Chapter 1
မနက် ၅နာရီ။
အမေရိကန် လော့စ်အန်ဂျလိစ်လေယာဉ်ဟာ အင်ချွန်းလေဆိပ်ကိုရောက်ရှိလာခဲ့တယ်။
လေယာဉ်ချိန်အကြာကြီးအတွင်း ပင်ပန်းနေကြတဲ့သူတွေနဲ့မတူဘဲ သပ်ရပ်ကြော့မော့နေတဲ့မျက်နှာနဲ့ ဝင်ပေါက်ခန်းမကနေထွက်လာတဲ့ဆောင်းဟျော့ဟာ နေရာမှာရပ်ပြီးတော့ အသက်ကိုခပ်ပြင်းပြင်းရှူသွင်း ရှူထုတ်လိုက်တဲ့အခါ အေးမြတဲ့မနက်ခင်းလေက လည်ချောင်းထဲကိုနက်နက်ရှိုင်းရှိုင်း ဝင်လာခဲ့တယ်။
ကိုရီးယားလေနဲ့ အမေရိကန်လေကို မတူသလိုခံစားနေမိတာက စိတ်အထင်ပဲလား။
မျိုးချစ်စိတ်ဆိုတာမျိုးကို တခြားသူတွေရဲ့ကိစ္စလို့ပဲ ထင်ထားခဲ့ပေမဲ့ အကြာကြီးနေမှကိုရီးယားမြေကိုခြေချလိုက်တော့ ရင်ထဲမှာနည်းနည်းပြည့်သွားခဲ့တယ်။
သုံးနှစ်ကြာပြီးမှ ကိုယ့်နိုင်ငံကိုပြန်လာတာက ကိုယ့်ဇာတိနိုင်ငံကိုလွမ်းဖို့ လုံလောက်တဲ့အချိန်ပါပဲ။
ဒါပေမဲ့ တယုတယဖြစ်နေတဲ့ခံစားချက်က ကြာကြာမခံခဲ့ဘူး။
မတွေးမိဖို့ကြိုးစားခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့မျက်နှာက စိတ်ထဲမှာပေါ်လာလို့လေ။
လိမ့်တက်လာတဲ့ ဆဲချင်စိတ်ကိုထိန်းထားရတာနဲ့ သူ့မျက်မှောင်ကကုပ်သွားခဲ့တယ်။
ဆဲချင်တာကတော့ အဲ့မိန်းမကိုမဟုတ်ဘဲ ကိုယ့်ကိုကိုယ်ပင်။
မိန်းမတစ်ယောက်ကိုတောင်မမေ့နိုင်ဘဲနဲ့ သံယောဇဉ်တွယ်နေတဲ့…
“အရူးလိုကောင်”
ထပ်ပြီးတော့မထိန်းထားနိုင်တော့ဘဲ အဆဲစကားထွက်လာတဲ့အချိန်မှာ အနိမ့်အမြင့်မရှိ၊ အေးဆေးတဲ့အသံကိုကြားလိုက်ရတယ်။
“ဒီကိုလာရတာနဲ့ ပင်ပန်းသွားပါပြီ ဒါရိုက်တာချားဆောင်းဟျော့”
ခေါင်းလှည့်ကြည့်လိုက်တော့ အမဲရောင်suitဝတ်ထားတဲ့ သက်လတ်ပိုင်းယောက်ျားတစ်ယောက် လျှောက်လာနေခဲ့တယ်။
SL Group ဥက္ကဌချားဟျောင်းအွန်းရဲ့ အတွင်းရေးမှူးတွေထဲကတစ်ယောက်ပေါ့။
“ဌာနမှုးနမ်”
ဆောင်းဟျော့ဟာ လက်ရှိ သူ့အစ်ကိုတာဝန်ယူနေတဲ့ လုပ်ငန်းစီမံရေးဌာနခွဲရဲ့ ဒါရိုက်တာရာထူးကို သူတာဝန်ယူရမယ်ဆိုတာကို သိလိုက်ရတယ်။
ဥက္ကဌချားဟျောင်းအွန်းက တစ်ဖက်လူရဲ့ဆန္ဒကို မမေးဖူးတဲ့သူလေ။ အသိပေးရုံလောက်သာ လုပ်တဲ့သူပေါ့။ သားဖြစ်သူကတောင် ချွင်းချက်မဖြစ်နိုင်ခဲ့ဘူး။
“ဥက္ကဌကြီးက အိမ်အထိလိုက်ပို့ဖို့ ပြောထားပါတယ်”
“တစ်ယောက်ထဲသွားလို့ရတာကို သက်သက် ဌာနမှူးနမ်ကို ဒုက္ခပေးမိပြီပဲ”
ဌာနမှူးနမ်က တွန်းလှည်းကိုကျွန်တော့်ဆီကနေယူသွားပြီးတော့ စကားလမ်းကြောင်းလွှဲလာတယ်။
“ဥက္ကဌကြီးနဲ့ သူဌေးကတော်က ဘိုအာအိုဖိုရမ်ကိုတက်ဖို့ မနေ့ညနေတုန်းက ထွက်သွားကြပါတယ်”
“သိထားပါတယ်”
ဘိုအာအိုဖိုရမ်ဆိုတာ နှစ်တိုင်းတရုတ်နိုင်ငံမှာကျင်းပတဲ့ အာရှဒေသဆိုင်ရာ စီးပွားရေးဖိုရမ်တစ်ခုပဲ။
ဆောင်းဟျော့က အရင်နှစ်နဲ့အရင်နှစ်ရဲ့တစ်နှစ်တုန်းက သူ့အစ်ကိုတက်ခဲ့တဲ့ဖိုရမ်ကို ဒီနှစ်မှာတော့ အဖေကိုယ်တိုင်သွားတယ်ဆိုကတည်းက အစ်ကို့အတွက်လက္ခဏာကောင်းမဟုတ်မှန်း မသိဘဲမနေခဲ့ဘူး။
ဆက်ခံသူနေရာကိုအလုခံရမှာဆိုးလို့ ကြောက်ကြောက်ရွံ့ရွံ့ဖြစ်နေမဲ့ အစ်ကို့ပုံရိပ်က မျက်လုံးထဲမှာ ထင်ရှားနေခဲ့တယ်။
“သွားကြတာပေါ့”
ဆောင်းဟျော့လည်း ခေါင်းညိမ့်လိုက်ကာ တွန်းလှည်းကိုတွန်းရင်းရှေ့ကနေသွားနေတဲ့ ဌာနမှူးနမ်နောက်ကို အေးအေးဆေးဆေး လိုက်သွားခဲ့တယ်။
***
အင်ချွန်းလေဆိပ်ကနေထွက်လာတဲ့ကားက ဖောက်ထားတဲ့လမ်းပေါ်ကနေမောင်းလာပြီးနောက် ချောင်းဒမ်းဒုံမှာရှိတဲ့ အဆင့်မြင့်ဇိမ်ခံအိမ်ကြီးတစ်ခုဆီကို ရောက်သွားခဲ့တယ်။
ဗိမာန်တော်ကိုအမှတ်ရစေတဲ့အဆောက်အအုံဟာ မနက်ခင်း ခပ်မှောင်မှောင်အချိန်ထဲမှာ နှစ်မြုပ်နေခဲ့တယ်။
ဆောင်းဟျော့ ကားပြတင်းပေါက်ကိုချပြီးတော့ ညင်သာစွာမျက်နှာပေါ်ကိုဖြတ်ပြေးသွားတဲ့ လေနုလေးကိုခံစားနေတဲ့အချိန်မှာပဲ ကားကမြေအောက်ကားပါကင်နားကို ရောက်လာခဲ့တယ်။
“ပင်ပန်းသွားပါပြီ”
ဆောင်းဟျော့ဟာ ခရီးဆောင်အိတ်ကိုအိမ်အထိသယ်ပေးပြီးမှပြန်မယ်ဆိုတဲ့ ဌာနမှူးနမ်ကိုပြန်ခိုင်းပြီးတော့ တစ်ယောက်ထဲ ဓာတ်လှေကားထဲကိုဝင်လာခဲ့တယ်။
သူဆင်းတဲ့နေရာကတော့ ၃ထပ်မြောက်က Penthouse။
တံခါးကိုဖွင့်ဖွင့်ချင်း အေးစိမ့်တဲ့အငွေ့အသက်က ချက်ချင်းဝင်ရောက်လာတယ်။
ကောက်ကြောင်းဆင်ထားတဲ့ အဖြူရောင်နံရံနဲ့ကြမ်းပြင်က ဒီနေ့ကျမှ ပိုပြီးအေးစက်တဲ့ပုံပေါ်နေခဲ့တယ်။
အပေါက်ဝမှာ ခရီးဆောင်အိတ်ကိုထားပြီး ဧည့်ခန်းဆီကိုလျှောက်သွားလိုက်တော့ ဒီအတောအတွင်း ဘယ်သူမှ ဝင်ထွက်တဲ့သူမရှိတဲ့နေရာဟာ ဟင်းလင်းဖြစ်နေတဲ့ခံစားချက်တွေနဲ့ပြည့်နေခဲ့တယ်။
ဒီနေရာမှာပဲ အချိန်ကရပ်သွားတာမဟုတ်ဘူးလားလို့ ထင်ရတဲ့အထိပင်။
ဧည့်ခန်းအလယ်မှာရပ်နေတဲ့ဆောင်းဟျော့ဟာ မှန်ပြတင်းပေါက်ဘက်ကို အကြည့်လွှဲလိုက်တယ်။ နေထွက်ခါနီးမို့လို့လားမသိ၊ အပြင်ဘက်မှာ အနီရောင်သန်းနေလေတယ်။
ရုတ်တရက် နေထွက်တာကိုကြည့်မယ်ဆိုပြီး အိပ်ငိုက်နေတဲ့မျက်လုံးကိုပွတ်ကာ ဝရံတာမှာသွားရပ်တဲ့မိန်းကလေးရဲ့နောက်ကျောပုံရိပ်က ထပ်ဟပ်နေခဲ့တယ်။
အားစိုက်လိုက်ရင်ကျိုးပဲ့သွားတော့မလို ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးကိုစောင်ခြုံပေးရင်း နောက်ကနေဖက်ထားပေးခဲ့တဲ့အချိန်ကိုလည်း ထင်ထင်ရှားရှား တွေးမိသွားခဲ့တယ်။
နှစ်ဝက်လောက်တွဲခဲ့ရုံလေးကို နေရာတိုင်းမှာ ကျန်နေတဲ့အမှတ်အသားတွေက ဘာလို့ ဒီလောက်တောင်များနေရတာလဲ။
“အိမ်အသစ် ရှာရတော့မှာပဲ”
ကောင်းကင်ပေါ်မှာနေခဲ့တဲ့ ၁၃နာရီထက် တစ်မိနစ်အချိန်လေးကြောင့် ပိုပြီးပင်ပန်းနေတာက အသုံးမဝင်တဲ့ သံယောဇဉ်ရဲ့အလေးချိန်တွေကြောင့်လား။
ဆိုဖာပေါ် မှီထိုင်လိုက်တဲ့သူက ပင်ပန်းနေတဲ့မျက်နှာနဲ့ ခပ်မြန်မြန် မျက်စိကိုမှိတ်လိုက်တယ်။
***
နောက်တစ်နေ့ ညနေ။
ဆောင်းဟျော့ ရေခဲသေတ္တာထဲကနေ ဘီယာတစ်ဘူးကိုထုတ်သောက်ရင်း ထမင်းစားပွဲမှာထိုင်လိုက်တယ်။ နောက်ပြီးတော့ ဒီဇိမ်ခံအိမ်ကို ဝယ်တုန်းကသိခဲ့တဲ့ အိမ်ခြံမြေပွဲစားဆီကိုဖုန်းခေါ်လိုက်တယ်။
“ချားဆောင်းဟျော့ပါ”
သူက ဒီအတောအတွင်းအဆင်ပြေရဲ့လားဆိုပြီးတော့ အလောတကြီးဖော်ရွေပြနေတဲ့ အိမ်ခြံမြေပွဲစားရဲ့စကားကိုဖြတ်ကာ ချက်ချင်းပဲလိုရာကိုပြောလိုက်တယ်။
“ဒီအိမ်ကိုရောင်းပြီးတော့ အိမ်အသစ်ကိုပြောင်းချင်လို့ပါ၊ တတ်နိုင်သမျှ မြန်မြန်ပေါ့”
ပြီးခဲ့တဲ့အပေးအယူကနေတစ်ဆင့် ဆောင်းဟျော့ဟာ ဇီဇာမကြောင်တဲ့သူဌေးဆိုတာကိုသိသွားတဲ့ အိမ်ခြံမြေပွဲစားက ပြဿနာမရှိဘူးဆိုပြီးတော့ ထပ်ခါထပ်ခါပြောလာတယ်။
တစ်ယောက်က သူ့ကိုဇီဇာကြောင်တယ်ပြောပေမဲ့ တခြားတစ်ယောက်ကျတော့ ဇီဇာမကြောင်ဘူးလို့ပြောပြန်တယ်။
အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။
စိတ်မဝင်စားတဲ့အရာကိုတော့ အဆုံးထိလျစ်လျူရှုတယ်ဆိုတဲ့အကြောင်း ပြပေးခဲ့ရုံပဲ။
သူ့အတွက်တော့ အိမ်ဆိုတာက စိတ်မဝင်စားတဲ့နေရာတစ်ခုဖြစ်ခဲ့တယ်။
သူစိတ်ဝင်စားတဲ့အရာဆိုတာ အရမ်းရှားတယ်။
ရှားတယ်ဆိုတာထက် တစ်ခါကြိုက်သွားရင် အဆုံးထိကြည့်တဲ့စရိုက်မျိုးဖြစ်ခဲ့ဖူးတယ်။
“ပြန်ဆက်သွယ်တာကိုစောင့်နေပါ့မယ်”
ဖုန်းခဏလေးပြောပြီးသွားတဲ့ ဆောင်းဟျော့ဟာ ကျန်တဲ့ဘီယာကို အကုန်သောက်လိုက်တယ်။
နောက်ဆုံးလက်ကျန်ဘီယာ လည်ချောင်းထဲကိုဝင်သွားတဲ့အချိန် စားပွဲပေါ်မှာတင်ထားကဖုန်းက မြည်လာခဲ့တယ်။
ဖုန်းခေါ်လာတဲ့သူက သူ့သူငယ်ချင်း ဘောမ်ဂျွန်းပင်။
‘ချဲဘောမ်ဂျွန်း’ဆိုတဲ့နာမည်ကိုမြင်မြင်ချင်း ဆောင်းဟျော့ မျက်မှောင်ကြုတ်သွားခဲ့တယ်။
မေ့ရုံလေးရှိသေးတဲ့.. မဟုတ်ဘူး၊ ပြင်းပြင်းထန်ထန်မေ့ဖို့ကြိုးစားနေတဲ့မိန်းမရဲ့မျက်နှာက ပိုပြီးတော့ထင်ရှားလာလို့လေ။
ဆောင်းဟျော့က ကိုင်ရမလား မကိုင်ဘဲနေရမလားစဉ်းစားရင်း တွ့န်ဆုတ်တဲ့မျက်နှာနဲ့ ဖုန်းကိုင်လိုက်တယ်။
”ဟေ့ကောင် မင်းကိုရီးယားကိုရောက်လာတယ်ဆို၊ ဘယ်တုန်းကရောက်တာလဲ”
လျှပ်စီးလိုအော်သံက နားထဲကိုဝင်လာလာချင်း နားမှာကပ်ထားတဲ့ဖုန်းကို စားပွဲပေါ်မှာချထားလိုက်ရတယ်။
အသံက နဂိုကတည်းကကျယ်တာမို့ စပီကာဖွင့်စရာတောင်မလိုဘူး။
“မနေ့က”
“ဘာလို့မပြောတာလဲ၊ လာရင်လာမယ်လို့ ပြောထားရမှာလေ!”
“မပြောရင်တောင် ဒီလိုသိနေတာကို တစ်ကူးတစ်ကကြီး ဘာလုပ်ဖို့”
ဒေါသထွက်နေတဲ့အသံနဲ့ စိတ်မဝင်စားတဲ့အသံက တော်တော်လေးကွာခြားနေတယ်။
“ခုရောဘယ်မှာလဲ”
“အိမ်”
“ငါနဲ့တစ်ခွက်လောက်သောက်ရအောင်”
“ပင်ပန်းတယ်”
“ငါ မင်းအိမ်လာခဲ့ရမလား”
“မလာနဲ့”
“မင်းဘာလို့ ငါ့ကိုဆိုအိမ်မလာခိုင်းရတာလဲ၊ ငါတွေ့လို့မဖြစ်တဲ့အရာတွေများ ရှိနေလို့လား”
“အဲ့လိုမျိုး မရှိဘူး”
အခုတော့ မရှိပေမဲ့ အရင်တုန်းကတော့ရှိခဲ့တယ်။ ဒါကြောင့်မို့ မလာခိုင်းတာ။
အဲ့မိန်းကလေးကို ဘောမ်ဂျွန်းသိသွားရင် အခက်တွေ့မှာမို့။
ကျွန်တော်မဟုတ်ဘဲ အဲ့မိန်းကလေးက အဲ့လိုဖြစ်ချင်ခဲ့တာမို့လေ။
“အဲဒါဆိုထွက်လာခဲ့၊ တခြားသူတွေပါခေါ်လိုက်မယ်”
ဆောင်းဟျော့က ခေါင်းမာလွန်းတဲ့ဘောမ်ဂျွန်းနဲ့ အငြင်းအခုံလုပ်ဖို့စိတ်မရှည်တာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့တွေ့ရမဲ့ကောင်တွေကို ဒီနေ့ အပြတ်ရှင်းလိုက်တာလည်း မဆိုးလောက်ဘူးထင်လို့ စိတ်ပြန်ပြောင်းလိုက်တယ်။
“လိပ်စာကိုရိုက်ပြီးပို့လိုက်”
တကယ်တော့ နည်းနည်းလေးမှမမူးတဲ့ဘီယာကိုမဟုတ်ဘဲ အရက်ပြင်းပြင်းကိုသောက်ချင်တဲ့စိတ်ကများနေခဲ့တာ။
“အိုကေ”
ဖုန်းချပြီးတော့ နေရာကနေထရပ်ကာ ဘီယာဗူးကိုချေပြီးတော့ ပန်းကန်ဆေးကန်ထဲလှမ်းပစ်ရင်း အဝတ်လဲခန်းထဲကို သွားလိုက်တယ်။
***
မိနစ်သုံးဆယ်ခန့်ကြာပြီးနောက်။
အမှောင်ထဲကနေပေါ်လာတဲ့ တက္ကစီတစ်စီးက ကြီးကျယ်ခမ်းနားတဲ့ အညိုရင့်ရောင်သုံးထပ်တိုက် အဆောက်အအုံရှေ့မှာ ရပ်သွားခဲ့တယ်။
တက္ကစီကနေဆင်းလာတဲ့ဆောင်းဟျော့ဟာ အပေါက်ဝမှာစောင့်နေတဲ့ အထွေထွေမန်နေဂျာရဲ့လမ်းညွန်မှုနဲ့ ကလပ်ထဲကိုဝင်သွားလိုက်တယ်။
ပထမထပ်က စင်မြင့်မှာတော့ နှလုံးကိုတစ်ဒုတ်ဒုတ်ခုန်စေတဲ့တီးလုံးနဲ့ စူးရှတောက်ပနေတဲ့မီးရောင်တွေ၊ ခြေချစရာနေရာမရှိလောက်အောင် လူတွေနဲ့ပြည့်ကျပ်နေခဲ့တယ်။
“တတိယထပ်မှာ ရှိကြပါတယ်”
အထွေထွေမန်နေဂျာနောက်ကိုလိုက်ပြီးတော့ လှေကားကနေတက်သွားတဲ့ဆောင်းဟျော့ဟာ VIPအခန်းထဲကိုဝင်သွားလိုက်တယ်။ ရင်းနှီးနေတဲ့မျက်နှာတွေကနေ
ထည့်ကြသောက်ကြလို့ပြောနေကြတဲ့ အချိန်ကိုက်မှာပင်။
သူ့ကိုအရင်ဆုံးတွေ့တဲ့ဘောမ်ဂျွန်းက အော်ပြောလာတယ်။
“ဆောင်းဟျော့ ရောက်လာပြီဟေ့”
ဘောမ်ဂျွန်းနောက်ကနေ အားလုံးက တစ်သံတည်းနဲ့ သူ့ကိုကြိုဆိုခဲ့ကြတယ်။
ဆောင်းဟျော့ဟာ အထက်တန်းတူတူတက်ခဲ့တဲ့ ဘောမ်ဂျွန်းအပါအဝင် ဒီနေရာမှာစုနေကြတဲ့သူတွေကိုသိပ်မကြိုက်ပေ။
အကျင့်စရိုက်မတူဘူးလို့ပြောရင် ပိုမှန်မလား။
သိထားလို့အရှုံးမရှိတဲ့အိမ်က သားသမီးတွေဖြစ်တာမို့ အသင့်အတင့်ရင်းနှီးမှုကို ထိန်းထားရုံဆက်ဆံရေးလောက်သာ။
အဲ့လိုနဲ့ ချားဆောင်းဟျော့မလိုချင်တဲ့ “ချားဆောင်းဟျော့ကြိုဆိုပွဲ” စတင်ခဲ့တယ်။
***
ယောင်အင်းတစ်ယောက် အိမ်အပြန်လမ်းမှာ ဝမ်းမသာချင်စရာဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့တယ်။
ဖုန်းစကရင်မှာပေါ်လာတဲ့ အစ်ကိုဘောမ်ဂျွန်းဆိုတဲ့ စကားလုံးလေးလုံးကိုမြင်မြင်ချင်း ရှင်းနေတဲ့နှဖူးမှာ အရေးအကြောင်းထင်သွားခဲ့တယ်။
ဒရာမာရိုက်နေတုန်း ခွင့်ပြုချက်မရဘဲနဲ့ ပျောက်သွားတဲ့ သရုပ်ဆောင်သစ်လေးရဲ့နောက်ကိစ္စတွေကိုရှင်းပေးရတာနဲ့ ခြေကုန်လက်ပန်းကျနေတဲ့နေ့ဖြစ်တာကြောင့် ပုံမှန်ထက် ပိုလို့တောင်ဝမ်းမသာခဲ့ဘူး။
ည ၁၂နာရီ ထိုးခါနီးလောက်မှာ အစ်ကိုဖုန်းခေါ်လာရတဲ့အကြောင်းရင်းက ဘာလဲဆိုတာကို ခန့်မှန်းလို့ရနေပြီ။
“ငါအရက်သောက်ထားလို့… လာကြိုဦး”
‘တက္ကစီက ဘာလုပ်ဖို့ထားတာလဲ’ ဆိုတဲ့စကားက လည်ဝထိတက်လာခဲ့ပေမဲ့ မပြောနိုင်ခဲ့ဘူး။
အဲ့လိုပြောလိုက်ရင် ရက်အတော်ကြာလောက် ကျေးဇူးကန်းတယ်ဆိုတဲ့စကားကို ကြားရလောက်မှာမို့လေ။
“ဒါကြောင့်မို့ လူတွေကိုသနားပြီးတော့မကူညီခဲ့ရမှာ” ဆိုတဲ့စကားကိုလည်း နားကန်းလောက်အောင်ကြားရလွန်းလို့ ငြီးငွေ့နေပြီ။
“ဘယ်မှာလဲ”
“The new palace”
တစ်ခါနှစ်ခါလောက် သွားခေါ်ဖူးလို့သိတဲ့နေရာတစ်ခုပင်။ အစ်ကိုက အဲ့ကလပ်ရဲ့ VIPဆိုတာကိုလည်း ကောင်းကောင်းကြီး သိထားခဲ့တယ်။
“မိနစ် ၂၀လောက်တော့ကြာမှာ၊ ရောက်ရင် ဖုန်းခေါ်လိုက်မယ်”
ကြိတ်မှိတ်သည်းခံပြီးတော့ ကားကိုပြန်လှည့်လိုက်တဲ့ယောင်အင်းဟာ ထင်ထားတဲ့အတိုင်း မိနစ် ၂၀လောက်ကြာပြီးနောက်မှာတော့ ကလပ်ရှေ့ကိုရောက်သွားခဲ့တယ်။
လမ်းဘေးမှာကားကိုရပ်ပြီးဖုန်းခေါ်ကြည့်ပေမဲ့ လာကြိုဆိုတဲ့ကာယကံရှင်က ဖုန်းမကိုင်ခဲ့ဘူး။
၁၀ခါခေါ်ပြီးနောက်မှာတော့ ဖုန်းခေါ်ရင်လည်း အဓိပ္ပါယ်မရှိဘူးဆိုတဲ့နိဂုံးကို ရလာခဲ့တယ်။
“ဟူး…….”
ယောင်အင်း ဒေါသထွက်နေတဲ့စိတ်နဲ့ အသက်ပြင်းပြင်းရှူလိုက်ပြီးတော့ ကားထဲကနေထွက်ကာ ကလပ်ထဲကိုဝင်လိုက်တယ်။
ပထမထပ် ဝင်ပေါက်မှာတော့ အမဲရောင် suitကိုဝတ်ထားတဲ့ အစောင့်နှစ်ယောက်က ရပ်နေခဲ့တယ်။
နှစ်ယောက်လုံးက အရပ်ရှည်တဲ့အပြင် ကိုယ်အလေးချိန်လည်း ၁၀၀ကီလိုဂရမ်တော့ အေးအေးဆေးဆေးကျော်ပုံပေါ်တယ်။
မျက်နှာတွေကလည်း ခက်ထန်နေကြတယ်။
ဘယ်သူမဆို ခြိမ်းခြောက်သလိုမခံစားရဘူးဆိုရင် ထူးဆန်းသလိုဖြစ်မှာပေမဲ့ ယောင်အင်းရဲ့အကြည့်ထဲမှာတော့ လုံးဝကြောက်ရွံ့မှုတွေ မရှိခဲ့ဘူး။
ဒီတိုင်း စိတ်ရှုပ်စရာအလုပ်ကို မြန်မြန်ပြီးချင်တဲ့စိတ်ပဲရှိခဲ့တယ်။
“အစ်ကို့ကိုလာခေါ်တာပေမဲ့ ဖုန်းမကိုင်လို့ပါ။ ခဏဝင်ကြည့်လို့ရမလား”
အစောင့်တစ်ယောက်က ပြုံးဖြဲဖြဲလုပ်ပြီးတော့ ပြန်မေးလာတယ်။
“အစ်ကို့နာမည်က ဘာလဲ”
ယောင်အင်းက မနှစ်မြို့တဲ့စိတ်ကိုဖုံးပြီးတော့ အေးအေးဆေးဆေး ပြန်ဖြေလိုက်တယ်။
“ချဲဘောမ်ဂျွန်း”
“အာ အစ်ကိုဘောမ်ဂျွန်းလား”
ထင်တဲ့အတိုင်း ကလပ်သမားပီသတာပဲ။
အဲ့အစောင့် ချက်ချင်းပြန်ဖြေပုံက သူမကိုရယ်ချင်သွားအောင်လုပ်ခဲ့တယ်။
မေးစေ့ကိုနည်းနည်းငုံ့လိုက်တဲ့အစောင့်က ကုတ်ကော်လံမှာတပ်ထားတဲ့မိုက်ကိုကပ်ပြီးတော့ မေးလိုက်တယ်။
“အစ်ကိုဘောမ်ဂျွန်းက အခန်းဘယ်လောက်မှာလဲတဲ့”
ဖောက်သည်အဆင့်ဆိုတာကိုမှန်းမိတဲ့သူက ယောင်အင်းကိုကြည့်ပြီးတော့ ပြုံးလိုက်တယ်။
“အခန်း ၇လို့ပြောတာပဲ”
သူမရဲ့နှုတ်ခမ်းထောင့်ဟာလည်း လှပစွာကွေးသွားခဲ့တယ်။
“ကျေးဇူးပါ၊ ဒါပေမဲ့ စစတွေ့ချင်းမှာတော့ ခဏခဏ သူငယ်ချင်းလိုမပြောနဲ့ပေါ့”
ယောင်အင်းလည်း ကသိကအောက်ဖြစ်သွားလို့ နှုတ်ခမ်းပဲတွန့်လိုက်တဲ့ယောက်ျားကို နောက်မှာထားခဲ့ပြီး ကလပ်ထဲကိုဝင်လာခဲ့တယ်။
ဖြတ်သွားတဲ့ဝန်ထမ်းကိုဆွဲပြီးတော့ အခန်း၇က ဘယ်မှာလဲဆိုပြီးမေးကာ တတိယထပ်အထိတက်လာရတာ ပင်ပန်းပေမဲ့ လျှောက်လမ်းအဆုံးမှာရှိတယ်ဆိုတဲ့ အခန်း၇ကိုသွားတဲ့အချိန် မတွေ့သင့်တာကိုလည်းတွေ့လိုက်ရတယ်။
မွှန်ထူနေမှုတွေထဲလွှမ်းမိုးနေတဲ့လူသားတွေကို ဖြတ်လာတဲ့နေရာနားမှာ လျှောက်လမ်းနံရံကိုမှီပြီး ခပ်ကြမ်းကြမ်းနမ်းနေကြတဲ့ မိန်းကလေးနဲ့ယောကျ်ားလေးရှိခဲ့တယ်။
‘တိရိစ္ဆာန်လည်းမဟုတ်ဘဲနဲ့ မမြင်ရတဲ့နေရာမှာလုပ်ကြပါဟ’
နစ်မြောနေကြတဲ့ လူနှစ်ယောက်ရဲ့ဘေးကနေဖြတ်ကာ အခန်း၇ထဲကိုဝင်ပြီးတော့ အထဲကိုမြန်မြန်လေးကြည့်လိုက်တယ်။
ထိပ်ဆုံးကနေ ဘယ်ညာကို ခုံတန်းရှည်ဆိုဖာတွေနဲ့ဆက်ထားတဲ့နေရာတစ်ခုပင်။
ခြောက်ယောက် ခုနှစ်ယောက်လောက်ရှိတဲ့ အသက်ငယ်ငယ်ယောကျ်ားလေးတွေထဲမှာ တစ်ဝက်လောက်ကတော့ သိတဲ့မျက်နှာတွေပေါ့။
နောက်ပြီးတော့ အဲ့ထဲက
တစ်ယောက်က သူမရဲ့အာရုံကိုဖမ်းစားသွားခဲ့တယ်။
အမြင့်ဆုံးနေရာနဲ့ အလိုက်ဖက်ဆုံးယောကျ်ား။
ပိုက်ဆံရှိတဲ့မိသားစုက,ကလေးတွေတိုင်း အလိုလိုခ,ယရတဲ့လူတစ်ယောက်။
အားလုံးရဲ့အထက်မှာအုပ်ချုပ်တဲ့ အမြင့်ဆုံးစီးပွားရေးသမား ချားဆောင်းဟျော့။
၃နှစ်ကြာပြီးမှပြန်တွေ့တဲ့ လူနှစ်ယောက်ရဲ့အကြည့်က တစ်နေရာထဲမှာဆုံသွားခဲ့တယ်။