Chapter 20
ဆောင်းဟျော့က ဂျီဆန်းနဲ့အတူနေ့လည်စာစားနေရင်း အရမ်းကိုမှအဆင်မပြေတဲ့စကားကို ကြားလိုက်ရတယ်။
“နားထောင်ကြည့်ရသလောက်တော့ မင်းမှာ ပြိုင်ဘက်တစ်ယောက်ရှိလာပြီထင်တယ်”
“ပြိုင်ဘက်လား”
ဂျီဆန်းရဲ့မျက်နှာပေါ်မှာ စနောက်ချင်စိတ်တွေပြည့်နေတဲ့ အပြုံးတစ်ပွင့်ရှိနေခဲ့တယ်။
“ဆောဂျင်ဂယိုကို ပြောတာလေ”
“ဘာကိုပြိုင်ဘက်ဖြစ်ရမှာလဲ”
ဆောင်းဟျော့လည်း စိတ်လှုပ်ရှားသွားတာမို့ တူကိုချလိုက်တယ်။
“သရုပ်ဆောင်ဆောက ညီမလေးယောင်အင်းကို အဲ့လောက်တောင်ကောင်းပေးတာဆို၊ ငါ့နားအထိတောင်ရောက်ပုံထောက်ရင်တော့ ပြောစရာတောင်မလိုလောက်ဘူး ”
“…….”
“အဲ့နှစ်ယောက်ရဲ့ဆက်ဆံရေးကို သံသယဝင်နေကြတဲ့ ဝန်ထမ်းတွေလည်းများတယ်တဲ့။ ဘယ်လိုလုပ် မသိချင်ဘဲနေကြပါ့မလဲ။ တခြားလူလည်းမဟုတ်ဘဲ ဆောဂျင်ဂယိုကိုယ်တိုင် သူ့ခြေထောက်နဲ့သူရောက်လာပြီး စာချုပ်ချုပ်ပေးဖို့ ပြောခဲ့တာဆိုတော့”
ဂျီဆန်းက ဆောင်းဟျော့ရဲ့စိတ်ကိုဆွဖို့ ဆုံးဖြတ်ထားတဲ့လူလိုမျိုး ဆက်တိုက်တတွတ်တွတ်ပြောလိုက်တယ်။
“မင်း အဲ့ဒါကိုသိလား”
“မသိဘူး”
ဘာလဲတော့မသိပေမဲ့ မသိချင်ခဲ့ဘူး။ နားထောင်လိုက်ရင် စိတ်မသက်မသာဖြစ်မဲ့စကားပဲဆိုတာ သေချာတာမို့။
“သိမှာမဟုတ်လောက်ဘူး။ အရက်သောက်ပြီးကားမောင်းလို့ အရေးယူခံရတဲ့ပတ်ထဲဟိုရဲ့နေရာမှာ ဆောဂျင်ဂယိုက အစားထိုးလုပ်မယ်ဆိုပြီး ပြောနေကြတယ်”
စုစုပေါင်း ၁၆ ပိုင်းရိုက်ဖို့စီစဉ်ထားပြီးတော့ လက်ရှိ အပိုင်း ၈ အထိ ပြပြီးပြီဖြစ်တဲ့ဒရာမာထဲက အမျိုးသားဇာတ်ဆောင် ပတ်ထဲဟိုက စီမံခန့်ခွဲရေး အသင်း ၅ ထဲက ဖြစ်နေခဲ့တယ်။ အတိအကျပြောရမယ်ဆို ယောင်အင်း ဟဲဆောင်းမှာကတည်းကတာဝန်ယူခဲ့တဲ့ သရုပ်ဆောင်ပေါ့။
အဲ့လိုလူက အရက်သောက်ပြီးကားမောင်းလို့ ဒရာမာအလယ်လောက်မှာ နှုတ်ထွက်ခဲ့ရတာကြောင့် အမြန်အစားထိုးနိုင်မဲ့သရုပ်ဆောင်တစ်ယောက် လိုအပ်လာခဲ့တယ်။ ယောင်အင်း အများကြီးအခက်တွေ့နေမှန်းသိတာမို့ ဆောင်းဟျော့လည်း အာရုံစိုက်မိခဲ့တယ်။ အဲ့ဒါကြောင့် မဖြစ်နိုင်တဲ့ကမ်းလှမ်းချက်နဲ့ကမ်းလှမ်းရရင်တောင် အစားထိုးနိုင်မဲ့သရုပ်ဆောင်ကိုအမြန်ခေါ်ဖို့ အမိန့်ချထားတဲ့အခြေအနေပဲ။
ဒါပေမဲ့ ဂျီဆန်းရဲ့စကားတွေက နားထောင်ဖို့တောင်မတန်ခဲ့ဘူး။
“ဆောဂျင်ဂယိုက ရူးနေလို့ အဲ့ဒါကိုလုပ်မှာလား”
“မင်းလောက်ရူးတဲ့သူ ထပ်ရှိမယ်လို့တောင် မထင်ထားခဲ့ပေမဲ့”
“မဖြစ်နိုင်ဘူး”
“သူကိုယ်တိုင် လုပ်မယ်ဆိုပြီးပြောတာတဲ့”
“…….”
ဆောင်းဟျော့က မအံ့ဩဘဲမနေနိုင်ခဲ့ဘူး။
ဆောဂျင်ဂယိုဘက်ကနေ နှစ်ရှည်စာချုပ်ချုပ်မယ်ဆိုပြီး လာရှာတဲ့နေ့တုန်းက နည်းနည်းမှတောင် မအံ့ဩခဲ့ဘူး။ SL အင်တာတိန်းမန့်လောက်ဆိုရင် သူ့အတွက်လည်းမဆိုးလှတဲ့ရွေးချယ်မှုဖြစ်တဲ့အပြင် ယောင်အင်းကျေးဇူးတင်တာကိုပါ ခံချင်နေတာလားဆိုပြီး အမြင်မကြည်ခဲ့ရုံသာ။
ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ မတူပေ။ နှစ်ရှည်စာချုပ်က ဆောဂျင်ဂယိုအတွက် ဘာဆိုးကျိုးမှမရှိပေမဲ့ အလယ်ထိတောင်ရောက်နေပြီဖြစ်တဲ့ဒရာမာမှာ အထည့်ခံရတာကတော့ အန္တရာယ်များပြီး ဖိအားများလွန်းတာကြောင့်ပင်။
ကောင်းကောင်းလုပ်ရင်တောင် ငွေရင်းပဲဖြစ်မှာမို့။ နာမည်ကြီးဒါရိုက်တာတွေရဲ့ ကမ်းလှမ်းချက်တွေပြည့်လျှံနေတဲ့ ထိပ်တန်းသရုပ်ဆောင်က ဒီလိုဇာတ်ကောင်ကို ရိုက်စရာအကြောင်းမရှိဘူး။
“မူလအရူးကောင်အနေနဲ့ ဆောဂျင်ဂယိုက ဘာလို့ရိုက်မယ်လို့ပြောခဲ့တယ်ထင်လဲ”
“…….”
ဆောင်းဟျော့က ပြန်မဖြေခဲ့ဘူး။ မသိလို့မဟုတ်ဘဲ ထုတ်မပြောချင်တာ။
ဒါပေမဲ့ ဂျီဆန်းက အစားဖြေပေးလာခဲ့တယ်။
“ညီမလေးယောင်အင်းအတွက်ပဲ ဖြစ်မှာပေါ့”
“နားငြီးတယ်”
“မင်း ပိုအားစိုက်ရတော့မှာပဲ။ အရမ်းအားကောင်းတဲ့ရန်သူကို တွေ့သွားပြီဆိုတော့”
“ပျော်စရာကောင်းလား၊ အရမ်းပျော်နေတာလား”
“သေချာပေါက် ပျော်စရာကောင်းတာပေါ့။ မလုပ်ဖူးတာတွေလုပ်နေတဲ့ ချားဆောင်းဟျော့ကိုကြည့်နေရတာကို၊ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲနေပါ့မလဲ”
ဂျီဆန်းကို စူးစူးဝါးဝါးစိုက်ကြည့်နေတဲ့ဆောင်းဟျော့က ဖုန်းကိုထုတ်ပြီးတော့ အတွင်းရေးမှူးဆီဖုန်းခေါ်လိုက်တယ်။
“သရုပ်ဆောင်ဆောဂျင်ဂယိုရဲ့ schedule ကို တစ်ချက်လောက်စစ်ကြည့်ပြီးတော့ ပြန်ပြောပေးပါ”
သူ ဒီနေ့မှာတော့ ယောင်အင်း ဂျင်ဂယိုရဲ့ကွင်းဆင်းမန်နေဂျာအဖြစ် ကြော်ငြာရိုက်ကွင်းကို လိုက်သွားတယ်ဆိုတာ သိထားခဲ့တယ်။
ဖုန်းချပြီးတာနဲ့ ဂျီဆန်းက ချက်ချင်းမေးလာတယ်။
“schedule သိပြီးတော့ ဘာလုပ်မလို့လဲ”
“သွားကြည့်ရအောင်လို့လေ”
“သွားပြီးတော့ ဘာလုပ်မှာလဲလို့”
“မသိဘူး”
ဆောင်းဟျော့က အခုတလော မသိတာတွေတော်တော်လေးများလာခဲ့တယ်။ ဘယ်လိုလုပ်မှ ချဲယောင်အင်းရဲ့နှလုံးသားကိုရနိုင်မလဲဆိုတာ လုံးဝမသိနိုင်ခဲ့ဘူး။
ဒါကြောင့်ပဲ ခဏခဏ မလုပ်ဖူးတာတွေကိုလုပ်နေမိမှန်းတောင် မသိခဲ့ဘူး။ ဒီနေ့လိုမျိုးပေါ့။
***
ရိုက်ကွင်းနေရာကိုရောက်သွားတဲ့ဆောင်းဟျော့က အဆင့်မြင့်ဇိမ်ခံကားနားကို လျှောက်သွားခဲ့တယ်။
ကားနံပါတ်ကိုစစ်ကြည့်လိုက်တော့ အတွင်းရေးမှူးဆီကနေကြားခဲ့တဲ့ ကားနံပါတ်နဲ့တူနေခဲ့တယ်။ ဆောဂျင်ဂယိုကို ပေးထားတဲ့ကားပေါ့။
ပြတင်းပေါက်ကို ခေါက်လိုက်တဲ့အချိန် တံခါးက ချက်ချင်းပွင့်သွားခဲ့တယ်။
ကားပေါ်ကနေဆင်းလာတဲ့သူကတော့ SL အင်တာတိန်းမန့်က Stylist တစ်ယောက်သာ။
“……ဥက္ကဌ”
အံ့ဩသွားတာလည်း ခဏပင်၊ Stylist က ဆောင်းဟျော့တောင်ဘာမှမပြောရသေးခင်မှာ ရွှင်ပြသွားပြီးတော့ပြောလာတယ်။
“အော် အားပေးဖို့လာခဲ့တာကိုး!”
ဆောင်းဟျော့က သူ့ဘာသာ ဆင်ခြေတစ်ခုဖန်တီးပေးသူရဲ့စိတ်ကို စဉ်းစားပေးတဲ့အနေနဲ့ တကူးတကကြီးမငြင်းခဲ့ဘူး။
“လမ်းကြုံတာနဲ့ ခဏလောက်ဝင်လာတာပါ”
လမ်းကြုံတာမဟုတ်ဘဲ တမင်သက်သက်လာရှာတဲ့အကြောင်းကိုတော့ ဂျီဆန်းပဲသိခဲ့တယ်။ အခုတော့ ခဏနေရင် ယောင်အင်းလည်း သိသွားတော့မှာပေမဲ့။
“အစ်ကိုဂျင်ယိုက ခုနလေးတင် အဖွဲ့ခေါင်းဆောင်ချဲနဲ့ ဒီတစ်ဝိုက်ကို တစ်ပါတ်လောက်ပတ်မယ်ဆိုပြီးတော့ ထွက်သွားတာပါ။ ဖုန်းတစ်ချက်လောက် ခေါ်ကြည့်လိုက်ရမလား”
“ရပါတယ်။ ကိုယ့်ဘာသာ ရှာလိုက်ပါ့မယ်”
သူက Stylist ကိုနောက်မှာထားခဲ့ပြီးတော့ မြစ်နားကိုသွားဖို့ လုပ်လိုက်တယ်။
ထင်တဲ့အတိုင်း နှစ်ယောက်သား မြစ်ကိုကြည့်နေခဲ့ကြတယ်။ ဘေးချင်းကပ်ရပ်နေကြတဲ့ပုံကိုတွေ့လိုက်ရတော့ ရင်ထဲမှာဗလောင်ဆူသွားခဲ့တယ်။
ပျော်ပျော်ရွှင်ရွှင် ပြန်သွားနိုင်မှာမဟုတ်ဘူးဆိုတာကိုသိရဲ့သားနဲ့ ဘာကိုစစ်ဆေးဖို့လာတာလဲဆိုပြီး ကိုယ့်ကိုကိုယ်တောင် မေးခွန်းမေးမိတယ်။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့စကားကို ကြားလိုက်ရတယ်။
“ဥက္ကဌချားဆောင်းဟျော့က အဲ့လူမလား။ မင်းရဲ့ရည်းစားဟောင်း”
အရင်ဆုံးနားထောင်ကြည့်ဖို့ လုပ်လိုက်တယ်။
‘ပုံစံနည်းနည်းတူတယ်’ဆိုတဲ့နေရာမှာ ဆောင်းဟျော့ရဲ့မျက်မှောင်က ကြုံ့သွားခဲ့တယ်။ ဆောဂျင်ဂယိုနဲ့သူ့ကို ဆင်တယ်တဲ့လား။ လုံးဝ လက်မခံနိုင်ပါဘူး။ ကိုရီးယားမှာနာမည်အကြီးဆုံးသရုပ်ဆောင်နဲ့ အယှဉ်ခံရတာက သူ့အတွက်တော့ ဂုဏ်ယူစရာရော၊ဘာရော ဘာမှမဟုတ်ခဲ့ဘူး။
“ဥက္ကဌချားရဲ့ဘယ်နေရာကို ကြိုက်ခဲ့တာလဲ”
လိုအပ်တာမရှိလို့ ကြိုက်ခဲ့တာတဲ့လား။ ယောင်အင်းရဲ့အဖြေက မထင်မှတ်ထားတဲ့အရာ ဖြစ်နေခဲ့တယ်။
အဲ့အချိန် ခံပြင်းတဲ့စိတ်က ရုတ်တရက်ကြီး အသားကုန်မြင့်တက်လာခဲ့တယ်။
“မင်းကြောင့် လိုအပ်တာတစ်ခုပေါ်လာပြီလေ၊ ဘယ်လိုလုပ်မလဲ”
ဆောင်းဟျော့က အံ့ဩသွားတဲ့မျက်ဝန်းနဲ့နောက်လှည့်လာတဲ့ယောင်အင်းဆီကို တာဝန်လွှဲပေးလိုက်တယ်။
“မင်းကြောင့်ဖြစ်တာမို့လို့ မင်းတာဝန်ယူပေး”
“ဘာတွေပြောနေတာပါလဲ”
“ငါ့ရဲ့တစ်ခုတည်းသောလိုအပ်ချက်က မင်းလေ”
“…….”
“အဲ့ဒါကြောင့်မို့ မင်းရှိရင် ပြန်ပြည့်စုံသွားမှာလို့။ ဒါဆို မင်းလည်း ငါ့ကိုပြန်ကြိုက်လာမှာပဲ”
သူက ဂျင်ဂယိုနားထောင်နေတယ်ဆိုတာ သိရက်နဲ့တောင် ဂရုမစိုက်ခဲ့ဘူး။ ဒီအခိုက်အတန့်လေးကို လွတ်သွားလို့မဖြစ်ဘူးဆိုတဲ့အတွေးပဲ ရှိနေခဲ့တယ်။
“ဒီလောက်ပဲ တောင့်ခံတော့”
“…….”
“ငါမင်းကို လုံးဝလက်လျှော့မှာမဟုတ်ဘူး။ ပေါ့ပေါ့တန်တန် ခင်မင်တဲ့အဆင့်ကနေပြုတ်ကျပြီးတော့ ထွက်သွားခဲ့မှာဆိုရင် စတောင်စခဲ့မှာမဟုတ်ဘူး”
ယောင်အင်းက ဘာမှပြန်မပြောဘဲ နှုတ်ခမ်းကိုပဲကိုက်နေခဲ့တယ်။
အဲ့အချိန် ဂျင်ဂယိုက ကြားဝင်ပြောလာတယ်။
“တည်ကြည်တဲ့သူကြီးက ဘာလို့သူများပြောတာကို ခိုးနားထောင်နေရတာပါလဲ”
ဆောင်းဟျော့က သူ့ကိုခြောက်ကပ်ကပ်အကြည့်နဲ့ ကြည့်လိုက်တယ်။
“ဆောဂျင်ဂယိုရှီးရဲ့ရှေ့မှာ သိပ်ပြီးတော့ တည်ကြည်ချင်ယောင်မဆောင်ဖူးဘူးလို့ထင်တာကို၊ ဘာလို့ အဲ့လိုအထင်လွဲတာလည်းတော့ မသိပါဘူး”
“…….”
ဂျင်ဂယိုက ပြန်မချေပနိုင်ခဲ့ဘူး။ ပထဆုံးတွေ့တဲ့နေ့ကတည်းကနေ ရန်လိုမုန်းတီးတဲ့စိတ်ကို ဖုန်းကွယ်ဖို့မကြိုးစားခဲ့တဲ့သူဆီ ပြောရမဲ့စကားမဟုတ်တာကြောင့် လက်ခံလိုက်ရုံပဲတတ်နိုင်ခဲ့တယ်။
“ချဲယောင်အင်းနဲ့ ဆိုင်တဲ့အရာဆိုရင်တော့ ခိုးနားထောင်တာတင်မကဘူး။ ပိုဆိုးတဲ့အရာတွေကိုတောင် လုပ်နိုင်ပါတယ်”
ဆောင်းဟျော့က စာချုပ်ချုပ်မယ်ဆိုပြီးတော့ လာရှာတဲ့နေ့တုန်းက ဂျင်ဂယိုမေးခဲ့တဲ့မေးခွန်းရဲ့အဓိပ္ပါယ်ကို အခုမှပဲ သိသွားခဲ့တယ်။ ဖြစ်နိုင်တာကတော့ တစ်ချိန်ချိန်လောက်တုန်းက ယောင်အင်းဆီကနေ ‘ရည်းစားဟောင်းက အမေရိကကိုသွားတာ’ဆိုတဲ့စကားကို ကြားခဲ့ရလောက်လို့ အဲ့ဒါကိုအတည်ပြုဖို့လုပ်ခဲ့တယ် ဆိုတာကိုပေါ့။
“ဆောဂျင်ဂယိုရှီးက ယောင်အင်းနဲ့ကျွန်တော့်ဆက်ဆံရေးကို သိနေတာတဲ့လား။ ထပ်ပြီးတော့ ဖုန်းကွယ်ဖို့မလိုလောက်တော့ဘူးပဲ”
“အစကတည်းကနေ ဖုန်းကွယ်ချင်တဲ့စိတ်လည်း သိပ်မရှိသလိုတွေ့ခဲ့ရသလားလို့”
“ငြင်းတော့ မငြင်းတော့ပါဘူး။ ကျွန်တော်တစ်ခါမှ ယောင်အင်းနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးကို မဖုံးကွယ်ချင်ခဲ့တာမို့ပါ”
စကားပြောရင်း ဆောင်းဟျော့ရဲ့အကြည့်က ယောင်အင်းဆီရောက်သွားခဲ့တယ်။
ယောင်အင်းက သူ့ရဲ့အကြည့်ကနေ ‘ငါမင်းကို တစ်ခါမှရှက်စရာလို့မတွေးခဲ့ဖူးဘူး။ အဲ့ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် မပြည့်စုံဘူးလို့မတွေးနဲ့’ ဆိုတဲ့အဓိပ္ပါယ်ကို ဖတ်မိသွားခဲ့တယ်။
သေချာပေါက် သိခဲ့ပြီးသား။ တကယ်လို့ ချားဆောင်းဟျော့သာ မွေးစားကလေးဖြစ်တဲ့ကျွန်မကို နည်းနည်းလေးလောက်တောင် ရှက်တယ်လို့ခံစားမိခဲ့တယ်ဆိုရင် အဲ့နေ့တုန်းက ချက်ချင်းလမ်းခွဲခဲ့မှာပဲ။ သေချာပေါက် အခုချိန်ထိ သူ့ကို စိတ်ထဲမှာတောင် ထားခဲ့မှာမဟုတ်ဘူး။
နှုတ်ခမ်းအတွင်းသားကို အသားကုန်ကိုက်ထားတဲ့ယောင်အင်းက ပြောလိုက်တယ်။
“ဒီအထိလာတာ ဘာကိစ္စရှိလို့ပါလဲ”
“ဒီတိုင်း မင်းကိုတွေ့ဖို့”
“တွေ့ပြီးပြီဆိုတော့ ဒီလောက်နဲ့ပဲပြန်ပါတော့။ မကြာခင် ရိုက်ကူးရေးစတော့မှာပါ”
“ရိုက်ကူးရေးပြီးတဲ့အထိ စောင့်လိုက်မယ်”
“ဘာလို့လဲ”
“အိမ်လိုက်ပို့ပေးမလို့”
ယောင်အင်းက ယိမ်းယိုင်နေတဲ့စိတ်ကို ပြန်ထိန်းပြီးတော့ အေးသွားတဲ့လက်ကို ဖြေးဖြေးချင်းဆုပ်လိုက်တယ်။
“အခုက အလုပ်လုပ်နေတုန်းပါ။ ရိုက်ကူးရေးပြီးသွားရင်လည်း သေချာပေါက် စီနီယာဂျင်ဂယိုနဲ့ပဲသွားမှာပါ”
“…….”
ဆောင်းဟျော့က မျက်နှာထားတင်းတင်းနဲ့နှုတ်ခမ်းပိတ်လိုက်ပေမဲ့ သူနဲ့ဆန့်ကျင်ဘက်ပဲ ဂျင်ဂယိုကတော့ အပြုံးပန်းပွင့်တဲ့မျက်နှာနဲ့ ပြောလာခဲ့တယ်။
“ယောင်အင်းကိုတော့ ကျွန်တော် အိမ်အထိကောင်းကောင်းလိုက်ပို့ပေးလိုက်ပါ့မယ်။ ဘာမှစိတ်မပူဘဲ ပြန်ရင်လည်းရပါတယ် ဥက္ကဌ”
တိတ်ဆိတ်စွာ နောက်လှည့်သွားတဲ့ဆောင်းဟျော့ရဲ့ခေါင်းပေါ်မှာ မျက်စိကျိန်းလောက်တဲ့နေရောင်က ကျဆင်းနေခဲ့တယ်။
ယောင်အင်းက ဒီလိုအချိန်မှာတောင် တောက်ပနေတဲ့သူ့ကို၊ ဒါကြောင့်မို့ပဲ ထပ်လောဘမတက်နိုင်တဲ့သူ့ကို ဘာမှမပြောဘဲ ငေးကြည့်နေလိုက်တယ်။
***
ယောင်အင်းက အိမ်ရှေ့ကိုရောက်သွားတဲ့တက္ကစီပေါ်ကနေ ဆင်းလိုက်တယ်။
၁၂ နာရီထိုးခါနီး အချိန်လောက်ပဲ။
တစ်လှမ်းချင်းလျှောက်သွားပြီးတော့ တံခါးရှေ့မှာရပ်လိုက်တဲ့အချိန် နောက်ကျောကနေ ကားရပ်လိုက်တဲ့အသံကိုကြားခဲ့ရတယ်။
မဟုတ်မှ တက္ကစီပေါ်မှာတစ်ခုခုမေ့ကျန်ခဲ့လို့ တက္ကစီကပြန်လာတာလားဆိုပြီးတော့ နောက်လှည့်ကြည့်လိုက်တဲ့ယောင်အင်းက တုံ့ဆိုင်းသွားခဲ့တယ်။
တက္ကစီမဟုတ်ဘဲ အနက်ရောင် SUV ကား။ မောင်းသူနေရာကနေဆင်းလာတဲ့သူကတော့ ဆောင်းဟျော့ပဲဖြစ်နေခဲ့တယ်။
“ကောင်းကောင်းလိုက်ပို့ပေးလိုက်မယ်ဆိုပြီး ဘာမှစိတ်မပူဖို့ပြောတဲ့သူကဘယ်ရောက်သွားလို့ တစ်ယောက်တည်းပြန်လာတာလဲ”
“ကျွန်မက တစ်ယောက်တည်းပြန်မယ်လို့ ပြောလိုက်တာပါ”
“တော်သားပဲ”
“စီနီယာဂျင်ဂယို လိုက်ပို့ပေးလား လိုက်မပို့ပေးဘူးလား စစ်ဆေးဖို့ စောင့်နေခဲ့တာလား”
“မင်းအိမ်ထဲဝင်သွားတာကိုတွေ့ရမှ အိပ်ပျော်မယ်ထင်လို့”
“…….”
တကယ်ပဲ ဘယ်အချိန်ကတည်းကနေ စောင့်နေတာပါလိမ့်။
သံယောဇဉ်ပြတ်အောင်လို့ တခြားသူနဲ့အတူရှိတဲ့နေရာမှာ တမင်သက်သက်အရှက်ခွဲခဲ့တာတောင် အသုံးမဝင်ခဲ့ပုံပဲ။
စိတ်မကောင်း မဖြစ်ရမှာပေမဲ့၊ ပိုအဆိပ်ပြင်းပြင်းနဲ့ ပိုအေးစက်စက်ဆက်ဆံရမှာပေမဲ့၊ သိနေတဲ့အရာကို တကယ်လက်တွေ့လုပ်ဖို့ကတော့ အရမ်းကိုပင်ပန်းစရာကောင်းတယ်။
“မင်း အိမ်မပြန်မှာဆိုးလို့ စိတ်ပူနေတာ”
“ကျွန်မ စီနီယာဂျင်ဂယိုနဲ့ ညလုံးပေါက်မှာဆိုးလို့လား”
“အင်း”
“…….”
ယောင်အင်းက ကျွန်မနဲ့သူက အဲ့လိုဆက်ဆံရေးမျိုးမဟုတ်ဘူးလို့ပြောချင်ပေမဲ့ သည်းခံလိုက်တယ်။ အမှန်အတိုင်းပြောလိုက်တာက ဆောင်းဟျော့ကို မျှော်လင့်ချက်ပေးနေတာနဲ့အတူတူပဲဆိုတာ သိထားလို့။
“ဝင်တော့လေ”
ဘာမှမပြောဘဲ ခန္ဓာကိုယ်ကိုလှည့်လိုက်တဲ့ယောင်အင်းက မှောင်မည်းနေတဲ့အမှောင်ထုလောက်ရှိတဲ့ လေးလံတဲ့ခြေလှမ်းကိုလှမ်းပြီး တံခါးပေါက်ကနေ ဝင်သွားခဲ့တယ်။
ခန္ဓာကိုယ်ထက် စိတ်တွေပိုလေးလံတဲ့ညတစ်ည ဖြစ်ခဲ့တယ်။
***
ယောင်အင်းက အဖွဲ့ခေါင်းဆောင်အစည်းအဝေးအတွက် အစည်းအဝေးခန်းကိုသွားနေတဲ့ သူမရဲ့ဘေးမှာ တစ်တွတ်တွတ်ပြောနေတဲ့ ဟဲယွန်းစကားကို နားထောင်လိုက်တယ်။
ခေါင်းစဉ်ကတော့ ကုမ္ပဏီတွင်းမှာပျံ့နေတဲ့ အသင်း ၅ နဲ့ပတ်သက်တဲ့ ကောလဟာလသတင်း။
“ဥက္ကဌက အသင်း၅ ကိုပဲကြိုက်တာ၊ အသင်းတစ်ခုလုံးကိုဖွဲ့ပေးမယ်လို့တော့ မထင်ခဲ့ဘူး၊ ဘယ်လောက်တောင် သတင်းတွေများလိုက်လဲလို့”
စီမံခန့်ခွဲရေး အသင်း ၅ က ဟဲဆောင်းမှာရှိခဲ့တဲ့သရုပ်ဆောင်တွေကို အဲ့အတိုင်းပဲ တာဝန်ယူခဲ့တယ်။ ရုံးခန်းပြောင်းလိုက်သလိုမျိုး။
ဟဲဆောင်းနဲ့ အချိန်တူလောက်မှာ ကုမ္ပဏီပေါင်းလိုက်တဲ့ တခြားကုမ္ပဏီကဝန်ထမ်းတွေက အသင်း ၁ ကနေ အသင်း ၄ အထိ အဲ့ထဲက တစ်နေရာရာကိုရောက်သွားတာဆိုတော့ အထူးအခွင့်အရေးတော့ အထူးအခွင့်အရေးပဲ ဖြစ်ခဲ့ကြတယ်။
“သရုပ်ဆောင်ဆောဂျင်ဂယိုနဲ့ စာချုပ်ချုပ်ပြီးသွားတော့ နည်းနည်းပြန်ငြိမ်သွားပေမဲ့ ဘယ်အချိန် နောက်ကနေ ထပ်ပြီးတော့ အတင်းတုပ်နေကြမလဲမသိပါဘူး”
“လှိမ့်နေတဲ့ကျောက်တုံးပဲကို ဘယ်လိုမှမလုပ်နိုင်ဘူးလေ။ အဲ့လောက်ကတော့ ကြီးကြပ်ထားမှ…….”
အဲ့အချိန်မှာပဲ ယောင်အင်းက မျက်နှာချင်းဆိုင်နေရာကနေလျှောက်လာတဲ့ သက်လတ်ပိုင်းအမျိုးသမီးကိုတွေ့ပြီး နေရာမှာတုံ့ခနဲရပ်သွားခဲ့တယ်။
တစ်ကြိမ်တည်း၊ အဲ့ဒါတောင် မိနစ်ပိုင်းလောက်ပဲတွေ့ခဲ့ရုံလေးကို တွေ့တာနဲ့ချက်ချင်းမှတ်မိနိုင်ခဲ့တယ်။
SL Group ပိုင်ရှင်ရဲ့ဇနီးတစ်ဖြစ်လဲ ချားဆောင်းဟျော့ရဲ့အမေဆိုတာကိုပေါ့။
******