Chapter 21
- Home
- All Mangas
- ပထမဆုံးအကြိမ် မဟုတ်ပါဘဲ
- Chapter 21 - ပထမအကြိမ်ထက် ဒုတိယအကြိမ် ပိုခက်ခဲတဲ့သူ
လှစ်ခနဲနောက်ပြန်လိုက်လှည့်တဲ့ယောင်အင်းက ခြေလှမ်းမြန်မြန်နဲ့ လျှောက်လာတဲ့လမ်းဘက်ကို ပြန်သွားလိုက်တယ်။
ပျာပျာယာယာဖြစ်သွားတဲ့ဟဲယွန်းလည်းပဲ ခြေထောက်ကိုရွှေ့ကာ မျက်လုံးပြူးပြူးနဲ့လိုက်လာခဲ့တယ်။
“အဖွဲ့ခေါင်းဆောင် ဘာဖြစ်လို့လဲ”
တွန့်ဆုတ်ဆုတ်ဖြစ်သွားတဲ့ ယောင်အင်းရဲ့မျက်စိထဲကို သန့်စင်ခန်းတစ်ခန်း ဝင်လာခဲ့တယ်။
“….သန့် ၊ သန့်စင်ခန်းသွားဖို့ အလျင်လိုနေလို့”
ဟဲယွန်းလည်း သန့်စင်ခန်းထဲဝင်သွားတဲ့ ယောင်အင်းနောက်ကို မြန်မြန်လေးလိုက်သွားခဲ့တယ်။
“ရုတ်တရက်ကြီး မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်သွားတော့ တစ်နေရာရာများ နေမကောင်းဖြစ်တာလားဆိုပြီး လန့်သွားတာပဲ”
ယောင်အင်းက အလိုအလျောက်ပဲ မှန်ကိုလှည့်ကြည့်လိုက်တယ်။ ဟဲယွန်းပြောသလို မျက်နှာအရောင်က ဖြူလျော့နေကာ လက်ဖဝါးမှာလည်း ချွေးတွေစိုနေခဲ့တယ်။
“ရုံးခန်းထဲကိုသွားနှင့်လိုက် ဟဲယွန်း”
“ဟုတ်၊ အစည်းအဝေး ကောင်းကောင်းလုပ်ခဲ့ပါ”
နဂိုကတည်းက သန့်စင်ခန်းရှေ့ထိပဲ နောက်ကလိုက်လာတဲ့ဟဲယွန်းက အဖွဲ့ခေါင်းဆောင် လွတ်လွတ်လပ်လပ် လုပ်စရာရှိတာလုပ်နိုင်ဖို့ ချက်ချင်းပဲသန့်စင်ခန်းကနေ ထွက်လာပေးလိုက်တယ်။
အခန်းအတွင်းထဲကိုဝင်ပြီး တံခါးလော့ချလိုက်တဲ့ ယောင်အင်းကတော့ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်။
ဆောင်းဟျော့အမေနဲ့ မျက်နှာချင်းမဆိုင်ခဲ့ရဘူးဆိုတဲ့ စိတ်သက်သာရာရမှုကလည်း ခဏပင်၊ အပြစ်ကျူးလွန်ထားတဲ့သူလိုမျိုး မြန်မြန်ဆန်ဆန်ပုန်းကွယ်လိုက်တဲ့ ကိုယ့်ကိုကိုယ်စိတ်ပျက်မိပြီး ပျို့အန်ချင်စိတ်တွေ ဖြစ်လာခဲ့တယ်။
အဲ့နေ့တုန်းက သူ့အမေဟာ နည်းနည်းလေးတောင် လေသံမြှင့်ပြီးမပြောခဲ့ဘူး။ တကယ့်ကို ရည်ရည်မွန်မွန်နဲ့ ပြောစရာရှိတာပြောပြီး ထသွားခဲ့တာ။
အဲ့လိုဖြစ်ခဲ့တာတောင် တခြားအချိန်တွေထက် သိမ်ငယ်သွားမိတာက မစ္စဟန်းအင်းဆုက မိမိအပေါ် တူညီတဲ့လူတစ်ယောက်အဖြစ် မမြင်သလိုခံစားမှုမျိုးကို ရခဲ့လို့သာ။
မတူမတန်နဲ့ ဘယ်သူ့ကို ငမ်းငမ်းတက်လိုချင်ရတာလဲဆိုပြီး ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်လာအောင် လုပ်တဲ့အထိပင်။
ရုတ်တရက် သိချင်သွားခဲ့တယ်။
တကယ်လို့ နည်းနည်းလောက် ဟိုးကော်ရစ်တာကနေ သူ့အမေနဲ့မျက်နှာချင်းဆိုင်ရပ်ခဲ့မယ်ဆိုရင် ငါ့သားဘေးမှာ မယောင်မလည်လုပ်နေတာလားဆိုပြီး အပြစ်တင်တာခံရလောက်မလား။ တကယ်လို့ အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ကျွန်မ,မဟုတ်ဘဲ ရှင့်သားကသာ ကျွန်မဘေးပတ်ဝန်းကျင်မှာ ရစ်ဝဲနေတာဆိုပြီး ပြန်ပြောနိုင်ခဲ့လောက်မလား။
ဘာကိုမှ အတိအကျတော့ မပြောနိုင်ဘူး။ ဆောင်းဟျော့အမေနဲ့တွေ့တဲ့အချိန် ကျွန်မ အဲ့လောက်ထိ အံ့ဩမှင်သက်သွားမယ်ဆိုတာကို မသိခဲ့တာလည်းပါတယ်။
ဒါပေမဲ့ တစ်ခုတော့ သေချာသွားခဲ့တယ်။
ချားဆောင်းဟျော့အတွက် ကျွန်မက တစ်ခုတည်းသောမရှိမဖြစ်လားတော့မသိပေမဲ့ ချားဆောင်းဟျော့ကလွဲရင် တခြားလူတွေအားလုံးအတွက်တော့ ကျွန်မက တစ်ခုတည်းသောအနာအဆာ ဖြစ်နေတယ်။ အဲ့ဒီလူတွေအားလုံးထဲမှာ ကျွန်မကိုယ်တိုင်လည်း သေချာပေါက်ကို ပါဝင်နေခဲ့တယ်။
***
မစ္စဟန်းက ယောင်အင်းမျက်နှာကို မတွေ့သွားခဲ့ဘူး။ အမျိုးသမီး ၂ ယောက် ဘေးချင်းကပ် လျှောက်လာနေရင်း ရုတ်တရက် နောက်လှည့်ကာ ပျောက်ကွယ်သွားတယ်လို့ပဲ စဉ်းစားခဲ့တယ်။
ချဲယောင်အင်း SL entertainment မှာ အလုပ်လုပ်နေတယ်ဆိုတာကို ဘယ်လိုလုပ် သံသယဝင်ပါ့မလဲ။ စိတ်ကူးလို့တောင်မရတဲ့ကိစ္စဖြစ်နေတယ်။
ဥက္ကဌရုံးခန်းတံခါးကို ဖွင့်ပြီးဝင်သွားတဲ့အခါ ကျက်သရေရှိတဲ့မျက်နှာနဲ့ အတွင်းရေးမှူးက နေရာကနေထလာခဲ့တယ်။
“ဘာကိစ္စနဲ့ လာတာပါလဲ”
“ဥက္ကဌ ချာဆောင်းဟျော့ရဲ့ အမေပါ”
အတွင်းရေးမှူးရဲ့မျက်လုံးက ဝိုင်းစက်စွာပြူးကျယ်သွားတယ်။
“…….ဪ မင်္ဂလာပါရှင့်”
“ဥက္ကဌချား တစ်ယောက်တည်းလား”
“ဟုတ်ကဲ့”
“ဒါဆို အမေရောက်နေတယ်ဆိုပြီး ပြောပေးပါဦး”
“ခဏလောက် စောင့်ပေးပါ”
ရုံးခန်းထဲဝင်သွားပြီးတော့ ပြန်ထွက်လာတဲ့အတွင်းရေးမှူးက ယဉ်ကျေးစွာနဲ့ လက်နှစ်ဖက်ကိုဆန့်ပြီး ရုံးခန်းကိုညွှန်ပြပေးခဲ့တယ်။
“ဝင်လို့ရပါပြီ”
“ကျေးဇူးပဲ”
အပြုံးနဲ့တုံ့ပြန်ကာ ရုံးခန်းထဲဝင်သွားတဲ့မစ္စဟန်းက သားဖြစ်သူကိုကြည့်ပြီး လှိုက်လှဲတဲ့အပြုံးလေး ပြုံးပြလိုက်တယ်။
“သားလေး”
“ထိုင်ပါ”
ဆောင်းဟျော့က မျက်နှာသေနဲ့ စားပွဲကနေထပြီး ဆိုဖာကိုညွှန်ပြလိုက်တယ်။
“အကြောင်းလည်းမကြားဘဲနဲ့ ဘာကိစ္စလာခဲ့တာလဲ။ ၁ ထပ်က လုံခြုံရေးအဖွဲ့ဆီကနေလည်း ဘာမှ အကြောင်းကြားထားတာမရှိဘူးလို့ ပြောတယ်”
တခြားကုမ္ပဏီတွေနဲ့ တူညီစွာပဲ SL Entertainment အဆောက်အအုံက လူတကာဝင်ထွက်သွားလာနိုင်တဲ့ နေရာမဟုတ်ခဲ့ဘူး။ ဧည့်သည်တွေကတော့ ၁ ထပ်ကလုံခြုံရေးအဖွဲ့ ဝင်တွေ ဝင်ခွင့်လက်မှတ်ထုတ်ပေးမှသာ ဓာတ်လှေကားကို စီးနိုင်ကြတယ်။
ချိန်းဆိုမှုမလုပ်ထားတဲ့လူက ဥက္ကဌကိုတွေ့ဖို့လာခဲ့ရင် အတွင်းရေးမှူးရုံးဆီကို အရင်ဆုံးဆက်သွယ်လာရမှာက သေချာတဲ့အစီအစဉ်ဖြစ်ပေမဲ့ အတွင်းရေးမှူးဆီကိုမေးကြည့်တော့လည်း ဘာအကြောင်းကြားခဲ့တာမှမရှိဘူးလို့ ဆိုလာခဲ့တယ်။
“သား ဘယ်လိုအလုပ်လုပ်နေလဲသိချင်လို့ ဖြတ်သွားရင်းနဲ့ ဝင်လာလိုက်တာလေ၊ တိတ်တိတ်လေး တက်သွားမှာမို့ မဆက်သွယ်နဲ့လို့လည်းပြောခဲ့တာ”
ဆောင်းဟျော့က မစ္စဟန်း အရင်ဆုံးဆိုဖာမှာထိုင်လိုက်တာကိုစောင့်ရင်း မျက်နှာချင်းဆိုင်နေရာမှာ ထိုင်လိုက်တယ်။
“ကျွန်တော် ၄ နာရီကျရင် အစည်းအဝေးရှိတယ်”
မစ္စဟန်းကတော့ ၁၀ မိနစ်ပဲအချိန်ရတယ်ဆိုတာကို ကြည့်ပြီးသွားတာတောင် အေးအေးဆေးဆေး ဖြစ်နေခဲ့တယ်။
“ခဏနေသွားတော့မှာ၊ အဲ့အစား ညစာအတူစားရအောင်”
“ညစာလား”
“အမေအခု ဆံပင်လုပ်ဖို့သွားမယ်ဆို သုံးနာရီလောက်ကြာမယ်ထင်တယ်၊ ၇ နာရီဆို ဘယ်လိုလဲ”
“ပြောစရာ စကားများ ရှိလို့လား”
မစ္စဟန်းက စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ နှာခေါင်းကို ရှုံ့လိုက်တယ်။
“အမေ့အနေနဲ့ သားလုပ်သူနဲ့အတူထမင်းစားဖို့ကိစ္စက သေချာပေါက်ပြောစရာစကားရှိမှ ရမှာလား”
ဆောင်းဟျော့ ကိုရီးယားကိုပြန်လာပြီးနောက်ပိုင်း အမေနဲ့ နှစ်ယောက်တည်းအတူတူထမင်းစားတာက တစ်ခေါက်မှတောင်မရှိခဲ့တာကို နားလည်လိုက်တယ်။
တကယ်တော့ အမေနဲ့မျက်နှာချင်းဆိုင်တွေ့ရတာလည်း ဒီနေ့နဲ့မှ နှစ်ကြိမ်မြောက်ပဲရှိသေးတယ်။ ဘယ်လောက်ပဲ ဂရုမစိုက်တဲ့သားဆိုရင်တောင် ဒီနေ့အထိ အလုပ်ရှုပ်ချင်ယောင်ဆောင်ဖို့ကိုတော့ စိတ်ထဲမှာခုနေခဲ့တယ်။
“တစ်ခုခု စားချင်တာရှိလား”
မစ္စဟန်းရဲ့မျက်နှာမှာ အပြုံးလေးပြန်ပေါ်လာခဲ့တယ်။
“K ဟိုတယ် Restaurant မှာ တွေ့ကြအောင်။ သားနာမည်နဲ့ ဘိုကင်လုပ်ထားလိုက်”
“ဟုတ်ကဲ့”
“အမေ ပြန်ပြီ”
“…….”
သားဖြစ်သူဟာ ရုတ်တရက် ပျာသွားရလောက်အောင် အေးအေးဆေးဆေးထသွားတဲ့မိခင်ကို နားမလည်နိုင်တဲ့မျက်လုံးနဲ့ ငေးကြည့်ရုံပဲတတ်နိုင်ခဲ့တယ်။
***
ယောင်အင်းက ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံတဲ့ ဒရမ်မာစာရေးဆရာမကိုသွားတွေ့ဖို့အတွက် အလုပ်ကိုအဆုံးသတ်ကာ ရုံးခန်းထဲကနေထွက်လာခဲ့တယ်။
မြေအောက်ကားပါကင်ကို ရောက်ရောက်ခြင်း သူမရဲ့မျက်လုံးတွေဦးတည်တဲ့နေရာကတော့ ဥက္ကဌသီးသန့်သုံး ကားပါကင်နေရာဖြစ်ခဲ့တယ်။
နေရာက ဘာမှမရှိဘဲ လွတ်နေခဲ့တယ်။
‘ရုံးဆင်းသွားတာလား’
နည်းနည်းလောက်လျှောက်သွားပြီးတော့ ကိုယ့်ကားပေါ်တက်လိုက်တဲ့ယောင်အင်းက ခဏလောက်တုံ့ဆိုင်းနေပြီးမှ လက်ကိုင်ဖုန်းကိုကိုင်လိုက်တယ်။ ပြီးတော့ ဆောင်းဟျော့ဆီ ဖုန်းခေါ်လိုက်တယ်။
ခဏလောက် ဆက်သွယ်နေတဲ့အသံကိုကြားရပြီးနောက် ဖုန်းခေါ်ဆိုမှုက ချိတ်ဆက်သွားခဲ့တယ်။
– ဪ ယောင်အင်းလေး
“…….”
ဒီနေ့မနက်တုန်းကလည်း ဖုန်းပြောထားသလိုမျိုး အရမ်းကိုသဘာဝကျနေလို့ ကိုယ့်ဘက်ကနေ အမှန်တကယ်ဖုန်းခေါ်လိုက်တဲ့လူက ပျာပျာယာယာ ဖြစ်သွားခဲ့တယ်။
– မင်း ငါ့ဆီဖုန်းခေါ်တာ ၃ နှစ်အကြာမှပါလား
ယောင်အင်းဟာ အသက်ခိုးရှိုက်လိုက်ပြီးမှ စကားကိုစလိုက်တယ်။
“ခဏလောက် ဖုန်းပြောလို့ရလား”
– ရတယ် ကားမောင်းနေတာ
“မေးချင်တာလေးရှိလို့ ဖုန်းဆက်လိုက်တာပါ”
“မေးလေ”
“စီနီယာ့မိဘတွေက စီနီယာ SL အင်တာတိန်းမန့်ကိုလာတဲ့အကြောင်းရင်းကို ဘယ်လိုသိထားလဲ”
သူ့ကို SL Entertainment ဥက္ကဌရုံးခန်းမှာတွေ့တဲ့နေ့ကတည်းက သိချင်နေခဲ့တာ။ ဟိုဟာဒီဟာနဲ့ အာရုံမရလို့ မေ့နေခဲ့တဲ့မေးခွန်းက သူ့အမေကိုတွေ့ပြီးနောက်ပိုင်း ပြန်ပေါ်လာခဲ့တယ်။
သူ့မိဘတွေဆီ ဘယ်လိုမျိုးပြောခဲ့လဲဆိုတာသိမှ ဒီနေ့လိုကိစ္စမျိုးပြန်ဖြစ်လာတဲ့အခါ နည်းနည်းလောက် ပျာယာမခတ်မိဘဲနေမလားဆိုပြီး မေးလိုက်တာပင်။ ထပ်ပြီး ဒီနေ့လိုမျိုး အရူးတစ်ယောက်လို မပြုမူချင်တော့ဘူး။
– မင်းရဲ့အကြောင်းကိုမပြောခဲ့ဘူး စိတ်မပူပါနဲ့
“…….”
ယောင်အင်းက သူမရဲ့မေးခွန်းမှာပါတဲ့အတွင်းအဓိပ္ပါယ်ကို ချက်ချင်းရိပ်မိသွားတဲ့သူကြောင့် တစ်ခဏလောက် ပြောစရာစကားပျောက်သွားခဲ့တယ်။
– မင်းငါ့ကိုလက်ခံပေးရင်တော့ အဲ့အချိန်ကျရင် ပြောပြမှာပါ
အရင်တုန်းကလည်း ကျွန်မကို အေးစက်စက်မဆက်ဆံခဲ့ပေမဲ့ သူက လွန်ခဲ့တဲ့ ၃ နှစ်ကထက်ပိုပြီးတော့ နှိမ့်နှိမ့်ချချနဲ့ အပြောအဆိုနူးညံ့လာတယ်။ တစ်မိုးအောက် ချားဆောင်းဟျော့အနေနဲ့ သိမ်မွေ့တဲ့သိုးလေးဖြစ်လာတဲ့ကိစ္စနဲ့ပက်သက်ပြီး ကောင်းတဲ့အရာပဲမရှိနိုင်တာက သူလိုချင်တဲ့အဖြေကို မပေးနိုင်တာကြောင့်ပင်။
“တစ်သက်လုံး အဲ့လိုပြောရမဲ့ကိစ္စ ရှိလာမှာမဟုတ်ဘူး”
– မဟုတ်ပါဘူး မကြာခင် ပြောပြဖို့ဖြစ်လာတော့မှာ
“အဲ့လိုကိစ္စက ရှိမှာမဟုတ်ပါဘူး
– ရှိမှာပါ အာမခံတယ်
“စီနီယာ ကျွန်မကိုပြောခဲ့တဲ့စကားကို မမှတ်မိဘူးလား။ လူ့အရေးက မသိနိုင်တဲ့ကိစ္စဆို၊ အာမ,မခံနဲ့ဆို”
“ဒီတစ်ခေါက်ကတော့ ချွင်းချက်၊ ဘယ်လိုမှ အာမ,မခံလို့ကိုမရလို့။
“…….”
ယောင်အင်းဟာ မျက်နှာပြောင်တိုက်တာကို ခံစားမိရလောက်တဲ့အထိ ယုံကြည်မှုရှိတဲ့အပြုအမူကြောင့် မရယ်ဘဲမနေနိုင်ခဲ့ဘူး။
– ဘယ်သူ့စကားမှန်လဲ လောင်းရအောင်။ နိုင်တဲ့လူရဲ့ဆန္ဒကို ဖြည့်ပေးကြေး
“စီနီယာနဲ့မတူအောင် ဘာတွေလုပ်နေတာလဲ”
– ဘာလို့လဲ၊ ကလေးဆန်လို့လား
“ဟုတ်ကဲ့”
– ငါလည်း ငါ့ဘက်ကနေ ဒီလိုစကားမျိုးပြောရမယ်မှန်း မသိခဲ့ဘူး။ ဒါပေမဲ့ ထင်ထားတာထက် အဆင်ပြေနေတယ်။ မင်းကြောင့်သာဆိုရင် ဘယ်လောက်ပဲဖြစ်ဖြစ် ဒီထက်ပိုပြီး ကလေးဆန်ချင်ဆန်လာနိုင်တယ်။
“…….”
ရင်ခုန်စရာကောင်းပြီး ရင်ထဲထိရလောက်တဲ့စကားကို ကြားခဲ့ပေမဲ့လည်း အရိပ်အယောင်လောက်တောင် ထုတ်ပြလို့မရတာက ပင်ပန်းခက်ခဲတဲ့ကိစ္စ ဖြစ်ခဲ့တယ်။
– ဒါပေမဲ့ ရုတ်တရက်ကြီး အဲ့ဒါကိုဘာလို့သိချင်တာလဲ။ ကိစ္စတစ်ခုခု ရှိခဲ့လို့လား။
“ဒီတိုင်းပဲ ရုတ်တရက် သိချင်လို့ပါ”
‘ဒီနေ့ ရှင့်အမေကိုတွေ့လိုက်တယ်’ ဆိုတဲ့စကားကို လည်ချောင်းအတွင်းထဲမှာ မြိုချလိုက်တယ်။
“ဖုန်းချလိုက်တော့မယ်”
– ယောင်အင်းလေး
လက်ကိုင်ဖုန်းကို နားကနေဖယ်လိုက်တဲ့ယောင်အင်းက တုံ့ဆိုင်းသွားခဲ့တယ်။
– ပထမပဲခက်တာ၊ ဒုတိယက လွယ်တယ်လေ
“ဘာအဓိပ္ပါယ်ပါလဲ”
– ဒီနေ့လိုမျိုး အရင်ဆုံး ဖုန်းဆက်ဆိုတဲ့သဘော
“စီနီယာ”
– ဪ
“ပထမထက် ဒုတိယအကြိမ်ကပိုခက်တဲ့လူလည်း ရှိတယ်”
အဲ့ဒါက ကျွန်မပဲ။
ချာဆောင်းဟျော့နဲ့ဆက်ဆံရေးက အဲ့လိုပဲ။
ပထမကတော့ ဒေါသကြောင့် စိတ်ပေါက်ပေါက်နဲ့ပြုမူလိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမဲ့ အခုတော့ စိတ်ဒဏ်ရာမရဖို့အတွက် အရမ်းကို ဂရုစိုက်မိနေတာကြောင့်များလား။
သူနဲ့ကျွန်မရဲ့အနာဂတ်ကို ခန့်မှန်းလို့ရတာကြောင့်လည်းဖြစ်နိုင်သလို သူနဲ့လမ်းခွဲတာက ဘယ်လောက်တောင်နာကျင်ရမှန်း သိသွားတာကြောင့်ပဲလားတော့ မသိဘူး။
– အင်းပါ အတင်းမလုပ်နဲ့၊ ငါ့ဘက်ကခေါ်ရင်လည်း ရတာပဲ
“…….”
ယောင်အင်းက ဘာစကားမှမပြောဘဲ ဖုန်းချလိုက်တယ်။
ဒီနေ့ကတော့ သူ့အမေကနေတဆင့် နောက်တစ်ကြိမ် လက်တွေ့ကိုရင်ဆိုင်လိုက်ရတဲ့နေ့ပဲ ဖြစ်ခဲ့တယ်။ တစ်ဖက်မှာတော့ တခြားအချိန်တွေထက် စိတ်အားထက်သန်စွာနဲ့ လက်တွေ့ကိုမေ့ချင်တဲ့နေ့လည်း ဖြစ်ခဲ့တယ်။
***
ဖုန်းချလိုက်တဲ့ ဆောင်းဟျော့ရဲ့မျက်နှာအရောင်ဟာ မည်းမှောင်သွားခဲ့တယ်။
“ကိစ္စတစ်ခုခု ရှိခဲ့တယ်ထင်တယ်……”
သူ့ဘက်ကနေ အသံပဲကြားခဲ့ရရင်တောင် ယောင်အင်း တခြားအချိန်တွေထက် ပိုစိတ်ဆက်နေတဲ့အခြေအနေဆိုတာကို တစ်ခါတည်းနဲ့ရိပ်မိသွားခဲ့တယ်။ ငြင်းဆိုသလိုမျိုး ထွက်လာတဲ့စကားတွေက ပုံမှန်အတိုင်းဖြစ်ပေမဲ့ အနေအထားကတော့ ကွာခြားနေခဲ့တယ်။
‘ဒီတိုင်းပဲ ရုတ်တရက်’ ဆိုတဲ့ မရေရာတဲ့စကားကို ထပ်မမေးတော့တာကလည်း အသေးစိတ်ကျကျမေးရင်တောင် အဖြေကိုကြားရမှာမဟုတ်မှန်း သိနေတာကြောင့်ပင်။
ဟိုဟိုဒီဒီအတွေးထဲပိတ်မိပြီးတော့ ကားမောင်းနေရင်း အာရုံပြန်ရလာတဲ့အချိန်မှာတော့ ဟိုတယ်ကားပါကင်ကိုတောင် ရောက်နေခဲ့ပြီ။
ဆောင်းဟျော့ဟာ ကားကိုပါကင်ထိုးပြီးတော့ စားသောက်ဆိုင်ဆီ တက်လာခဲ့တယ်။
ဓာတ်လှေကားပေါ်ကနေ ဆင်းတဲ့အချိန်က ၇ နာရီ ၁ မိနစ်ကျော်။
အဝင်ပေါက်မှာရပ်နေတဲ့ဝန်ထမ်းက ဝန်ဆောင်မှုပေးဖို့အတွက် ချဉ်းကပ်လာခဲ့တယ်။
“ဘိုကင်လုပ်တဲ့သူနာမည်က ဘယ်လိုခေါ်ပါလဲရှင့်”
“ချားဆောင်းဟျော့ပါ”
“ဒီဘက်ကို ကြွပါ”
ဆောင်းဟျော့က ပြတင်းပေါက်ဘက်ကိုလျှောက်သွားတဲ့ ဝန်ထမ်းနောက်ကနေ လိုက်သွားခဲ့တယ်။ အဲ့နေ့တုန်းက ဘိုကင်အခန်းတွေပြည့်နေပြီမို့ တစ်ဦးတည်းအနေနဲ့သာ ဘိုကင်လုပ်နိုင်ခဲ့တယ်။
သူတောင်မသိလိုက်ဘဲ နောက်တစ်ကြိမ် ယောင်အင်းရဲ့အသံကို တနုံ့နုံ့စဉ်းစားနေချိန်မှာ သူ့မြင်ကွင်းထဲကို ရင်းနှီးတဲ့မျက်နှာက ဝင်ရောက်လာခဲ့တယ်။
“အစ်ကို”
ဆောင်းဟျော့လည်း နေရာကနေ ရုတ်တရက်ထလိုက်တဲ့အာရင်းကို အသက်မပါတဲ့အကြည့်နဲ့ ကြည့်ပေးလိုက်တယ်။
“ဘယ်လိုလုပ် ဒီမှာတွေ့ကြတာလဲ”
ဝန်ထမ်းက အာရင်းထိုင်တဲ့စားပွဲရှေ့မှာ ရပ်သွားခဲ့တာကိုတောင် သူ မရိပ်မိခဲ့ဘူး။
“ထမင်းစားပြီး ပြန်တော့”
ဆောင်းဟျော့ဘက်ကနေ အာရင်းကို ဘယ်သူ့ကိုတွေ့ဖို့လာလဲဆိုတဲ့ လက်တွေ့ကျတဲ့မေးခွန်းမျိုးကိုတောင် မမေးတာက နည်းနည်းလေးတောင် စိတ်မဝင်စားလို့ပဲ။
ယဉ်ကျေးမှုအရပဲဖြစ်ဖြစ် တစ်ခုခုကိုထပ်မေးရင် အဖြေထွက်လာမှာဖြစ်ပေမဲ့ ၊ အဲ့လိုဆိုရင် စကားနည်းနည်း လောက်ပဲဖြစ်ဖြစ် မပြောချင်ရင်လည်း စကားဆက်ရမှာဖြစ်တာမို့ ဘာမှထပ်ပြောဖို့ အခွင့်မပေးဘဲ စကား ဖြတ်လိုက်တာ။ ဒါပေမဲ့ အခွင့်မပေးတာတောင် စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စက ဖြစ်လာခဲ့တယ်။
“အစ်ကိုနဲ့အတူ စားမှာလေ”
“မင်းကဘာလို့ ငါနဲ့ထမင်းစားမှာလဲ၊ ငါက အမေ့ကိုတွေ့ဖို့ ထွက်လာတာ”
“မဟုတ်ပါဘူး၊ အစ်ကိုလာတာ ကျွန်မကိုတွေ့ဖို့လေ”
“ငါ မင်းကိုတွေ့ဖို့လာခဲ့တယ်လို့လား”
“အင်း အစ်ကိုက ကျွန်မနဲ့ကြင်ဖက်တွေ့ဖို့ လာတာလို့”
အာရင်းက မျက်လုံးထောင့်ကိုကွေးပြီး ပြုံးလိုက်တယ်။ တစ်ဖက်မှာတော့ ဆောင်းဟျော့ရဲ့နဖူးပြင်ဟာ တော်တော်လေးကို ရှုံ့တွသွားခဲ့တယ်။
*********