Chapter 17
- Home
- All Mangas
- ပထမဆုံးအကြိမ် မဟုတ်ပါဘဲ
- Chapter 17 - အတွေးတွေကိုရပ်ပြီးတော့ နှလုံးသားစေရာအတိုင်းသာ
ဆောင်းဟျော့က တံခါးခေါက်ပြီးတော့ စာကြည့်ခန်းထဲကို ဝင်သွားခဲ့တယ်။
ပြတင်းပေါက်အကြီးကြီးဘက်ကိုနောက်ကျောပေးထားတဲ့ စာအုပ်စင်ရဲ့ဘေးနံရံနှစ်ဖက်လုံးမှာ ဘယ်အပေါက်ကိုမှမတွေ့နိုင်လောက်အောင် စာအုပ်တွေအများကြီးနဲ့ပြည့်နေခဲ့တယ်။ စာကြမ်းပိုးဖြစ်တဲ့ စာကြည့်ခန်းပိုင်ရှင်ရဲ့အကြိုက်ကို အကုန်တွေ့ရတဲ့နေရာပင်။
သွေးကိုတော့မလိမ်နိုင်ဘူးဆိုတဲ့စကားကို သက်သေပြနေသလိုမျိုး ဆောင်းဟျော့လည်း စာအုပ်တွေကိုအရမ်းကြိုက်ခဲ့တယ်။ ကိုယ့်ကိုကိုယ်တောင် ပုံနှိပ်စာလုံးတွေကိုစွဲနေတာမဟုတ်ဘူးလားလို့ သံသယဝင်ဖူးတဲ့အထိတောင်ပဲ။
စာအုပ်တွေကိုသိပ်မဖတ်ဖြစ်တော့က စွဲလမ်းတဲ့အရာပြောင်းသွားလို့သာ။ ချဲယောင်အင်းဆိုတဲ့မိန်းမက စာအုပ်တွေထက် ပိုစိတ်ဝင်စရာကောင်းခဲ့တာမို့။
ဆောင်းဟျော့က ခံညားတဲ့အသွင်အပြင်နဲ့ တောက်ပတဲ့မျက်စိတွေကို ထင်းထင်းမြင်နေရတဲ့ယောကျာ်းဆီ အသာလေးခေါင်းငုံ့ပြီးတော့ နှုတ်ဆက်လိုက်တယ်။
“ကျွန်တော်ရောက်ပါပြီ အဖေ”
မဟော်ဂနီစားပွဲရှေ့မှာထိုင်နေတဲ့ ဥက္ကဌကြီးချားက ငွေကိုင်းမျက်မှန်ကိုချွတ်ရင်း နေရာကနေထလိုက်တယ်။
“ထိုင်လေ”
သားအဖနှစ်ယောက် အမဲရောင်သားရေဆိုဖာပေါ်မှာ ထိုင်ခဲ့ကြတယ်။
“အလုပ်ကရော ဘယ်လိုလဲ”
မနေ့ညနေတုန်းက မစ္စဟန်း ဆောင်းဟျော့ဆီကို ဖုန်းခေါ်ခဲ့တာက ဥက္ကဌကြီးချား အိမ်ပြန်လာဖို့ပြောတာကို ပြောပေးဖို့ပင်။
“အလုပ်ကို ဆန်းစစ်နေတုန်းပါ”
“နောင်တတော့ မရဘူးပေါ့?”
“ဟုတ်ကဲ့ မရပါဘူး”
ဥက္ကဌကြီးချားက ဆုပေးဒဏ်ပေးစနစ်မျိုးနဲ့ အရမ်းတင်းကြပ်ခဲ့တယ်။ အဲ့ဒါကြောင့်ပဲ သားကြီးဖြစ်တဲ့ မြောင်ဂယူတာဝန်ယူနေတဲ့ စီမံခန့်ခွဲရေးဌာနဒါရိုက်တာနေရာကို သားငယ်ဖြစ်တဲ့ဆောင်းဟျော့ကို ပေးဖို့လုပ်ခဲ့တာ။
မြောင်ဂယူ ပေါင်းစပ်ဈေးဝယ်ကုန်တိုက်နေရာကိုဝယ်ဖို့ မအောင်မြင်တဲ့အတွက် တာဝန်ယူခိုင်းနေချိန်မှာ ဆောင်းဟျော့ကိုတော့ SL အမေရိက ယာဉ်လုပ်ငန်းခွဲမှာနေရင်း အကောင်းဆုံး start-up ကုမ္ပဏီတွေရဲ့ လုပ်ငန်းကိုလွှဲယူတဲ့နေရာမှာ အောင်အောင်မြင်မြင်အပြီးသတ်နိုင်ခဲ့တာကို ချီးကျူးတဲ့အနေနဲ့ ပေးလိုက်တာပဲ။
ဒါပေမဲ့ ဆောင်းဟျော့က ရုတ်တရက် စီမံခန့်ခွဲရေးဌာနအစား SL အင်တာတိန်းမန့်ကိုရွေးချယ်ခဲ့တယ်။ အကြောင်းရင်းကိုမေးကြည့်ခဲ့ပေမဲ့ စိတ်ပြောင်းသွားလို့ ဆိုတဲ့အဖြေကိုပဲကြားခဲ့ရတယ်။
ညီအစ်ကိုနှစ်ယောက်ကြားမှာ ပဋိပက္ခတွေ ရန်ငြှိုးတွေဖြစ်မှာကိုရှောင်ဖို့နဲ့ တခြားအကြောင်းရင်းရှိသေးလားဆိုတာကိုသိချင်လို့ သူ့သဘောနဲ့ဆန့်ကျင်တဲ့အပြုအမူကို ခွင့်ပြုပေးခဲ့တာပင်။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက အစမရှိအဆုံးမရှိ အမေရိကကိုသွားမယ်လို့ပြောခဲ့တဲ့နေ့ကို ပြန်သတိရသွားလို့လည်းပါတယ်။
အားလုံးကိုအံ့ဩသွားအောင်လုပ်ပြီးတော့ ချက်ချင်းထွက်သွားပြီးမှ အရမ်းကျေနပ်ရလောက်တဲ့ ရလဒ်နဲ့ပြန်လာခဲ့ဖူးတာဆိုတော့ ဒီတစ်ခေါက်မှာရော အဲ့လိုဖြစ်မှာလားဆိုတာကို စောင့်မျှော်မိတာကလည်း အမှန်တရားတစ်ခုပဲ။
“ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာ စောင့်ကြည့်နေမယ်”
မခန့်မှန်းနိုင်တဲ့ သားဖြစ်သူရဲ့အပြုအမူကို စောင့်ကြည့်ရတာကလည်း တော်တော်လေးစိတ်ဝင်စားဖို့ကောင်းလှတယ်။
“စိတ်မပျက်စေရပါဘူး”
ဆောင်းဟျော့က သေချာပေါက်အမှတ်ရစေမဲ့ရလဒ်ကိုထုတ်ပေးဖို့ စိတ်ဆုံးဖြတ်ထားခဲ့တယ်။
ရှင်းရှင်းလင်းလင်း အနိုင်ပဲရချင်တာမျိုးမဟုတ်ဘဲ တစ်ချိန်ချိန်မှာ ကိုယ့်ရဲ့တကယ့်ရည်ရွယ်ချက်အစစ်ကို ဖော်ထုတ်ခံရရင် မိန်းကလေးနောက်ပဲတစ်ကောက်ကောက်လိုက်နေတာလို့ အလှောင်မခံရချင်လို့။
ယောင်အင်းကိုပါ ထိခိုက်လာရင် မဖြစ်တာမို့။
သူက ယောင်အင်းဘက်က ဘာအမှားမှမလုပ်ဘဲနဲ့ သူ့မိဘတွေဆီကနေအမုန်းခံရမှာကို မလိုချင်ခဲ့ဘူး။
***
ဆောင်းဟျော့က အနာဂါတ် mobility ဈေးကွက်မှာလက်ဦးမှုယူဖို့အတွက် ရင်းနှီးမြှုပ်နှံဖို့နဲ့ပတ်သက်ပြီးတော့ သူ့ရဲ့အမြင်ကို အမှန်အတိုင်းပြောပြီး စာကြည့်ခန်းထဲကနေထွက်လာခဲ့တယ်။
ဥက္ကဌကြီးချားဟျောင်းအွန်းက ဘယ်သူ့ကိုမဆို အကြံဉာဏ်တောင်းတဲ့သူ မဟုတ်ဘူးဆိုတာသိတာကြောင့် ပြီးခဲ့တဲ့ ၃ နှစ်တုန်းက မော်တော်ယာဉ်လုပ်ငန်းမှာ စိတ်နှစ်ကိုယ်နှစ်လုပ်ခဲ့တာတွေက အလဟသမဖြစ်သွားဘူးပဲဆိုတဲ့ ကိုယ့်ကိုကိုယ်ဂုဏ်ယူမှုနဲ့အတူ အဲ့အကျိုးကျေးဇူးကို ခံစားမိသွားခဲ့တယ်။
အဖေ့အနေနဲ့ ချက်ချင်းကြီး အကျိုးအမြတ်ရမရကို အသေအချာပြောဖို့ခက်တယ်ဆိုတဲ့ အကန့်အသတ်ကိုကျော်ပြီးတော့ နည်းပညာအသစ်ကိုပိုင်ဆိုင်ထားတဲ့လုပ်ငန်းမှာ ဘယ်လောက်တောင် ထက်ထက်သန်သန်နဲ့ ရင်းနှီးမြှုပ်နှံမလဲဆိုတာကို စိတ်ထဲကနေသိချင်သွားခဲ့တယ်။
စာကြည့်ခန်းတံခါးကို ပိတ်လိုက်တဲ့သူက တံခါးဝမှာရပ်နေတဲ့ ယောန်ဟုန်းကိုတွေ့သွားလို့ ခဏလောက်ရပ်သွားခဲ့တယ်။
ဥက္ကဌကြီးချားဟျောင်းအွန်းရဲ့အငယ်ဆုံးသမီးတစ်ဖြစ်လဲ ဆောင်းဟျော့ရဲ့ညီမဖြစ်တဲ့ယောန်ဟုန်းက ဒီနှစ် အသက်၂၂ ရှိပြီဖြစ်ကာ အစ်ကိုအကြီးဆုံးနဲ့တော့ အသက်၁၀နှစ်၊ အစ်ကိုငယ်နဲ့တော့ ၈နှစ်ကွာခဲ့တယ်။ ထူးဆန်းပြီးတော့ နည်းနည်းအကျင့်ဆိုးတဲ့ဘက်ခြမ်းရှိရင်တောင် ချစ်စရာကောင်းအောင်နေတာများလို့ တစ်မိသားစုလုံးရဲ့ အချစ်တော်လေးတစ်ယောက်ပဲ။
သူတို့နှစ်ယောက်က ဆောင်းဟျော့ပြန်ရောက်တာ ၁ လနီးပါးလောက်ကြာပြီးမှ ပထမဆုံးအကြိမ်ပြန်တွေ့တာပင်။
“ဘာကြီးလဲ၊ ဒီလိုလက်ဗလာနဲ့လာတာက”
ဆောင်းဟျော့က မျက်လုံးကိုမှေးပြီးတော့ ကျွန်တော့်လက်ကိုကြည့်နေတဲ့ညီမဆီကို ငြီးငွေ့တဲ့အသံနဲ့ပြောလိုက်တယ်။
“ငါက ဘာသယ်ထားရမှာလဲ”
“ညီမလေးအတွက် လက်ဆောင်လေ”
သူက ပြန်ပြောဖို့တောင်မတန်ဘူးဆိုတဲ့သဘောနဲ့ နောက်ကိုလှည့်လိုက်တယ်။ ယောန်ဟုန်းကတော့ သူ့ရဲ့ဘေးကနေကပ်ပြီး လိုက်လာခဲ့တယ်။
“ကိုကို ညီမလေး တစ်ခုခုပြောင်းလဲသွားတာမရှိဘူးလား”
လျှောက်လမ်းအဆုံးမှာ ခြေလှမ်းကိုရပ်လိုက်တဲ့သူက ယောန်ဟုန်းကိုလှည့်ကြည့်ရင်းနဲ့ တွေဝေမှုမရှိ ပြန်ဖြေလိုက်တယ်။
“ဝိတ်တက်လာတာပဲ”
ယောန်ဟုန်းက ရှုံ့မဲ့သွားတဲ့မျက်နှာနဲ့ မျက်လုံးကိုလှန်လိုက်တယ်။
“မဟုတ်ပါဘူးနော်”
“ဒါဆိုဘာလဲ”
“ဆံပင်ညှပ်လိုက်တယ်လေ! ဒီလောက်ထိတိုတိုလေးညှပ်ဖူးတာ ပထမဆုံးပဲလို့!”
ဆောင်းဟျော့က C curl perm ပုံစံလုပ်ထားတဲ့ ဂုတ်ဝဲဆံပင်ကေကို ကျွန်တော့်နားကိုကပ်လာပြီးပြနေတဲ့ ယောန်ဟုန်းကိုရှောင်ဖို့ ခြေတစ်လှမ်းနောက်ဆုတ်လိုက်တယ်။
သူက ၃ နှစ်ကြာပြီးမှ အမှတ်မထင်ပြန်တွေ့တဲ့ ရည်းစားဟောင်းရဲ့ဆံပင်အတိုအရှည်ကိုတော့ ချက်ချင်းသတိထားမိပေမဲ့ လွန်ခဲ့တဲ့ ၆ လတုန်းက အမေရိကကိုလာသွားခဲ့တဲ့ ညီမအရင်းရဲ့ဆံပင်ကိုတော့ ရှည်လာလား တိုလာလားတောင်မမှတ်မိတဲ့ ဂရုမစိုက်တတ်တဲ့အစ်ကိုတစ်ယောက်ပဲ။ သူ့ရဲ့အသေးစိတ်ကျမှုက လူတိုင်းအပေါ်မှာဖော်ပြတဲ့အရာတော့ မဟုတ်ခဲ့ဘူး။
“သိပြီမလို့ အခုဖယ်တော့”
“ဘာကိုလဲ!”
“နင်အခု လှုပ်နေတဲ့ဟာ”
“ဟွန့်!”
ကျယ်လောင်တဲ့နှာမှုတ်သံတစ်ခုထွက်လာပြီးတာနဲ့ ဆက်ပြီးထွက်လာတဲ့အသံတစ်သံကို ကြားလိုက်ရတယ်။
“သူကတော့လေ ဘာလို့ပါးစပ်က ရှေ့ကိုတစ်တောင်လောက်ထွက်နေရတာတုန်း”
ခေါင်းကိုလှည့်ကြည့်လိုက်တော့ ခန္ဓာကိုယ်သေးသေးကိုမှ နဖူးမှာအရေးအကြောင်းတွေကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့ယောကျ်ားတစ်ယောက်နဲ့ အလယ်ခွဲထားတဲ့ဆံပင်ကို အောက်ဘက်မှာစုချည်ထားတဲ့ ကြော့ရှင်းတဲ့အမျိုးသမီးတစ်ယောက် ရပ်နေခဲ့ကြတယ်။
ဆောင်းဟျော့ရဲ့အစ်ကိုနဲ့ မရီးဖြစ်တဲ့ မြောင်ဂယူနဲ့ဂျောင်ဟဲတို့ပင်။
မြောင်ဂယူက အမေနဲ့တူလို့ နုနယ်ကာ ပုံစံက နည်းနည်းမထင်မရှားဖြစ်ပေမဲ့ တစ်ဖက်မှာ ဆောင်းဟျော့က အဖေနဲ့တစ်ပုံစံတည်းတူတာကြောင့် ယောကျ်ားဆန်ပြီးတော့ မျက်နှာအစိတ်အပိုင်းတွေက ထင်းနေခဲ့တယ်။ ယောန်ဟုန်းကလည်း အဖေနဲ့ပိုတူခဲ့တယ်။
“မပြောတတ်တော့ဘူး”
ဆောင်းဟျော့က ကျွန်တော်လည်းမသိတော့ဘူးဆိုတဲ့သဘောနဲ့ ခေါင်းကိုနည်းနည်းစောင်းလိုက်တာနဲ့ နှုတ်ခမ်းဆူနေတဲ့ယောန်ဟုန်းက တစ်ဒုန်းဒုန်းလမ်းလျှောက်ပြီးတော့ ပျောက်သွားခဲ့တယ်။
ဂျောင်ဟဲက ရှေ့တစ်လှမ်းတိုးပြီးတော့ ဆောင်းဟျော့ကိုနှုတ်ဆက်လိုက်တယ်။
“ရောက်လာပါပြီလား မတ်လေး”
“ဟုတ်ကဲ့ မရီး”
သာမန်နှုတ်ဆက်စကားတွေပြောပြီးသွားတာနဲ့ မြောင်ဂယူက မဲ့ပြုံးပြုံးပြီးတော့ ရန်စလာခဲ့တယ်။
“မင်းငါ့ကို ဟာသလို့ထင်နေတာမလား။ အဲ့ဒါကြောင့် ပြန်ရောက်တာ ၁ လလောက်ရှိတဲ့အချိန်အထိ တစ်ခါမှ မဆက်သွယ်ဖူးတာမလား”
ဆောင်းဟျော့က အေးအေးဆေးဆေးပြန်ဖြေခဲ့တယ်။
“အစ်ကို့ဘက်က အရင်ဆက်သွယ်ခဲ့ပါရောလား။ ကျွန်တော်ပြန်ရောက်တာကိုသိရဲ့သားနဲ့ ဖုန်းလေးတစ်ချက်တောင်မဆက်လို့ စိတ်မကောင်းဖြစ်နေတာလေ ”
ညီအစ်ကိုနှစ်ယောက်ရဲ့ဆက်ဆံရေးက တော်တော်လေးကိုမကောင်းခဲ့ဘူး။ မြောင်ဂယူက ငယ်ငယ်ကတည်းကနေ ဘယ်နေရာမှာမဆို သူ့ထက်ပိုတော်တဲ့ညီဖြစ်သူကို လိုက်ပြိုင်နေရတာနဲ့အလုပ်ရှုပ်ခဲ့သလို ဆောင်းဟျော့ကလည်း အစ်ကိုနဲ့ဆက်ဆံရေးကောင်းအောင် တကူးတကကြီး ကြိုးစားဖို့လိုတယ်ဆိုပြီး မတွေးခဲ့ဘူး။
ဂျောင်ဟဲကလည်း အပြင်ပန်းအရသာ သဘောကောင်းတဲ့မရီး အယောင်ဆောင်ရုံ၊ သူ့ယောကျ်ားရဲ့နေရာကို ခြိမ်းခြောက်နေတဲ့မတ်ဖြစ်သူကို မျက်လုံးထဲကဆူးပင်လိုပဲ တွေးထားခဲ့တယ်။
ရဲရဲတောက်တဲ့မျက်လုံးနဲ့ ဆောင်းဟျော့နဲ့စိုက်ကြည့်နေတဲ့မြောင်ဂယူက အတွင်းစိတ်ကို ထုတ်ပြောလာခဲ့တယ်။
“ဒါရိုက်တာနေရာကို ဦးစားပေးလိုက်တယ်ဆိုပြီးတော့ အခုလာကြွားနေတာလား”
ကျွန်တော် သေချာဂရုမစိုက်ခဲ့တဲ့ရလဒ်အဖြစ် SL Group ဘက်က အရာအားလုံးကိုလောင်းပြီးတော့ပြင်ဆင်နေတဲ့ အကြီးစားပရောဂျက်မှာ ပြဿနာပေါ်လာခဲ့တယ်။ အဲ့ကိစ္စကြောင့်ပဲ SL hotel ဥက္ကဌနေရာကိုသွားရမဲ့အကျပ်အတည်းဆီ ရောက်သွားခဲ့တယ်။
SL Group မှာ ဟိုတယ်တွေယူထားတဲ့နေရာက အဲ့လောက်ကြီး မများခဲ့ဘူး။ ဥက္ကဌဖြစ်သွားလို့ ရာထူးကမြင့်သွားတယ်လို့ပြောရင်တောင် လက်တွေ့မှာတော့ ရာထူးချလိုက်တာနဲ့အတူတူပင်။
ဆောင်းဟျော့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားပေးတဲ့ကျေးဇူးကြောင့် ဒါရိုက်တာနေရာကိုတော့ထိန်းထားနိုင်ခဲ့တယ်။ ကံကောင်းတယ်လို့ခံစားမိပေမဲ့ တစ်ဖက်မှာလည်း မာနတော့ထိခိုက်ခဲ့တယ်။
“ဦးစားပေးတာ မဟုတ်ပါဘူး”
“မဟုတ်ဘူးလား”
“အစ်ကိုနဲ့လုံးဝမဆိုင်ဘဲ ရွေးချယ်ခဲ့တာပါ”
ဆောင်းဟျော့က အမှန်အတိုင်းပြောခဲ့ပေမဲ့ မြောင်ဂယူကတော့ မယုံကြည်ခဲ့ဘူး။
ဘယ်လောက်ပဲ စဉ်းစားစဉ်းစား ဆောင်းဟျော့မှာ စီမံခန့်ခွဲရေးဌာနအစား SL အင်တာတိန်းမန့်ကို ရွေးချယ်ရမဲ့အကြောင်းရင်း မရှိလို့ပဲ။
အခု မြောင်ဂယူရဲ့မျက်လုံးထဲမှာတော့ ဆောင်းဟျော့ရဲ့အပြုအမူတွေကို သဘောထားကြီးချင်ယောင်ဆောင်သလိုပဲ မြင်ခဲ့တယ်။ အဲ့ဒါကြောင့် အလှောင်ခံနေရသလိုခံစားရပြီးတော့ ပိုဒေါသထွက်လာခဲ့တယ်။
“ဒါပေမဲ့ အစ်ကို့ဘက်ကနေ ငြိမ်ငြိမ်လေးနေနေတဲ့သူကို ခဏခဏလာထိနေရင်တော့ စီမံခန့်ခွဲရေးဌာနကို ပိုလာချင်သွားမယ်ထင်တယ်။ အဲ့ဒါကြောင့် တော်ရုံတန်ရုံပဲလုပ်”
ဆောင်းဟျော့စိတ်ပြောင်းသွားရင် သူဖယ်ချခံရမှာကို ပူပန်နေတဲ့မြောင်ဂယူက ဖြေးဖြေးချင်းလက်သီးကိုဆုပ်ရင်း ဝါးစားတော့မလို ရေရွတ်လိုက်တယ်။
“ကျက်သရေမရှိတဲ့ကောင်….”
သူက ‘လုပ်ရဲရင်အဆုံးထိစိတ်ကြိုက်လုပ်ကြည့်စမ်းပါ’လို့ ပြန်မပြောနိုင်ဘဲ နောက်ပြန်လှည့်ခဲ့ရတယ်။
***
တနင်္လာနေ့ညနေမှာတော့ ယောင်အင်းဟာ ဥက္ကဌရုံးခန်းဆီကို ထပ်အခေါ်ခံခဲ့ရတယ်။
မဟုတ်မှ ထပ်ပြီးတော့မိတ်ဆက်ရမဲ့သူများရှိနေတာလားဆိုပြီးထင်ခဲ့ပေမဲ့ ဒီနေ့တော့ ဥက္ကဌရုံးခန်းပိုင်ရှင် တစ်ယောက်ထဲပင်။
“ကျွန်မကို ခေါ်ပါလား”
ဆိုဖာထိပ်ဆုံးမှာ ခြေတံရှည်ကြီးကိုချိတ်ပြီးတော့ထိုင်နေတဲ့ဆောင်းဟျော့က သူ့ဘယ်ဘက်နေရာကို မျက်စိနဲ့ညွှန်ပြလာတယ်။
“ထိုင်ပါ”
ယောင်အင်းလည်း သူညွှန်ပြတဲ့နေရာမှာ သွားထိုင်လိုက်တယ်။
“နည်းနည်းလောက် စဉ်းစားပြီးပြီလားလို့”
“ဖြေးဖြေးချင်းစဉ်းစားလို့ပြောလို့ ဖြေးဖြေးချင်း စဉ်းစားနေတုန်းပါ”
တကယ်တော့ ဆောင်းဟျော့ရဲ့ပါးစပ်ကနေ ကိုယ်ရေးကိုယ်တာခံစားချက်တွေကို လုံးဝဖယ်ပြီးမှ ဆုံးဖြတ်ပါဆိုတဲ့စကားထွက်လာကတည်းက ဆုံးဖြတ်ပြီးသွားတာ။ အကူအညီတောင်းသလိုနဲ့ အခွင့်အရေးပေးနေတာကို လက်ခံဖို့။
ဒါပေမဲ့ ကိုယ်ရေးကိုယ်တာခံစားချက်ကြောင့် ထပ်ပြီးစိတ်ယိုင်သွားခဲ့တယ်။ သူ့အမေအကြောင်းကို သတိရသွားတော့ ပြန်တွန့်ဆုတ်သွားခဲ့တယ်။
“အချိန်ကိုတော့ အပြည့်အဝပေးပြီးပြီထင်တယ်”
“၂ရက်တောင် မရှိသေးပါဘူး”
၄၂ နာရီလောက်လေးက ဘယ်မှာ ပြည့်ဝတဲ့အချိန်ဖြစ်ရမှာလဲ။
“ဒါဆို တစ်လလောက် အချိန်ပေးမယ်လို့ထင်နေတာလား”
“တစ်ပါတ်လောက်တော့ ပေးမယ်လို့ထင်တာပါ”
“ငါ့စရိုက်က နည်းနည်းအမြန်လိုတတ်လို့”
“သိထားပါတယ်”
ဆောင်းဟျော့ရဲ့ နှုတ်ခမ်းထောင့်က ကွေးတက်သွားခဲ့တယ်။
“အဖွဲ့ခေါင်းဆောင်ချဲက ငါ့အကြောင်းကောင်းကောင်းသိတာပေါ့။ ငါလည်းအဖွဲ့ခေါင်းဆောင်ချဲအကြောင်းကို ကောင်းကောင်းသိတယ်လေ”
“…….”
ယောင်အင်းက အလကားသက်သက်ပြောလိုက်မိပြီလို့တွေးရင်း ပါးစပ်ကိုပိတ်ထားလိုက်တယ်။
စနေနေ့ညနေတုန်းက အနေရခက်စွာ လမ်းခွဲပြီးနောက်ပိုင်း တစ်ချိန်လုံးအာရုံစိုက်မိနေခဲ့ပေမဲ့ ကံကောင်းစွာပဲ ဒီနေ့တော့ စိတ်အခြေအနေဆိုးပုံမရဘူး။
“ကုမ္ပဏီကို ကမ်းလှမ်းထားတဲ့ဇာတ်ညွှန်းတွေထဲမှာ အမှုဆောင်အဆင့် အထက်လူကြီးတွေပဲချဉ်းကပ်လို့ရတဲ့ဇာတ်ညွှန်းတွေ သက်သက်ရှိတာကို သိထားလား”
“ဟုတ်ကဲ့”
“အဖွဲ့ခေါင်းဆောင်ချဲကို ချဉ်းကပ်ခွင့်ပေးမလားလို့”
“…….”
ယောင်အင်းဟာ ဆုပ်ထားတဲ့လက်နှစ်ဖက်ထဲ ဖြေးဖြေးချင်းအားထည့်လိုက်တယ်။ တခြားသူတွေအမြင်မှာတော့ ဘာလို့တွန့်ဆုတ်နေတာလဲဆိုပြီး နားလည်ဖို့ခက်နေရင်တောင် ယောင်အင်းအတွက်တော့ အရမ်းကို ခက်ခဲတဲ့ရွေးချယ်မှုတစ်ခုပင်။
“တစ်ခါတစ်လေကျရင်တော့ အတွေးတွေကိုရပ်ပြီး စိတ်စေရာအတိုင်းသွားတာလည်း မဆိုးပါဘူး”
ဆောင်းဟျော့က ရယ်ပြီးတော့ တစ်ခွန်းထပ်ပေါင်းပြောလာခဲ့တယ်။
“ငါ အခုတလော အဲ့လိုလုပ်နေတာလေ”
အချိန်ကိုက်မှာပဲ ယောင်အင်းရဲ့ jacket ထဲမှာထည့်ထားတဲ့ဖုန်းဟာ အသံမြည်လာခဲ့တယ်။
ဖုန်းမြည်သံကို သတိထားမိသွားတဲ့ဆောင်းဟျော့ရဲ့အကြည့်က Jacket ရဲ့အိတ်ကပ်ဆီ ရောက်သွားခဲ့တယ်။
“ကိုင်လိုက်ပါ”
“ရပါတယ်”
“အရေးကြီးဖုန်းဆိုရင် ဘယ်လိုလုပ်မလဲ”
ယောင်အင်းက ဖုန်းကိုထုတ်ပြီးတော့ ခေါ်တဲ့သူနာမည်ကိုကြည့်လိုက်တယ်။ ဂျင်ဂယို ဖုန်းခေါ်တာပင်။
တခြားသူလည်းမဟုတ်ဘဲ သူဖုန်းခေါ်တာဆိုတော့ ဒီမှာတော့မကိုင်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် ဖုန်းကိုချပစ်လိုက်တယ်။
“မကိုင်လည်းရပါတယ်။ အရေးကြီးဖုန်းဆိုရင် ထပ်ခေါ်မှာပါ”
ဆောင်းဟျော့လည်း ထပ်မတိုက်တွန်းတော့ဘဲ ပြောလက်စစကားကိုဆက်ပြောလိုက်တယ်။
“အခု ဒီနေရာမှာ ဆုံးဖြတ်ချက်ချစေချင်ပါတယ်”
ယောင်အင်းက သူပြောသလိုပဲ နှလုံးသားစေရာအတိုင်းဆုံးဖြတ်ချက်ချဖို့ လုပ်ခဲ့တယ်။
“အခွင့်အရေးကောင်းကိုပေးလို့ ကျေးဇူးတင်ပါတယ်။ အကောင်းဆုံး ကြိုးစားပါ့မယ်”
“ကောင်းကောင်းတွေးခဲ့ပါတယ်”
ဆောင်းဟျော့ရဲ့စကားဆုံးတာနဲ့ ကြောက်စရာကောင်းလောက်အောင် ရပ်တန့်ခဲ့တဲ့ဖုန်းသံက ပြန်ထွက်လာခဲ့တယ်။
“အရေးကြီးဖုန်း ဖြစ်မယ်ထင်တယ်။ ကိုင်ကြည့်လိုက်ပါ”
ယောင်အင်းက ပေါင်ပေါ်မှာတင်ထားတဲ့ဖုန်းကို ယူကြည့်လိုက်တယ်။ ဒီတစ်ခေါက်လည်း ခေါ်တဲ့သူက အတူတူပင်။
ဘာကိစ္စပါလိမ့်။
တကယ် အရေးကြီးဖုန်းများလားမသိဘူးဆိုတဲ့အတွေးနဲ့ ဖုန်းကိုင်ကြည့်ဖို့လုပ်ခဲ့တယ်။
“ဟုတ် စီနီယာ”
အဲ့အချိန်ကျမှ ဘယ်သူဖုန်းခေါ်တာလဲဆိုတာကိုသိသွားတဲ့ဆောင်းဟျော့က မျက်မှောင်ကြုတ်လိုက်တယ်။
“ကျွန်မတို့ ကုမ္ပဏီ lobby လား။ စီနီယာက ဒီအထိ ဘာကိစ္စရှိလို့လဲ”
ဆောင်းဟျော့က ဆောဂျင်ဂယိုကို ဂရုမစိုက်ဘဲလွယ်လွယ်ကျော်သွားလို့ရတဲ့သူမဟုတ်မှန်း သိသွားခဲ့တယ်။
********