Chapter 16
- Home
- All Mangas
- ပထမဆုံးအကြိမ် မဟုတ်ပါဘဲ
- Chapter 16 - လမ်းခွဲဖို့ဆုံးဖြတ်ချက်ချခဲ့တဲ့ အကြောင်းရင်း
ဆောင်းဟျော့က နဂိုကတည်းက အနုပညာနယ်ပယ်ကို လုံးဝစိတ်မဝင်စားခဲ့ဘူး။ အဲ့လိုဖြစ်တဲ့ကြားကတောင် အမေရိကမှာ ၃ နှစ်နေခဲ့တာဆိုတော့ ကိုရီးယားသရုပ်ဆောင်တွေအကြောင်းကို အရင်လောက်မသိတော့တာက အသေအချာပင်။
အခုဆို SL အင်တာတိန်းမန့်က အနုပညာရှင်တွေကိုတော့ ဘယ်သူဘယ်ဝါ ခွဲခြားနိုင်နေပြီဆိုပေမဲ့ တခြားကုမ္ပဏီက အနုပညာရှင်တွေကိုတော့ အများကြီးမသိသေးပေ။ အဲ့လိုလူဖြစ်တဲ့ ဆောင်းဟျော့လိုလူက မျက်စိရှေ့မှာရပ်နေတဲ့ အရပ်ရှည်ရှည်ယောကျ်ားကို သိနေရတဲ့အကြောင်းရင်းကတော့ မသိချင်ရင်တောင် မသိဘဲမနေနိုင်လောက်တဲ့အထိ နာမည်ကြီးလို့ပဲ ဖြစ်ခဲ့တယ်။
ဆောဂျင်ဂယို။
အသက် ၃၀ အရွယ်၊ ဆောင်းဟျော့နဲ့ရွယ်တူဖြစ်တဲ့သူက ထူးချွန်တဲ့သရုပ်ဆောင်စွမ်းရည်နဲ့အတူ ရည်မွန်တဲ့ရုပ်ရည်ကြောင့် အသက်အရွယ်မရွေး လူကြိုက်များလှတယ်။ လုပ်ဖော်ကိုင်ဖက်သရုပ်ဆောင်တွေ၊ ဝန်ထမ်းတွေနဲ့ ပရိတ်သတ်တွေကြားမှာ ကြည်နူးဖွယ်ဇာတ်လမ်းတွေ အဆက်မပြတ်ထွက်လာနေကျဆိုတော့ နာမည်မကြီးရင်တောင် ပိုထူးဆန်းမလိုပင်။
ဒါပေမဲ့ ဆောင်းဟျော့ကတော့ သူ့ကိုသဘောမကျဘူး။ တစ်ခါမှစကားမပြောဖူးပေမဲ့ ရန်လိုစိတ်တွေက မြင့်တက်လာခဲ့တယ်။
“သန့်စင်ခန်းသွားရင်း ဖျတ်ခနဲတွေ့လိုက်တာ နောက်ကျောပုံက မင်းနဲ့တူလို့လေ။ ထင်တဲ့အတိုင်းပဲ ကိုယ်က ချဲယောင်အင်းကိုတော့ မမှတ်မိစရာအကြောင်းမရှိဘူး”
ယောင်အင်းကို အပြုံးချိုချိုနဲ့ ပြုံးပြတာတွေကိုလည်း စိတ်ထဲခုနေပြီးတော့။
“စီနီယာလည်း ဒီမှာရှိနေတာပေါ့”
ကိုယ်နဲ့သူက ယောင်အင်းဆီကနေ တူညီတဲ့နာမည်ပြောင်နဲ့အခေါ်ခံရတာကိုလည်း ရူးလောက်အောင် ဘဝင်မကျခဲ့ပေ။
ယောင်အင်းက အိုချန်းဂင်းကို အစ်ကိုလို့ခေါ်တာကိုရော၊ ဆောဂျင်ဂယိုကို စီနီယာလို့ခေါ်တာကိုရော မကြိုက်ဘူး။ သေချာပေါက် ဆောဂျင်ဂယိုကို အစ်ကိုလို့ခေါ်ခဲ့ရင်တောင် အတူတူပဲ မကြိုက်လောက်မှာပေမဲ့။
တစ်ခွန်းထဲပြောရရင် သူနဲ့နာမည်ပြောင်တူရင်ရော မတူရင်ရော အားလုံးကို မကြိုက်ခဲ့ဘူး။ ပင်ကိုဗီဇကိုက ချဲယောင်အင်းနဲ့ နည်းနည်းရင်းနှီးတဲ့ယောကျ်ားဆိုရင် အားလုံးကို ရန်သူအနေနဲ့ တွေးနေမိတာ။
တကယ်တော့ ယောင်အင်းက နာမည်ပြောင်တွေနဲ့ပက်သက်ပြီး အဓိပ္ပါယ်ကြီးကြီးမားမား မထားထားဘူး။ အနုပညာရှင်တွေကိုခေါ်တဲ့ နာမည်ပြောင်ရဲ့စံနှုန်းက အရမ်းကိုရိုးရှင်းခဲ့တယ်။
ပိုငယ်တဲ့သူတို့ ရွယ်တူတို့ဆိုရင်တော့ ဒီတိုင်းနာမည်ပဲ၊ ပိုကြီးတဲ့သူဆိုရင်တော့ စီနီယာ ဒါမှမဟုတ် ဆရာ၊ တခြားမန်နေဂျာတွေနဲ့မတူဘဲ အစ်ကို,အစ်မဆိုတဲ့နာမ်စားကိုတော့ မသုံးခဲ့ဘူး။
“ဘာလဲ မဟုတ်မှ Date လား”
ဆောင်းဟျော့က သူ့ကိုတစ်ချက်ကြည့်လိုက်တဲ့ ဂျင်ဂယိုရဲ့အကြည့်ထဲမှာ သတိထားနေတဲ့အရိပ်အယောင်ကို ဖမ်းမိခဲ့တယ်။
“အဲ့လိုမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ဥက္ကဌပါ”
“ဥက္ကဌလား”
ယောင်အင်းရဲ့အကြည့်က ဂျင်ဂယိုဆီကနေ ဆောင်းဟျော့ဆီကိုပြောင်းသွားခဲ့တယ်။
“ဥက္ကဌ.. သူကတော့ သရုပ်ဆောင်ဆောဂျင်ဂယိုပါ”
ဂျင်ဂယိုက အရင်နှုတ်ဆက်လိုက်တယ်။
“တွေ့ရတာဝမ်းသာပါတယ်။ ဆောဂျင်ဂယိုပါ”
ဂျင်ဂယိုလည်း SL Group ရဲ့သားငယ်က SL အင်တာတိန်းမန့် ဥက္ကဌအဖြစ်နေရာယူလိုက်တယ်ဆိုတဲ့သတင်းကို ကြားထားတဲ့အတွက် သိနေခဲ့တယ်။ သာမန်သရုပ်ဆောင်တွေကို ပါးဖြတ်ရိုက်တဲ့ရုပ်ရည်ဆိုပြီး ကောလဟာလထွက်တာတွေကို တစ်ဝက်လောက်ပဲယုံခဲ့ပေမဲ့ ကိုယ့်မျက်စိနဲ့မြင်လိုက်ရတော့ အမှန်တရားဆိုတာကို လက်မခံလို့မရခဲ့ဘူး။
“ချားဆောင်းဟျော့ပါ”
ဂျင်ဂယိုက နာမည်မိတ်ဆက်တာပြီးသွားတာနဲ့ ယောင်အင်းကိုပြန်ကြည့်ပြီးတော့ ရယ်လိုက်တယ်။
“ဥက္ကဌဖြစ်မယ်လို့တော့ လုံးဝမထင်ထားလို့လေ၊ date များလုပ်နေတာလားဆိုပြီးတော့ အရမ်းအံ့ဩသွားတာ”
ယောင်အင်းတောင်ဘာမှမပြောရသေးခင် အသံတစ်သံက ကြားဝင်လာခဲ့တယ်။
“အဲ့ဒါက ဘာလို့အရမ်းအံ့ဩစရာကိစ္စ ဖြစ်ရတာပါလဲ”
တစ်ခဏရပ်သွားတဲ့ဂျင်ဂယိုက ဆောင်းဟျော့ဆီ အကြည့်ပြောင်းလိုက်တယ်။
“လက်ထပ်ဖို့ကတိပေးထားတဲ့မိန်းကလေးက တခြားယောကျ်ားနဲ့ date လုပ်နေတယ် ထင်သွားလို့လေ၊ အံ့ဩသွားတာ ဖြစ်သင့်တာပေါ့”
“လက်ထပ်ဖို့ကတိပေးထားတဲ့ ဆက်ဆံရေးလား”
ဆောင်းဟျော့ မျက်မှောင်ကြုတ်လိုက်တဲ့အချိန်မှာ ယောင်အင်း မျက်လုံးပြူးသွားခဲ့တယ်။
“စီနီယာ ဘာလို့ထူးဆန်းတဲ့စကားတွေ ပြောနေတာလဲ”
“ဟုတ်တယ်လေ။ ငါ အသက်၄၀ရောက်တဲ့အထိ လက်မထပ်ရသေးဘူးဆိုရင် ငါတို့လက်ထပ်ဖို့ပြောထားတာ”
“ကျွန်မ သဘောမတူဖူးပါဘူးနော်”
“မင်းအဲ့တုန်းက ရယ်လိုက်တယ်လေ။ ရယ်ရင် လက်ခံတာပဲပေါ့”
ဟာသနှောပြီးတော့ပြောနေတဲ့သူ့ကို ဆက်မကြည့်နိုင်တော့တဲ့ဆောင်းဟျော့က စကားတစ်ခွန်းကို ပြတ်ပြတ်သားသား ပြောလိုက်တယ်။
“အဓိပ္ပါယ်မရှိလွန်းလို့ ရယ်တာလည်း ဖြစ်နိုင်တယ်လေ”
အတွေ့အကြုံကနေရလာတဲ့စကားပင်။ သူ အိုချန်းဂင်းအစားသွားခဲ့တဲ့ကြင်ဖက်တွေ့တဲ့နေရာမှာ ‘ဒါဆိုငါနဲ့လက်ထပ်မလား’လို့ ကမ်းလှမ်းတဲ့အချိန် ယောင်အင်းဘက်ကနေ ဟက်ခနဲရယ်ခဲ့တာကို မှတ်မိသွားလို့ပေါ့။
ဂျင်ဂယိုက ရယ်ပြီးတော့ စကားလမ်းကြောင်းကို လွှဲလိုက်တယ်။
“SL အင်တာတိန်းမန့်က ဝန်ထမ်းတွေအပေါ် အရမ်းကောင်းတယ်ထင်တယ်။ ဥက္ကဌကိုယ်တိုင် ဝန်ထမ်းကို ဒီလိုနေရာတွေတောင် ခေါ်လာပေးတယ်ဆိုတော့”
“ဝန်ထမ်းတွေအပေါ်ကောင်းတာတော့မှန်ပေမဲ့ ဝန်ထမ်းတိုင်းကို ဒီလိုနေရာခေါ်လာတာတော့ မဟုတ်ပါဘူး”
“ယောင်အင်းကတော့ ထူးခြားတယ်လို့ ပြောချင်တာပါလား”
“ဟုတ်ပါတယ်”
“…….”
“အများကြီးကို”
နည်းနည်းလေး စူးရှတဲ့စကားဝိုင်းကို အပြန်အလှန်ပြောနေကြတဲ့ ယောကျ်ားနှစ်ယောက်ကို ပူပန်တဲ့အကြည့်တွေနဲ့ စောင့်ကြည့်နေတဲ့ယောင်အင်းက အခြေအနေကိုပြောင်းလဲသွားအောင် လုပ်လိုက်တယ်။
“စီနီယာကရော ဒီကိုဘာလို့လာတာလဲ”
“နောက်ဆုံးညစာစားပွဲ”
“အာ ကုမ္ပဏီဝန်ထမ်းတွေနဲ့အတူ နောက်ဆုံးညစာစားတာလား”
“ထင်တဲ့အတိုင်း ချဲယောင်အင်းဆိုတာ အရိပ်ပြရင် ချက်ချင်းအကောင်မြင်တယ်”
ဂျင်ဂယိုက လက်မထောင်ပြလိုက်တဲ့အချိန် ယောင်အင်းရဲ့မျက်လုံးက ဝိုင်းစက်သွားခဲ့တယ်။
“ဘာလို့ ဘယ်မှာစာချုပ်ချုပ်လိုက်တာလဲလို့ မမေးတာလဲ”
“ဘယ်သူနဲ့ စာချုပ်ချုပ်လိုက်တာလဲဟင်”
ဆောဂျင်ဂယိုက ကုမ္ပဏီနဲ့စာချုပ်သက်တမ်းကုန်သွားပေမဲ့ စာချုပ်သက်တမ်း ထပ်တိုးမှာမဟုတ်ဘူးဆိုတဲ့ သတင်းတွေ ထွက်လာလာချင်း management ကုမ္ပဏီတွေက သူတို့ဆီကိုလာဖို့ အပြိုင်အဆိုင်ကမ်းလှမ်းခဲ့ကြတယ်။ ဒါပေမဲ့ အခုထိ သူဘယ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်လိုက်တာလဲဆိုတာကိုတော့ မသိရသေးပေ။
“အခုထိတော့ စာချုပ်မချုပ်ရသေးဘူး။ မကြာခင်ချုပ်တော့မှာပါ။ ဘယ်မှာလဲဆိုတာကိုပါ မကြာခင်သိရတော့မှာမို့ ခဏလေးပဲစောင့်”
အဲ့အချိန် ဆောင်းဟျော့က တင်းတင်းပိတ်ထားတဲ့ပါးစပ်ကို ဖွင့်လိုက်တယ်။
“ဓာတ်လှေကားရောက်လာပြီ”
သူက ဓာတ်လှေကားထဲအရင်ဝင်ပြီးတော့ ဖွင့်ထားတဲ့ခလုတ်ကို နှိပ်လိုက်တယ်။
“သွားတော့မယ် စီနီယာ၊ စီနီယာရော ပြန်ဝင်တော့လေ”
“အင်း ဆက်သွယ်လိုက်မယ်”
ယောက်ျားနှစ်ယောက်က ဓာတ်လှေကားအထဲနဲ့အပြင်မှာရပ်ပြီးတော့ ပေါ့ပေါ့ပါးပါးခေါင်းငုံ့တာနဲ့ပဲ နှုတ်ဆက်လိုက်ကြတယ်။
ဆောင်းဟျော့က ယောင်အင်းဓာတ်လှေကားထဲကိုဝင်လာတာနဲ့ ဖွင့်တဲ့ခလုတ်ကနေ လက်ကိုဖယ်လိုက်တယ်။ တဖြည်းဖြည်းပိတ်သွားတဲ့တံခါးကြားကနေ နောက်လှည့်ပြီးတော့ပြန်သွားတဲ့ ဂျင်ဂယိုရဲ့နောက်ကျောပုံရိပ်ကို တွေ့ခဲ့ရတယ်။
“ကားက ဘယ်အထပ်မှာရှိတာလဲ”
“မြေအောက် တတိယအထပ်မှာပါ”
လုံးဝပိတ်သွားတဲ့ဓာတ်လှေကားက ဆောင်းဟျော့နှိပ်လိုက်တဲ့ မြေအောက် ၃ ထပ်မြောက်ကို စဆင်းသွားခဲ့တယ်။ သူတို့နှစ်ယောက် ကားပါကင်ကိုရောက်လို့ ကားပေါ်တက်တဲ့အချိန်အထိ ဘာစကားတစ်ခွန်းမှမပြောခဲ့ကြဘူး။
တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သူကတော့ ဆောင်းဟျော့ပင်။
“ဆောဂျင်ဂယိုနဲ့ ရင်းနှီးလား”
“ဟုတ်ကဲ့”
ယောင်အင်းက သူအခု သဝန်တိုနေတယ်ဆိုတာကို သိနေခဲ့တယ်။ ပိုသဝန်တိုအောင်လို့ ဖြေလိုက်တာမဟုတ်ဘဲ အမှန်တရားကိုပြောပြရုံပင်။
ဂျင်ဂယိုနဲ့က လွန်ခဲ့တဲ့ ၂ နှစ်ခွဲလောက်တုန်းက တာဝန်ယူထားတဲ့သရုပ်ဆောင်နဲ့ အတူတူဇာတ်ကားရိုက်ရာကနေ တစ်ဆင့်သိခဲ့ရတယ်။ ပုံမှန်ဆို ခဏခဏအဆက်အသွယ်လုပ်ကြတာတော့မဟုတ်ပေမဲ့ နှစ်လတစ်ခါလောက်တော့ အရက်အတူသောက်တဲ့ ဆက်ဆံရေးဖြစ်ခဲ့တယ်။ သူနဲ့ဆိုရင် အကြာကြီးနေမှပြန်တွေ့ရင်တောင် သက်တောင့်သက်သာရှိခဲ့တယ်။
ဘယ်နေရာလည်းတော့မသိပေမဲ့ ချားဆောင်းဟျော့နဲ့တူတဲ့နေရာတွေများလို့ စိတ်ရောက်သွားမိတာကတော့ လျို့ဝှက်ချက်ပင်။
“ဟုတ်လား”
ဆောင်းဟျော့ အေးစက်စက်ပြန်ဖြေတဲ့အချိန်မှာပဲ ဖုန်းမြည်သံကိုကြားလိုက်ရတယ်။ သူ့ဘောင်းဘီအိတ်ကပ်ကနေထွက်လာတဲ့ အသံဖြစ်နေခဲ့တယ်။
သူက ဖုန်းခေါ်တဲ့သူကိုကြည့်ပြီးတော့ ဖုန်းကို ချက်ချင်းပဲ အိတ်ကပ်ထဲပြန်ထည့်လိုက်တယ်။
ကြည့်နေတာကိုခံစားမိလို့ လှည့်ကြည့်လိုက်တော့ ယောင်အင်းရဲ့မျက်နှာမှာ ‘ကျွန်မကိုဂရုမစိုက်ဘဲ ကိုင်လိုက်ပါ’လို့ ရေးထားခဲ့တယ်။
“အမေခေါ်တာ၊ နောက်ကျမှပြန်ဆက်လိုက်ရင်ရတယ်”
“…….”
ယောင်အင်းက အမေဆိုတဲ့စကားကိုကြားကြားချင်း လုံးဝ အသိပြန်ဝင်သွားခဲ့တယ်။
တည်ငြိမ်တဲ့မျက်နှာနဲ့အသံကို အခုထိ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။
“မဟုတ်မှ ဆောင်းဟျော့ကို သမီးနဲ့လက်ထပ်ပေးမှာလို့ မျှော်လင့်နေတာတော့ မဟုတ်ဘူးမလား။ ဘယ်လိုပဲဖြစ်ဖြစ် ကြာကြာခံမယ်မထင်လို့ ဒီတိုင်းစောင့်ကြည့်ဖို့ပဲလုပ်ခဲ့ပေမဲ့ နှစ်ယောက်သားက ပေါ့ပေါ့ပါးပါးတွဲနေပုံလည်း လုံးဝမပေါက်ဘူးလေ။ သမီးရဲ့ဖြစ်တည်မှုက ဆောင်းဟျော့အတွက် တစ်ခုတည်းသောအမည်းစက်ဆိုတာကို သိထားဖို့မျှော်လင့်ပါတယ်”
သူ့အမေနဲ့တွေ့တဲ့နေ့တုန်းက သူနဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာက ကိုယ့်ကိုကိုယ့် တစ်နည်းနည်းနဲ့ကာကွယ်ခဲ့တဲ့သဘောပဲ။
ကျွန်မရဲ့ဖြစ်တည်မှုက ချားဆောင်းဟျော့ရဲ့တစ်ခုတည်းသော အမည်းစက်ဆိုတဲ့ အမှန်တရားကိုကြောက်သွားလို့ ရှောင်ပြေးချင်ခဲ့တယ်။
ဆောင်းဟျော့ကတော့ ယောင်အင်းက သူ့ဖြစ်တည်မှုကိုမသက်မသာဖြစ်လို့ လမ်းခွဲဖို့ရွေးချယ်ခဲ့တယ်လို့ မရေရာစွာခန့်မှန်းခဲ့တယ်။
အဲ့ဒါလည်း လုံးဝမှားတဲ့ ခန့်မှန်းချက်တော့မဟုတ်ပေ။ လမ်းခွဲဖို့ဆုံးဖြတ်ချက်ချခဲ့တဲ့အကြောင်းရင်းက သူ့အမေကြောင့်ဆိုတာကို မသိရုံလေးပဲ။
သူတို့နှစ်ယောက် မတူညီတဲ့အကြောင်းရင်းကိုယ်စီကြောင့် နှုတ်ဆိတ်နေကြတဲ့အတွက် ကားထဲမှာ တိတ်ဆိတ်မှုတွေနဲ့ပြည့်နေခဲ့တယ်။
***
နောက်နေ့ညနေ။
ဆောင်းဟျော့ မိဘတွေအိမ်ကိုသွားခဲ့တယ်။
SL Group ဥက္ကဌကြီး ချားဟျောင်းအွန်းရဲ့စံအိမ်ကတော့ မြေအောက် ၁ ထပ်နဲ့ မြေပေါ် ၃ ထပ်ဆောက်ထားတဲ့ စံအိမ်တစ်ခုပင်။ မြေအကျယ်တင် မီတာ ၅၀၀ နီးပါးရှိခဲ့တယ်။ အိမ်ကိုကျက်သရေရှိစေတဲ့ နှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ထင်းရှုးပင်တွေက တကယ့်ကိုရင်သပ်ရှုမောဖွယ်ရာတွေပဲ။
ခြံအကျယ်ကြီးနောက်မှာ အဖြူရောင်နဲ့မီးခိုရောင်ပေါင်းစပ်ထားမှုက ထင်းနေတဲ့ ဂငယ်ပုံစံ (ㄱ) အဆောက်အအုံကို အိမ်မကြီးနဲ့ သီးသန့်အိမ်ဆိုပြီးတော့ ခွဲခြားထားတယ်။ အလျားလိုက် ရှည်ရှည်လေးချဲ့ထားတဲ့ဘက်က အိမ်မကြီးဖြစ်ပြီးတော့ ဒေါင်လိုက်ချထားတဲ့ဘက်ကတော့ သီးသန့်အိမ်ပင်။
လက်ရှိ အိမ်မကြီးမှာတော့ ဥက္ကဌကြီးချား၊ သူ့မိန်းမနဲ့ အငယ်ဆုံးသမီး၊ သီးသန့်အိမ်မှာတော့ သားကြီးနဲ့ သူ့ဇနီးတို့ နေနေကြတယ်။ ဆောင်းဟျော့ အိမ်ခွဲမနေခင်တုန်းကတော့ အဓိကအိမ်ရဲ့ဒုတိယထပ်မှာနေခဲ့တယ်။
သားကြီးဖြစ်တဲ့မြောင်ဂယူနဲ့ သူ့ဇနီးဂျောင်ဟဲက သက်သက်အိမ်ခွဲပြီးတော့မနေတာက လုံးဝသူတို့ရဲ့ဆန္ဒကြောင့်ပဲဖြစ်ခဲ့တယ်။ မိဘတွေဆီကနေ နည်းနည်းလောက်ပဲဖြစ်ဖြစ် အကောင်းမြင်ခံရပြီး ဆက်ခံသူနေရာကို သေချာအောင်လုပ်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ပေါ့။
တံခါးဝကနေ လျှောက်လမ်းအထိခင်းထားတဲ့ခြေနင်းတွေကိုနင်းပြီးတော့ အဓိကအိမ်ထဲကိုဝင်သွားတဲ့ဆောင်းဟျော့က ဆံပင်ထုံးထားတဲ့ သက်လတ်ပိုင်းမိန်းမတစ်ယောက်နဲ့ တွေ့ခဲ့တယ်။
“ရောက်ပြီလား သား”
ဥက္ကဌကြီးချားရဲ့ ဇနီးတစ်ဖြစ်လဲ မောင်နှမသုံးယောက်ရဲ့အမေ မဒမ်ဟန်းအင်ဆုပင်။ အေးအေးဆေးဆေးပြောတဲ့အသံက ကြော့ရှင်းတဲ့အသွင်အပြင်နဲ့ အရမ်းကိုလိုက်ဖက်နေခဲ့တယ်။
“အဖေရော”
“စာကြည့်ခန်းထဲမှာရှိတယ်”
မဒမ််ဟန်းက ဆောင်းဟျော့ရဲ့လက်မောင်းကို သဘာဝကျကျချိတ်လိုက်တယ်။ ပြီးတော့ အတူတူ စာကြည့်ခန်းဆီလျှောက်သွားပြီးတော့ မသိမသာလေးပြောလိုက်တယ်။
“သား”
“ဟုတ်ကဲ့”
“မင်းလည်း အခု အသက် ၃၀ ရှိပြီလေ။ မိန်းမကောင်းလေးနဲ့တွေ့ပြီးတော့ လက်ထပ်ရမှာပေါ့”
“လက်ထပ်မှာပါ”
“တကယ်လား။ ဒါဆို ဟုန်းအင်း Group ရဲ့ တစ်ဦးတည်းသောသမီးကို တစ်ခါလောက်တွေ့ကြည့်မလား၊ အဲ့ကလေးက တအားဖော်ရွေပြီးတော့ လှတယ်တဲ့”
မစ္စဟန်း မျက်နှာရွှင်ပြသွားရတဲ့အကြောင်းရင်းက မကြာသေးခင်ကတောင် လက်ထပ်ဖို့အကြောင်းပြောရင် မျက်နှာတည်နေရတာနဲ့အလုပ်များခဲ့တဲ့ ဆောင်းဟျော့ဆီကနေ ပထမဆုံးအကြိမ် အကောင်းဘက်တုံ့ပြန်မှုကို ရခဲ့တာကြောင့်ပင်။ တကယ်တော့ သူ့ဆန္ဒမပါဘဲ အဆင်ပြေတဲ့မိန်းကလေးကို ရှာဖွေနေဆဲအချိန်ဖြစ်ခဲ့တယ်။
“ရပါတယ်။ ကျွန်တော့်အိမ်ထောင်ဖက်ကိုတော့ ကျွန်တော်ပဲရွေးမှာပါ”
“သား….”
ထပ်ပြီးတော့ ချဲယောင်အင်းလိုကလေးမျိုးနဲ့ တွေ့မှာစိတ်ပူတယ်ဆိုတဲ့စကား ထွက်သွားခါနီးအချိန်မှာ မစ္စဟန်းက အမြန်ပဲ နောက်ပြောမဲ့စကားတွေကို ရပ်လိုက်တယ်။
“ပြောပါ”
“……ဘာ ဘာမှမဟုတ်တော့ဘူး”
ကံကောင်းလို့ ဆောင်းဟျော့မသိဘဲ ပြီးသွားတဲ့ကိစ္စကို ကိုယ့်ပါးစပ်နဲ့ပြန်ဖော်ပြီးတော့ ပြဿနာပိုကြီးအောင်လုပ်မလို့တဲ့လား။ စိတ်ပုံမှန်မဟုတ်ဘူးပဲ။
“အမေတို့အိမ်နဲ့ လိုက်ဖက်တဲ့မိန်းကလေးဖြစ်ရမယ်။ သိတယ်မလား”
“ကျွန်တော်နဲ့လိုက်ဖက်တဲ့ မိန်းကလေးဖြစ်ရမှာပေါ့”
မစ္စဟန်းက နှုတ်ခမ်းထောင့်ကို အတင်းကွေးတင်ခဲ့တယ်။
“အဲ့ဒါတော့ သေချာတာပေါ့”
မဟုတ်မှ အဆင့်မရှိတဲ့မွေးစားကလေးထက် ပိုဆိုးတဲ့သူကိုတွေ့နေတာတော့ မဟုတ်လောက်ဘူးမလား။
အဆင့်မရှိတဲ့အိမ်တွေကိုမုန်းပေမဲ့ မိဘကဘယ်သူလဲဆိုတာတောင်မသိတဲ့ကလေးကို ချွေးမအဖြစ်ထားမယ်ဆိုတာကတော့ အဲ့ဒါနဲ့မယှဉ်နိုင်လောက်တဲ့အထိ ဆိုးဝါးတဲ့ကိစ္စဖြစ်ခဲ့တယ်။
လွန်ခဲ့တဲ့ ၃ နှစ်တုန်းက မျက်စိထဲထိကိုငုံထားမတက်ချစ်ရတဲ့သားလေးက ချဲယောင်အင်းလို့ခေါ်တဲ့ မွေးစားကလေးနဲ့ တွဲနေတယ်ဆိုတာကိုသိရတဲ့အချိန်တုန်းက ခံစားခဲ့ရတဲ့စိတ်ပျက်မှုကို နောက်တစ်ကြိမ်တော့ ထပ်မခံစားချင်တော့ဘူး။ ယုံကြည်ထားတဲ့သူဆီကနေ နောက်ကျောဓားထိုးခံရတဲ့ကိစ္စက တစ်ကြိမ်နဲ့တင် လုံလောက်သွားပြီ။
“အမေကတော့ အမေတို့သားလေးရဲ့အမြင်ကို ယုံတယ်”
ယောင်အင်းက ဆောင်းဟျော့ အမေရိကကိုထွက်သွားပြီးနောက်ပိုင်း ဟဲဆောင်းအင်တာတိန်းမန့်မှာအလုပ်ဝင်သွားတာမို့ မစ္စဟန်းအနေနဲ့ ဆောင်းဟျော့အမေရိကကိုထွက်သွားတဲ့အချိန် အဲ့နှစ်ယောက်ရဲ့ဆက်ဆံရေး လုံးဝပြီးသွားပြီလို့ထင်ခဲ့တယ်။ အဲ့ဒါကြောင့် ယောင်အင်းကို အာရုံစိုက်ရမဲ့အကြောင်းရင်း လုံးဝမရှိခဲ့ဘူး။
ယောင်အင်းအခု management အလုပ်ကိုလုပ်နေတာရော၊ ဆောင်းဟျော့ စီမံခန့်ခွဲရေးဌာနကိုမသွားဘဲ SL အင်တာတိန်းမန့်ကိုသွားရတဲ့အကြောင်းရင်းက ချဲယောင်အင်းကြောင့်ဆိုတာကိုရော သေချာပေါက်မသိခဲ့ဘူး။
အကြီးမားဆုံးပြဿနာကတော့ လွန်ခဲ့တဲ့ ၃ နှစ်တုန်းကထက် ဆောင်းဟျော့ရဲ့စိတ်နဲ့ဆုံးဖြတ်ချက်က ပိုခိုင်မာလာပြီဆိုတာပင်။
******
Translator note :
Telegram Paid Channel မှာတော့ အပိုင်း 53 ထိ ပြီးပါပြီနော်။ Paid group ဝင်ချင်တယ်ဆိုရင် @lioniscute telegram ACC ကို လာပြောလို့ရပါတယ်ရှင်။ ငွေလွှဲဝင်တာနဲ့ ချက်ချင်း Telegram channel ထဲ ထည့်ပေးပါတယ်။ 🫶
Korea version နဲ့ဖတ်ချင်ရင်တော့ Naver မှာ သွားဖတ်လို့ရပါတယ်ရှင်။ 3 Chapter Free နဲ့အတူ Author ကို support လုပ်ပြီး ဖတ်ရမှာပါ။
Have a nice day🫶