Chapter 15
ယောင်အင်းဟာ အထပ် ၈၀ မှာရှိတဲ့ ဟိုတယ်နားနေခန်းကို ရောက်သွားခဲ့တယ်။
နှစ်ကြိမ် သုံးကြိမ်လောက်ရောက်ဖူးတဲ့ နေရာတစ်ခုပေါ့။
ချားဆောင်းဟျော့နဲ့ ကိုယ်ရေးကိုယ်တာအရ။
အထက်လူကြီးနဲ့လက်အောက်ငယ်သားတို့ အလုပ်နဲ့ပတ်သက်တဲ့အကြောင်းကိုပြောဖို့တော့ နည်းနည်းပိုတဲ့နေရာဖြစ်ခဲ့တယ်။ တကယ်အလုပ်ကိစ္စရောဟုတ်ရဲ့လားဆိုပြီး ထပ်သံသယဝင်လာခဲ့တယ်။
နားနေခန်းဝင်ပေါက်မှာစောင့်နေတဲ့ဝန်ထမ်းကို ချိန်းထားတဲ့သူရဲ့နာမည်ကိုပြောလိုက်တော့ ချက်ချင်း နေရာဆီခေါ်သွားပေးခဲ့တယ်။
ဆိုးလ်မြို့တွင်းနဲ့ဟန်မြစ်ကို တစ်ခါတည်းတွေ့ရတဲ့နေရာတစ်ခုပဲ။ လုံးဝမှောင်သွားပြီဆိုရင် ဘယ်လောက်တောင်လှပတဲ့ညရှုခင်းလေးကို တွေ့ရမလဲဆိုတာသိတာမို့ ရင်ခုန်နေခဲ့တယ်။
“ထိုင်ပါ အဖွဲ့ခေါင်းဆောင်ချဲ”
အရင်ရောက်နှင့်နေတဲ့ဆောင်းဟျော့ရဲ့မျက်နှာမှာတော့ ရှုခင်းထက်ကိုလုံးဝပိုလှပတဲ့အပြုံးလေးက ထင်ဟပ်နေခဲ့တယ်။
ယောင်အင်းက သူ ဝန်ထမ်းဆီ ထမင်းကိုခဏနေမှစားတော့မယ်လို့ပြောတဲ့အချိန် သူ့မျက်နှာချင်းဆိုင်ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။
“ဒီကိုလာဖူးလား”
အတူလာဖူးတဲ့သူက ဘာဖြစ်နေတာလဲလို့တွေးမိခဲ့ပေမဲ့ ဥက္ကဌ concept လို သေသေချာချာလုပ်နေတယ်ထင်လို့ အရင်ဆုံး သူနဲ့လိုက်လျောညီထွေဖြစ်အောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
“လာဖူးပါတယ်”
“ဘယ်သူနဲ့လဲ”
“အရင်တုန်းက ခဏတွဲဖူးတဲ့သူနဲ့ပါ”
ယောင်အင်းက ‘ခဏ’ဆိုတဲ့နေရာမှာ တမင်သက်သက်ဖိပြောခဲ့တယ်။ ဒါပေမဲ့ ဆောင်းဟျော့အတွက်တော့ နည်းနည်းမှသက်ရောက်မှုမရှိခဲ့ဘူး။ “နောက်တစ်ကြိမ် ထပ်မတွဲတော့မဲ့သူ” လို့ပြောရင်တော့ မသိပေမဲ့။
“တခြားသူနဲ့ရော”
“မလာဖူးပါဘူး”
ဒီအဖြေကိုကြားရဖို့ မေးခွန်းသုံးခါမေးခဲ့တဲ့ဆောင်းဟျော့က ကျေနပ်သွားတဲ့မျက်နှာနဲ့ လိုရင်းကိုပြောလိုက်တယ်။
“အဖွဲ့ခေါင်းဆောင်ချဲကို အကူအညီတောင်းစရာရှိလို့ တွေ့ဖို့ခေါ်လိုက်တာပါ”
သူ့ရဲ့အပြုအမူက အတော်လေး လေးနက်လာလို့ ယောင်အင်းလည်း လေးလေးနက်နက် နားထောင်ရုံကလွဲလို့ မတတ်နိုင်ခဲ့ဘူး။
“ပြောပါ”
“အဖွဲ့ခေါင်းဆောင်ချဲလည်းသိမှာပါ SL အင်တာတိန်းမန့်က အဆောက်အအုံနဲ့ယှဉ်လိုက်ရင် ထင်ရှားတဲ့အရာမရှိဘူးဆိုတာ”
ယောင်အင်းက တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းကိုညိမ့်လိုက်တယ်။
“SL အင်တာတိန်းမန့်ဆိုတဲ့ နာမည်ကိုကြားလိုက်ရင် တစ်ခုခုပေါ်လာတာမရှိဘူးမလား။ ဇာတ်ကားပဲဖြစ်ဖြစ် သရုပ်ဆောင်ပဲဖြစ်ဖြစ်”
“အဲ့ဒါကြောင့်မို့ masterpiece တစ်ခုကို လုပ်ကြည့်မလားလို့စဉ်းစားနေတာ”
ခုံကနေကျောခွာလိုက်ပြီးတော့ ဆောင်းဟျော့က ခန္ဒာကိုယ်အပေါ်ပိုင်းကိုရှေ့ဘက်ကိုင်းရင်း စကားကိုဆက်လိုက်တယ်။
“အဖွဲ့ခေါင်းဆောင်ချဲရဲ့ အကူအညီလိုပါတယ်”
“ကျွန်မ ဘယ်လို အကူအညီပေးနိုင်မှာပါလဲ”
“ဥက္ကဌဂန်ဆီကနေ ကြားခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင်ချဲက ဇာတ်ကားရွေးတဲ့နေရာမှာ အရမ်းတော်တယ်။ ဟဲဆောင်း မြန်မြန်နာမည်ရလာတာလည်း အဖွဲ့ခေါင်းဆောင်ချဲကြောင့်ပဲတဲ့”
ဥက္ကဌဂန်က အရင်တစ်ခါ အရက်သောက်ကြတုန်းက ဖော်ကောင်ပဲလုပ်ခဲ့တာမဟုတ်ပေ။ ယောင်အင်း ထောက်ခံပေးတဲ့ဇာတ်ညွှန်းမှာသရုပ်ဆောင်တဲ့ မင်းသားမင်းသမီးအားလုံး နာမည်ကြီးသွားတယ်ဆိုပြီးတော့ ပါးစပ်ထဲကတံတွေးအကုန်ခြောက်တဲ့အထိ ချီးကျူးခဲ့တယ်။
“ဘယ်တုန်းက အဲ့လိုစကားကို…….”
“အဖွဲ့ခေါင်းဆောင်ချဲဖုန်းပြောဖို့ ခဏထွက်သွားတဲ့အချိန်”
“အဲ့လိုစကားတွေ ကြားရလောက်တဲ့အထိတော့ မဟုတ်ပါဘူး”
ယောင်အင်းဟာ ဥက္ကဌဂန်အနေနဲ့ သူမကို ညီမရင်းလိုတန်ဖိုးထားပြီးတော့ စိတ်ရင်းနဲ့အဆင်ပြေဖို့မျှော်လင့်တယ်ဆိုတာကို မသိဘဲမနေခဲ့ဘူး။ ဒါပေမဲ့ ချားဆောင်းဟျော့ဆီကနေ ဒီလိုစကားကြားရတဲ့အတွက် နည်းနည်းရှက်သွားခဲ့တယ်။
အလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုမခွဲနိုင်တာက သူမဟုတ်ဘဲ ငါကိုယ်တိုင်ဖြစ်နေမလားတောင်မသိဘူးဆိုတဲ့ အတွေးဝင်လာခဲ့တယ်။
“လုံးဝမနှမြောဘဲ ရင်းနှီးမြုပ်နှံမဲ့ဇာတ်ကား လိုပါတယ်။ အဖွဲ့ခေါင်းဆောင်ချဲကပဲ ကောင်းတာလေးရွေးပေးပါ”
ယောင်အင်းက ချားဆောင်းဟျော့ရဲ့စကေးကို တခြားသူတွေထက်ပိုသိခဲ့တယ်။ လောဘမတက်မိဘူးလို့ပြောရင်လိမ်ပြောတာဖြစ်ပေမဲ့ ‘လုံးဝမနှမြောဘဲ’ဆိုတဲ့စကားကနေ ပေးတဲ့ဖိအားကပိုများခဲ့တယ်။
“ကျွန်မရဲ့အဓိကအလုပ်က စီမံခန့်ခွဲတာပါ”
“ဟဲဆောင်းမှာတော့ ဇာတ်ညွှန်းစစ်တာက အဓိကအလုပ်ဆိုပြီး ပြောသလားလို့”
“ကျွန်မက လုံးဝကို လူထုအမြင်၊ စီးပွားရေးအမြင်နဲ့ ဇာတ်ကားကိုရွေးချယ်ပြီး ကိုယ့်သရုပ်ဆောင်နဲ့အလိုက်ဖက်ဆုံးဇာတ်ကားကို ထောက်ခံပေးခဲ့ရုံပါ။ ဇာတ်ကားနာမည်ကြီးမှ သရုပ်ဆောင်လည်း နာမည်ကြီးနိုင်မှာမို့”
ရိုးရိုးသားသားဖွင့်ပြောလိုက်တဲ့စကားကို လေးလေးနက်နက်နားထောင်နေတဲ့ ဆောင်းဟျော့ရဲ့နှုတ်ခမ်းက ကွေးတက်သွားခဲ့တယ်။ သားကောင်ကိုတွေ့သွားသလိုမျိုး မီးတောင်ထွက်ကျောက်လိုမျိုး မည်းနက်နေတဲ့မျက်လုံးက တလက်လက်တောက်ပသွားခဲ့တယ်။
“သေချာလေးကို လူထုအရရော စီးပွားရေးအရပါကိုက်ညီမဲ့ ဇာတ်ကား၊ နောက်ပြီးတော့ အဲ့ဇာတ်ကားနဲ့လိုက်မဲ့သရုပ်ဆောင် ငါလိုချင်တာက အဲ့ဒါပဲ။ ငါက ရလဒ်ထုတ်ပေးရမဲ့သူမို့လို့”
“…….”
ငြင်းချင်တဲ့သဘောနဲ့ပြောလိုက်တဲ့စကားကို သူကချက်ချင်းပြန်ချေပလိုက်တာကြောင့် ယောင်အင်း ပြောစရာစကားပျောက်သွားခဲ့တယ်။
“ငါက သူများပိုက်ဆံနဲ့အနုပညာလုပ်တဲ့သူဆို အရမ်းမုန်းတာလေ”
ယောင်အင်းဟာ ငြင်းရတဲ့အကြောင်းရင်းကို တည့်တိုးပြောရတော့မဲ့အချိန်ဖြစ်ကြောင်း သတိထားမိသွားခဲ့တယ်။
“ဥက္ကဌ”
ဆောင်းဟျော့က ထိုင်ခုံကိုပြန်မှီလိုက်ရင်း ဖြည်းဖြည်းချင်းခေါင်းညိတ်လိုက်တယ်။
“ပြောပါ”
“ကိုယ်ရေးကိုယ်တာခံစားချက်ကနေဖြစ်လာတဲ့ ကမ်းလှမ်းချက်ဆိုတော့ လက်ခံဖို့ခက်ပါတယ်”
“ကမ်းလှမ်းတာမဟုတ်ဘဲ တောင်းဆိုတာပါ”
သူက တစ်ယောက်ယောက်ဆီမှာ တောင်းဆိုတာမျိုးကို တစ်ခါမှမလုပ်ခဲ့ဖူးဘူး။ အသက်ရှင်လာတဲ့တစ်လျှောက်လုံး တစ်ခုခုကိုနှမြောမိတဲ့စိတ်လည်းမရှိတာမို့ တောင်းဆိုတာကိုလုပ်ရမဲ့အကြောင်းရင်းလည်း မရှိခဲ့ဘူး။
ဒါပေမဲ့ ချဲယောင်အင်းဆိုတဲ့မိန်းမရှေ့မှာတော့ တောင်းဆိုတဲ့စကားလုံးတွေ ရှောရှောရှုရှုထွက်လာလို့ ကိုယ့်ကိုကိုယ်တောင် နည်းနည်းအံ့ဩမိသွားတယ်။
“ကိုယ်ရေးကိုယ်တာခံစားချက်ကနေ ဖြစ်လာတယ်ဆိုတာကိုတော့ မငြင်းတဲ့သဘောလား”
“တစ်ဝက်ပဲ”
“ဟင်?”
“ကိုယ်ရေးကိုယ်တာခံစားချက်ကြောင့်ပဲ ဒီလိုလုပ်နေတာမဟုတ်ဘူးဆိုတဲ့သဘော။ အဖွဲ့ခေါင်းဆောင်ချဲအကြောင်းကို သေသေချာချာလေ့လာပြီးတော့ လေးလေးနက်နက်စဉ်းစားပြီးသွားမှပဲ ချလိုက်တဲ့ဆုံးဖြတ်ချက်ပေါ့”
“…….”
“ကုမ္ပဏီခွဲတစ်ခုပျက်သွားလို့ ပြဿနာကြီးဖြစ်မှာတော့မဟုတ်ပေမဲ့ မိန်းမတစ်ယောက်ကြောင့် ငါ့ဂုဏ်သတင်းကို ကြမ်းပြင်ပေါ်ပစ်ချရလောက်အောင်တော့ မရူးဘူးလေ”
ခဏတိတ်ဆိတ်နေခဲ့တဲ့ယောင်အင်းက အေးအေးဆေးဆေး ပြန်ပြောလာခဲ့တယ်။
“စီနီယာ”
သူက စောင့်နေခဲ့သလိုမျိုး သဘာဝကျကျပြန်ဖြေလိုက်တယ်။
“အင်း”
အဓိပ္ပါယ်မရှိတဲ့ အထက်လူကြီးပုံစံလုပ်နေရတာကို ငြီးငွေ့နေတာနဲ့အတော်ပဲ ဖြစ်သွားတယ်။
“တစ်ခုလောက် အကြံပေးလို့ရမလား”
“ကြိုက်သလောက်ပေး”
“အခု ဒီလောက်နဲ့ရပ်ပြီးတော့ စီနီယာ့နေရာကိုပြန်သွားလိုက်ပါ”
“ငါ့နေရာက ဘယ်နေရာမို့လဲ”
“အစတုန်းက စီမံခန့်ခွဲရေးဌာနကို သွားမလို့မဟုတ်ဘူးလား”
“မသွားလိုက်ဘူးလေ။ အဲ့ဒါဆို ငါ့နေရာမဟုတ်ဘူးပေါ့”
ယောင်အင်းက မျက်မှောင်ကိုနည်းနည်းကြုတ်လိုက်တယ်။
“ဒီနယ်ပယ်အကြောင်းကိုဘာမှလည်းမသိ ဘာမှလည်းစိတ်မဝင်စားဘဲနဲ့ ဘယ်လိုလုပ်ချင်နေတာလဲ။ ခေတ်ရေစီးကြောင်းကိုရော သိလား။ အခုတလော ဘယ်လိုဇာတ်ကား၊ ဘယ်လိုဒရာမာက နာမည်ကြီးလဲရောသိလား။ နာမည်တပ်နိုင်တဲ့သရုပ်ဆောင်တွေ ဘယ်နှစ်ယောက်လောက်ရှိလို့လဲ”
ယောင်အင်းက စိတ်ရင်းနဲ့ ဆောင်းဟျော့ကိုစိတ်ပြောင်းသွားစေချင်ခဲ့တယ်။ အခု တကယ်ကို ဒီလောက်နဲ့ပဲရပ်စေချင်ခဲ့တယ်။ ကျွန်မကြောင့် အလကားအချိန်ဖြန်းနေတဲ့သူ့ကို နှမြောခဲ့တယ်။
“မင်းရော ဒီနယ်ပယ်က ခေတ်ရေစီးကြောင်း၊ နာမည်ကြီးတဲ့ ဇာတ်ကားပဲဖြစ်ဖြစ် ဒရာမာနဲ့သရုပ်ဆောင်တွေအကြောင်းကို နောကျေပြီး အရမ်းလည်းစိတ်ဝင်စားတယ်လို့ ယုံကြည်ချက်ရှိလား ”
ယောင်အင်း မီဒီယာသတင်းအချက်အလက်ဌာနကိုရွေးခဲ့တာက ရှင်းလင်းတဲ့အကြောင်းရင်းရှိခဲ့လို့မဟုတ်ခဲ့ဘူး။ တကယ်တော့ ဒီအလုပ်ကိုမစခင်တုန်းကတော့ အထူးတလည်ကြီး ဇာတ်ကားတွေရော ဒရာမာတွေရောကို မကြိုက်ခဲ့ဘူး။ အနုပညာရှင်တွေကို အရမ်းကြိုက်တာမျိုးတွေလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ယုံကြည်ချက်ရှိရှိနဲ့ ပြန်ဖြေနိုင်ခဲ့တယ်။
“ရှိပါတယ်”
ဆောင်းဟျော့က ဘာပြဿနာရှိလို့လဲဆိုတဲ့သဘောနဲ့ ပုခုံးကိုတွန့်လိုက်တယ်။
“ဒါဆိုရပြီပဲ”
“ဘာကိုလဲ”
“ငါ့ကဏ္ဍက မင်းလို အရည်အချင်းရှိတဲ့သူတွေကို အကျိုးရှိရှိကိုယ်တွယ်ဖို့ဆိုတော့”
“…….”
ယောင်အင်းဟာ သူမအဖြေက ဆောင်းဟျော့ကို သေချာစေသွားမယ်မှန်းတော့ လုံးဝမသိခဲ့ဘူး။ အကောင်းဆုံး ဆုံးဖြတ်ချက်ချတဲ့သူရဲ့ကဏ္ဍက အဲဒါပဲဖြစ်တာကြောင့်မို့ ဘာမှပြန်မချေပနိုင်ခဲ့ဘူး။
“ငါအခု ကောင်းကောင်းရင်းနှီးမြုပ်နှံနိုင်လောက်တဲ့ဇာတ်ကားကို ရွေးချယ်ပေးမဲ့သူလိုနေပေမဲ့ အရှိကိုအရှိအတိုင်း စကားခါးခါးပြောပေမဲ့သူလည်းလိုတယ်။ ဘယ်လောက်ပဲတွေးတွေး မင်းလောက်သင့်တော်တဲ့သူမရှိတော့ဘူး ”
“စကားခါးခါးပြောပေးဖို့တော့မခက်ပေမဲ့ တခြားဟာတွေကတော့ မသက်မသာဖြစ်ပါတယ် ”
“ဘာက မသက်မသာဖြစ်တာလဲ”
“ကျွန်မရွေးလိုက်တဲ့ဇာတ်ကား မအောင်မြင်မှာဆိုးလို့”
“ဘာကိုဘယ်လိုလုပ်မှာလဲ။ ဘာလို့မအောင်မြင်သွားတာလဲဆိုပြီး ခေါင်းလေးတစ်ချက်လောက်စောင်းပြီးတော့ ပြောလိုက်ရင်ရပြီလေ”
ဆောင်းဟျော့က ရယ်ရင်းနဲ့ခေါင်းစောင်းသလိုလုပ်ပြလိုက်တော့ ယောင်အင်းရဲ့နှုတ်ခမ်းတွေဟာ နည်းနည်းပြုံးသွားခဲ့တယ်။
“ပြောတာတော့ လွယ်တာပေါ့….”
“ဘာခက်တာရှိလို့လဲ။ မအောင်မြင်တာနဲ့ပတ်သက်တဲ့တာဝန်ကိုတော့ ငါယူမှာပဲကို”
“…….”
ယောင်အင်းအနေနဲ့ ကိုယ်ကျရှုံးရတာကိုမကြိုက်သလို သူ့ရဲ့ကျရှုံးမှုကိုလည်း ကိုယ့်လောက်နီးပါးမကြိုက်ခဲ့ဘူး။ ကျွန်မကြောင့် သူကျရှုံးတာမျိုးကိုတော့ မကြိုက်ဆုံးပဲ။
“မသက်မသာဖြစ်တာက မဖြစ်နဲ့လို့ပြောတိုင်း မဖြစ်တော့တာမဟုတ်ဘူးလို့ ပြောချင်တယ်မလား”
“ဟုတ်ကဲ့”
ဒီယောကျ်ားရဲ့ အရိပ်အခြေကြည့်တတ်ချက်ကတော့ ပြိုက်ဘက်ကင်းပဲ။ အဲ့ဒါကြောင့် စိုးရိမ်ခဲ့တယ်။ ကျွန်မရဲ့စိတ်ကိုလည်း ဖောက်ထွင်းပြီးတော့ ကြည့်နေမှာဆိုးလို့။
တကယ်တော့ ကလပ်မှာ ပြန်တွေ့တဲ့အချိန်ကတည်းကနေ ချက်ချင်းမိသွားလားတောင် မသိဘူး။ ကျွန်မသူ့ကို အခုထိမမေ့နိုင်သေးဘူးဆိုတဲ့အကြောင်း။
အဲ့ဒါကြောင့်ပဲ သူ ဒီလိုမျိုး bulldozer တစ်စီးလို ရှေ့တိုးလာနိုင်တာ မဟုတ်ဘူးလားလို့ တွေးမိခဲ့တယ်။ ဒါပေမဲ့ လက်တော့မခံနိုင်ခဲ့ဘူး။ အဆုံးထိ ဟန်ဆောင်ဖို့ပဲ ဆုံးဖြတ်ထားခဲ့တယ်။
ကျွန်မက ချဲယောင်အင်းဖြစ်ပြီးတော့ သူကချားဆောင်းဟျော့ဖြစ်နေသရွေ့ အရင်တုန်းကနဲ့ ဘာမှကွာခြားသွားတာ မရှိတာမို့။
သူနဲ့ နောက်တစ်ခေါက်တော့ ထပ်မစနိုင်ပေမဲ့ လုံးဝလည်း မတွန်းထုတ်ပစ်ချင်တဲ့ ဒီလိုစိတ်နှစ်ခွဖြစ်နေတာကို ရင်ထဲမှာပဲ နက်နက်နဲနဲမြုပ်နှံထားဖို့ စီစဉ်ခဲ့တယ်။
“အခုချက်ချင်းဖြေဖို့ မပြောဘူး။ ဖြည်းဖြည်းချင်း စဉ်းစားကြည့်လိုက်ပါ”
“…….”
စဉ်းစားစရာမလိုဘူး၊ ငြင်းပါတယ်လို့ပြောရမှာပေမဲ့ ပါးစပ်က လုံးဝပွင့်မလာခဲ့ဘူး။
“ငါ ကိုယ်ရေးကိုယ်တာခံစားချက်ကို လုံးဝထုတ်ပစ်လိုက်ပြီလို့တော့ မပြောနိုင်ပေမဲ့ မင်းကတော့ ကိုယ်ရေးကိုယ်တာခံစားချက်ကို လုံးဝဖယ်ပြီးမှဆုံးဖြတ်လိုက်။ လက်လွှတ်ဖို့နှမြောစရာကောင်းတဲ့ အခွင့်အရေးဆိုတာကို ကောင်းကောင်းသိမှာပါ”
သေချာပေါက် ကောင်းကောင်းသိထားခဲ့တယ်။ ကိုယ်ရေးကိုယ်တာခံစားချက်ကိုဖယ်လိုက်ရင် ရလဒ်က တစ်ခုထဲဆိုတာကိုရောပဲ။
“စဉ်းစားကြည့်ပါ့မယ်”
ရုတ်တရက် သိချင်သွားခဲ့တယ်။ သူ ဆက်ခံရမဲ့အခြေခံအဆောက်အအုံနဲ့ လုံးဝဝေးတဲ့နေရာကို ဘယ်အချိန် ထွက်သွားလောက်မလဲ။
သူ့ရဲ့ဖြစ်တည်မှုကို နေသားကျသွားလို့လားမသိဘူး။ အရင်လိုပဲ တစ်နေ့ကျရင် သူ့ကိုရုတ်တရက် မတွေ့နိုင်တော့တဲ့အချိန်ကို စဉ်းစားကြည့်တော့ အခုကတည်းကနေ နှလုံးသားကလစ်ဟာသွားခဲ့တယ်။
ဆောင်းဟျော့က ယောင်အင်းဘာစဉ်းစားနေလဲမသိတာကြောင့် လေးလေးနက်နက်စဉ်းစားနေလို့ မျက်နှာအရောင် မှောင်လာတာလို့ပဲထင်ခဲ့တယ်။
“ထမင်းစားရင်း ဝိုင်ရောတစ်ခွက်လောက်သောက်မလား”
“ကားယူလာခဲ့ပါတယ်”
“ဒါဆို ငါပဲသောက်ရတော့မှာပေါ့”
“ကားမယူလာဘူးလား”
“အင်း မင်းယူလာမယ်ထင်လို့ ငါတော့ထားခဲ့လိုက်တာ”
“……?”
ယောင်အင်းရဲ့ခေါင်းက ဘေးကိုစောင်းသွားခဲ့တယ်။ သူမ ကားယူလာတာနဲ့ သူကားကိုထားခဲ့တာက ဘာဆိုင်လို့လဲဆိုတာနဲ့ တစ်ခါတည်း သဘောမပေါက်လို့ပင်။
“ငါ့ကို အိမ်အထိလိုက်ပို့ပေးမှာမလား”
အဲ့အချိန်ကျမှ ဆောင်းဟျော့ရဲ့အကြံကိုသိသွားတဲ့ယောင်အင်းက ဟက်ခနဲရီလိုက်တယ်။
“မပို့ပေးပါဘူး”
“ကလေးဆန်ဆန်နဲ့ ဒီလိုလုပ်နေမှာလား။ အသွားရှိရင် အပြန်ရှိရမှာပေါ့”
“အတင်းလုပ်ခိုင်းတာလည်းမဟုတ်ဘဲနဲ့ ဘယ်သူကလိုက်ပို့ပေးလို့ပြောလို့လဲ။ ကျွန်မလိုချင်ခဲ့တာမဟုတ်ဘူးလေ”
“မင်းမလိုချင်ရင်တောင် ငါကတော့အတင်းလုပ်နေမှာပဲ”
အဲ့လိုလုပ်မှ ဒီလိုပဲဖြစ်ဖြစ် မရမကတောင်းဆိုနိုင်မှာမို့။ ဒီလိုလေးတောင်မလုပ်ဘူးဆိုရင် ချဲယောင်အင်းက တုတ်တုတ်မှမလှုပ်မှာမို့။
“ကျွန်မဆီမှာတော့ ရွေးချယ်ခွင့်မရှိဘူးမလား”
“ဘာလို့မရှိရမှာလဲ။ ငါ တစ်ချိန်ချိန်တုန်းက ပြောဖူးတယ်လေ။ လက်ခံရင်ခံ မခံရင်အလုပ်ထွက်လို့”
“…….”
“တခြားရွေးချက်စရာတော့ မရှိဘူး”
ကြက်သေသေသွားတဲ့ယောင်အင်းကို ရယ်ပြလိုက်တဲ့သူက လက်ထောင်ပြီးတော့ ဝန်ထမ်းကိုခေါ်လိုက်တယ်။
***
မရွှင်မြူးနေရင်တောင် အေးချမ်းတဲ့အခြေအနေထဲမှာ ထမင်းစားပြီးသွားတဲ့နှစ်ယောက်ဟာ ဧည့်စောင့်ခန်းကနေ ထွက်လာခဲ့တယ်။
ဆောင်းဟျော့ ဓာတ်လှေကားခလုတ်ကိုနှိပ်ပြီးပြီးချင်း ကျောနောက်ကနေ ယောက်ျားတစ်ယောက်အသံကိုကြားလိုက်ရတယ်။
“ယောင်အင်းလေး”
ယောင်အင်းနဲ့ တစ်ပြိုင်နက်တည်းနောက်လှည့်လိုက်တဲ့ဆောင်းဟျော့က ယောင်အင်းရဲ့နာမည်ကို ချိုချိုသာသာခေါ်နေတဲ့ယောကျ်ားက ဘယ်သူလဲဆိုတာကို မျက်မှန်းတန်းမိသွားတယ်။
ကိုရီးယားကိုကိုယ်စားပြုတဲ့ မင်းသား ဆောဂျင်ဂယို။
နှစ်ယောက်က ဘာဆက်ဆံရေးပါလိမ့်။
မေးခွန်းပေါ်လာတဲ့အချိန် ယောင်အင်းက သူ့ကို ရင်းရင်းနှီးနှီးပြန်ဖြေလိုက်တယ်။
“စီနီယာ”
ဆောင်းဟျော့ရဲ့မျက်မှောင်က လုံးဝကြုတ်သွားခဲ့တယ်။