Chapter 19
ဆောင်းဟျော့က ယောင်အင်းမျက်လုံးဝိုင်းသွားတာကိုကြည့်ပြီး ကြိုဆွေးနွေးထားတာတော့မဟုတ်မှန်း ရိပ်မိသွားခဲ့တယ်။ ပြီးတော့ သူ့အကြည့်က ဂျင်ဂယိုဆီကို ပြန်ရောက်သွားခဲ့တယ်။
“မန်နေဂျာနယ်ပယ်ကလူတစ်ယောက်ကို လိုတာမဟုတ်ဘူးလား ”
“ဟုတ်ပါတယ်”
“အဖွဲ့ခေါင်းဆောင်ချဲက မန်နေဂျာနယ်ပယ်ကလူ မဟုတ်ပါဘူး”
ဂျင်ဂယိုက ဘာမှပြန်မပြောဘဲ သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ယောင်အင်းဆီ မေးလိုက်တယ်။
“လုပ်ပဲမလုပ်တာ၊ မလုပ်နိုင်တာတော့ မဟုတ်ဘူးမလား”
“ဟုတ်ကဲ့”
“ကိုယ်က အဲ့လောက်ကြီးလိုက်ကြည့်ပေးစရာမလိုတဲ့သူဆိုတာ သိတယ်မလား”
“သိပါတယ်”
ဂျင်ဂယိုက နှုတ်ခမ်းကိုဆူပြီးတော့ ပြောလိုက်တယ်။
“ဒါဆိုလုပ်ပေးလေ”
သူက ယောင်အင်းရဲ့အဖြေကို ကြားတောင်မကြားရသေးခင်မှာပဲ နောက်တစ်ခွန်းကို ထပ်ပြောလိုက်တယ်။
“ကားကိုလည်း ကိုယ်ပဲမောင်းမှာလေ။ မင်း လုံးဝဖိအားဖြစ်နေစရာမလိုဘူး”
နှုတ်ဆိတ်ပြီးတော့နားထောင်နေတဲ့ဆောင်းဟျော့က ကြားဖြတ်ဝင်ပြောခဲ့တယ်။
“ဒါဆို အဖွဲ့ခေါင်းဆောင်ချဲကို ဘာလို့လိုတာပါလဲ”
ဆောင်းဟျော့ဆီကို ခေါင်းပြန်လှည့်လိုက်တဲ့ဂျင်ဂယိုက ရယ်ပြီးတော့ပြန်ဖြေခဲ့တယ်။
“ကျွန်တော်က နည်းနည်းရှက်တတ်လို့ပါ”
ယောင်အင်းဟာ လုံးဝလိုက်မခံစားပေးနိုင်တဲ့စကားကို ပြောနေတဲ့သူကိုကြည့်ရင်း စိတ်ထဲကနေပြောလိုက်တယ်။ သူသာရှက်တတ်တဲ့သူဆိုရင် တစ်ကမ္ဘာလုံးမှာ မရှက်တတ်တဲ့သူတစ်ယောက်မှ ရှိတော့မှာမဟုတ်ဘူး။
“ယောင်အင်းနဲ့အတူရှိရင် ပျော်လည်းပျော်လို့ပါ။ ကျွန်တော်ခုနကပြောလိုက်တဲ့ ဂရုစိုက်ပေးဖို့လိုတယ်ဆိုတာက စိတ်အခြေအနေကိုပြောတာပါ”
ဆောင်းဟျော့အနေနဲ့ ချဲယောင်အင်းကို ဆောဂျင်ဂယိုရဲ့စိတ်အခြေအနေကိုဂရုစိုက်ဖို့အတွက် ပေးချင်တဲ့စိတ် နည်းနည်းမှတောင်မရှိခဲ့ဘူး။ အရင်ဆုံး ကျွန်တော့်စိတ်အခြေအနေအတွက် နည်းနည်းမှတောင်အကူအညီမဖြစ်တဲ့သူကို ပြန်ခိုင်းဖို့လုပ်လိုက်တယ်။
“အဖွဲ့ခေါင်းဆောင်ချဲနဲ့ သက်သက်ပြောစရာလေးရှိလို့ ခဏလောက် ဖယ်ပေးနိုင်မလား”
“ဟုတ်ကဲ့ပါ”
ဂျင်ဂယိုက ခေါင်းညိမ့်ပြီးတော့ထလိုက်တာနဲ့ ယောင်အင်းလည်း ချက်ချင်းထလိုက်တယ်။
“ဧည့်ခန်းအထိ လိုက်ပို့ပေးပါ့မယ်”
ဆောင်းဟျော့က သူမကိုချက်ချင်းတားလိုက်တယ်။
“အဲ့ဒါက အတွင်းရေးမှူးလုပ်ရမဲ့အလုပ်လေ”
ယောင်အင်းက စိတ်ထဲကနေ သူ့ဘာသာလှိမ့်ဝင်လာတဲ့ lucky charm လေးကို ဘာလို့ ဒီလိုလျစ်လျူရှုနေရတာလဲလို့ အော်နေတဲ့အချိန် ဆောင်းဟျော့က key phone နဲ့ အတွင်းရေးမှူးကိုခေါ်လိုက်တယ်။ အဲ့ဒီနောက် အတွင်းရေးမှူးက ရုံးခန်းထဲကိုဝင်လာခဲ့တယ်။
“ဟုတ်ကဲ့ ဥက္ကဌ”
“သရုပ်ဆောင်ဆောဂျင်ဂယိုကို ဧည့်ခန်းထဲလိုက်ပို့ပေးလိုက်ပါ”
ယောင်အင်းက သူဒီနေရာမှာ ဆောင်းဟျော့ရဲ့စကားကိုလွန်ဆန်လိုက်ရင် အခြေအနေက ရှုပ်ရှက်ခပ်သွားမယ်ဆိုတာကို မသိဘဲမနေခဲ့ဘူး။ အဲ့ဒါကြောင့် အတွင်းရေးမှူးနောက်ကိုလိုက်သွားတဲ့ ဂျင်ဂယိုကို ငြိမ်ငြိမ်လေးကြည့်ရုံကလွဲရင် မတတ်နိုင်ခဲ့ဘူး။
“တံခါးလည်းပေါက်သွားတော့မှာပဲ၊ ငါ့ကိုလည်းခဏလောက်ကြည့်ပါဦး”
လှည့်ကြည့်လိုက်တော့ မျက်မှောင်ကြုတ်ထားတဲ့မျက်နှာမှာ မနှစ်မြို့တဲ့အရိပ်အယောင်တွေက ထင်ရှားနေခဲ့တယ်။
“ထိုင်”
နေရာမှာပြန်ထိုင်လိုက်တဲ့ယောင်အင်းကို ဆောင်းဟျော့က မေးလိုက်တယ်။
“ဆောဂျင်ဂယိုရဲ့ကွင်းဆင်းမန်နေဂျာအထိ လုပ်ပေးမလို့လား”
“ဟုတ်ကဲ့ မလုပ်နိုင်စရာမရှိဘူးလေ”
“ဆောဂျင်ဂယိုသာ SL အင်တာတိန်းမန့်နဲ့ စာချုပ်မချုပ်ရင် လုပ်ချင်တာတောင် မလုပ်နိုင်တော့ဘူးပေါ့”
“…….”
ယောင်အင်းက မဖြစ်နိုင်တာကိုပြောနေတဲ့သူကြောင့် ပြောစရာစကားပျောက်သွားခဲ့တယ်။ ဘယ်လိုတားရမလဲစဉ်းစားကြည့်ပေမဲ့ မျက်စိရှေ့မှာ မှောင်မည်းနေခဲ့တယ်။
“ငါတော့သိပ်မသိဘူးနော်၊ ဒီစာချုပ်ကို သေချာပေါက်ချူပ်မှရမှာလား”
တော်သေးတာက စာချုပ်မချုပ်တော့ဘူးဆိုပြီးတော့ လုံးဝဆုံးဖြတ်ချက်ချပြီး မပြောတာပင်။ နားထောင်ချင်တဲ့အဖြေရှိတယ်ဆိုတာကို ခန့်မှန်းမိပေမဲ့ အဲ့အဖြေကို ဖြေပေးချင်တဲ့စိတ်တော့ နည်းနည်းမှမရှိခဲ့ဘူး။
“သေချာပေါက် စာချုပ်ချုပ်ရပါမယ်”
မျက်ခုံးနက်နက်ကြီးတွေက အလိုမကျတဲ့ပုံနဲ့ ကွေးသွားခဲ့တယ်။
“ဘာလို့လဲ”
“စာချုပ်ချုပ်ဖို့ဆိုပြီးတော့ ကိုယ်တိုင်ဒီထိလာရှာတဲ့သရုပ်ဆောင်ဆောဂျင်ဂယိုကို ငြင်းမဲ့ကုမ္ပဏီက ဘယ်နေရာမှာမှ မရှိမှာမို့လို့ပါ”
“သေချာရှာကြည့်ရင်တော့ တစ်နေရာရာ ရှိလောက်မှာပဲ”
ဆောင်းဟျော့ဘက်ကနေ စိတ်မဝင်စားသလိုတုံ့ပြန်လိုက်တာနဲ့ ယောင်အင်းက တခြားနည်းလမ်းပြောင်းဖို့ဆုံးဖြတ်လိုက်တယ်။ အဆုံးထိသွားကြည့်တာပေါ့ဆိုတဲ့စိတ်နဲ့။
“တကယ်လို့ ဒီစာချုပ်ကိုဖျက်မယ်ဆိုရင် အလုပ်ထွက်မှာပါ”
ဆောင်းဟျော့အကြည့်က အေးစက်သွားခဲ့တယ်။
“ဘာလို့လဲ။ အလုပ်ထွက်ပြီးရင် ကုမ္ပဏီတစ်ခုထောင်ပြီးတော့ ဆောဂျင်ဂယိုကိုခေါ်ဖို့လား”
“ဟုတ်ကဲ့”
သေချာပေါက် လိမ်ပြောလိုက်တဲ့စကားပင်။ လိမ်ပြောရတဲ့အထိကို အတင်းအကြပ်တိုက်တွန်းနေရတာက လုံးဝကိုဆောင်းဟျော့အတွက် ဖြစ်ခဲ့တယ်။
ယောင်အင်းက ဥက္ကဌအဖြစ်တာဝန်ယူပြီးနောက်ပိုင်း သရုပ်ဆောင်ဆောဂျင်ဂယိုကို ခေါ်နိုင်ခဲ့တယ်ဆိုတဲ့အမှန်တရားက ဆောင်းဟျော့ရဲ့နေရာကို ခိုင်မာအောင်လုပ်ပေးတဲ့နေရာမှာ အကူအညီဖြစ်လိမ့်မယ်လို့ သေချာနေခဲ့တယ်။
“အိမ်မက်တောင်မမက်နဲ့။ ဘာနည်းလမ်းတွေပဲသုံးရသုံးရ လုံးဝ အလုပ်မထွက်နိုင်အောင်လုပ်မှာ”
ယောင်အင်းရဲ့နှုတ်ခမ်းကြားကနေ စိတ်ပျက်မှုရောနေတဲ့သက်ပြင်းချသံ ထွက်လာခဲ့တယ်။
“ဒါဆို စာချုပ်ချုပ်လိုက်ရင်ရပြီလေ။ တကယ်ပဲ ဘာကပြဿနာလဲလို့”
“မင်းက ပြဿနာဖြစ်နေတာလေ”
ဆောင်းဟျော့က မျက်နှာပြောင်ပြောင်နဲ့ ခြေထောက်ကိုချိတ်ထိုင်ရင်း စကားဆက်လာခဲ့တယ်။
“မင်း ဆောဂျင်ဂယိုကို တာဝန်ယူပေးမှာတောင်မကြိုက်ပါဘူးဆို၊ တစ်လအတွင်း ကွင်းဆင်းမန်နေဂျာအထိတော့ မလုပ်ခိုင်းနိုင်ဘူး”
“အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲခြားပေးပါ ကျေးဇူးပြုပြီးတော့”
“အဲ့လိုဟာမျိုးလုပ်ဖို့ အတွေးမရှိဘူး။ ငါဒီနေရာကိုလာတာကိုက တစ်ကိုယ်ကောင်းဆန်ဆန် ဆုံးဖြတ်ပြီးတော့လာခဲ့တာကို၊ ဘယ်လိုလုပ် မင်းနဲ့ဆိုင်တဲ့ကိစ္စမှာ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခိုင်းရတာလဲ ”
သူက နောက်တော့မှ နည်းနည်းခံပြင်းလာခဲ့တယ်။
“ဆောဂျင်ဂယိုကိုရော ပြောပြီးပြီလား”
“ဘာကိုလဲ”
“အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ခွဲခြားဖို့”
“…….”
ယောင်အင်းစိတ်ထဲ ဂျင်ဂယိုရဲ့အပြုအမူကလည်း သေသေချာချာကြည့်လိုက်မယ်ဆိုရင် အလုပ်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာကြောင့်ဖြစ်နေတဲ့အတွက် ဆောင်းဟျော့ကိုပဲအပြစ်ရှာခဲ့မှန်းကို သဘောပေါက်သွားတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ချားဆောင်းဟျော့က နည်းအမျိုးမျိုးနဲ့ ပြောစရာစကားပျောက်အောင်လုပ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်ပဲ။
“စိတ်တော့မပါပေမဲ့ ဒီတစ်ခေါက်တော့ မင်းပြောသလိုပဲလုပ်လိုက်ပါ့မယ်”
အဆုံးအဖြတ်ပေးရတဲ့အချိန်မှာ ခေါင်းမာတာကိုလျှော့ရမယ်မှန်းသိတဲ့ ယောကျ်ားတစ်ယောက်လည်း ဖြစ်နေခဲ့တယ်။
“တကယ်လားဟင်”
“မပျော်နဲ့။ စိတ်ပြန်ပြောင်းချင်လာတာမို့”
“…….”
ယောင်အင်းက အမြန်ပါးစပ်ကိုပိတ်လိုက်တယ်။
ယောင်အင်း ဆောင်းဟျော့အတွက် ဂျင်ဂယိုနဲ့စာချုပ်ချုပ်ဖို့ကို လက်မလွှတ်ချင်သလိုပဲ၊ ဆောင်းဟျော့ ခေါင်းမာတာကိုလျှော့လိုက်တာကလည်း ယောင်အင်းအတွက်ပဲ ဖြစ်ခဲ့တယ်။ ဆောဂျင်ဂယိုကိုခေါ်လိုက်ရင် ကုမ္ပဏီအတွင်းမှာ ယောင်အင်းရဲ့နေရာမြင့်သွားမှာကို သိထားခဲ့တယ်။
နှစ်ယောက်လုံးက သူတို့အချင်းချင်းအတွက် လုပ်ခဲ့တဲ့ရွေးချယ်မှုဆိုတာကို လုံးဝမသိခဲ့ကြဘူး။
“ဥပဒေရေးရာအသင်းကို ချက်ချင်းစာချုပ်ပြင်ဆင်ဖို့ပြောလိုက်”
ဆောင်းဟျော့က ရှေ့လျှောက် တစ်လအတွင်း ဆောဂျင်ဂယိုဆီမှာ အထူးအလုပ်တွေမပေါ်လာဖို့မျှော်လင့်ရင်း နေရာကနေထလိုက်တယ်။
***
ဆောဂျင်ဂယိုနဲ့ SL အင်တာတိန်းမန့်တို့ နှစ်ရှည်စာချုပ်ကို ချောချောမွေ့မွေ့ ချုပ်ဆိုခဲ့ကြတယ်။
စီမံခန့်ခွဲရေးအသင်း ၅ ရဲ့ နေရာက ရုတ်တရက်မြင့်သွားပြီးတော့ ဆောင်းဟျော့လည်း credit တချို့ရလာခဲ့တယ်။
ဆောင်းဟျော့မျှော်လင့်ထားတဲ့အတိုင်း ဂျင်ဂယိုရဲ့အလုပ်က အဲ့လောက်မများခဲ့ဘူး။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်မှာ ဇာတ်ကားရိုက်ပြီးသွားတဲ့နောက်ပိုင်း ကြော်ငြာနဲ့မဂ္ဂဇင်းရှူတင်တွေကိုပဲ တစ်ခါတလေ လုပ်နေရုံလောက်သာ။
ယောင်အင်း အကြာကြီးနေမှ ကွင်းဆင်းမန်နေဂျာအဖြစ်သွားခဲ့တဲ့ ကြော်ငြာရိုက်ကွင်းက ယန်ဆူရီ ဂန်ဗြောင်း အနားမှာပင်။
Camera setting လုပ်တဲ့နေရာမှာ ပြဿနာလေးပေါ်လာလို့ ရိုက်ကူးရေးကိုရပ်လိုက်ရတာနဲ့ ကားထဲမှာစောင့်နေတဲ့ဂျင်ဂယိုက ယောင်အင်းနဲ့ stylist ဆီကို အနီးအနားမှာလမ်းလျှောက်သွားကြဖို့ ပြောလာခဲ့တယ်။
Stylist က စိတ်ရှုပ်တယ်ဆိုပြီး ချက်ချင်းငြင်းခဲ့တာကြောင့် ယောင်အင်းပဲ သူ့နောက်ကိုလိုက်သွားခဲ့ရတယ်။ ဆောင်းဟျော့ဖတ်ခွင့်ပေးထားတဲ့ ဇာတ်ညွှန်းကိုစစ်နေရတာနဲ့ နှစ်နာရီပဲအိပ်ရသေးတာမို့ ပင်ပန်းခဲ့ပေမဲ့ တစ်ယောက်ထဲသွားဖို့ကိုတော့ မပြောနိုင်ခဲ့ဘူး။
နှစ်ယောက်သား ကားပေါ်ကနေဆင်းပြီးတော့ ဖြည်းဖြည်းလေး လမ်းလျှောက်လာကြတယ်။
“ပြန်တဲ့အချိန်ကျရင်တော့ ကျွန်မကားမောင်းပါ့မယ် စီနီယာ”
ဂျင်ဂယိုက ဒီနေ့မနက်တုန်းက တကယ့်ကို ကိုယ်တိုင်ကားမောင်းမယ်ဆိုပြီးပြောခဲ့တာမို့ ယောင်အင်းလည်း နောက်ဆုံးမှာတော့ သူ့ကိုမတားနိုင်ခဲ့ဘူး။
“ဥက္ကဌရှေ့မှာတုန်းက ကိုယ်ပဲကားမောင်းမှာလို့ပြောခဲ့တယ်လေ။ ကိုယ့်ကို ကတိမတည်တဲ့သူဖြစ်အောင်လုပ်မလို့လား”
“အဲ့ဒါနဲ့ ဘာဆိုင်လို့လဲ”
“ဘာလို့မဆိုင်ရမှာလဲ။ ကိုယ်က ကိုယ့်စကားကိုတည်တဲ့သူပါ”
နှစ်ယောက်သား ရိုက်ကူးရေးပြင်ဆင်တဲ့နေရာနဲ့ နည်းနည်းဝေးတဲ့နေရာမှာရပ်ပြီးတော့ ငြိမ်နေတဲ့မြစ်ရေကိုကြည့်ခဲ့ကြတယ်။
တိတ်ဆိတ်အေးချမ်းလှတဲ့ရှုခင်းထဲမှာ လုံးဝနစ်မြောနေတဲ့ယောင်အင်းကို ဂျင်ဂယိုကမေးလိုက်တယ်။
“ဥက္ကဌချားဆောင်းဟျော့က အဲ့လူမလား”
ယောင်အင်းက သူ့ဘက်ကိုခေါင်းလှည့်ကြည့်လိုက်တယ်။
“မင်းရဲ့ ရည်းစားဟောင်း”
ခဏလောက် ယောင်အင်းရဲ့မျက်စံတွေ လှုပ်သွားခဲ့တယ်။ ဒါပေမဲ့ ခဏလေးနဲ့ စိတ်ပြန်ငြိမ်သွားနိုင်ခဲ့တယ်။ စစ်မေးကြည့်တာတော့မဟုတ်ပေမဲ့ သေချာနေတဲ့အကြည့်ကိုတွေ့ရတော့ ထူးဆန်းစွာပဲ စိတ်ထဲမှာအေးချမ်းသွားခဲ့တယ်။
“ဟုတ်ပါတယ်”
ယောင်အင်းက အေးအေးဆေးဆေးလက်ခံပြီးတော့ ဂျင်ဂယိုကိုပြန်မေးလိုက်တယ်။
“ဘယ်လိုသိတာလဲဟင်”
“မင်းအရင်တုန်းကပြောဖူးတယ်လေ။ ကိုယ်နဲ့ ပုံစံနည်းနည်းတူတယ်ဆိုပြီး ”
ဂျင်ဂယိုအနေနဲ့ ပထမဆုံးတွေ့တဲ့နေ့ကတည်းက ဆောင်းဟျော့ဆီကနေ သူနဲ့တူတဲ့ခံစားချက်ကိုရလိုက်တယ်။ ရုပ်ရည်ကတော့လုံးဝမတူပေမဲ့ လေသံပဲဖြစ်ဖြစ် ပုံစံချင်း ထူးဆန်းစွာပဲ တူတဲ့နေရာရှိခဲ့တယ်။
“ကျွန်မ စီနီယာ့ကို အဲ့လိုမျိုးပြောဖူးတာလား”
“မင်းကတော့ မှတ်မိချင်မှမှတ်မိမှာ။ အရက်သောက်ရင်း ဒီတိုင်းပြောလိုက်တာဆိုတော့”
သူက ဘယ်လိုယောကျ်ားလေးမျိုးလဲဆိုတဲ့ ကျွန်တော့်အမေးကိုဖြေခဲ့တဲ့ ယောင်အင်းရဲ့အဖြေကို သတိရသွားခဲ့တယ်။
“အရမ်းမိမိုက်တဲ့သူတစ်ယောက်ပါ။ ကျွန်မ ရာရာစစ မော့ကြည့်လို့မဖြစ်တဲ့…….”
အဲ့နေ့ကတွေ့ခဲ့ရတဲ့ ခါးသက်မှုရောနေတဲ့အပြုံးကို အခုထိမမေ့နိုင်သေးဘူး။
“ဘာလို့စီနီယာ့ကိုတွေ့ရင် သူ့အကြောင်းတွေးမိလည်း မသိတော့ပါဘူး”
“ကိုယ်နဲ့တူတာလား”
“ရုပ်ရောအကျင့်ရောမတူပေမဲ့ ဘယ်နေရာမှာလဲမသိဘူး ဆင်တဲ့ခံစားချက်ရှိပါတယ်”
အဲ့စကားကိုပြောရင်း သူ့မျက်နှာကိုကြည့်လိုက်တဲ့အကြည့်က ရင်ထဲမှာစွဲထင်နေခဲ့တယ်။
အဲ့နေ့နောက်ပိုင်းကနေ အခုချိန်အထိ ယောင်အင်းနဲ့တွေ့တိုင်း သိချင်ခဲ့တယ်။ တကယ်ပဲ ဘယ်လောက်တောင် ထူးကဲတဲ့ယောကျ်ားလဲဆိုပြီး။
ရိုးရိုးရှင်းရှင်း စပ်စုတဲ့စိတ်ပဲဖြစ်ဖြစ်၊ အကုန်လုံးက သိချင်စိတ်ကြီးပဲတော့ မဟုတ်ခဲ့ဘူး။ တကယ်တော့ မကျေနပ်တာက ပိုများခဲ့တယ်။ ဘယ်လောက်တောင်ထူးကဲတဲ့သူဖြစ်နေလို့ ယောင်အင်း အခုထိတောင်မမေ့နိုင်သေးတာလဲ။
နာမည်ရော မျက်နှာရောမသိတဲ့ယောကျ်ားအပေါ် သဝန်တိုပြီးတော့ နာကျည်းခဲ့တယ်။ ဘယ်သူလဲတောင်မသိတဲ့ခင်ဗျားကြောင့် အခုချိန်ထိ တစ်ခါမှဖွင့်မပြောနိုင်ခဲ့တာဆိုပြီးတော့။
တခြားယောကျ်ားတစ်ယောက်ကို စိတ်ထဲမှာထားနေတဲ့မိန်းကလေးကို သဘောကျတယ်လို့ဖွင့်ပြောလိုက်ရင်လည်း ပြန်ရမဲ့အဖြေက ငြင်းတာကလွဲရင်မရှိတာကို သိထားခဲ့တယ်။
“အဲ့လိုကြီးကျယ်တဲ့သူနဲ့ဆင်တယ်ဆိုတဲ့စကားကို ကြားရတာတဲ့လား၊ ဂုဏ်တောင်ယူမိသွားတယ်”
ချားဆောင်းဟျော့ကို ပထမဆုံးတွေ့တဲ့နေ့တုန်းကတော့ ဟုတ်ပါ့မလားထင်ခဲ့ပေမဲ့ ဒုတိယအကြိမ်တွေ့တဲ့နေ့မှာတော့ သေချာသွားခဲ့တယ်။ လက်မခံချင်ပေမဲ့ ချဲယောင်အင်းရဲ့နှုတ်ခမ်းကနေ ကျွန်မ ရာရာစစ မော့ကြည့်လို့မဖြစ်ဘူးဆိုတဲ့စကား ထွက်လာဖို့ဆိုရင် ဒီလောက်တော့ဖြစ်ရမယ်လို့ ခေါင်းညိမ့်သဘောတူရုံကလွဲရင် မတတ်နိုင်ခဲ့ဘူး။
“တောင်းပန်ပါတယ် စီနီယာ၊ မှတ်တော့မမှတ်မိပေမဲ့ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ပြောလိုက်တဲ့စကားတော့ ဟုတ်မှာမဟုတ်ပါဘူး”
“မဟုတ်မှန်းသိပါတယ်။ စိတ်မဆိုးပါဘူး”
ခါးသီးရုံပင်။
သွေးအေးတယ်လို့ခံစားရလောက်အောင် လူအများစုဆီကို စည်းတွေတားပြီးတော့ နံရံတွေချထားတဲ့ချဲယောင်အင်းက ကျွန်တော့်ဆီမှာတော့ မရေရာတဲ့အကြောင်းရင်းကို သိသွားတဲ့အပြစ်ကြောင့်လားတော့ မသိဘူး။
“ဥက္ကဌချားရဲ့ ဘယ်နေရာကိုကြိုက်ခဲ့တာလဲ”
ယောင်အင်းဟာ ခဏလေးစဉ်းစားပြီးတော့ ဖြေလိုက်တယ်။
“လိုအပ်တာမရှိတဲ့ ယောက်ျားမို့လို့”
၆ တန်းတုန်းက ပထမဆုံးအကြိမ်တွေ့ခဲ့ရတဲ့ချားဆောင်းဟျော့က ကျွန်မနဲ့လုံးဝမတူတဲ့ကမ္ဘာမှာ နေတဲ့သူနဲ့တူတယ်။ ရုပ်ရည်ကိုတွေ့တုန်းက အံ့ဩခဲ့ရသလို မိသားစုအကြောင်းကိုကြားပြီးတော့လည်း ထပ်အံ့ဩခဲ့ရတယ်။
စာလည်းတော်ပြီးတော့ အားကစားလည်းတော်တယ်ဆိုတာကို သိလိုက်ရတဲ့အချိန် ထူးဆန်းတယ်လို့တောင် တွေးမိခဲ့သေးတယ်။ အဲ့ဒါအကုန်ပဲ။ အစ်မလိုမျိုး သူ့ကိုကြိုက်တာရော၊ အစ်ကို့လိုမျိုး သူ့ကိုအားကျတာရောမရှိခဲ့ဘူး။
ဒါပေမဲ့ အသက် ၂၃ နှစ် ဆောင်းဦးတစ်နေ့မှာတော့ သူ့ဆီကနေ တွဲရအောင်လို့ကမ်းလှမ်းတာကိုခံခဲ့ရတယ်။ သဘောကျလို့စခဲ့တာတော့မဟုတ်ပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ ပိုသဘောကျလာခဲ့တယ်။ ရုတ်တရက် ရုတ်တရက် ကြောက်သွားရလောက်တဲ့အထိ။
“ပြည့်စုံတယ်ဆိုတဲ့ သဘောလား”
ယောင်အင်းက ပြန်မဖြေဘဲ ခေါင်းပဲညိမ့်လိုက်တယ်။
ကျွန်မ ကိုယ့်ကိုကိုယ်မပြည့်စုံဘူးလို့ ခံစားရလို့များလား။ ဘယ်သူပဲကြည့်ကြည့် ပြည့်စုံတဲ့သူဆီကနေ အချစ်ခံရတာက ကောင်းတယ်လေ။ သေချာပေါက် အကောင်းပဲရှိခဲ့တာတော့ မဟုတ်ပေမဲ့။
“အဲ့ဒါကြောင့်မို့ မကြိုက်တဲ့အချိန်လည်းရှိခဲ့ပါတယ်။ ကျွန်မ ပိုမပြည့်စုံဘူးလို့ခံစားရလို့”
အဲ့အချိန်မှာပဲ နောက်ကျောဘက်ကနေ အသံတစ်သံကိုကြားလိုက်ရတယ်။
“မင်းကြောင့် လိုအပ်တာတစ်ခုပေါ်လာပြီလေ၊ ဘယ်လိုလုပ်မလဲ”
ဆက်ခနဲ လန့်သွားတဲ့ယောင်အင်းက နောက်ကိုချက်ချင်းလှည့်ကြည့်လိုက်တယ်။
လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ပြီးတော့ တောင့်တောင့်ကြီးရပ်နေတဲ့ယောကျ်ားက ချားဆောင်းဟျော့ပဲ ဖြစ်နေခဲ့တယ်။
*******