Chapter 2
မထင်မှတ်ထားတဲ့တွေ့ဆုံမှုကြောင့် အံ့ဩသွားတာမို့ ယောင်အင်းရဲ့မျက်ဝန်းတစ်စုံဟာ လှုပ်ခတ်သွားခဲ့တယ်။
တောင့်သွားတဲ့ခန္ဓာကိုယ်နဲ့မတူဘဲ နှလုံးသားကတော့ အသားကုန်ပင် စခုန်လာခဲ့တယ်။
ဒီနေရာမှာ ချားဆောင်းဟျော့ကိုတွေ့မယ်လို့ ဘယ်သူထင်ခဲ့မှာလဲ။
သုံးနှစ်ကြာပြီးမှပြန်တွေ့ကြပေမဲ့ သူမဟာ အရင်လို အသက်ရှုကြပ်လောက်အောင်ထိ သိမ်မွေ့ကြော့ရှင်းနေခဲ့တယ်။
မဲနက်နေတဲ့ဆံပင်နဲ့ မဲနက်နေတဲ့မျက်ဝန်းကို အဖြူရောင်အသားအရေနဲ့ယှဉ်တွဲလိုက်တဲ့အခါ ပဟေဠိတောင်ဆန်သွားသေးတယ်။
စူးစိုက်ကြည့်နေတဲ့အကြည့်ကိုရှောင်ချင်ပေမဲ့ မမြင်ရတဲ့တစ်ခုခုက တစ်ကိုယ်လုံးကို ကြိုးတုတ်ထားသလိုမျိုးဖြစ်စေလို့ တစ်ချက်မှမလှုပ်ရှားနိုင်ခဲ့ဘူး။
ဘာအသံမှမကြားရတော့ဘဲ ဘာကိုမှလည်းမမြင်ရတော့ဘူး။ သူကလွဲရင် အရာအားလုံးက blackout ဖြစ်သွားသလိုခံစားချက်မျိုး ဖြစ်သွားခဲ့တယ်။
တစ်လှမ်းလေးမှမရွေ့နိုင်ဘဲ ငိုင်ပြီးတော့ရပ်နေတဲ့ယောင်အင်းဟာ သူ့နာမည်ကိုခေါ်လိုက်တဲ့အသံကြောင့် အသိစိတ်ပြန်ဝင်လာခဲ့တယ်။
“ယောင်အင်းမလား”
အသံတစ်ဝက်ဝင်နေတဲ့အသံ နားထဲကိုဝင်လာတဲ့အချိန်မှာပဲ ဆောင်းဟျော့ရဲ့ပုံရိပ်ဟာ မြင်ကွင်းထဲကနေ ပျောက်သွားခဲ့တယ်။
ယောင်အင်း ခေါင်းလှည့်ပြီးတော့ သူ့ရှေ့မှာရပ်နေတဲ့သူကို မော့ကြည့်လိုက်တယ်။ အထူးသဖြင့် မျက်စံသေးသေးနဲ့မြွေမျက်လုံးတစ်စုံက ကျွန်မကိုကြည့်ပြီးတော့ ရယ်နေခဲ့တယ်။
အစ်ကို့သူငယ်ချင်း အိုချန်းဂင်း။
“ဘောမ်ဂျွန်းကို လာကြိုတာပေါ့လေ”
တွေ့မယ်လို့မထင်ထားတဲ့သူနဲ့ မတွေ့ချင်တဲ့သူကို ဆက်တိုက်တွေ့ပြီးသွားမှပဲ ဒီနေရာကိုလာရတဲ့ရည်ရွယ်ချက်ကို သတိရသွားခဲ့တယ်။
“……အာ ဟုတ်ပါတယ်၊ အစ်ကိုရော”
ဒီနေ့ ပထမဆုံးအကြိမ် သူ့ကိုကျေးဇူးတင်မိတယ်။ သူ့ကြောင့်သာမဟုတ်ဘူးဆိုရင် ဆောင်းဟျော့ရှေ့မှာ တုန်လှုပ်နေတဲ့ပုံရိပ်ကို ဘယ်လောက်တောင်ပြပေးခဲ့မိမလဲ မသိဘူး။
“သန့်စင်ခန်း သွားတယ်”
ယောင်အင်းရဲ့မျက်မှောင်က နည်းနည်းကြုံ့သွားခဲ့တယ်။
“အစ်ကိုက လာကြိုဖို့ပြောလို့လာတာပေမဲ့ ဖုန်းမကိုင်လို့ တက်လာခဲ့လိုက်တာပါ”
“ငါ မင်းကိုခေါ်ဖို့ သူ့ကိုပြောလိုက်တာ၊ သတိရလို့လေ”
“…….”
ယောင်အင်းရဲ့မျက်မှောင်က ပိုကြုံ့သွားခဲ့တယ်။
ကျေးဇူးတင်တဲ့စိတ်က အစအနမကျန်တော့အောင်ကို ပျောက်သွားတယ်။ သူ့ကြောင့်သာမဟုတ်ဘူးဆိုရင် ဆောင်းဟျော့နဲ့တွေ့မှာမဟုတ်ဘူးလို့ တွေးမိတော့ ပိုပြီးစိတ်တိုလာခဲ့တယ်။
“ကားထဲမှာရှိနေမှာမလို့ အစ်ကိုပြန်လာရင် မြန်မြန်ဆင်းလာခဲ့လို့ပြောပေးပါဦး”
ချန်းဂင်းဟာ အေးစက်စက်ပြန်လှည့်သွားတဲ့ယောင်အင်းရဲ့လက်ကောက်ဝတ်ကို ရုတ်တရက်ဆုပ်ကိုင်လိုက်တယ်။
“ဘောမ်ဂျွန်းက ခဏနေဆိုလာတော့မှာပါ၊ အစ်ကိုနဲ့တစ်ခွက်လောက်သောက်ရင်း စောင့်လိုက်ပေါ့”
“ကားပါလာပါတယ်”
“အာ ဟုတ်သားပဲ”
ယောင်အင်းက မျက်နှာသေနဲ့လက်ကောက်ဝတ်ကိုပြန်ရုန်းလိုက်တာကြောင့် ချန်းဂင်း အနေခက်တဲ့အပြုံးကိုဆင်မြန်းရင်း အရက်ဒဏ်ကြောင့် ရွှန်းစိုနေတဲ့မျက်လုံးနဲ့ ဟိုဟိုဒီဒီကြည့်လိုက်တယ်။
“အငှားကား ခေါ်လို့မရဘူးလား”
“…….”
ယောင်အင်းလည်း ပြန်ပြောဖို့မတန်လို့ လုံးဝပါးစပ်ကို ပိတ်ထားလိုက်တယ်။
“ဒါဆို နောက်ကျရင် အစ်ကိုနဲ့ သက်သက်တစ်ခွက်လောက်သောက်ကြရအောင်”
“အလုပ်များပါတယ်”
တကယ်ဖြေချင်တဲ့အဖြေက ‘မသောက်ချင်ဘူး’ ဖြစ်သလို ‘ကျေးဇူးပြုပြီး ဒီလောက်ပဲလိုက်ကပ်ပါတော့’လို့ တည့်ပြောချင်ခဲ့မိတာ။
အဲ့လိုမပြောတာက အစ်ကိုရဲ့သူငယ်ချင်းဖြစ်တာကြောင့်ပင်။ အတိအကျပြောရရင်တော့ အစ်ကို့ဆီကနေ အဆဲခံရမှာကိုငြီးငွေ့တာကြောင့်ပေါ့။
ဒီလောက်ထိ စည်းတားထားရင် အခုလောက်ဆို ရိပ်မိသင့်တာကို။
ချန်းဂင်းဘာမှပြန်မပြောရသေးခင် နောက်လှည့်ပြီးတော့ အခန်းထဲကနေ ထွက်လာတဲ့ယောင်အင်းဟာ အသက်ပြင်းပြင်းရှုပြီးတော့ နံရံကိုကျောမှီလိုက်တာနဲ့ စိတ်လှုပ်ရှားတာပျောက်ပြီး လုံးဝကိုအားအင်ကုန်ခမ်းသွားတယ်။
နောက်မှပဲ ဘာကိစ္စ အခန်းထဲမှာ မိန်းမတစ်ယောက်မှမရှိရတာလဲဆိုတာကို တွေးမိသွားခဲ့တယ်။
အကြောင်းရင်းကို ခန့်မှန်းမိဖို့က မခက်ပါဘူး။
မိန်းမတွေမရှိတဲ့ အရက်သောက်တဲ့နေရာဆို မကြိုက်လှတဲ့ချဲဘောမ်ဂျွန်းလည်း ချားဆောင်းဟျော့ပါတက်တဲ့နေရာဆိုတော့ မတတ်နိုင်ရှာဘူးနေမှာပေါ့။
ချဲဘောမ်ဂျွန်းက ချားဆောင်းဟျော့ရဲ့နောက်လိုက်ဆိုတာ ပတ်ဝန်းကျင်ကလူတွေအားလုံးသိကြတဲ့ အမှန်တရားတစ်ခုလေ။
“ဟာ…….”
အသက်ကိုပြင်းပြင်းရှုထုတ်လိုက်တဲ့ယောင်အင်းဟာ မတ်မတ်ပြန်ရပ်ပြီးတော့ ခြေတစ်လှမ်းလှမ်းဖို့လုပ်တဲ့အချိန် နားထဲမှာ ပဲ့တင်ထပ်သံတစ်သံကို ကြားလိုက်ရတယ်။
“မတွေ့တာကြာပြီ”
ရပ်သွားတာလည်း ခဏပါပဲ၊ ယောင်အင်းက အထဲကနှုတ်ခမ်းကိုကိုက်ပြီးတော့ ပြန်လှည့်ကြည့်လိုက်တယ်။
“မတွေ့တာကြာပြီနော် စီနီယာ”
နောက်တစ်ခေါက် ထပ်ခေါ်ရမဲ့ကိစ္စမရှိလောက်တော့ဘူးလို့ သိခဲ့လို့များလား။
ကျွန်မပါးစပ်ကနေထွက်လာတဲ့ စီနီယာဆိုတဲ့စကားလုံးက အရှိုက်ဖျားလောက်မှာတောင့်သွားခဲ့တယ်။ သူရိပ်မိသွားရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ တစ်ကူးတစ်ကကြီး မပြောရင်လည်းဖြစ်တဲ့စကားကို ပြောမိသွားတာပဲ။
“အပြီးပြန်လာတာလား”
“ငါဘယ်သွားခဲ့လဲဆိုတာရော သိလို့လား”
“အစ်ကို့ဆီကနေ ကြားပါတယ်”
“အာ.. မသိချင်ရင်တောင် သိရုံကလွဲပြီး မတတ်နိုင်လောက်ဘူးပဲ”
ယောင်အင်းလည်း ရွဲ့သလိုမျိုးရယ်မောပြောတဲ့ သူ့ရဲ့အကြည့်ကိုရှောင်ပြီး မျက်လွှာကိုချလိုက်တယ်။
“ဒီလောက်နဲ့ပဲ သွားပါတော့မယ်”
“နေဦး”
မမှုတဲ့အသံနဲ့ ယောင်အင်းကိုရပ်ခိုင်းတဲ့ဆောင်းဟျော့က သူမရဲ့ပုခုံးအကျော်မှာမြင်ရတဲ့ဝန်ထမ်းကို လက်လှမ်းခေါ်ခဲ့တယ်။
“လိုအပ်တာများ ရှိပါလား”
ချက်ချင်းပြေးလာပြီးတော့ ဦးညွတ်တဲ့ယောကျ်ားက ခုနတုန်းက ယောင်အင်းကို သူငယ်ချင်းလိုစကားပြောရာကနေ တစ်ချက်ပြောခံထိသွားခဲ့တဲ့ အစောင့်ပင်။
ဘယ်လောက်တောင်ရိုကျိုးလိုက်လဲဆိုရင် ယောင်အင်းတောင် တစ်ခြားလူတစ်ယောက်လို့ ထင်သွားတော့မလို့။
“ကားအထိလိုက်ပို့ပေးလိုက်”
“ဟုတ်ကဲ့ပါ”
သူ့အတွက် ချားဘောမ်ဂျွန်းက နည်းနည်းလွယ်တဲ့သူဆို ချားဆောင်းဟျော့ကတော့ ထိလို့မရတဲ့လူတစ်ယောက်ပဲ။
ခုနတုန်းက အထွေထွေမန်နေဂျာဆီကနေ ဆောင်းဟျော့ရဲ့မိသားစုအကြောင်းကို ကြားခဲ့ရလို့လည်းပါတယ်။
SL Groupဆိုတာ အနှစ် ၇၀ ကျော် စီးပွားရေးလောကမှာ အဆင့်၁ နေရာကို ခိုင်ခိုင်မာမာထိန်းသိမ်းထားတဲ့ ကုမ္ပဏီတစ်ခုပဲ။ အစိုးရပြောင်းသွားရင်တောင် SL ကတော့ ထာဝရမြဲတယ်ဆိုတဲ့စကားရှိရလောက်တဲ့အထိ။
“မွှန်ထူနေတဲ့သူတွေကိုလည်း ရှင်းလိုက်ဦး”
ဆောင်းဟျော့က အခုထိ နမ်းနေကြသေးတဲ့ ယောက်ျားလေးနဲ့မိန်းကလေးကို မေးစေ့နဲ့ညွှန်ပြလိုက်တယ်။ လှုပ်ရှားသွားတဲ့မျက်ခုံးကနေ မကျေမနပ်ဖြစ်မှုတွေဟာ အပြည့်ပေါ်လာခဲ့တယ်။
“ချက်ချင်း ရှင်းလိုက်ပါ့မယ်”
မကြိုက်တဲ့အကြည့်နဲ့ကြည့်နေတဲ့ဆောင်းဟျော့က ယောင်အင်းကိုမကြည့်ဘဲနဲ့ ချက်ချင်းအခန်းထဲကိုဝင်သွားခဲ့တယ်။
ထိုအမျိုးသားကတော့ ကုတ်ပေါ်ကမိုက်နားမှာ ပါးစပ်ကိုကပ်လိုက်တယ်။
“တစ်ယောက်ယောက် တတိယအထပ်ကို တက်လာကြဦး။ မြန်မြန်လေး”
တခြားဝန်ထမ်းဆီမှာ ဆောင်းဟျော့ရဲ့ညွန်ကြားချက်ကိုပြန်ပြောတဲ့အမျိုးသားက ယောင်အင်းရှေ့မှာ ခါးကိုညွတ်လာတယ်။
“သွားကြရအောင်ဗျ”
ယောင်အင်းက ခေါင်းအသာလေးပဲညိမ့်ပြီးတော့ အမျိုးသားရဲ့နောက်ကို တိတ်ဆိတ်စွာလိုက်သွားခဲ့တယ်။
ထိုအမျိုးသားက ကြီးမားတဲ့အမိန့်ကိုရထားတဲ့လူလိုမျိုး မူးနေတဲ့သူတွေ ယောင်အင်းဆီကိုလာဖို့လေးပဲလုပ်ရင်တောင် အလန့်တကြားနဲ့ တားမြစ်ခဲ့တယ်။ အဲ့ကျေးဇူးကြောင့် ယောင်အင်း တင်းကြပ်တဲ့အစောင့်နဲ့ အတူ ကလပ်ကနေထွက်လာပြီးတော့ ကားပေါ်ကိုတက်နိုင်ခဲ့တယ်။
ခေါင်းမှီကိုမှီပြီးတော့ မျက်စိမှိတ်ထားတာ ဘယ်လောက်လောက်ကြာသွားတဲ့အချိန်မှာလဲ မသိဘူး။ အနောက်တံခါးပွင့်တဲ့အသံနဲ့ ပွစိပွစိပြောနေတဲ့အသံကို ဆက်တိုက်ကြားလိုက်ရတယ်။
“ဟာ နည်းနည်းလောက် ပိုပျော်ချင်သေးတာကို”
မျက်လုံးဖွင့်ပြီးတော့ နောက်ကိုလှည့်ကြည့်လိုက်တော့ ဂျယ်ထောင်ထားတဲ့ဆံပင်အတိုနဲ့အမျိုးသားက အစောင့်လို့ထင်ရတဲ့လူရဲ့အကူအညီနဲ့ ကားထဲကိုဝင်လာခဲ့တယ်။
“ဆောင်းဟျော့ကလေ မြန်မြန်မသွားဘူးလားဆိုပြီး ဘယ်လောက်တောင် မျက်နှာတည်နေလဲဆိုတာ…….”
“ခါးပတ်ပတ်”
ယောင်အင်းလည်း ဘောမ်ဂျွန်းရဲ့စကားကို ဖြတ်ပြောလိုက်တယ်။
လာကြိုဖို့ပြောလို့လာတာကို နည်းနည်းလောက်ပိုပျော်ချင်သေးတာဆိုတဲ့စကားက ဘာသဘောမျိုးလဲ။
“ကောင်းကောင်းသွားပါခင်ဗျာ”
အစောင့်က အနောက်တံခါးကိုပိတ်ပေးပြီးတော့ နောက်ဆုတ်လိုက်တာနဲ့ ယောင်အင်း ချက်ချင်းကားကိုမောင်းလိုက်တယ်။ နားမလည်နိုင်တဲ့စကားကို ဗလုံးဗထွေးပြောနေတဲ့ဘောမ်ဂျွန်းက ခဏလေးနဲ့ အိပ်ပျော်သွားခဲ့တယ်။
ဆိုးဝါးတဲ့အရက်နံ့ကြောင့် ခေါင်းကိုက်သွားခဲ့ပေမဲ့ အနည်းဆုံး တိတ်ဆိတ်သွားတာကြောင့် အဲ့ဒါနဲ့ပဲ ဖြေသိမ့်လိုက်တယ်။
မဲမှောင်ပြီးတော့ ရှင်းလင်းနေတဲ့လမ်းမကြီးနဲ့ အဲ့အပေါ်မှာသွားနေတဲ့ကားပေါ်ကို မိုးစက်တွေက တစ်ပေါက်ပေါက်နဲ့ စပြီးတော့ကျလာခဲ့တယ်။
မိုးလေဝသခန့်မှန်းချက်မှာမပါတဲ့ ရုတ်တရက်ရွာချလာတဲ့မိုးပဲ။
ယောင်အင်းလည်း ဒီနေ့သူ့ရဲ့အခြေအနေနဲ့တူတယ်လို့တွေးရင်း စတီယာရင်ကို အသာလေးဆုပ်ကိုင်လိုက်တယ်။
***
ယောင်အင်းကားရပ်လိုက်တဲ့နေရာကတော့ နှစ်ထပ်တိုက်ရှေ့မှာပင်။
ဘောမ်ဂျွန်းကိုနှိုးပြီးတော့ အရင်ဝင်ခိုင်းလိုက်တဲ့ယောင်အင်းက ကားဂိုဒေါင်မှာပါကင်ထိုးပြီးတော့ လိုက်ဝင်လာခဲ့တယ်။
ဧည့်ခန်းဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်လဲနေတဲ့ ဘောမ်ဂျွန်းကို စိုးရိမ်တဲ့မျက်နှာနဲ့ငုံ့ကြည့်တဲ့ အာရင်းက လူရှိတာကိုခံစားမိတာနဲ့ ခေါင်းကိုချက်ချင်းလှည့်ကြည့်လာတယ်။
“နင်ခေါ်လာတာလား”
အသံကစူးရှနေသလို မျက်နှာမှာလည်း စိတ်တိုမှုတွေကအပြည့်ပင်။
“အစ်ကိုက လာကြိုဖို့ပြောလို့”
ယောင်အင်း တည်တည်ငြိမ်ငြိမ်ပြန်ဖြေပြီးတော့ သူ့အခန်းရှိတဲ့ ဒုတိယအထပ်ကိုဦးတည်လာခဲ့တယ်။
အဲ့နောက်မှာတော့ အစ်ကိုနဲ့အစ်မရဲ့ကျယ်လောင်တဲ့ စကားပြောသံကိုကြားလိုက်ရတယ်။
“ဘယ်လိုလုပ် ပုံမှန်စိတ်နဲ့အိမ်ပြန်လာတဲ့ရက် တစ်ရက်မှတောင်မရှိရတာလဲ၊ ထိန်းပြီးတော့သောက်စမ်းပါ”
“ဆောင်းဟျော့ရဲ့ကြိုဆိုပွဲမို့လို့ပါ”
“ဘာ ဆောင်းဟျော့အိုပါးလာတာလား၊ ဘာလို့အဲဒါကို အခုမှပြောတာလဲ”
“နင့်ကို ဘာလို့ပြောရမှာလဲ”
“အဲဒါကိုအခု မသိလို့မေးနေတာလား။ ရပါတယ် ထားလိုက်တော့”
“ရား ချဲအာရင်း၊ ဆောင်းဟျော့က မင်းကိုစိတ်မဝင်စားဘူး၊ ကိုယ့်ကိုကိုယ် အထင်မကြီးစမ်းနဲ့”
“ရား ချဲဘောမ်ဂျွန်း ပါးစပ်ပိတ်ထား”
“ဒီဟာလေးတော့ ဘယ်ကိုလာပြီး ကိုယ့်အစ်ကိုကို”
“နင်ဘာသိလို့လဲ၊ သုံးနှစ်လောက်ဆိုရင် အစ်ကိုဆောင်းဟျော့ရဲ့အကြိုက်လည်း ပြောင်းသွားနိုင်တာပဲ”
“ဘယ်လောက်ပဲပြောင်းပြောင်း နင့်ကိုတော့ဟုတ်မှာမဟုတ်ဘူး”
“အာ့!”
ယောင်အင်းဟာ အော်နေတဲ့အသံနဲ့မနိုင်လို့ ခြေထောက်ကိုတစ်ဖုန်းဖုန်းနင်းနေတဲ့အသံကို တစ်ချိန်ထဲမှာကြားလိုက်ရတဲ့အချိန် နှုတ်ခမ်းကိုကိုက်ထားလိုက်တယ်။
ရုတ်တရက် သူနဲ့အစ်ကိုဆောင်းဟျော့ တွဲခဲ့ဖူးတာကို အစ်ကိုနဲ့အစ်မသိသွားရင် ဘယ်လိုမျက်နှာဖြစ်သွားမလဲဆိုတာ သိချင်သွားခဲ့တယ်။
အဲ့မျက်နှာအမူအရာကို မသိရရင်တောင် ‘နင်ကများရာရာစစ’ ဆိုတဲ့အဆင့်ကနေ ထွက်နိုင်မှာမဟုတ်ဘူးဆိုတာကတော့ သေချာတယ်။
ဒါတင်မက ကျွန်မသူ့ကိုရှာခဲ့တဲ့အကြောင်းပါသိသွားရင် အဲ့လောက်နဲ့ပဲ ပြီးသွားမှာမဟုတ်ဘူးဆိုတာရောပေါ့။
လှေကားပေါ်ကိုတက်သွားတဲ့ယောင်အင်းရဲ့မျက်နှာမှာ ခါးသက်တဲ့အပြုံးကပေါ်လာခဲ့တယ်။
***
လေးရက်ကြာပြီးနောက်။
အဲ့ဒီနောက် အိမ်ကိုပြန်လာတဲ့ယောင်အင်းဟာ အမေ မစ္စဂွက်ဆီကနေ လုံးဝမထင်မှတ်ထားတဲ့စေခိုင်းချက်ကိုရခဲ့တယ်။
“ကြင်ဖက်တွေ့ဖို့လား”
ဒီအိမ်မှာ ကြင်ဖက်တွေ့တယ်ဆိုတာက အစ်ကိုနဲ့အစ်မနဲ့ပဲ ဆိုင်တဲ့အရာ။ အနည်းဆုံး အခုမတိုင်ခင်ထိပေါ့။
“ခုနတုန်းက မစ္စဂျင်ဆီကနေဖုန်းလာတော့၊ နင့်ကိုချက်ချင်းရွေးတာလေ”
မစ္စဂျင်ကိုတော့ မဒမ်တူလို့ခေါ်ကြတယ်။
မစ္စဂျင်ဆီကနေ အကောင်းမြင်ခံရမှ သမက်ကောင်း၊ ချွေးမကောင်းနဲ့ မိတ်ဆက်နိုင်တာမို့ ဒီဇိုင်နာအိတ်တွေကိုလက်ဆောင်ပေးတာပဲဖြစ်ဖြစ် ရာနဲ့ချီထိုးပေးရတာမျိုးက ထုံးစံတစ်ခုပင်။
ယောင်အင်းလည်း အမေက မစ္စဂျင်နဲ့ဆက်နိုင်ဖို့ ကြိုးစားနေဆဲဆိုတာကို သိထားခဲ့တယ်။
“ကျွန်မကိုဘာလို့လဲ၊ ဘယ်သူကလဲ”
အဖြေကတော့ အာရင်းရဲ့နှုတ်ကနေထွက်လာခဲ့တယ်။
“အိုချန်းဂင်း”
ယောင်အင်းမျက်မှောင်ကြုတ်လိုက်တော့ အာရင်းက အဓိပ္ပါယ်မရှိဘူးဆိုတဲ့သဘောနဲ့ ဟက်ခနဲရီလိုက်တယ်။
“မျက်နှာကဘယ်လိုဖြစ်တာလဲ၊ အစ်ကိုချန်းဂင်းလောက်ဆိုရင် နင့်အတွက်များလွန်းတာပေါ့။ ဆောက်လုပ်ရေးထုတ်ပြန်ချက်အရ အသက်၂၀အရွယ် ဆောက်လုပ်ရေးကုမ္ပဏီထဲမှာပါတာ မသိဘူးလား”
ဘောမ်ဂျွန်းလည်း ဝင်ပြောလာခဲ့တယ်။
“နင်ကဟိုလိုလိုဒီလိုလိုနဲ့ရှောင်ပြီး တစ်ခေါက်မှမတွေ့ပေးတော့ ဒီလိုနည်းလမ်းအထိ သုံးလာတာလေ၊ နည်းနည်းလောက် လက်ခံပေးလိုက်စမ်းပါ”
အဆုံးသတ်ကတော့ မစ္စဂွက်ပင်။
“သဘက်ခါ ညနေ ၆နာရီ၊ H ဟိုတယ်က ကော်ဖီဆိုင်မှာ၊ နင်ငြင်းလိုက်ရင် ငါ့အတွက် အရမ်းအခက်တွေ့လာမှာမို့ နောက်မကျအောင်သွားလိုက်”
မစ္စဂွက်က မျက်နှာခွဲစိတ်ပြုပြင်တာတွေများလွန်းလို့ ကောင်းကောင်းတောင်မလှုပ်တဲ့နှုတ်ခမ်းထောင့်ကို အတင်းဆွဲတင်ထားတာမို့ နူးညံ့တဲ့အပြုံး ပြုံးထားသလိုထင်ရတယ်။
ယောင်အင်းက အစ်ကိုနဲ့အစ်မအတွက် စတေးခံရသူတစ်ယောက်လေ။ စတေးခံရသူဆီမှာ သေချာပေါက် ရွေးချယ်ခွင့်မရှိခဲ့ဘူး။
***
ချိန်းထားတဲ့အချိန်မတိုင်ခင် ၅မိနစ်အလို။
ယောင်အင်း ကြင်ဖက်တွေ့မဲ့နေရာဖြစ်တဲ့ H ဟိုတယ် ကော်ဖီဆိုင်ကိုရောက်လာခဲ့တယ်။ တစ်ဖက်လူကတော့ အခုထိ မရောက်သေးဘူး။
ဒီလိုအသုံးမဝင်တဲ့အလုပ်ကို ထပ်ပြီးမလုပ်နဲ့တော့လို့ သတိပေးစကားပြောဖို့ပြင်ဆင်နေတဲ့အချိန် ရှေ့မှာလူတစ်ယောက်ရောက်လာတာကို ခံစားမိခဲ့တယ်။
ကြည့်ကြည့်လိုက်တော့ ဒီနေ့လည်း မကြာသေးခင်တုန်းက အဲ့နေ့လိုမျိုး အိမ်မက်ထဲမှာတောင်မတွေးဖူးတဲ့လူက မျက်နှာချင်းဆိုင်နေရာမှာ ထိုင်နေခဲ့တယ်။
“စီနီယာက ဒီကို ဘယ်လိုလုပ်…….”
နှုတ်ဆိတ်နေတဲ့ဆောင်းဟျော့ကို မှင်တက်နေတဲ့မျက်နှာနဲ့ကြည့်နေတဲ့ယောင်အင်းက စိတ်ငြိမ်သွားဖို့ လက်သီးကိုတင်းတင်းဆုပ်လိုက်တယ်။
“လာမဲ့သူရှိပါတယ်”
“မလာဘူး”
“အဲဒါ ဘာအဓိပ္ပါယ်လဲ”
“အိုချန်းဂင်းအစား ငါလာတာဆိုတဲ့အဓိ
ပ္ပါယ်လေ”
“…….”
သူအလုပ်ရှိလို့ ဟိုတယ်ကိုလာရာကနေ အမှတ်မထင်ကျွန်မကိုတွေ့တာနေမှာလို့ မှန်းထားတဲ့ ယောင်အင်းရဲ့ခေါင်းထဲမှာ တစ်ဖြည်းဖြည်းနဲ့ ပိုပြီးတော့ရှုပ်ထွေးလာခဲ့တယ်။
“ဒီနေ့ ကြင်ဖက်တွေ့တဲ့ကိစ္စ၊ ငါ့ဆီကိုပြောင်းပေးခဲ့တာ”
ဆောင်းဟျော့ ခုံကိုကျောမှီပြီးတော့ အပြုံးလေးနဲ့ပြောလိုက်တယ်။