလော့အတွက် တစ်ဇွန်းအပြည့်၊ ရှန်းနဉ်ကို နည်းနည်းလေး လျှော့ထည့်လိုက်ပြီး သူကိုယ်တိုင်အတွက်တော့ ဇွန်းတစ်ဝက်ကိုသာ ထည့်လိုက်လေသည်။
သစ်သားဇွန်းလေးမှာ မကြီးချေ။ ခေတ်အခေါ်အရဆိုလျှင် လက်သီးဆုပ်အရွယ်ပန်းလုံး အရွယ်အစားလောက်ရှိသည်။ _ စန်းလော့နှင့် ရှန်းနဉ်တို့အတွက်က အဆင်ပြေသော်လည်း ရှန်းအန်းအတွက်ကတော့ သူတို့သုံးသည့် သစ်သားအကြမ်းထည်ပန်းကန်က အောက်ခြေကိုသာ ဖုံးရုံလောက်သာရှိလေသည်။
စန်းလော့မှာ မကြည့်ရက်တော့သဖြင့် ဇွန်းကို ယူပြီး သူမ၏ဝေစုတစ်ဝက်ကို ရှန်းအန်း၏ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်လေသည်။ သူသည် အနည်းငယ် မှင်သက်အံ့ဩသွားသော်လည်း စန်းလော့က ပြုံးလိုက်ပြီး
“ကဲ၊ ကောင်လေး၊ စားတော့၊ ငါ ခုနကတော့ အရမ်းကို ဗိုက်ဆာနေတာ၊ ဒါပေမဲ့ တစ်ပြိုင်ထဲလဲ အများကြီး မစားနိုင်ဘူးလေ၊ နည်းနည်းနဲ့ မကြာခဏ စာပေးတာက အစာအိမ်ကို စောင့်ရှောက်တဲ့ မှန်ကန်တဲ့နည်းလမ်းပဲ”
မောင်နှမနှစ်ယောက်သည် အငွေ့တထောင်းထောင်းထနေသည့် ဖြူဖွေးနေသည့် ဆန်ပြုတ်ပျစ်ပျစ်လေးကို ကြည့်ရင်း စတင်စားဖို့ရန် တွန့်ဆုတ်နေကြလေသည်။
စန်းလော့ တွန့်ဆုတ်နေသည့် သူတို့ကို သတိထားမိသွားပြီး လောဆော်လိုက်တော့သည်။
“စားပါ အေးသွားအောင် မှုတ်ပြီးစားဖို့ သတိထားနော်၊ အပူမလောင်စေနဲ့ဦး”
ရှန်းအန်းသည် သည်တစ်ကြိမ်တွင် နှုတ်ဆိတ်နေပြီး ရှန်းနဉ်ကတော့ ဆန်ပြုတ်ဖြူပန်းကန်လုံးနှင့် စန်းလော့ကို ကြည့်နေရင်းက
“မကြီး ညီမလေးတို့တွေ တကယ်ပဲ စားလို့ရလား ဟင်၊ ညီမလေးတို့တွေ တောရွက်တွေ ထည့်လိုက်ရင် ဒါက ညီမလေးတို့အတွက် ရက်တွေအများကြီး ခံလောက်တယ်”
“စားပါ” စန်းလော့က အတည်ပြုပေးလိုက်သည်။
“ငါတို့ စားပြီတာနဲ့ ခဏနားပြီးလို့ ငါ အားပြည့်လာရင် နင်တို့ကို ခေါ်ပြီး အစားအစာသွားပေးမယ်”
သူမ၏ပြတ်သားပြီး ယုံကြည်မှုရှိသည့် ဟန်ပန်က နောက်ဆုံးတော့ ဗိုက်ဆာနေသည့်ကလေးနှစ်ယောက်ကို အနည်းငယ်အားတက်လာစေသော်လည်း နည်းနည်းဆိုမှ နည်းနည်းလေးပင်။ ဆန်ပြုတ်ဖြူဖြူလေး၏ ရနံ့က သူတို့နှာခေါင်းထဲတွင် ဝေ့တက်လာပြီး သူတို့၏စိတ်နှလုံးကို အသာအယာ တွန်းတိုက်သွားပြီး စန်းလော့၏အာမခံစကားကို ယုံကြည်သွားကြတော့သည်။
စားရမှာလား။
စိတ်ကျေနပ်စေမဲ့ တစ်နပ်လောက်လေးပါပဲလေ။
ထိုင်ခုံများက မရှိ၊ ကိုင်ထားဖို့ရန်လည်း အလွန်ပူသည့် ပန်းကန်လုံးများနှင့် သုံးယောက်သားက ယာယီစားပွဲတစ်ခုအဖြင့် သုံးရန်လုပ်ထားသည့် ကျောက်ပြားဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ကြတော့သည်။ သူတို့သည် ဆန်ပြုတ်၏အပေါ်ယံမျက်နှာပြင်ကို အေးသွားအောင်မှုတ်လိုက်ပြီးနောက် အပေါ်ယံလွှာကို နည်းနည်းချင်း ဂရုတစိုက်စားလိုက်ကြတော့သည်။
ကလေးများသည် အလုပ်တိုင်းကို တန်ဖိုးထားကာ အလွန်မှမြန်မြန် မစားလိုကြချေ။ တလုပ်စားပြီးတိုင်း ရှန်နဉ်က မနေနိုင်ဘဲ အစ်ကိုဖြစ်သူဘက် လှည့်လိုက်ကာ
“အစ်ကိုလေး ဒီဆန်ပြုတ်ဖြူက အရမ်းစားလို့ကောင်းတာပဲ၊ ဒီလိုအရသာရှိတဲ့ ဆန်ပြုတ်မစားရတာတောင် အရမ်းကြာသွားပြီနော်”
သူမ၏ပီတိဖြစ်နေသည့်အမူအရာက ပန်းကန်လုံးလေးထဲတွင် ဆန်ပြုတ်ဖြူတင်မကဘဲ ရှားပါးဟင်းမယ်များ ပါနေသယောင်။
ရှန်းအန်းလည်း မည်မျှကြာသွားပြီကို အတိအကျ သိနေသည်။ __ သူတို့ရဲ့အစ်ကို အိမ်ကနေ ထွက်သွားပြီးကတည်းပဲလေ။ သူ့မျက်လုံးများက မျက်ရည်ဝဲတက်လာပြီး မြန်မြန် ပြန်မြိုသိပ်လိုက်ကာ ညီမဖြစ်သူကို ပြုံးပြလိုက်လေသည်။
“အကုန်စားနော်”
“ငါက နောက်ဆိုရင် နင် အမြဲတမ်း အဝစားလို့ရအောင် သေချာပေါက်လုပ်ပေးမှာ”
သည်ကတိစကားကတော့ သူ့စိတ်ထဲတွင် ကြိတ်ပြီးထားလိုက်သည့် စကားပင်။ ရှန်းအန်းသည် ထိုစကားကို ထုတ်မပြောရဲချေ။ သူသည် အလွန်မှ ငယ်ရွယ်သေးပြီး ထိုစကားကို အာမခံပေးရန် အလွန်မှ အားနည်းနေသေးမှန်း သိလေသည်။
သူ့စိတ်အခြေအနေကတော့ သိသိသာသာ ကျဆင်းသွားလေသည်။ အပြုံးတစ်ခုနှင့်သာ တောက်ပအောင် လုပ်ထားရပြီး ရှန်းနဉ် မျက်နှာလွဲသွားချိန်တွင်တော့ သူ့စားနေသည့်နှုန်းက သိသိသာသာ နှေးသွားတော့သည်။
စန်းလော့နှင့် ရှန်းနဉ်တို့က ဆန်ပြုတ်ကိုယ်စီ စားသောက်ပြီးချိန်တွင် ရှန်းအန်းကတော့ သူ့ပန်းကန်လုံးထဲတွင် တစ်ဝက်လောက်ကျန်နေသေးသည်။
ရှန်းနဉ်က သူ့ကို ကြည့်လိုက်ချိန်တွင် ရှန်းအန်းက သူ့လက်ကျန် ဆန်ပြုတ်တစ်ဝက်ကို ကျောက်စားပွဲပေါ်တွင် တင်လိုက်ကာ ပြောလိုက်လေသည်။
“ကျန်တာကို နင့်နေ့လည်စာအတွက် ချန်ထားပေးမယ်နော်”
ထို့နောက်တွင်တော့ သူသည် ပန်းကန်များကို ကျွမ်းကျွမ်းကျင်ကျင် ဆေးကြောလိုက်ပြီး ကျန်နေသည့်ဆန်ပြုတ်ကို နောက်ထပ်ပန်းကန်တစ်လုံးနှင့် ဂရုတစိုက်အုပ်ထားလိုက်ပြီး ထိုနောက်ဆုံးနှစ်ဇွန်း သုံးဇွန်းစာလေးကို တယုတယသိမ်းထားလိုက်တော့သည်။
…
🍃