Chapter 12
ယောင်အင်းဟာ အိပ်ခန်းနဲ့ရေချိုးခန်းကြားမှာရှိတဲ့ အမျိုးသမီးသုံး သန့်စင်ခန်းထဲကို မလှမ်းချင်လှမ်းချင် လျှောက်သွားခဲ့တယ်။
ဒီအိမ်ရဲ့နေရာတိုင်းကို သေချာသိနေတဲ့ကျွန်မပုံစံကို ရယ်ပဲရယ်ရမလား ငိုပဲငိုရမလားလေ။
မှန်ရှေ့မှာရပ်လိုက်တဲ့ သူမ ချက်ချင်းမျက်မှောင်ကြုတ်လိုက်တယ်။ မသေမသပ်ပုံစံက မနှစ်သက်ဖွယ်ဖြစ်နေတာကြောင့်..။
“ငါအခု ဒီမှာ ဘာလုပ်နေတာပါလိမ့်…..”
ရည်းစားဟောင်းအိမ်မှာ ဒီလိုလုပ်နေတဲ့ကျွန်မ ကိုယ့်ကိုကိုယ်ပျာယာခတ်မိပြီး အဓိပ္ပာယ်မရှိဖြစ်နေတာနဲ့မတူစွာ ဒီအထိ သူ့သဘောအတိုင်းခေါ်လာတဲ့ဆောင်းဟျော့ကိုတော့ ဒေါသမဖြစ်မိဘူး။
တော်တယ်လို့မဆိုနိုင်သလို အမှားလုပ်တယ်ဆိုပြီးလည်းမပြောနိုင်တဲ့ တော်တော်လေးကိုထူးဆန်းတဲ့ ခံစားချက်မျိုး ဖြစ်ခဲ့တယ်။
ယောင်အင်း ဖရိုဖရဲဖြစ်နေတဲ့ဆံပင်နဲ့ ဝတ်ထားတဲ့အဝတ်ကို ခဏလောက်ပြင်ပြီးတော့ အိပ်ခန်းထဲကနေ ထွက်လာခဲ့တယ်။
ကော်ရစ်တာကိုဖြတ်ပြီး ဧည့်ခန်းဆီကိုဦးတည်သွားနေတဲ့ သူမရဲ့မျက်နှာပေါ်မှာ နက်ရှိုင်းတဲ့ခံစားချက်တွေ ပေါ်လာခဲ့တယ်။ ဒီအိမ်ပိုင်ရှင်လိုပဲ ဒီအိမ်လည်း ပြောင်းလဲသွားတာမရှိခဲ့ဘူး။
အလွတ်ကြီးဖြစ်နေတဲ့ဧည့်ခန်းမှာ ခဏလောက်ခြေလှမ်းကိုရပ်ပြီး ယောင်အင်းက မီးဖိုချောင်ဘက်ကို ခေါင်းလှည့်ကြည့်လိုက်တယ်။ အိမ်ပိုင်ရှင်က ထမင်းစားပွဲရှေ့မှာရပ်ပြီးတော့ အစားအစာပါဆယ်ထုပ်ကို ဖြည်နေခဲ့တယ်။
“သွားတော့မယ်”
ဆောင်းဟျော့က တစ်ချက်ကြည့်လာတယ်။
“စားပြီးမှ သွား”
သူ တည်တည်ငြိမ်ငြိမ်နဲ့ပဲ စကားကိုဆက်ပြောလိုက်တယ်။
“မင်းကို ကျွေးဖို့အတွက် ဘယ်ဆိုင်ကပိုစားကောင်းလဲဆိုပြီး ရီဗျူးတွေအထိတောင် အသေးစိတ်ဖတ်ထားတဲ့သူရဲ့စိတ်ရင်းကို လျစ်လျူမရှုနဲ့”
“…….”
ယောင်အင်းက ခဏလောက်စဉ်းစားပြီးတော့ ထမင်းစားပွဲဆီကို လှမ်းသွားခဲ့တယ်။ နောက်ပြီးမှ ထိုင်ခုံကို ဆွဲထိုင်ပြီးတော့ တစ်ခါသုံးကျပ်ဖာအဖုံးကိုဖွင့်နေတဲ့သူကို ငြိမ်ငြိမ်လေး ခေါင်းမော့ကြည့်လိုက်တယ်။
စေတနာကို လျစ်လျူမရှုနိုင်လို့.. အဲ့ဒါကြောင့်လေးပဲ။
သင့်တော်တဲ့ အကြောင်းရင်းကိုဖန်တီးပေးတဲ့သူ့ကို ကျေးဇူးတင်တဲ့စိတ်ဝင်မိပေမဲ့ မသိချင်ယောင်ဆောင်ဖို့ လုပ်လိုက်တယ်။
ဒီနေ့အထိပဲ။
******
ယောင်အင်းက ဟင်းရည်နွေးနွေးလေးတစ်ခွက်ကို အကုန်အပြောင်ရှင်းလိုက်တယ်။
အန်ချင်သလိုဖြစ်နေတဲ့ရင်ဝက တော်တော်လေးနေလို့ကောင်းသွားပြီးတော့ ထုံနေတဲ့ပါးစပ်ကလည်း ပိုပျော့ပျောင်းလာခဲ့တယ်။
ယောင်အင်းဇွန်းကိုချလိုက်တာနဲ့ ပြုံးပြုံးလေးကြည့်နေတဲ့ဆောင်းဟျော့က နှမြောသလိုမျက်နှာပုံစံ လုပ်လာခဲ့တယ်။
“ထမင်းလည်း နည်းနည်းစားလေ”
“ထမင်းတော့ မစားနိုင်တော့ဘူး၊ မဝင်နိုင်ဘူး ဖြစ်နေတယ်”
“အင်းပါ အတင်းစားရင်းနဲ့ အစာမကျေဖြစ်ရင် ပိုပြီးအဆင်မပြေဖြစ်လိမ့်မယ်”
“ရှင်းလင်းတာကိုတော့ ကျွန်မ လုပ်လိုက်ပါ့မယ်”
“အင်းပါ တောင်းဆိုပါတယ်”
ဆောင်းဟျော့ဘက်က ယဉ်ကျေးမှုအရပဲဖြစ်ဖြစ် မလုပ်နဲ့ဆိုပြီးမပြောတာက ယောင်အင်းကို နည်းနည်းလောက်ထပ်ပြီး ကြည့်ချင်လို့ပဲ။ ဒီလိုလေးတောင် မလုပ်ဘူးဆိုရင် ချက်ချင်း ပြန်တော့မှာမို့လေ။
ထင်ထားသလိုပဲ ယောင်အင်းက သန့်ရှင်းရေးလုပ်ပြီးပြီးချင်း နှုတ်ဆက်စကားကို ပြောလာခဲ့တယ်။
“ကျေးဇူးပဲ။ ဒုက္ခပေးရလို့ အားလည်းနာပါတယ်”
ဆောင်းဟျော့က စိတ်တိုင်းမကျဘူးဆိုတဲ့သဘောနဲ့ မျက်နှာကို မှုန်ကုပ်ကုပ်လုပ်လိုက်တယ်။ တကယ်ပဲ ဘာလို့ဒီလိုတွေလုပ်နေရတာလဲဆိုပြီး ပေါက်ကွဲတာကမှ ပိုကောင်းသေးတယ်။ ဒီလိုလက်တွေ့ကျတဲ့ နှုတ်ဆက်မှုမျိုးက မနီးစပ်သလိုခံစားရလို့ မုန်းတီးမိတယ်။
“ငါ့ကိုတော့ အဲ့လိုစကားတွေပြောဖို့မလိုဘူး။ ကျေးဇူးတင်တဲ့စကားရော အားနာတဲ့စကားရော မပြောနဲ့”
“အဲ့ဒါဆို ဘယ်လိုမျိုး ပြောစေချင်တာလဲ”
“လျှောက်လည်ရအောင်၊ ထမင်းစားရအောင်၊ သတိရတယ် ပြောစရာစကား ဘယ်လောက်တောင် များလိုက်လဲ”
“…….”
ယောင်အင်းက အဖြေနေရာမှာ စိုက်ကြည့်ပေးရင်းနဲ့သာ အစားထိုးလိုက်တယ်။
“ဒါဆို အဲ့စကားတွေကိုတော့ ဖြည်းဖြည်းချင်းပြောဖို့လုပ်ပြီး ဒီနေ့တော့ အရင်ဆုံးလိုက်ပို့ပေးဖို့ပြောကြည့်”
“တက္ကစီ စီးသွားလိုက်ပါ့မယ်”
ဆောင်းဟျော့က အဲ့လိုပြောမယ်မှန်းသိနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ အေးဆေးစွာ ပြန်တုံ့ပြန်လိုက်တယ်။
“ပိုက်ဆံလည်းမရှိဘဲနဲ့ တက္ကစီဘယ်လိုစီးမှာလဲ”
“ပိုက်ဆံက ဘာလို့မရှိရမှာလဲ”
“ပိုက်ဆံအိတ်က လက်ကိုင်အိတ်ထဲမှာ ရှိတာမဟုတ်ဘူးလား”
“အာ ဟုတ်သားပဲ၊ ကျွန်မလက်ကိုင်အိတ် ဘယ်မှာလဲ”
“အန်ဟဲယွန်း ကုမ္မဏီကို ယူလာပေးလိမ့်မယ်”
ခဏလောက်ပျာယာခတ်သွားပေမဲ့ ယောင်အင်းက ချက်ချင်းပဲ ဖြေရှင်းစရာနည်းလမ်းကို ရှာတွေ့သွားခဲ့တယ်။
“ပိုက်ဆံအိတ်မရှိလည်း ရပါတယ်။ ဖုန်းနဲ့ ငွေချေလို့ရတယ်လေ။ အခုခေတ်မှာ ဖုန်းထဲမှာ အကြွေးဝယ်ကဒ် ၁ ခု ၂ ခုလောက်ကို စာရင်းမသွင်းထားတဲ့သူ ရှိသေးလို့လား”
ယောင်အင်းရဲ့နှုတ်ခမ်းမှာ အပြုံးလေးပေါ်လာရတာက ရိုးလွန်းတဲ့အကြံကို သေချာလေးဖြတ်တောက်နိုင်လိုက်တဲ့ ပီတိကြောင့်ပင်။ ဒါပေမဲ့ အဲ့ဒီအပြုံးလေးက ဆောင်းဟျော့ရဲ့မေးခွန်းကြောင့် အစအနမရှိ ပျောက်သွားခဲ့တယ်။
“ဖုန်းကရော ဘယ်မှာလဲ”
“…….”
“…….”
ဒုတိယအကြိမ် ပျာယာခတ်သွားသူရဲ့မျက်လုံးအိမ်က ဟိုဟိုဒီဒီလှုပ်ခတ်သွားခဲ့တယ်။ Lounge bar မှာ လက်ကိုင်ဖုန်းကို အိတ်ထဲထည့်လိုက်တဲ့မှတ်ဉာဏ်က ပြန်ပေါ်လာခဲ့တယ်။
“အိမ်အထိ လမ်းလျှောက်သွားရင် နောက်ကျမယ်ထင်တယ်၊ ၂ ရက်မြောက် ရုံးတက်တဲ့နေ့ကနေ နောက်ကျရင်ရော အဆင်ပြေမှာလား”
ဆောင်းဟျော့က ယောင်အင်းရဲ့ စိတ်နေစိတ်ထားကို သူများတွေထက် ကောင်းကောင်းသိထားခဲ့တယ်။ အစွဲအလမ်းကြီးလွန်းတယ်လို့ဆိုရင်လည်း ဆိုရလောက်အောင် ကျောင်းတက်ချိန် ရုံးတက်ချိန်စသဖြင့် ချိန်းဆိုထားတဲ့အချိန်တိုင်း စေ့စပ်တိကျတဲ့ချဲယောင်အင်းက နောက်ကျဖို့ကို ရွေးချယ်စရာအကြောင်းမရှိတာမို့။
“ဒီကနေချက်ချင်း ကုမ္ပဏီကိုသွားရင်တော့ နောက်မကျလောက်ဘူး”
ယောင်အင်းလည်း မျက်နှာတည်တည်နဲ့ ပခုံးတွန့်ပြီး ဂုဏ်ယူသလိုလုပ်နေတဲ့သူကိုကြည့်ကာ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်တယ်။
“အိမ်ကိုပြန်ပြီး ရေချိုးအဝတ်အစားလဲပြီးတော့ ရုံးတက်မှာပါ”
“အိမ်ကို ဘယ်လိုပြန်မလို့လဲ”
ဆောင်းဟျော့ရဲ့အပြုံးက ‘ဒီလောက်နဲ့ပဲ လက်လျှော့ပြီးတော့ လိုက်ပို့ဖို့ပြော’ ဆိုပြီး ပြောနေခဲ့တယ်။ ဒါပေမဲ့ ယောင်အင်းကတော့ လွယ်လွယ်နဲ့ အရှုံးမပေးခဲ့ဘူး။
“ပိုက်ဆံ ချေးပေးပါ’
သူ့ဆီမှာတော့ နည်းနည်းလေးတောင် အလုပ်မဖြစ်တဲ့စကားတစ်ခွန်းပဲ။
“ရင်းနှီးတဲ့သူတွေကို ငွေအချေးအငှားမလုပ်ရဘူးတဲ့”
“ဒါဆို ကျွန်မတို့ကတော့ လုပ်လို့ရတာပဲလေ”
“တခြားလူနဲ့လုပ်ရင်တောင် မင်းနဲ့တော့မလုပ်ဘူး”
“ငါက တကယ် အကျင့်ပုတ်တယ်လေ…….”
ဆောင်းဟျော့က အီစိမ့်စိမ့်နဲ့ လက်ပိုက်ပြီးတော့ညည်းညူရေရွတ်နေတဲ့ ယောင်အင်းကို စောင့်ကြည့်နေခဲ့တယ်။ သူ့ရဲ့အောင်နိုင်မှုအပေါ် ယုံကြည်မှုအပြည့်နဲ့။
နောက်ဆုံးမှာတော့ ယောင်အင်းရဲ့နှုတ်ကနေ သူလိုချင်တဲ့အဖြေ ထွက်လာခဲ့တယ်။
“လိုက်ပို့ပေးပါ”
ဆောင်းဟျော့ရဲ့နှုတ်ခမ်းထောင့်က နူးညံ့စွာကွေးသွားခဲ့တယ်။
“ဒီနေ့ မင်းပြောတဲ့ စကားတွေထဲမှာ စိတ်တိုင်းအကျဆုံးစကားပဲ”
သေချာပေါက် ယောင်အင်းအတွက်တော့ ဒီနေ့ သူ့နှုတ်ကနေထွက်လာတဲ့ စကားထဲမှာ စိတ်တိုင်းမကျဆုံး ဖြစ်ခဲ့တယ်။
“သွားမယ်”
ယောင်အင်းစိတ်ထဲမှာတော့ ရွေးချယ်စရာမရှိတဲ့ဆုံးဖြတ်ချက်လို့ ဖြေသိမ့်ပြောရင်း သူ့နောက်ကနေ လိုက်သွားခဲ့တယ်။
***
နှစ်ယောက်သား အတူတူ မြေအောက်ကားပါကင်ဆီကို ဆင်းသွားခဲ့ကြတယ်။
ကားရှေ့ခန်းမှာစီးတဲ့ယောင်အင်းက ဆောင်းဟျော့ဆီကို ဂရုတစိုက်နဲ့မေးခဲ့တယ်။
“ကျွန်မ ကျွန်မခြေထောက်နဲ့ ကားပေါ်တက်ခဲ့တာလား”
“မဟုတ်ဘူး ကားထဲကိုပွေ့တင်ပေးတာရော ကားပေါ်ကနေကုန်းပိုးပြီးဆင်းခဲ့တာရော ငါပဲ”
“ဪ……”
ရှက်သွားတဲ့ ယောင်အင်းက အလကားသက်သက် မေးလိုက်မိပြီလို့ စဉ်းစားရင်း ဖြည်းဖြည်းချင်း ထိုင်ခုံခါးပတ်ကို ပတ်လိုက်တယ်။ ဒီနေ့ကနေစပြီး ‘ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ’ဆိုတဲ့ ပညာရှိစကားကို စိတ်ထဲမှာ နက်နက်နဲနဲထည့်ထားဖို့ လုပ်လိုက်တယ်။
ကျေးဇူးတင်စွာပဲ သူက အိမ်ရှေ့ရောက်တဲ့အထိ တိတ်တိတ်လေးနေပေးခဲ့တယ်။
တိတိကျကျပြောရရင်တော့ ယောင်အင်းရဲ့ အိမ်ရှေ့မဟုတ်ဘဲ ယောင်အင်းရဲ့အိမ်တံခါးမကြီးကနေ မီတာ အနည်းငယ်လောက်ဝေးတဲ့နေရာမှာ ဆောင်းဟျော့ရဲ့ကားက ရပ်သွားခဲ့တယ်။
လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဆောင်းဟျော့အမြဲတမ်း ယောင်အင်းကိုချပေးတဲ့နေရာပေါ့။ ယောင်အင်းဘက်ကနေ ချစေချင်တဲ့နေရာလည်း ဖြစ်ခဲ့တယ်။
“ကျေးဇူး…….ကားကို ဂရုစိုက်မောင်းပါ”
ယောင်အင်းက စကားကိုအမြန်ပြောင်းလိုက်တော့ ဆောင်းဟျော့ရဲ့မျက်နှာပေါ်မှာ ကျေနပ်တဲ့ အပြုံးက ထင်ဟပ်လာခဲ့တယ်။
“အင်း ဂရုစိုက်မယ်”
စိတ်ဆိုးနေတဲ့ကြောင်လေးလို ပြုမူနေရင်းကနေ နောက်ဆုံး အဆုံးအဖြတ်ပေးရမဲ့အချိန်မှာတော့ စကားကောင်းကောင်း နားထောင်တဲ့ကလေးလိုမျိုး ကျွန်တော့်စကားကို အသာတကြည်လိုက်လျောပေးလို့ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလဲဆိုရင်။
မလုပ်ချင်တဲ့ကိစ္စဆိုရင်တောင် သူက ယောင်အင်း လုပ်ချင်တာအားလုံးကို လိုက်လျောပေးခဲ့တဲ့အကြောင်းရင်းဆိုလည်းဟုတ်တယ်။
နောက်ကျရင်တော့ တောင်းဆိုမှုအားလုံးကို လိုက်လျောပေးမဲ့စိတ် မရှိတော့ဘူး။ အားလုံးကို လိုက်လျောပေးရင် အရင်ဆုံး ယောင်အင်းရဲ့မျက်စိရှေ့ကနေ ထွက်သွားပေးရမှာဖြစ်တာမို့။
“အာ ပြောရဦးမယ် ယောင်အင်း”
ဆင်းဖို့အတွက် ကားတံခါးကိုဖွင့်နေတဲ့ ယောင်အင်းတစ်ယောက် တုံ့ဆိုင်းသွားခဲ့တယ်။ ချိုသာတဲ့ အခေါ်အဝေါ်ကြောင့် နှလုံးသားက တဒုတ်ဒုတ်နဲ့ခုန်နေခဲ့တယ်။
ယောင်အင်းက ဘာခံစားချက်မှမရှိတဲ့ပုံစံပေါက်အောင် အတင်းကြိုးစားရင်းနဲ့ ကားမောင်းသူနေရာကို လှည့်ကြည့်လိုက်တယ်။
“ဘောမ်ဂျွန်းက ငါ SL အင်တာတိန်းမန့်ကိုသွားတာကို အခုထိမသိသေးဘူး။ ဟဲဆောင်းက SL နဲ့ ကုမ္ပဏီချင်း ပေါင်းလိုက်တာကိုလည်း သေချာပေါက် သိမှာမဟုတ်ဘူး။ တစ်ခြားလူဆီကနေ မသိသေးခင် မင်းဘက်ကနေ အရင်ဆုံးပြောလိုက်”
ဆောင်းဟျော့ဟာ ယောင်အင်းတစ်ယောက် အိမ်မှာဆို ဘဲရုပ်ဆိုးလိုဆက်ဆံခံရတာကိုသိရက်နဲ့ ဘာမှလုပ်မပေးနိုင်တာကို စိတ်မကောင်းဖြစ်ပြီးတော့ မွန်းကြပ်ခဲ့တယ်။ ဒါပေမဲ့ ကာယကံရှင်ကိုယ်တိုင်က မလိုချင်တာမို့ မဆင်မခြင်နဲ့ ဝင်ပါလို့မရခဲ့ဘူး။
“သိပါပြီ”
ကျေးဇူးတင်တယ်ဆိုတဲ့စကားကိုမျိုသိပ်ပြီးတော့ ကားပေါ်ကဆင်းလာတဲ့ယောင်အင်းက သူ့ရဲ့အကြည့်ကို ခံစားမိရင်း အိမ်ဘက်ကို လျှောက်သွားလိုက်တယ်။
တံခါးမကြီးထဲကိုဝင်သွားပြီးလို့ ဘယ်လောက်မှမကြာသေးခင်မှာ ကားတစ်စီးက အသံလေးလေးကြီးနဲ့ တံခါးမကြီးရှေ့ကနေ ဖြတ်မောင်းသွားခဲ့တယ်။
ယောင်အင်းက အဲ့အသံကိုမကြားရတော့တဲ့အချိန်အထိ တိတ်တဆိတ်ရပ်နေရာကနေ ပြန်ပြီးတော့ ခြေလှမ်း လှမ်းလာခဲ့တယ်။
***
ဆောင်းဟျော့ဟာ ကားမောင်းရင်းနဲ့ မနေ့ညက ယောင်အင်းကိုကုန်းပိုးပြီး အိမ်ပြန်နေတုန်းက ပြောခဲ့တဲ့ စကားဝိုင်းကို ပြန်ပြီးတော့ စဉ်းစားကြည့်ခဲ့တယ်။
“ဒီလိုလုပ်မှာဆိုရင်…..ကျွန်မ ဒီလောက်ပဲ……တွဲရအောင်လို့ ပြောတုန်းက….ဘာလို့…..အေးပါလို့ပဲ ပြောခဲ့တာလဲ…..”
ယောင်အင်းရဲ့နှုတ်ကနေထွက်လာဖို့ စိတ်တောင်မကူးထားတဲ့ မေးခွန်းဖြစ်ခဲ့တယ်။ ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် မေးကြည့်ခဲ့တဲ့မေးခွန်းကို ယောင်အင်းဆီကို ပြန်မေးခဲ့လိုက်တယ်။
“အဲ့ဒီတုန်းက ငါသာ လမ်းမခွဲဘူးလို့ပြောခဲ့ရင် ငါတို့ လမ်းမခွဲဘဲနေမှာလား”
“မဟုတ်ဘူး……လမ်းခွဲခဲ့မှာပါပဲ…..”
ကိုယ့်ရဲ့အပြုအမူကို နောင်တရစရာမလိုဘူးဆိုတာ သိလိုက်ပေမဲ့လည်း လုံးဝကို စိတ်ထဲမှာမပေါ့ပါးသွားခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်ကတော့တူညီခဲ့မှာဆိုတဲ့အတွေးနဲ့ ခါးသက်မိတဲ့တစ်ခဏမှာ ၊ မကြား တကြားပြောနေတဲ့ အသံတိုးတိုးလေးကို ကြားလိုက်ရတယ်။
“ဒါပေမဲ့လည်း…..နည်းနည်းတော့…..စိတ်မကောင်းဖြစ်တာ သက်သာမှာပေါ့…..”
တော်တော်လေးမူးနေတဲ့အချိန် ပြောတဲ့စကားဆိုပေမဲ့လည်း ပြန်တွေ့ပြီးနောက်ပိုင်း ယောင်အင်းရဲ့ပါးစပ်ကနေ ထွက်လာတဲ့စကားတွေထဲမှာ တကယ့်စိတ်ရင်းနဲ့ လှိုက်ထွက်လာတဲ့ စကားများဖြစ်မလားဆိုပြီး ထင်သွားခဲ့တယ်။
မူးနေတဲ့အချိန်မှာထွက်လာတဲ့ မှန်သောစကား။
ချစ်တယ်ဆိုတဲ့ စကားလုံးလိုမျိုး အဓိပ္ပာယ်ရှိတဲ့ဝန်ခံမှု ဖြစ်ခဲ့တယ်။
***
ယောင်အင်းလည်း အလောတကြီး ရေချိုးအဝတ်စားလဲပြီးတာနဲ့ ချက်ချင်း ရုံးကိုသွားခဲ့တယ်။ ကံကောင်းစွာနဲ့ နောက်မကျဘဲ ကုမ္ပဏီကိုရောက်သွားနိုင်ခဲ့တယ်။
“good morning”
မနေ့က အိမ်ကိုကောင်းကောင်း ပြန်ရောက်လားဆိုတဲ့ နှုတ်ခွန်းဆက်စကားသံနဲ့ ဆက်ပြီးတော့၊ အများကြီး သောက်လိုက်လို့ သေတော့မလိုပဲဆိုတဲ့ ညည်းညူသံတွေက ဟိုဟို ဒီဒီကနေ ထွက်ပေါ်လာခဲ့တယ်။
အရင်ကရော အခုရော ယောင်အင်းလာတာကိုပဲ စောင့်နေတဲ့ဟဲယွန်းက နေရာကနေထပြီးတော့ ပြေးလာခဲ့တယ်။
“အဖွဲ့ခေါင်းဆောင် ကျွန်မတို့ ကော်ဖီသောက်ရအောင်”
ဘာစကားမှ ပြောချိန်မရလိုက်ဘဲ ဟဲယွန်းရဲ့လက်ထဲမှာပါလာပြီးတော့ ရုံးလမ်းမဘက်ကို ထွက်လာတဲ့ ယောင်အင်းက သဘာဝကျကျပဲ အရှေ့ကနေ ဦးဆောင်သွားလိုက်တယ်။
“ဟဲယွန်း မနေ့တုန်းက အိမ်ကိုကောင်းကောင်း ပြန်ရောက်လား”
“ဟုတ်ကဲ့ စျေးကြီးတဲ့အရက်ကို တမ်းတမ်းစွဲသွားတဲ့ သေတော့မလိုမူးနေတဲ့သူအားလုံးကို ဂရုစိုက်ပြီး ပို့ပေးနေရတာနဲ့ ပင်ပန်းတာတော့ရှိခဲ့ပေမဲ့လို့”
ပုံမှန်ဆိုရင် ယောင်အင်းလုပ်နေကျအလုပ်ကို အခုကတော့ ဟဲယွန်းတစ်ယောက် လုပ်လိုက်ရတဲ့ အခြေအနေဖြစ်ခဲ့တယ်။
“အဖွဲ့ခေါင်းဆောင်ကိုရော ဥက္ကဌ ကောင်းကောင်းလိုက်ပို့ပေးရဲ့လား”
“အင်း ကောင်းကောင်း လိုက်ပို့ပေးပါတယ်”
ယောင်အင်းက “သူ့အိမ်ကို’ ဆိုတဲ့ စကားကိုချန်ပြီး အနေခက်စွာနဲ့ ရယ်လိုက်တယ်။
“အဖွဲ့ခေါင်းဆောင် အိတ်ကိုတော့ နေရာမှာထားထားပါတယ်”
“ကျေးဇူးနော်။ ငါပြန်သွားပြီးတဲ့အချိန် ကိစ္စအထွေအထူး မရှိခဲ့ဘူးမလား”
“ဆင်းချန်းက အဖွဲ့ခေါင်းဆောင်ကိုဘာလို့အရင်ပို့ပေးပြီးတော့ တစ်ယောက်တည်းပြန်လာတာလဲဆိုပြီး ပွစိ ပွစိနဲ့….”
မနေ့ကကိစ္စကိုပြန်စဉ်းစားရင်း မျက်မှောက်ကြုတ်လိုက်တာလည်း ခဏပင်၊ ဟဲယွန်းရဲ့ မျက်လုံးတွေက စတင်တောက်ပလာခဲ့တယ်။
“ကျွန်မကို ပြောစရာစကား မရှိဘူးလား”
“ဘာပြောရမှာလဲ”
ယောင်အင်းက လောလောဆယ် ဘာမှမသိသလိုပုံစံ လုပ်လိုက်တယ်။ မနေ့က ဆောင်းဟျော့နဲ့ ဟဲယွန်းတို့ ဘယ်လိုမျိုး ပြောထားကြလဲ၊ ဟဲယွန်းက ဘာကိုဘယ်လောက်ထိသိထားလဲ မသိတာမို့ စကားကို ခြွေခြွေတာတာပြောရုံအပြင် မတတ်နိုင်ခဲ့ဘူး။
“ဥက္ကဌက အစ်ကို့သူငယ်ချင်း၊ ပြီးတော့ ကျောင်းတုန်းက စီနီယာဆို”
ယောင်အင်းရဲ့မျက်နှာမှာ စိတ်အေးသွားတဲ့အလင်းရောင် ဖြတ်သွားခဲ့တယ်။
“အင်း”
“အဲ့ဒါ အကုန်ပဲလား”
“…….ဪ?
ဟဲယွန်းရဲ့နှုတ်ခမ်းမှာ အဓိပ္ပာယ်ရှိသလို အပြုံးပေါ်လာတာက လှုပ်ခတ်သွားတဲ့မျက်လုံးအိမ်နဲ့တင် ပြည့်စုံတဲ့အဖြေကို ရသွားတာကြောပဲ။ ဒါကြောင့်မို့ သဘာဝကျကျလေး စကားကိုကျော်လိုက်တယ်။
“မနေ့တုန်းက ဥက္ကဌ Lounge bar ကို တမင်သက်သက်လာတာ ဟုတ်တယ်မလား”
“ရုတ်တရက် ချိန်းထားတာကို ရက်စောစောရွှေ့လိုက်တဲ့အချိန် ဟဲယွန်းက hot ဖြစ်တယ်ဆိုပြီးပြောတဲ့စကားကို သတိရသွားလို့လာကြည့်တာတဲ့”
“ဪ အဲ့လိုလား……”
ဟဲယွန်းက ပြုံးပြုံးကြီးရယ်ပြီးတော့ စကားအဆုံးကို သံရှည်ဆွဲလိုက်တယ်။
မသေသပ်လှတဲ့ မုသာစကားတွေကို လောလောဆယ်တော့ မသိချင်ယောင်ဆောင်ဖို့လုပ်ခဲ့တယ်။ ဥက္ကဌနဲ့ အဖွဲ့ခေါင်းဆောင် ဘယ်လောက်တောင်လိုက်ဖက်လဲဆိုပြီး ပြောချင်လွန်းလို့ ပါးစပ်ထဲမှာယားကျိယားကျိ ဖြစ်နေပေမဲ့ ဒါကိုလည်း သေချာလေးမျိုသိပ်ထားဖို့ လုပ်ခဲ့တယ်။
“ဟဲယွန်း ဥက္ကဌနဲ့ကျွန်မရဲ့ဆက်ဆံရေးကို လျှို့ဝှက်ထားပေးနော်”
ယောင်အင်းလည်း ဟဲယွန်း တစ်ခုခုရိပ်မိသွားတာကို ခံစားမိလိုက်တယ်။ ဒါပေမဲ့လည်း အရင်တုန်းက တွဲခဲ့တဲ့ဆက်ဆံရေးဆိုပြီးပြောဖို့က တစ်ခြားအရာတွေနဲ့မတူဘဲ ပြောလို့ရတဲ့စကားလုံးမရှိခဲ့ဘူး။
“ကျွန်မပါးစပ်ကိုတော့ အသားနဲ့ပဲပိတ်လို့ရတယ် ဆိုပေမဲ့လည်း”
“ဒီနေ့ညနေ အမဲသားသွားစားရအောင်”
“တကယ်ပဲ ပညာတတ်ပီသလိုက်တာ”
လျင်လျင်မြန်မြန် သဘောတူညီမှုယူလိုက်တဲ့အမျိုးသမီးနှစ်ယောက်ဟာ အနားယူခန်းထဲကို ဝင်သွားခဲ့ကြတယ်။