Chapter 11
ကျောက်တုံးကြီး အဖိခံထားရသလိုမျိုး လေးလံနေတဲ့မျက်ခွံတွေကို ပွင့်ရုံလောက်ပဲ ဖွင့်နိုင်ခဲ့တယ်။
ခေါင်းထဲမှာ မြူမှိုင်းနေသလိုမှုန်ဝါးနေကာ တစ်ကိုယ်လုံးလေးလံနေတဲ့အခြေအနေမှာပဲ မှုန်ဝါးနေတဲ့မြင်ကွင်းက ထင်ရှားလာပြီးတော့ မရင်းနှီးတဲ့မျက်နှာကျက်တစ်ခုကို တွေ့လိုက်ရတယ်။
‘ဒါ ဘယ်နေရာလဲ’
မေးခွန်းထုတ်နေတဲ့မျက်လုံးတွေနဲ့ အခန်းထဲကို ဖြေးဖြေးချင်းလှည့်ပတ်ကြည့်လိုက်တယ်။ ပြီးတော့ အဖြေကို တွေ့သွားခဲ့တယ်။
‘ငါက ဘာလို့ဒီမှာ’
တစ်ပိုင်းချင်း တစ်ပိုင်းချင်း ထွက်လာတဲ့မှတ်ဉာဏ်အပိုင်းအစတွေကို အသည်းအသန်စုစည်းပြီးနောက်မှာတော့ အခု ဖြစ်ပျက်ခဲ့တာတွေကို ဟိုတစ်စဒီတစ်စ မှတ်မိလာခဲ့တယ်။
ဟဲယွန်းရဲ့အကူအညီနဲ့ အခန်းထဲကထွက်လာရင်းကနေ ကားမောင်းသူနေရာမှာထိုင်နေတဲ့ ဆောင်းဟျော့ရဲ့မျက်နှာ၊ စိတ်ထဲမှာပြန်ပေါ်လာတာနဲ့တစ်ပြိုင်နက် ရင်းနှီးတဲ့အသံကို နားထဲမှာကြားလိုက်ရတယ်။
‘နိုးပြီလား’
ဒီနေရာက မရင်းနှီးတဲ့နေရာမဟုတ်ဘဲ အကြာကြီးနေမှပြန်ရောက်ဖြစ်တဲ့နေရာဆိုတာကို ပြောပြနေတဲ့အသံပေါ့။
ယောင်အင်းရဲ့ မှတ်ဉာဏ်တွေက လွန်ခဲ့တဲ့ ၃ နှစ်ဆီကို ပြန်ရောက်သွားခဲ့တယ်။
လက်ချောင်းတစ်ချောင်းလေးတောင် မ,မနိုင်လောက်တဲ့အထိ အားမကျန်အောင် တစ်ညလုံး ညလုံးပေါက်ထားပေမဲ့ ပင်ပန်းပုံတစ်စက်မှမရှိဘဲ အမြဲတမ်း တက်ကြွနေတဲ့ ချားဆောင်းဟျော့။
‘မင်းက နဂိုကတည်းကလေ့ကျင့်ခန်းမလုပ်လို့ ငါလုပ်ခိုင်းနေရတာလေ’
မုန်းစရာကောင်းလောက်အောင် မျက်နှာပြောင်ခဲ့တဲ့သူရဲ့စကားကို နားထဲမှာပြန်ကြားယောင်လာခဲ့တယ်။
ကိုယ့်ကိုကိုယ်သတိမထားမိလိုက်ခင် အတိတ်ဟောင်းမှာ နစ်မျောသွားတဲ့ယောင်အင်းက လက်ရှိကိုစိတ်ပြန်ရောက်လာကာ အမြန်ပဲထထိုင်လိုက်တယ်။
မဟုတ်မှ!
ပြူးကျယ်သွားတဲ့မျက်လုံးတွေက အလျင်တဆော အောက်ဘက်ကိုဦးတည်သွားခဲ့တယ်။
ကိုယ်လုံးတီးမဟုတ်ဘူးဆိုတာကို အတည်ပြုပြီးတဲ့အချိန်မှသာ ကျုံ့ထားတဲ့ပခုံးတွေက တဖြည်းဖြည်းပြေလျော့သွားခဲ့တယ်။
“ဘာလုပ်နေတာလဲ”
အတတ်နိုင်ဆုံး အဆိုးဆုံး အခြေအနေကိုရှောင်လွှဲနိုင်ခဲ့တဲ့အတွက် စိတ်သက်သာရသွားတာလည်း ခဏပင်၊ ယောင်အင်းဟာ ကုတင်နားကိုလာနေတဲ့ ဆောင်းဟျော့ကိုရှောင်ပြီးတော့ ဖြေးဖြေးချင်း အနောက်ကိုဆုတ်လိုက်တယ်။
ကုတင်ခေါင်းရင်းတိုင်နဲ့ ကျောကပ်သွားတာနဲ့တစ်ပြိုင်နက် သူက ကုတင်စွန်းမှာတင်ပျဉ်ခွေ ထိုင်ချခဲ့တယ်။ ချားဆောင်းဟျော့နဲ့အရမ်းလိုက်ဖက်တဲ့ လန်းဆန်းတဲ့သစ်တောရနံ့လေးက နှာခေါင်းထဲကိုဝင်လာခဲ့တယ်။
“ဘာလဲ ငါ သတိလွတ်နေတဲ့လူကို တစ်ခုခုလုပ်လိုက်မှာဆိုးလို့လား”
“…….”
‘လုပ်ချင်ရင် လုပ်နိုင်တယ်မလား’ဆိုတဲ့စကားက လည်ချောင်းဝမှာ ယားကျိကျိဖြစ်နေပေမဲ့ ယောင်အင်းတစ်ယောက် ထုတ်တော့မပြောနိုင်ခဲ့ဘူး။ စိတ်ထဲကအတွေး မျက်နှာမှာအပြည့်အဝပေါ်တတ်တာကတော့ ပြဿနာတစ်ခုပေါ့။
ဆောင်းဟျော့က မျက်မှောင်ကြုတ်လိုက်တယ်။
“ငါ့ကို ဘယ်လို မြင်နေတာလဲ”
ချားဆောင်းဟျော့က အဲ့လောက်ထိအဖြစ်မရှိတဲ့ယောကျာ်းမဟုတ်တာကို တခြားသူတွေထက် အသိဆုံးဖြစ်ပေမဲ့လည်း အလကားသက်သက် စွပ်စွဲဖို့လုပ်ခဲ့တဲ့ကာယံကံရှင်က ကိုယ့်အမှားကိုဝန်ခံသလိုမျိုး ဖြေးဖြေးချင်း မျက်လွှာချလာတယ်။
“ငါက မူးနေတဲ့မိန်းမကို ထိရလောက်တဲ့အထိ အမှိုက်ကောင်မဟုတ်ဘူး။ မင်းဘက်က လိုချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့”
သူ ထပ်ထည့်ပြောလိုက်တဲ့စကားကြောင့် ဒေါပွသွားတဲ့ယောင်အင်းက မျက်လုံးကိုလှန်ကြည့်ပြီးတော့ ကန့်ကွက်ပြောလာခဲ့တယ်။
“ကျွန်မဘက်ကတော့ လိုချင်စရာအကြောင်းမရှိဘူး”
“လူ့အရေးဆိုတာ မသိနိုင်တဲ့ကိစ္စဖြစ်တာမို့ အာမခံပြီးမပြောနဲ့”
ထပ်ပြီး ငြင်းခုံပွဲကို လုပ်ရဦးမှာလား။
အတွေးနဲ့တင်ပင်ပန်းလာတဲ့ယောင်အင်းက သက်ပြင်းချပြီးတော့ အကြည့်ကိုအောက်ရွှေ့လိုက်တဲ့အချိန် ဆောင်းဟျော့ အခု အင်္ကျီမဝတ်ထားဘူးဆိုတာကို သိသွားခဲ့တယ်။ သန်မာတဲ့ရင်ဘတ်ပေါ်မှာရပ်သွားတဲ့အကြည့်တွေကို အမြန်ခွာလိုက်တယ်။
“…… အဝတ် အရင်ဝတ်လိုက်တာ မကောင်းဘူးလား”
အရမ်းရင်းနှီးတဲ့ပုံစံဖြစ်တာမို့ ဘယ်လိုမှမနေဘဲကြည့်မိခဲ့တာကို နောက်ကျမှရှက်လာခဲ့တယ်။ သတိထားမိသွားတဲ့အချိန်မှာတော့ အကြည့်ထားစရာနေရာ မရှိတော့ဘူး။
“ခုမှ ရေချိုးပြီးတော့ ထွက်လာတာနဲ့ မင်းများနိုးနေပြီလားဆိုပြီး ခဏ ဝင်ကြည့်တာ”
ရည်ရွယ်ထားတာမဟုတ်ကြောင်း ရှင်းပြပြီးတော့ ထဖို့ပြင်တဲ့ဆောင်းဟျော့ဟာ ယောင်အင်းရဲ့ မျက်လုံးတွေ သူ့လက်ထဲမှာကိုင်ထားတဲ့ရေဘူးဆီကို ရောက်နေတယ်ဆိုတာ ရိပ်မိသွားမိခဲ့တယ်။ ဆောင်းဟျော့က နည်းနည်းပြုံးလိုက်ပြီးတော့ ရေဘူးကိုအဖုံးဖွင့်ပေးပြီး ယောင်အင်းဆီကမ်းပေးလိုက်တယ်။
“သောက်လိုက်”
ယောင်အင်းက မငြင်းခဲ့ဘူး။ မဟုတ်ဘူး.. မငြင်းနိုင်ခဲ့တာ။
နှုတ်ခမ်းတွေခြောက်သွေ့ပြီး လည်ချောင်းထဲမှာပူလောင်နေသလို ရေငတ်နေတဲ့အချိန်မှာ တစ်မိုးအောက် ရန်သူက ကမ်းပေးလာတဲ့ရေဖြစ်ပေမဲ့ မသောက်နိုင်စရာလား။
အခန်းထဲမှာ ဂလု ဂလု ဆိုပြီး ရေသောက်တဲ့အသံတွေနဲ့ ပြည့်သွားခဲ့တယ်။
အနောက်ကိုလှန်ထားတဲ့လည်တိုင်က နဂိုနေရာကိုပြန်ရောက်လာတဲ့အချိန်မှာတော့ ရေက ၃ပုံ ၂ပုံ ပဲကျန်တော့တယ်။
ဆောင်းဟျော့မှာတော့ ဖြူဖွေးနေတဲ့လည်တိုင်ရှည်လေးဆီကနေ ခက်ခက်ခဲခဲ အကြည့်လွှဲလိုက်ရတယ်။ မျက်လုံးထဲမှာဝဲနေတဲ့ မဖြူစင်တဲ့အပူတွေလည်း အမြန်ပျောက်သွားခဲ့တယ်။
ယောင်အင်းရဲ့လက်ထဲကနေ ရေသန့်ဘူးကိုပြန်ယူပြီးတော့ ကျန်နေတဲ့ရေတွေကို သူ့ပါးစပ်ထဲလောင်းထည့်လိုက်တယ်။
ယောင်းအင်းကျန်တဲ့ အစားအစာကို အကုန်ရှင်းပေးတာက သူ့အတွက်တော့ အရမ်းကိုရင်းနှီးတဲ့ကိစ္စ ဖြစ်ခဲ့တယ်။ လွယ်လို့ရော အကျန်တွေကိုနှမျောလို့ရော မဟုတ်ခဲ့ဘူး။
တကယ်လို့ တစ်ယောက်ယောက်ကျန်တဲ့ဟာကိုသာ သူ့ကိုစားဖို့လာပေးရင် ဆဲမိမှာပေမဲ့ ထူးဆန်းစွာပဲ ချဲယောင်းအင်း ကျန်တဲ့ဟာကိုတော့ သူ့အလိုလို လက်ရောက်သွားတတ်တယ်။ ဒီလောကမှာ ကိုယ့်ဟာကလွဲပြီး မရွံတတ်တဲ့တံတွေးဆိုတာ ယောင်းအင်းတစ်ယောက်တည်းရဲ့ဟာပဲ။
ဆောင်းဟျော့က အချိန်ကိုက်မှာပင် အခြေအနေကိုပေါ့ပါးသွားစေတာမို့ ယောင်းအင်းလည်း သူနဲ့ဘာပြောနေလဲဆိုတာကို မေ့သွားခဲ့တယ်။ သူ အရင်အတိုင်း အပေါ်ပိုင်းဗလာနဲ့ရှိနေဆဲကိုရော။
အာခေါင်ခြောက်တာပျောက်သွားပြီး နေလို့ကောင်းသွားတဲ့အခါ ရှိသမျှမေးခွန်းအားလုံးက ပြန်ပေါ်လာခဲ့တယ်။
“စီနီယာ၊ ကျွန်မဘာလို့ ဒီမှာရှိနေတာလဲ။ မနေ့က သေချာပေါက် ဟဲယွန်းနဲ့အတူရှိခဲ့တာကို……”
“အန်ဟဲယွန်းဆီ ငါ မင်းကို ခေါ်သွားမယ်လို့ ပြောခဲ့တာ။ မင်းလည်း သဘောတူတယ်လေ”
ဆောင်းဟျော့ ချက်ချင်းပဲ သူ့စကားကို ပြန်ပြင်လိုက်တယ်။
“တိတိကျကျပြောရရင်တော့ သဘောတူတာမဟုတ်ဘဲ မင်းငါ့ကို ရွေးခဲ့တာလေ”
ယောင်းအင်ရဲ့မျက်လုံးတစ်စုံ ပြူးကျယ်သွားခဲ့တယ်။
“ကျွန်မကလား”
“အန်ဟဲယွန်းက ဘယ်သူနဲ့သွားမလဲမေးတော့ မင်းကိုယ်တိုင် မင်းပါးစပ်နဲ့ ငါ့နာမည်စာလုံးသုံးလုံးကို သေသေချာချာ ပြောခဲ့တာလေ”
ယောင်းအင်းလည်း မျက်မှောင်ကြုတ်ကာ မှတ်ဉာဏ်တွေကို စမ်းတဝါးဝါး ရှာကြည့်လိုက်တယ်။ ဒါပေမဲ့ သိပ်မှတ်မိလာတာ မရှိခဲ့ဘူး။
“မယုံရင် အန်ဟဲယွန်းဆီ ကိုယ်တိုင်မေးကြည့်ပေါ့”
မေးကြည့်ဖို့စိတ်ကူးတော့ မရှိခဲ့ဘူး။ လိမ်ပြောနေတယ်လို့ မထင်တာမို့။
ဒါပေမဲ့ သတိလွတ်နေတဲ့အခြေအနေမှာ ချားဆောင်းဟျော့ကိုရွေးချယ်မိခဲ့တဲ့ အဖြစ်ကိုတော့ တော်တော်လေး စိတ်ရှုပ်သွားခဲ့တယ်။ သူ့အပေါ်စိတ်ယိုင်နေမိတာကို ပြတ်ပြတ်သားသားဖြတ်ပစ်ဖို့ပဲ တတ်နိုင်တဲ့ ဆက်ဆံရေးမှာ ‘လက်ကျန်သံယောဇဉ်မို့’ ဆိုပြီးတော့ ကိုယ့်ကိုကိုယ်ပါလှည့်စားဖို့လုပ်ခဲ့တာက အရောင်ပျောက်သွားတော့မလို အနေအထားတစ်ခုပင်။
အသည်းအသန် မျက်နှာလွှဲဖို့ကြိုးစားခဲ့တဲ့ ကိုယ့်နှလုံးသားနဲ့ မျက်နှာချင်းဆိုင်တွေ့လိုက်ရတဲ့ကိစ္စတစ်ခုက အဲ့လောက်ထိ ပျော်စရာမကောင်းခဲ့ဘူး။ ဒါတင်မကဘဲ ကိုယ့်ကိုကိုယ်လည်း မျက်နှာပြောင်နဲ့မိသွားသလို ခံစားချက်တောင်ဖြစ်ခဲ့တယ်။
“ဒါတော့ ထားလိုက်ပါတော့၊ ကျွန်မကို ဘယ်ကနေ တွေ့လိုက်တာလဲ”
အေးအေးဆေးဆေး ဖြစ်ယောင်ဆောင်နေရတာနဲ့ မျက်နှာကြွက်သားတွေက လှုပ်ရှားလာခဲ့တယ်။
“Lounge bar မှာ”
“စီနီယာက ဘာလို့အဲ့မှာရှိတာလဲ”
“သူငယ်ချင်းနဲ့ ချိန်းထားလို့လေ”
“ချိန်းထားတာရှိရဲ့သားနဲ့ မနေ့က အားလုံးအတူ ညစာစားရအောင်လို့ ပြောခဲ့တာလား”
“မင်းဆီကအငြင်းခံရလို့ပျင်းနေတာနဲ့ ဒီနေ့ချိန်းထားတာကို မနက်ဖြန်ရွှေ့လိုက်တာ”
ယောင်အင်းက အဓိပ္ပါယ်မရှိလိုက်တာဆိုတဲ့ပုံစံနဲ့ ဟက်ခနဲရယ်လိုက်တယ်။
“အဲ့နေ့ဆိုပြီး ပြောထားပြီးမှ ဘာလို့လူကို နှလုံးသားမရှိတဲ့သူလိုဖြစ်အောင် လုပ်တာလဲ”
“ဟုတ်ပါပြီ နောက်ကျရင် ကြိုပြီးပြောမယ်”
ဆောင်းဟျော့က ရယ်ရင်းနဲ့ စကားတစ်ခွန်းကို ထပ်ပေါင်းပြောလိုက်တယ်။
“မနက်ဖြန် ညစာစားရအောင်”
ယောင်းအင်းလည်း အခွင့်အရေးကိုလက်မလွှတ်တဲ့သူကို ဝေ့ကြည့်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်တယ်။
“အစကတည်းက အဲ့ Lounge bar မှာချိန်းထားတာလား”
“မဟုတ်ဘူး တခြားနေရာမှာ၊ နာမည်ကြီးတဲ့နေရာဆိုတော့ သွားကြည့်ချင်လို့ ချိန်းထားတဲ့နေရာကို ပြောင်းလိုက်တာ”
“လိမ်နေတာ”
“အင်း လိမ်ပြောတာပါ”
သူက အေးအေးဆေးဆေး ဝန်ခံလိုက်ပြီးတော့ အမှန်အတိုင်း ရိုးရိုးသားသား ပြောပြလိုက်တယ်။
“ဂျီဆင်းချန်းလား ဘာလား။ သူ့ကို အာရုံစိုက်နေမိလို့ သွားခဲ့တာ။ အဲ့ဒီကောင် မင်းကို တစ်ခုခုလုပ်လိုက်မှာ ဆိုးလို့”
“အဲ့ကောင် ကျွန်မကို တစ်ခုခု လုပ်မလုပ်ကို စီနီယာက ဘာလို့အာရုံစိုက်နေတာလဲ”
“ဘာလို့လဲဆိုတာသိရဲ့သားနဲ့ ဘာလို့မေးတာလဲ”
“…….”
ပြောစရာစကားပျောက်ရှသွားတဲ့ ယောင်အင်းက နှုတ်ခမ်းကိုပဲ ကိုက်လိုက်တယ်။
အကြောင်းရင်းကိုမသိလို့ မေးလိုက်တာ မဟုတ်ဘူး။ အာရုံလာမစိုက်နဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့ ပြောခဲ့ရုံသာ။ ဒါပေမဲ့သူက တစ်ဆင့်ထပ်တက်သွားခဲ့တယ်။
“နောက်ကျရင် အရက်သောက်တဲ့နေရာမှာ ဂိမ်းမဆော့နဲ့”
“ဆော့ချင်လို့ဆော့တာ မဟုတ်ပါဘူး။ တစ်ယောက်ထဲထွက်နေလို့မရတဲ့ အခြေအနေဖြစ်ခဲ့တာမို့ပါ”
ဟဲယွန်းရှိတာမို့ စိတ်အေးလက်အေးရှိနေတာရော ဂိမ်းရှုံးလို့ဆက်တိုက်သောက်ရတာရောကြောင့် မြန်မြန် မူးလာပြီးတော့ ဘာမှမလုပ်နိုင်တော့တာကလည်း တစ်ကြောင်းဖြစ်ခဲ့တယ်။ မနေ့ကလိုကိစ္စမျိုး နောက်တစ်ကြိမ်ထပ်ရှိတော့မှာမဟုတ်ပေမဲ့ ခံပြင်းတဲ့အပိုင်းလည်း မရှိတာတော့မဟုတ်ခဲ့ဘူး။
“ဆော့ကိုဆော့ရမယ်ဆိုရင် ငါ့ကိုခေါ်လိုက်၊ ငါ အစားဝင်ပြီးလုပ်ပေးမယ်”
“…….”
ယောင်အင်းက ကိုယ့်ကိုကိုယ်တောင်မသိလိုက်ခင်မှာ အစားထိုးလိုရောက်လာမဲ့သူ့ပုံစံကို တွေးကြည့်လိုက်တယ်။ အားလုံးလန့်သွားကြမဲ့ပုံကို စဉ်းစားမိတော့ ရယ်ချင်သွားခဲ့တယ်။
“ငါ့ကိုမခေါ်ဘူးဆိုရင်တော့ အခုကစပြီး အရက်သောက်ရင် ငါနဲ့ပဲသောက်”
“ဖြတ်လိုက်ပါပြီ။ အခု သောက်တော့မှာမဟုတ်ဘူး”
“….”
ဆောင်းဟျော့က တစ်ကူးတစ်ကကြီးဖြတ်ဖို့လိုလို့လားဆိုပြီး စကားကိုကောင်းကောင်းလေး ပြန်ပြောလိုက်တယ်။ ချစ်စရာကောင်းတဲ့ချဲယောင်အင်းကို ဆက်တွေ့ချင်တဲ့မျှော်လင့်ချက်နဲ့အတူ။
“ဒါနဲ့ ကျွန်မကို ဘာလို့ဒီခေါ်လာတာလဲ။ ကျွန်မအိမ်ဘယ်မှာလဲဆိုတာ သိတဲ့လူက”
“ငါသာ မင်းအိမ်ကိုခေါ်သွားပေးလိုက်ရင် မင်းမိသားစုက ထူးထူးဆန်းဆန်း မစဉ်းစားလောက်ဘူးလား။ ငါ့ဘက်ကတော့ ပြဿနာမရှိပေမဲ့ မင်းမကြိုက်လောက်ဘူးထင်လို့ ငါ့အိမ်ကိုခေါ်လာလိုက်တာ မှားသွားတာလား”
အရက်အများကြီးသောက်ပြီးတော့ ရည်းစားဟောင်းအိပ်ရာမှာ မျက်စိပွင့်လာတာထက် ထူးဆန်းတာဘာရှိဦးမလဲလို့ တွေးမိပေမဲ့၊ အဲ့လိုဆိုရင်တောင် အစ်မက ရေးကြီးခွင်ကျယ်လုပ်နေမဲ့ပုံစံကို စိတ်ကူးကြည့်တော့ ဒီအိမ်ကိုခေါ်လာတာကိုလည်း အပြစ်ဆိုချင်စိတ်မရှိတော့ဘူး။
“စီနီယာရဲ့အိမ်ကို ရောက်လာတဲ့အထိ ကောင်းပါတယ်။ ဒါပေမဲ့ ဒီအိမ်မှာ ဧည့်သည်ခန်းရှိတယ်လေ”
“မင်းကို ဧည့်သည်ခန်းမှာ ဘာလို့သိပ်ရမှာလဲ၊ မင်းက ငါ့အတွက် ဧည့်သည်မှမဟုတ်တာ”
“ကျွန်မက ဧည့်သည်မဟုတ်ရင် ဘာလဲ။ တစ်ယောက်နဲ့တစ်ယောက် သိတဲ့ဆက်ဆံရေးဆိုတော့ အသိလို့ပြောရမလား”
“ဧည့်သည်လည်း မဟုတ်ဘူး အသိလည်း မဟုတ်ဘူး၊ အဲ့ဒါတွေထက် လုံးဝပိုနီးကပ်တဲ့ ဆက်ဆံရေးလေ”
“တစ်ချိန်တုန်းကနီးကပ်ခဲ့တဲ့ ဆက်ဆံရေးသာသာပါ၊ အခုကတော့ မဟုတ်တော့ပါဘူး”
ယောင်းအင်းက ပစ္စုပ္ပန်မဟုတ်ဘဲ အတိတ်သာသာဖြစ်တယ်ဆိုတာကို ဖြတ်ပြီးတော့ပြောလိုက်တယ်။ သူ့ကိုပြောတဲ့စကားပေမဲ့ ကိုယ့်ကိုကိုယ်ပြောတဲ့စကားလည်းဟုတ်တယ်။
အာရုံမစုစည်းနိုင်လောက်အောင် အရှိန်မြန်မြန်နဲ့ အကွာအဝေးတိုးလာနေတဲ့သူ့ကို အခုပဲဖြစ်ဖြစ် မတားဘူးဆိုရင် ပိုပင်ပန်းလာရမယ်ဆိုတာကို သိနေတာကြောင့်။
အခုမှ သူ့ခံစားချက်ကိုသတိထားမိသွားတဲ့ ဆောင်းဟျော့အတွက်တော့ အသုံးမဝင်တဲ့ကိစ္စဆိုတာကို မသိလိုက်ပေမဲ့လည်း။
“အင်း အခုတော့ မဟုတ်သေးဘူးပေါ့”
ချားဆောင်းဟျော့ဆိုတာ နောက်ထပ်ခြေနှစ်လှမ်း လှမ်းဖို့အတွက် တစ်လှမ်းနောက်ဆုတ်တတ်ဖို့သိတဲ့ ယောကျာ်းတစ်ယောက်။ ဒါပေမဲ့ သေချာပေါက် ချဲယောင်အင်းဆိုတဲ့ မိန်းမအတွက်ပဲ ကန့်သတ်ထားတဲ့အရာပေါ့။
တစ်ကူးတစ်ကကြီး တွက်ချက်ပြီးတော့ပြောမယ်ဆို ယောင်အင်းပြောတာ မမှားခဲ့ဘူး။ အတိတ်နဲ့ ပစ္စ္ပုပ္ပန်ကတော့ မှန်တယ်၊ အနာဂတ်ကို မပြောခဲ့ရုံသာ။ ‘မကြာခင် ပြန်နီးကပ်လာမယ့် ဆက်ဆံရေး’ လို့ပြောမယ်ဆို ပိုတိကျတယ်။
“မင်းလည်း ငါ့ကိုအိမ်ရှင်လိုမဆက်ဆံခဲ့ဘူးဆိုတော့ ကျေပြီလို့ထားလိုက်ကြတာပေါ့”
ယောင်အင်းဟာ စကားလမ်းကြောင်းပြောင်းဖို့အတွက် ဆောင်းဟျော့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်တဲ့ငါးစာကို အမြန်ဖမ်းလိုက်တယ်။
“ကျွန်မက ဘာကို ဘယ်လိုလုပ်ခဲ့လို့လဲ”
“အိမ်ရှင်နာမည်ကိုခေါ်ပြီးတော့ ဟေ့ ၊ နင်လို့ ပြောတယ်လေ”
ယောင်အင်း အံ့ဩပြီးတော့ မျက်လုံးပြူးသွားခဲ့တယ်။
“ကျွန်မကလား’
ဒီနေ့တင် နှစ်ကြိမ်ပြောပြီးသွားတဲ့ စကားတစ်ခွန်း။
“အင်း မင်းလေ ဘယ်သူဖြစ်ဦးမှာလဲ၊ ဘာမှ မမှတ်မိဘူးလား”
“…….”
ဟိုဟိုဒီဒီ လှုပ်ရှားနေတဲ့မျက်လုံးတွေက ရုတ်တရက် လှုပ်ရှားမှုရပ်သွားခဲ့တယ်။ သူ့ကို အဲ့လိုပြောခဲ့တဲ့ကိုယ့်ပုံစံကို ရေးရေးလေး သတိရသွားလို့ပင်။
ယောင်အင်းရဲ့အမူအရာကို အသေးစိတ်ကြည့်နေတဲ့ဆောင်းဟျော့က နှုတ်ခမ်းထောင့်ကိုတွန့်ကာ ပြုံးလိုက်တယ်။
“မှတ်မိသွားတဲ့ပုံပဲ”
“မဟုတ်ပါဘူး ဘာမှကို မမှတ်မိဘူး”
ယောင်အင်းလည်း မမှတ်မိသလို လုပ်လိုက်တယ်။ ပြန်တိုက်ခိုက်ခံရမယ်မှန်းသာသိခဲ့ရင် မလုပ်ခဲ့လောက်မှာပေမဲ့။
“အဲ့ဒါဆို ငါ့ကို ချစ်တယ်လို့ဝန်ခံခဲ့တာကိုလည်း မမှတ်မိလောက်ဘူး”
ယောင်အင်းရဲ့မျက်လုံးတွေဟာ ထွက်ကျလာတော့မတတ် ပြူးကျယ်လာခဲ့တယ်။
“ကျွန်မဘယ်တုန်းက ပြောလို့လဲ”
“ဘာမှ မမှတ်မိဘူးဆိုပြီးတော့ ဘာလို့ဆွေ့ဆွေ့ခုန်နေတာလဲ။ ပြောခဲ့နိုင်တာပဲလေ”
“ပြောခဲ့စရာအကြောင်းမရှိဘူး”
အဲ့ဒီလိုဖြစ်မယ်လို့ ယုံကြည်ခဲ့တယ်။ သေချာပေါက် အဲ့လို ဖြစ်ခဲ့မှရမယ်။
“ဒါဆို ငါပြောခဲ့တာလား”
“…….”
ယောင်အင်းက ပိုပါးနပ်လာတဲ့သူကို ကိုင်တွယ်နိုင်စွမ်းမရှိတော့တာကြောင့် တိတ်တိတ်လေးသာ ပါးစပ်ပိတ်နေလိုက်တယ်။
ဆောင်းဟျော့က ရယ်မောရင်းနဲ့ နေရာကနေထလာခဲ့တယ်။
“ရေချိုးပြီး ထွက်လာလိုက်”
ယောင်အင်း မဖြေချင်ဖြေချင်နဲ့ ပြန်ပြောလိုက်တယ်။
“အိမ်ပြန်ပြီး ချိုးလို့
ရပါတယ်”
“ဒါဆို ဒီတိုင်းထွက်လာပြီး အမူးဖြေလိုက်တော့၊ မင်းကြိုက်တဲ့ ပဲပင်ပေါက်ဟင်းရည် မှာပေးထားတယ်”
“…….”
ယောင်အင်းဟာ ဘာမဟုတ်တာလေးကိုတောင် အားလုံးမှတ်မိနေတဲ့ယောကျာ်းရဲ့ နောက်လှည့်ပြီးအိပ်ခန်းကနေထွက်သွားတဲ့ပုံစံကို ဘာမှမပြောဘဲကြည့်နေရာကနေ အိပ်ရာပေါ်ကဆင်းလာခဲ့တယ်။