Chapter 10
ဟဲယွန်းက ခြေထောက်အားပျော့နေလို့ ခဏခဏယိုင်နေတဲ့ယောင်အင်းရဲ့လက်မောင်းကို ပိုတင်းတင်းကိုင်လိုက်တယ်။
“သန့်စင်ခန်းက ဘယ်မှာပါလိမ့်”
အနီးအနားကို ဝေ့ဝဲကြည့်ခဲ့ပေမဲ့ ခန်းမက နဂိုကတည်းကကျယ်လို့ သန့်စင်ခန်းကဘယ်မှာရှိလဲဆိုတာကို လုံးဝခန့်မှန်းလို့မရခဲ့ဘူး။ မေးကြည့်နိုင်လောက်တဲ့ဝန်ထမ်းတွေလည်း အနီးအနားမှာမရှိခဲ့ဘူး။ ဒါတင်မကဘဲ အသားကုန်ကိုင်ထားရတဲ့ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်းပိုလေးလာခဲ့တယ်။
“အဖွဲ့ခေါင်းဆောင် နည်းနည်းလောက်စိတ်ထိန်းပါဦး”
မူးနေတဲ့သူကတော့ ဘာမှပြန်မပြောခဲ့ဘူး။
“ဂျီဆင်းချန်း ခွေးကောင်”
ဟဲယွန်းက ယောင်အင်းကိုမူးအောင်လုပ်တဲ့သူရဲ့ မျက်နှာကိုတွေးရင်း အံကိုတင်းတင်းကြိတ်လိုက်တယ်။
ဘယ်လောက်ပဲရုပ်ချောပြီး သရုပ်ဆောင်တော်ရင်တောင် ကျွန်မရဲ့အဖိုးတန်အဖွဲ့ခေါင်းဆောင်နဲ့ တစ်ခေါက်လောက်အတူအိပ်ချင်လို့ နန့်နန့်တက်ရွနေတဲ့သူကို ဘယ်လိုအကောင်းမြင်ပေးနိုင်မှာလဲလို့။
“မူးရင် ကျွန်မပြန်ခေါ်သွားပေးမယ်ဆိုတာ သိနေလို့မလား”
ဂိမ်းဆော့ဖို့ပြောတဲ့ အဲ့ဒီမကောင်းတဲ့စိတ်ထားကို ရှင်းရှင်းလင်းလင်းမြင်နေရတာမို့ ဟက်ခနဲတောင် ရယ်ခဲ့မိတော့မလို့။
အနုပညာရှင်ရဲ့မွေးနေ့ပါတီကိုစူးစမ်းချင်ကြတဲ့ တခြားအသင်းသားတွေအတွက် မတတ်သာဘဲလိုက်လာခဲ့ရပြီး Target ဖြစ်သွားတဲ့အဖွဲ့ခေါင်းဆောင်ကို သနားသလိုငုံ့ကြည့်နေတဲ့ဟဲယွန်းက လူရိပ်ကိုခံစားမိလို့ နောက်ကိုလှည့်လိုက်တယ်။
ဝိုင်းစက်သွားတဲ့မျက်လုံးတစ်စုံက သူ့ရှေ့မှာရပ်နေတဲ့သူဆီမှာ စွဲကပ်နေခဲ့တယ်။
“ဥက္ကဌ!”
မျက်မှောင်ကြုတ်ပြီးတော့ ယောင်အင်းကိုကြည့်နေတဲ့ဆောင်းဟျော့ရဲ့အကြည့်က ဟဲယွန်းဆီရောက်သွားခဲ့တယ်။
“ဘာလို့ဒီလောက်တောင် အများကြီးသောက်ထားတာလဲ။ သူ့မွေးနေ့လည်း မဟုတ်ဘဲနဲ့”
ဟဲယွန်းက ဘာလို့လည်းတော့မသိပေမဲ့ စိတ်တိုနေပုံပေါက်တဲ့ သူ့ရဲ့အရိပ်အခြေကို မကြည့်ဘဲမနေနိုင်ခဲ့ဘူး။
“ဂိမ်းဆော့တာရှုံးလို့ ပြစ်ဒဏ်အနေနဲ့…….”
ဆောင်းဟျော့ရဲ့မျက်မှောင်က ပိုကြုံ့သွားခဲ့တယ်။
“ကျွန်တော်ခေါ်သွားလိုက်ပါ့မယ်”
ဟဲယွန်းရဲ့မျက်လုံးတွေ ကျဉ်းသွားခဲ့တယ်။
‘အဖွဲ့ခေါင်းဆောင်ယောင်အင်းကို ကျွန်တော်ခေါ်သွားပေးလိုက်မယ်’လို့ပြောတဲ့ကောင်နဲ့ ဆောင်းဟျော့ရဲ့ပုံကို တစ်ထပ်တည်းတွေ့လိုက်ရတော့ သတိထားရမဲ့စိတ်က တစ်ဟုန်ထိုးမြင့်တက်သွားလို့လေ။ ရုတ်တရက်ပေါ်လာပြီးတော့ ငါ့ဟာကိုပြန်ပေးဆိုတဲ့ပုံစံလိုမျိုးလုပ်နေလို့ ဇဝေဇဝါလည်းဖြစ်သွားခဲ့တယ်။
“ဥက္ကဌက ဘာလို့လဲ”
ဆောင်းဟျော့က သူ့ကိုသတိထားနေတဲ့ ယောင်အင်းကို သဘောတွေ့သွားခဲ့တယ်။ တီးခေါက်ကြည့်ဖို့ပြောလိုက်တာတော့မဟုတ်ပေမဲ့ သူ့ဆီ ယောင်အင်းကို ချက်ချင်းမပေးလိုက်လို့ ကျေးဇူးတင်မိတယ်။
“နာမည်က?”
မနက်တုန်းက ဓာတ်လှေကားထဲမှာလည်းကြားခဲ့သလို နေ့လည်စာစားတုန်းကလည်း ကြားခဲ့ရပေမဲ့ လုံးဝ မမှတ်မိခဲ့ဘူး။
“အန်ဟဲယွန်းပါ”
နာမည်ကို ခေါင်းထဲမှာမှတ်ထားလိုက်ပြီးတော့ ဟဲယွန်းရဲ့အမေးကိုဖြေလိုက်တယ်။
“ယောင်အင်းနဲ့က ကိုယ်ရေးကိုယ်တာအရ ရင်းနှီးပါတယ်”
“ဘယ်လိုမျိုး….”
“အစ်ကို့သူငယ်ချင်း။ တက္ကသိုလ် စီနီယာ။ ဒီလောက်ဆိုရပြီလား”
ရစရာလား။
ဟဲယွန်းက သံသယများတဲ့စရိုက်မျိုးလေ။ ဒါပေမဲ့လည်း ကျွန်မကိုထမင်းကျွေးနေတဲ့သူကို ‘သက်သေပြ’ဆိုပြီးလည်းမပြောနိုင်လို့ ဝေ့ဝိုက်ပြီးသာပြောလိုက်တယ်။
“ကျွန်မကြားဖူးတာမရှိလို့ပါ”
ပျော့နေတဲ့ခန္ဓာကိုယ်ဟာ အဲ့အချိန်မှာ လှုပ်ရှားလာခဲ့တယ်။
ဟဲယွန်းလည်း ဝမ်းသာသွားကာ အကြည့်ကိုလွှဲလိုက်တယ်။
“အဖွဲ့ခေါင်းဆောင်”
ယောင်အင်းက ငုံ့ထားတဲ့ခေါင်းကိုဖြေးဖြေးချင်းမော့လိုက်တာနဲ့တပြိုင်နက် ဟဲယွန်းက ကာယကံရှင်ကိုဆုံးဖြတ်ခိုင်းဖို့လုပ်လိုက်တယ်။
“ကျွန်မ အိမ်အထိလိုက်ပို့ပေးရမလား၊ ဥက္ကဌနဲ့သွားမလား”
အဖြေမရရင် တခြားနည်းလမ်းကိုရှာဖို့စဉ်းစားထားခဲ့ပေမဲ့ အမူးဒဏ်ကြောင့်ဝေဝါးနေတဲ့မျက်လုံးတစ်စုံက သေသေချာချာထွင်းထုထားတဲ့ ရုပ်တုလိုမျက်နှာဆီကို ဦးတည်သွားခဲ့တယ်။
ဆောင်းဟျော့ရဲ့မျက်နှာကို ငေးပြီးတော့မော့ကြည့်နေတဲ့ယောင်အင်းရဲ့ပါးစပ်က နည်းနည်းပွင့်လာခဲ့တယ်။
“ချား……ဆောင်းဟျော့…….”
အဖြေကိုရသွားတဲ့ဟဲယွန်းက ချက်ချင်း ယောင်အင်းရဲ့လက်မောင်းကနေ သူ့လက်ကိုဖြုတ်လိုက်တယ်။
“အဖွဲ့ခေါင်းဆောင်ကို ကောင်းကောင်းအကူအညီတောင်းပါတယ်”
သူက ဥက္ကဌလို့ပဲပြောရုံကို ချားဆောင်းဟျော့ဆိုတဲ့နာမည်က သေသေချာချာထွက်လာပုံထောက်ရင် ဒီထပ်ပိုပြီး စစ်ဆေးစရာမလိုတော့ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့လို့ပဲ။
ဆောင်းဟျော့က ယိမ်းယိုင်နေတဲ့ယောင်အင်းရဲ့နောက်ကျောကို လက်နဲ့ထိန်းပေးပြီးတော့ သူ့ဘက်ကိုဆွဲလိုက်တယ်။ ပိန်သွယ်တဲ့ခန္ဓာကိုယ်က သူ့ရဲ့ရင်ခွင်ထဲကိုရောက်လာခဲ့တယ်။ ခါးသေးသေးလေးကို ဖက်လိုက်တဲ့လက်က အရမ်းကိုသဘာဝကျနေခဲ့တယ်။
ဟဲယွန်းကတော့ ထူးဆန်းတဲ့အခြေအနေဖြစ်နေတဲ့ သူတို့နှစ်ယောက်ကို မသင်္ကာတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်။
အစ်ကို့သူငယ်ချင်းတစ်ဖြစ်လဲ တက္ကသိုလ် စီနီယာ၊ တကယ်အဲ့လောက်ပဲလားဆိုတဲ့ မေးခွန်းကဝင်လာခဲ့တယ်။ အဲ့လောက်လေးနဲ့တော့ မရှင်းပြနိုင်တဲ့ တစ်ခုခုကို ခံစားမိခဲ့တယ်။
စဉ်းစားနေရင်း တစ်ဖြေးဖြေးမှေးကျဉ်းလာတဲ့မျက်လုံးတွေက ရုတ်တရက် ကျယ်သွားခဲ့တယ်။
“အာ ဟုတ်သားပဲ အဖွဲ့ခေါင်းဆောင်ရဲ့အိတ်ကို သွားယူလိုက်ပါဦးမယ်”
“သွားယူပြီးရင် ကုမ္ပဏီကိုပဲယူလာခဲ့လိုက်ပါ”
ဆောင်းဟျော့က ယောင်အင်းကို ဒီထပ်ပိုပြီး ဒီနေရာမှာမထားချင်တော့ပေ။
“ဟုတ်ကဲ့၊ သိပါပြီ။ အဲဒါဆိုကောင်းကောင်းသွားပါ။”
ဟဲယွန်းက ထွက်သွားတဲ့နှစ်ယောက်နဲ့ အဲ့ဘေးနားမှာရစ်သီရစ်သီလုပ်နေတဲ့ ယောကျ်ားတစ်ယောက်ကိုကြည့်နေရင်း ခန္ဓာကိုယ်ကိုပြန်လှည့်လိုက်တယ်။
“ဒါနဲ့ ဥက္ကဌက ဒီမှာဘာလို့ရှိနေတာပါလိမ့်”
တိုက်ဆိုင်တာလို့မတွေးနိုင်တာက ဒီနေ့ နေ့လည်စာစားချိန်တုန်းက သူကိုယ်တိုင် မွေးနေ့ပါတီနေရာကဘယ်မှာလဲဆိုတာနဲ့ ဈေးကြီးလို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်မသွားနိုင်တဲ့နေရာဖြစ်လို့ အဖွဲ့သားတွေဘယ်လောက်ပျော်နေလဲဆိုတဲ့အကြောင်း ပြောပြခဲ့တယ်ဆိုတဲ့ အမှန်တရားကို မှတ်မိတာကြောင့်ပင်။
“တကယ်ပဲ ငါထင်ထားသလိုများလား”
အခန်းထဲကိုလျှောက်သွားတဲ့ဟဲယွန်းရဲ့မျက်နှာမှာ စိတ်လှုပ်ရှားတဲ့အရိပ်အယောင်တွေ ပေါ်နေခဲ့တယ်။
***
ဟဲယွန်းစိတ်ထဲ ဆောင်းဟျော့နဲ့ယောင်အင်းဘေးမှာ ရစ်သီရစ်သီလုပ်နေတယ်လို့ထင်တဲ့ယောက်ျားကတော့ ဂျီဆန်းဖြစ်နေခဲ့တယ်။
ဆောင်းဟျော့ ‘သွားရအောင်’လို့ ပြောကတည်းကနေ ပြူးနေတဲ့မျက်လုံးက သူ့ပင်ကိုယ်အရွယ်အစားကိုပြန်ရောက်မဲ့အရိပ်အယောင် မတွေ့ခဲ့ရဘူး။
သူက မှင်တက်တဲ့စိတ်တစ်ဝက် အံ့ဩတဲ့စိတ်တစ်ဝက်နဲ့ ယောင်အင်းရဲ့မျက်နှာကို တစ်ချက် တစ်ချက် လှည့်ကြည့်နေခဲ့တယ်။
“ဒီလိုတွေ့မယ်လို့တော့ မထင်ထားဘူးပဲ”
ဆောင်းဟျော့ နေရာတွေအများကြီးထဲမှာမှ ဝင်ပေါက်နားမှာ တကူးတကထိုင်ရတဲ့အကြောင်းရင်းကို ခန့်မှန်းမိသွားခဲ့တယ်။
“ယောင်အင်း ဒီနေ့ဒီကိုလာမှာသိလို့ လိုက်လာတာလား။ အခန်းထဲမှာနေရင် ယောင်အင်းဘယ်အချိန်ပြန်မလဲမသိလို့ ဝင်ပေါက်မှာထိုင်တာပေါ့လေ”
ဂျီဆန်းက သိသားပဲဆိုတဲ့ပုံစံနဲ့ တစ်ခစ်ခစ်ရယ်ရင်း ခြေထောက်ကိုကစားနေခဲ့တယ်။
“တစ်မိုးအောက်က ချားဆောင်းဟျော့ကို stalker ဖြစ်အောင်လုပ်တာတဲ့လား။ ယောင်အင်းက တော်တော်အံ့ဩစရာကောင်းတဲ့မိန်းမပဲ”
“လာဖို့အကြောင်းရင်းရှိလို့ပါ၊ ဘယ်သူ့ကိုလာပြီး stalker လို ဆက်ဆံနေတာလဲ”
ဝင်ပေါက်ကိုလျှောက်သွားရင်း ကပ်သီးကပ်ဖဲ့ပြောလိုက်တဲ့ဆောင်းဟျော့က မေးစေ့နဲ့ တစ်နေရာကို ညွှန်ပြလိုက်တယ်။
“ဒီလောက်ပဲစကားများပြီးတော့ ငွေသာသွားရှင်းလိုက်”
“ငါကလား၊ ငါဝီစကီတစ်ခွက်ပဲသောက်တာလေ”
“တစ်ခွက်ကြီးတောင် သောက်တာပဲ။ ငါက ပါးစပ်နဲ့တောင်မထိခဲ့ဘူးဆိုတော့ မင်းရှင်းရမှာပေါ့”
“ဟင်? အေးပါ…….”
ဂျီဆန်းက ခဏစိတ်ရှုပ်သွားရာကနေ ကောင်တာကို အမြန်ပြေးသွားခဲ့တယ်။
ပိုက်ဆံရှင်းပြီးတော့ ပြန်လာတဲ့အချိန် သူတို့နှစ်ယောက်ရဲ့ပုံရိပ်ကိုတော့ မတွေ့ရတော့ဘူး။
အမြန်လှေကားပေါ်ကိုပြေးတက်သွားတဲ့ ဂျီဆန်းရဲ့မျက်လုံးထဲမှာ ဆောင်းဟျော့ရဲ့နောက်ကျောပုံရိပ်ကို တွေ့လိုက်ရတယ်။
ယောင်အင်းက မျက်လုံးမှိတ်ပြီးတော့ သူ့ရဲ့ပုခုံးပေါ်မှာ ငြိမ်ငြိမ်လေးခေါင်းမှီထားခဲ့တယ်။ ဆောင်းဟျော့ရဲ့လက်အကြီးကြီးက ယောင်အင်းရဲ့ ခေါင်းကိုကိုင်ထားတာကိုကြည့်ရသလောက်တော့ မှီနေတာမဟုတ်ဘဲ မှီခိုင်းထားတာလို့ပြောရင် ပိုမှန်မယ်ထင်တယ်။
လှုပ်နေတဲ့နှုတ်ခမ်းထောင့်ကို ထိန်းလိုက်တဲ့ဂျီဆန်းက valet parking အပ်ထားတဲ့ကားကိုစောင့်နေတဲ့ ဆောင်းဟျော့ရဲ့ဘေးကို သွားရပ်လိုက်တယ်။
“အစကတည်းကနေ ဒီလိုအစီအစဉ်နဲ့ ကားကိုယူလာတာလား။ ဒီလိုလုပ်ဖို့ အရက်လည်းမသောက်တာပေါ့”
“ဒီလိုစီစဉ်ထားတာတော့ဟုတ်ပေမဲ့ တကယ်ဒီလိုဖြစ်လာမယ်မှန်းတော့ မသိခဲ့ဘူး”
“ဟမ်?”
ဘာတွေပြောနေတာလဲဟ။
ဂျီဆန်းက ဒီနေ့ဆောင်းဟျော့ပြောတဲ့စကားတွေထဲက တစ်ဝက်ကိုတော့ နားမလည်ခဲ့ဘူး။
အဲ့အချိန်မှာပဲ လူသုံးယောက်ရှေ့မှာ Black SUV တစ်စီးရပ်သွားခဲ့တယ်။
ဂျီဆန်း ရှေ့ကိုတစ်လှမ်းတိုးကာ ခရီးသည်ထိုင်ခုံတံခါးကိုဖွင့်ပေးတာနဲ့ ဆောင်းဟျော့က ယောင်အင်းကို အသာလေးချီပြီး ခရီးသည်ထိုင်ခုံမှာထိုင်ခိုင်းခဲ့တယ်။ ကွဲလွယ်တဲ့အရာတစ်ခုကိုကိုင်ထားသလိုမျိုး လှုပ်ရှားမှုသေးသေးလေးကိုတောင်မှ အရမ်းဂရုစိုက်ပြီးလုပ်ခဲ့တယ်။
ခရီးသည်ထိုင်ခုံတံခါးကိုပိတ်လိုက်တဲ့ဆောင်းဟျော့က ဂျီဆန်းကို တစ်ချက်ကြည့်လိုက်တယ်။
“အရင်သွားနှင့်ပြီ”
“ဒါနဲ့ မင်းငါ့ကို ဒီနေ့အရေးကြီးစကားပြောစရာရှိတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား”
“ယောင်အင်းကိုအိမ်ပြန်ပို့ဖို့လောက်တော့ အရေးမကြီးဘူး”
ဂျီဆန်းရဲ့မျက်နှာက ရှုံ့မဲ့သွားခဲ့တယ်။
“အေးပါအေးပါ အရမ်းအဆင်ပြေနေမှာပဲ”
“ဖုန်းဆက်လိုက်မယ်”
ဂျီဆန်းက မောင်းသူနေရာကိုလျှောက်သွားတဲ့ ဆောင်းဟျော့ဆီ လက်ယမ်းပြခဲ့တယ်။ သေချာပေါက် ဆောင်းဟျော့ကတော့ ကြည့်တောင်မကြည့်ခဲ့ပေ။
***
ဆောင်းဟျော့က မောင်းသူနေရာမှာထိုင်ထိုင်ချင်း ခရီးသည်ခုံဘက်ဆီ ခန္ဓာကိုယ်ကိုလှည့်လိုက်တယ်။
ဆောင်းဟျော့ ခါးပတ်ပတ်ပေးဖို့အတွက် ခါးကိုနည်းနည်းကိုင်းလိုက်တော့ နှင်းဆီနံ့သင်းသင်းလေးက နှာခေါင်းထိပ်ဖျားကို ဖြတ်သွားခဲ့တယ်။ အရင်လိုမျိုး ချဲယောင်အင်းရဲ့ခန္ဓာကိုယ်ကို စိတ်ကြိုက်ထိတွေ့ပြီး ချဲယောင်အင်းရဲ့ရနံ့ကို အပိုင်ယူချင်တဲ့လောဘတွေက မြင့်တက်လာခဲ့တယ်။
မရိုးသားတဲ့ဆန္ဒတွေကို ခက်ခက်ခဲခဲမျိုချလိုက်ကာ ခါးပတ်ပတ်ပေးပြီးတော့ ခါးကိုပြန်မတ်လိုက်တယ်။
မဟုတ်မှလွဲရောဆိုတဲ့စိတ်နဲ့ နှာခေါင်းအောက်မှာ လက်ထားကြည့်လိုက်တော့ အသက်ရှုတဲ့လေငွေ့နွေးနွေးလေးကို ခံစားလိုက်ရတယ်။
စိတ်အေးသွားတဲ့ဆောင်းဟျော့က အိပ်ပျော်နေတဲ့ယောင်အင်းရဲ့မျက်နှာကို တစ်စိမ့်စိမ့်ပင် ပေါ်တင်ကြည့်နေလိုက်တယ်။
တကယ်လို့ သူမလာဘူးဆိုရင်တောင် ဟဲယွန်း ကောင်းကောင်းဂရုစိုက်ပေးမှာလို့တော့ထင်ပေမဲ့ လာလိုက်တာကောင်းသွားတယ်လို့ တွေးမိသွားတယ်။
တကယ်တော့ ဂျီဆန်းနဲ့တွေ့ဖို့လုပ်ထားတာက မနက်ဖြန်မှဆိုပေမဲ့ ယောင်အင်းတက်မဲ့ မွေးနေ့ပါတီနေရာက ဘယ်မှာလဲဆိုတာကိုသိလိုက်ရလို့ ဒီနေ့ကိုရွှေ့ခဲ့လိုက်တာ။
ထမင်းစားတဲ့အချိန်တုန်းက ဟဲယွန်း ကျွန်တော်ရှိနေတာကိုခဏမေ့ပြီးတော့ ပြောလိုက်တဲ့စကားကပဲ အဆုံးအဖြတ်ပေးခဲ့တာလေ။
“ဆင်းချန်း အရင်တစ်ခေါက် ကုမ္ပဏီညစာစားပွဲတုန်းကလိုမျိုး အဖွဲ့ခေါင်းဆောင်ဆီကိုပဲ ဆက်တိုက်အရက်ထိုးပေးနေမှာတော့ စိုးရိမ်မိပါတယ်။ ဘာကြံနေလဲ သိသာနေတာကို ဘာလို့အဲ့လိုလုပ်နေရတာလဲ မသိဘူး”
အာရုံစိုက်နေမိလို့ လာခဲ့ရုံတင်၊ ယောင်အင်း တကယ်မူးသွားမယ်မှန်းတော့ မသိခဲ့ဘူး။
အဲ့အချိန်မှာပဲ ခရီးသည်ထိုင်ခုံဘက်ကမှန်ကို အသာလေးခေါက်တဲ့အသံ ကြားလိုက်ရတယ်။
ကြည့်လိုက်တော့ valet parking ဝန်ထမ်းက လက်နှစ်ဖက်နဲ့ လမ်းဘက်ကို ရိုရိုကျိုးကျိုးညွှန်ပြနေခဲ့တယ်။
ကားဖယ်ပေးဖို့ပြောတယ်ဆိုတာကို ရိပ်မိသွားတဲ့ဆောင်းဟျော့က ချက်ချင်း ခါးပတ်ပတ်လိုက်တယ်။ ပြီးတော့ ကားကိုစမောင်းခဲ့တယ်။
သူက ခုနတုန်းက ကျွန်တော့်နောက်ကိုလိုက်မယ်ဆိုတဲ့ ယောင်အင်းကိုပြန်တွေးရင်း တိတ်တိတ်လေးပြုံးရာကနေ မီးပွိုင့်မီးနီနဲ့ကြုံတာနဲ့ ခရီးသည်ထိုင်ခုံဘက်ကိုကြည့်လိုက်တယ်။
ဘယ်တုန်းကနိုးလာလဲမသိတဲ့ယောင်အင်းက ကြောင်နေတဲ့ပုံစံနဲ့ မျက်တောင်ခတ်နေခဲ့တယ်။
ယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မူးနေတဲ့သူကိုကြည့်ရတာကို မကြိုက်ဆုံးပင်။ အတူမူးတာလည်းမဟုတ်ဘဲနဲ့ တစ်ယောက်ထဲ စိတ်လွတ်နေတဲ့အချိန်ဆို ပိုဆိုးတာပေါ့။ ဒါပေမဲ့ ဒီမိန်းမကိုတော့ ဘာလို့အရမ်းမူးနေတာတောင် မကြည့်ချင်တာမျိုးမဖြစ်တာလဲဆိုတာက မေးခွန်းတစ်ခုဖြစ်လာခဲ့တယ်။
“ထပ်အိပ်ဦး”
မောင်းသူဘက်ကို နည်းနည်းလှည့်ပြီးထိုင်တဲ့ယောင်အင်းက ဖြေးဖြေးချင်း နှုတ်ခမ်းကိုဖွင့်လာတယ်။
“ရား…ချားဆောင်းဟျော့….”
ဆောင်းဟျော့ရဲ့မျက်လုံးက နူးညံ့စွာကွေးညွှတ်သွားခဲ့တယ်။ တွဲနေတဲ့အချိန်တုန်းကလည်း ခေါင်းမာမာနဲ့ စီနီယာလို့ပဲခေါ်တဲ့ချဲယောင်အင်းရဲ့ပါးစပ်ကနေ ထွက်လာတဲ့ကျွန်တော့်နာမည်က နားထောင်လို့ကောင်းခဲ့တယ်။
“မဟုတ်မှ ငါ့ဆီကနေ အထားခံရတာကို… ခံပြင်းတာလား…? ဒါကြောင့်မို့… ဒီလိုလုပ်နေတာလား…?”
ဆောင်းဟျော့က ယောင်အင်းရဲ့အမေးကိုဖြေဖို့အတွက် ကိုယ့်ခံစားချက်ကို သေသေချာချာပြန်ဆန်းစစ်ကြည့်ခဲ့တယ်။
ဘယ်လောက်ပဲစဉ်းစားစဉ်းစား ခံပြင်းတာတော့မဟုတ်ခဲ့ဘူး။
နောင်တရရုံ။
အဲ့လို အထားမခံခဲ့ရမှာ၊ အဲ့လိုလွယ်လွယ်နဲ့ လက်မခံပေးခဲ့ရမှာဆိုပြီး အရိုးထဲထိနောင်တရခဲ့တယ်။
“အထားမခံရခင်တုန်းက အထားခံခဲ့ရလို့……နောင်တရနေတာဆိုရင်… ငါ အထားခံပေးမယ်…. ဒါဆို ရ……ပြီလေ…….”
အတွေးထဲကနေပြန်ထွက်လာတဲ့သူက သဘာဝကျကျနဲ့ပြန်ပြောလိုက်တယ်။
“ငါမင်းကိုထားဖို့ဆိုရင် ငါတို့ပြန်တွဲမှရမှာလေ”
“အော်… အဲ့ဒါကတော့ နည်းနည်းအခက်တွေ့တယ်…….”
ရှာလိပ်နေတဲ့အသံကတောင် ချစ်စရာကောင်းစရာလား။
“ငယ်ငယ်တုန်းကတော့ ချစ်ဖို့ကောင်းတယ်ဆိုတဲ့စကားကို ပြန်ရုပ်သိမ်းတယ်။ ငယ်ငယ်တုန်းကရော အခုရော ချစ်စရာကောင်းတာပဲ”
မူးနေတာတောင် ယောင်အင်းကရှက်သွားသလိုပုံစံနဲ့ အကြည့်ကိုလွှဲလိုက်တာကြောင့် သူလည်း အသံထွက်ပြီးရယ်မိသွားတယ်။ ဒီလိုမရယ်တာ ဘယ်လောက်တောင်ကြာပြီလဲမသိဘူး၊ ခံစားချက်က သစ်လွင်နေခဲ့တယ်။
“အိမ်ရောက်တဲ့အထိ နည်းနည်းထပ်အိပ်လိုက်ဦး”
ဆောင်းဟျော့က ညာဘက်လက်ကိုဆန့်ပြီးတော့ ယောင်အင်းရဲ့မျက်လုံးကိုကာလိုက်တယ်။ အဖြေအစား အပေါ်အောက် ခေါင်းကိုအသာလေးလှုပ်လိုက်တာကို ခံစားမိခဲ့တယ်။
ခဏကြာလို့ ပြန်ကြည့်ကြ
ည့်လိုက်တော့ ယောင်အင်းက စကားကောင်းကောင်းနားထောင်တဲ့ကလေးလိုမျိုး အိပ်ပျော်နေခဲ့တယ်။
ကျွန်တော့်ရှေ့မှာ ချစ်စရာကောင်းတဲ့ချဲယောင်အင်းကိုတွေ့လိုက်ရတော့ နှလုံးသားက တရွရွဖြစ်သွားခဲ့တယ်။
“အခုတလော နေ့တိုင်းအရက်တိုက်လိုက်ရမလား”
သူက လေးလေးနက်နက် တွေးလိုက်တယ်။