Chapter 13
ယောင်အင်းဟာ ညနေစာစားတဲ့တစ်လျှောက်လုံး ဆောင်းဟျော့အကြောင်းကိုပဲပြောနေတဲ့ ဟဲယွန်းကိုစဉ်းစားရင်း ဖိနပ်ကိုချွတ်လိုက်တယ်။ ဘယ်လောက်တောင် အများကြီးနားထောင်လိုက်ရလဲဆိုရင် အခုထိတောင် ‘ဥက္ကဌ’ ဆိုတဲ့စကားကို နားထဲမှာ ရေးရေးလေးကြားယောင်နေတုန်းပဲ။
ရုတ်တရက် ဒီနေ့မနက် သူ့ဆီကကြားခဲ့တဲ့စကားတွေက အတွေးထဲကိုဖြတ်ပြေးသွားခဲ့တယ်။
“တခြားသူဆီကနေမကြားခင် မင်းအရင်ပြောလိုက်”
ဒီနေ့ပြောပြီးတာနဲ့ ပြီးသွားရင်ကောင်းမှာပဲလို့တွေးရင်း ဧည့်ခန်းထဲကိုဝင်လိုက်တော့ တွေ့ရတာဝမ်းသာစရာကောင်းတဲ့မျက်နှာကို တွေ့လိုက်ရတယ်။ သေချာပေါက် တဖက်ကတော့ ကျွန်မကိုတွေ့ရလို့ဝမ်းသာမယ်လို့ မမျှော်လင့်ခဲ့ဘူး။
“ရား နင်မနေ့က အပြင်မှာအိပ်တာမလား”
ဆိုဖာမှာထိုင်နေတဲ့အာရင်းက အေးစက်တဲ့မေးခွန်းနဲ့ ပြင်းထန်တဲ့မျက်စိသေနတ်ကို တစ်ချိန်ထဲမှာပစ်လွှတ်လိုက်တယ်။
“အလုပ်နည်းနည်းရှိလို့”
“ဘယ်ကိုလာပြီးတော့ အဆက်အသွယ်လည်းမလုပ်ဘဲနဲ့ အပြင်မှာအိပ်တာလဲ”
“နောက်တစ်ခေါက်ကျရင်တော့ ဆက်သွယ်လိုက်မယ်”
“အပြင်မှာကို မအိပ်နဲ့လို့”
“ဒီဘက်အလုပ်က တစ်သမတ်တည်းလုပ်လို့မရတာ သိတာပဲမလား”
အရင်ထက်တော့ လုံးဝပိုပြီး လွတ်လပ်လာပေမဲ့လည်း အရင်အတိုင်း နယ်ဘက်ကို ရိုက်ကူးရေးအမြန်ရွှေ့ရတဲ့အချိန်တွေလည်းရှိသလို ကုမ္ပဏီမှာ ညလုံးပေါက်ရတဲ့အချိန်တွေလည်းရှိတယ်။ မနေ့ကလို အပြင်မှာညအိပ်တာကိုတော့ နောက်တစ်ခေါက်ထပ်မလုပ်တော့ဘူးလို့ ပြောနိုင်ရင်တောင် လုံးဝအပြင်မှာညမအိပ်ဘူးဆိုတဲ့ကတိကိုတော့ ပေးဖို့မဖြစ်နိုင်ခဲ့ဘူး။
“ဘယ်လောက်ကြီးကျယ်တဲ့အလုပ်တွေလုပ်နေလို့ လာကြွားပြနေတာလဲ”
ယောင်အင်း မန်နေဂျာဆိုတဲ့အလုပ်ကိုလုပ်ပြီးနောက်ပိုင်း မိသားစုဝင်တွေဆီကနေ အကြားရဆုံးစကားက ပိုက်ဆံအများကြီးပေးပြီးတော့ တက္ကသိုလ်ကောင်းကောင်းလေးမှာတက်ခိုင်းထားတာကို နာမည်ကြီးတွေရဲ့ကျွန်အလုပ်ပဲ လိုက်လုပ်နေတယ်ဆိုတာပင်။
“ကြွားပြတာမဟုတ်ဘဲ ငါ့အလုပ်ရဲ့ထူးခြားတဲ့အကြောင်းကို ပြောပြတာလေ”
“အိမ်ကကောင်းကောင်းမဆုံးမထားဘူးလားဆိုတဲ့ အသံမထွက်လာအောင် ထိန်းထိန်းသိမ်းသိမ်းနေ။ ငါတို့အဖေနဲ့အမေကို အပြောခံရအောင်မလုပ်နဲ့”
“အင်း”
ယောင်အင်းက ဂရုမစိုက်တဲ့အသံနဲ့ဖြေလိုက်တယ်။
ခဏခဏကြားနေရတဲ့စကားမို့ အဲ့လောက်ကြီး မအံ့ဩခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့လိုနေ့မှာဆိုရင်တော့ အိမ်ခွဲနေချင်တဲ့စိတ်တွေ ပိုပြင်းပြလာရုံ။
ယောင်အင်း ဒီအိမ်မှာအနှိမ်ခံပြီးတော့ နေနေရတာက လက်ထပ်တာကလွဲရင် အိမ်ခွဲနေဖို့ခွင့်မပြုတဲ့ ဥက္ကဌချဲကြောင့်ပင်။ အိမ်ခွဲနေဖို့နဲ့ပတ်သက်တဲ့နေရာမှာတော့ ဘောမ်ဂျွန်းနဲ့အာရင်းလည်း အခြေအနေတူတူပဲဖြစ်ခဲ့တယ်။
ဥက္ကဌချဲနဲ့ မဒမ်ဂွက်က Noblesse oblige စနစ်ကိုကျင့်သုံးတဲ့လင်မယားတွေလေ။ လူ့ကျင့်ဝတ်တာဝန်ကို ပြည့်စုံစေဖို့တစ်စိတ်တစ်ပိုင်းအနေနဲ့ မွေးစားတာကိုအားပေးပြီးတော့ ယောင်အင်းရဲ့ဆန္ဒလုံးဝမပါဘဲ ယောင်အင်းကမွေးစားကလေးဖြစ်တယ်ဆိုတာကို ဟိုဟိုဒီဒီမှာ လိုက်ဖွခဲ့ကြတယ်။
ဒီလင်မယားက အငယ်ဆုံးသမီးလေးကို ရင်ဘက်ကြီးနဲ့အပြည့်ချစ်ပြီး ပျိုးထောင်ခဲ့တာလို့ ပြောကြပေမဲ့ ယောင်အင်း တကယ့်တကယ် နှစ်ဖက်မိဘဆီကနေရခဲ့တာက ခွဲခြားဆက်ဆံမှုနဲ့ နှိပ်စက်မှုတွေပဲ ဖြစ်ခဲ့တယ်။
ကျွေးမွေးပေးပြီး စာလည်းသင်ပေးခဲ့တဲ့ကျေးဇူးကြောင့် နှစ်ဖက်မိဘရဲ့ဒီလိုပုံစံအကြောင်း ဘယ်သူ့ဆီကိုမှမပြောပြခဲ့ဘူး။ ဆောင်းဟျော့ကိုတောင် ကျွန်မပါးစပ်ကနေမပြောပြဖူးဘူး။
“အစ်မ ငါ အလုပ်ပြောင်းသွားပြီ”
အစ်မကိုပြောရင် အစ်ကို့နားထဲကိုရောက်သွားမှာဖြစ်ပြီးတော့ အစ်ကို့ကိုပြောရင် အစ်မရဲ့နားထဲကိုရောက်သွားမှာမို့ နှစ်ယောက်ထဲက တစ်ယောက်ကိုပြောတာနဲ့တင် လုံလောက်ခဲ့တယ်။
“အလုပ်ပြောင်းတာလား ဘယ်ကိုလဲ”
အစရော အဆုံးရောမရှိတဲ့ ခေါင်းစဉ်ပြောင်းသွားမှုကြောင့် အာရင်းရဲ့ခေါင်းက တစ်ချက်စောင်းသွားခဲ့တယ်။
“SL အင်တာတိန်းမန့်”
“ဘာ SL လား”
“ဟဲဆောင်းက SL အင်တာတိန်းမိန့်နဲ့ ကုမ္ပဏီချင်းပေါင်းလိုက်ပြီ။ အခုကစပြီးတော့ SL မှာ အလုပ်တက်မှာ။ ဒါပေမဲ့ SL အင်တာတိန်းမန့်ရဲ့ဥက္ကဌက စီနီယာဆောင်းဟျော့”
“ဘာတွေလာပြောနေတာလဲ။ အစ်ကိုဆောင်းဟျော့က SL အင်တာတိန်းမန့်ကို ဘာလို့သွားမှာလဲ။ စီမံခန့်ခွဲရေးဌာနကိုသွားမှာလို့ ပြောထားတာလေ။ နင်လည်းကြားလိုက်တယ်မလား”
အဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဘောမ်ဂျွန်းတစ်ယောက် ဒယီးဒယိုင်နဲ့ပေါ်လာခဲ့တယ်။ အရက်သောက်ခဲ့တာလားမသိဘူး။ မျက်နှာက နီနေပြီးတော့ နက်တိုင်ကလည်း တစ်ဝက်လောက်ပြေလျော့နေခဲ့တယ်။
အာရင်းက သူ့ကိုတွေ့တာနဲ့ ချက်ချင်းမေးလိုက်တယ်။
“အစ်ကို တကယ်ပဲလား”
“ဘာကိုလဲ”
မျက်မှောင်ကြုတ်ထားမှုထဲမှာ ပင်ပန်းလို့သေတော့မှာကို ဘာလို့စိတ်ရှုပ်အောင်လုပ်နေတာလဲဆိုတဲ့ အဓိပ္ပါယ်ပါနေခဲ့တယ်။
“အစ်ကိုဆောင်းဟျော့ စီမံခန့်ခွဲရေးဌာနကို မသွားဘူးဆိုတဲ့ကိစ္စ”
“ဘာတွေလာပြောနေတာလဲ”
“SL အင်တာတိန်းမန့်ကို သွားတယ်တဲ့လေ”
“ဘယ်သူက အဲ့လိုစကားတွေပြောတာလဲ”
“သူပေါ့”
ဘောမ်ဂျွန်းရဲ့အကြည့်က အာရင်းရဲ့လက်နောက်ကိုလိုက်ပြီး လှုပ်ရှားသွားခဲ့တယ်။ သူက အဲ့အချိန်ကျမှ ယောင်အင်းရှိနေတာကို သတိထားမိသွားခဲ့တယ်။
“ဘာတွေလာပြောနေတာလဲ”
“ဟဲဆောင်းက SL အင်တာတိန်းမန့်နဲ့ ကုမ္ပဏီချင်းပေါင်းလိုက်လို့ မနေ့ကစပြီးတော့ SL မှာ စအလုပ်တက်တာလေ။ ဒါပေမဲ့ စီနီယာဆောင်းဟျော့က SL အင်တာတိန်းမန့် ဥက္ကဌဖြစ်နေတယ်”
ယောင်အင်းဟာ ကြက်တူရွေးလိုမျိုး ခုနကပြောခဲ့တဲ့အတိုင်းပဲ ပြန်ပြောပြခဲ့တယ်။
“ဆောင်းဟျော့က ဘာလို့အဲ့ကိုသွားတာလဲ”
“ဘာလို့ငါ့ကိုလာမေးနေတာလဲ။ ကာယကံရှင်ဆီ မေးကြည့်လေ”
ဘောမ်ဂျွန်းက ချက်ချင်းဖုန်းကိုထုတ်ပြီးတော့ ဆောင်းဟျော့ဆီဖုန်းခေါ်လိုက်တယ်။
“ဒီအတောအတွင်း ဖုန်းလည်းမကိုင် ဖုန်းလည်းပြန်မခေါ်နဲ့ ဘယ်လိုတွေဖြစ်ကုန်တာလဲ…….”
ညည်းညူနေတဲ့အချိန် တစ်ဖက်က ဖုန်းကိုင်ခဲ့တယ်။
“ဟေ့ကောင်”
ချက်ချင်းထလိုက်တဲ့အာရင်းက ဘောမ်ဂျွန်းဆီပြေးသွားပြီးတော့ သူ့ရဲ့ဖုန်းမှာနားကိုကပ်ပြီး နားထောင်ခဲ့တယ်။ ဆောင်းဟျော့ ဘာပြောနေလဲဆိုတာကို သူ့နားနဲ့ ကိုယ်တိုင်ကြားချင်လို့ပင်။
– အလုပ်များတယ်၊ လိုရင်းပဲ ရှင်းရှင်းပြော
ဘယ်လောက်ပဲခွာထုတ်ရင်တောင် အသားကုန်လိုက်ကပ်ကာ ခွာပေးဖို့စိတ်ကူးမရှိတဲ့သူကြောင့် ဘောမ်ဂျွန်းက အရှုံးပေးသလိုမျိုး ဖုန်းစပီကာကိုဖွင့်လိုက်တယ်။ အဲ့လိုလုပ်ပြီးမှ ခြေတစ်လှမ်းနောက်ဆုတ်သွားတဲ့အာရင်းဆီ မျက်လုံးပြူးပြပြီးတော့ ဖုန်းကိုကပ်ပြီးပြောလိုက်တယ်။
“မင်း SL အင်တာတိန်းမန့်ကိုသွားတာဆို ဟုတ်လား”
– အင်း
“ရုတ်တရက်ကြီး ဘာလို့လဲ”
– ငါ ဘာလိုချင်လဲဆိုတာသိသွားလို့
“ရုတ်တရက်ကြီး management လုပ်ငန်းကို စိတ်ဝင်စားသွားတာလား”
– မဟုတ်ဘူး တခြားဟာ
“အာ ဒါဆို content လုပ်ငန်းလား”
– မင်းနဲ့ မေးခွန်းအခု ၂၀ လောက် အမေးအဖြေလုပ်နေဖို့ အချိန်မရှိဘူး။ ပြောချင်တာမရှိတော့ရင် ချပြီ
ဘောမ်ဂျွန်းက ချားဆောင်းဟျော့လိုချင်တဲ့ဟာက လူဖြစ်မယ်လို့ရော၊ အဲ့လူက ချဲယောင်အင်းဖြစ်လိမ့်မယ်လို့ရော အိမ်မက်ထဲမှာတောင် မစဉ်းစားခဲ့ဖူးဘူး။
အာရင်းကျေးဇူးကြောင့် ဆောင်းဟျော့ပြောတဲ့စကားကို ငြိမ်ငြိမ်လေးနားထောင်နေတဲ့ယောင်အင်းတစ်ယောက်တည်းသာ နှုတ်ခမ်းကိုအသားကုန်ကိုက်နေခဲ့တာ။
“ငါ့ကိုတော့ နည်းနည်းလောက် အရင်ပြောပြခဲ့ပါလားကွာ။ တခြားသူဆီကနေကြားရတော့ စိတ်မကောင်းဘူး”
– ဘယ်သူ့ဆီကနေ ကြားတာလဲ
“ယောင်အင်းလေ”
– အာ ယောင်အင်းတက်တဲ့ကုမ္ပဏီအပါအဝင် အတွင်းပိုင်းအခြေခိုင်တဲ့ management ကုမ္ပဏီတွေနဲ့ နည်းနည်းပေါင်းလိုက်တာ။ အလုပ်ကိုခွဲခြားနေရတာနဲ့ အလုပ်များနေလို့ ဆက်သွယ်ချိန်ရောမရှိလိုက်ဘူး။ ငါထပ်ပြီးတော့ပြောပြရမဲ့စကား ရှိသေးလား။
“ရပြီ မရှိတော့ဘူး ပင်ပန်းလိုက်ပါဦး”
ဆောင်းဟျော့စိတ်ခုသွားမှာစိုးလို့ အမြန်ဖုန်းချလိုက်တဲ့ဘောမ်ဂျွန်းက သူ့အခန်းဆီကို ယိုင်တိယိုင်တိုင်နဲ့ထွက်သွားခဲ့တယ်။
“ဟဲ့”
ကိုယ့်အခန်းကိုပြန်ဖို့ တိတ်တိတ်လေးခြေလှမ်းပြင်နေရာကနေ ရပ်သွားတဲ့ယောင်အင်းက ခေါင်းလှည့်ကြည့်လိုက်တော့ အာရင်းက အဆိပ်ပြင်းတဲ့အကြည့်တွေနဲ့ ကျွန်မကိုကြည့်နေခဲ့တယ်။
“နင် အစ်ကိုဆောင်းဟျော့ကို ဆွဲဆောင်ရင် ငါဒီတိုင်းမထားဘူးနော်။ သတ်ပစ်မှာ”
“အဲ့လိုဖြစ်စရာအကြောင်းမရှိဘူး”
“ထွက်သွား”
အာရင်းက ဘာမှမပြောဘဲ လှေကားပေါ်တက်သွားတဲ့ယောင်အင်းကို သေတော့မလို စိုက်ကြည့်ခဲ့တယ်။
ချဲယောင်အင်းရဲ့အရာအားလုံးကိုမုန်းပေမဲ့ အဲ့ထဲမှာ အမုန်းဆုံးကတော့ တည်ငြိမ်တဲ့မျက်နှာနဲ့ တိတ်ဆိတ်တဲ့အကြည့်တွေပဲ။ အေးဆေးတည်ငြိမ်တဲ့အသံကိုကြားတိုင်း ကိုယ့်ကိုကိုယ် လူကြမ်းမကြီးလိုခံစားရလို့ ပိုဒေါသထွက်ခဲ့ရတယ်။
လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ပိတ်ရက်မှာအတူထမင်းစားရင်း အဖေက ယောင်အင်းဆီ ကုမ္ပဏီအခြေအနေနဲ့ပတ်သက်ပြီးတော့ မေးမြန်းတာတွေရှိခဲ့တယ်။ အဲ့အချိန်တုန်းက ယောင်အင်းဘက်ကနေ ကုမ္ပဏီကိုရောင်းတော့မယ်ထင်တယ်ဆိုပြီး ပြောခဲ့တာကိုမှတ်မိသွားခဲ့တယ်။
ဟဲဆောင်းကိုရောင်းတာက အနည်းဆုံး လွန်ခဲ့တဲ့ ၃-၄ လလောက်ကတည်းက ပြင်ဆင်ထားတဲ့ကိစ္စဖြစ်တာမို့ SL က ဟဲဆောင်းကိုပဲဝယ်တာမဟုတ်ဘူးလို့ပြောတာက နည်းနည်းလေးမှ မထူးဆန်းခဲ့ဘူး။
ဒါပေမဲ့ ဘာလို့ ဒီလောက်တောင် မသက်မသာဖြစ်နေတာလဲဆိုတာကတော့ မသိနိုင်တဲ့ကိစ္စဖြစ်ခဲ့တယ်။
***
ယောင်အင်းဟာ ရေချိုးပြီးတော့ အိပ်ရာပေါ်မှာလှဲလိုက်တယ်။ ဒုတိယထပ်ကိုတက်လာလို့ မိနစ် ၃၀ လောက် ကြာပြီးနောက်မှာပေါ့။
နှိုးစက်ထားဖို့အတွက် ဖုန်းကိုကိုင်လိုက်တဲ့အချိန် ဖုန်းကမြည်လာခဲ့တယ်။ စကရင်ကိုငြိမ်ငြိမ်လေးကြည့်နေတဲ့ယောင်အင်းက နည်းနည်းကြာပြီးမှ ဖုန်းကိုကိုင်လိုက်တယ်။
“ပြောပါ”
– ဘာမှမဖြစ်ဘူးမလား
ဘယ်လောက်ပဲနားထောင်ရင်တောင် မငြီးငွေ့သွားတဲ့အသံဟာ နားထဲမှာပြည့်သွားခဲ့တယ်။
“မဖြစ်ပါဘူး”
– ဘောမ်ဂျွန်းနဲ့လည်း အတူတူရှိနေနိုင်လောက်တယ်ထင်လို့ ချက်ချင်းဖုန်းမခေါ်လိုက်တာ
မျက်စိမှိတ်လိုက်တော့ သူ့ရဲ့အသံကို ပိုရှင်းရှင်းလင်းလင်းကြားနေရသလိုပဲ။
– တစ်ယောက်ထဲလား
“အိပ်တော့မလို့ပါ”
– ငါတော့ ဒီနေ့အလုပ်လုပ်ရင်း ညလုံးပေါက်ရမယ်ထင်တယ်။ ဝေဒနာကို နည်းနည်းလောက် အတူခံစားပေးလို့မရဘူးလား
ထပ်ပြီး ဘာပြောချင်နေတာပါလိမ့်လို့တွေးမိပြီးတော့ ယောင်အင်းက မျက်လုံးနည်းနည်းဖွင့်လိုက်တယ်။
“ဘယ်လိုလုပ်ပြီးတော့လဲ”
– ငါအလုပ်လုပ်နေတဲ့အချိန်အတွင်း မင်းဘက်ကနေ ဆက်တိုက်စကားပြောပေးပေါ့
“မလုပ်ချင်ပါဘူး”
– အသည်းမာလိုက်ပုံကတော့။ ဒီတိုင်းပေါက်ကရစကားပဲဖြစ်ဖြစ် ပြောပေးမယ်လို့ပြောလိုက်ရင် တစ်ခုခုထိခိုက်သွားမှာမို့လား
“ချက်ချင်းမိသွားမဲ့ ပေါက်ကရစကားကိုပြောပြီးတော့ ဘာလုပ်ရမှာလဲ”
– ချက်ချင်းမိမှာမဟုတ်ဘူး။ ဝေဒနာကိုအတူခံစားပေးမယ်လို့ပြောရင်တောင် အိပ်ဖို့ပြောမလို့ပြင်ထားတာမို့
“…….”
ယောင်အင်း အသံမထွက်ဘဲပြုံးလိုက်တဲ့အချိန် ဆောင်းဟျော့ဘက်က ဆက်ပြောလာခဲ့တယ်။
– ဘယ်လိုအခြေအနေမျိုးမှာမဆို မင်းကိုတော့ ဝေဒနာအတူမခံစားခိုင်းဘူး။ ပျော်ရွှင်မှုဆိုရင်တော့ မသိပေမဲ့
အဲ့လောက် စိတ်ထိခိုက်လွယ်တဲ့သူလည်းမဟုတ်ဘဲ ရုတ်တရက်ကြီး နှာခေါင်းထိပ်ကယားလာခဲ့တယ်။
“အိပ်ပါတော့မယ်”
– ကောင်းကောင်းအိပ်။ ငါ့ကိုအိမ်မက်မက်ပေးရင်တော့ ပိုကျေးဇူးတင်တာပေါ့
“အိမ်မက်ဆိုးဖြစ်မှာဆိုးလို့ မမက်နိုင်ပါဘူး”
– အိမ်မက်ဆိုးဖြစ်စရာအကြောင်းမရှိဘူး။ အရမ်းဆက်စီကျတဲ့အိမ်မက်ဆိုရင်တော့ မသိရင်တောင်..
“ချပါပြီ”
ယောင်အင်းက ဖုန်းကိုချက်ချင်းချလိုက်တယ်။
“ဘာလို့ဒီလောက်တောင် ပါးနပ်လာတာပါလိမ့်…”
တစ်ယောက်ထဲရေရွတ်ရင်း နှိုးစက်ထားလိုက်တဲ့ ယောင်အင်းရဲ့နှုတ်ခမ်းမှာတော့ မြင်ရသလိုလို မမြင်ရသလိုလို အပြုံးလေးကတွဲခိုနေခဲ့တယ်။
သူ့ရဲ့ဖြစ်တည်မှုက အတော်လေးနှစ်သိမ့်မှုဖြစ်ခဲ့တဲ့ ညတစ်ညပင်။
***
နှစ်ယောက်သားဖုန်းပြောနေတဲ့ အဲ့အချိန်မှာ။
နှုတ်ခမ်းကိုက်ပြီးတော့ တစ်ခုခုကိုစဉ်းစားနေတဲ့အာရင်းက မိဘတွေအိပ်တဲ့အခန်းကိုပြေးသွားပြီးတော့ တံခါးကို ဘုန်းခနဲဖွင့်လိုက်တယ်။
“အမေ!”
အိပ်ယာပေါ်မှာလှဲပြီးတော့ ဒရာမာကြည့်နေတဲ့ မဒမ်ဂွက်က ဖြည်းဖြည်းချင်း ထထိုင်လိုက်တယ်။ ဥက္ကဌချဲကတော့ အခုထိရုံးမဆင်းသေးပေ။
“အမေ TV ကြည့်နေတာလေ ဘာဖြစ်လို့လဲ”
အာရင်းက ဖြေးဖြေးချင်းအိပ်ရာဆီကိုလျှောက်လာပြီးတော့ ထိုင်ချလိုက်ကာ TV ကိုပိတ်လိုက်တယ်။ ပြီးတော့ လိုရင်းကိုပြောလိုက်တယ်။
“သမီး အစ်ကိုဆောင်းဟျော့နဲ့ လက်ထပ်ချင်တယ်”
အရမ်းအံ့ဩသွားတဲ့မဒမ်ဂွက်ရဲ့မျက်လုံးတစ်စုံက ဝိုင်းစက်သွားခဲ့တယ်။
“လက်ထပ်ချင်တာလား၊ ဆောင်းဟျော့က လက်ထပ်ကြမယ်တဲ့လား၊ နင်တို့နှစ်ယောက် တွဲနေတာလား”
“အစ်ကိုဆောင်းဟျော့က လက်ထပ်ဖို့ပြောတာမဟုတ်ဘဲ သမီးက အစ်ကိုဆောင်းဟျော့နဲ့လက်ထပ်ချင်တာလို့။ အမေကဘာလို့ ပြောတာကိုနားမလည်ရတာလဲ စိတ်တိုအောင်”
“တွဲနေတာလည်း မဟုတ်ဘဲနဲ့လား”
“မတွဲဘူး! တွဲမနေဘူးလို့!”
အော်ပြီးတော့ ဒေါသထွက်လိုက်တာလည်း ခဏပင်၊ အာရင်းရဲ့ မျက်လုံးတွေထဲ မျက်ရည်တွေက ရစ်ဝဲလာခဲ့တယ်။
“တစ်ခုခုလုပ်ပေးဦးလို့ အမေ”
“ဘာကိုဘယ်လိုလုပ်ပေးရမှာလဲ”
“အစ်ကိုဆောင်းဟျော့အမေက အစ်ကိုဆောင်းဟျော့နဲ့လက်ထပ်ပေးမဲ့မိန်းကလေးကိုရှာနေတာဆို၊ အမေပဲပြောခဲ့တာလေ”
“မစ္စဂျင်ဆီကနေတော့ အဲ့လိုကြားတာပဲ”
“ဒါဆိုသမီးကိုလည်း ထည့်ပေးကြည့်လေ”
“…နင့်ကိုလား”
“ဘာလို့လဲ မရဘူးလား”
“အဲ့အိမ်က နင့်ကို သဘောကျမလားတော့ မသိ…….”
“အဲ့ဒါ အခု အမေသမီးရှေ့မှာပြောရမဲ့စကားလား”
သူမရဲ့မျက်လုံးထောင့်ထဲကနေ စူးရှစွာတက်လာအရည်တွေ တဖြေးဖြေးအောက်ကျသွားပြီပဲလို့ထင်တဲ့အချိန်မှာပဲ အာရင်းရဲ့မျက်လုံးကနေ မျက်ရည်လုံးကြီးတွေကျလာခဲ့တယ်။
“အရမ်းလွန်တယ်…ဘယ်လိုလုပ် အမေ ဒီလိုလုပ်နိုင်ရတာလဲ….”
မဒမ်ဂွက်က တရှုံ့ရှုံ့ငိုနေတဲ့သမီးရှေ့မှာ ဘယ်လိုလုပ်ရမလဲမသိခဲ့ဘူး။
“အင်းပါ၊ အမေမှားသွားတာပါ။ မငိုနဲ့တော့၊ အမေ မစ္စဂျင်ကို တစ်ခေါက်ပြောပေးမယ်”
“တ…ကယ်…?”
ဘယ်အချိန်မဆို ဒီလိုပဲ၊ တူညီတဲ့ ရလဒ်တစ်ခုပင်။
ဥက္ကဌချဲနဲ့မဒမ်ဂွက်ဟာ ငယ်ငယ်ကတည်းကနေ ဘယ်အရာမဆို သူ့စိတ်တိုင်းမကျရင် တစ်နေ့လုံးငိုယိုတတ်တဲ့သမီးကို တစ်ခါမှမနိုင်ခဲ့ဘူး။ လိုချင်တာကိုမပေးရင် ငိုရင်းနဲ့မေ့လဲသွားတဲ့နေ့တွေလည်းမနည်းလို့ နောက်ဆုံးမှာတော့ အရှုံးပေးရုံကလွဲရင် မတတ်နိုင်ခဲ့ကြဘူး။
အဲ့ကျေးဇူးကြောင့် အာရင်းဘဝမှာ လိုချင်တာတွေအားလုံးကို ရနိုင်ခဲ့တယ်။ ဒီတစ်ခေါက်လည်း အဲ့လိုဖြစ်မှာလို့ထင်ပြီးတော့ သံသယမဝင်ခဲ့ဘူး။
အစကတည်းက ဒီလိုလုပ်ခဲ့ရမှာကို။
အာရင်းရဲ့မျက်နှာမှာ ကျေနပ်တဲ့အပြုံးပေါ်လာရာကနေ ပြန်ပျောက်သွားခဲ့တယ်။