Chapter 14
နောက်တစ်နေ့ညနေ။
အမျိုးသားတစ်ယောက်က အတွင်းရေးမှုးရဲ့ဦးဆောင်မှုနဲ့ SL အင်တာတိန်းမန့် ဥက္ကဌရုံးခန်းထဲကို ဝင်သွားခဲ့တယ်။
“ဘာလို့ သွားခိုင်းလိုက်လာခိုင်းလိုက် လုပ်နေတာလဲ”
မနေ့ညက ဆောင်းဟျော့ရဲ့ဖုန်းကိုလက်ခံဖြေပြီးတဲ့နောက် ရောက်လာခဲ့တဲ့ဂျီဆန်း။
Content ထုတ်လုပ်ရေးအသင်းရဲ့ တင်ပြထားတဲ့အစီအစဉ်ကို စစ်ဆေးနေတဲ့ဆောင်းဟျော့က ခေါင်းကိုမော့ကြည့်လိုက်တယ်။ ပြီးတော့ မကျေမနပ်ပြောရင်း ဆိုဖာဆီကိုလျှောက်သွားတဲ့ဂျီဆန်းကို အေးအေးလူလူအကြည့်နဲ့ကြည့်ရင်း ပြောလိုက်တယ်။
“အလုပ်လက်မဲ့မို့ သေချာပေါက်လာရမှာပေါ့”
“အလုပ်လက်မဲ့ဆိုတိုင်း အားနေမှာလို့ထင်နေတဲ့အစွဲကို လွှင့်ပစ်လိုက်”
“မင်းလိုကောင်ကြောင့် အလုပ်လက်မဲ့တွေ အလုပ်အရမ်းလုပ်ရတယ်ဆိုတဲ့စကား ထွက်လာတာလေ ”
ဂျီဆန်းက ဘယ်ခွေးဟောင်နေတာလဲဆိုတဲ့သဘောနဲ့ နားကိုခါလိုက်ရင်း ဆိုဖာပေါ်မှာမှီထိုင်ခဲ့တယ်။
“ဆိုတော့ကား ဘာကိစ္စလဲ။ ဘာလို့ခေါ်လိုက်တာလဲ”
စားပွဲရှေ့မှာ ခန္ဓာကိုယ်ကိုကိုင်းထားတဲ့ဆောင်းဟျော့က ဆိုဖာဆီကိုနေရာရွှေ့ရင်း ပြောလာခဲ့တယ်။
“အလုပ်လက်မဲ့ဘဝကနေထွက်အောင် လုပ်ပေးမလို့”
ဂျီဆန်းက ခေါင်းကို ပြတ်ပြတ်သားသားခါလာခဲ့တယ်။
“ရတယ် မထွက်ချင်ဘူး”
“တစ်လကျော်လောက်ပျော်ပြီးရင် လုံလောက်ပြီ”
“ဘယ်သူ့သဘောနဲ့ လုံလောက်တာလဲ။ ငါအခုထိ မကျေနပ်သေးဘူးလို့”
ဂျီဆန်းက အခုတလော ချိုမြိန်တဲ့အလုပ်လက်မဲ့ဘဝကို လုံးဝပျော်မွေ့နေတုန်းပင်။
သူ ကိုရီးယားကိုမလာခင်အထိ အလုပ်လုပ်ခဲ့တဲ့နေရာက ကမ္ဘာလုံးဆိုင်ရာဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေရှိတဲ့ အမေရိကရဲ့အကြီးဆုံးဖျော်ဖြေရေး အေဂျင်စီတစ်ခုပဲ။ မနှစ်တုန်းကတောင် တစ်ကမ္ဘာလုံးနာမည်ကြီးခဲ့တဲ့ဒရာမာရဲ့ အထွေထွေပရိုဂျူဆာအဖြစ် လုပ်ကိုင်ခဲ့တယ်။
တစ်ဖြေးဖြေးပိုအောင်မြင်လာတဲ့အချိန်မှာ အလုပ်ထွက်ပြီးကိုရီးယားကိုပြန်လာတာက အမေရိကမှာနေရတဲ့ဘဝကို ငြီးငွေ့လာလို့သာ။ နည်းနည်း အဓိပ္ပါယ်မရှိတဲ့အကြောင်းရင်းတော့ဖြစ်ပေမဲ့ သူ့ကိုသိတဲ့သူတွေကတော့ ဘယ်သူမှမအံ့ဩခဲ့ကြဘူး။
အဲ့လောက်ထိကို ယွန်ဂျီဆန်းက လူတိုင်းအသိအမှတ်ပြုတဲ့ ထူးခြားလွတ်လပ်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။
“ငါနဲ့အတူ အလုပ်လုပ်ရအောင်။ Global စီးပွားရေးအသင်း အဖွဲ့ခေါင်းဆောင်နေရာခန့်ပေးမယ်”
“အဲ့အဖွဲ့ခေါင်းဆောင်နေရာလေးများ ဘယ်လောက်ကြီးကျယ်နေလို့”
“မကြိုက်ရင်လည်းထားတော့”
ဟက်ခနဲရီလိုက်တဲ့ဂျီဆန်းက နှဖူးကိုကုတ်လိုက်တယ်။
“အကူအညီတောင်းတဲ့သူရဲ့သဘောထားက ဘယ်လိုပါလိမ့်။ ဘာလို့ ဒီလောက်တောင် အထက်စီးဆန်နေတာလဲ”
“အကူအညီတောင်းတာမဟုတ်ဘဲနဲ့ ကမ်းလှမ်းတာလေ”
“ဒီလို ပေကတ်ကတ်နဲ့ကမ်းလှမ်းရင် ငါက ချက်ချင်းလက်ခံမယ်လို့ ထင်နေတာလား”
“လက်ခံမှာပဲလေ”
ဘယ်တုန်းကမျက်နှာတည်ခဲ့လို့လဲဆိုတဲ့ပုံစံနဲ့ ဂျီဆန်းရဲ့နှုတ်ခမ်းတွေက ကွေးတက်သွားခဲ့တယ်။
“မင်းကတော့လေ ငါ့ကို အရမ်းကောင်းကောင်းသိတာပဲ”
ဆောင်းဟျော့က ဟက်ခနဲရီလိုက်တယ်။
“ရင်းနှီးတာကိုဆင်ခြေထားပြီးတော့ ဈေးနည်းနည်းပဲပေးဖို့အတွေးမရှိဘူး။ အကောင်းဆုံးဆက်ဆံပေးမယ်”
“နည်းနည်းပိုပြီးတော့ ထပ်နားချင်သေးပေမဲ့ မင်းက ဒီလောက်ထိတောင်းဆိုနေမှတော့ မသိချင်ယောင်မဆောင်နိုင်တော့ဘူးပဲ”
“အကူအညီတောင်းတာရော တောင်းဆိုတာရောမဟုတ်ဘူး။ ကမ်းလှမ်းတာလို့”
ဂျီဆန်းက တစ်ခါလေးကိုတောင် ဒီတိုင်းကျော်မသွားပေးဘူးလို့ မကျေမနပ်ပြောရင်း ဖြေးဖြေးချင်းစကားလမ်းကြောင်းလွှဲလိုက်တယ်။
“မနေ့ကပြောမဲ့အရေးကြီးကိစ္စဆိုတာ ဒါလား”
သူက ချက်ချင်း သူ့စကားကိုပြန်ပြင်လိုက်တယ်။
“မဟုတ်ဘူး။ ယောင်အင်းကို အိမ်ပြန်ပို့ပေးတာလောက် အရေးမကြီးတဲ့ကိစ္စလို့ ပြောရမှာပေါ့”
“ယောင်အင်းကို အိမ်ပြန်ပို့ပေးတာလောက်တော့ အရေးမကြီးပေမဲ့ အရေးကြီးတာတော့မှန်တယ်”
ထပ်ပြီးထေ့ငေါ့ပြောရင်တောင် သူပြောတဲ့စကားတွေကိုနားမထောင်ဘူးဆိုတာကိုသိသွားတဲ့ဂျီဆန်းက နောက်ပြောင်ချင်တဲ့စိတ်တွေကို ပစ်ထုတ်လိုက်ပြီး အတည်မေးလိုက်တယ်။
“ငါ့ကိုတောင်ဆွဲခေါ်ဖို့လုပ်နေပုံထောက်ရင် တကယ်လုပ်ကြည့်မယ်ဆိုတဲ့ အဓိပ္ပါယ်ထင်တယ်”
ဆောင်းဟျော့က မျက်လုံးကိုနည်းနည်းကျဉ်းလိုက်ရင်း ပြန်ပြောလိုက်တယ်။
“အဲ့ဒါကို စကားလို့ပြောနေသေးတာလား”
“ညီမလေးယောင်အင်းကြောင့် စီမံခန့်ခွဲရေးဌာနကိုလက်လျှော့ပြီးတော့ လာတာဆိုတော့ ယောင်အင်းနဲ့ပြန်အဆင်ပြေရင် ဒီမှာဆက်နေစရာအကြောင်းမရှိဘူးမလား။ ဘယ်လိုဖြစ်ဖြစ် ကြာကြာနေမှာလည်းမဟုတ်ဘဲနဲ့။ ငါပြောချင်တာကကွာ လက်ရှိအခြေအနေအတိုင်းပဲထိန်းပြီးတော့သွားရင်ရတယ် မဟုတ်ဘူးလားလို့”
“ဘယ်လောက်ကြာကြာနေဖြစ်မလဲတော့မသိပေမဲ့ ဒီအခြေအနေအတိုင်းထိန်းပြီးပဲသွားဖို့တော့ အစီအစဉ်မရှိဘူး။ ထွက်သွားတဲ့အချိန်ရောက်လို့ထွက်သွားရင်တောင် အဓိပ္ပါယ်ရှိတဲ့ရလဒ်ကိုချန်ပြီးမှသွားမှာ”
ဂျီဆန်းရဲ့နှုတ်ခမ်းမှာ ကျေနပ်တဲ့အပြုံးကပေါ်လာခဲ့တယ်။
အကောင်းဆုံးဒါရိုက်တာရဲ့ စီမံခန့်ခွဲရေးစိတ်ထားကိုလိုက်ပြီး အလုပ်အနေအထား ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာတွေကိုသိပြီးမှ လက်ရှိအခြေချဖို့လုပ်နေတဲ့ ဥက္ကဌအောက်မှာအလုပ်လုပ်တာထက် အေးအေးဆေးဆေး အလုပ်လက်မဲ့ဘဝမှာပျော်ပျော်နေတာက ပိုကောင်းတယ်ဆိုတာကိုလည်း သိလို့ပင်။
“ညီမလေးယောင်အင်းရှေ့မှာ အသုံးမဝင်တဲ့ပုံကိုမပြချင်လို့တော့ မဟုတ်ဘူးပေါ့”
“အသုံးမဝင်ချင်ရင်တောင် အသုံးမဝင်ဘဲနေမှာမဟုတ်တာကို သိတယ်လေ”
“မသိဘူး! မသိဘူးလို့!”
ဂျီဆန်းတစ်ယောက် နားပိတ်ပြီးတော့ အတင်းခေါင်းခါခါ မခါခါ ဆောင်းဟျော့ကတော့ နည်းနည်းမှဂရုမစိုက်ခဲ့ဘူး။
“မင်း ယောင်အင်းကို အများကြီးကူညီပေးလိုက်ပါ”
“ဘာလို့ငါ့ကိုလာပြီးတော့ ကူညီပေးဖို့ပြောနေတာလဲ။ မင်းကူညီပေးလိုက်လေ။ အဖွဲ့ခေါင်းဆောင်ထက် ဥက္ကဌကပိုကောင်းမှာပေါ့”
“ငါ လုံးဝအာရုံမစိုက်နိုင်တဲ့ကိစ္စဆိုရင်တော့ မင်းကဖြည့်ဆည်းပေးလိုက်လို့။ လုပ်ငန်းအရဆိုရင်လည်း မင်းနဲ့ဆို ပိုပြောလို့အဆင်ပြေမှာပဲ။ ငါက အခုထိ ဒီနယ်ပယ်မှာအသားမကျသေးပေမဲ့ မင်းကတော့မတူဘူးဆိုတော့”
ဆောင်းဟျော့အနေနဲ့ SL အင်တာတိန်းမန့်အတွက်သာမက သေချာပေါက် ချဲယောင်အင်းအတွက်လည်း ဂျီဆန်းက ကြီးမားတဲ့အထောက်အကူဖြစ်မယ်ဆိုတာကို သေချာခဲ့တယ်။ အချက်အလက်ဖြစ်ဖြစ်၊ အတွေ့အကြုံဖြစ်ဖြစ်၊ အဆက်အသွယ်ဖြစ်ဖြစ်၊ အဘက်ဘက်ကနေသင်ယူစရာများမှာမို့။
“တော်သေးလို့ အဆင့်တွေကိုတော့ ကောင်းကောင်းခွဲတတ်သားပဲ”
ထေ့ငေါ့ပြောနေတဲ့စကားတွေကို မကြားချင်ယောင်ဆောင်လိုက်ရင်ရပြီ။
“တစ်ယောက်ယောက် ယောင်အင်းကို အနိုင်ကျင့်တာတွေဘာတွေရှိရင်လည်းပြောဦး”
“ငါ့ကို ကင်းထောက်လုပ်ခိုင်းနေတာလား”
“မဟုတ်ဘူး spy”
“…….”
“သတင်းပေးလို့ ခေါ်ပေးရမလား”
“ဟုတ်ကဲ့ဟုတ်ကဲ့ စိတ်ကြိုက်သာခေါ်ပါ”
ဆောင်းဟျော့က ဘာအတွေးမှမရှိတော့သလို ရုပ်မျိုးဖြစ်သွားတဲ့ဂျီဆန်းဆီ ပြင်ဆင်ထားတဲ့စာချုပ်ကို ပေးလိုက်တယ်။
“ရောက်လက်စနဲ့ လက်မှတ်ထိုးပြီးမှပြန်လိုက်”
ချားဆောင်းဟျော့ဆိုတာ အမြန်ဖြေရှင်းရတာကြိုက်တဲ့ ယောကျ်ားတစ်ယောက်ပဲ။
*****
– ဥက္ကဌက လာတွေ့ဖို့ပြောပါတယ်။
ယောင်အင်းက ဥက္ကဌရုံးခန်းထဲက အတွင်းရေးမှုးရဲ့ဆက်သွယ်မှုကြောင့် ၈ထပ်ကို တက်လာခဲ့တယ်။
ဟဲဆောင်းမှာဆိုရင်တော့ ဥက္ကဌဂန်နဲ့နေ့တိုင်း နှစ်ယောက်ထဲအစည်းအဝေးလုပ်ရင်တောင် ဘာမှမဖြစ်ပေမဲ့ ဥက္ကဌချားနဲ့နှစ်ယောက်ထဲအစည်းအဝေးလုပ်ရမှာတော့ တော်တော်လေးကို အဆင်မပြေခဲ့ဘူး။
အကြောင်းရင်းကတော့ တခြားသူတွေထူးထူးဆန်းဆန်း ထင်မှာဆိုးလို့နဲ့ အမှားလုပ်ထားတာကို သူခိုးလူမိဖြစ်သွားမှာကြောင့်ပင်။
မသက်မသာစိတ်နဲ့အတူ ရုံးခန်းထဲကိုဝင်သွားတဲ့ယောင်အင်းရဲ့ခြေထောက်တစ်စုံဟာ ရပ်တန့်သွားခဲ့တယ်။
နှစ်ယောက်ထဲမဟုတ်ဘူးဆိုတာကို သိသွားတဲ့အချိန်မှာပေါ့။
ပထမဆုံးတွေ့ဖူးတဲ့ယောကျ်ားက ပြုံးရင်းနဲ့ ဆိုဖာပေါ်ကနေ ချက်ချင်းထရပ်ခဲ့တယ်။
“မင်္ဂလာပါ ညီမလေးယောင်အင်း”
ဘယ်သူပါလိမ့်။
ယောင်အင်းရဲ့ပါးစပ်ကို ဖွင့်တောင်မဖွင့်ရသေးခင်မှာ ဆောင်းဟျော့ရဲ့ရှင်းလင်းတဲ့အသံက ကြားဝင်လာခဲ့တယ်။
“ဒါ ကုမ္ပဏီနော်”
ရပ်နေတဲ့ယောကျ်ားက အဓိပ္ပါယ်မရှိလိုက်တာဆိုတဲ့သဘောနဲ့ ဟက်ခနဲရီလိုက်တယ်။
“အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုခွဲခြားဖို့ဆိုရင်.. မဟုတ်သေးဘူး ခွဲခြားချင်ယောင်လေးတောင်ဆောင်မယ်ဆိုရင် အရင်ဆုံး အဲ့ဇာတ်ဆန်ဆန်အကြည့်ကိုသာ အရင်တစ်ခုခုလုပ်ပြီးမှပြော”
“ငါ အဲ့လိုဟာမျိုးကိုခွဲခြားဖို့အတွေးမရှိဘူး။ မင်းသာလုပ်လိုက်”
ဘယ်တုန်းက ဆောင်းဟျော့နဲ့ကတောက်ကဆဖြစ်ခဲ့လို့လဲ ဆိုတဲ့သဘောနဲ့ ထိုအမျိုးသားက နူးနူးညံ့ညံ့ပြုံးပြီးတော့ ယောင်အင်းကိုကြည့်လိုက်တယ်။
“အဖွဲ့ခေါင်းဆောင်ချဲယောင်အင်း ဘာလို့အဲ့မှာရပ်နေတာလဲ။ ဒီမှာလာထိုင်ပါ”
ယောင်အင်း ဆိုဖာဆီကိုလျှောက်သွားကာထိုင်လိုက်တဲ့အချိန်ထိ ထိုအမျိုးသားရဲ့သရုပ်မှန်ကို ခန့်မှန်းဖို့ကြိုးစားကြည့်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။
“ဗိုက်ရော အဆင်ပြေရဲ့လား”
ငါ ဟိုတစ်နေ့က အရက်သောက်ခဲ့တာကို သိတဲ့သူပဲ။ သူ့ရဲ့သရုပ်မှန်ကို ပိုသိချင်လာခဲ့တယ်။
“အားနာပေမဲ့ ဘယ်သူလဲဆိုတာ…….”
“ကိုယ်ရေးကိုယ်တာအရဆိုရင်တော့ ဥက္ကဌချားဆောင်းဟျော့ရဲ့သူငယ်ချင်း၊ အလုပ်အရဆိုရင်တော့ Global စီမံခန့်ခွဲရေးအသင်းကိုတာဝန်ယူမဲ့ ယွန်ဂျီဆန်းပါ”
“အာ!”
ယောင်အင်းရဲ့မျက်လုံးတွေ ပြူးကျယ်သွားသလို ဂျီဆန်းရဲ့မျက်လုံးတွေလည်း ကြီးမားလာခဲ့တယ်။
“ကျွန်တော့်ကိုသိတာလား။ ကျွန်တော့်အကြောင်းကြားဖူးလို့လား”
“ဟုတ်ကဲ့။ အရင်တုန်းက အများကြီးကြားဖူးပါတယ်”
“မဟုတ်မှ ဆဲတော့မဆဲဘူးမလား”
“သိလောက်မှာပေမဲ့ ဥက္ကဌချားဆောင်းဟျော့က နောက်ကွယ်မှာမဆဲပါဘူး”
“ရှေ့မှာတင်ပြောတာပေါ့”
“ဟုတ်ကဲ့”
ဆောင်းဟျော့က အတိုင်အဖောက်ညီနေတဲ့နှစ်ယောက်ကို သဘောမကျခဲ့ဘူး။
ကျွန်တော့်ကိုကျ မရယ်ပြတဲ့ယောင်အင်းက ဂျီဆန်းကိုကျတော့ရယ်ပြနေတာမို့ ဘဝင်မကျခဲ့ဘူး။
“အဖွဲ့ခေါင်းဆောင်ချဲကတော့ ဒီလောက်နဲ့သွားလို့ရပါပြီ”
နေရာမှာထိုင်တာ ၁ မိနစ်တောင်မပြည့်သေးတာကို သွားတော့တဲ့လား။
မေးခွန်းတွေပြည့်နေတဲ့ယောင်အင်းရဲ့အကြည့်က ဆောင်းဟျော့ဆီ ဦးတည်သွားခဲ့တယ်။
“ပြောစရာစကားက…”
“အဖွဲ့ခေါင်းဆောင်ယွန်ဂျီဆန်းနဲ့နှုတ်ဆက်ဖို့ လာခိုင်းလိုက်တာပါ။ နှုတ်ဆက်တာပြီးသွားလောက်ပြီထင်တယ်”
“အာ ဟုတ်ကဲ့၊ ဒါဆိုသွားပါတော့မယ်”
ယောင်အင်းဟာ နောက်ကျရင် မကြာမကြာတွေ့ရအောင်ဆိုတဲ့ဂျီဆန်းကို ခေါင်းငုံ့အရိုအသေပေးပြီး ထလာခဲ့တယ်။ နောက်ပြီးတော့ နောက်တစ်ခေါက် ထပ်ရင်းနှီးချင်ယောင်ဆောင်ရင် စာချုပ်ကိုဖျက်သိမ်းပစ်လိုက်မယ်လို့ ခြိမ်းခြောက်တဲ့ယောကျ်ားနဲ့ အတင်းအကြပ်အလုပ်ဖြုတ်မှုနဲ့တရားစွဲမှာလို့ အတိုက်အခံလုပ်တဲ့ယောက်ျားနှစ်ယောက်ရဲ့စကားဝိုင်းကိုနားထောင်ရင်းနဲ့ ရုံးခန်းကနေထွက်လာခဲ့တယ်။
ဘယ်လိုပြောပြော အေးချမ်းတဲ့ကုမ္ပဏီဘဝလေးကို မျှော်လင့်ထားတဲ့ကိစ္စ မဖြစ်နိုင်တော့ဘူးပဲလို့ တွေးမိသွားခဲ့တယ်။
******
မျက်စိတစ်မှိတ်အတွင်း SL အင်တာတိန်းမန့်မှာအလုပ်လုပ်တဲ့ ပထမဆုံး ၁ ပတ်ကုန်သွားပြီးတော့ စနေနေ့ရောက်လာခဲ့တယ်။
နေ့လည် ၁၂ နာရီ နည်းနည်းကျော်သွားတဲ့အချိန်။
ယောင်အင်းက ပြတင်းပေါက်ဘေးက ဇိမ်ခံထိုင်ခုံအိအိလေးမှာထိုင်ပြီးတော့ တာဝန်ယူထားတဲ့သရုပ်ဆောင် ရိုက်ကူးထားတဲ့ variety program ကိုကြည့်နေတဲ့အချိန် ဖုန်းကောတစ်ကော ဝင်လာခဲ့တယ်။
– အဖွဲ့ခေါင်းဆောင်
အခုရော ဘာကြံနေတာပါလိမ့်။
ယောင်အင်းက အတွင်းစိတ်ကိုဖုံးပြီးတော့ လုပ်ငန်းသဘောနဲ့သာ ပြန်ဖြေခဲ့တယ်။
“ဟုတ်ကဲ့ ဥက္ကဌ”
– အလုပ်ကိစ္စနဲ့ပတ်သက်ပြီးပြောစရာလေးရှိလို့ ဒီနေ့ငါနဲ့တွေ့ရအောင်”
“ဒီနေ့စနေနေ့ပါ ”
– မလာချင်ဘူးလား
“ဟုတ်ကဲ့ အဖိုးတန်တဲ့ပိတ်ရက်လေးကို သေသေချာချာလေးရချင်ပါတယ်”
– ဒါဆိုလည်းမတတ်နိုင်ဘူးပေါ့။ အရေးကြီးကိစ္စပေမဲ့ တနင်္လာနေ့အထိ စောင့်လိုက်ပါ့မယ်
အရေးကြီးကိစ္စဆိုတဲ့စကားမှာ အလိုလိုစိတ်ယိုင်သွားပေမဲ့ ယောင်အင်းက ချက်ချင်းစိတ်ကိုပြန်စုစည်းလိုက်တယ်။
“ဟုတ်ကဲ့။ တနင်္လာနေ့ကျရင် ကုမ္ပဏီမှာပြောတာပိုကောင်းမယ်လို့ထင်ပါတယ်။ အဆင်ပြေတဲ့အချိန်ကိုပြောရင်တော့ အဲ့အချိန်ကျရင် လာရှာလိုက်ပါ့မယ်”
– တနင်္လာနေ့ကျရင် အစည်းအဝေးနဲ့ meeting တွေ တော်တော်လေးရှိလို့ အခုချက်ချင်း အချိန်သတ်မှတ်ဖို့တော့ခက်တယ်၊ ငါ အားတဲ့အချိန်ကျရင် အသင်း ၅ ဆီကို ဆင်းလာလိုက်မယ်
“အတွင်းရေးမှူးကနေတစ်ဆင့် ခေါ်ပေးရင် ကျွန်မတက်လာလိုက်ပါမယ်”
– လေ့ကျင့်ခန်းလည်းလုပ်ရင်းနဲ့ ငါကိုယ်တိုင်လာခေါ်ပြီးမှ အတူပြန်တက်မလားလို့
သူက ဧည့်လမ်းညွှန်လား…
“တခြားသူတွေ ထူးထူးဆန်းဆန်းမတွေးလောက်ဘူးလား”
– တွေးတော့ဘာလုပ်ရမှာလဲ
“…….”
ယောင်အင်းဟာ မသေချာခဲ့တဲ့ သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကို သေချာသွားခဲ့တယ်။
– ဒါဆို တနင်္လာနေ့ကျရင်တွေ့ကြတာပေါ့
“ဘယ်အချိန်၊ ဘယ်ကိုလာခဲ့ရမလဲ”
– ဒီနေ့တွေ့ဖို့ပြောတာလား
“ဟုတ်ကဲ့”
– အဖွဲ့ခေါင်းဆောင်ချဲရဲ့ အဖိုးတန်ပိတ်ရက်လေးကို မနှောင့်ယှက်ချင်တာကို
“နှောင့်ယှက်ပြီးနေပါပြီ”
– နှောင့်ယှက်ဖို့လုပ်ရာကနေ မလုပ်တော့တာလို့ ပြောရမှာမဟုတ်ဘူးလား
“…….”
အေးဆေးနေတဲ့အပြုအမူက ဘယ်လောက်တောင်မုန်းဖို့ကောင်းလိုက်လဲဆိုရင် ဖုန်းကိုကိုင်ထားတဲ့လက်ကနေ သွေးကြောတွေတောင် တစ်ဟုန်ထိုးတက်လာခဲ့တယ်။
– ၇နာရီဆို ဘယ်လိုလဲ။ ညနေစာစားရင်း စကားပြောကြတာပေါ့
“အလုပ်ကိစ္စဆိုတာတော့ မှန်တယ်မလား ဥက္ကဌ”
– ဒါပေါ့
“…….”
ယုံလို့ရော ရပါ့မလား။
– မယုံတဲ့ပုံပဲ။ ငါလိမ်တာမြင်ဖူးလို့လား
“လိမ်မပြောပေမဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကိုတော့ တစ်ခါတစ်ခါပြောပါတယ်”
နားထောင်လို့ကောင်းတဲ့ရယ်သံက နားထဲကိုဝင်လာခဲ့တယ်။
– တကယ်လို့ အလုပ်ကိစ္စမဟုတ်ဘူးဆိုရင် ငါတစ်သက်လုံး ထမင်းဝယ်ကျွေးပါ့မယ်
“ငြင်းပါတယ်”
– ဒါမျိုးကို အဓိပ္ပါယ်မရှိတဲ့စကားလို့ပြောတာလား။ ဒါမှမဟုတ် လျှောက်ပြောတာလို့ပြောတာလား
“နှစ်ခုလုံးလို့ ထင်ပါတယ်”
ရယ်သံက ပိုကျယ်လောင်လာခဲ့တယ်။
– အဖွဲ့ခေါင်းဆောင်ချဲသာ လက်ခံခဲ့ရင် တမင်သက်သက် အလုပ်နဲ့လုံးဝမဆိုင်တဲ့အကြောင်းကို ပြောခဲ့မလားမသိပေမဲ့ ငြင်းတယ်ဆိုတော့ မတတ်သာပဲအလုပ်ကိစ္စကိုပဲ ပြောရတော့မှာပေါ့။ ဖုန်းချပြီးတော့ လိပ်စာပို့ပေးလိုက်မှာမို့ ခဏနေတွေ့ရအောင်
“ဟုတ်ကဲ့ ခဏနေတွေ့ပါမယ်”
ယောင်အင်း ဖုန်းကိုချပြီးတော့ ဟက်ခနဲရီလိုက်တယ်။
အမှန်အတိုင်းပြောရရင် ဒီနေ့တော့ လက်ခံဖို့လုပ်ခဲ့တယ်။ ချားဆောင်းဟျော့နဲ့ပြောတဲ့ အသေးစားစကားဝိုင်းနဲ့ ပေါ့ပေါ့ပါးပါးဟာသတွေကို သဘောကျတာမို့။
သိပ်စိတ်မဝင်စားချင်ယောင်ဆောင်ခဲ့ပေမဲ့ တကယ်တော့ ဘာအကြောင်းပြောမလဲဆိုတာကိုလည်း သိချင်နေခဲ့တယ်။