Chapter 18
ယောင်အင်းဟာ အရင်ဆုံးတွေ့ပြီးမှပြောရအောင်ဆိုတဲ့ အဖြေကိုကြားပြီးတာနဲ့ ဖုန်းချလိုက်တယ်။ အကြည့်စူးစူးနဲ့ကြည့်နေတယ်လို့ ခံစားမိတဲ့ဘက်ကို ခေါင်းလှည့်ကြည့်လိုက်တော့ မကျေမနပ်ဖြစ်နေတဲ့မျက်နှာကိုတွေ့လိုက်ရတယ်။
သူပဲကိုင်ဖို့ပြောပြီးတော့ ဒီလိုမျိုးမကြိုက်တဲ့ပုံကို တည့်တိုးကြီးပြနေရင် ဘယ်လိုလုပ်ရမှာလဲလို့။
တကယ်တော့ သူမလည်း အလကားသက်သက်ကိုင်လိုက်မိပြီလို့ နောင်တရနေတာပင်။ ဘာပြောချင်တာလဲမသိရင်တောင် အရမ်းအလျင်လိုတဲ့ကိစ္စမဟုတ်တာတော့ သေချာတာမို့။ အဲ့လိုဆိုရင်တောင် ကျွန်မကိုတွေ့ဖို့လာတဲ့သူကို အကြာကြီးတော့ မစောင့်ခိုင်းချင်ခဲ့ဘူး။
“ထပ်ပြောစရာစကား မရှိတော့ဘူးဆိုရင် သွားပါတော့မယ်”
ပါးစပ်ကိုတင်းတင်းပိတ်ထားတဲ့ဆောင်းဟျော့က ဖြေးဖြေးချင်းပြောလာခဲ့တယ်။
“တစ်ယောက်ယောက် လာရှာတာထင်တယ်”
“ဟုတ်ပါတယ်”
“ဆောဂျင်ဂယိုလား”
“ဟုတ်ကဲ့”
“ဘာကိစ္စတဲ့လဲ”
“သေချာမသိပါဘူး”
“အခု အလုပ်ချိန်မဟုတ်ဘူးလား”
ဆောင်းဟျော့က သူအခု တော်တော်လေး ကလေးဆန်ဆန်ပြုမူနေတယ်ဆိုတာကို မသိဘဲမနေခဲ့ဘူး။ သိရက်နဲ့ တမင်သက်သက် အပြစ်ရှာနေရတာက အေးအေးဆေးဆေး မလွှတ်ပေးချင်လို့ပင်။ တစ်ဖက်လူက ဆောဂျင်ဂယိုဖြစ်နေတာမို့။
“အောက်ဆင်းကြည့်မှသိရမှာပေမဲ့ အလုပ်နဲ့လုံးဝမဆိုင်တဲ့ကိစ္စတော့ ဟုတ်မှာမဟုတ်ပါဘူး”
“ဘာလို့ အဲ့လိုထင်တာလဲ”
“သရုပ်ဆောင်ဆောဂျင်ဂယိုက အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ကုမ္ပဏီထိလာရှာရလောက်အောင် အသိဉာဏ်မရှိတဲ့သူ မဟုတ်လို့ပါ”
ယောင်အင်းရဲ့အဖြေက သူ့ရဲ့စိတ်အခြေအနေကို ပိုဆိုးအောင်လုပ်ခဲ့တယ်။
“ဆောဂျင်ဂယိုအကြောင်းကို ကောင်းကောင်းသိတဲ့ပုံပဲ”
“အဲ့လောက်တော့သိပါတယ်”
“ချဲယောင်အင်းအနေနဲ့ ငါ့အကြောင်းကိုပိုသိမလား ဆောဂျင်ဂယိုအကြောင်းကိုပိုသိမလား”
“…….”
ယောင်အင်းနှုတ်ဆိတ်နေတာနဲ့ ဆောင်းဟျော့က မေးခွန်းကိုပြောင်းလိုက်တယ်။
“ဆောဂျင်ဂယိုရော ချဲယောင်အင်းအကြောင်းကို ငါ့လောက်ကောင်းကောင်းသိမှာလား”
“သိမှာပါ”
ဆောဂျင်ဂယိုက ချားဆောင်းဟျော့မသိတာကိုတောင် သိနေခဲ့တယ်။
ဥပမာပြောရရင် ချဲယောင်အင်းက ချားဆောင်းဟျော့ကို ဘယ်လောက်တောင်အများကြီး သဘောကျခဲ့တယ်ဆိုတာမျိုး။
“သွားလိုက်ပါတော့ သရုပ်ဆောင်ဆောဂျင်ဂယို စောင့်နေတော့မှာပဲ”
ရွဲ့ပြောနေတဲ့သူကို ခေါင်းငုံ့နှုတ်ဆက်ပြီးတော့ ဥက္ကဌရုံးခန်းကနေထွက်လာတဲ့ယောင်အင်းက ခဏရပ်ကာ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက်မှာတော့ ဓာတ်လှေဆီကိုသွားခဲ့တယ်။
ပထမထပ်ကိုရောက်သွားတော့ ဂျင်ဂယိုက LED စကရင်ကြီးရှေ့မှာ လက်ပိုက်ရပ်နေပြီးတော့ SL အင်တာတိန်းမန့် သရုပ်ဆောင်တွေရဲ့ trailer ဗီဒီယိုကို ကြည့်နေခဲ့တယ်။
“စီနီယာ”
ယောင်အင်းကိုတွေ့တာနဲ့ ဂျင်ဂယိုရဲ့နှုတ်ခမ်းမှာ အပြုံးတစ်ပွင့်ပေါ်လာခဲ့တယ်။
“ကိုယ် မဟုတ်မှ အလုပ်များတဲ့အချိန်ကို ရွေးပြီးတော့လာခဲ့မိတာလား”
“ဟုတ်ကဲ့။ ဘယ်လိုလုပ် ဒီလောက်တောင် ကွက်တိဖြစ်ရတာလဲ”
“ဆောရီး ကိုယ် အရိပ်အခြေ မကြည့်လိုက်မိဘူး”
ဂျင်ဂယိုက နောက်နေတာထင်လို့ ဟာသရောပြီးတော့ပြန်ဖြေခဲ့ပေမဲ့ အမှန်အတိုင်းပြောရရင် ယောင်အင်းအတွက်တော့ စိတ်ရင်းနည်းနည်းပါတဲ့စကားပင်။
၁၀ မိနစ်လောက်စောပြီးတော့ ရောက်လာတာပဲဖြစ်ဖြစ်၊ ၁၀ မိနစ်လောက် နောက်ကျမှရောက်လာတယ်ဆိုရင်တောင် ဆောင်းဟျော့ရဲ့မျက်မှောင်ကြုတ်ထားတဲ့မျက်နှာကြီးကို တွေ့ရမှာမဟုတ်ဘူးဆိုတဲ့ နှမြောတသစိတ်က ပိုကြီးနေခဲ့တယ်။
ယောင်အင်းက နောက်ကျမှ သူတစ်ယောက်ထဲလာတာကို သတိထားမိသွားခဲ့တယ်။
“မန်နေဂျာရော”
“အားလပ်ရက်ပေးထားတာ”
“ဘာကိစ္စရှိလို့လာတာလဲဟင်။ ဒီအထိကို တစ်ယောက်တည်း”
“ရပ်ပြီးပြောရမဲ့စကားမဟုတ်လို့လေ၊ လက်ဖက်ရည်တစ်ခွက်လောက် သောက်ကြမလား”
“ဟိုဘက်မှာ ကော်ဖီဆိုင်ရှိပါတယ်”
နှစ်ယောက်သား အဆောက်အအုံရဲ့အပေါက်ဝရှေ့မှာရှိတဲ့ ကော်ဖီဆိုင်ထဲကိုဝင်သွားပြီးတော့ ပြတင်းပေါက်ဘက်မှာ မျက်နှာချင်းဆိုင်ထိုင်ခဲ့ကြတယ်။
ဦးထုပ်ရော မတ်စ်ရောမပါဘဲ မျက်နှာကို ရှင်းရှင်းလင်းလင်းပြထားတဲ့ top star တစ်ယောက်ကြောင့် ယောင်အင်းဆီကိုတောင် လူတွေရဲ့အကြည့်က ရောက်လာခဲ့တယ်။ နေသားကျပြီးသားအခြေအနေမို့လို့ အရမ်းတော့ ဂရုမစိုက်ခဲ့ဘူး။
“အခုပြောပါတော့၊ ဘာကိစ္စရှိလို့လဲ”
“စာချုပ်ချုပ်ဖို့လာတာ”
“စာချုပ်လား။ ဘာစာချုပ်လဲ”
“ကုမ္ပဏီနဲ့ချုပ်မဲ့စာချုပ်”
ယောင်အင်းရဲ့မျက်လုံးတွေ ဝိုင်းစက်သွားခဲ့တယ်။
“မကြာခင် စာချုပ်ချုပ်တော့မှာလို့ ပြောတဲ့ကုမ္ပဏီက SL ဖြစ်နေတာလား”
“အင်း”
“အဲ့ဒါကြောင့် ချက်ချင်းမပြောပြဘဲ အချိန်ဆွဲနေတာကိုး”
ယောင်အင်းက ရယ်ပြီးတော့ ပြောလိုက်တယ်။
“စာချုပ်မှာလက်မှတ်ထိုးဖို့လာတာလား၊ စီနီယာ့ကို ဘယ်အသင်းက တာဝန်ယူမလဲမသိဘူးနော်”
သက်တမ်းအရင့်ဆုံး အသင်း ၁ လား၊ ရောင်းအားအမြင့်ဆုံး အသင်း ၂ လား။
“မင်း ဘယ်အသင်းမှာလို့ပြောဖူးတာလဲ”
“အသင်း ၅ မှာပါ”
“ဒါဆိုငါရော သေချာပေါက် အသင်း ၅ ပဲပေါ့”
ဂျင်ဂယိုက စားပွဲပေါ်မှာလက်နှစ်ဖက်ကိုထောက်ပြီးတော့ ရယ်လိုက်တယ်။
“မင်းကြောင့် SL နဲ့ စာချုပ်ချုပ်ဖို့လုပ်တာမို့”
“ကျွန်မကြောင့်လား”
“မင်း ငါ့ကိုတာဝန်ယူပေးပါ”
“…….”
ယောင်အင်းလည်း အဲ့အချိန်ကျမှ ဘာအခြေအနေလဲဆိုတာကို သိသွားခဲ့တယ်။ ဘာပြန်ပြောရမလဲလို့စဉ်းစားနေတဲ့အချိန် ဂျင်ဂယိုက ထပ်ပြောလာခဲ့တယ်။
“မင်းနဲ့ကိုယ်နဲ့ သိလာတာ ၂ နှစ်တောင်ကျော်နေပြီကို၊ ဘာလို့တစ်ခါမှ အလုပ်အတူတူလုပ်ကြည့်ဖို့ မပြောဖူးရတာလဲ။ စာချုပ်သက်တမ်းကျန်နေသေးလို့ဆိုရင် စာချုပ်သက်တမ်းပြီးသွားတဲ့အချိန် ဟဲဆောင်းကိုလာဖို့ ပြောလို့ရရဲ့သားနဲ့”
သူ အမြဲတမ်း အဲ့အကြောင်းရင်းကိုသိချင်ခဲ့တာ။ အတိအကျပြောရရင် ကျွန်တော့်ခန့်မှန်းချက် မှန်လားဆိုတာကို သိချင်ခဲ့တယ်။
“ဟဲဆောင်းက စီနီယာ့လိုမျိုး နာမည်ကြီးသရုပ်ဆောင်ကိုထားဖို့အတွက်တော့ scale က အရမ်းသေးခဲ့တာလေ။ စီနီယာ့ဆီမှာ ပိုကောင်းတဲ့ရွေးချယ်စရာရှိတာကို သေသေချာချာသိရဲ့သားနဲ့ ဖိအားလည်းမပေးချင်လို့ပါ။ လွန်ခဲ့တဲ့ ၂ လ ၃ လကနေစပြီး ဟဲဆောင်းကိုရောင်းဖို့ ဆွေးနွေးတာတွေလည်းလုပ်လာတာဆိုတော့ ပိုမခေါ်နိုင်ခဲ့တာပါ”
“SL ကိုရောင်းဖို့ ဆုံးဖြတ်ပြီးနောက်ပိုင်းကျတော့ရော၊ ကိုယ် အဲ့တုန်းကလည်း အခုထိ မဆုံးဖြတ်ရသေးဘူးလို့ မင်းကို မသိမသာလေးအရိပ်ပြခဲ့တာကို”
“SL အင်တာတိန်းမန့်က စီနီယာ့ကို စာချုပ်ချုပ်ဖို့ကမ်းလှမ်းနိုင်လောက်အောင် အဆင်ပြေတဲ့ကုမ္ပဏီဆိုတာကို သေချာသွားပြီးလို့ အဲ့အချိန်ထိတောင် စီနီယာ တခြားကုမ္ပဏီနဲ့စာချုပ်မချုပ်ရသေးတဲ့ အခြေအနေဆိုရင်တော့ ပြောရင်ပြောလောက်မှာပါ”
ဂျင်ဂယိုက ဟန်လုပ်ပြီးတော့ နှာခေါင်းကိုရှုံ့လိုက်တယ်။
“အဲ့ဒါက ဘယ်အချိန်မှလဲ”
ယောင်အင်းက ပြန်ဖြေသလိုနဲ့ ပုခုံးကိုတွန့်လိုက်တယ်။
“မပြောတတ်ဘူးလေ”
“မင်း ကမ်းလှမ်းတာကိုစောင့်နေရာကနေ အသက်တိုတဲ့သူဆိုရင်တော့ သေတော့မှာပဲ”
“သတိထားရုံကလွဲပြီး မတတ်နိုင်လို့ပါ။ ကျွန်မက ဒီနေရာကမကောင်းဘူးဆိုရင် ချက်ချင်း အလုပ်ထွက်လို့ရပေမဲ့ စီနီယာကျတော့ စာချုပ်သက်တမ်းအတွင်း ဒီမှာပဲနေရမှာမို့လေ။ ဆွဲခေါ်ပြီးတော့မှ ကျွန်မတစ်ယောက်ထဲထွက်ပြေးသွားရင် စီနီယာကျဘယ်လိုလုပ်မှာလဲ”
သူထင်တာမမှားဘူးပဲဆိုတာကို အတည်ပြုနိုင်လိုက်တဲ့ ဂျင်ဂယိုရဲ့နှုတ်ခမ်းထောင့်မှာ ကျေနပ်မှုတွေက ထွက်ပေါ်လာခဲ့တယ်။
“ဒါကြောင့်မို့ ကိုယ်မင်းကိုသဘောကျတာ”
သူက ယောင်အင်း နည်းနည်းတုံ့ဆိုင်းသွားတာကိုခံစားမိလိုက်လို့ သဘာဝကျကျ ထပ်ပြောခဲ့တယ်။
“ရင်းနှီးပေမဲ့ ရင်းနှီးတဲ့ပုံမပြဘူးလေ”
ယောင်အင်းရဲ့မျက်နှာအမူအရာထဲမှာ သက်တောင့်သက်သာဖြစ်သွားတာကိုတွေ့လိုက်ရတော့ နည်းနည်း စိတ်ဓာတ်ကျသွားခဲ့တယ်။
“ကျွန်မတို့ ရင်းနှီးတာဟုတ်လို့လား”
“မဟုတ်မှ ဒီတစ်လျှောက်လုံး ကိုယ်ပဲရင်းနှီးတာလို့ အထင်မှားခဲ့တာလား”
ဂျင်ဂယိုက အရမ်းအံ့ဩသွားတယ်ဆိုတဲ့သဘောနဲ့ မျက်လုံးကိုပြူးလိုက်တယ်။
“တစ်ယောက်ယောက်က စီနီယာနဲ့ရင်းနှီးလားလို့မေးလို့ ရင်းနှီးတယ်လို့တော့ဖြေခဲ့ပေမဲ့ အဲ့လိုဖြေလို့ရရဲ့လားဆိုတာ နည်းနည်းအာရုံစိုက်မိနေလို့ပါ”
“ဘယ်သူမေးတာလဲ”
“ရှိပါတယ် တစ်စုံတစ်ယောက်”
ယောင်အင်းရဲ့မျက်နှာမှာ ခဏလောက် ဝမ်းနည်းတဲ့အပြုံးပေါ်လာတာနဲ့တစ်ပြိုင်နက် ဂျင်ဂယိုရဲ့မျက်လုံးထဲမှာ ယောက်ျားတစ်ယောက်ရဲ့မျက်နှာကို တွေးမိသွားခဲ့တယ်။ သူက ခုနတုန်းကနဲ့မတူဘဲ ဒီတစ်ခေါက်မှာတော့ သူထင်တာမှားဖို့မျှော်လင့်ရင်း စကားလမ်းကြောင်းကိုပြောင်းလိုက်တယ်။
“မင်း SL ကိုရောက်တာ တစ်ပတ်လောက်ရှိပြီမလား”
“ဟုတ်ကဲ့”
“ဘယ်လိုလဲ။ မကြာခင်ထွက်ပြေးမိမယ်လို့ ထင်လား”
“အခုထိ နည်းနည်းပိုပြီးတော့ စောင့်ကြည့်ရမှာပေမဲ့ ကုမ္ပဏီတစ်ခုလုံးကစနစ်ကျပြီးတော့ ဆိုးတော့မဆိုးဘူးထင်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကျရင် ရုတ်တရက် အလုပ်ထွက်ချင်စိတ်လည်း ပေါ်ရင်ပေါ်လာနိုင်ပါတယ်”
အလုပ်ထွက်ဖြစ်ရင်တော့ ချားဆောင်းဟျော့ကြောင့်ပဲဖြစ်မှာ။
“ကျွန်မကို ပုခုံးဖြန့်ပြီးတော့သွားနိုင်အောင် လုပ်ပေးချင်တဲ့စိတ်ကိုတော့သိပေမဲ့ အဲ့လိုမလုပ်လည်းရပါတယ် စီနီယာ။ စေတနာကိုပဲ ကျေးဇူးတင်စွာနဲ့ လက်ခံလိုက်ပါ့မယ်”
တခြား management ကုမ္ပဏီတွေလည်း အခြေအနေတော့ဆင်တူပေမဲ့ အထူးသဖြင့် SL အင်တာတိန်းမန့်မှာတော့ အသင်းတိုင်းက ရောင်းအားပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တယ်။ ဒီနယ်ပယ်မှာ ကောလဟာလတွေ အရမ်းပျံ့လို့ ဂျင်ဂယိုတောင် သိတဲ့အထိ။
“SL အင်တာတိန်းမန့်လောက်ဆိုရင် ကိုယ့်အတွက်တော့မဆိုးပါဘူး။ မင်းအတွက် အနစ်နာခံပေးတာမဟုတ်ဘဲ win-win ပဲလေ။ မင်းသာ SL အင်တာတိန်းမန့်မဟုတ်ဘဲ မဖြစ်နိုင်တဲ့ကုမ္ပဏီကိုသွားခဲ့တယ်ဆိုရင် ငါလည်း ပိုပြီးလေးလေးနက်နက်တွေးခဲ့မှာပါ”
ယောင်အင်း ဒီထပ်ပိုပြီး မငြင်းနိုင်တော့ဘူး။ ငြင်းလည်းမငြင်းချင်တော့ဘူး။
“စီနီယာ ကျွန်မ ရုတ်တရက် အလုပ်ထွက်သွားရင်တောင် ကျွန်မကို စိတ်မနာမဲ့ယုံကြည်ချက်ရှိလား”
“စိတ်တော့နာမှာမဟုတ်ဘူး။ လွမ်းရင်ပဲလွမ်းမှာ”
ဂျင်ဂယိုပြုံးလိုက်တာနဲ့ ယောင်အင်းရဲ့မျက်နှာမှာလည်း အပြုံးတစ်ပွင့်ပေါ်လာခဲ့တယ်။
“ဒါဆို စာချုပ်ချုပ်ကြတာပေါ့”
“အရင်ဆုံး ဥက္ကဌနဲ့တွေ့ချင်သေးလို့လေ”
“…ဥက္ကဌနဲ့လား?”
ယောင်အင်း မရှင်းသလိုပြန်မေးလိုက်တာက လွန်ခဲ့တဲ့ ၂ ရက်တုန်းက နှစ်ယောက်သား သိပ်အဆင်မပြေခဲ့တာကို သတိရသွားလို့ပင်။ ဒါကြောင့်မို့ ချက်ချင်းပဲ ရတယ်လို့မဖြေနိုင်ခဲ့ဘူး။
“စာချုပ်မချုပ်ခင် အဖြေအတိအကျရရမဲ့ သတ်မှတ်ချက်နည်းနည်းရှိလို့”
“ဘယ်လိုသတ်မှတ်ချက်လဲဆိုတာ ကျွန်မအရင်မေးကြည့်လို့ရလား”
“စာချုပ်ချုပ်ခ 100 ဘီလီယံ ဘာညာ အဲ့လိုမျိုးမမေးမှာမို့ စိတ်မပူလည်းရပါတယ်။ ဒီတိုင်း ကိုယ့်ဥက္ကဌကို ကိုယ်တိုင်ပြောတာ ပိုကောင်းမယ်ထင်လို့”
ယောင်အင်းက သူ မဖြစ်နိုင်တဲ့သတ်မှတ်ချက်ကိုပြောမယ်လို့တော့ မထင်ခဲ့ဘူး။
“ခဏလေးနော် စီနီယာ။ ဥက္ကဌကို အခုတွေ့ဖို့အားလားဆိုတာ မေးကြည့်ကြည့်ပါ့မယ်”
စားပွဲပေါ်တင်ထားတဲ့ဖုန်းကိုယူပြီးတော့ ယောင်အင်းက ဥက္ကဌရုံးခန်းဆီဖုန်းခေါ်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ဖုန်းကိုင်လိုက်တဲ့အတွင်းရေးမှူးဆီကို လိုရင်းပဲပြောလိုက်တယ်။
“စီမံခန့်ခွဲရေး အသင်း ၅ က ချဲယောင်အင်းပါ။ သရုပ်ဆောင်ဆောဂျင်ဂယိုက ကျွန်မတို့ SL အင်တာတိန်းမန့်နဲ့ စာချုပ်ချုပ်ဖို့လုပ်ထားပေမဲ့ စာချုပ်နဲ့ပတ်သက်ပြီး ဥက္ကဌနဲ့စကားပြောချင်တာလေးရှိတယ်ပြောလို့ပါ။ ခဏလောက်အချိန်ပေးနိုင်မလား ကြည့်ပေးဖို့တောင်းဆိုပါတယ်”
မဟုတ်မှ ငြင်းမှာတော့ မဟုတ်လောက်ဘူးမလား။
တည်ငြိမ်ချင်ယောင်ဆောင်နေပေမဲ့ ယောင်အင်းရဲ့နှလုံးသားကတော့ ဒုန်းဒုန်းဒိုင်းဒိုင်းခုန်နေခဲ့တယ်။
***
တော်သေးလို့ တွေ့ခွင့်တော့ ရသွားခဲ့တယ်။
ဆောင်းဟျော့တစ်ယောက် အစည်းအဝေးကိုရွှေ့ပြီးတော့တောင် တွေ့ဖို့ပြောတာကိုလက်ခံလိုက်ရတာက ဆောဂျင်ဂယို SL ကုမ္ပဏီဝင်ဖြစ်လာမလားမသိဘူးဆိုတဲ့ မျှော်လင့်ချက်ကြောင့် မဟုတ်ခဲ့ဘူး။ အဲ့အစား အဲ့နှစ်ယောက်ကို မျက်စိရှေ့မှာခေါ်ထားတာက ပိုကောင်းတယ်လို့ သုံးသပ်ခဲ့ရုံပင်။
ဂျင်ဂယိုဘက်ကအရင် ဆောင်းဟျော့ဆီ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကိုကမ်းပေးခဲ့တယ်။
“ထပ်တွေ့ပြန်ပြီနော်”
ဆောင်းဟျော့က သူ့ရဲ့လက်ကိုပြန်ကိုင်လိုက်တယ်။
“စာချုပ်ချုပ်ဖို့စဉ်းစားနေတာလို့ သိထားပါတယ်”
အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ကုမ္ပဏီထိလာရှာရလောက်အောင် အသိဉာဏ်မရှိတဲ့သူမဟုတ်ဘူးဆိုတဲ့ ယောင်အင်းရဲ့စကားက မှန်ပုံပဲ။
“အဖွဲ့ခေါင်းဆောင်ချဲနဲ့အတူအလုပ်လုပ်ချင်လို့ စာချုပ်လေးချုပ်ပေးပါဆိုပြီး တောင်းဆိုဖို့လာခဲ့တာပါ”
ယောင်အင်းရဲ့မျက်နှာမှာ နေရခက်တဲ့အရိပ်အယောင်တွေ ပေါ်လာခဲ့တယ်။ ဆောင်းဟျော့က ယောင်အင်းကိုမြှောက်ဖို့အတွက် သူ့ကိုယ်သူနှိမ့်ချပြောနေတဲ့ဂျင်ဂယိုကို ဘဝင်မကျခဲ့ဘူး။
“တိတိကျကျ အဖြေရချင်တာလေးတွေတချို့ရှိလို့ ဥက္ကဌနဲ့တွေ့ဖို့ ပြောလိုက်တာပါ”
“အရင်ဆုံး ထိုင်ပါဦး”
ယောင်အင်းက ဆိုဖာထိပ်ဆုံးနေရာရဲ့ ဘယ်ဘက်နဲ့ ညာဘက်နေရာမှာ အသီးသီးထိုင်လိုက်တယ်။
ဂျင်ဂယိုက ဆိုဖာထိပ်ဆုံးမှာထိုင်နေတဲ့ဆောင်းဟျော့ကိုကြည့်ရင်း သဘာဝကျကျ စကားစလိုက်တယ်။
“စိတ်မရှိဘူးဆိုရင် တစ်ခုလောက် မေးကြည့်လို့ရမလား”
“စိတ်ရှိမလား မရှိဘူးလားဆိုတာကိုတော့ နားထောင်ပြီးမှဆုံးဖြတ်ပါမယ်”
ယောင်အင်းကသာ တိတ်တိတ်လေး အဓိပ္ပါယ်မရှိလိုက်တာဆိုတဲ့မျက်နှာထားကို လုပ်လိုက်ပေမဲ့ ဂျင်ဂယိုကတော့ အရမ်းတည်ငြိမ်နေခဲ့တယ်။
“SL အင်တာတိန်းမန့်ကိုမလာခင်တုန်းက ဘယ်မှာနေခဲ့တာပါလဲ”
“SL မော်တော်ယာဉ် အမေရိကလုပ်ငန်းခွဲမှာပါ”
“အာ ထင်တဲ့အတိုင်းပဲ”
“ဘာအဓိပ္ပါယ်ပါလဲ”
“ဘာလို့လည်းမသိ အမေရိကမှာနေခဲ့တယ်ဆိုပြီး ထင်လို့ပါ”
ဆောင်းဟျော့က ‘ဘာလို့လည်းမသိ’ဆိုတဲ့ မရှင်းလင်းတဲ့စကားကိုပြန်မဖြေချင်လို့ စကားလမ်းကြောင်းလွှဲလိုက်တယ်။
“လိုရင်းကိုပြောကြတာပေါ့”
ဂျင်ဂယိုက ရိုးရိုးရှင်းရှင်းနဲ့ သူပြောတာကိုလိုက်နာခဲ့တယ်။
“လိုချင်တဲ့ ကန့်သတ်ချက်တစ်ချို့ရှိပါတယ်”
“ပြောပါ”
“အကြာကြီး အတူအလုပ်လုပ်လာတဲ့မန်နေဂျာရှိပါတယ်။ အတူစာချုပ်ချုပ်ချင်ပါတယ်”
“ပြဿနာမရှိပါဘူး”
“မန်နေဂျာကို တစ်လ အားလပ်ရက်ပေးလိုက်ပါတယ်။ အဲ့အတောအတွင်း schedule တွေကိုလုပ်ရင်း ကျွန်တော့်ကိုဂရုစိုက်ပေးမဲ့ မန်နေဂျာတစ်ယောက်လိုပါတယ်”
“အရည်အချင်းရှိပြီးတော့ အတွေ့အကြုံများတဲ့မန်နေဂျာတစ်ယောက်ကို ထားပေးပါ့မယ်”
“ဖြစ်စေချင်တဲ့သူ ရှိပါတယ်”
“ဘယ်သူပါလဲ”
ဆောင်းဟျော့က ဂျင်ဂယိုရဲ့နှုတ်ကနေ ဘယ်သူ့နာမည်ထွက်လာမလဲဆိုတာ ခန့်မှန်းမိခဲ့တယ်။ ပြီးတော့ သူ့ခန့်မှန်းချက်က မမှားခဲ့ဘူး။
“ချဲယောင်အင်း”
ယောကျ်ားနှစ်ယောက်ရဲ့အကြည့်က တစ်ချိန်ထဲမှာပဲ ယောင်အင်းဆီကိုရောက်သွားခဲ့တယ်။
******