Chapter - 8
အပိုင်း(၈)
လျှော်ပင်များကို သွားခုတ်ကြမည်ဟု ကြားလိုက်တော့ ကလေးများ၏မျက်လုံးများမှာ လင်းလက်သွားတော့သည်။
“အဲဒါ ဘယ်မှာရှိလဲဆိုတာ ကျွန်တော် သိတယ်၊ ကျွန်တော် ခေါ်သွားပေးမယ်” ရှန်းအန်းက အော်ပြောလိုက်သည်။
ရှန်းနဉ်လည်း စိတ်လှုပ်သွားပြီး “ညီမလေးက တုတ်တစ်ချောင်း ယူခဲ့မယ်၊ လျှော်တွေကို ဘယ်လိုပုတ်ရမလဲဆိုတာ သိတယ်”
ကလေးများအတွက် ပျော်စရာအကောင်းဆုံးမှာ ကိုယ်လက်လှုပ်ရှားနေခြင်းပင်။
ဘာရလာဒ်မှ မမြင်ရသေးသည့်အတိုင်း အလုပ်အမျိုးမျိုးတွင် စန်းလော့နောက်လိုက်လုပ်နေခြင်းကပင် ကလေးများအတွက် လုံခြုံမှုနှင့် ပျော်ရွှင်မှု ခံစားချက်ကို စတင် ယူဆောင်ပေးလာတော့သည်။
သူတို့သည် ပျော်ရွှင်စိတ်လှုပ်ရှားကာ ပြင်ဆင်လိုက်ကြပြီး တစ်ဖက်စီတွင် တက်ကြွလှုပ်ရှားနေကြလေသည်။
စန်းလော့ပြောသည့် လျှော်ရိုင်းပင်သည် အမှန်တော့ ထိုခေတ်က ချည်ထည်များ ရက်လုပ်ရာတွင် အသုံးများသည့် လျှော်ချည်ပင်တစ်မျိုးဖြစ်လေသည်။
သည်ခေတ်တွင် ပိုးစာပင်နှင့် လျှော်ပင်များကို အများအပြားစိုက်ပျိုးကြပြီး အိမ်ထောင်စုတစ်ခုတွင် ထိုစိုက်ခင်းမျိုး အများအပြားပိုင်ဆိုင်ထားကြသည်။ ပိုး၊ဝါနှင့်လျှော်တို့ဖြင့် ထုတ်ထားသည့် ပိတ်စများကို အစိုးရသို့ တစ်စိတ်တပိုင်း ဆက်သရပြီး တစ်စိတ်တစ်ပိုင်းကိုတော့ တကိုယ်ရေလိုအပ်ချက်အတွက် အသုံးပြကြလေသည်။
ပိုးနှင့် ဝါလိုပစ္စည်းများက လယ်သမားများ ကိုယ်တိုင်အတွက် သုံးဖို့ရန်ပင်အလွန်မှ တန်ဖိုးကြားလှသည်။ သူတို့ကို ငွေအတွက် ရောင်းချဖို့ စီရင်စုသို့ ယူသွားလေ့ရှိသလို ကုန်ပစ္စည်းချင်း တိုက်ရိုက်လဲလှယ်ရန် အသုံးပြုကြသည်လည်း ရှိလေသည်။ တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားနေရသည့် လယ်သမားများကတော့ လျှော်ကြမ်းအဝတ်အစားများကိုသာကို ဝတ်ဆင်နိုင်လေသည်။
ပိုးစာပင်များနှင့် လျှော်ပင်များကို စိုက်ပျိုးကြသဖြင့် အရိုင်းပင်နှင့် ပိုင်ရှင်မဲ့ပင်များကတော့ ကျန်သေးသည်။ ရှန်းမိသားစုသည် သူတို့၏ပိုင်ဆိုင်မှုကို ခွဲဝေစဉ်က ပင်မအိမ်ထောင်စုက ဘာပိုးစာခင်း၊ လျှော်ခင်းမှ မရခဲ့သည့်အပြင် စပါးခင်းတစ်ခုလေးပင်မရခဲ့ချေ။ အခုတော့ စန်းလော့သည် လျှော်ပင်ရိုင်းများကိုသာ ခုတ်ဖို့စဉ်းစားနိုင်တော့သည်။
သူမ၏အတိတ်ဘဝက တောင်ပေါ်တွင် ရောဂါမခံစားခင် နေထိုင်သည့် ငါးနှစ်တာအတွင်း သူမသည် တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်နေနိုင်သည့် နည်းလမ်းများကို ရှာတွေ့ခဲ့ပြီး အတိုင်းအတာတစ်ခုအထိ ကိုယ့်ဟာကို စောင့်ရှောက်နိုင်ခဲ့သည်။
သူမ၏ဖုန်းနှင့်အင်တာနက်ကျေးဇူးအပြင် တောင်ပေါ်တွင် နေထိုင်ကြသည့် အိမ်နီးချင်း လူကြီးများကြောင့် သူမသည် အများအပြားကို လေ့လာတတ်မြောက်ခဲ့သည်။ တခါတရံ သူမသည် ဗီဒီယိုများ တင်ရသည့် ဝက်ဘ်ဆိုက်တစ်ခုတွင် သူမအသစ်တတ်မြောက်ထားသည့်ပညာများကို ဗီဒီယိုဖြင့် တင်ထားတတ်သည်။ သူမ၏အကောင့်သေးသေးလေးက တော်တော်လေး နာမည်ကြီးပြီး သူမကို အပြင်လောကနှင့် ဆက်သွယ်ပေးကာ စိတ်ပျော်ရွှင်မှုအပြင် ဝင်ငွေတစ်ချို့ကိုလည်း ရရှိသေးသည်။
သူမတတ်မြောက်ခဲ့သည့် ပညာရပ်များထဲတွင် ရှေးခေတ်ချည်ထည်ရက်လုပ်နည်းလည်း ပါလေသည်။
အမှန်တွင်တော့ သူမတင် ရက်လုပ်နည်းသိသည်မဟုတ်ဘဲ မူလခန္ဓာကိုယ်ပိုင်ရှင်ကလည်း ရက်လုပ်နည်းကို တတ်သည်။
ဟုတ်ပါသည်။ အခုတော့ လျှော်ပင်ခုတ်ရန် ကလေးများကို ခေါ်သွားရခြင်းက အဝတ်ရက်လုပ်ရန် မဟုတ်ချေ။ လက်ရှိတွင် စန်းလော့သည် ပစ္စည်းအများအပြား မရှိဖြစ်နေရာ အဝတ်ရက်လုပ်နိုင်စွမ်းမရှိသေးချေ။ ရွာထဲက အိမ်ထောင်စုတိုင်းတွင် ရက်ကန်းတစ်ခု ရှိကြသော်လည်း အမျိုးသမီးများက ကိုယ်တိုင်အသုံးပြုရန် လိုအပ်ကြဖြင့် သူမသည် ရက်ကန်းတစ်ခုပင် ငှားရမ်းနိုင်မည်မဟုတ်ချေ။
လျှော်ပင်ကို ခုတ်ပြီးလျှင်တော့ သူမသည် ချည်လုံးရစ်ဖို့သာ အကြမ်းထည်လုပ်နိုင်မည်။ စန်းလော့က ချည်လုံးများကို စျေးသို့ယူသွားပြီး ရေဇလုံတစ်လုံးနှစ်လုံးလောက်နှင့် အလဲအလှယ်လုပ်နိုင်မလား သိချင်သည်။
နောက်ဆုံး သူမသည် ရိက္ခာအနည်းအကျဉ်းအတွင် နတ်သမီးတို့ဖူးကို ရောင်းချဖို့ စဉ်းစားထား၏။ ပါဝင်ပစ္စည်းများက တောင်ပေါ်တွင် အလျှံပယ်ရနိုင်ပြီး အပင်ကရသည့်ပြာကလည်း မရှားပါးလေရာ အခုလေးတင် အိမ်မှာလုပ်ထားသည့် မြေအိုးတစ်လုံးနှင့် ပန်းကန်သုံးလုံးစာက မည်မျှ ရနိုင်ပါမည်နည်း။ ဒါသည် သူတို့၏ဗိုက်ကိုပင် ဖြည့်တင်းဖို့ရန် လုံလောက်မည်မဟုတ်ချေ။
သူမသည် နောက်ရက်အနည်းငယ်အတွင်းတွင် ပင်ပန်းသည့် အလုပ်ကို မလုပ်နိုင်သေးရာ လျှော်ချည်ထုတ်ခြင်းက အိမ်တွင် ထိုင်ပြီး လုပ်နိုင်သဖြင့် ဒါက ပြီးပြည့်စုံသည့်အလုပ်တစ်ခုပင်။ ကလေးနှစ်ယောက်ကလည်း ကူညီပေးနိုင်လေသည်။
…..
မောင်နှမနှစ်ယောက်က အနီးနားက တောင်များကို သိကြပြီး ရွာသားများအတွက် တော်တော်လေး အန္တရာယ်ကင်းမှန်း သိကြသည်။ သူတို့သည် လျှော်ပင်များကို သွားရှာကြမည့်နေရာကို ပြောလာကြရင်း စန်းလော့ကို နေရာတစ်ခုစီသို့ ခေါ်လာကြလေသည်။
သူတို့သည် ရွာဘက်သို့ ဦးတည်သွားနေသဖြင့် စန်းလော့ကို စပ်စုပြီး ကြည့်နေကြသည့် ရွာသားများကို မကြာခဏဆိုသလို တွေ့ရလေသည်။
ရွာထဲက လူတိုင်းက ရှန်းမိသာစု အိမ်ခွဲသွားသည်ကို သိကြသည်။ သို့သော် အိမ်မခွဲခင်နှင့် အိမ်ခွဲပြီးနောက်ပိုင်းတွင် စန်းလော့က ရွာသားများနှင့် အဆက်အဆံမရှိသလောက်ပင်။ တလောက ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ရှန်းစန်းအိမ်တွင် အစားအစာ မကြာခဏလာတောင်းတတ်သည့် သတင်းများကို ကြားမိကြသည်။ သူတို့သည် ရိက္ခာမရှိတော့မှန်း သိသာလေသည်။
စန်းလော့က အပြင်ထွက်လာသည်ကို မြင်လိုက်ရသည်တွင် လမ်းတွင်တွေ့ဆုံကြသူများက အထူးအဆန်းတစ်ခုလို ဖြစ်နေကြတော့သည်။ ရှန်းအန်း၊ ရှန်းနဉ်တို့နှင့် ရင်းနှီးကြသူများက ရပ်ပြီး စကားပြောကြရာ သူတို့သည် လျှော်ပင်များ သွားခုတ်မည့်အကြောင်း သိလိုက်ရပြီး စုပ်တသပ်သပ်ဖြင့် ထွက်သွားကြလေသည်။
“သူတို့တွေက ဗိုက်ဖြည့်ဖို့တောင် ခက်ခက်ခဲခဲ လုပ်နေရတာ လျှော်ခုတ်ပြီး အချည်းနှီးဖြစ်မဲ့အလုပ်ကို လုပ်နေကြသေးတယ်”
ဟုတ်ပါသည်။ စန်းလော့ကတော့ သည်လူများကို မမှတ်မိသလို သူတို့၏အတွေးများကိုလည်း မသိချေ။ သူမ သိခဲ့လျှင်တောင် ဂရုစိုက်လိမ့်မည်မဟုတ်ချေ။
သူတို့သည် မကြာမီတွင် သူတို့၏ပထမဆုံးပန်းတိုင်သို့ ရောက်လာကြလေသည်။ လျှော်ပင်ခုတ်ခြင်းက ပင်ပန်းသည့်အလုပ်တော့ မဟုတ်ချေ။ သူတို့မိသားစုမခွဲကြခင်က မောင်နှမများသည် မိသားစု၏လျှော်ခင်းကို ကူညီခဲ့ကြလေသည်။ ထို့ကြောင့် သူတို့ကို စန်းလော့က သင်ပြပေးစရာမလိုချေ။ အမှန်တွင်တော့ သူတို့သည် သည်အလုပ်ကို စန်းလော့ကိုယ်တိုင်ထက်ပင် ပိုပြီးရင်းနှီးကြသေးသည်။
သို့်သော်လည်း သူမ၏မူလခန္ဓာကိုယ်က သေလုမျောပါး နေမကောင်းဖြစ်ခဲ့သဖြင့် စန်းလော့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အားနည်းနေဆဲဖြစ်သည်။ သူမသည် သကြားရည်နှင့် ဆန်ပြုတ်နည်းနည်း သောက်ထားသော်လည်း ဒါက ခံနိုင်ရည်ရှိသည် ဆိုရုံလောက်သာပင်။ လျှော်ပင်ခုတ်ရသည့် မနက်ခင်း ကာယလုပ်အားကို သုံးပြီးသွားသည့်နောက်တွင် သူမသည် တဖြည်းဖြည်း အားနည်းလာပြီး လက်များက စတင် တုန်ယင်လာတော့သည်။
ဂရုတစိုက်ရှိသည့် ရှန်းအန်းက အလုပ်ကို လွဲယူလိုက်ပြီး စန်းလော့ကို အနားယူဖို့ အတင်းပြောတော့သည်။ မောင်နှမနှစ်ယောက်သည် လျှော်ပင်တစ်ကွက်ကို ကျွမ်းကျွမ်းကျင်ကျင် ခုတ်လိုက်ကြကာ လျှော်စည်းနှစ်စည်းလောက် ရလာပြီးနောက်တွင် အိမ်သို့ ပြန်လာခဲ့ကြ၏။
သည်လျှော်နှစ်စည်းက အများကြီးမရသော်လည်း ရှန်းအန်းက စန်းလော့ကို နောက်တစ်ကြိမ်မသွားခိုင်းတော့ချေ။ “ရွာကလေးတွေ သွားဆော့နေကြတဲ့ လျှော်ခင်းတွေ ရှိသေးတယ်၊ ရှန်းနဉ်နဲ့ ကျွန်တော် လုပ်တတ်ပါတယ်၊ မကြီးက အိမ်မှာပဲ နားလိုက်တော့”
ရှန်းနဉ်က စန်းလော့၏ဖြူဖျော့နေသည့်မျက်နှာကို လှမ်းကြည့်လိုက်ပြီး အခိုက်တန့် ချီတုံချတုံဖြစ်သွားကာ
“ညီမတို့တွေ အဘွားချန်းပေးထားတဲ့ သကြားညိုကို ဖျော်ပေးရမလားဟင်”
တစ်ရက်တည်းတွင် သကြားညိုနှစ်တုံးကို စားလိုက်ခြင်းက ဖြုန်းတီးလွန်းသည့်ဇိမ်ခံခြင်းတစ်မျိူးပင်။ နှစ်သစ်ကူးပွဲတော်တွင်ပင် မသုံးရဲကြချေ။ သို့တိုင် ရှန်းနဉ်သည် ရှေ့ရက်က စန်းလော့၏ ကြောက်လန့်ဖွယ်အခြေအနေကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေရာ သကြားထက် သူမ၏ကျန်းမာရေးကို ပိုပြီး တန်ဖိုးထားမိလေသည်။
စန်းလော့က ကလေးနှစ်ယောက် ရွာနားက လျှော်ပင်များကို သွားခုတ်မည်ကို စိုးရိမ်စရာမလိုဖြင့် ခေါင်းညိတ်လိုက်၏။
“အင်းပါ၊ နင်တို့နှစ်ယောက် လျှော်ပင်သွားခုတ်ကြ၊ အစ်မက အိမ်မှာ လျှော်မျှင်ခြစ်ထားလိုက်မယ်”
ကျန်သည့်သကြားညိုကို စားဖို့ကတော့ စန်းလော့သည် သူမ၏အခြေအနေကို သိလေရာ အလျင်မလိုချေ။
“သကြားရည်သောက်ဖို့ မလိုပါဘူး၊ သကြားက ခဏနေ အသုံးဝင်လာအုံးမှာ၊ နင်တို့တွေ လျှော်စည်းနည်းနည်းလောက် ယူပြန်လာပြီးမှပဲ အတူတူ စားကြမယ်နော်”
သကြားရည်နည်းနည်းပါဝင်သည့် နတ်သမီးတို့ဖူးက ကလေးနှစ်ယောက်အတွက်တော့ အမှန်ပင် အစားအသောက်ကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။
ရှန်းနဉ်က သူမ၏စကား အနက်အဓိပ္ပါယ်ကို နားမလည်လိုက်ပဲ သူမ၏မကြီးက သူတို့သုံးယောက် အတူတူ စားကြမည့်အကြောင်း ပြောလိုက်သည်ကိုသာ ကြားလိုက်လေသည်။
မနက်ခင်းက သောက်ခဲ့သည့် ဆားနှင့်သကြားရည်လေးနည်းနည်းအကြောင်းကို ပြန်စဉ်းစားမိတော့ သူမသည် အလိုလို သွားရည်ယိုလာတော့သည်။ ထို့နောက်မှ သူမ၏စိတ်အားထက်သန်နေမှုကို ရှက်ရွံ့သွားပြီး မြန်မြန်ခေါင်းခါကာ ပြောလေသည်။
“ညီမလေးက မလိုပါဘူး”
သူမက ဖျားလည်းဖျားမနေသလို နာကျင်နေတာလဲမရှိဘူးလေ။ ဘယ်လိုလုပ်ပြီး မကြီးရဲ့သကြားရည်ကို သောက်လို့ဖြစ်မှာလဲ။
စန်းလော့က ပြုံးလိုက်ပြီး ကလေးများကို လျှော်သွားခုတ်ခိုင်းလိုက်ကာ သူမကိုယ်၌ကတော့ အိမ်အပြင်က ကျောက်တုန်းပေါ်တွင် ထိုင်လိုက်ပြီး လျှော်မျှင်များကို စတင်ခြစ်ထုတ်လိုက်တော့သည်။
အလုပ်လုပ်ပြီးလျှင် အစားစားရမည့်ကတိက အကောင်းဆုံးစိတ်အားတက်ကြွမှုဖြစ်နိုင်ပေသည်။
ကလေးနှစ်ယောက်သည် တောင်ပေါ်က မြန်မြန်ဆင်းသွားပြီး တစ်နာရီအတွင်းတွင် လျှော်စည်းကြီးနှစ်စည်းဖြင့် ပြန်ရောက်လာကြ၏။
မောင်နှမနှစ်ယောက်က လျှော်များထပ်ခုတ်ရန် ထွက်သွားချိန်တွင်တော့ စန်းလော့က သူမ၏အလုပ်ကို ခဏချလိုက်ပြီး တောင်ဘေးက စမ်းချောင်းတွင် မြေအိုးတစ်လုံးဖြင့် ရေနည်းနည်းသွားခပ်ကာ မီးမွှေးလိုက်ပြီး အဘွားချန်းပေးခဲ့သည့် သကြားညိုကို အရည်ဖျော်လိုက်လေသည်။
သည်တစ်ကြိမ်တွင်တော့ သူမသည် သကြားရည်ထဲတွင် ဆားမထည့်တော့ချေ။ သည့်အတိုင်း သကာရည်ဖြစ်အောင် ကျိုလိုက်ပြီးနောက် မီးငြိမ်းလိုက်၏။ သူမသည် မြေအိုးကို သစ်ရွက်ထူထူခင်းထားသည့် ကျောက်စားပွဲပေါ် ဂရုတစိုက်တင်ထားလိုက်ပြီး သကြားရည် အေးသွားသည်အထိ စောင့်လိုက်ကာ နတ်သမီးသစ်ရွက်အရည်က ပျစ်ခဲသွားသည့်အခြေအနေ ရမရကို စစ်ဆေးကြည့်လိုက်သည်။
ပြာရည်အချိုးက မှန်သွားကာ အရောအနှောက ကောင်းကောင်လေး ခဲသွားလေသည်။
ရှန်းအန်းနှင့် ရှန်းနဉ်တို့ တတိယအကြိမ် ပြန်ရောက်တွင် နေလုံးတည်နေရာကို ကြည့်လိုက်ပြီး စန်းလော့က သူတို့ကို အပြင်မထွက်ခိုင်းတော့ချေ။ သူမ ခြစ်ထုတ်ထားသည့် လျှော်များကို ဘေးတွင်ချထားလိုက်ကာ သူတို့ကို လှမ်းခေါ်လိုက်တော့သည်။
“လက်ဆေး မျက်နှာသစ်လိုက်ကြအုံး၊ ပြီးရင်း ငါတို့တွေ အထဲမှာ အရသာရှိတာလေး စားရအောင်”
“အရသာရှိတာလေး စားရမယ်တဲ့”
ရှန်းအန်းနှင့်ရှန်းနဉ်တို့အတွက်တော့ သည်စကားလုံးလေးက အိပ်မက်တစ်ခုနှယ်ပင်။
သူတို့အစ်ကိုကြီး အိမ်က ထွက်သွားပြီးကတည်းက သူတို့သည် သည်လိုစကားမျိုးကို မကြားရတော့ချေ။
သို့သော်လည်း သကြားရည်ကို ဝေမျှပြီး စားရမည်ဟု သူတို့၏ယောက်မစကားကို ပြန်စဉ်းစားမိလိုက်သည်တွင် မောင်နှမနှစ်ယောက်သည် မြန်မြန်ဆန်ဆန် လက်သွားဆေးလိုက်ကြ၏။
သူတို့သုံးယောက်သည် အိမ်ထဲသို့ ပြန်ဝင်လာချိန်တွင် စန်းလော့က ဘာမှပင် ပြောရန်မလိုဘဲ ငယ်ရွယ်သေးသည့် မောင်နှမနှစ်ဘောက်၏အကြည့်က စားပွဲတစ်ခုလို သုံးထားသည့် ကျောက်ပြားပေါ်သို့ အလိုလိုရောက်သွားတော့သည်။ အထူးသဖြင့် ကျောက်ပြားပေါ်တွင် တင်ထားသည့် အရောင်တလက်လက်နှင့် အစိမ်းရောင်ပန်းကန်းနှစ်လုံးပင်။ သူတို့ကို တဒင်္ဂလောက် မှင်သက်အံ့ဟသွားစေတော့သည်။
“ဒါက ဘာလဲဟင်”
ပန်းလုံးများက အတူတူဖြစ်သလို အရောင်ကလည်း အတူတူပင်။ သို့သော် အခုတော့ အထဲတွင်ရောက်နေသည့်အရာက အရောင်ပိုရင့်နေပြီး စိမ်းစိုရွှန်းလဲ့သည့် အစိမ်းရောင်ဖြစ်နေတော့သည်။
မျက်လုံးအဝိုင်းသားဖြစ်သွားသည့် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် စန်းလော့ကို လှည့်ကြည့်လိုက်ကြပြီး
“ယောက်မကြီး ဒါက ခုနက သစ်ရွက်အရည်တော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား”
စန်းလော့က ပြုံးပြလိုက်၏။
“အမှန်ပဲ၊ ဒါက စားလို့ရတယ်လို့ ငါ နင်တို့ကို ပြောသားပဲ၊ ဒါလေးကို လှီးပြီး နင်တို့ကို မြည်းခိုင်းမယ်နော်”
အစောပိုင်းက သကြားကျိုရာတွင် သုံးသည့် ဝါးချောင်းပါးပါးလေးကို ယူလိုက်ကာ သူမသည် ပန်းလုံးတစ်ခုထဲက တို့ဖူးနှင့်တူသည့်အရာကို ကျွမ်းကျွမ်းကျင်ကျင် စတင် လှီးပေးလိုက်တော့သည်။
အမှန်ပင်။ သည်ဝါးချောင်းအပြားလေးက ရှန်းအန်း၏အကူအညီဖြင့် လုပ်ထားသည့် ယာယီသုံးဓားလေးတစ်ချောင်းပင်။ သို့သော်လည်း သူတို့၏အဓိက အစားအစာမှာ လက်ဖြင့် အလွယ်တကူချိုးလို့ရသည့် အသီးအရွက်ဟင်းရည်သာဖြစ်ခဲ့လေရာ ထိုဝါးဓားလေးကို မသုံးရသလောက်ပင်။
စန်းလော့က နတ်သမီးတို့ဖူးကို နှစ်စင်တီမီတာလေးထောင့်တုံးလေးဖြစ်ကြောင်း ကျွမ်းကျွမ်းကျင်ကျင် တုံးလိုက်လေသည်။ ထို့နောက် ပန်းကန်လုံးထဲသို့ အိုးထဲက အအေးခံထားသည့် သကြားရည်ကို နည်းနည်းလောင်းထည့်လိုက်၏။ နှစ်ဇွန်းအပြည့်လောက် လောင်းထည့်လိုက်ပြီး အသာအယာ မွှေလိုက်ပြီး တစ်တုံးကို ခပ်ကာ ရှန်းနဉ်ကို ပေးလိုက်တော့သည်။
“အားနဉ် အရင်မြည်းကြည့်”
ကျောက်စိမ်းနှင့်တူသည့်စားစရာလေးက အိစက်ကာ တုံတုံအိအိနှင့် သစ်သားဇွန်းပေါ်တွင် အသာအယာ လှုပ်ရမ်းနေလေသည်။
မောင်နှမနှစ်ယောက်သည် သည်လိုသွားရည်ကျစရာမျိုးကို တခါမှ မတွေ့ခဲ့ဖူးကြပေ။ အမြင်သက်သက်နှင့်ပင် သူတို့ကို မျှော်လင့်တကြီး သွားရည်များ ကျလာစေတော့သည်။
ရှန်းနဉ်မှာ စားလို့ရသည်မရသည် ကိစ္စကို ဆက်ပြီးစိတ်ပူမနေတော့ဘဲ စန်းလော့ဆီက ဇွန်းကို ယူလိုက်ကာ စားကြည့်လိုက်တော့ ချက်ချင်းဆိုသလို နူးညံ့သည့်ရနံ့တစ်ခုကို အာရုံခံလိုက်မိတော့သည်။
ချိုချိုမွှေးမွှေး လန်းဆန်းပြီး တုံအိအိနဲ့အထိအတွေ့က အံ့ဩစရာကောင်းလိုက်တာ။
“!!!”
“အစ်ကိုလေး ဒီအရသာကလေ ငါတို့တွေ နှစ်သစ်ကူးမှာ စားတဲ့အသားထက်တောင် ပိုကောင်းသေးကော”
….🍃
https://t.me/OrchidSarPay